အလောင်းကောင်အင်မော်တယ်ဂိုဏ်း
Vol. 8 Ch. 101
အကြီးအကဲ စံအိမ်ထဲမှ သရော်တော်တော် အသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံက ဂိုဏ်းအသီးသီးကို ချုပ်ထိန်းဖို့ ဧကရာဇ်ကို ဖိအားပေး တိုက်တွန်းခဲ့တယ်... အဲဒီအတွက်ကြောင့် ငါတို့ သိုင်းဂိုဏ်းတွေ အားလုံး ကာလကြာရှည် အောက်ကျနောက်ကျ နေခဲ့ရတယ်... တိကျန်းစီရင်စု ခေါင်းဆောင်၊ ကောင်းကျွီတယ်ဟာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ နောက်လိုက်ခွေး တစ်ကောင်အဖြစ်နဲ့ သတင်းပေး လုပ်ခဲ့တာမလို့... သူရဲ့ အပြစ်တွေက အသက်ကြွေးနဲ့ ပေးဆပ်ရင်တောင် မကျေနိုင်ဘူး..."
တည်းခိုဆောင်ထဲမှ ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ "တိကျန်းစီရင်စု ခေါင်းဆောင် သေတာ မြန်လှချည်လား... မဟာမြို့ပျက်က ထွက်လာလာချင်း ဒီလို အခြေအနေမျိုးနဲ့ ကြုံရတာ... ငါ အတော် ကံဆိုးနေတာပဲ... ဘွားဘွား ပြောတာ မှန်တယ်... အပြင်ဘက်က လူတွေက မဟာမြို့ပျက်ထက် ပိုဆိုးရွားတာပဲ... ငါတို့ မဟာမြို့ပျက်က လူတွေကမှ ပိုရိုးရှင်းသေးတယ်... တိကျန်းစီရင်စု ခေါင်းဆောင်က ဘယ်အဆင့်ပါလိမ့်... အနိမ့်စံ ဒုတိယအဆင့် အရာရှိ၊ ပြည်နယ် အုပ်ချုပ်သူနဲ့ ယှဉ်ရင် သူ့စွမ်းရည်က ဘယ်လောက် ရှိမလဲ မသိဘူး..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ နန်းတွင်းအရာရှိများမှာ အဆင့် ကိုးဆင့် ရှိပြီး အဆင့်ခွဲ အနေနှင့်ဆိုလျှင် ဆယ့်ရှစ်ဆင့် ရှိ၏။ ထိုရာထူးအဆင့်များက လူနေမှု အဆင့်အတန်းနှင့် သိုင်းအဆင့်ပေါ် မူတည်၍ ပေးအပ်ခြင်း ဖြစ်သည်။ အချို့ ဂိုဏ်းခေါင်းဆောင်များမှာ အလွန်တရာ မြင့်မားသော သိုင်းအဆင့် ရှိ၍ အဆင့်မြင့် အရာရှိများအဖြစ် ခန့်အပ်ခံရပြီး သိုင်းအဆင့် နိမ့်သူများကတော့ အဆင့်နိမ့် အရာရှိများအဖြစ်သာ ခန့်အပ်ခံရသည်။ ထိုထဲတွင် နယ်မြေ၊ စီရင်စု အသီးသီး၏ အုပ်ချုပ်သူ အကြီးအကဲများအဖြစ် ခန့်အပ်ခံရသူ အချို့လည်း ရှိသည်။
ဥပမာ ဆိုရသော် လီမြစ်ဓားဂိုဏ်းမှ မူပေဖုန်းမှာ တောင်ဘက် နယ်စပ်ဒေသတွင် အစွမ်းအထက်ဆုံး သိုင်းပညာရှင် ဖြစ်သည့်အတွက် ဩဇာအာဏာ ကြီးမားသော အနိမ့်စံ ဒုတိယအဆင့် ပြည်နယ်အုပ်ချုပ်သူ အရာရှိအဖြစ် ခန့်အပ်ခံရလေသည်။
ဟူလင်းအာမှာ အိပ်ချင်ပြေသွားပြီး သူမ၏ မှော်ဂါထာကို အလျင်အမြန် ထုတ်သုံးလိုက်၏။ မှော်မိစ္ဆာလေက ပြတင်းပေါက်မှ ဝဲလည်လှည့်၍ ထွက်သွားပြီး ချင်မူက ခေါင်းအုံး တစ်လုံးကို လေပေါ်သို့ ပစ်တင်လိုက်သည်။ မှော်မိစ္ဆာလေက ခေါင်းအုံးကို သယ်ဆောင်သွား၏။ ဟူလင်းအာက ခေါင်းအုံးပေါ်သို့ ခုန်တက်၍ နားမလည်နိုင်စွာ မေးလိုက်သည်။ "သခင်လေး... သူတို့က ပုန်ကန်ထကြွတယ် ဆိုရင်တောင် တစ်မြို့လုံးက အရပ်သူ၊ အရပ်သားတွေကို သတ်ပစ်တဲ့အထိတော့ လုပ်မှာ မဟုတ်ပါဘူး... ဟုတ်တယ် မဟုတ်လား... ကျွန်မတို့အတွက် အန္တရာယ် မဖြစ်လောက်ပါဘူး..."
