တော်ဝင်မင်းသား
Vol. 56 Ch. 776
ဦးခေါင်းကြီးတစ်လုံးကဲ့သို့ ဖြစ်နေသည့် ထို ဥက္ကာပျံကြီးမှာ လူတစ်ယောက်နှင့် တူနေသည်ဟု သူက ခံစားနေရခြင်းဖြစ်သည်။
" ရှဲ့ဟေးရန် " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်ပြီးနောက် မျက်လုံးများ မှေးသွား၏။ ထို့နောက် ရှဲ့ဟေးရန်၏ မျက်နှာမှာ သူ၏အတွေးထဲ၌ ပေါ်ပေါက်လာသည်။ သူသည် ၎င်းအား ထို ဥက္ကာပျံကြီးနှင့် နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။
၎င်းတို့နှစ်ခုမှာ အမှန်တကယ်ပင် ဆင်တူနေ၏။ သို့သော် ထို ဥက္ကာပျံကြီး၏ အရောင်ကြောင့်လားတော့ မသိပေ။ ၎င်းမှာ ပို၍အိုမင်းနေသည့်ပုံ ပေါက်နေသည်။ အကယ်၍ ၎င်းမှာ ဦးခေါင်းတစ်လုံးနှင့် မျက်နှာတစ်ခုအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားမည်ဆိုပါက အသက်ကြီးနေသည့် ရှဲ့ဟေးရန် သို့မဟုတ် သူ၏မိသားစုထဲမှ အဘိုးကြီးတစ်ယောက်ယောက်နှင့် တူနေမည်သာဖြစ်သည်။
သို့သော် သူ၏ မိသားစုထဲမှ အသက်ကြီးပိုင်းလူတစ်ယောက်ပင်လျှင် ဤ ဥက္ကာပျံကြီးနှင့် ချွတ်စွပ်တူနေနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝေခွဲမရ ဖြစ်နေရတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် ကျိုးရိရှန်မှာ သူ တွေးနေသည့်အရာများကို မသိနိုင်ပါသော်လည်း သူ၏သခင် အံ့ဩတုန်လှုပ်သွားသည့် အချက်ကိုမူ သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် အကြောင်းအရင်းအတိအကျ မသိပါသော်လည်း စိတ်ထဲ၌ အမျိုးမျိုး ခန့်မှန်းမိနေတော့သည်။
" စိတ်ဝင်စားစရာပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။ ထို့နောက် သူသည် မျက်လုံးများ မှေးသွားပြီး သူ၏ညာဘက်လက်ဖြင့် ကျိုးရိရှန်အား လက်ညှိုးထိုးလိုက်သည်။ ထိုအခါ သူ၏ လက်ညှိုးထဲမှ အနီရောင်အလင်းတန်းတစ်ခု ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ လှောင်အိမ်တစ်ခု အသွင်ပြောင်းလဲသွားပြီး ကျိုးရိရှန်အား ပိတ်လှောင်ထားလိုက်သလို သူ၏ စစ်သင်္ဘောကြီးကိုလည်း ချုပ်နှောင်ထားလိုက်တော့သည်။
" မင်း ဒီမှာစောင့်နေ။ ငါ သွားကြည့်လိုက်ဦးမယ် " ဝမ်ပေါင်လဲ့မှာ အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။ သူသည် ကျိုးရိရှန်အား သူနှင့်အတူ ခေါ်သွားမည်ဆိုပါက ဂူကြီး၏အကြောင်းကို ပိုသိနိုင်မည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ ကျိုးရိရှန်နှင့် အပြန်အလှန်ပြောခဲ့သည့် စကားများမှတစ်ဆင့် ထိုဂူကြီးအကြောင်းကို အနည်းအကျဉ်းခန့် နားလည်ထားပြီး ဖြစ်သည်။ ထို့အပြင် သူသည် ထိုဂူကြီးထဲသို့ ရောက်သွားသည်နှင့် သူ့ကိုယ်သူကာကွယ်နိုင်ရန် အစွမ်းအကုန်လုံးကို ထုတ်သုံးရဦးမည်ဖြစ်သည်။ သို့ဖြစ်ရာ ကျိုးရိရှန်သာ သူ၏ဘေးတွင် ရှိနေမည်ဆိုပါက သူ မမြင်အပ်သည့် အရာများကို မြင်သွားနိုင်သည် မဟုတ်ပါလော။
သို့ဖြစ်ရာ သူ့အား ဤနေရာ၌ ပိတ်လှောင်ထားခဲ့ခြင်းမှာ အကောင်းဆုံးဖြစ်ပေသည်။
