တန်ခိုးရှင်လမ်းစဉ်
Vol. 8 Ch. 99
ချင်မူက ဆွဲဆောင်မှု ရှိစွာ လျှောက်လှမ်းလာသည်။ ဆိုရိုးရှိသကဲ့သို့ တောင်းမှာအကွပ်၊ လူမှာအဝတ်ပင် ဖြစ်၏။ ဤအဝတ်အစားများက သူ့ကိုယ်ပေါ်တွင် အလွန်တရာ သေသပ်ကျနစွာ ချပ်ရပ်နေပြီး သားရဲအရေခွံ ဝတ်စုံထက် များစွာ ကြည့်ကောင်းသည်။
စံအိမ်သခင်ချွီက ပြုံးလိုက်သည်။ "သခင်လေးရဲ့ လက်ရာက ထိပ်တန်းပဲ... ကျွန်တော်တော့ သခင်လေးကို ဒီမှာပဲ နေခိုင်းပြီး အပ်ချုပ်သည် လုပ်စေချင်သွားပြီ..."
ချင်မူက ပြုံးလိုက်၏။ "ဒါက ဘွားဘွားရဲ့ လက်ရာပါ... ကျုပ်က သင်ထားသမျှ ပြန်ထုတ်ပြရုံပါပဲ..."
စံအိမ်သခင်ချွီက အပြုံးနှင့် ပြောလိုက်သည်။ "သခင်လေး... ဒီပိုးချည်သားက ဓားလှံ တိုးမပေါက်ပေမဲ့ အပ်ချောင်းလို ဝိညာဉ်လက်နက်တော့ မကာကွယ်နိုင်ဘူးနော်... အဲဒါကို သခင်လေး သတိထားမှ ရမယ်...
ချင်မူက ခေါင်းညိတ်၍ သူ၏ စေတနာအတွက် ကျေးဇူးတင်စကား ဆိုလိုက်သည်။
စံအိမ်သခင်ချွီက လက်ခုပ်တီး၍ ကောင်လေး တစ်ယောက်ကို ခေါ်လိုက်သည်။ သူက ထိုကောင်လေးကို ခပ်တိုးတိုး ညွှန်ကြားလိုက်၏။ ထိုကောင်လေးက ငွေအိတ်တစ်အိတ်ကို ချင်မူ့ထံ တရိုတသေ ကမ်းပေးလိုက်သည်။ စံအိမ်သခင်ချွီက ပြုံးလိုက်၏။ "သခင်လေး... ဒီငွေအိတ်ထဲမှာ ကြေးပြား ဘယ်လောက်မှ မပါပေမဲ့ ကျွန်တော်မျိုးရဲ့ စေတနာပါ..."
ချင်မူက ထိုငွေအိတ်ထဲမှ ကြေးပြား တစ်ရာခန့် နှိုက်ယူ၍ ပြုံးလိုက်သည်။ "ကျုပ်က ခင်ဗျားဆိုင်ရဲ့ အထွတ်အမြတ် ရတနာကိုလည်း ယူပြီးပြီ... အဲဒါနဲ့တင် အတော်လေး ကျေနပ်မိပါပြီ... ကျန်တာ ပြန်ယူလိုက်ပါ..."
စံအိမ်သခင်ချွီက နားလည်စွာ ပြောလိုက်သည်။ "မိန်းမလှကို နှုတ်ခမ်းနီ၊ ပါးနီနဲ့ မျက်နှာချေမှုန့် ပေးရသလို သူရဲကောင်းကိုလည်း ရတနာဓား ဆက်သရတယ်... ဒီနဂါးသွားစွယ် ကတ်ကြေးက ကျွန်တော့်ဆိုင်မှာ ပူဇော်ပသရုံပဲ ရှိပြီး အသုံးပြုခဲပါတယ်... သခင်လေးရဲ့ လက်ရာက ထိပ်တန်းဆိုတော့ ဒီကတ်ကြေးကို သခင်လေးလက်ထဲမှာ ထားတာ ပိုကောင်းမယ် ထင်ပါတယ်..."