ချင်မူက ပြတင်းပေါက်မှ ခုန်ထွက်လိုက်၏။ သူ မြေပေါ်သို့ မကျမီမှာပင် မှော်မိစ္ဆာလေပွေ တစ်ခု တိုက်ခတ်လာပြီး တစ်မုဟုတ်ချင်းပင် ထိုလေပွေထိပ်ဖျားပေါ်သို့ နင်းတက်၍ မြို့ပြင်သို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ "ငါ့ဓားက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားလေ... နန်းတွင်းအဆင့်မြင့် အရာရှိ ဖြစ်တဲ့ အနိမ့်စံ ပထမအဆင့် အရာရှိရဲ့ ဓားပဲ... ဒီပုန်ကန်တဲ့သူတွေသာ တွေ့သွားရင် ငါတို့ သေမှာ... ပြီးတော့ ပြိုကျနေတဲ့ နံရံဘေးမှာ ရပ်မနေရဘူးတဲ့... ဒီပုန်ကန်တဲ့သူတွေက မြို့သူ၊ မြု့သားတွေကို မြို့ထဲက ထွက်ခွင့်ပေးမှာ မဟုတ်ဘူး... ငါတို့ ဒီမှာ ဆက်နေနေရင် ပိတ်မိသွားလိမ့်မယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ တပ်မဟာကြီး ရောက်လာတဲ့အချိန်ကျရင် မြို့ထဲမှာ ဘယ်နှယောက်များ အသက်ရှင် ကျန်ခဲ့နိုင်မလဲ... အလောင်းကောင် အင်မော်တယ်ဂိုဏ်းက အလောင်းကောင်တွေ သုံးပြီး သိုင်းကျင့်တာ ထင်တယ်..."
ဟူလင်းအာ ထိန်းမရအောင် တုန်တက်သွားသည်။
ချင်မူ နောက်ဆုံး ပြောလိုက်သော စကားက ကြောက်စရာ အလွန်ကောင်းလှ၏။
အလောင်းကောင် အင်မော်တယ်ဂိုဏ်းက အလောင်းကောင်များကို အသုံးပြု၍ သိုင်းကျင့်သည် ဆိုခြင်းမှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ဤပုန်ကန်မှုကို နှိမ်နင်းရန် လာသည့်အချိန်တွင် ဤမြို့ထဲမှ အရပ်သူ၊ အရပ်သား အားလုံးကို အလောင်းကောင် အင်မော်တယ်ဂိုဏ်းက ဖုတ်ကောင်ပျံများအဖြစ် ပြောင်းလဲပစ်လိမ့်မည် ဟူသည့် သဘောပင် ဖြစ်သည်။
ယခုအချိန်၌ တိကျန်းစီရင်စုက ရုတ်ရုတ်သဲသဲ ဖြစ်နေပြီး နေရာအနှံ့ ဓားလှံ ထိခတ်သံများ ထွက်ပေါ်နေ၏။ အလောင်းကောင် အင်မော်တယ်ဂိုဏ်းက ပြင်ဆင်ပြီးမှ လာခဲ့ခြင်း ဖြစ်သည်။ ပထမ သူတို့က စီရင်ပြုပြင်ပြီးသော အလောင်းကောင်များကို တိကျန်းစီရင်စု ဆည်သို့ မျှောလွှတ်လိုက်ပြီး မြို့တွင်းသို့ လူခွဲ၍ ထိုးဖောက်စိမ့်ဝင်ခဲ့ကြသည်။
ညအချိန် ရောက်သည့်အခါမှ အလောင်းကောင် အင်မော်တယ်ဂိုဏ်းခေါင်းဆောင်က စီရင်စု ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ရန် စံအိမ်ကို အလစ်တိုက်ခိုက်ခဲ့၏။
တိကျန်းစီရင်စု ခေါင်းဆောင်က အဆင့်မြင့် ပညာရှင် တစ်ယောက် ဖြစ်ပြီး ထူးခြားသော ကောင်းကင်နတ်သိုင်းများ တတ်မြောက်ထားသော်လည်း အလစ်ဝင်စီးခံရသည့်အခါ သူ့ဦးခေါင်းကို စွန့်လွှတ်လိုက်ရသည်။
