← Chapters

ထူးဆန်းသော ဥက္ကာပျံတစ်လုံး

Vol. 56 Ch. 775

ထူးဆန်းသော ဥက္ကာပျံတစ်လုံး

Vol. 56 Ch. 775

" ဟုတ်ပါတယ်။ ကျွန်တော် အဆင့်မြှင့်တင်ပြီးသွားပါပြီ... " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးမှ ချီတုံချတုံနှင့် ပြန်ဖြေလိုက်၏။ သူ၏ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာမှာ အဋ္ဌမအဆင့်မဟုတ်ဘဲ ဆဋ္ဌမအဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။

" မြန်လှပါလားဟ " နတ်သမီးလင်ယိုမှာ သူမ၏ လက်အောက်ငယ်သားများ၏ အစီရင်ခံစာများကို နားထောင်နေရသည်ဖြစ်ရာ စစချင်းတွင် အံ့အားသင့်သွားပါသော်လည်း အသေးစိတ်မေးမြန်းနေရန် အချိန်မရှိပေ။ ထို့အပြင် သူမသည် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ဒုတိယအဆင့်သို့ အဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း ပြောနေခြင်းဖြစ်သည်ဟုသာ တွေးနေခြင်းဖြစ်၏။

လွန်ခဲ့သည့် လဝက်ခန့်ကမှ သူသည် ၎င်းအား ပထမအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်ဟု သူမက ထင်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် သူ လဝက်အတွင်း ၎င်းအား ဒုတိယအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည့်အချက်ကြောင့် အံ့အားသင့်သွားခဲ့ရပါသော်လည်း လုံနန်ကျစ်တစ်ယောက် မဟာတောင်ထိပ်ဂိုဏ်းထဲ၌ နာမည်ကျော်ကြားနေခဲ့သည်မှာ အလကားမဟုတ်ကြောင်းသာ မှတ်ယူလိုက်၏။

ထို့အပြင် ဝမ်ပေါင်လဲ့၏ လေသံမှာ ချီတုံချတုံဖြစ်နေသည့်လေသံ‌ ပေါက်နေသောကြောင့် နတ်သမီးလင်ယိုမှာ ချက်ချင်းပင် ကောက်ချက်တစ်ခု ချလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ သန့်စင်ခြင်း လုပ်ငန်းစဉ်ထဲ၌ ကြိမ်ဖန်များစွာ ကျရှုံးခဲ့ရသဖြင့် သူ၏ လုပ်ပိုင်ခွင့်အဆင့်အတန်းအတွက် သတ်မှတ်ထားသော ကုန်ကြမ်းပစ္စည်းပမာဏ အားလုံးကို ဝယ်ယူသုံးစွဲခဲ့ပြီးမှ အောင်မြင်သွားခဲ့ခြင်း ဖြစ်ရပေမည်။ ထို့ကြောင့် ယခုတွင် သူသည် တတိယအဆင့်အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို မဝယ်ယူနိုင်တော့သဖြင့် သူ၏ လုပ်ပိုင်ခွင့် အဆင့်အတန်းအား တိုးမြှင့်ပေးရန် တောင်းဆိုလာခြင်းဖြစ်သည်။

နတ်သမီးလင်ယိုမှာ ထိုသို့တွေးလိုက်ပြီးနောက် ပြန်ပြောလိုက်၏။

" ကောင်းပြီလေ။ ငါ နင့်ရဲ့ လုပ်ပိုင်ခွင့်အဆင့်အတန်းကို တိုးမြှင့်ပေးလိုက်ပြီ။ ဆက်ကြိုးစား " သူမသည် ယခင်တုန်းကလောက် စိတ်မရှည်သည့်‌လေသံ ပေါက်မနေတော့ဘဲ ဝမ်ပေါင်လဲ့ကိုပင် အားပေးစကားများပြောလိုက်၏။ သို့သော် သူမသည် သူ့အား အထူးတလည် အာရုံစိုက်နေခြင်းတော့ မရှိပေ။ လုံနန်ကျစ်မှာ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်၌ မည်မျှပင် ကျွမ်းကျင်နေစေကာမူ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား တတိယအဆင့်အထိ အလွယ်တကူ မြှင့်တင်နိုင်လိမ့်မည်မဟုတ်ကြောင်း သူမက ယုံကြည်နေ၏။

