ဖန်ဆင်းကျင့်စဉ်ခုနစ်ခန်း
Vol. 8 Ch. 100
ချင်မူက တည်းခိုဆောင်သို့ ပြန်လာပြီး မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ဆက်လက် လေ့လာလိုက်သည်။ မသိလိုက် မသိဖာသာဖြင့် ညဉ့်နက်ပိုင်းသို့ ရောက်လာပြီး သိုင်းကွက် တစ်ဒါဇင်ခန့် ချင်မူ တတ်မြောက်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ကိုက်ညီသည့် ကျင့်စဉ် မရှိ၍ ထိုသိုင်းကွက်များ၏ စွမ်းအားကို တစ်ဝက်ခန့်သာ ဖော်ထုတ်နိုင်စွမ်း ရှိ၏။
"ငါ တစ်ပေါင်းတည်း စုနိုင်မယ့် ကျင့်စဉ်နည်းလမ်းကို ရှာမှ ရမယ်... မဟုတ်ရင် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာရဲ့ စွမ်းအား အပြည့်အဝကို ထုတ်သုံးနိုင်ဖို့ ခက်လိမ့်မယ်..."
ထိုစာအုပ်ထဲ၌ ဈာန်ဝင်စား နစ်မျောနေစဉ်တွင် ရုတ်တရက် တစ်စုံတစ်ခုက သူ့ကို အနွေးဓာတ် ပေးနေသကဲ့သို့ သူ့ခါးဆီမှ ခပ်နွေးထွေးမှုတစ်ခုကို ခံစားလိုက်မိသည်။ ခေါင်းငုံ့ကြည့်လိုက်သောအခါ မြေခွေးဖြူလေးက သူ့ကိုယ်ပေါ်မှီ၍ ခေါင်းတင်ကာ အိပ်ပျော်နေကြောင်း တွေ့လိုက်ရ၏။
ချင်မူ ပြုံးလိုက်ပြီး ထိုမြေခွေးလေးကို ခပ်ဖွဖွ မ၍ သူမ၏ အိပ်ရာဆီသို့ ပြန်ပို့ကာ ခေါင်းအုံးပေါ် ခေါင်းတင်ပေးလိုက်သည်။ ထို့နောက် စားပွဲသို့ ပြန်လာ၍ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ဆက်လက် လေ့လာလိုက်သည်။
တစ်ခဏ ကြာသောအခါ သူလည်း ငိုက်မြည်းလာပြီး မီးအိမ်ကို မှုတ်လိုက်၏။ ထို့နောက် သူ့အိပ်ရာပေါ်တွင် လဲလျောင်းရင်း အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့မနက် ရောက်သောအခါ ဖုန်းရှုယွင်က ချင်မူ့ကို သင်္ဘောပေါ် လိုက်ပို့ရန် လာခေါ်၏။ "သခင်လေးကို ကျွန်မ ဒီနေရာထိပဲ လိုက်ပို့နိုင်မယ်... ဒီကနေ မြစ်ကြောင်းအတိုင်း စုန်ဆင်းသွားရင် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ရောက်ပါလိမ့်မယ်...၊ သခင်လေး... လမ်းမှာ ဂရုစိုက်ပါ၊ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို တတ်နိုင်သမျှ စောစောရောက်အောင် သွားပါ... ဂိုဏ်းချုပ်က သခင်လေးကို မျှော်နေပါပြီ..."
