← Chapters

နတ်ဆေးလုံးကမ္ဘာ ၊ မိုးမြေ(၇)လွှာ

Vol. 58 Ch. 815

နတ်ဆေးလုံးကမ္ဘာ ၊ မိုးမြေ(၇)လွှာ

Vol. 58 Ch. 815

အခန်း (၈၁၅) နတ်ဆေးလုံးကမ္ဘာ ၊ မိုးမြေ(၇)လွှာ

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကောင်းကင်ထက်တွင် ခရမ်းရောင်ချီစွမ်းအားအလွှာတစ်ခု လွှမ်းခြုံနေသည်ကိုတွေ့မြင်ရပြီး ထိုအခိုးအငွေ့များက တိမ်တိုက်များပမာ ဖြစ်သည်။

ထို ခရမ်းရောင်တိမ်တိုက်များထဲတွင် ရွှေရောင်အလင်းတန်းများက တိမ်မြုပ်နေသော နေရောင်ခြည်ပမာ တည်ရှီနေသည်။

သို့ပေသိ မိုးမြေတစ်ခွင်လုံးတွင် တောင်တန်းများနှင့် မြစ်များတည်ရှိနေသော်လည်း အခြားသောသက်ရှိသတ္တဝါများကိုမတွေ့ရဘဲ ဗလာကျင်းနေသည်။

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် အသက်တစ်ချက်ရှူသွင်းလိုက်ရာ မွှေးပျံ့သောဆေးရနံ့ကိုရရှိလိုက်သည်။

ထို့နောက် သူက ရှေ့သို့ခြေတစ်လှမ်းတိုးကာ ဆက်လျှောက်သွားသည်။

သူ့အရှေ့မှ ကမ္ဘာလောကကြီးက အဆုံးရှိဟန် မတူပေ။

မီလောရွှေဆေးလုံးကို နောက်တစ်ကြိမ်ထပ်မံထုတ်ယူကြည့်လိုက်တော့ နတ်ဆေးလုံးက လုံးဝရွေ့လျားခြင်းမရှိဘဲ တိတ်ဆိတ်ငြိမ်သက်နေသည်။ ကိုယ့်နေရာကိုယ်ပြန်ရောက်ပြီဖြစ်သဖြင့် အခြေကျကာ စိတ်ကျေနပ်သွားသည့်အလားပင်။

ရန်ကျောက်ကဲက မီလောရွှေဆေးလုံးကို ပြန်သိမ်းလိုက်ပြီး သူ၏အာရုံခံနိုင်စွမ်းကိုအသုံးပြုကာ ရှေ့ဆက်လျှောက်လာသည်။

အနံ့အာရုံကိုအဓိကအားကိုးပြီး ရန်ကျောက်ကဲက မွှေးပျံ့သည့်ဆေးရနံ့ အားနည်းသောနေရာနှင့် အားပြင်းသောနေရာကို ခွဲခြားလိုက်သည်။ ထို့နောက် ဆေးရနံ့အားပြင်းစွာထွက်ပေါ်လာသည့်အရပ်သို့ ဆက်လျှောက်သွားသည်။

ခဏမျှပျံသန်းထွက်ခွာသွားပြီးနောက် ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွားပြီး တောင်ထွတ်တစ်ခုထက်တွင် ဆင်းသက်လိုက်သည်။

အချိန်အတော်ကြာအောင် ဂရုတစိုက်ရှာဖွေပြီးနောက် တောင်ထွတ်လမ်းတစ်နေရာရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် အပြာရောင်အလင်းတန်းတစ်ခု တောက်ပနေသည်ကို တွေ့ရသည်။

အနီးသို့ရောက်သည့်အခါ အပြာရောင်အလင်းတန်းများက ကျောက်ဆောင်ထဲတွင် မြှုပ်နှံထားသည့်အလား ထင်မှတ်ရသည်။

အလင်းရောင်ထွက်ပေါ်လာသည့်ရင်းမြစ်က လူတစ်ယောက်၏လက်မအရွယ်အစားရှိသော အနက်ရောင်ဆေးလုံးတစ်လုံးဖြစ်ပြီး ထိုဆေးလုံးမျက်နှာပြင်ထက်တွင် အပြာရောင်အလင်းတန်းများ အဆက်မပြတ်တောက်ပနေသည်။

သေသေချာချာကြည့်လိုက်တော့ အနက်ရောင်ဆေးပြားအတွင်းမှ ရေလှိုင်းရိုက်ခတ်သံများအဆက်မပြတ်ထွက်ပေါ်နေကြောင်း သိရသည်။

“ရွှမ်ယွမ်ရေနက်ဆေးလုံး...”