ချင်မူက တစ်မုဟုတ်ချင်း ငြင်းပယ်လိုက်သဖြင့် စံအိမ်သခင်ချွီမှာ ထိုကိစ္စကို ရှေ့မဆက်တော့ဘဲ အသာထားလိုက်ရသည်။
ဖုန်းရှုယွင်က ချင်မူ့ကို တည်းခိုဆောင်သို့ ပို့ပြီး နှုတ်ဆက်၍ ပြန်ရန် ပြင်လိုက်သည်။ "သခင်လေး... မနက်ဖြန် ရေလမ်းကြောင်း ဖွင့်တဲ့အခါ ကုန်သွယ်အဖွဲ့တွေ လျှို့ဝှက်ရေတံခါးကနေ ထွက်ခွာပါလိမ့်မယ်... ဒီရက်ပိုင်း အခြေအနေက မငြိမ်မသက် ဖြစ်နေတာဆိုတော့ သခင်လေး ကုန်သည်အဖွဲ့တွေနဲ့ လိုက်သွားဖို့ မမေ့ပါနဲ့..."
ချင်မူက ကျေးဇူးတင်စကား ဆိုလိုက်၏။
ညရောက်သောအခါ ဟူလင်းအာက ဆီမီးအိမ်ကို ထွန်းညှိလိုက်သည်။ ချင်မူက အလင်းရောင်ကို အားပြု၍ သူ့လက်အိတ်ကို မြှောက်ကြည့်လိုက်၏။ လက်အိတ်ပေါ်တွင် ချည်မျှင်စက ဝိညာဉ်မြွေ တစ်ကောင်ကဲ့သို့ ခေါင်းထောင်ထလာပြီး တဖြည်းဖြည်း ပြန့်ကားကြီးမားလာသည်။ များစွာ မကြာလိုက်ဘဲ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ စာသားများကို မြင်လာရပြီး အသေးစိတ် လေ့လာ ဖတ်ရှုလိုက်သည်။
မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက လူတစ်ယောက်ကို နတ်ဘုရားတစ်ပါး အဖြစ်လည်းကောင်း၊ နတ်ဆိုးတစ်ကောင် အဖြစ်လည်းကောင်း ပြောင်းလဲပစ်နိုင်စွမ်း ရှိသော သိုင်းကျမ်းတစ်ဆူ ဖြစ်သည်။ ချင်မူ အိမ်မှ ထွက်လာသောအခါ အဘွားစစ်က သူ့ကို ထိုကျမ်းစာ ပေးလိုက်သော်လည်း မည်သို့ ကျင့်ကြံရမည်ကို သင်မပေးလိုက်ဘဲ သူ့ဖာသာ နားလည်အောင် ဖတ်ရှုစေခဲ့သည်။
"ဘွားဘွားပြောတာ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာက လူ့ဘုံကို ဆင်းလာတဲ့ ကောင်းကင်တန်ခိုးရှင် တစ်ယောက်ဆီကနေ ဆင်းသက်လာတာ ဆိုပဲ... သူက ဒီကျင့်စဉ်ကျမ်းကို အသုံးပြုပြီး သက်ရှိသတ္တဝါ အားလုံးကို ဉာဏ်အလင်းဖွင့်ပေးဖို့ ကြံစည်ခဲ့တာတဲ့... ဒါပေမဲ့ ဒီကျင့်စဉ်ကျမ်းက နားလည်မှု လွဲမှားပြီး လမ်းမှားရောက်ဖို့ လွယ်ကူတဲ့အတွက် ကောင်းကင်နတ်ဆိုးကျမ်းစာလို့ နာမည်တွင်ခဲ့တယ်..."