ချင်မူက ခေါင်းညိတ်၍ လက်ပြ နှုတ်ဆက်လိုက်သည်။
သင်္ဘောတန်းကြီး၏ ရှေ့တွင် စစ်သည် တစ်ယောက်က ကြီးမားသော သံတံခါးကြီးကို ဖွင့်ရန်အတွက် ဆိပ်ခံတံတားပေါ်မှ ဘီးလုံးကြီးကို လှည့်နေသည်။ သင်္ဘောများက လျှို့ဝှက်ရေတံခါးမှ တရွေ့ရွေ့ ထွက်ခွာ၍ ရေစီးကြောင်းအတိုင်း မာန်ဟုန်မြစ် အောက်ဘက်သို့ ရွက်လွှင့်သွားကြသည်။
ချင်မူနှင့် ဟူလင်းအာက သင်္ဘောဦးထိပ်တွင် ရပ်၍ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ မာန်ဟုန်မြစ် ဘေးတစ်ဖက်တစ်ချက်ရှိ မြင်ကွင်းများက တဖြည်းဖြည်း မဟာမြို့ပျက်နှင့် ခြားနားလာ၏။ တောတောင် စိမ်းစိမ်းစိုများ အကြားတွင် စည်ပင်ဝပြောသော ရွာများ ရှိနေ၏။ မဟာမြို့ပျက်ရှိ ရွာများမှာ ကောက်ရိုးတဲများသာ ဖြစ်သည် မဟုတ်လား။
မြစ်ထဲမှ သင်္ဘောများမှာလည်း တစ်စထက်တစ်စ များပြားလာသည်။ အများစုက သတ္ထုရိုင်းတုံးများနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသဖြင့် သင်္ဘောကိုယ်ထည်များမှာ ရေထဲသို့ အတော်လေး နစ်ဝင်နေကြသည်။ မြစ်ကမ်းဘေးတွင် သတ္ထုတွင်းများလည်း ရှိပြီး များစွာသော ကျွန်များက သတ္ထု တူးဖော်နေကြသည်။
"ဒီနေရာက လူတွေ ဘယ်လောက်များများ မဟာမြို့ပျက်က စွန့်ပစ်ခံလူတွေ ဖြစ်နေမလဲ..." ချင်မူ စိတ်ထဲမှ တွေးရင်း သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
နောက်ထပ် မိုင်သုံးဆယ်ခန့် ရွက်လွှင့်ပြီးသောအခါ မြစ်ကမ်းဘေးတွင် သတ္ထု အရည်ကျို သန့်စင်သည့် နေရာများကို မြင်လာရ၏။ ကြီးမားသော မီးဖိုကြီးများက ဤနေရာသို့ ဆိုက်ကပ်လာသည့် သင်္ဘောများ ချသွားသည့် သတ္ထုရိုင်းတုံးများကို အရည်ကျို သန့်စင်နေကြသည်။
အားကောင်းသော မီးတောက်မီးလျှံများက မီးဖိုကြီးများ၏ အထက် ကိုက်ပေါင်း ဒါဇင်ချီထိ ထိုးတက်နေ၏။ သင်္ဘောများ ထိုနေရာမှ ဖြတ်သွားသောအခါ ကောင်းကင်နတ်သိုင်း ပညာရှင် များစွာက လေလှိုင်းများ ရိုက်ထုတ်၍ မှော်သိုင်းပညာရပ်များ ထုတ်သုံးကာ အပူချိန်နှင့် မီးရှိန် မြင့်လာအောင် လုပ်ဆောင်နေကြသည်ကို ချင်မူ တွေ့လိုက်ရသည်။
အချို့ ကောင်းကင်နတ်သိုင်း ပညာရှင်များက မှော်ဂါထာများ အသုံးပြု၍ မြစ်ရေကို ထိန်းချုပ်ကာ သံနက်များများနှင့် ကြေးနီများကို အအေးခံနေကြ၏။
အချို့ ကောင်းကင်နတ်သိုင်း ပညာရှင်များကတော့ ကျားဖြူချီ ကောင်းကင်နတ်သိုင်းများကို ထုတ်သုံး၍ သံနက်နှင့် ကြေးနီများကို သင်္ဘောပေါ်တွင် ထပ်ရ၊ သယ်ရ၊ သိုလှောင်ရ လွယ်ကူစေရန် လေးထောင့်တုံးများ ဖြစ်အောင် ဖြတ်တောက်နေသည်။
ဤမြင်ကွင်းမျိုးက မဟာမြို့ပျက်တွင် မြင်ရခဲလှသည်။
