← Chapters

ကောင်းကင်နတ်သိုင်းပညာရှင်

Vol. 8 Ch. 102

ကောင်းကင်နတ်သိုင်းပညာရှင်

Vol. 8 Ch. 102

"တကယ်ပဲ အလောင်းကောင် အင်မော်တယ်ဂိုဏ်းချုပ်ရဲ့ သားကိုး..."

ချင်မူ၏ မျက်နှာ မည်းမှောင်သွားသည်။ တိုက်ဆိုင်လွန်းမနေဘူးလား...။ ဂိုဏ်းချုပ်၏ သားက သူ့ကို တိုက်တိုက်ဆိုင်ဆိုင် လာတိုက်ပြီး သူ့ထံမှ ဓားဖြင့် ထိုးချက်တစ်ချက်ကိုပင် မခံနိုင်လောက် ပျော့ညံ့လွန်းနေ၏။

အလောင်းကောင် အင်မော်တယ်ဂိုဏ်းက သူ့ကို ဤတစ်ကြိမ် အလွတ်ပေးတော့မည် မဟုတ်။

ကောင်းကင်ယံမှ ဖုတ်ကောင်ပျံများ သူ့အနား ရောက်မလာမီပင် ညှီစို့စို့အနံ့ကို ရလိုက်၏။ ထိုဖုတ်ကောင်ပျံများ၏ စိမ်းပုပ်ပုပ် လက်သည်းများက အဆိပ်ပါကြောင်း မြင်သာလှသည်။

"ဒါ အလောင်းကောင် အဆိပ်ပဲ..."

ချင်မူ အနံ့ရှူမိသည်နှင့် အဆိပ်အမျိုးအစားကို တန်း၍ ခွဲခြားသိလိုက်သည်။ ဆေးဆရာ သူ့ကို သင်ပေးခဲ့သည့် အထဲတွင် ဆေးနှင့် အဆိပ်များကို အနံ့ရှူရုံနှင့် အမျိုးအစား ခွဲတတ်ရန်ပါ ပါ၏။ ချင်မူမှာ ငယ်စဉ်စတည်းက စ၍ ဆေးဆရာ တိုက်သည့် ဆေးပေါင်းများစွာ သောက်ခဲ့ရသည်။ သို့ဖြစ်၍ သူ့အနေဖြင့် ဆေးနှင့် အဆိပ်များကို ခွဲခြား သိရှိနိုင်စွမ်း မြင့်မားလေသည်။

ဖုတ်ကောင်ပျံများ၏ လက်သည်းများ၌ အလောင်းကောင်အဆိပ် ပါပြီး အရေပြားကို ကုတ်ခြစ်ခံလိုက်ရသည်နှင့် အရင်ဆုံး သွေးများ ခဲသွားပေလိမ့်မည်။ ထို့နောက် ကြွက်သားများ တောင့်တင်းသွားပြီး လက်နက်များ တိုးမပေါက်သည့် ကျောက်ဆောင် ကျောက်သားများကဲ့သို့ မာကျောသွားပေလိမ့်မည်။ နောက်ဆုံးတွင်တော့ အသိစိတ်ပါ ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ် တစ်စစီ ပြိုကွဲသွားပေလိမ့်မည်။

ချင်မူ အားကုန်ထုတ် ပြေးနေသော်လည်း သူ့နောက်မှ လိုက်လာသော ဖုတ်ကောင်ပျံများ၏ ပြေးနှုန်းက သူ့ထက် မြန်၏။ သူတို့ကြားမှ အကွာအဝေးက နီးသည်ထက် နီးကပ်လာသည်။

အဝါရောင် အဆောင်စာရွက်များက အဆက်မပြတ် လမ်းခင်းပေးနေပြီး ဖုတ်ကောင်ပျံများက ကောင်းကင်ယံမှ ခုန်ဆွခုန်ဆွနှင့် လိုက်လာကာ သူတို့နှစ်ယောက်ကို မီတော့မလို ဖြစ်လာ၏။