တစ်ချိန်တည်းတွင် အလောင်းကောင် အင်မော်တယ်ဂိုဏ်းမှ အခြား အဆင့်မြင့် ပညာရှင်များက မြို့တံခါး လေးဖက်သို့ ဖြန့်ကျက်၍ မြို့စောင့် စစ်သည်များကို ကြားဖြတ် ဟန့်တားထားစဉ် ဂိုဏ်းခေါင်းဆောင်နှင့် ကျန်သူများက စီရင်စု ဒုခေါင်းဆောင်၊ မြို့စောင့်တပ်မှူးနှင့် မှတ်တမ်းထိန်းတို့ကဲ့သော နန်းတွင်းအရာရှိများကို သတ်ဖြတ်ပစ်လိုက်သဖြင့် မြို့စောင့် စစ်သည်များကို ဦးဆောင်မည့်သူ မရှိတော့ချေ။
တိကျန်းစီရင်စုတွင် အဆင့်မြင့် ပညာရှင်များ ရှိသေးသော်လည်း အမိန့်ပေးမည့်သူ မရှိတော့ဘဲ တစ်ယောက်ချင်းစီသာ တိုက်ခိုက်နေကြ၏။ အခြားတစ်ဘက်တွင်တော့ အလောင်းကောင် အင်မော်တယ်ဂိုဏ်းက အဝါရောင် အဆောင်စာရွက်များကို အသုံးပြု၍ စနစ်တကျ အကွက်ဖော်ကာ ကောင်းကင်ယံတွင် နေရာတိုင်းသို့ ကူးလူး သွားလာနိုင်သော လမ်းကြောင်းများ ဖောက်ထားသည်။ နေရာအသီးသီးမှ သူတို့လူများက တစ်ယောက်နှင့်တစ်ယောက် အကူအညီ ပေးနိုင်သဖြင့် ဤသတ်ပွဲတွင် အလောင်းကောင် အင်မော်တယ်ဂိုဏ်းက အောင်ပွဲခံရန် ကျိန်းသေနေပြီ ဖြစ်၏။
"တစ်မြို့လုံးကို ပိတ်ထား... ဘယ်သူမှ မထွက်စေနဲ့တဲ့... ဂိုဏ်းချုပ်က အမိန့်ပေးလိုက်တယ်..." မြို့လယ်ခေါင်မှ အော်သံတစ်သံ ထွက်ပေါ်လာသည်။
ချင်မူ ကြိုတင် ခန့်မှန်းနိုင်ခဲ့သဖြင့်သာ စောစောစီးစီး ထွက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ဟူလင်းအာက မှော်မိစ္ဆာလေကို ထုတ်သုံး၍ ချင်မူက လေပွေထိပ်ဖျားပေါ် နင်းလျှောက်ပြီး လူသားတစ်ယောက်နှင့် မြေခွေးတစ်ကောင် စီရင်စုနယ်မြေထဲမှ ပျံသန်း ထွက်ခွာတော့မည် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဓားတစ်စင်း လေဟုန်ခွင်းလာသံကို ကြားလိုက်ရ၏။ ချင်မူက နောက်သို့ပင် ပြန်လှည့်မကြည့်ချေ။ သူ၏ ငါးနဂါးက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို အန်ထုတ်လိုက်ပြီး ထိုဓားက ကောင်းကင်ယံ၌ ပျံဝဲ၍ နောက်ပြန်ထိုးထည့်လိုက်သည်။
