← Chapters

ပန်းပွင့်တစ်ပွင့်ပမာ တောက်ပသည့်အလှတရား

Vol. 58 Ch. 816

ပန်းပွင့်တစ်ပွင့်ပမာ တောက်ပသည့်အလှတရား

Vol. 58 Ch. 816

အခန်း (၈၁၆) ပန်းပွင့်တစ်ပွင့်ပမာ တောက်ပသည့်အလှတရား

သူတို့ရောက်ရှိလာသော အလွှာအသစ်တွင် လွန်ခဲ့ပြီးသော (၂)လွှာထက်ပင် ဆေးလုံးများစွာ ပျံ့ကျဲနေသေးသည်။ သို့သော် ထိုဆေးလုံးများထဲမှ အတော်များများကို ကောက်ယူသွားပြီး ဖြစ်၏။

ထိုဆေးလုံးများတွင်လည်း ဆေးလုံးအသစ်များနှင့် ဆေးလုံးအဟောင်းများ နှစ်မျိုးစလုံး ပါရှိသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဆေးလုံးများကို ကောက်ယူသွားသူမှာ ဆေးအသစ်များကိုသန့်စင်ခဲ့သူမဟုတ်ကြောင်း ပြသနေသည်။

“ငါတို့ထက်စောပြီး ဒီနေရာကိုရောက်လာတဲ့သူတွေ ရှိနေပေမယ့် နေရာတစ်ခုမှာ သိပ်ကြာကြာနေတဲ့ပုံမပေါ်ဘူး”

ရန်ကျောက်ကဲ သူ့ခန္ဓာကိုယ်ကို အသာပွတ်သပ်လိုက်သည်။

“မဟုတ်ရင်...  သူတို့တွေ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ယူသွားမယ်ဆိုရင် အထက်ဘုံကမ္ဘာမှာတုန်းက ကျောက်စိမ်းနေဝန်းတောင်တန်း ကုရှင်းတောင်ထွတ်မှာ မီလောရွှေဆေးလုံးက တုံ့ပြန်မှာ မဟုတ်ဘူး”

ဖန်းယွင်ရှန်းက...

“ဒါပေမဲ့ ထူးဆန်းတာက အောက်ကနှစ်ထပ်မှာကျတော့ ဆေးလုံးတွေယူသွားတဲ့လက္ခဏာမတွေ့ရဘူး”

“ဒီနေရာကို ကျွန်မတို့ထက်စောပြီးဝင်ရောက်လာတယ်ဆိုရင် ဘာလို့ဒီအလွှာက ဆေးလုံးကိုမှ ယူရတာလဲ ၊ အောက်နှစ်လွှာကိုတော့ ဘာလို့လွှတ်ထားရတာလဲ ၊ ဒီနေရာကဆေးလုံးတွေက ပိုကောင်းလို့လား”

သူမစကားကိုကြားတော့ ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“အဲဒီလိုတော့ မဟုတ်ဘူး ၊ သီးခြားနယ်မြေအလွှာတွေမှာ ပြန့်ကျဲနေတဲ့ဆေးလုံးတိုင်းက အရည်အသွေးတွေကောင်းကြပါတယ် ၊ ဆေးလုံးအဆင့်အတန်းမြင့်မားတာပဲကွာခြားတာ ၊ ဒါပေမဲ့ အလွှာပိုမြင့်လာလေ ဆေးလုံးပမာဏပိုများလာလေဆိုတာတော့ ဟုတ်တယ်”

ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ရင်း...

“ဖြစ်နိုင်ခြေတစ်ခုတော့ရှိတယ်... ငါတို့ရော အဲဒီလူတွေရော ဒီနယ်မြေထဲကို စတင်ဝင်ရောက်ခဲ့တဲ့နေရာက သေချာပေါက် အောက်ဆုံးအဆင့်ဖြစ်တဲ့ ပထမအလွှာ မဟုတ်ဘူးဆိုတာပဲ”

ယခု ရန်ကျောက်ကဲတို့အုပ်စု ဤသီးခြားနယ်မြေကို ပထမဆုံးဝင်ရောက်လာစဉ်က ရောက်ရှိလာသည့်နေရာသည် ဘုံခုနစ်ဆင့်စေတီ၏ အောက်ဆုံးအဆင့် ဟုတ် မဟုတ် သေသေချာချာ မသိရသေးပေ။

ဤ ‘ပထမအလွှာ’ ဆိုသည်က သူတို့ကိုယ်တိုင်နှင့် ဆက်စပ်နေသည်။

အလားတူပင် ရန်ကျောက်ကဲအနေဖြင့် ထိပ်ဆုံးအလွှာမရောက်မီ အလွှာမည်မျှ ကျန်ရှိသေးသည်ကို မသိနိုင်ပေ။