ပြန်စဉ်းစားကြည့်လိုက်သည်နှင့် သူ့အရှေ့မှဆေးလုံးက မည်သို့သောဆေးလုံးဖြစ်ကြောင်း ရန်ကျောက်ကဲ အမှတ်ရသွားသည်။

ရေနှင့်ပတ်သက်သည့် သိုင်းပညာ ၊ သို့မဟုတ် ရေစွမ်းအားအနှစ်သာရကို ကျင့်ကြံသော သိုင်းကျင့်ကြံသူများအတွက် ဤဆေးလုံးက အဖိုးမဖြတ်နိုင်သည့် ရတနာပစ္စည်းတစ်ခု ဖြစ်သည်။

ဤဆေးကိုစားသုံးလိုက်သည်နှင့် ကျင့်ကြံခြင်းအဆင့် ခုန်ပျံတက်သွားနိုင်သောဆေးလုံးဖြစ်လေရာ ဤကမ္ဘာတွင် ရှာမှရှား ဆေးလုံးမျိုး ဖြစ်၏။

ရေနှင့်ပတ်သက်သည့်သိုင်းပညာနှင့် ရေစွမ်းအားအနှစ်သာရကျင့်ကြံသော သိုင်းကျင့်ကြံသူများအတွက် ဤဆေးကအလွန် အကျိုးကျေးဇူးများသည်။

သိုင်းသူတော်စင်အဆင့်အောက် ကျင့်ကြံသူများစားသုံးလျှင် သိသာထင်ရှားသည့်ရလဒ်ကို ချက်ချင်းသိမြင်နိုင်သည်။

သိုင်းသူတော်စင်များ စားသုံးမည်ဆိုလျှင်တော့ ချက်ချင်းလက်ငင်း သိသာထင်ရှားခြင်းမရှိသည့်တိုင် နေ့စဉ် ကျင့်ကြံခြင်းများတွင် များစွာအကျိုးရှိနေဆဲဖြစ်ပြီး ပုံမှန်ကျင့်ကြံခြင်းလုပ်ငန်းစဉ်တွင် အားထုတ်ရမှုများ သက်သာစေပေမည်။

ထိုနတ်ဆေးလုံးကို ရန်ကျောက်ကဲ စူးစိုက်ကြည့်နေမိသည်။ သို့သော် သူစိုးရိမ်သည်က ဤဆေးလုံးမဟုတ်ပေ။

ဤ ရွှမ်ယွမ်ရေနက်ဆေးလုံးသည် ယခင်က မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်မှ ထုတ်လုပ်လေ့ရှိသော ဆေးလုံးတစ်မျိုးဖြစ်၏။

ရန်ကျောက်ကဲ ရွှေအပ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဆေးစွမ်းအနှစ်သာရကို ဂရုတစိုက် အာရုံခံကြည့်လိုက်သည်။

“ဟင်...”

ခဏအကြာမှာတော့ ရန်ကျောက်ကဲမျက်နှာထက် အံ့အားသင့်သည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“ငါ့အထင်မမှားဘူးဆိုရင်... ဒီဆေးလုံးက မီလောရွှေဆေးလုံးလိုမျိုး ဟိုးအရင်ကတည်းက သန့်စင်ထားတဲ့ ဆေးလုံးမျိုး မဟုတ်ဘူး”

သူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ရင်း...

“ဒီနေရာက ထူးခြားတယ် ၊ နတ်ဆေးလုံးတွေရဲ့အာနိသင်လျော့နည်းမသွားအောင် ထိန်းထားပေးနိုင််တယ် ၊ ဒါပေမဲ့ ဒီဆေးလုံးက မဟာကပ်ဘေးမတိုင်ခင်ကဆေးလုံး မဟုတ်ဘူး ၊ ခံစားရတာ... ဒီဆေးလုံးသန့်စင်ထားတာ (၁၀)နှစ်လောက်ပဲ ရှိဦးမယ်”

ရုတ်တရက် ရန်ကျောက်ကဲမျက်ဝန်းများ မှေးစင်းသွားသည်။

“တစ်ယောက်ယောက်က ဒီနေရာကိုရောက်လာပြီး ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖိုကိုအသုံးပြုပြီး အဂ္ဂိရတ်ထိုးရင်း ဆေးဖော်နေတာလား”

သူ မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး စိတ်ထဲမှသံသယများကို ဖယ်ရှားကာ ရွှမ်ယွမ်ရေနက်ဆေးလုံးကို ဂရုတစိုက်ယူလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။

လမ်းတစ်လျှောက် ဟိုနေရာ ဒီနေရာများတွင် ဆေးလုံးအချို့ ရှိနေသည်ကိုတွေ့ရသည်။

ချင်းဟွာအသက်ရှည်ဆေးလုံး ၊ ခရမ်းရောင်ချီရွှေဆေးလုံး ၊ ထိပ်တန်းကြယ်ပျံဆေးလုံး ၊ နတ်ကောင်းကင်ဆေးလုံး ၊ ကျယ်ပြန့်အေးစိမ့်ဆေးလုံး...