"လူစွမ်းအား အရင်းအမြစ်၊ သယံဇာတ၊ ချမ်းသာကြွယ်ဝမှု ဘယ်နေရာမှာပဲ ယှဉ်ယှဉ် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက မဟာမြို့ပျက်ထက် အများကြီး သာနေတာပဲ..." ချင်မူ တအံ့တဩ ရေရွတ်လိုက်မိသည်။
အပွေးမြင် အပင်သိနိုင်သည် မဟုတ်လား။ အနည်းငယ်မျှသောအရာလေးများမှ တစ်ဆင့် တိုင်းပြည်တစ်ပြည်၏ စည်ပင်ဝပြောမှုနှင့် အင်အားတောင့်တင်းမှုကို သိရှိနိုင်ပေသည်။ မာန်ဟုန်မြစ်ဘေးမှ သတ္ထုကျိုချက် သန့်စင်သည့်နေရာများမှာ ရေလမ်းကြောင်းခရီးနှင့် လမ်းသင့်နေသဖြင့် သယ်ယူ ပို့ဆောင်ရေးအတွက် များစွာ အဆင်ပြေလှကာ အင်ပါယာအတွက် လိုအပ်သော သတ္ထုကုန်ကြမ်းများကို အတောမသတ်အောင် ထောက်ပံ့နိုင်၏။ ဤသတ္ထုကုန်ကြမ်းများကို ဝိညာဉ်လက်နက်များ သွန်းလုပ်ရန်နှင့် နန်းတွင်းတပ်ဖွဲ့၏ လက်နက်၊ ချပ်ဝတ်များ အဆင့်မြှင့်တင်ရာတွင် အသုံးပြုသည် ဖြစ်ရာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ စစ်ရေးစွမ်းအားက မည်မျှ ကြီးမားမည်ကို မှန်းဆကြည့်နိုင်ပေသည်။
"ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံ မဟာမြို့ပျက်မှာ အထိနာပြီး ပြန်လာတော့ လမ်းမှာ အခွင့်ကောင်း ချောင်းပြီး ပုန်ကန် လုပ်ကြံတဲ့ ဂိုဏ်းတွေ ရှိတယ်လို့ ဖုန်းရှုယွင်က ပြောခဲ့တယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံက ဒဏ်ရာ အပြင်းအထန် ရသွားတယ်လို့တောင် ဆိုတယ်..."
ချင်မူ သူ့ဖာသာ တွေးကြည့်လိုက်၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံက အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သူ့တပ်မရဲ့ အင်အားက အများကြီး ကျသွားတာမှ မဟုတ်ပဲ... အင်ပြည့်အားပြည့် ရှိသေးတယ်... သူ့ဘေးက အဆင့်မြင့် ပညာရှင်တွေ အများကြီး ရှိတဲ့အပြင် သူကိုယ်တိုင်ကလည်း နတ်ဘုရားတွေရဲ့ အောက်က နံပါတ်တစ်လူသားပဲ... သူက ဘယ်လိုလုပ် အလုပ်ကြံခံရပြီး ဒဏ်ရာ အကြီးအကျယ် ရရမှာလဲ... တစ်ခုခုတော့ မူမမှန်တာ ရှိနေပြီ... အခြေအနေကို အတွက်လွဲတာနဲ့ အဲဒီ ပုန်ကန်တဲ့ ဂိုဏ်းတွေတော့ မရှုမလှ သေကြရတော့မှာပဲ..."
ကုန်သွယ်သင်္ဘောကို ရေထဲမှ ကြီးမားသော သတ္တဝါကြီးက ဆွဲ၍ အလွန်တရာ မြန်ဆန်သော နှုန်းဖြင့် ကူးခတ်ကာ ညနေခင်းပိုင်း၌ တိကျန်းစီရင်စုသို့ ရောက်ရှိလာသည်။
တိကျန်းစီရင်စုက မြစ်ကြောင်း တစ်လျှောက် တည်ဆောက်ထားပြီး နယ်စပ်နဂါးမြို့ထက် ပိုကြီး၏။ ချင်မူ သူ၏ ကောင်းကင်မျက်လုံးနှင့် လှည့်ပတ် ကြည့်ရှုလိုက်ပြီး ထည်ဝါခမ်းနားသော နတ်ဘုရား ရုပ်တု တစ်ခုမျှ မတွေ့ရသဖြင့် စိတ်မသက်မသာ ဖြစ်သွားသည်။ ရုတ်တရက် အသိဝင်လာပြီး သူ့ဖာသာ ရယ်မောလိုက်မိ၏။ "ငါက မဟာမြို့ပျက်မှာပဲ ရှိသေးတယ်လို့ ထင်နေမိတာ..."