ယခု ဤအလွှာမှဆေးလုံးများကို ကောက်ယူသွားသူများက ဤကမ္ဘာသို့ရောက်ရောက်ချင်းမှာပင် ဤအလွှာသို့တန်းရောက်လာသူများ ဖြစ်နိုင်သည်။ သူတို့အတွက်တော့ ဤအလွှာက ပထမဆုံးအလွှာဖြစ်နိုင်၏။

မျှော်စင်နှင့် စေတီကဲ့သို့သော အထပ်အလွှာများကိုတက်မည်ဆိုလျှင် ပိုမိုမြင့်မားသည့်အထပ်မြင့်သို့တက်ရောက်ရန် အရင်ဆုံးစတင်သည့်အလွှာကို အနိမ့်ဆုံး ပထမထပ်ဟု သတ်မှတ်မည် ဖြစ်သည်။

သူတို့၏အန္တိမရည်မှန်းချက်က ထိပ်ဆုံးသို့ရောက်ရန်ဖြစ်လျှင် ဤသို့ဆုံးဖြတ်သည်က မှားယွင်းခြင်းမရှိပေ။

ရန်ကျောက်ကဲတို့အုပ်စုကတော့ နည်းနည်းပိုပြီး စိတ်မကောင်းစရာဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှ အမည်မသိအုပ်စုနှင့်ယှဉ်လျှင် သူတို့က နှစ်လွှာပိုပြီးတက်ခဲ့ရသောကြောင့် ဖြစ်၏။

ထို့ပြင် သူတို့ရှေ့မှအုပ်စုသည်လည်း သူတို့ထက်ပိုမိုလျှင်မြန်စွာဖြင့် ပိုမိုမြင့်မားသောအဆင့်သို့ ဆက်လက်တက်လှမ်းနေပေသည်။

သို့ဖြစ်ရာ အချိန်က အရေးကြီးလားသည်။

ရှောင်အိုက်၏မျက်နှာသည်ပင် တည်ကြည်လေးနက်လာသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိပြဿနာက သူတို့အားလုံး၏ စိတ်အာရုံကို ဆွဲ‌ဆောင်သွားနိုင်သောကြောင့် ဖြစ်၏။

သူတို့စတင်ရောက်ရှိခဲ့သောအလွှာက အောက်ဆုံးအလွှာလား ၊ အလယ်အလွှာလား မသေချာနိုင်ပေ။ သူတို့ အလယ်အလွှာသို့ စတင်ရောက်ရှိခဲ့သည်ဆိုလျှင် ယခု (၃)ထပ်အထိ တက်လာနိုင်ပြီ ဖြစ်သည်။

ရန်ကျောက်ကဲက နှုတ်ခမ်းကိုပွတ်သပ်ရင်း...

“တွေးနေတာအကျိုးမရှိဘူး ၊ အမြန်ဆက်တက်ကြမယ်”

အခြားသောအုပ်စုတစ်စုသည်လည်း စေတီအပေါ်ထက်သို့ ဆက်လက်တက်ရောက်နေကြသည်ဖြစ်ရာ ထိုသူများနှင့် ထိပ်တိုက်မတွေ့ဘဲ အခြေအနေကို သိရှိနိုင်မည် မဟုတ်ပေ။

“သဲလွန်စတွေအရ တခြားသူတွေ ဒီမှာရောက်နေတာ သေချာတယ်”

လက်ရှိအလွှာတွင် ကျန်ရစ်ခဲ့သော စွမ်းအားအတက်အကျများကို အာရုံခံကြည့်သည့်အခါ ရောက်ရှိလာသောအုပ်စုသည်လည်း သတိအပြည့်ထားနေကြောင်း တွေ့ရသည်။

ယန္တရားပညာက သူတို့ကို အန္တရယ်ပေးမည်စိုးရိမ်သဖြင့် ခုခံထားသည်ကိုလည်း တွေ့ရ၏။

ရန်ကျောက်ကဲတို့အုပ်စုက ဤအလွှာတွင်ရှိနေသည့် စေတီအတွင်းဝင်ရောက်လိုက်ပြီး ခရမ်းရောင်တိမ်တိုက်များမှတစ်ဆင့် ရွှေရောင်တံခါးကိုဖြတ်ကျော်ကာ ‘စတုတ္ထအလွှာ’ သို့ ရောက်လာကြသည်။