သို့သော် သူ အရည်အချင်းရှိသည့် အချက်ကိုတော့ လက်ခံရပေမည်။ နတ်သမီးလင်ယိုမှာ ဝမ်ပေါင်လဲ့အား ချီးကျုးလိုက်ပြီးနောက် အသံလွှင့်အကြောင်းကြားစာကို အဆုံးသတ်ကာ သူမ၏ ဝိညာဥ်ကြားခံနယ် ထိပ်ဆုံးအဆင့် လက်အောက်ငယ်သားများကို လှမ်းကြည့်လိုက်သည်။

" ကဲ။ အဆင့်ဆယ့်တစ် စစ်တပ်ဖြစ်တဲ့ လျှို့ဝှက်ဝိညာဉ်တပ်ရင်းရဲ့ ခေါင်းဆောင်ကြီး သခင်လင်းတောက်အကြောင်း ဆက်ပြောကြ။ သူ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားပြီဆိုတာ သေချာလား "

နတ်သမီးလင်ယို၏ရှေ့၌ သူမအား အစီရင်ခံစာ တင်ပြနေသည့် ကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့နှင့် ဆုံတွေ့ခဲ့ဖူးသည့် ဣန္ဒြေအပြည့်ရှိသော အမျိုးသမီး ဖြစ်ပေသည်။ သူမသည် နတ်သမီးလင်ယို၏ စကားကို ကြားလိုက်ရသောအခါ ခေါင်းညိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

" သေချာပါတယ်ရှင့်။ သခင်လင်းတောက်က ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့ပါပြီ။ သူက ခေါင်းဆောင်ကြီးရဲ့ အဆင့်လောက် မရောက်သေးပေမဲ့ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်မှာ ရှိနေပါပြီ။ သူ့ရဲ့ ဖောက်ထွက်မှုကြောင့် နောက်ဆက်တွဲ ပြောင်းလဲမှုတွေအများကြီး ပေါ်ပေါက်လာလိမ့်မယ်လို့ ကျွန်မ ထင်တယ်။ သူက အခုလို ဖောက်ထွက်သွားနိုင်ခဲ့တာမလို့ တခြား စစ်တပ်တွေနဲ့ မဟာမိတ်ဖွဲ့ပြီးတော့ ရေခဲဖီးနစ်ငှက်တပ်ရင်း ရာထူးတိုးမယ့်ကိစ္စကို နှောင့်ယှက်လာနိုင်ပါတယ် "

" သခင်လင်းတောက်... " နတ်သမီးလင်ယိုမှာမူ မျက်ဝန်းများ အေးစက်စွာ တောက်ပသွား၏။ သူမသည် သူ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့ခြင်း ရှိမရှိကို ဂရုစိုက်နေခြင်းမရှိပေ။ သို့သော် သူ၏ ဖောက်ထွက်မှုမှာ ရေခဲဖီးနစ်ငှက်တပ်ရင်း ရာထူးတိုးမည့် ကိစ္စအပေါ်တွင် အကျိုးသက်ရောက်မှု ရှိပေသည်။ သူမ၏ ရည်မှန်းချက်ပန်းတိုင် အစစ်အမှန်မှာ ပဉ္စမအဆင့် စစ်တပ်အဖြစ်သို့ တက်လှမ်းနိုင်ရန်မဟုတ်ပါလော။ ထိုအဆင့်အထိသာ တက်လှမ်းနိုင်မည်ဆိုပါက သူမ၏စစ်တပ် ရရှိခံစားရမည့် အကျိုးကျေးဇူးများမှာ အလွန်အင်မတန်မှ ကြီးမားနေမည်ဖြစ်သည်။