ဒင်...။ စူးရှ ကျယ်လောင်သည့် အသံက ပတ်ဝန်းကျင် တစ်ခွင်လုံး ပျံ့နှံ့သွားပြီး ချင်မူ၏ နောက်ကျောသို့ ထိုးစိုက်လာသော ဓားပျံမှာ နောက်သို့ ပြန်ကန်ထွက်သွားသည်။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓား၏ အရှိန်အဟုန်က ထိုမျှနှင့် လျော့ကျသွားခြင်း မရှိဘဲ အလစ်ဝင်လာသည့် ဓားပျံ၏ ချီစွမ်းအင် ကြိုးမျှင်တစ်လျှောက် ပျံသန်းကာ ဓားပျံပိုင်ရှင်၏ ရင်ဝသို့ ထိုးစိုက်သွား၏။ အဝါရောင် အဆောင်စက္ကူများပေါ်မှ နင်းလျှောက်လာသော ဝတ်စုံနက်မှာ နောက်သို့ လွင့်ထွက်သွားပြီး အလံတိုင်တစ်ခု၌ ဓားတန်းလန်း ထိုးချိတ်သွားသည်။
အလောင်းကောင် အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းသား တစ်ယောက်က ချင်မူ့ကို နောက်ဘက်မှ အလစ်အငိုက်ဖမ်း တိုက်ခိုက်လိုက်သော်လည်း သူက အသံကို နားထောင်၍ နေရာ ခန့်မှန်းသည့် အတတ်ကို မျက်ကန်းထံမှ ငယ်စဉ်ကတည်းက သင်ယူလာခဲ့သူ ဖြစ်သည်။ ဓားပျံ ထွက်လာသည့်ဘက်နှင့် ထိုသူ ရပ်နေသည့် နေရာမှာ သူ့နားမှ လွတ်မြောက်ခဲ့ခြင်း မရှိပေ။
ထိုသူက အပိုင်သတ်ကွက်ကို အညှာတာ ကင်းမဲ့စွာ ထုတ်သုံးလိုက်ချိန်တွင် ချင်မူက အိမ်ရှေ့စံ ကိုယ်ရံတော်ဓားဖြင့် တန်ပြန် ထိုးသွင်း၍ အလိုအလျောက် တုံ့ပြန်မိပြီးသား ဖြစ်၏။ ဤသည်မှာ သူ ငယ်စဉ်ကတည်းက လေ့ကျင့်လာရသည့် အလေ့အကျင့် တစ်ခု ဖြစ်သည်။
မှော်မိစ္ဆာလေက လူသားတစ်ယောက်နှင့် မြေခွေးတစ်ကောင်ကို မြို့ပြင်သို့ ခေါ်ဆောင်သွားသည့် အချိန်တွင် အသံတစ်သံ ပေါ်ထွက်လာ၏။ "အစ်ကိုကြီးဟဲယင်... မြို့ထဲက လူတစ်ယောက် ထွက်ပြေးလာပြီး ညီငယ်လေးကို သတ်သွားတယ်..."
"ညီငယ်လေး... ဟုတ်လား..."
အံအားသင့်သံနှင့် ဒေါသသံ စွက်နေသော အသံတစ်သံ မြို့လယ်ခေါင်မှ ဟိန်းထွက်လာ၏။ "မင်းတို့ကောင်တွေ ဘာလုပ်နေကြတာလဲ... ညီငယ်လေးကို အန္တရာယ်တွေ့အောင် ဘာကိစ္စ လွှတ်ထားရတာလဲ... ဂိုဏ်းချုပ်ကို ငါ ဘယ်လို ရှင်းပြရတော့မလဲ ဟမ်... မြို့ကို သေချာကြည့်ထား... အဲကောင်ကို ငါ သွားသတ်မယ်..."
ချင်မူ ခြေလှမ်းများ ရပ်တန့်လိုက်ပြီး မှော်မိစ္ဆာလေမှာလည်း တစ်မုဟုတ်ချင်း ပြယ်လွင့်သွားသည်။ ဟူလင်းအာမှာ လေထဲမှ ခေါင်းအုံးကို ထားခဲ့၍ ချင်မူ၏ နောက်ကျောမှ အိတ်ပေါ်သို့ ခုန်တက်၍ အထဲသို့ တိုးဝင်လိုက်၏။
"ညီငယ်လေး ဆိုပါလား... ကြည့်ရတာ ငါ သတ်လိုက်တဲ့သူက အလောင်းကောင် အင်မော်တယ်ဂိုဏ်းချုပ်ရဲ့ သားများလား..."
ချင်မူက မြေကြီးပေါ်သို့ ခြေချ၍ ခြေကုန်သုတ် ပြေးရင်း စဉ်းစားလိုက်သည်။ "သာမန် ဂိုဏ်းသား တစ်ယောက်ပဲ ဖြစ်ချင်လည်း ဖြစ်မှာပါ..."