ဤ များပြားလှစွာသောဆေးလုံးများကို မိုးကောင်းကင်ခုံရုံးရှိ ကောင်းကင်ဘုံနန်းတော်တွင် ဟိုစဉ်တစ်ချိန်က ဖော်စပ်ထုတ်လုပ်ခဲ့ဖူးသည်။

ယခုတော့ အချို့ဆေးလုံးများက မဟာကပ်ဘေးကြီးမတိုင်ခင်က ရှေးကျသည့်ဆေးလုံးများဖြစ်ပြီး အချို့ကတော့ မကြာသေးမီကမှ အသစ်သန့်စင်ထားသည့် ဆေးလုံးများ ဖြစ်သည်။

ရန်ကျောက်ကဲက လမ်းလျှောက်သွားရင်း ဆေးလုံးများကို လျှင်မြန်စွာပင် သိမ်းဆည်းသွားသည်။ သို့သော် ခရီးတွင်အောင်သွားလာရမည်ဖြစ်သဖြင့် ဆေးလုံးများကို အချိန်ပေးပြီး လိုက်လံရှာဖွေခြင်းတော့ မပြုလုပ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သွားရင်းလာရင်းကောက်ယူခဲ့သော ဆေးလုံးများသည်ပင် ရန်ကျောက်ကဲအတွက် အတော်လေး တန်ဖိုးကြီးမားနေပြီ ဖြစ်၏။

ပြင်ပလောကမှလူများ ဤအကြောင်းသိရှိလျှင် အစုလိုက်အပြုံလိုက် ရူးသွပ်သွားမည်ကိုပင် စိုးရိမ်ရသည်။

တာ့ရွှမ်တိုင်းပြည် ၊ မြောက်ပင်လယ်ဓားခန်းမနှင့် ဝေလဂိုဏ်းတို့ကဲ့သို့သော အင်အားစုများသည်ပင် ရန်ကျောက်ကဲအပေါ် မနာလိုဖြစ်လာနိုင်သည်။

သို့ပေသိ ရန်ကျောက်ကဲကတော့ လက်ရှိ ရရှိထားသော ဆေးလုံးများဖြင့်ပင် ကျေနပ်အားရမည် မဟုတ်ပေ။

အချိန်အတန်ကြာပြီးနောက် ရန်ကျောက်ကဲမျက်ဝန်းရှေ့မှ ကမ္ဘာလောကကြီးက အနည်းငယ် ပြောင်းလဲသွားသည်။

မြေပြင်ထက်တွင် စေတီတစ်ဆူပမာ မြင့်မားသောမျှော်စင်ကြီးတစ်ခု ရှိနေသည်ကို တွေ့ရ၏။

စေတီက ဘုံခုနစ်ဆင့်ရှိပြီး ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံလွှမ်းခြုံထားသည်။ စေတီထိပ်တွင် ခရမ်းရောင်အခိုးအငွေ့များထွက်ပေါ်နေပြီး ကောင်းကင်ထက်သို့ မီးခိုးလုံးများပမာတလိမ့်လိမ့်တက်လျှက် ရှိသည်။

ထို ခရမ်းရောင်အခိုးအငွေ့များက ကောင်းကင်ထက်မှ ခရမ်းရောင်တိမ်တိုက်များနှင့် ပေါင်းစပ်ထိတွေ့သွားပြီး လှိုင်းတစ်ခုပမာ လှည့်ပတ်လှုပ်ရှားနေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ ထိုမီးခိုးငွေ့များက ထူးဆန်းစွာပင် လွင့်မျောနေသည့် ပုံရိပ်များပမာ ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက မြင့်မားသည့် ဘုံခုနစ်ဆင့် စေတီအတွင်းသို့ လှမ်းဝင်လိုက်သည်။

စေတီထဲတွင် ထိန်းသိမ်းထားသော ထုံးတမ်းအစီအရင်များရှိသော်လည်း အန္တရယ်ပြုခြင်း ၊ ရန်လိုခြင်းများ မရှိပေ။