အလားတူပင် လက်ရှိတွင် ပဉ္စမအဆင့်၌ ရှိနေသည့် စစ်တပ်မှာလည်း အခြားစစ်တပ်တစ်ခု၏ အစားထိုးခြင်းကို ခံလိုက်ရမည်ဆိုပါက ထိပ်ဆုံးငါးဆင့်ထဲတွင် ပါတော့မည်မဟုတ်ဘဲ အများကြီး ထိခိုက်နစ်နာသွားရမည် ဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ ထိုသို့ဖြစ်မလာစေရန် အခြားစစ်တပ်များနှင့် ပူးပေါင်းကြမည်သာ ဖြစ်သည်။ အကယ်၍ သခင်လင်းတောက်သာ ဖောက်ထွက်သွားခဲ့ခြင်းမရှိပါက သူတို့မှာ မည်သည့်အရာကိုမှ စိုးရိမ်နေစရာ လိုမည်မဟုတ်ပေ။ သူတို့၏ နောက်တွင်ရှိနေသည့် တပ်ရင်းများ မည်ကဲ့သို့ပင် အဆင့်ပြောင်းလဲသွားစေကာမူ သူတို့မှာ ထိပ်ဆုံးဆယ်ဆင့်ထဲတွင်သာ ရှိနေကြဦးမည်မဟုတ်ပါလော။

သို့သော် သခင်လင်းတောက်၏ ဖောက်ထွက်မှုကြောင့် အခြေအနေများမှာ ပြောင်းလဲသွားရပြီဖြစ်သည်။ သတ္တမ၊ အဋ္ဌမနှင့် နဝမအဆင့်တွင် ရှိနေကြသည့် တပ်ရင်းသုံးခုမှာ အခန့်မသင့်ပါက ထိပ်ဆုံးဆယ်ဆင့်ထဲမှ ထွက်သွားရနိုင်ပေသည်။ ထို့ကြောင့် သူတို့မှာ သေချာပေါက် ယခင်တုန်းကထက် ပို၍ သတိကြီးကြီး ထားနေကြမည်သာဖြစ်သည်။

သို့ဖြစ်ရာ ဤယှဉ်ပြိုင်မှုကြီးထဲတွင် စစ်တပ်ခေါင်းဆောင်ကြီးများ၏ ကျင့်ကြံခြင်းအဆင့်နှင့် စစ်တပ်များ၏ အင်အားမှာ အရေးကြီးသလို အခြားစစ်တပ်များနှင့် သတိကြီးကြီးထား၍ ဆွေးနွေးညှိနှိုင်းနေရန်လည်း လိုအပ်ပေသည်။

သို့သော် ဝမ်ပေါင်လဲ့မှာမူ လူအများ ခေါင်းခဲနေရသည့် ထိုအကြောင်းများကို သိရှိထားခြင်းမရှိပေ။ သူသည် ထိုကဲ့သို့ သိရှိထားလျှင်တောင် ဂရုစိုက်နေမည် မဟုတ်ပေ။ လက်ရှိတွင် သူသည် လုပ်ပိုင်ခွင့်အလုံအလောက် ရရှိသွားပြီးနောက် မီးဆေးဝိညာဉ်သစ်ရွက်များကို အမြောက်အမြား ဝယ်ယူလိုက်ပြီး မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား ဆက်လက် သန့်စင်နေလိုက်တော့သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် ရက်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် သူ၏ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာထဲမှ ကမ္ဗည်းစာလုံးများ အလုံရေးငါးသောင်း ကျော်သွားသည့်အချိန်တွင် ၎င်းမှာ သတ္တမအဆင့်သို့‌ ဖောက်ထွက်သွားတော့သည်။