ချင်မူက မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုးကျမ်းစာ၏ အနှစ်ချုပ်ကို ဂရုတစိုက် ဖတ်ရှုသုံးသပ်လိုက်သည်။ ဤနတ်ဆိုးကျမ်းစာ၏ အဖွင့်စာသားက လောကကြီးကို စိတ်ကုန်နေသူ တစ်ယောက်ကိုပင် လှုပ်ရှား တက်ကြွလာစေနိုင်၏။
"ထွက်ရပ်ပေါက်ရာ တန်ခိုးရှင်လမ်းစဉ်ဆိုသည်မှာ သာမန်လူများအတွက် နိစ္စဓူဝ အသုံးဝင်မှုမှ လွဲ၍ အခြားမရှိ။ တစ်ပါးသော ကျင့်ကြံသူများ အားလုံးကို လမ်းလွဲသူဟု သတ်မှတ်သည်။ ရိုးရှင်းလွယ်ကူစွာ နေထိုင်၍ သဘာဝတရား၏ လမ်းပြရာနောက် လိုက်ရမည်။ ဤသည်က တာအို၏ အဓိပ္ပာယ် ဖြစ်၏။"
ချင်မူ အလန့်တကြား ထခုန်လိုက်မိသည်။ ဤစာကြောင်း၏ အဓိပ္ပာယ်က နတ်ဘုရားလမ်းစဉ် ဖြစ်စေ၊ မိစ္ဆာနတ်ဆိုးလမ်းစဉ် ဖြစ်စေ၊ ဗုဒ္ဓလမ်းစဉ်ဖြစ်စေ သာမန်လူများအတွက် အသုံးမဝင်လျှင် လွဲမှားသော လမ်းစဉ်သာ ဖြစ်သည် ဟူ၏။
သာမန်လူများ နိစ္စဓူဝ အသုံးပြုနိုင်လျှင် မှန်ကန်သော လမ်းစဉ် ဖြစ်သည်။
မှန်ကန်သော လမ်းစဉ် ဆိုသည်မှာ အဘယ်နည်း။ ရိုးရှင်းလွယ်ကူစွာ နေထိုင်၍ သဘာဝတရား၏ လမ်းပြရာနောက် လိုက်ရမည်။
အဖွင့်စာသားကပင် ထိုမျှ ရဲတင်းလှရာ မိစ္ဆာကျမ်းစာကို ခေါ်တွင်ကြသည်မှာ မထူးဆန်းတော့ချေ။
သို့သော်လည်း ဤစာသားကို အခြေခံ၍ ကောင်းကင်နတ်ဆိုးဂိုဏ်းကို အုတ်မြစ်တည်ခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ သုံးရာ့ခြောက်ဆယ်သော စံအိမ်များနှင့် စံအိမ်သခင်များမှာ သာမန်လူများ၏ နိစ္စဓူဝ လုပ်ငန်းဆောင်တာများနှင့် သက်ဆိုင်သည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်း သုံးရာ့ခြောက်ဆယ်မှ အခြေတည်လာခြင်း ဖြစ်၏။ သူတို့အားလုံးက သာမန် အရပ်သူအရပ်သားများ၏ နေ့စဉ်ဘဝအတွက် ရည်ရွယ်ရင်း ဖြစ်ပြီး နေ့စဉ် မြင်တွေ့နေကျ အရာများသာ ဖြစ်သည်။ သုံးရာ့ခြောက်ဆယ်သော စံအိမ်များ အသုံးပြုသည့် ကောင်းကင်နတ်သိုင်း ပညာရပ်များမှာလည်း နေ့စဉ်ဘဝအတွက် ရည်စူး ဖန်တီးထား၏။ ဥပမာ ဆိုရသော် မိုးစံအိမ်သခင်က မှော်ဂါထာများ အသုံးပြု၍ မိုးရွာသွန်းစေကာ သာမန်အရပ်သူ အရပ်သားများ၏ မိုးခေါင်ရေရှား ပြဿနာကို ဖြေရှင်းပေးသည်။
ဤသည်က အကြမ်းစားဆန်သော အနုပညာ တစ်ရပ်ကဲ့သို့ ဖြစ်ပြီး နတ်ဘုရားနှင့် ဗုဒ္ဓလမ်းစဉ်က အနုအရွဆန်သော အနုပညာ တစ်ရပ်ကဲ့သို့ ဖြစ်သည်။