အထဲသို့ရောက်သည်နှင့် ရန်ကျောက်ကဲမှာ အပေါ်ဘက်ရှိ ခရမ်းရောင်တိမ်တိုက်များဆီသို့ တွန်းတင်ခံလိုက်ရပြီး ကြီးမားသော ခရမ်းရောင်မီးခိုင်တိုင်လုံးကြီးအတွင်း ဝင်ရောက်သွားသည့်ပမာ ခံစားရသည်။

ခရမ်းရောင်တိမ်တိုက်များအတွင်း ရောက်ရှိသွားပြီးနောက် အပေါ် ၊ အောက် ၊ ဘယ် ၊ ညာ ခွဲခြားမရတော့ဘဲ အရာအားလုံးက ဝေဝါးသွားသည်။

သို့သော် မကြာမီ သူ့ရှေ့တွင် ရွှေရောင်တံခါးတစ်ချပ် ပေါ်လာသည်။

ရန်ကျောက်ကဲက တစ်ချက်မတုံ့ဆိုင်းဘဲ ရွှေရောင်တံခါးအတွင်းသို့ လှမ်းဝင်လိုက်သည်။ အလင်းရောင်များပျောက်ကွယ်သွားပြီးနောက် သူ့အရှေ့မှမြင်ကွင်းများက တဖြည်းဖြည်း ပြန်လည်ကြည်လင်လာသည်။

ပတ်ဝန်းကျင် ရှုခင်းများက အရင်အတိုင်းပင် ဖြစ်၏။

သို့သော် ပတ်ဝန်းကျင်ကိုသေသေချာချာ အကဲခတ်လိုက်တော့ လုံဝမတူညီသည့်ကမ္ဘာတစ်ခုအတွင်း ဝင်ရောက်လာကြောင်း တုန်လှုပ်ဖွယ်ရာ သိလိုက်ရသည်။

ဤနေရာမှ ဝိညာဉ်စွမ်းအားစီးဆင်းမှုက စောစောက သီးခြာနယ်မြေနှင့်ဆင်တူသော်လည်း သိမ်မွေ့ပြီးသိသာသော ခြားနားချက်များရှိနေသည်။ ထိုနေရာ (၂)ခုက မတူညီသော သီးခြားနယ်မြေ (၂)ခုဖြစ်နေသည်မှာ ထင်ရှားသည်။

“မဟုတ်သေးဘူး... ဒီ သီးခြားနယ်မြေက အရင်တုန်းက ငါတွေးထားတာထက်ပိုပြီး လျှို့ဝှက်ဆန်းကျယ်တာပဲ”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်။ သူ့အရှေ့တွင်ရှိနေသည်မှာ စောစောက သူတွေ့မြင်ရသည့် ဘုံခုနစ်ဆင့်စေတီပင်ဖြစ်သော်လည်း မျှော်စင်ထိပ်ဖျားမှ ခရမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်နေခြင်း မရှိတော့ပေ။

ဖန်းယွင်ရှန်းက...

“ကြည့်ရတာ ဒီနေရာက အလွှာလိုက်ဖွဲ့စည်းထားတဲ့နေရာတစ်ခုလား ၊ အခု ကျွန်မတို့က သီးခြားကမ္ဘာရဲ့ အောက်အလွှာကနေ အပေါ်အလွှာကိုရောက်လာတာလား”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

တစ်ဆက်တည်းပင် သူက ဘုံခုနစ်ဆင့်စေတီကို လှမ်းကြည့်လိုက်သည်။

ဤစေတီက အထပ်တစ်ထပ်တွင် သီးခြားနယ်မြေတစ်ခုအဖြစ်ခွဲခြားထားပြီး စုစုပေါင်း အထပ် (၇)ထပ် ရှိနေခြင်းများလား။

“ဒါဖြင့် နောက်တစ်လွှာကိုဘယ်လိုသွားကြမလဲ ၊ တခြားအလွှာကိုရောက်ရင်ရော နောက်ထပ်စေတီတစ်ဆူ ရှိနေဦးမှာလား”

ရန်ကျောက်ကဲ ပခုံးတစ်ချက်တွန့်လိုက်သည်။

ဤစေတီမှ ယန္တရားကိုအသက်သွင်းလိုက်လျှင် အောက်ဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိသွားနိုင်ကြောင်း သူတို့အားလုံး သိရှိကြသည်။