သူတို့၏နောက်တွင်တော့ ဟဲယင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ထပ် မီးငှက်တစ်ကောင်က တောင်ပံတဖျပ်ဖျပ် ခတ်၍ ပေါ်ထွက်လာသည်။ ထိုမီးငှက် အနားသို့ ရောက်မလာမီမှာပင် တရှိန်ရှိန် တက်လာသော အပူလှိုင်း ချင်မူ ခံစားလိုက်မိ၏။ ပတ်ဝန်းကျင် လေထု တစ်ခုလုံး ပူပြင်းခြောက်သွေ့လာပြီး မြေပြင်မှ စိမ်းစိုနေသော သစ်ပင်၊ မြက်ပင်များ အားလုံး တစ်မုဟုတ်ချင်း ခြောက်သွေ့ ညှိုးရော်သွားသည်။

ဤတစ်ယောက်က မှော်သိုင်းရော၊ ဓားပျံထိန်းချုပ်သိုင်းပါ လေ့ကျင့်၍ လမ်းစဉ်နှစ်ခုလုံး လိုက်ထားခြင်း ဖြစ်မည်။ ဤသို့သော ဖြစ်ရပ်မျိုးက အတိတ်ကာလတွင် ရှားပါးသည် ဖြစ်သော်လည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဧကရာဇ် အတိုင်ပင်ခံမှာ ဆုံးဖြတ်ချက် ပြတ်သား ရဲရင့်သူ ဖြစ်သည့်အတွက် ရှေးရိုးလမ်းစဉ်များကို ပြုပြင်ပြောင်းလဲခဲ့သည်။ တစ်လောကလုံးမှ ဂိုဏ်းအသီးသီးကို အင်ပါယာအတွက် စုစည်း၍ မြောက်မြားစွာသော ရှေးရိုးစွဲ ကန့်သတ်ချက်များကို ချိုးဖောက်ပြီး သိုင်းပညာ လမ်းစဉ်များ၏ ဆန့်ကျင်ခြားနားမှုကို လျော့ပါးစေခဲ့သည်။ ထို့ကြောင့် ဤကဲ့သို့ သိုင်းပညာ လမ်းစဉ် နှစ်ခု၊ သုံးခု ပေါင်းစည်း လေ့ကျင့်ထားသူများ ပေါ်ထွက်လာခြင်း ဖြစ်သည်။

အလောင်းကောင် အင်မော်တယ်ဂိုဏ်းကဲ့သို့သော မိစ္ဆာဂိုဏ်းများပင် ဤတော်လှန် ပြောင်းလဲမှုကြီးမှ အကျိုးအမြတ် ရ၍ သူတို့ဂိုဏ်း၏ ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများ တိုးတက်လာအောင် ပြုပြင်ပြီး အသစ်အသစ်သော မှော်သိုင်း၊ ကောင်းကင်နတ်သိုင်း များစွာ ဖန်တီးနိုင်ခဲ့သည်။

"မဟုတ်သေးဘူး... သိုင်းလမ်းစဉ် သုံးမျိုး ဖြစ်လိမ့်မယ်... ဒီဖုတ်ကောင်ပျံတွေ တိုက်ခိုက်တာက သိုင်းကွက် အသားပေး လမ်းစဉ်က ပညာရပ်တွေနဲ့ပဲ..."

ချင်မူ မျက်မှောင်ကြုတ်ပြီး သူ့ခြေများမှ ခွန်အားကို ရုတ်တရက် တိုးမြှင့်လိုက်သည်။ သူ့ခန္ဓာကိုယ်က နဂါးတစ်ကောင်ကဲ့သို့ တွန့်လိမ်၍ ကြီးမားသော မီးငှက်ကြီး၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။

မမျှော်လင့်စွာပင် ထိုမီးငှက်ကြီးမှာ အုန်းခနဲ ပေါက်ကွဲသွား၏။ မီးတောက်မီးလျှံများက တဝုန်းဝုန်း ပေါက်ကွဲပြီး ကိုက်နှစ်ဆယ်ခန့် အချင်းရှိသော မီးလုံးကြီး တစ်လုံး ဖြစ်သွားသည်။ တရှိန်ရှိန်ထနေသာ အပူလှိုင်းနှင့် မီးရှိန်က ချင်မူကို အားအဟုန်ပြင်းစွာ ဝင်ဆောင့်၏။