ငယ်စဉ်ကတည်းက မဟာမြို့ပျက်တွင် နေလာခဲ့သည် ဖြစ်၍ ညမမှောင်မီ နတ်ဘုရား ရုပ်တုများ ရှိသော နေရာကို ရှာဖွေမိသည်မှာ ဗီဇစိတ်တစ်ခုလို ဖြစ်နေပေပြီ။ သူ့အနေဖြင့် ဤအကျင့်ကို အချိန်တိုအတွင်း ဖျောက်နိုင်ရန် ခက်၏။
တိကျန်းစီရင်စု၏ ရှေ့တွင် ကုန်သွယ်အဖွဲ့က ရုတ်တရက် ရပ်တန့်သွားသည်။ သူတို့ရှေ့တွင် ငါးဖမ်းလှေများ ရှိနေပြီး ငါးဖမ်းသမားများက ချိတ်များဖြင့် ရေထဲမှ အလောင်းကောင်များကို ဆွဲတင်နေကြ၏။
"ကံဆိုးလိုက်တာ..." ကုန်သည် တစ်ယောက်က ခေါင်းခါယမ်းလိုက်၏။
ချင်မူက ဟူလင်းအာကို ခေါ်၍ ကုန်သွယ်အဖွဲ့နှင့်အတူ မြို့ထဲသို့ ဝင်လာခဲ့သည်။ မြို့ထဲသို့ ဝင်ဝင်ချင်းပင် မြောက်မြားစွာသော ခေါင်းတလားများ လမ်းဘေးတစ်ဖက်တစ်ချက်တွင် စီချထားသည်ကို တွေ့လိုက်ရ၏။ အရေအတွက်အားဖြင့် လေးငါးရာခန့် ရှိပေလိမ့်မည်။
ချင်မူ အထိန်တလန့် ဖြစ်သွား၏။ အချို့ ခေါင်းတလားများမှာ ဟင်းလင်းသာ ဖြစ်၍ စစ်သည်များက ထိုခေါင်းတလားများထဲ ထည့်ရန် အလောင်းကောင်များ သယ်လာကြသည်။ အချို့ ခေါင်းတလားများကတော့ အဖုံး ဖုံးထားပြီး မြို့သူမြို့သားများက ၎င်းတို့အနား မကပ်ရဲဘဲ ဝေးဝေးမှ ရှောင်ကွင်းသွားကြသည်။
"ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ... ဘာလို့ လူတွေ အများကြီး တစ်ပြိုင်နက် သေကြရတာလဲ..."
ချင်မူ စိတ်ရှုပ်ထွေးသွားမိသည်။ ကုန်သည်တစ်ယောက်က ရှေ့သို့ တိုးသွား၍ မေးလိုက်သဖြင့် စစ်သည်တစ်ယောက်က ပြန်ဖြေလိုက်သည်။ "ဒါတွေက ရေစီးအတိုင်း မြစ်ထဲက မျောလာတဲ့ အလောင်းတွေ... ဘယ်နေရာက သေလာကြလဲ ဆိုတာတော့ ကျုပ်တို့လည်း မသိဘူး... မှန်းဆကြည့်ရသလောက်တော့ မြစ်အထက်ပိုင်းမှာ ရေလွှမ်းပြီး သေလာကြလို့ ကျုပ်တို့ တိကျန်းစီရင်စုအထိ ရောက်လာပြီး ဒီနေရာက ဆည်နဲ့ တစ်နေတာ နေမယ်... စီရင်စုအကြီးအကဲက ဒီအလောင်းကောင်တွေ စုပုံပြီး ကပ်ရောဂါ ဖြစ်မှာစိုးလို့ အခေါင်းတွေ လုပ်ပြီး ထည့်ထားဖို့ ကျုပ်တို့ကို အမိန့်ပေးလိုက်တာ... မနက်ဖြန် မနက်ကျမှ သူတို့ကို မြေမြှုပ်မယ်..."
"အဲဒီလိုလား..."