ချင်မူ့အနေဖြင့် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ၏ အနှစ်ချုပ်မှာ ယုတ္တိမကျဟု မဆိုနိုင်သော်လည်း အလွယ်တကူ နားလည်မှု လွဲသွားနိုင်သည်ဟု ခံစားမိသည်။
မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် ကျင့်စဉ်နည်းလမ်း အမျိုးမျိုး ပါဝင်၏။ အမျိုးမျိုးသော အထူးတဆန်း ကျင့်စဉ်များ၊ စိတ်ကူးထဲတွင် တွေးကြည့်မိမည် မဟုတ်သည့် ကောင်းကင်နတ်သိုင်းများ ပါရှိသည်။ ထောင်ချီသည့် ထူးထွေဆန်းပြား၍ ပုံမှန်မဟုတ်သော ကျင့်စဉ်နည်းလမ်းများက ချင်မူ၏ မျက်လုံးများ အရောင်တဖျတ်ဖျတ် တောက်ကာ မှင်တက်မိသွားစေသည်။
သို့သော်လည်း ချင်မူက လက်အိတ်ကို အပ်ချည်ကြိုး တစ်ချောင်း ဖြစ်အောင် ဆွဲဆန့်၍ အစမှ အဆုံးထိ ဖတ်ရှုလိုက်ရာ သူ့မျက်မှောင်က ကြုတ်သည်ထက် ကြုတ်လာသည်။ ဤသိုင်းကျမ်းကို အစမှ အဆုံးထိ တွဲစပ် ပေါင်းဖက်နိုင်သော ကျင့်စဉ် မရှိသည်ကို သဘောပေါက်သွား၏။
သိုင်းပညာရပ်ကို စွမ်းအင်ကျင့်စဉ်နှင့် သိုင်းကွက်ဟူ၍ ခွဲခြားထား၏။ ဥပမာ ဆိုရသော် ချင်မူ၏ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က စွမ်းအင်ကျင့်စဉ် တစ်ခု၊ အတွင်းစွမ်းအား တစ်ခု ဖြစ်သည်။ သိုင်းကွက်ကတော့ ဝက်ခုတ်ဓားမသိုင်း၊ ကောင်းကင်ခိုးယူ ခြေလှမ်းသိုင်း၊ မိုးကြိုးရှစ်ချက် လက်သီးသိုင်း အစရှိသည်တို့ ဖြစ်သည်။ သိုင်းကွက်များက ကျင့်စဉ်စွမ်းအားကို ထုတ်လွှတ်ပေးသည့် တံခါးပေါက်များ ဖြစ်၏။
သိုင်းကွက်တစ်ခုက ၎င်း၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်လိုလျှင် လိုက်ဖက်သည့် စွမ်းအင်ကျင့်စဉ် တစ်ခု ရှိရမည် ဖြစ်သည်။
ဥပမာအားဖြင့် မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ရန် တထာဂတ၏ မဟာယာန သုတ္တန် ကျင့်စဉ်ကို လိုအပ်၏။
မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် သိုင်းကွက်နှင့် ကျင့်စဉ် များစွာ ပါရှိသော်လည်း ထိုသိုင်းကွက်၊ ကျင့်စဉ် အားလုံးကို ချုပ်ကိုင် ထိန်းကျောင်းနိုင်သော ကျင့်စဉ် မပါရှိပေ။ ဤတစ်ချက်တည်းနှင့်ပင် လူတစ်ယောက်ကို နတ်ဘုရားတစ်ပါး၊ မိစ္ဆာနတ်ဆိုး တစ်ကောင်အဖြစ် ပြောင်းလဲနိုင်သော မိစ္ဆာကျမ်းစာဟု မခေါ်ဆိုထိုက်တော့...။
"မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာက အပြည့်အစုံ မဟုတ်ဘူး..."