ချင်မူ မြေပြင်ပေါ်သို့ ခြေပြန်မချနိုင်မီမှာပင် အဝါရောင် အဆောင်စာရွက်များ တဖျပ်ဖျပ် ပျံသန်းလာသည်ကို မြင်လိုက်ရပြီး ဖုတ်ကောင်ပျံ ရှစ်ကောင်၊ ကိုးကောင်ခန့်က မီးတောက်မီးလျှံများကြားမှ ဖြတ်သန်း၍ ထိုအဝါရောင် အဆောင်စာရွက်များပေါ် နင်းလျှောက်ကာ သူ့ကို တိုက်ခိုက်လာသည်။

ဤဖုတ်ကောင်ပျံများ အားလုံးက ဓာတ်ကြီးငါးပါးအဆင့် ရှိသော ထိပ်တန်း သိုင်းသမားများ ဖြစ်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များက ဝိညာဉ်လက်နက်များကဲ့သို့ မာကျော၏။ သူတို့၏ သိုင်းကွက်များက ရိုးရှင်းပြီး ပင့်ကော်ခြင်း၊ လှီးခြင်း၊ ဖြတ်ခြင်း၊ ထိုးခြင်းတို့လောက်သာ လှုပ်ရှားနိုင်သော်လည်း ဝိုင်းတိုက်ခံရလျှင် သူ့အတွက် လွတ်လမ်းမမြင်ချေ။

သူ့နောက်တွင် မြေကြီးပေါ်မှ လိုက်လာသော ဖုတ်ကောင်ပျံများ ရှိသကဲ့သို့ ကောင်းကင်ယံမှ လိုက်လံ တိုက်လိုက်နေသော ဖုတ်ကောင်ပျံများလည်း ရှိသည်။ ထို့ပြင် ဟဲယင်ကလည်း ကောင်းကင်နတ်သိုင်းများနှင့် တိုက်ခိုက်နေသည့်အတွက် သူ့အတွက် အခြေအနေက အလွန်တရာ ဆိုးရွားနေသည်။

အဝါရောင် အဆောင်စာရွက်များက တဖျပ်ဖျပ် လွင့်ဝဲ၍ လေထုကို တရွှီရွှီ ထိုးခွင်းလာသည်။ ဟဲယင်က ထိုအဝါရောင် အဆောင်စာရွက်များကို ထိန်းချုပ်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူက ဓားသိုင်းကွက်များ အသုံးပြုနေခြင်း ဖြစ်သည်။ ဤသို့သော ဓားကွက်မျိုးက အလွန်တရာ ရှုပ်ထွေးနက်နဲလှပြီး လီမြစ်ဂိုဏ်း၏ ဓားသိုင်းအောက် မနိမ့်ကျပေ။

အရေးအကြီးဆုံး အချက်မှာ ထိုအဝါရောင် အဆောင်စာရွက်များပေါ်တွင် ဟင်းရိုင်းပြဒါးနှင့် သွေးကို အသုံးပြု ရေးဆွဲထားသော မှော်သင်္ကေတများကို သူ ရတက်မအေးနိုင် ဖြစ်နေရသည်။

၎င်းတို့သာ သာမန်စာရွက်များ ဖြစ်လျှင် ဓားတစ်လက်၏ စွမ်းအားမျိုး ရှိမည် မဟုတ်။ သို့သော်လည်း မှော်သင်္ကေတများ ရေးဆွဲထားသည် ဖြစ်၍ ထိုအဆောင်စာရွက်များတွင် စွမ်းအား တစ်ခုခု ကိန်းအောင်း ပါဝင်နေပေလိမ့်မည်။

ချင်မူက လေထဲတွင် ပျံဝဲနေရင်းနှင့် ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာကို အသုံးပြု၍ သူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို ပိတ်ဆို့လိုက်သည်။ ထို့နောက် သူ့ကျောပိုးအိတ်ထဲမှ မြေခွေးလေးကို ချီစွမ်းအင်ဖြင့် ဆွဲထုတ်ယူလိုက်၏။ သူ၏ လက်ချောင်း ဆယ်ချောင်းစလုံး လျင်မြန်စွာ လှုပ်ရှားသွားပြီး သူမ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို သူမ၏ ခန္ဓာကိုယ်နှင့် တွဲ၍ ချုပ်နှောင်လိုက်သည်။