ကုန်သည်များက သူတို့၏ လှည်းများကို တစ်စီးပြီး တစ်စီး မောင်းနှင်၍ ခေါင်းတလားများကို ရှောင်ကွင်းကာ အနားယူရန် တည်းခိုဆောင်များ ရှာဖွေလိုက်ကြသည်။ ချင်မူလည်း တည်းခိုဆောင် တစ်ခုတွင် အခန်းငှားလိုက်၏။ ညစာစားပြီးသောအခါ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ မြေပုံကို ထုတ်ယူ၍ လေ့လာလိုက်သည်။
တိကျန်းစီရင်စုက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ အလယ်ပိုင်းတွင် တည်ရှိသည်။ မြောက်ဘက်သို့ ဆက်သွားလျှင် ဆယ်ရက်အတွင်း မြို့တော်သို့ ရောက်နိုင်မည် ဖြစ်၏။ အရှေ့ဘက်သို့ ဆက်သွားလျှင်တော့ မိုင်တစ်ထောင် အကွာတွင် ပင်လယ်သို့ ရောက်မည် ဖြစ်သည်။
ကောင်းကင်က တဖြည်းဖြည်း မှောင်စပျိုးလာပြီး ညအမှောင်ထုက ပို၍ ပို၍ သိပ်သည်းလာသည်။ ချင်မူက မြေပုံကို ချ၍ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်၏။ ဤနေရာမှ အမှောင်ထုက မဟာမြို့ပျက်၏ အမှောင်ထုနှင့် ခြားနားနေသည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ညက တဖြည်းဖြည်း မှောင်မည်းလာခြင်း ဖြစ်ပြီး ကောင်းကင်ယံတွင် လမင်းနှင့် ကြယ်စင်များ ရှိနေသည်။ မဟာမြို့ပျက်တွင်တော့ ညအခါကာလ ရောက်သောအခါ အမှောင်ထုက အနောက်ဘက် အရပ်ဆီမှ တလိမ့်လိမ့် တက်လာပြီး အရာအားလုံးကို တစ်မုဟုတ်ချင်း ခြုံလွှမ်းဝါးမျိုသွားသည်။ အမှောင်ထုထဲတွင် မည်သည့် အလင်းရောင်ကိုမျှ မမြင်ရ...။
သူ့လက်ကို အပြင်ဘက်သို့ သတိနှင့် ဖြည်းဖြည်း ဆန့်ထုတ်ကြည့်လိုက်၏။ အပြင်ဘက်မှ အမှောင်ထုတွင် မည်သည့် အန္တရာယ်မျှ ရှိမနေချေ။
"မဟာမြို့ပျက်က အဲဒီ အမှောင်ထုကြီးလိုမျိုး ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ဖြစ်နေရအောင် ဘာတွေများ ကြုံခဲ့လို့လဲ မသိဘူး..."
လူငယ်လေးက ရင်ထဲမှ ထွေပြားနေမှုများကို မောင်းထုတ်လိုက်ပြီး မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို ဆက်လက် လေ့လာရန် ထုတ်ယူလိုက်သည်။
သူ၏ အဖြူရောင် လက်အိတ်မှ ချည်မျှင် တစ်စကို ဆွဲထုတ်၍ ချီစွမ်းအင်များ ပို့လွှတ်လိုက်သောအခါ ထိုချည်မျှည်က တစ်မုဟုတ်ချင်း ကြီးထွား ပြန့်ကားလာသည်။ တစ်စထက် တစ်စ အရွယ်အစား ကြီးမားလာပြီး မရေမတွက်နိုင်သော စာလုံးများ ဖြစ်လာ၏။
ချင်မူက အာရုံတစိုက် ဖတ်ရှုလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ၏ ဖန်ဆင်းစာသားများကို နားလည်သဘောပေါက်အောင် ဖတ်ရှုလိုက်၏။ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ၏ ဖန်ဆင်းစာသားများမှာ အတော်လေး အမျိုးအစား ကွဲပြားသည်။ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာ၊ ကောင်းကင်နတ်ဘုရား ဖန်ဆင်းပညာ၊ အကြိုဖြစ်တည်မှု ဖန်ဆင်းပညာ၊ လူသားဘုရင် ဖန်ဆင်းပညာ၊ တစ္ဆေ ဖန်ဆင်းပညာ၊ ဝိညာဉ် ဖန်ဆင်းပညာနှင့် မြေကမ္ဘာ ဖန်ဆင်းပညာ ဟူ၍ ခွဲခြားထား၏။
ထိုထဲတွင် ချင်မူ့အနေဖြင့် ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာကို သင်ယူဖူးသော်လည်း အဘွားစစ်က အပြည့်အစုံ သင်မပေးဘဲ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို ချုပ်သည့် နည်းလမ်းသာ သင်ပြပေးခဲ့သည်။
"အကြိုဖြစ်တည်မှု ကျင့်စဉ်၊ မြေကမ္ဘာ ကျင့်စဉ်၊ ကောင်းကင်နတ်ဘုရား ကျင့်စဉ်၊ ကောင်းကင်နတ်ဆိုး ကျင့်စဉ်၊ လူသားဘုရင် ကျင့်စဉ်၊ တစ္ဆေ ကျင့်စဉ်၊ ဝိညာဉ် ကျင့်စဉ် ဆိုပြီးတော့ ဖန်ဆင်းစာသား ခုနစ်မျိုး ရှိတယ်... အဲဒီ ကျင့်စဉ် အကုန်လုံးက ဖန်ဆင်းခြင်းနဲ့ ဆက်စပ်နေတယ်... ဒီကျင့်စဉ် အချင်းချင်းကရော ဆက်စပ်နေမလား..."