ထိုကဲ့သို့သော သတ္တမအဆင့် ဓမ္မရတနာတစ်ခုမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက်ပင် ‌အတော်အသင့် အစွမ်းထက်သည်ဟု ဆိုနိုင်ပေသည်။ ၎င်း၏ တုံ့ပြန်အားမှာ သုံးဆယ့်ငါးရာခိုင်နှုန်းတိတိ ရှိနေပြီမဟုတ်ပါလော။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းမှာ တတိယအဆင့်တွင်သာ ရှိနေသေးသည့်ပုံ ပေါက်နေ၏။ သို့ဖြစ်ရာ ထိုရတနာမှာ သူ၏ရန်သူများအား သေချာပေါက် အံ့အားသင့်သွား‌အောင် လုပ်နိုင်မည်သာ ဖြစ်သည်။ အကယ်၍ သူတို့မှာ အငိုက်မိသွားပါက အများကြီး ထိခိုက်နစ်နာ ဆုံးရှုံးသွားရမည်သာ ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ စိတ်ကျေနပ်မှုမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား သတ္တမအဆင့်အထိ မြှင့်တင်ခဲ့ပြီးနောက် အတာအဆီးတစ်ခုနှင့် ကြုံလိုက်ရသောကြောင့်ပင်။

အဋ္ဌမအဆင့်တွင် သူနားမလည်သည့် အခန်းကဏ္ဍအချို့ ရှိနေ၏။ သူသည် ၎င်းအား အတင်းအဓမ္မ သန့်စင်လိုက်မည်ဆိုပါက သူ၏ ကျရှုံးနိုင်ခြေမှာ ကိုးဆယ်ရာခိုင်နှုန်းတိတိ ရှိနေမည်ဖြစ်ကြောင်း သူက သိထားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ရပ်တန့်သွားရပြီး မျက်မှောင်ကြုတ်သွားရတော့သည်။

" သူတို့က နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲက ဂိုဏ်းကြီးသုံးခုလေ... အဲတာမလို့ အဆောင်ပစ္စည်းသန့်စင်ခြင်းပညာရပ်အတွက် သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေက ကြောက်စရာကောင်းနေတာ မထူးဆန်းပါဘူး " ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွား၏။ သူသည် ထိုအကြောင်းများကို ပိုတွေးမိလေလေ နတ်မျက်လုံးလူမှုအဖွဲ့အစည်းမှာ အလွန်အင်မတန်မှ ကြောက်စရာကောင်းသည်ဟု ပို၍ ခံစားရလာလေလေ ဖြစ်နေရတော့သည်။ တစ်ချိန်ထဲမှာပင် သူသည် အနည်းငယ်ခန့် မကျေမချမ်း ဖြစ်သွားရ၏။

" နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းက တော်တော်လေးကို ယုတ်မာတာပဲ။ ဂိုဏ်းသားတွေကို အရည်အချင်း စမ်းသပ်တဲ့နေရာမှာ သုံးတဲ့ ဓမ္မရတနာ‌တောင်မှ ဒီလောက်အထိ ခက်ခဲနေရတယ်လို့။ တကယ်ရော ဟုတ်ရဲ့လားကွာ... " ဝမ်ပေါင်လဲ့မှာ သံသယစိတ်များ ဝင်လာရပြီဖြစ်သည်။

" မဖြစ်သေးဘူး။ ငါ မလုပ်နိုင်တာနဲ့ တခြားလူတွေလည်း လုပ်နိုင်မှာမဟုတ်ဘူးလို့ တွေးလို့ မရပါဘူးလေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက် သူသည် သူ၏ သံသယစိတ်များကို မေ့ပျောက်ထားလိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်တော့သည်။ နောက်ဆုံးတွင် သူသည် အာရုံအပြည့်စိုက်လိုက်ပြီး မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာ၏ အဋ္ဌမအဆင့်အား စိတ်ရောကိုယ်ပါနှစ်ကာ နောက်ထပ်တစ်ကြိမ် ထပ်၍ ‌လေ့လာလိုက်ပြန်သည်။