ဟူလင်းအာ၏ မှော်မိစ္ဆာလေက သွားရလာရ ပိုအဆင်ပြေသည် မှန်သော်လည်း ချင်မူ၏ ပြေးနှုန်းကို မမီချေ။ ထို့ပြင် ကောင်းကင်ယံတွင် ပျံပြေးရသည် ဖြစ်၍ နောက်မှ လိုက်လာသူများကို မျက်ခြည်ဖြတ်ရန် မဖြစ်နိုင်။ မြေကြီးပေါ်တွင် ပြေးသည်ကတော့ တောတောင်များကို အကာအကွယ်ယူ၍ ပြေးလွှားနိုင်သဖြင့် နောက်မှ လိုက်လာသော ရန်သူများအတွက် အမီလိုက်ရန် ပိုခက်သွားပေလိမ့်မည်။
ရုတ်တရက် ကောင်းကင်ယံတွင် မီးတောက်မီးလျှံများ ထိုးတက်လာပြီး မီးငှက်များ အသွင်သို့ ပြောင်းကာ ကောင်းကင်တစ်ခွင်လုံး လင်းလင်းတောက်သွားသည်။ ဤသည်က ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ဦး ထုတ်သုံးလိုက်သည့် ကောင်းကင်နတ်သိုင်း ပညာရပ် တစ်ခု ဖြစ်၏။
ချင်မူ ခေါင်းမော့ ကြည့်လိုက်သောအခါ မီးငှက်များ ပျံသန်းသွားသည်ကို မြင်လိုက်ရသည်။ ထိုမီးငှက်များ၏ နောက်တွင် အဝါရောင် အဆောင်စာရွက်များက တဖျပ်ဖျပ် လွင့်ပျံလာပြီး ကောင်းကင်တစ်ခွင်လုံး ဖုံးလွှမ်းသွားသည်။
ထိုအဝါရောင် အဆောင်စာရွက်များက လေးထောင့်ပုံ ရှိပြီး လူတစ်ယောက် အသာအယာ နင်းလျှောက်သွားနိုင်လောက်သည့် ခြေတစ်ဖဝါး အရွယ်မျှ ရှိသည်။
"ကောင်းကင်မျက်လုံး၊ နိုးထ..."
ချင်မူ၏ သူငယ်အိမ်ထဲတွင် ချီစွမ်းအင် အမှတ်အသားများ ပေါ်ထွက်လာပြီး ကောင်းကင်မျက်လုံး ပွင့်လာ၏။ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ ဖုတ်ကောင်ပျံများက ထိုအဝါရောင် အဆောင်စာရွက်များပေါ်တွင် နင်းလျှောက်၍ ကောင်းကင်ယံမှ ခုန်ဆွခုန်ဆွနှင့် လိုက်လာသည်ကို မြင်လိုက်ရသည်။
အဝါရောင် အဆောင်စာရွက်များက နှစ်ခွခွဲသွားပြီး ဖုတ်ကောင်ပျံများကလည်း အုပ်စု နှစ်ခု ခွဲသွား၏။ အဝါရောင် အဆောင်စာရွက်များက များသည်ထက် ပိုများလာပြီး လမ်းကြောင်း လေးခု ခွဲသွားသည်။ ဖုတ်ကောင်ပျံများမှာလည်း အုပ်စု လေးစု ဖြစ်သွားပြီး နေရာအနှံ့ လိုက်ရှာကြတော့၏။ အဝါရောင် အဆောင်စာရွက်များ၏ နောက်တွင်တော့ တာအိုရသေ့ငယ်တစ်ပါးက ဓားအိမ်ရှည်ကြီးကို နောက်ကျောတွင် လွယ်၍ လိုက်ပါလာသည်။ ထိုဓားအိမ်ရှည်ကြီးက ပွင့်လျက်သား ဖြစ်ပြီး အထဲမှ အဝါရောင် အဆောင်စာရွက်များ ပျံဝဲထွက်လာကာ ကောင်းကင်ယံတွင် အဆက်မပြတ် လမ်းခင်းပေးနေ၏။ ဤသည်က အလောင်းကောင် အင်မော်တယ် ဂိုဏ်းသား ပြောဆိုလိုက်သည့် အစ်ကိုကြီးဟဲယင်ဆိုသူ ဖြစ်ရမည်။
သူက အဝါရောင် အဆောင်စာရွက်များပေါ်မှ နင်း၍ လျှောက်လှမ်းလာ၏။ သူ့ခြေထောက်များ ကြွလိုက်သောအခါ အဝါရောင် အဆောင်စာရွက်များက လေထဲသို့ ပျံတက်၍ ဓားအိမ်ထဲ ပြန်ဝင်သွားကြသည်။ တစ်ချိန်တည်းမှာပင် အဝါရောင် အဆောင်စာရွက် အသစ်အသစ်များကလည်း ဓားအိမ်ထဲမှ ပျံဝဲထွက်ပေါ်လာပြီး သူ ခြေချမည့် နေရာသို့ လမ်းခင်းပေးနေ၏။