ဟူလင်းအာမှာ သူမ၏ တစ်ကိုယ်လုံး ထိပုတ်ခြင်း ခံလိုက်ရသဖြင့် ရှက်ဒေါသထွက်သွားပြီး အိတ်ထဲသို့ တိုးဝင်ကာ ပြန်ထွက်မလာတော့ချေ။

ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို ချုပ်နှောင်ခြင်းမှာ ခန္ဓာကိုယ်၏ အတွင်း အစိတ်အပိုင်းများကို တို့ထိရန် လိုအပ်၏။ သူမက မြေခွေး အမကလေးသာ ဖြစ်သည် မဟုတ်လား။ သို့ဖြစ်၍ သူမ ရှက်သွား၏။

ချင်မူကတော့ ထိုကိစ္စများကို ဂရုမစိုက်အားချေ။ ထိုအဝါရောင် အဆောင်စာရွက်များက သေဆုံးသူများအတွက် မီးရှို့ပေးသော ရွှေစက္ကူ၊ ငွေစက္ကူများ ဖြစ်သည်။ ၎င်းတို့အပေါ်တွင် မှော်သင်္ကေတများ ရေးဆွဲထားသဖြင့် ထိုအဆောင်စာရွက်များ၏ စွမ်းအားက ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များကို ဦးတည် တိုက်ခိုက်ဖို့ရန် များ၏။ ထိုအဝါရောင် အဆောင်စာရွက်များနှင့် ထိတွေ့မိပြီး ၎င်းတို့၏ စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာလျှင် သူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များ ထိခိုက်ဒဏ်ရာ ရသွားနိုင်၏။ သို့ဖြစ်၍ ထိုသို့ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုကို အလစ်အငိုက် မခံရစေရန် သူ၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များကို ကြိုတင် ပိတ်ဆို့ထားခြင်း ဖြစ်သည်။

ဝှစ်...။

အဝါရောင် အဆောင်စာရွက်များက ကောင်းကင်ယံမှ အုပ်မိုးကျလာ၏။ ထိုအဝါရောင် အဆောင်စာရွက်များနှင့်အတူ ဖုတ်ကောင်ပျံ ရှစ်ကောင်လည်း ပါလာသည်။ အဝါရောင် အဆောင်စာရွက်များက ချင်မူ၏ ဘေးနှစ်ဖက်သို့ ခွဲဖြာသွားပြီး ဖုတ်ကောင်ပျံ ရှစ်ကောင်က သူ့ကို ဘေးပတ်လည်မှ ဝိုင်းပတ် တိုက်ခိုက်လိုက်ကြသည်။

ချင်မူက လေထဲမှ အောက်သို့ နိမ့်ဆင်းလာသောအခါ မြေပြင်ပေါ်မှ ဖုတ်ကောင်ပျံ ငါးကောင် ခုန်ထ၍ တိုက်ခိုက်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် အဝါရောင် အဆောင်စာရွက်များက ဖုတ်ကောင်အုပ်အပေါ် ဖြန့်ကြက် အုပ်မိုးသွားသည်။

"ချုပ်စမ်း..." ဟဲယင်က အော်ဟစ် အမိန့်ပေးလိုက်၏။

အဝါရောင် အဆောင်စာရွက် တစ်ရွက်က ရုတ်တရက် မီးလောင် ပေါက်ကွဲသွားသည်။ သို့သော်လည်း ထိုစာရွက်ပေါ်မှ ဟင်းရိုင်းပြဒါးနှင့် သွေးကို အသုံးပြု ရေးဆွဲထားသော မှော်သင်္ကေတများကတော့ ပျောက်ကွယ်သွားခြင်း မရှိဘဲ မီးလျှံများပေါ်တွင် အရွယ်အစား တဖြည်းဖြည်း ကြီးမားလာပြီး ချင်မူ၏ ကိုယ်ပေါ်သို့ လင်းထိန် ကျရောက်သွား၏။