စေတီမှတံခါးကိုဖြတ်ကျော်ကာ နောက်တစ်လွှာသို့တက်ပြီးသည်နှင့် ရန်ကျောက်ကဲစိတ်ထဲ သတိပေးသံတစ်ချက်ကို ခံစားလိုက်ရသည်။

အဝေးတစ်နေရာ မိုးကုတ်စက်ဝိုင်းဆီသို့လှမ်းကြည့်လိုက်တော့ လူအချို့ရှိနေသည်ကိုတွေ့လိုက်ရသည်။ သူတို့က အဝေးတစ်နေရာသို့ ထွက်ခွာသွားနေကြခြင်းဖြစ်သည်။

သို့သော် အလျှင်အမြန်သွားရောက်နေခြင်းတော့ မဟုတ်ပေ။ သူတို့က လမ်းလျှောက်ရင်း ပတ်ဝန်းကျင်မှအရာများကို လေ့လာနေဟန်ရှိသည်။

သူတို့ကလည်း သူတို့နောက်ဘက်မှ အပြောင်းအလဲဖြစ်ပေါ်သွားသည်ကို ခံစားရသဖြင့် စေတီရှိရာသို့ ချက်ချင်းလှမ်းကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲတို့အုပ်စုကိုမြင်တော့ သူတို့ အနည်းငယ် အံ့အားသင့်သွားကြသည်။

တစ်ဖွဲ့နှင့်တစ်ဖွဲ့ အဝေးမှပင် စူးစိုက်ကြည့်နေမိကြပြီး ထိုခဏတွင် လေထုက အတော်လေး ထူးဆန်းလာသည်။

ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများ၏အကြည့်များက တစ်ဖက်မှအုပ်စုမှ မိန်းမပျိုတစ်ယောက်ဆီသို့ ချက်ချင်း ကျရောက်သွားသည်။

ထိုမိန်းမပျိုက သူတို့အုပ်စုထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးမဟုတ်သည့်တိုင် ရန်ကျောက်ကဲတို့အားလုံးကတော့ ထိုမိန်းကလေးကိုသာ အာရုံစိုက်လိုက်မိကြသည်။

မိန့်မပျိုက အရပ်မြင့်မြင့်နှင့် အနီရောင်နှင့်အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ငွေဖြူမြေခွေးမွှေးခြုံထည်တစ်ထည်ကို လွှမ်းခြုံထားသည်။

သူမပုံစံက အပြစ်ဆိုစရာမရှိအောင် ချောမောလှပလွန်းပြီး ပိုးသားလေးပမာ ၊ ပွင့်လန်းနေသည့်ပန်းပွင့်လေးပမာ ဖြစ်သည်။ သူမ၏အလှတရားက လူစုလူဝေးအလယ်မှာပင် ထူးထူးခြားခြားပေါ်လွင်နေသည့် အလှတရားမျိုး ဖြစ်၏။

ထိုမိန်းကလေးကို လောကတွင်အလှဆုံးမိန်းမပျိုဟုတော့ တင်စားမရနိုင်ပေ။ အနည်းဆုံးတော့ သူမနှင့်တန်းတူရည်တူ ချောမောလှပသော မိန်းမပျိုလေးများကို ရန်ကျောက်ကဲ အရင်တုန်းက တွေ့မြင်ခဲ့ဖူးသည်။

သို့သော် တန်းတူအလှလေးများအလယ်မှာပင် ဤမိန်းမပျိုကတော့ ထူးခြားစွာ အာရုံစိုက်ခံရနိုင်ခြေ ရှိ၏။

ကြည့်လေ ပိုမိုဆွဲ‌ဆောင်မှုရှိလေဖြစ်သော အကြည့်ခံသည့် ဖန်းယွင်ရှန်း၏အလှတရားနှင့် နှိုင်းယှဉ်လျှင် ဤမိန်းမပျို၏အလှတရားကတော့ လူတိုင်း၏အာရုံစိုက်မှုကိုခံရပြီး ရင်ခုန်ချင်စရာကောင်းလှသည်။

အလှတရားလေးက မျက်စိပသာဒရှိပြီး ကြည့်ရမြင်ရ အရသာရှိလှသော်လည်း ရန်ကျောက်ကဲကတော့ သူမရုပ်သွင်ကို ခဏမျှသာအကဲခတ်ပြီး အခြားအရာများကိုသာ အာရုံစိုက်လိုက်သည်။

ဥမမာ သူမ၏ ကျင့်ကြံခြင်းအဆင့်။

သူတို့ မတိုက်ခိုက်ဘူးဆိုလျှင်‌တောင်မှ ဤမိန်းမပျိုက သူမ၏ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပုံမှန်အတိုင်းပင် စွမ်းအားရောင်ဝါကို ထုတ်ဖော်ထားသည်။