ချင်မူ ချက်ချင်းပင် အဓိက အကျဆုံး အချက်ကို တွေးမိသွားသည်။ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာက အလုံးစုံကို ခြုံငုံမိသော ကျင့်စဉ်များ ပါဝင်သော်လည်း ၎င်းတို့ကို တစ်စုတစ်စည်းတည်း အသုံးပြုနိုင်မည့် အချုပ် သိုင်းကွက် မပါရှိချေ။ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများက များပြားလွန်းလှသည်။ ကျင့်စဉ်တိုင်း၊ သိုင်းကွက်တိုင်းက မဆိုးလှဘဲ စွမ်းအား မြင့်မားသည့်တိုင်အောင် ကျင့်စဉ် တစ်ခု တစ်ခုကို လေ့ကျင့်ရသည်မှာ များစွာ အားစိုက်ထုတ်ရ၏။ သို့ဖြစ်၍ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ တစ်ခုလုံးကို ပြီးစီးအောင် လေ့ကျင့်ရန်မှာ မည်သို့မျှ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။
မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် အမျိုးပေါင်း ထောင်ချီသော ကျင့်စဉ်များနှင့် သိုင်းကွက်များ ရှိသည်ပြီး သိုင်းကွက် တစ်ခုစီတွင် သက်ဆိုင်ရာ ကျင့်စဉ် ရှိ၏။ ထိုသိုင်းကွက်များ အားလုံးကို ထိန်းချုပ်နိုင်သော ကျင့်စဉ် မရှိချေ။
ဤသို့ ဖြစ်ရသည်မှာ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာက အပြည့်အစုံ မဟုတ်သောကြောင့် ဖြစ်သည်။
"ဒါပေမဲ့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာက အပြည့်အစုံ မဟုတ်စရာ အကြောင်းမရှိဘူး... ဒီကျင့်စဉ်ကျမ်းကို ကောင်းကင်နတ်ဆိုးဂိုဏ်းက အဖိုးတန်ရတနာလို့ သတ်မှတ်ထားတာ... ဒီဂိုဏ်းအမွေအနှစ် ကျင့်စဉ်ကျမ်းထဲမှာ ပါတဲ့ ကျင့်စဉ်၊ သိုင်းကွက်တွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း ပေါင်းစည်းနိုင်မယ့် အနှစ်ချုပ်ကျင့်စဉ် ရှိကို ရှိရမယ်... မဟုတ်ရင် ကောင်းကင်နတ်ဆိုးဂိုဏ်းက ဘွားဘွားကို နှစ်လေးဆယ်လုံး အသည်းအသန် လိုက်ရှာခဲ့မှာ မဟုတ်ဘူး..."
ချင်မူ၏ ရင်ထဲတွင် နောက်ကျိသွားပြီး မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို အစမှ အဆုံးသို့ နောက်တစ်ခေါက် ပြန်ဖတ်လိုက်သည်။ သို့သော်လည်း ချုံငုံမိခြင်း မရှိချေ။ ထို့နောက် အဆုံးမှ အစသို့ ပြန်စစ်ဆေးကြည့်၏။ မည်သည်ကိုမျှ ထူးထူးခြားခြား မတွေ့ရ...။
"မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာရဲ့ လျှို့ဝှက်ချက်က ဘယ်နေရာမှာများလဲ... ဘွားဘွားလည်း မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာရဲ့ အနှစ်ချုပ်ကျင့်စဉ်ကို တွေ့ဦးမှာ မဟုတ်သေးဘူး..."
ချင်မူ အတွေးနက်သွားသည်။ ဒုက္ခိတဘိုးဘွား ကျေးရွာ၏ အဘိုးအဘွား ကိုးယောက်တွင် အဘွားစစ်က အဆင့်အနိမ့်ဆုံး ဖြစ်သည်။ ဤသည်မှာ သူမက မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှ ကျင့်စဉ်အားလုံးကို တစ်ခုတည်းအဖြစ် မပေါင်းစည်းနိုင်သေးသောကြောင့် ဖြစ်မည်။
သူမက ကျင့်စဉ်ပေါင်း များစွာ လေ့ကျင့်၍ အချိန်ကုန်၊ အားကုန် မဖြစ်ရအောင် အချို့သော ကျင့်စဉ်များကိုသာ လေ့ကျင့်ခဲ့သည် ဖြစ်နိုင်၏။
လူတစ်ယောက်အတွက် သူ၏ သက်တမ်းကာလအတွင်း ထောင်ချီသော ကျင့်စဉ်၊ သိုင်းကွက်များကို သင်ယူရန် မဖြစ်နိုင်သကဲ့သို့ အကုန်လုံးကို ထုံးလိုချေ ရေလိုနှောက် ကျွမ်းကျင်ပိုင်နိုင်ရန် ပိုမဖြစ်နိုင်ချေ။
"ကြည့်ရတာ ဂိုဏ်းချုပ် အဆက်ဆက် စီရင် ချိပ်ပိတ်ခဲ့တဲ့ ကျောက်စိမ်းဘူးထဲမှာများ ရှိနေတာလား..."