ထိုအဝါရောင် အဆောင်စာရွက်များ ဓားအိမ်ထဲသို့ ပြန်ဝင်သွားရသည့် အကြောင်းရင်းမှာ ၎င်းတို့ကို အသုံးပြုပြီးသွားသည့် အခါတိုင်း ကိန်းအောင်းပါလာသည့် ချီစွမ်းအင်များ ကုန်ဆုံးသွားသဖြင့် ဓားအိမ်ထဲ ဝင်၍ ချီစွမ်းအင် ပြန်ဖြည့်ရန် လိုအပ်ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ချင်မူ ရှေ့ဆက် ပြေးလိုက်သော်လည်း သူ၏ ပြေးနှုန်းက နှေး၏။
သူ့ရင်ထဲတွင် စိတ်ဓာတ်ကျသွားသည်။ ဤသည်က အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ ပွင့်ပြီးသော ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ့အနေဖြင့် ထိုသူ၏ လက်မှ လွတ်အောင် ပြေးရန် ခက်၏။
ဝိညာဉ်သန္ဓေသား အဆင့်နှင့် အရပ်ခြောက်မျက်နှာ အဆင့်ကြားတွင် ဓာတ်ကြီးငါးပါး အဆင့် ရှိသေးသည်။
ချင်မူမှာ လွန်ခဲ့သည့် သုံးနှစ်လုံးလုံး ကြိုးစားပမ်းစား လေ့ကျင့်ခဲ့ပြီး မကြာသေးမီကမှ သူ့ဝိညာဉ်သန္ဓေသား စတုတ္ထအကြိမ် နိုးထခဲ့ရသည်။ ဝိညာဉ်သန္ဓေသားအဆင့်၏ ပြီးပြည့်စုံသော အနေအထားသို့ ရောက်နေပြီ ဖြစ်သော်လည်း ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို ထိတွေ့နိုင်ခြင်း မရှိသေးပေ။
သူနှင့် ကောင်းကင်ယံမှ ဟဲယင်၏ ကြားတွင် အဆင့်နှစ်ဆင့် ကွာခြားနေ၏။ ထိုအဆင့် နှစ်ဆင့်က သူ ကျော်ဖြတ်နိုင်လိမ့်မည် မဟုတ်သည့် ကွာဟချက်ကြီး နှစ်ခု ဖြစ်သည်။
ဟဲယင် ထုတ်သုံးသွားသည့် ပညာရပ်များအရ သူက မီးငှက်ဝိညာဉ်ခန္ဓာ ဖြစ်ပြီး မီးဓာတ် ကောင်းကင်နတ်သိုင်းများ လေ့ကျင့်ထားပေလိမ့်မည်။ သူ့နောက်ကျောမှ ဓားအိမ်က ဓားသိုင်း လေ့ကျင့်ထားသူ တစ်ဦး ဖြစ်ကြောင်း သက်သေခံနေသည်။ ဓားအိမ်ထဲမှ အဝါရောင် အဆောင်စာရွက်များ တဖွဲဖွဲ ထွက်နေသည်ကို ကြည့်လျှင် သူက ထိုအဝါရောင် အဆောင်စာရွက်များကို ဓားပျံ ထိန်းချုပ်သကဲ့သို့ ထိန်းချုပ်နေခြင်း ဖြစ်ကြောင်း သိနိုင်သည်။
အဝါရောင် အဆောင်စာရွက်များက ပျံထွက်သွားလိုက်၊ ပြန်ဝင်လာလိုက်နှင့် စနစ်တကျ လည်ပတ်လျက် ရှိပြီး ဖုတ်ကောင်ပျံ များစွာနှင့် ရသေ့ငယ်ကို လေထဲတွင် ပျံဝဲနိုင်အောင် ထောက်ပံ့ပေးနေသည်။ ဤသည်ကို ကြည့်လျှင် သူ၏ ဓားစွမ်းရည်က အလွန်တရာ ထူးချွန် ထက်မြက်ကြောင်း ထင်ရှား၏။
ထို့ပြင် ဤအဝါရောင် အဆောင်စာရွက်များက သူတို့ကို ကောင်းကင်ယံတွင် ပျံဝဲနိုင်အောင် ထောက်ပံ့ပေးရုံသက်သက် ရိုးရှင်းမည် မဟုတ်။ ထိုအဝါရောင် အဆောင်စာရွက်များပေါ်တွင် ဟင်းရိုင်းပြဒါးနှင့် သွေးကို အသုံးပြု ရေးဆွဲထားသည့် မှော်သင်္ကေတများ ရှိနေသည်။ ဤစာရွက် တစ်ရွက်စီတိုင်း၏ စွမ်းအားက နိမ့်ကျလိမ့်မည် မဟုတ်ပေ။
"ငါ့မှာသာ ဘိုးဘိုးမာဆီက တထာဂတရဲ့ ရုပ်ပွားတော်ပဲ ဖြစ်ဖြစ်၊ ဘိုးဘိုးမျက်ကန်းရဲ့ ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံးပဲ ဖြစ်ဖြစ် ရှိနေသေးရင် သူနဲ့ ကောင်းကောင်းယှဉ်တိုက်နိုင်တယ်... ဒါပေမဲ့..."