ရန်ကျောက်ကဲက သူမ၏ကျင့်ကြံခြင်းအဆင့်ကို လေ့လာလိုက်သည့်အခါ သိုင်းသူတော်စင် တတိယအဆင့် ၊ ကိုယ်ခွဲပေါင်းစပ်ခြင်းနှောင်းပိုင်အဆင့်ဟု သိလိုက်၏။ သူမက နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးပေ။

သို့သော် သူမက အလွန်တရာငယ်ရွယ်သေးသည်။ ရန်ကျောက်ကဲပင်လျှင် သူမကို အခြားသူများနှင့်မတူဘဲ ထူးခြားသောအမြင်ဖြင့် ကြည့်လိုက်မိသည်။

သူမက ရန်ကျောက်ကဲထက် အသက်အနည်းငယ်သာ ကြီးသည်။

ပြောရမည်ဆိုလျှင် သူမ သိုင်းသူတော်စင်အဆင့်တက်ရောက်စဉ်က ရန်ကျောက်ကဲထက် အနည်းငယ်သာလျှင် အသက်ကြီးနိုင်ပြီး ရန်တိထက်ပင် အသက်ငယ်နိုင်သေးသည်။

ဟုတ်ပေ၏။ ရန်တိက အရင်တုန်းက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျင့်ကြံခဲ့ပြီး သူ ကျင့်ကြံခဲ့သည့် နက်ရှိုင်းချီစွမ်းအားကျင့်စဉ်ဆိုသည်က အထက်ဘုံကမ္ဘာတွင် ထိပ်တန်းအဆင့်ဟု သတ်မှတ်၍မရနိုင်ပေ။

ထိုမိန်းမပျို၏ဘေးနားမှ အဖော် (၂)ယောက်ကတော့ သိုင်းသူတော်စင် စတုတ္ထအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း ကနဦးအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ ထို့ကြောင့် သူမက အောက်ဘုံကမ္ဘာမှလူသားတစ်ယောက်တော့ မဖြစ်နိုင်ပေ။ အထက်ဘုံကမ္ဘာမှ လူတစ်ယောက်သာ ဖြစ်သင့်သည်။

သို့သော် မိန်းကလေး၏ကျင့်ကြံခြင်းအဆင့်က တုန်လှုပ်ဖွယ်ရာ လျှင်မြန်လွန်းသည်ဟု ဆိုနိုင်သည်။

သူမ၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် ကျင့်ကြံခြင်းအဆင့်တူညီသော အခြားသူများနှင့် နှိုင်းယှဉ်ပါက သူမကို မိန်းမပျိုလေးအဖြစ်သာ သတ်မှတ်နိုင်သည်။ အသက်ငယ်ငယ်နှင့် ဤမျှ ကျင့်ကြံခြင်းအဆင့်မြင့်မားခြင်းမှာ ရှားပါးဖြစ်ရပ်ပင် မဟုတ်ပါလား။

ယေဘူယျပြောရလျှင် အံ့အားသင့်ဖွယ် ကျင့်ကြံခြင်းအဆင့်လျှင်မြန်သော ပါရမီရှင်များသည် လက်တွေ့တိုက်ပွဲများရင်ဆိုင်ရာတွင်လည်း သာလွန်ထူးခြားသူများ ဖြစ်ကြ၏။

အထူးသဖြင့် သိုင်းသူတော်စင်အဆင့်ရောက်လာသူအများစုမှာ သွေးစွန်းတိုက်ပွဲများတွင် အသက်ဆုံးရှုံးရသည်က များလေသည်။

အချို့ဆိုလျှင် ပါရမီရှင်ဟုဆိုသော်ငြား အသက်ငယ်ငယ်ဖြင့် လှိုင်းလုံးရိုက်ပုတ်မှုများခံစားရပြီး စောစောစီးစီးသေကြေကြသည်များလည်း ရှိသည်။

အသက်ရှင်သန်ကျန်ရစ်ပြီး ပိုမိုမြင့်မားသည့်အဆင့်ရောက်အောင် ရုန်းကန်နိုင်သူများမှာ အနည်းငယ်သာရှိပြီး တကယ့်အစစ်အမှန်ပါရမီရှင်များဖြစ်ကြသည်။