ချင်မူက သူ့အိတ်ထဲ မွှေနှောက် ရှာဖွေလိုက်ပြီး ကျောက်စိမ်းဘူးကို တွေ့သွားသည်။ ဤကျောက်စိမ်းဘူးကိုလည်း အဘွားစစ်က ထည့်ပေးလိုက်သည်။ ချင်မူ ထိုကျောက်စိမ်းဘူးကို ဖွင့်ရန် ကြိုးစားလိုက်သော်လည်း မှော်သင်္ကေတများ ရေးသားထားသည့် အဆောင်စာရွက် များစွာဖြင့် စီရင် ချိပ်ပိတ်ထား၏။ အဘွားစစ် နယ်စပ်နဂါးမြို့တွင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့စဉ်က ဤအဆောင်စာရွက်များမှာ ကောင်းကင်နတ်ဆိုး ဂိုဏ်းသခင် အဆက်ဆက်၏ အစီအရင်များ ဖြစ်သည်ဟု ပြောခဲ့၏။
ချင်မူ အဆောင်စာရွက် တစ်ရွက်ကို လက်သည်းဖြင့် ဆိတ်၍ အသာအယာ ခွာကြည့်လိုက်သည်။ အံအားသင့်စရာကောင်းစွာပင် ထိုအဆောင်စာရွက်က အလွယ်တကူ ကွာထွက်လာ၏။
ချင်မူမှာ အကြောင်သား ငေးစိုက်နေမိပြီး အဆောင်စာရွက်၏ နောက်ကျောသို့ လှန်ကြည့်လိုက်သည်။ ၎င်းအပေါ်တွင် စာလုံးအချို့ ရေးထား၏။ "အတုကြီး... ဟီး... ဟီး..."
"ဘွားဘွားကတော့ အတော်နောက်တာပဲ..."
ချင်မူ ခေါင်းယမ်း၍ အခြား အဆောင်စာရွက်များကိုလည်း ခွာကာ ကျောက်စိမ်းဘူးကို ဖွင့်လိုက်သည်။ ဘူးထဲတွင်လည်း ဘာမျှ ရှိမနေချေ။
"အကုန်လုံးကို ပေါင်းစည်းမယ့် ကျင့်စဉ် မရှိဘဲနဲ့ ဘယ်သူကများ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို လေ့ကျင့်နိုင်မှာလဲ..."
သူ ခေါင်းကိုက်မိသွားသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူ့ဖာသာ ရေရွတ်လိုက်၏။ "ငါ့ကျင့်စဉ်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ပဲ... ငါ့မှာ ကျင့်စဉ် ရှိပြီးမှတော့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ပေါင်းစည်းနိုင်မယ့် နည်းလမ်း ရှာစရာ လိုဦးမှာလဲ... ငါ့ရဲ့ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကိုပဲ သုံးလိုက်လို့ မရဘူးလား..."
သူ့စိတ်ကူးကို ချက်ချင်း အကောင်အထည် ဖော်ရန် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ဖွင့်လှန်လိုက်ရာ မိုးရေစက်များကို ရွှေ့ပြောင်းခြင်း ဟူသော မှော်ဂါထာ တစ်ခုကို တွေ့၏။ တစ်ခဏအတွင်း၌ ထိုမှော်ဂါထာကို သူ တတ်မြောက်သွားသည်။
ထို့နောက် ပြတင်းတံခါးကို တွန်းဖွင့်၍ အပြင်ဘက်မှ အမှောင်ထုကို ကြည့်လိုက်၏။ သူတစ်ခဏမျှ တွန့်ဆုတ်သွားပြီးမှ တစ်မုဟုတ်ချင်း အသိဝင်လာသည်။ "ဒါက မဟာမြို့ပျက်မှ မဟုတ်တော့ပဲ... အပြင်ဘက်က အမှောင်ထုက ရိုးရိုးအမှောင်ထု ဖြစ်နေပြီ... အပြင်ဘက် သွားလာနေတဲ့ လူတွေတောင် ရှိသေးတယ်... ကြောက်စရာ မရှိတော့ဘူး..."