သို့သော် အနိမ့်ဆုံးအလွှက အောက်ခြေအကျဆုံးအဆင့်လားဆိုသည်ကိုတော့ မသိရှိရသေးပေ။

ရန်ကျောက်ကဲတို့အုပ်စု ရှေ့ဆက်လျှောက်လာခဲ့ကြသည်။

ဤနယ်မြေတွင်လည်း ပြန့်ကျဲနေသော ဆေးလံးများ အနည်းနှင့်အများ ရှိနေသည်ကို တွေ့ရသည်။

ရန်ကျောက်ကဲတို့အုပ်စုက ဆေးလုံးများကို တမင်သက်သက်မရှာဖွေကြဘဲ စေတီဆီသို့သွားရောက်ရန်သာ အဓိကရည်ရွယ်ချက်ထားခဲ့ကြသည်။

သူတို့လမ်းတစ်လျှောက် ဖြတ်သွားကြစဉ် တွေ့ရှိရသော ဆေးလုံးများကိုသာ ယူငင်သွားကြသည်။

အခြေအနေကို အကဲခတ်ပြီးနောက် ဤနေရာတွင် ဆေးလုံးများစွာမရှိသော်လည်း အောက်အဆင့်များမှ ဆေးလုံးများထက် အနည်းငယ်ပိုပြီးအာနိသင်ကောင်းမွန်သည်ကို သူတို့တွေ့ရှိခဲ့ရသည်။

“ကြည့်ရတာ ပိုမြင့်တဲ့အလွှာကိုတက်လေ ပိုကောင်းတဲ့ဆေးလုံးတွေ ရှာတွေ့နိုင်လေပဲ ဖြစ်ရမယ် ၊ ဒါဆို ငါတို့ စောစောက ခန့်မှန်းတာ မှန်နိုင်တယ် ၊ မီလောရွှေဆေးလုံးဆိုရင် တကယ့်ထပ်တန်းအဆင့်ဆိုတော့ ထိပ်ဆုံးအလွှာမှာရှိနိုင်တယ် ၊ အောက်ဆုံးအဆင့် မဟုတ်နိုင်ဘူး”

အချိန်ခဏမျှ လှည့်ပတ်သွားလာပြီးနောက် စေတီဆီသို့ရောက်ရှိပြီးအထဲသို့ဝင်လိုက်သည့်အခါ နောက်ထပ်တစ်လွှာသို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည်။

နောက်တစ်လွှာသို့ရောက်ည့်အခါမှာလည်း ရန်ကျောက်ကဲတို့ လမ်းအတိုင်း ဆက်လျှောက်လာပြီး ထိုနယ်မြေတွင်ရှိနေသည့် စေတီဆီသို့ ထွက်လာခဲ့ကြသည်။

သို့သော် ယခုတစ်ခါမှာတော့ အထူးသတိထားရမည့် အခြေအနေတစ်ခု ရှိလာသည်။

ဤအလွှာတွင်လည်း စောစောက သူတို့ဖြတ်သန်းခဲ့သော သီးခြားနယ်မြေ အလွှာ (၂)လွှာမှာကဲ့သို့ ဆေးလုံးများ နေရာအနှံပျံ့ကျဲနေသည်မှာ အမှန်ပင်။

သို့သော် အချို့ဆေးလုံးများက ရှိနေဆဲဖြစ်သော်လည်း အချို့ဆေးလုံးများကတော့ နေရာတွင် ရှိမနေဘဲ ယူဆောင်သွားခြင်း ခံလိုက်ရပြီ ဖြစ်၏။

အားဟူ၏ မျက်နှာအမူအရာက ထူခြားစွာတည်ကြည်လေးနက်နေပြီး...

“သခင်လေး... ဒါ တစ်ယောက်ယောက်ယူသွားတယ်ဆိုတာ ရှင်းနေတာပဲ”

ရန်ကျာက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းရင်း...

“ဒါ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော်က ရောက်လာတဲ့သူတော့ မဖြစ်နိုင်ဘူး ၊ ငါတို့ထက်နည်းနည်းလေးစောပြီး ဒီကိုရောက်လာတဲ့ တခြားအုပ်စုတစ်စု ရှိနေမယ်ထင်တယ်”

***

မှတ်ချက် - ဤနေရာတွင် စေတီဆိုသည်မှာ ဘုရားကျောင်းကန်စေတီကိုပြောဆိုခြင်းမဟုတ်ပါ ၊ တရုတ်ပြည်မှ ဘုံခုနစ်ဆင့် ဘုံကိုးဆင့်စေတီများကိုရည်ညွှန်းပြောဆိုခြင်းဖြစ်ပါကြောင်း (ဘာသာပြန်သူ)

All Chapters