ရန်ကျောက်ကဲကိုယ်တိုင်နှင့် ဖခင်ဖြစ်သူရန်တိတို့က အကောင်းဆုံးဥပမာပင်။

ထို့ပြင် ယခု သူတို့ရှေ့မှ မိန်းမပျိုသည်လည်း ထိုသို့ပင် ယူဆနိုင်သည်။

ဤမိန်းမပျိုသည် သိုင်းသူတော်စင် တတိယအဆင့်မှာပင် ရှိနေသော်လည်း သူမ၏ တန်ခိုးစွမ်းအားက သိုင်းသူတော်စင် စတုတ္ထအဆင့်ရှိသော သူမ၏အဖော်များထက် သာလွန်ကြောင်း သေချာလုနီးပါးဖြစ်သည်။

ရတနာပစ္စည်းများကိုအားမကိုးဘဲ တန်ခိုးစွမ်းအားသက်သက်ဖြင့်ပင်လျှင် သာလွန်နိုင်ခြင်း ဖြစ်၏။

ဤမိန်းမပျိုသည် အားလုံးအလယ်တွင် လူအများ၏အာရုံစိုက်မှုကိုခံရသည်မှာ သူမ၏ချောမောလှပသော အသွင်အပြင်ကြောင့်သာမက တန်ခိုးစွမ်းအားကြောင့်လည်းဖြစ်သည်ဆိုလျှင် မမှားပေ။

သူမ၏စွမ်းအားရောင်ဝါကို ရည်ရွယ်ချက်ရှိရှိထုတ်ဖော်ပြသခြင်း မရှိသော်လည်း ဖုံးကွယ်ထားခြင်းလည်းမရှိသဖြင့် ဆွဲဆောင်မှုရှိခြင်းကို ပိုပြီးသက်ရောက်စေသည်။

ရန်ကျောက်ကဲ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် တစ်ဖက်အုပ်စုကိုလေ့လာကြည့်သည့်အခါ အခြိမ်းခြောက်နိုင်ဆုံးသူကို အရင်ဆုံးအာရုံစိုက်မိသည်မှာ သဘာဝကျပါသည်။

အရင်က သိုင်းသူတော်စင် တတိယအဆင့်ရှိသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် သိုင်းသူတော်စင်စတုတ္ထအဆင့်ဖြစ်သည့် ကွမ်းမင်ဂိုဏ်းမှ အကြီးအကဲချန်စုန့်ကို အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် မဟာခွန်ဖိန်ကျင့်စဉ်အနှစ်သာရကို အဆက်မပြတ်ကျင့်ကြံပြီး တောင်းတျဲ၏သွေးစွမ်းအားနှစ်သာရာ ၊ နဂါးအစစ်ချီစွမ်းအားနှစ်သာရများကို သန့်စင်ကျင့်ကြံရုံသာမက ယခု ရွှမ်ဧကရာဇ်လှံရှည်ကိုပါသန့်စင်ကျင့်ကြံရသဖြင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ တန်ခိုးစွမ်းအားက ဆက်တိုက်ဆိုသလို အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ရှိတန်ခိုးစွမ်းအားဖြင့်ဆိုလျှင် ဟိုစဉ်တစ်ချိန်က ချန်စုန့်ကို ပြတ်ပြတ်သားသား အနိုင်ယူနိုင်ပေမည်။

သို့ပေသိ တူညီသောကျင့်ကြံခြင်းအဆင့်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်ပင် ဤမိန်းမပျိုနှင့် မယှဉ်နိုင်ကြောင်း ရန်ကျောက်ကဲ၏ပင်ကိုယ်သိစိတ်မှ အာရုံခံမိသည်။

တိုက်ပွဲတိုက်ခိုက်ခြင်းမရှိသဖြင့် မိန်းမပျို၏တန်ခိုးစွမ်းအားကို အတိအကျမသိနိုင်သော်လည်း ဤသည်က အဖြစ်နိုင်ဆုံး ခန့်မှန်းချက် ဖြစ်နေဆဲပင်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ လက်ရှိတန်ခိုးစွမ်းအားသည် မွေးရာပါ ထက်မြက်သောစွမ်းရည် ၊ အထွတ်ထိပ်အဆင့် သိုင်းပညာများအပြင် ၊ ကံကောင်းထောက်မစွာ တွေ့ကြုံရသည့် ရင်းမြစ်ပစ္စည်းများစွာတို့ကြောင့် ဖြစ်၏။

ဤမိန်းမပျိုကဲ့သို့ မိုးကောင်းကင်မှမျက်နှာသာပေးသော သမီးပျိုတစ်ယောက်၏ ကျင့်ကြံခြင်းဖြင့် ယှဉ်ပြိုင်နိုင်ပါမည်လား။

All Chapters