ချင်မူက မည်သို့မျှ မနေသကဲ့သို့ ရှိပြီး သူ့နောက်ကျောမှ ငါးနဂါး တစ်ကောင် ခုန်ထွက်လာကာ  ရတနာဓားတစ်ချောင်းကို အန်ထုတ်လိုက်သည်။ ဒုက္ခိတဘိုးဘွား ကျေးရွာမှ လူငယ်လေး၏ လက်မောင်းလုံးခန့် တုတ်သော ချီစွမ်းအင်ကြိုးမျှင်က ဟုန်းခနဲ ထွက်ပေါ်လာပြီး အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ဆွဲယူကာ အလျားလိုက် ခုတ်ပိုင်းချလိုက်သည်။

ခုတ်ပိုင်းဓားချက်...။

ဓားလှိုင်းစွမ်းအင်က လေထဲတွင် ပေါက်ကွဲ ထွက်ပေါ်လာပြီး ဖုတ်ကောင်ပျံ တစ်ကောင်၏ ခေါင်းပြတ်တစ်လုံး လိမ့်ဆင်းသွား၏။

နောက်မှ ပြေးလိုက်လာသော ဟဲယင်မှာ အံ့အားသင့်သွားသည်။ အခြား အဝါရောင် အဆောင်စာရွက်များကို ဖောက်ခွဲ၍ ချင်မူ့ကို ဟန့်တားရန် ကြိုးစားလိုက်၏။

သူ၏ အချုပ်အနှောင် အဆောင်စာရွက်များက လူခန္ဓာကိုယ်၏ ယန်ဝိညာဉ်သုံးခုနှင့် ယင်ဝိညာဉ် ခုနစ်ခုကို ချုပ်ရန် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များသာ အချုပ်အနှောင် ခံလိုက်ရလျှင် ရုပ်ခန္ဓာမှာလည်း လှုပ်ရှားနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။ သို့သော်လည်း အစောက အချုပ်အနှောင် အဆောင်စာရွက်က အာနိသင် မပြသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားသည်။

အခြား အဆောင်စာရွက်များ အပေါ်မှ မှော်သင်္ကေတများက တဝုန်းဝုန်း ပေါက်ကွဲ ထွက်ပေါ်လာပြီး ချင်မူ၏ ပတ်ပတ်လည်တွင် ဝန်းရံ ပိတ်ဆို့သွားသည်။ သို့သော်လည်း ချင်မူက အနည်းငယ်မျှပင် ချုပ်နှောင်ခံရသည့် အမူအရာ မရှိဘဲ သူ့လက်ချောင်းများကိုပင် တောက်ထုတ်နေနိုင်သေး၏။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက ခုတ်ပိုင်းဓားချက်မှ တောက်ထုတ်ဓားချက် အဖြစ်သို့ ပြောင်းသွားပြီး နောက်ထပ် ဖုတ်ကောင်ပျံ တစ်ကောင်ကို နှစ်ခြမ်းကွဲအောင် ဓားဦးဖြင့် ဆတ်ခနဲ တောက်ထုတ်လိုက်သည်။ ထို့နောက် ရစ်ဆွဲဓားချက်ဖြင့် အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ထိန်းချုပ်ကာ တတိယ ဖုတ်ကောင်ပျံ၏ လည်ပင်းကို စက်ဝိုင်းပုံ အကွင်းတစ်ခု ဖြစ်အောင် လှီးဖြတ်လိုက်၏။

အိမ်ရှေ့စံ ကိုယ်ရံတော်ဓား၏ ဓားဦးထိပ်ဖျားကို အပြင်ဘက်သို့ မျက်နှာမူ၍ စက်ဝိုင်းတစ်ပတ် ဝှေ့ယမ်းလိုက်သည်တွင် ပတ်ပတ်လည်မှ ဖုတ်ကောင်ပျံများ၏ ဦးခေါင်းများ မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ဖုတ်ကောင်ပျံ ရှစ်ကောင်၏ ဦးခေါင်းများ ပြုတ်ထွက်သွားပြီး မြေပေါ်သို့ ပုံကျသွားသည်။