ချင်မူ စိတ်အေးသွားပြီး ပြတင်းပေါက်မှ ခုန်ထွက်လိုက်သည်။ သူ့လက်ကို ဆန့်၍ ခေါင်းမိုးစွန်းကို ဆုပ်ကိုင်ကာ အသာအယာ အားပြုပြီး တည်းခိုဆောင် ခေါင်မိုးပေါ်သို့ ကျွမ်းပစ်တက်လိုက်သည်။
လေပွေတစ်ချက်က ပြတင်းပေါက်မှ တိုက်ခတ်လာပြီး မြေခွေးဖြူလေးက ခေါင်းအုံးပေါ်တွင် ထိုင်လျက်သား မျောလွင့် ထွက်ပေါ်လာသည်။ မှော်မိစ္ဆာလေ တစ်ချက် တိုက်ခတ်သွားသည်နှင့်အတူ ခေါင်းအုံးက ခေါင်မိုးပေါ်သို့ တက်လာပြီး ချင်မူ၏ ဘေးသို့ ကျလာ၏။
"ဟိုဟာ ဘာကြီးလဲ..." မြေခွေးလေးမှာ ရုတ်တရက် အလန့်တကြား အော်ဟစ်၍ ကောင်းကင်ယံမှ လကို လက်ညှိုးထိုးလိုက်သည်။
"အဲဒါ လလို့ ခေါ်တယ်..."
ချင်မူက ခေါင်းမော့၍ မှုန်သီသီ ကြည့်ပြီး ပြောလိုက်သည်။ "ငါ သိသလောက်လောက် လပဲ ဖြစ်မှာပါ... နေ့ခင်းပိုင်းမှာတော့ လကို မြင်ဖူးတယ်... ဒီလနဲ့ တော်တော် တူပါတယ်..."
သူလည်း တပ်အပ် မပြောနိုင်ချေ။ သူ ငယ်ငယ်တုန်းက နေ့ခင်းအချိန် ကောင်းကင်ယံမှ မှိန်ဖျော့ဖျော့ ငွေရောင် အလုံးကြီးကို ညွှန်ပြ၍ ညအခါဆိုလျှင် တောက်ပ လင်းလက်လာသည့် လမင်းဖြစ်ကြောင်း အဘွားစစ်က ပြောပြဖူးသည်။ သို့သော်လည်း သူ့အနေဖြင့် လကို ညအချိန်တွင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
မဟာမြို့ပျက်၏ ညက အမှောင်ထုသာ အတိပြီး၍ ကောင်းကင်ယံတွင် မည်သည်ကိုမျှ မမြင်ရ။ မဟာမြို့ပျက်၏ ည၌ လမရှိသကဲ့သို့ ကြယ်များလည်း မရှိပေ။
လပြည့်ဝန်းက တောက်ပလင်းလဲ့နေပြီး အချိန်ကာလက ငါးလပိုင်း ဆယ့်ခြောက်ရက်နေ့သို့ ရောက်နေပြီ ဖြစ်သည်။
လရောင်အောက်တွင် ချင်မူက မိုးရေစက်များကို ရွှေ့ပြောင်းခြင်း မှော်သိုင်းပညာကို ထုတ်သုံးလိုက်၏။ တည်းခိုဆောင်၏ အထက်ကောင်းကင်ယံတွင် ရေငွေ့မှုန်များ တစ်မုဟုတ်ချင်း စုဝေးလာပြီး မိုးရေစက်များ တဖျောက်ဖျောက် ကျလာသည်။
ချင်မူ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုမိုးရေစက်များ အားလုံး တစ်မုဟုတ်ချင်း ရပ်တန့်သွားပြီး ရေစက်တန်းများက အချိန်ကာလ ရပ်တန့်သွားသကဲ့သို့ လေထဲတွင် တွဲလောင်းကြီး ဖြစ်နေသည်။
ဟူလင်းအာ တအံ့တဩ စုပ်သပ်လိုက်မိပြီး လေထဲသို့ ခုန်တက်၍ ထိုမိုးရေစက်များကို ထိကြည့်လိုက်ရာ သူမ၏ အမွေးများ စိုရွှဲသွား၏။ သို့ဖြစ်၍ ကမန်းကတန်း တည်းခိုဆောင်ထဲသို့ ပြန်ဝင်ကာ အမွေးများ ခြောက်အောင် သုတ်လိုက်သည်။