ကျိုးရိရှန်မှာလည်း မငြင်းဆန်ရဲသောကြောင့် ဝမ်ပေါင်လဲ့၏ အမိန့်များကို ချက်ချင်းပင်လက်ခံလိုက်၏။ သို့သော် သူသည် စိတ်ထဲတွင်မူ နောင်တရနေဆဲပင်။ အမှန်တွင် သူသည် ထိုဂူကြီးထဲသို့ ပြန်ဝင်နိုင်ရန် စိတ်ပြင်းပြနေ၏။ သူသည် ထိုဂူကြီးထဲမှတစ်ဆင့် ပြည်ထောင်စုကြီးဆီသို့ ပြန်နိုင်လိမ့်မည်ဟု သူ၏နှလုံးသားထဲ၌ ယုံကြည်နေဆဲပင်။
ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်အား လျစ်လျူရှုလိုက်ပြီးနောက် စစ်သင်္ဘောကြီးဆီမှ ထွက်ခွာလာ၏။ သူ ပြန်လည်ပေါ်ပေါက်လာချိန်တွင် သူသည် ဦးခေါင်းကြီးနှင့်တူသည့် ဥက္ကာပျံကြီးပေါ်သို့ ရောက်နေပြီဖြစ်သည်။ သူသည် ရပ်တန့်သွားခြင်းမရှိဘဲ ထို ဥက္ကာပျံကြီးအား ပတ်ကာ အခြေအနေများကို အကဲခတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ ထိုဥက္ကာပျံကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် အရွယ်အစားတို့ကို အကြမ်းဖျင်းခန့် သိရှိနားလည်သွားပြီးနောက် မျက်နှာပေါ်ရှိ ပါးစပ်တစ်ပေါက်ကဲ့သို့ ပွင့်နေသည့် အပေါက်ကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။
၎င်းမှာ ထိုဥက္ကာပျံကြီး၏ တစ်ခုတည်းသော ဝင်ပေါက်ဖြစ်၏။ ထိုအပေါက်ကြီးမှာ အလွန်အင်မတန်မှ နက်ရှိုင်းပြီး ၎င်း၏ အတွင်းပိုင်းထဲမှ လေအေးများလည်း စိမ့်ထွက်နေသေးသည်။ သူ ထိုအပေါက်၏ အနီးသို့ ရောက်သွားသောအခါ ထိုလေးအေးများမှာ အသက်ဝင်လာသကဲ့သို့ပင်။ ထိုလေအေးများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ရေခဲဆူးချွန်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ထဲသို့ စိုက်ဝင်သွားတော့မည့်အလား ဖြစ်သွား၏။
သို့သော် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ အလွန်အင်မတန်မှ တောင့်တင်းခိုင်မာ၏။ သူ၏ လေ့ကျင့်မှုများကြောင့်ဖြစ်စေ၊ ကြယ်တာရာယွမ်ယင်ဝိညာဉ်၏ အစွမ်းများကြောင့်ဖြစ်စေ ၎င်းမှာ သူ၏ခန္ဓာကိုယ်အစစ် မဟုတ်သည့်တိုင်အောင် မာကျောသည့် အရေပြားများကို ပိုင်ဆိုင်ထားဆဲပင်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ လိုရမယ်ရ အနေနှင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးကိုလည်း သူ၏ ခန္ဓာကိုယ်ပေါ်၌ ဆင်မြန်းထားသေးသည်။ ထို့ကြောင့် ထိုရေခဲဆူးချွန်များမှာ သူ၏ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှု လုံးဝမရှိကြပေ။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ထိုလမ်းအတိုင်း ရှေ့သို့ ဆက်လက် ပြေးလွှားသွားလိုက်၏။ သူ ရှေ့သို့ရောက်လာလေလေ လေအေးများမှာလည်း ပို၍ သိပ်သည်းဆများလာလေလေ ဖြစ်နေသည်။ သို့သော် ဘေးပတ်ပတ်လည်ရှိ နံရံများမှာမူ အေးခဲသွားမည့်ပုံ မပေါ်ပေ။ အချို့နေရာများမှာဆိုလျှင် အပြာရောင် အလင်းရောက်တစ်မျိုးကိုပင် ဖြည်းညင်းစွာ ထုတ်လွှတ်နေကြပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအလင်းရောင်များကို သတိထားမိလိုက်သဖြင့် ပို၍ပင် သတိဝီရိယရှိသွားပြီး အရှိန်လျှော့ချလိုက်၏။ ထိုသို့ဖြင့် သူသည် ထိုလမ်း၏ အလယ်ဟု ထင်ရသည့်နေရာသို့ ရောက်ရှိလာတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားပြီး နောက်သို့လှည့်ကာ မလှမ်းမကမ်းတွင် ရှိနေသည့် နံရံအား လှမ်းကြည့်လိုက်တော့သည်။