ထိုသို့ဖြင့် ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာလည်း ခေါင်းများ မူးနောက်နေရပြီ ဖြစ်သည်။ သို့သော် သူ နားမလည်သည့် အချက်တစ်ချက် ရှိနေဆဲပင်။

ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါက ခဏတစ်ဖြုတ် အနားယူရန် လိုအပ်ကြောင်း ဝမ်ပေါင်လဲ့က သိထားသည်။ အကယ်၍ ထိုသို့ အနားယူခြင်းမရှိဘဲ ပေကပ်ကပ်နှင့် ဆက်လက်လေ့လာနေမည်ဆိုပါက သူ့အတွက် အကျိုးမရှိနိုင်ဘဲ အချိန်ကုန်လူပင်ပန်းသည်သာ အဖတ်တင်မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အချိန်အကြာကြီး အတွေးများထဲ၌ နစ်မျောနေပြီးနောက် ခေါင်းမော့လာပြီး ဂူဗိမာန်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုအတောအတွင်းတွင် ကျိုးရိရှန်မှာ သူ၏ ဂူဗိမာန် အပေါက်ဝအား နေ့မနားညမနား စောင့်ရှောက်ပေးနေခဲ့၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား အလွန်အင်မတန်မှ ကျေနပ်အားရနေခဲ့သည်။ ယခုတွင် သူသည် စိတ်ကသိကအောက် ဖြစ်နေရသည်ဖြစ်ရာ သူမေ့ပျောက်ထားခဲ့သည့် အတွေးတစ်ခုမှာ ခေါင်းထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။

" ငါ ကျိုးရိရှန် ပြောခဲ့တဲ့ အပျက်အစီးတွေကို သွားကြည့်ရင်ကောင်းမလား " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် သူ၏ အသံလွှင့်ကျောက်စိမ်းပေလွှာကို ထုတ်ယူလိုက်၏။ ထို့နောက် သူသည် စစ်တပ်အား အကြောင်းကြားလိုက်ပြီးနောက် မတ်တတ်ထလာပြီး ဂူဗိမာန်အပြင်ဘက်သို့ ထွက်လာတော့သည်။

သူ အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့် အပေါက်ဝတွင် ဒူးတုပ်ကာထိုင်နေသည့် ကျိုးရိရှန်မှာ ချက်ချင်းဆိုသလိုပင် နောက်သို့လှည့်လာ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား တရိုတသေနှင့် စိုက်ကြည့်နေလိုက်ပြီးနောက် အမိန့်များ စောင့်ဆိုင်းနေလိုက်တော့သည်။

" သွားကြစို့။ မင်း ရှေ့ကနေ လမ်းပြ။ မင်း ဖမ်းခံခဲ့ရတဲ့ ဂူဆီ သွားကြမယ် "

ကျိုးရိရှန်မှာ ဝမ်ပေါင်လဲ့၏ အမိန့်အား မငြင်းဆန်ရဲသောကြောင့် ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာမူ သူ၏ လက်ကို ဝှေ့ယမ်းကာ စစ်သင်္ဘောကြီးတစ်စင်း ထုတ်ယူလိုက်ပြီး ကျိုးရိရှန်အား ဆွဲခေါ်သွားလိုက်၏။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ထိုစစ်သင်္ဘောကြီးပေါ်သို့ တက်သွားလိုက်သည်။ သူ မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ ထို စစ်သင်္ဘောကြီးမှာ ချက်ချင်းဆိုသလိုပင် တုန်ရီသွားပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။ သူတို့မှာ မျက်စိတစ်မှိတ်အတွင်းတွင် ဝမ်ပေါင်လဲ့၏ ဂူဗိမာန်နှင့် အဝေးကြီးသို့ ရောက်ရှိသွားကြ၏။