ခေါင်မိုးပေါ်တွင်တော့ ချင်မူ၏ သိုင်းကွက် လှုပ်ရှားမှု ပြောင်းလဲသွား၏။ ချီစွမ်းအင်ဖြင့် မိုးရေစက်များကို ရွှေ့ပြောင်းခြင်း သိုင်းကွက်ကို ထုတ်ဖော်ကာ မိုးရေစက်တန်းကို တီးခတ်လိုက်သည်။ တစ်မဟုတ်ချင်းပင် ရိုးရာ ကြိုးတပ်တူရိယာများကို တီးခတ်လိုက်သကဲ့သို့ သာယာနာပျော်ဖွယ် သံစဉ်များ ထွက်ပေါ်လာသည်။ ထိုဂီတသံ ထွက်ပေါ်လာသည်နှင့် မိုးရေစက်များက လွှသွားကဲ့သို့ ထက်ရှသည့် ရေလွှာဓားသွားများအဖြစ် ပြောင်းလဲ၍ ကောင်းကင်ယံသို့ ပျံဝဲသွားသည်။
ထိုရေလွှာဓားသွားများက ကိုက်သုံးဆယ်ခန့်အထိ ပျံဝဲသွားပြီးမှ အရှိန်ကုန်ကာ မိုးရေစက်များအဖြစ် ပြန်ပြောင်း ရွာကျသွားသည်။
ဤသည်က ရောင်းဝယ်ဖောက်ကား ကုန်သွယ်သော နေရာ ဖြစ်၍ ဤနေရာရှိ လူအများစုမှာ ကုန်သည်များသာ ဖြစ်သည်။ သို့ဖြစ်၍ သူ ဤနေရာတွင် လေ့ကျင့်နေသည်ကို မည်သူကမှ အနှောင့်အယှက် ပြုလိမ့်မည် မဟုတ်ပေ။
"မဟုတ်သေးဘူး... မချောမွေ့သေးဘူး..."
ချင်မူ၏ ခြေလှမ်းများ ရွေ့လျားသွားရင်း မိုးရေစက်တန်းများကို အဆက်မပြတ် ထိခတ်လိုက်သည်။ ရာချီသော မိုးရေစက် လက်နက်များက တစ်ခုနှင့် တစ်ခု ဖြတ်သန်း ထိခတ်သွားပြီး ကောင်းကင်တစ်ခွင်လုံး မရဏ အရှိန်အဝါ အငွေ့အသက်များ ပြည့်နှက်သွားသည်။ ဟူလင်းအာက တည်းခိုဆောင်၏ ပြတင်းတံခါးမှ မျောလွင့် ထွက်ပေါ်လာပြီး သူမ၏ အမွေးပွ လက်ကလေးများဖြင့် ထပ်ခါ ထပ်ခါ လက်ခုပ်တီးလိုက်သည်။
မိုးရေစက်များကို ပြောင်းရွှေ့ခြင်း သိုင်းကွက်က သက်ဆိုင်ရာ စွမ်းအင်ကျင့်စဉ် ရှိပြီး ချင်မူအနေဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို အသုံးပြုသောအခါ ထိုသိုင်းကွက်၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော်နိုင်ရန် ခက်ခဲလှကြောင်း ခံစားမိသည်။
သူ့မှော်သိုင်းကွက်၏ စွမ်းအားက ရင်သပ်ရှုမောဖွယ် ကောင်းလှပြီ ဖြစ်သော်လည်း ဤသည်မှာ သူ၏ အလွန်တရာ ကြီးမားသည့် ကျင့်စဉ်စွမ်းအင်ကြောင့် ဖြစ်သည်။ အခြား ကိုက်ညီသည့် ကျင့်စဉ်စွမ်းအင်နှင့်သာ ဆိုလျှင် ဤသိုင်းကွက်၏ စွမ်းအားက များစွာ ပို၍ ပြင်းထန်ပေလိမ့်မည်။