ချင်မူက ထိုကျင့်စဉ်များကို တစ်ခုပြီး တစ်ခု လေ့လာလိုက်သည်။ အရေခွံများ ခွာ၍ အဝတ်များ ချုပ်ခြင်းမှာ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာ၏ အခွဲ တစ်ခုသာ ဖြစ်သည်။ ဤကျင့်စဉ်၏ အဓိကချက်က ကျင့်ကြံသူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များ သန်မာအားကောင်းစေရန် ဖြစ်၏။ ကောင်းကင်နတ်ဘုရား ဖန်ဆင်းပညာက အခြားသူများ၏ ကျင့်စဉ်များကို အတုခိုးရာတွင် ကောင်းသည် မှန်သော်လည်း သေချာ လေ့လာကြည့်လိုက်သောအခါ ကောင်းကင်နတ်ဘုရား ဖနဆင်းပညာက စွမ်းအားနှင့် အသွင်သဏ္ဌာန်တို့၏ မတည်မြဲမှုကို ဖော်ပြလိုခြင်း ဖြစ်သည်ဟု ချင်မူ ခံစားမိသည်။ အခြား ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို တုပခြင်းမှာ ကောင်းကင်နတ်ဘုရား ကျင့်စဉ်၏ အပေါ်ယံသာ ဖြစ်၏။
အကြိုဖြစ်တည်မှု ကျင့်စဉ်က အသက်အရွယ် ကြီးရင့်မှု ဖြစ်စဉ်ကို ဆန့်ကျင်နိုင်၏။ ထို့ကြောင့် ထာဝရ ငယ်ရွယ် နုပျိုစေနိုင်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ လူငယ်ဂိုဏ်းချုပ်မှာ အကြိုဖြစ်တည်မှု ဖန်ဆင်းပညာကို လေ့ကျင့်ခဲ့ဟန် တူသည်။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အကြိုဖြစ်တည်မှု လွတ်မြောက် ကျင့်စဉ်မှာ အကြိုဖြစ်တည်မှု ဖန်ဆင်းပညာ၏ အခွဲ ကျင့်စဉ်တစ်ရပ် ဖြစ်ပေလိမ့်မည်။
မြေကမ္ဘာ ကျင့်စဉ်က အသက်ရှင်သန်မှု ဝိညာဉ်ကို လေ့ကျင့်၏။ လူသားဘုရင် ကျင့်စဉ်က ဘုရင်တို့၏ လမ်းစဉ်ကို လေ့ကျင့်၏။ တစ္ဆေ ကျင့်စဉ်က မြေအောက်ဘုံနှင့် ဆက်သွယ်မှုကို လေ့ကျင့်၏။ ဝိညာဉ် ကျင့်စဉ်က အသွင်သဏ္ဌာန် ပြောင်းလဲခြင်းကို လေ့ကျင့်၏။
ဖန်ဆင်းစာသား ခုနစ်မျိုးစလုံးမှာ အားသာချက် ကိုယ်စီ ရှိသော်လည်း နားလည်ရ ခက်လှသည်။ ချင်မူက စာအုပ်ထဲ၌ နစ်မျော နေမိ၏။ သူ ဖန်ဆင်းစာသားများ၏ အထူးတထွေများကို ဆင်ခြင်သုံးသပ်နေပြီး အတန်ကြာမှ ညဉ့်နက်နေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ အပြင်ဘက်တွင် အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်နေပြီး ညစောင့်ထံမှ မောင်းသံ တစ်ချက်၊ တစ်ချက်ကသာ ည၏ တိတ်ဆိတ်မှုကို အနှောင့်အယှက် ပြုနေ၏။
ထိုအခိုက်၌ လေအေးတစ်ချက်က ပြတင်းပေါက်မှ တိုက်ခတ်လာသည်။ ဖယောင်းတိုင် မီးတောက်က လှုပ်ယမ်းသွားသဖြင့် ချင်မူ သူ့လက်ဖြင့် ကမန်းတန်း ကာလိုက်ရ၏။ ရုတ်တရက် လမ်းမဘက်မှ ကျွီခနဲ အသံတိုးတိုး တစ်ချက် ကြားလိုက်ရသည်။ တိတ်ဆိတ်နေသော ညဉ့်ယံ အလယ်တွင် ဖြစ်၍ ထိုအသံက ရှင်းလင်း ပီသနေ၏။