ရုတ်တရက် ဖုတ်ကောင်ပျံ တစ်ကောင်က အောက်သို့ နိမ့်ဆင်းလာပြီး သူ့နောက်သို့ လိုက်လာ၏။ ချင်မူက အသည်းအသန် ပြေးလွှားလျက် ရှိပြီး သူ့နောက်သို့ လိုက်လာသော ဖုတ်ကောင်ပျံများက တစ်စထက်တစ်စ များပြားလာသည်။ ထိုဖုတ်ကောင်ပျံများက အမှန်အားဖြင့် ပျံသန်းနိုင်ခြင်း မရှိကြပေ။ ဟဲယင်ထံမှ အဝါရောင် အဆောင်စာရွက်များက အဆက်မပြတ် ပျံဝဲ ထွက်ပေါ်ပြီး သူတို့ ခြေချမည့် နေရာများတွင် ထောက်ကန်ပေးထားသဖြင့် ကောင်းကင်ယံတွင် လမ်းလျှောက်နိုင်သည့်အပြင် ပြေးလွှားခြင်း၊ တိုက်ခိုက်ခြင်းကိုပင် ပြုလုပ်နိုင်၍ ပျံသန်းနိုင်သော ဖုတ်ကောင်များနှင့် တူနေခြင်း ဖြစ်သည်။
ထိုဖုတ်ကောင်ပျံများ မြေပေါ်သို့ ဆင်းသက်လာသောအခါ အားအင်အပြည့်နှင့် ပြေးလွှားနိုင်ပြီး သာမန် သိုင်းသမားများထက်ပင် ပိုမြန်သေး၏။
ဟူလင်းအာက ကျောပိုးအိတ်ထဲမှ ခေါင်းပြူထွက်လာပြီး လေတစ်ချက်မှုတ်လိုက်ရာ တစ်မုဟုတ်ချင်း မှော်မိစ္ဆာလေ ထွက်ပေါ်လာသည်။ ထိုမှော်မိစ္ဆာလေထဲတွင် သဏ္ဌာန်မဲ့ လေပွေဓားသွားများ ဝဲလည်လှည့်၍ ဖုတ်ကောင်ပျံများထံ တိုးဝင်သွား၏။
ချွင်... ချွင်... ချွမ်... ချွမ်...။ သတ္ထုချင်းထိ တချွင်ချွင် အသံများ ထွက်ပေါ်လာပြီး ဟူလင်းအာ အကြီးအကျယ် အံ့အားသင့်သွားသည်။ ဖုတ်ကောင်ပျံများမှာ နှိုင်းမရအောင် မာကျောသည့် ခန္ဓာကိုယ် ရှိနေသဖြင့် သူမ၏ တိုက်ခိုက်မှုမှာ အချည်းနှီး ဖြစ်သွား၏။
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ ဤဖုတ်ကောင်ပျံများ၏ ခန္ဓာကိုယ်က အလွန်တရာ မာကျောလှပြီး သူ့ထက်ပင် သန်မာအားကောင်းဦးမည်။ ဆိုရလျှင် ၎င်းတို့မှာ လူသားအသွင် ရှိသည့် ဝိညာဉ်လက်နက်များသာ ဖြစ်၏။
သူ ဆုံးဖြတ်ချက်ကို မြန်မြန်ချ၍ မိုးရေစက်များ ပြောင်းရွှေ့ခြင်း မှော်သိုင်းကွက်ကို ထုတ်သုံးလိုက်သည်။ ကောင်းကင်ယံတွင် တိမ်တိုက်များ စုဝေးလာပြီး မိုးစက်များ တဖျောက်ဖျောက် ကျလာ၏။
"လင်းအာ... နင့်ရဲ့ လေနဲ့ ကူပေး..."