မကြာသေးမီတုန်းက ထိုနံရံကြီးမှာ မည်းနက်နေခဲ့၏။ သို့သော် ဝမ်ပေါင်လဲ့ ၎င်းအား လှမ်းကြည့်လိုက်သည့်အချိန်တွင် အစိမ်းရောင် အလင်းရောင် အစက်အပြောက်တစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ အလင်းစက်လုံးတစ်လုံးအသွင် ပြောင်းလဲသွားပြီး ထိုနံရံထဲ၌ မျောလွင့်ကာ ဖြည်းညင်းစွာ ရွေ့လျားနေတော့သည်။
ထို အလင်းစက်လုံး ရွေ့လျားသွားသောအခါ ထိုနံရံကြီးမှာလည်း အကြည်ရောင်ပြောင်းသွား၏။ ထို့နောက် လူတစ်ယောက်မှာ ထိုနံရံ၏ နောက်တွင် ရပ်ကာ မီးထွန်းလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် ၎င်း၏ အတွင်းပိုင်းထဲရှိ တည်ဆောက်ပုံများနှင့် အညစ်အကြေးများကို ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။ ပို၍ထူးဆန်းသည့် အချက်မှာ ဝမ်ပေါင်လဲ့သည် ထို အလင်းစက်လုံးထဲ၌ အဆောက်အဦများနှင့် တူသည့် ပုံရိပ်များကို ခပ်ရေးရေးခန့် မြင်နေရခြင်းပင်။
သို့ဖြစ်ရာ ထို အလင်းစက်လုံးထဲ၌ အခြားကမ္ဘာတစ်ခု ရှိနေသကဲ့သို့ ဖြစ်နေ၏။
ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရပြီး အချိန်အတော်အတန်ကြာအောင် မလှုပ်မယှက် ရပ်နေလိုက်၏။ အသက်ရှူကြိမ်ဆယ်ကြိမ် ကုန်ဆုံးသွားပြီး ထိုအလင်းစက်လုံး ပျောက်ကွယ်သွားသည့် အချိန်တွင်မှ သူသည် မျက်ဝန်းများ အရောင်လက်သွားတော့သည်။
" ဒီ ဥက္ကာပျံကြီးက တော်တော်ကိုထူးဆန်းတာပဲ။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းက ဒီ ဥက္ကာပျံအကြောင်းကို မသိသေးတာများလား။ ဒါမှမဟုတ် သိပေမဲ့ အပေါ်ယံလောက်ပဲ ကြည့်ရှုစစ်ဆေးခဲ့ပြီးတော့ လျစ်လျူရှုထားလိုက်တာများလား " ဝမ်ပေါင်လဲ့မှာ တစ်ခုခုလွဲနေသည်ဟု ခံစားနေရ၏။ ကျိုးရိရှန်အား ဤဂူထဲ၌ ရှာတွေ့ခဲ့ခြင်းဖြစ်ပြီး ဤ ဥက္ကာပျံခါးပတ်ကွင်းမှာလည်း နတ်မျက်လုံးလူမှုအဖွဲ့အစည်းနှင့် အလွန်အင်မတန်မှ နီးကပ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ဤနေရာအား ပိုက်စိပ်တိုက် မရှာဖွေထားစရာအကြောင်း လုံးဝမရှိပေ။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောနေလိုက်ပြီးနောက် ယောင်လည်လည် ဖြစ်လာရတော့သည်။ သူသည် ထိုသို့ တွေးတောနေရင်း ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားလိုက်၏။ သူသည် သူ ရှေ့သို့ရောက်လာလေလေ ဘေးပတ်ပတ်လည်ရှိ နံရံများထဲရှိ အလင်းစက်လုံးများ၏ အရေအတွက်မှာ ပို၍များလာလေလေ ဖြစ်နေကြောင်း သတိထားမိနေသည်။ ၎င်းတို့အားလုံးမှာ အရောင်မျိုးစုံရှိကြပေသည်။ သူ လမ်း၏အဆုံးသို့ ရောက်သွားသောအခါ နံရံများထဲရှိ အလင်းစက်လုံးများမှာ အလွန်အင်မတန်မှ များပြားလွန်းနေသဖြင့် တစ်လုံးပေါ်တစ်လုံး ထပ်နေကြသောကြောင့် ၎င်းတို့၏ အရောင်များမှာ ပို၍ပင် ရင်သက်ရှုမောဖွယ်ရာ ကောင်းနေတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုလမ်း၏ အဆုံးသို့ ရောက်သွားပြီးနောက် မြင်လိုက်ရသည့် အရာကြီးကြောင့် အမှန်တကယ်ပင် အံ့သြတုန်လှုပ်သွားရတော့သည်။ သူသည် အလွန်အင်မတန်မှ ကြီးမားကျယ်ပြန့်သော နယ်မြေကြီးတစ်ခုကို မြင်လိုက်ရခြင်းဖြစ်သည်။ ထိုနေရာတွင် ယခင်တုန်းက နံရံများထဲ၌ ရှိနေခဲ့သည့် အလင်းစက်လုံးများမှာ နံရံများထဲမှ ထွက်လာကြပြီးနောက် လေထဲတွင် မျောလွင့်နေကြ၏။
ထို အလင်းစက်လုံးများမှာ အရောင်မျိုးစုံရှိသလို အရွယ်အစားမျိုးစုံလည်း ရှိကြပေသည်။ ၎င်းတို့မှာ အုပ်စုဖွဲ့နေတတ်ကြသည့် ငါးများကဲ့သို့ စုဝေးနေကြ၏။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ရီဝေဝေဖြစ်သွားရသည်။ သူသည် အလင်းရောင်ပင်လယ်ကြီးတစ်စင်းထဲ၌ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
" တစ်ခုခုလွဲနေတာ သေချာတယ် " ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်နေရသည့်တိုင်အောင် ထို အလင်းစက်လုံးများထဲ၌ မှုန်ဝါးဝါး အရိပ်များ ရှိနေသည်ကိုလည်း မြင်နေရဆဲပင်။ ထိုအရိပ်များထဲမှ အချို့မှာ အဆောက်အဦများ၊ အချို့မှာ အပျက်အစီးများ၊ အချို့မှာ သဘာဝ မြေမျက်နှာသွင်ပြင်များနှင့် အချို့မှာ သက်ရှိများ ဖြစ်ကြပေသည်။
ရက်စက်ကြမ်းကြုတ်ဖွယ်ရာ သားရဲကြီးများဖြစ်စေ၊ သစ်ပင်ပန်းမန်များဖြစ်စေ ၎င်းတို့အားလုံးမှာ အလင်းစက်လုံးများထဲ၌ ပိတ်မိနေကြ၏။ ဝမ်ပေါင်လဲ့မှာ... ကျင့်ကြံသူများ၏ အရိပ်များကိုပင် မြင်နေရသေးသည်။
ထို့အပြင် အချို့သော အလင်းစက်လုံးများထဲရှိ အရိပ်များမှာ အရုပ်များဖြစ်ကြ၏။ အလွန်အင်မတန်မှ ကြီးမားသော အလင်းစက်လုံးတစ်လုံးထဲရှိ အရုပ်တစ်ရုပ်မှာဆိုလျှင် စူးရှတောက်ပနေသည်။ ၎င်းမှာ အခြားသော အလင်းစက်လုံးများထဲရှိ အရာများထက် ပို၍ သိသာထင်ရှားနေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ၎င်းအား တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။
ထို အလင်းစက်လုံးထဲရှိ အရုပ်မှာ ဂြိုဟ်ငါးလုံးဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ထို အရုပ်အား မြင်လိုက်ရချိန်တွင် နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်မျိုး ပေါ်ပေါက်လာသည်။ ထို ဂြိုဟ်ငါးလုံးထဲမှ ဂြိုဟ်တစ်လုံးချင်းစီတိုင်း၏ အရွယ်အစားမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တစ်ဝက်နီးပါး ရှိနေသည်ဟု သူက ခံစားနေရခြင်း ဖြစ်သည်။
ထိုအခြင်းအရာမှာ ယုံကြည်နိုင်ဖွယ်ရာ မရှိပါသော်လည်း အမှန်ပင်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က အလိုလိုသိနေ၏။