ချင်မူ ဆတ်ခနဲ ဖြစ်သွားပြီး ဖယောင်းတိုင်မီးကို သူ့လက်ဖြင့် ဖိ၍ ငြှိမ်းသတ်လိုက်သည်။ ပြတင်းပေါက်ဘေးသို့ လှစ်ခနဲ ပြေးသွားပြီး အသာ ဆွဲပိတ်ကာ ခပ်ဟဟလေးသာ ချန်ထားလိုက်၏။
သူ့လက်ချောင်းများကို ဖြန့်ကားလိုက်သောအခါ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ၏ ချည်မျှင်စက တစ်မုဟုတ်ချင်း ပျံဝဲ ရောက်ရှိလာပြီး သူ့လက်တွင် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလျသော လက်အိတ်တစ်ခုအဖြစ် အလိုလို ရက်လုပ် ဖွဲ့တည်သွားသည်။
ပြတင်းပေါက်က လှမ်းကြည့်လိုက်သောအခါ လရောင်က တိကျန်းစီရင်စု၏ လမ်းမများပေါ်၌ ထွန်းလင်းနေသည်ကို တွေ့လိုက်ရ၏။ ခေါင်းတလားများ တစ်ဖက်တစ်ချက်တွင် ချထားသော လမ်းပေါ်တွင် ညစောင့် တစ်ယောက်က သူ၏ မောင်းကို ထု၍ လမ်း၏ အခြားဘက်သို့ လျှောက်သွားနေသည်။
ရုတ်တရက် ညစောင့်က တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ ခြေလှမ်းများ ရပ်တန့်သွားသည်။
ကျွီ...အီ...။
ထူးဆန်းသော အသံတစ်သံက ပျံ့နှံ့ထွက်ပေါ်လာ၏။ ခေါင်းတလား တစ်လုံး၏ အဖုံးက တစ်ဝက်တစ်ပျက် ပွင့်ဟလာပြီး လူရိပ်တစ်ခု အခေါင်းထဲမှ ထထိုင်လာသည်။
ဒေါင်...။
မှင်တက်မိနေသော ညစောင့်၏ လက်ထဲမှ မောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ခေါင်းတလားထဲမှ လူရိပ်က ရိပ်ခနဲ ခုန်ထွက်လာ၏။ ထိုအလောင်းကောင်က ကြောက်လန့်၍ ကြက်သေသေနေသော ညစောင့်၏ ရှေ့တွင် ဖျတ်ခနဲ ကျလာပြီး သူ့လက် နှစ်ဖက်စလုံးဖြင့် ထိုးစိုက်ကာ ညစောင့်၏ ခေါင်းကို ဖြတ်ချလိုက်သည်။
ချင်မူ ရင်ထဲတွင် တုန်လှုပ်သွား၏။ တကျွီကျွီ အသံများ ဆက်တိုက် ကြားလိုက်ရပြီး အခေါင်းအဖုံးများ ပွင့်လာကာ အလောင်းကောင်များ လေထဲတွင် ပျံဝဲ ထရပ်လာသည်။ ထိုအခိုက်၌ လမ်းဘေးရှိ အဆောက်အဦ တစ်ခုမှ တံခါးတစ်ချပ် ပွင့်လာပြီး တာအိုရသေ့ တစ်ဒါဇင်ခန့် တစ်ပါးပြီး တစ်ပါး ထွက်ပေါ်လာသည်။
ခေါင်းဆောင်တာအိုရသေ့က အဝါရောင် ပါကွဝတ်ရုံကို ဝတ်ဆင်ထားပြီး ခေါင်းထက်တွင် ရသေ့ဒေါက်ခြာတစ်ခု ဆောင်းထား၏။ သူ့လက်ထဲတွင်တော့ မြင်းမြီးယပ်တစ်ခု ကိုင်ဆောင်ထားပြီး လေထဲတွင် လမ်းလျှောက်လာသည်။ သူ့နောက်မှ တာအိုရသေ့များက အနက်ရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ကာ နောက်ကျောတွင် ဓားအိတ်များ လွယ်၍ တိတ်တဆိတ် လိုက်လာကြ၏။