သူ၏ ဆိုလိုရင်းကို နားလည်စွာဖြင့် ဟူလင်းအာက သူမ၏ မှော်ဂါထာကို ထုတ်သုံးလိုက်သည်။ ချင်မူက ခန္ဓာကိုယ်ကို ချာချာလည်အောင် လှည့်၍ သူ့လက်များကို ယမ်းခါလိုက်သောအခါ မိုးရေစက်များက နောက်ဘက်သို့ တစ်ရှိန်ထိုး ပြေးထွက်သွားပြီး မိုးရေစက် ဓားသွားများအဖြစ် ပြောင်းလဲသွား၏။ တစ်ချိန်တည်းမှာပင် အားပြင်းသည့် လေပွေတစ်ခုက တိုက်ခတ်လာပြီး မိုးရေစက်များ၏ အရှိန်အဟုန်ကို ပိုအားကောင်းသွားစေသည်။ တစ်မုဟုတ်ချင်းပင် ချင်မူ၏ မှော်သိုင်းကွက် စွမ်းအားက ထောင်တက်သွားပြီး တစ်ဟုန်ထိုး ပြေးလိုက်လာသော ဖုတ်ကောင်ပျံများထံ တိုးဝင်သွားသည်။
သတ္ထုချင်း ထိသံ တချွင်ချွင် ညံသွား၏။ သူတို့ နှစ်ယောက် အတူတကွ ပူးပေါင်း လှုပ်ရှားလိုက်သောအခါ မှော်သိုင်းကွက်၏ စွမ်းအားက အကြီးအကျယ် တိုးမြင့်သွားပြီး မိုးရေစက်ဓားသွားများက ဖုတ်ကောင်ပျံများ၏ နှိုင်းမရအောင် မာကျောသော အရေပြားကို ထိုးဖောက် စိုက်ဝင်သွားသည်။ သူတို့နောက်မှ လိုက်လာသော ဖုတ်ကောင်ပျံ ငါးကောင်မှာ ဇကာပေါက်များ ဖြစ်သွား၏။
သို့သော်လည်း ထိုဖုတ်ကောင်ပျံများက နာကျင်မှုကို ခံစားတတ်သည့်ဟန် မရှိဘဲ သူတို့နောက်သို့ အသည်းအသန် ဆက်လိုက်လာသည်။ ၎င်းတို့က သစ်ပင်များ၊ ကျောက်တုံးများနှင့် သူတို့ရှေ့မှ မည်သည့်အရာကိုမျှ ရှောင်ရှားခြင်း မရှိဘဲ လမ်းပိတ်နေသော အရာမှန်သမျှကို တိုးတိုက် ချေမွသွား၏။
"ဇကာပေါက် ဖြစ်တာတောင် မသေနိုင်မှတော့... အမှုန့်ဖြစ်အောင် လုပ်ပစ်ရတော့မှာပေါ့..."
ချင်မူက မိုးရေစက်များကို ပြောင်းရွှေ့ခြင်း မှော်သိုင်းကွက်ကို အဆက်မပြတ် ထုတ်သုံးနေပြီး ဟူလင်းအာကလည်း သူမ၏ လေပွေကို အဆက်မပြတ် ထုတ်လွှတ်ပေးကာ နောက်မှာ လိုက်လာသော ဖုတ်ကောင်ပျံများကို ခြေလက်များ ပြတ်ထွက်၍ တစ်စစီ ဖြစ်အောင် လုပ်လိုက်သည်။ ထိုအခိုက်၌ တရှိန်ရှိန် တောက်လောင်နေသော မီးတောက်မီးလျှံများနှင့် မီးငှက် တစ်ကောင်က ဖုတ်ကောင်ပျံများ၏ နောက်မှ တစ်ဟုန်ထိုး ထိုးဆင်းလာ၏။ မီးတောက်မီးလျှံများက ဟုန်းခနဲ ထွက်ပေါ်လာပြီး ကိုက်ပေါင်း ဒါဇင်ချီ ပတ်လည်အတွင်း၌ မီးဟုန်းဟုန်း တောက်သွားသည်။ အလွန်တရာ ပြင်းထန်သည့် အပူရှိန်ကြောင့် သူတို့နှစ်ယောက်စလုံး၏ မှော်သိုင်းကွက်များ ပျက်ပြယ်သွားသည်။
ချင်မူနှင့် ဟူလင်းအာတို့ နှစ်ယောက်စလုံး ညည်းတွားလိုက်မိကြ၏။ သူတို့၏ မှော်သိုင်းကွက်များ ပျက်စီးသွားသည်တွင် ချီစွမ်းအင်လှိုင်းများ ပြန်ကန်ထွက်လာမှုကြောင့် သွေးလေ မတည်မငြိမ် ဖြစ်သွားသည်။
"မင်းက ငါတို့ အလောင်းကောင် အင်မော်တယ်ဂိုဏ်းချုပ်ရဲ့ သားကိုတောင် သတ်ရဲတယ် ဆိုမှတော့ ကိုယ်သေတွင်းကိုယ် တူးလိုက်တာပဲ..."
ဟဲယင်က ကောင်းကင်ယံမှ တစ်ဟုန်ထိုး ပြေးဝင်လာပြီး လေထဲမှ ဖုတ်ကောင်ပျံများကလည်း ချင်မူ့ကို ဝိုင်းတိုက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် မြေပေါ်မှ ဖုတ်ကောင်ပျံ ငါးကောင်ကလည်း သူ့ကို ခုန်အုပ်လိုက်၏။