၎င်းမှာ ဝမ်ပေါင်လဲ့အား အမှန်တကယ် အံ့ဩတုန်လှုပ်သွားစေခဲ့သည့်အရာ မဟုတ်သေးပေ။ သူ ထိုဂြိုဟ်ငါးလုံးအား လှမ်းကြည့်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကြယ်တာရာယွမ်ယင်ဝိညာဉ်မှာ တုန်ရီသွားရ၏။ သို့ဖြစ်ရာ ၎င်းမှာ... ထိုဂြိုဟ်ငါးလုံးနှင့် မူလဇစ်မြစ် တူနေသကဲ့သို့ပင်။
" ငါ့ရဲ့ ကြယ်တာရာယွမ်ယင်ဝိညာဥ်က တုန်ရီနေတာပါလား.... မဟုတ်မှလွဲရော။ ဒီ ဂြိုဟ်ငါးလုံးက ငါ့ရဲ့ ကြယ်တာရာယွမ်ယင်ဝိညာဉ်ထဲကနေ ခွဲထွက်သွားခဲ့တဲ့ ဂြိုဟ်တွေများ ဖြစ်နေမလား " ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ လုံးဝမဖြစ်နိုင်သည့် အတွေးတစ်ခု ပေါ်ပေါက်လာ၏။
သူ ထိုဂြိုဟ်ကြီးများကို ကြည့်မိလိုက်သောကြောင့်လားတော့ မသိပေ။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်အလား ခံစားလိုက်ရ၏။ ထိုအန္တရာယ်ကြီးမှာ ဂြိုဟ်ငါးလုံး အရုပ်ကြီး ရှိနေသည့် အလင်းစက်လုံးထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် ဤနေရာတွင် ဘေးကင်းလုံခြုံနိုင်လိမ့်မည် မဟုတ်ကြောင်း သူက ခံစားနေရသည်။ သူသည် စိတ်ပြေလက်ပျောက် အပြင်ထွက်လာသည်သာဖြစ်ရာ မလိုအပ်ဘဲ အရဲစွန့်နေရန် မလိုအပ်ပေ။ ထို့ကြောင့် သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်နေသည့်တိုင်အောင် ထိုနေရာမှ ချက်ချင်းထွက်ခွာသွားရန် ဆုံးဖြတ်လိုက်၏။
သို့သော် သူ နောက်သို့ဆုတ်ခွာသွားချိန်မှာပင် ပြွတ်သိပ်စုဝေးနေကြသည့် အလင်းစက်လုံးများထဲမှ ဂြိုဟ်ငါးလုံး အရုပ်ကြီး ရှိနေသည့် အလင်းစက်လုံးကြီးမှာ ဝင်းလက်တောက်ပလာ၏။ ထို့နောက် ၎င်းမှာ ထိုအလင်းစက်လုံး အစုအဝေးကြီးထဲမှ ရုတ်တရက်ဆိုသလို ထွက်ခွာလာပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။ သို့ဖြစ်ရာ ထိုအလင်းစက်လုံးကြီးနှင့် ဝမ်ပေါင်လဲ့၏ကြားတွင် ချိတ်ဆက်မှုတစ်ခုခု ရှိနေသကဲ့သို့ပင်။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး နောက်သို့ ဆုတ်ခွာသွားနေသည့် အမြန်နှုန်းအား မြှင့်တင်လိုက်သည်။ ထို့နောက် သူသည် ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ၎င်းအား ဖုံးလွှမ်းသွားပြီး နတ်ဘုရားလက်နက် လက်ကြီးအဖြစ် ပြောင်းလဲသွား၏။ ထိုလက်ကြီး ပေါ်ပေါက်လာသောအခါ သူသည် ထို အလင်းစက်လုံး ရှိရာဘက်သို့ လက်ဝါးစောင်းဖြင့် လှမ်း၍ ခုတ်ထစ်လိုက်တော့သည်။
သူသည် သူ၏ အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ထိုသို့လှမ်း၍ ခုတ်ထစ်လိုက်ခြင်း ဖြစ်၏။ သို့ဖြစ်ရာ သူသည် ဟင်းလင်းပြင်ကြီးကိုပင် ဟက်တက်ခွဲနိုင်စွမ်း ရှိသည့်ပုံ ပေါက်နေသည်။ ထို့ကြောင့် အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းစက်လုံးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွား၏။