ဝတ်ရုံဝါ တာအိုရသေ့၏ အင်္ကျီလက်အိုးထဲမှ အဝါရောင် အဆောင်စာရွက်များ ပျံဝဲ ထွက်ပေါ်လာပြီး လေထဲ၌ မျောလွင့်ကာ တံတားရှည်တစ်ခု ဖြစ်သွားသည်။
အဝါရောင် အဆောင်စာရွက်များနှင့် ဖွဲ့စည်းထားသော တံတားရှည်က ထိုလမ်းမမှ တိကျန်းစီရင်စု အကြီးအကဲ၏ အိမ်တော်အထိ သွယ်တန်းနေ၏။
ထို့နောက်တွင် အလောင်းပျံများက ခေါင်းတလားများထဲမှ ခုန်ထွက် ပျံတက်လာသည်။ လေထဲတွင် တောင့်တောင့်ကြီး ရပ်နေရာမှ အဝါရောင် အဆောင်သာရွက်များအပေါ် နင်းလျှောက်၍ အိမ်တော်ဆီသို့ ပြေးသွားတော့၏။
အာရုံစိုက်၍ ကြည့်လိုက်သောအခါ အကြီးအကဲ အိမ်တော်ဆီသို့ ပြေးသွားသော အလောင်းကောင်များကို ချင်မူ မြင်လိုက်ရ၏။ ထို့နောက်တွင် ဝတ်ရုံဝါ တာအိုရသေ့ထံမှ အဝါရောင် အဆောင်စာရွက်များ ထပ်မံထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ တံတားများ ဖွဲ့တည်သွားသည်။ သို့သော်လည်း ဤတစ်ခေါက်တွင်တော့ ထိုတံတားများက အရှေ့၊ အနောက်၊ တောင်၊ မြောက် မြို့တံခါးဝများဆီသို့ ဦးတည်သွား၏။
ထိုရသေ့၏ အနောက်မှ ဝတ်ရုံနက် တာအိုရသေ့များက တစ်မုဟုတ်ချင်း လေပေါ်သို့ ခုန်တက်၍ မြို့တံခါး လေးပေါက်ဆီသို့ ဦးတည်ကာ အဝါရောင် အဆောင်စာရွက်များပေါ်မှ နင်းလျှောက်ပြေးသွားသည်။
"သေစမ်း..."
ချင်မူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး လေပွေတစ်ခုကဲ့သို့ လှုပ်ရှားလိုက်၏။ သူ့အဝတ်အစားများကို လုံးသိမ်း ကောက်ယူ၍ မြေခွေးဖြူလေးကို နှိုးကာ အလျင်အမြန် ပြောလိုက်သည်။ "အသံမထွက်နဲ့... ငါတို့ တိတ်တိတ်လေး ထွက်သွားမှ ရမယ်... လင်းအာ... နင့်ရဲ့ လေပွေကို ထုတ်လိုက်..."
ဟူလင်းအာက ချင်မူ ဘာတွေ ပြောနေသည်မှန်း နားမလည်နိုင်ဘဲ အိပ်ချင်မူးတူး မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
ရုတ်တရက် အကြီးအကဲ အိမ်တော်ထံမှ တစ်လောကလုံး တုန်ခါသွားစေနိုင်သည့် ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး အံ့ဩတုန်လှုပ်နေသည့် ဒေါသသံ တစ်သံ ထွက်ပေါ်လာသည်။ "ဖုတ်ကောင်ပျံတွေ... ဖုတ်ကောင်ပျံတွေ ရောက်နေပြီဟေ့... အလောင်းကောင် အင်မော်တယ်ဂိုဏ်းက ဝင်စီးနေပြီ... သခင်ကြီးကို မြန်မြန် ကာကွယ်ကြ..."
"မင်းတို့ သခင်ကြီးက သေသွားပြီ... ဟောဒီမှာ သူ့ခေါင်းပြတ်..."