ကျိုးရိရှန် ဖမ်းဆီးခံခဲ့ရသည့် နေရာမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ အပြင်ဘက်တွင် ရှိနေပါသော်လည်း အဝေးကြီးတော့မဟုတ်ပေ။ ထို့ကြောင့်လည်း သူတို့မှာ နတ်ဆိုးတစ်သောင်းမျက်လုံး၏ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများကို အသုံးပြုနေစရာမလိုပေ။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ နယ်စပ်ဒေသဆီသို့ ဦးတည်သွားကာ ထိုနေရာမှ ထွက်ခွာသွားလိုက်ရုံပင်။

ဝမ်ပေါင်လဲ့မှာ သူ၏စိတ်ထဲ၌ ထိုဂူကြီး၏ ခန့်မှန်းခြေတည်နေရာကို သိရှိထား၏။ ထိုဂူကြီးနှင့် နတ်မျက်လုံးလူမှုအဖွဲ့စည်း၏ ကြားတွင် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ လက်ချက်ဖြင့် ပျက်သုဉ်းသွားခဲ့ရသည့် လူမှုအဖွဲ့အစည်းသုံးခု၏ အပျက်အစီးများ ရှိနေကြောင်း သူက သိထားသည်။

ဝမ်ပေါင်လဲ့၏ ဂူဗိမာန်မှ ထိုဂူကြီး၏ ကြားရှိ အကွာအဝေးမှာ ဝေးလွန်းသည်ဟု ဆို၍မရသလို နီးလွန်းသည်ဟုလည်း သတ်မှတ်၍မရပေ။ သူတို့၏ ခရီးစဉ်မှာ ဆယ်ရက်ဝန်းကျင်ခန့် ကြာမြင့်မည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ တရားထိုင်ကာ စောင့်ဆိုင်းနေလိုက်၏။ ထိုသို့ဖြင့် သူသည် စိတ်တည်ငြိမ်သွားပါသော်လည်း မသိစိတ်မှနေ၍ မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာအား အဋ္ဌမအဆင့်သို့ မြှင့်တင်နိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောမိနေဆဲပင်။

သူသည် စကားတစ်ခွန်းမှမပြောသောကြောင့် သူ၏ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည့် ကျိုးရိရှန်မှာလည်း စကားတစ်ခွန်းမှ မပြောရဲပေ။ သူသည် ဝမ်ပေါင်လဲ့အား အနှောင့်အယှက်ပေးမိပါက အပြစ်ပေးခံရမည် စိုးသောကြောင့် သတိကြီးကြီးထား၍ နေနေရ၏။ ထိုသို့ဖြင့် ဆယ်ရက်တိတိ ကုန်ဆုံးသွားသည်။ သူတို့ လိုက်ပါစီးနင်းလာသည့် စစ်သင်္ဘောကြီးမှာ လူမှုအဖွဲ့စည်းသုံးခု၏ အပျက်အစီးများကို ကျော်ဖြတ်လာပြီးနောက် ကျိုးရိရှန် ဖမ်းဆီးခံခဲ့ရသည့် နယ်မြေဆီသို့ ရောက်ရှိလာပြီဖြစ်သည်။

" ကဲ လမ်းပြတော့ " ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ရောက်ရှိလာသောအခါ မျက်လုံးများပွင့်လာ၏။ သူသည် သူ၏ရှေ့တွင်ရှိနေသည့် လူသူကင်းမဲ့နေသော နယ်မြေကြီးအားကြည့်ကာ ကျိုးရိရှန်အား အမိန့်ပေးလိုက်သည်။