ထို့နောက် သူသည် ထိုနေရာမှ ထွက်ခွာသွားရန်ပြင်လိုက်၏။ သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် အလင်းစက်လုံးကြီးမှာ ရုတ်ခြည်းဆိုသလို မြန်ဆန်လာပြီး သူ၏ နတ်ဘုရားလက်နက်လက်ကြီး ဖန်တီးထားသော အက်ကွဲကြောင်းကြီးအား ဝင်တိုက်သွားတော့သည်။ ထို့ကြောင့် ထို အလင်းစက်လုံးကြီးထဲမှ စူးရှတောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ဂူကြီးတစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထိုအခါ ဂူကြီးတစ်ခုလုံးမှာ အလင်းရောင်ပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထိုအချိန်တွင် မှုန်ဝါးဝါးအရိပ်တစ်ခုမှာ ထိုအလင်းစက်လုံးကြီးထဲမှ ဒယိမ်းဒယိုင်နှင့် အပြင်သို့ထွက်လာ၏။
ထိုလူရိပ်ကြီးမှာ အပြင်ဘက်၌ ပေါ်ပေါက်လာပြီးနောက် ခါးဆန့်လိုက်၏။ ထို့နောက် မကျေမနပ်ဖြစ်နေသည့် အေးစက်စက် စကားသံကြီးတစ်သံမှာ ဘေးပတ်ပတ်လည်၌ ပဲ့တင်ထပ်သွားတော့သည်။
" ဒါ ဘာနေရာကြီးလဲကွ။ ဟေ့ ကျေးကျွန်ကြီး။ ငါ့ကို ဆင့်ခေါ်လိုက်တာ မင်းလား။ ဒူးထောက်ပြီးတော့ ဦးသျှောင်မင်းသားကို အရိုအသေပေးစမ်း "
ထို စကားသံကြီး ထွက်ပေါ်လာပြီးနောက် ဘေးပတ်ပတ်လည်ရှိ အလင်းရောင်ပင်လယ်ကြီးမှာ တဖြည်းဖြည်းနှင့် မှေးမှိန်ပျောက်ကွယ်သွား၏။ ဂြိုဟ်ငါးလုံး အရုပ်ကြီး ရှိနေသည့် အလင်းစက်လုံးကြီးမှာလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးသွားရ၏။ သူသည် နောက်သို့ ဆုတ်ခွာသွားရင်း ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည့် လူရိပ်ကြီးအား သတိကြီးကြီးထားကာ လှမ်းကြည့်လိုက်သည်။
ထိုပုဂ္ဂိုလ်မှာ လူငယ်လေးတစ်ယောက်ဖြစ်ပြီး အမြုတေအဆင့်တွင် ရှိနေသည့်ပုံပင်။ သူ၏ အဝတ်အစားများမှာ ဆန်းသစ်နေပြီး အနီတစ်ကွက်၊ အစိမ်းတစ်ကွက် ဖြစ်နေ၏။ ထို့အပြင် သူ၏ ကိုယ်ပေါ်တွင် အသေးစား မှန်ဘီလူးပေါင်း မြောက်မြားစွာကိုလည်း ချိတ်ဆွဲထားသေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ့အား ကြည့်ရင်း ခေါင်းမူးလာရတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုလူငယ်လေးအား အကဲခတ်နေစဉ် ထိုလူငယ်လေးမှာလည်း ဝမ်ပေါင်လဲ့အား မောက်မာဝင့်ကြွားသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေ၏။ သူသည် ဝမ်ပေါင်လဲ့မှာ သူ၏ စကားများကို အရေးမလုပ်ကြောင်း သိလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး နှာမှုတ်လိုက်သည်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ အဖြူရောင် လက်ကိုင်ပဝါတစ်ခုကို ထုတ်ယူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်၏။ နောက်ဆုံးတွင် သူသည် သူ၏ ညာဘက်ခြေထောက်ကိုမြှောက်ကာ သူ၏ခြေထောက်ပေါ်ရှိ အနက်ရောင် ပိုးဖိနပ်အား လက်ညှိုးထိုးပြလိုက်တော့သည်။
" ငါ့ဖိနပ်ကို ပြောင်အောင် သုတ်ပေးစမ်း။ မင်းရဲ့ ညစ်တီးညတ်ပတ် ကမ္ဘာကြီးကြောင့် ငါ့ရဲ့ ကိုယ်လုပ်တော်တစ်သိန်းဆီက ရတဲ့ ဆံပင်တွေနဲ့ ရက်လုပ်ထားတဲ့ ဖိနပ်လေး ညစ်ပတ်သွားရပြီ "