ကျိုးရိရှန်မှာလည်း သူ၏အမိန့်များကို ချက်ချင်းပင် လက်ခံလိုက်၏။ လွန်ခဲ့သည့် ဆယ်ရက်အတွင်းတွင် သူသည်လည်း ယခင်တုန်းက ဖြစ်ရပ်များကို သေသေချာချာ ပြန်လည်စဉ်းစားတွေး‌တောနေခဲ့၏။ ထို့ကြောင့် သူ ပြင်ပကမ္ဘာကြီးအား မြင်လိုက်ရချိန်တွင် သူ၏မှတ်ဉာဏ်များမှာ ‌သူ၏အသိစိတ်ထဲ၌ ဖြည်းဖြည်းချင်း ပြန်လည် ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် သူသည် ရှေ့မှနေ၍ လမ်းပြလိုက်၏။ ထိုသို့ဖြင့် သူတို့၏ စစ်သင်္ဘောကြီး တဖြည်းဖြည်းနှင့် ရှေ့သို့ရွေ့လျားသွားနေရင်း သူတို့၏ရှေ့၌ ဥက္ကာပျံခါးပတ်ကွင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။

ထို ခါးပတ်ကွင်းထဲတွင် ဥက္ကာပျံများမှာ မြစ်တစ်စင်းကဲ့သို့ မျောလွင့်စီးဆင်းနေကြ၏။ ထိုမြင်ကွင်းမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းသလို ထို ဥက္ကာပျံများထဲမှလည်း ဖိနှိပ်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေကြသေးသည်။

ကျိုးရိရှန်မှာ ထိုဖိနှိပ်အားများကို အလူးအလဲ ခံစားနေရပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ ၎င်းတို့မှာ သာမန်သာ ဖြစ်ပေသည်။ သူတို့ ရောက်နေသည့်နေရာမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းနှင့် အဝေးကြီးသို့ မရောက်သေးပေ။ သို့ဖြစ်ရာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းထဲမှ လောဘကြီးကြသည့် စစ်တပ်များမှာ ဤနေရာ၌ စူးစမ်းရှာဖွေမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ထားပြီးသား ဖြစ်ရပေမည်။ ထို့ကြောင့် သူတို့ ဤနေရာတွင် အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်ခြေမှာ နည်းပါးပေသည်။

သို့သော်လည်း ဝမ်ပေါင်လဲ့မှာ သတိဝီရိယအပြည့် ရှိနေဆဲပင်။ သူသည်သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ခန္ဓာကိုယ်ထဲ၌ လည်ပတ်သွားစေလိုက်ရုံသာမက သူ သန့်စင်ထားသည့် မိုးကောင်းကင်နတ်ဘုရား တရားမျှတမှုဒိုင်းကာကိုလည်း ထုတ်ယူလိုက်သေးသည်။ ကျိုးရိရှန်၏ ပြောစကားများအရဆိုလျှင် သူသည် ဤနေရာသို့ တည်နေရာပြောင်းရွှေ့ခံခဲ့ရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဤနေရာတွင် နတ်မျက်လုံးလူမှုအဖွဲ့စည်း ရှင်းပြနိုင်စွမ်း မရှိသော ထူးဆန်းထွေလာ ဖြစ်ရပ်ကြီးတစ်ခုခု ရှိနေနိုင်ပေသည်။

ထို့သို့ဖြင့် ကျိုးရိရှန်၏ လမ်းညွှန်မှုနှင့်အတူ စစ်သင်္ဘောကြီးမှာ ထို ဥက္ကာပျံ ခါးပတ်ကွင်းထဲရှိ လအရွယ်အစားခန့်ရှိသော ဥက္ကာပျံတစ်လုံး၏ဘေးသို့ ရောက်ရှိလာတော့သည်။

" ဒီ ဥက္ကာပျံပါပဲ။ ဒီထဲမှာ ဂူတစ်လုံး ရှိပါတယ် " ကျိုးရိရှန်မှာ ဦးခေါင်းကြီးတစ်လုံးနှင့် တူသည့် ဥက္ကာပျံကြီးအား စိုက်ကြည့်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အလောတကြီး ဆိုလိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့တွင် ရှိနေသော ဥက္ကာပျံကြီးအား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ပင့်သက်များ ရှိုက်မိသွားတော့သည်။

All Chapters