ဝှေ့ယမ်းဓားချက်...။

ချင်မူ၏ ဓားချက်များက အလွန်တရာ လျင်မြန်လှသည်။ ဓားချက်က ရိုးရှင်းလေလေ ပို၍ မြန်ဆန်လေလေပင် မဟုတ်လား။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓား၏ ထက်ရှမှုနှင့် ပေါင်းစည်းလိုက်သောအခါ ဖုတ်ကောင်ပျံ ရှစ်ကောင်မှာ သူ့ကို မတိုက်ခိုက်နိုင်မီ ခေါင်းများ ခုတ်ဖြတ်ခံလိုက်ရ၏။

ဟဲယင်၏ မျက်နှာတစ်ပြင်လုံး ရှုံ့မဲ့သွားသည်။ သိုင်းကွက် အသားပေး ပညာရှင်များနှင့် မှော်သိုင်းပညာရှင်များကို ဖုတ်ကောင်ပျံများနှင့် ဝိုင်းပတ် တိုက်ခိုက်ရန် လွယ်ကူသော်လည်း ချင်မူကဲ့သို့ ဓားသိုင်း ပညာရှင်ကို တိုက်ခိုက်ရာတွင်တော့ မလွယ်ကူချေ။

အထူးသဖြင့် ထိုဓားသိုင်းပညာရှင်၏ ဓားက တုနှိုင်းမရအောင် ထက်ရှနေသည့် အခါမျိုး ဖြစ်၏။ သူ့ဖုတ်ကောင်ပျံများကို တန်ပြန်တိုက်ခိုက်ရန် အထွေအထူး ပြင်ဆင်ထားသကဲ့သို့ ရှိချေလိမ့်မည်။

သူ၏ ဖုတ်ကောင်ပျံများမှာ အလောင်းကောင်များကို အသေအချာ ထိန်းသိမ်း၍ ဖန်တီးထားခြင်း ဖြစ်သည်။ ဤဖုတ်ကောင်ပျံများ၏ မာကျောခိုင်ခန့်မှုက အလွန်တရာ မြင့်မားလှပြီး သာမန် ဝိညာဉ်လက်နက်များဖြင့် ထွင်းဖောက်နိုင်ခြင်း မရှိပေ။ ထို့ပြင် ၎င်းတို့မှာ မည်သည့် စိတ်ဝိညာဉ်မျှ မရှိသဖြင့် စိတ်ဝိညာဉ်ကို ဦးတည် တိုက်ခိုက်သော မှော်သိုင်းကွက်များကလည်း ထိရောက်မှု ရှိလိမ့်မည် မဟုတ်။

ချင်မူ၏ အလျားလိုက် ခုတ်ပိုင်းချက်က သာမန်ဟုသာ ထင်ရသော်လည်း သူ့လက်တစ်ချက် အမြှောက်တွင် ခေါင်းပြတ်များ လိမ့်ဆင်းသွားသည်ကို ကြည့်လျှင် သူ့လက်ထဲမှ ဓားမှာ ဝိညာဉ်လက်နက် ရတနာ အများစုထက် သာလွန်ကြောင်း ထင်ရှား၏။

ဟဲယင်က ချင်မူ၏ အောက်ဘက်မှ ဖုတ်ကောင်ပျံ ငါးကောင်ကို ကမန်းကတန်း တားဆီး၍ ပြန်ခေါ်ယူကာ ဓားအိမ်ထဲမှ အဝါရောင် အဆောင်စာရွက်များ ပစ်လွှတ်၍ ခုတ်ပိုင်းတိုက်ခိုက်လိုက်သည်။

ချင်မူပ ထိုအခွင့်အရေးကို အရအမိ ယူ၍ ဟဲယင်ကို မျက်နှာချင်းဆိုင်လျက်သားနှင့် နောက်ပြန် ပြေးသွားသည်။ နောက်ပြန် ပြေးရာတွင်ပင် အရှိန်အဟုန်နှင့် ပြေးနိုင်အောင် ထော့ကျိုး သင်ပေးထားသော ကောင်းကင်ခိုးယူ ခြေလှမ်းကို သူ ထုတ်သုံးနေခြင်း ဖြစ်သည်။ သူ၏ ပြေးနှုန်းက အနည်းငယ်မျှပင် နှေးကျသွားခြင်း မရှိ။

ရွှမ်း...။

ဓားရောင် တစ်ချက် လက်သွားပြီး ချင်မူက ချီစွမ်းအင်ဖြင့် ဓားပျံကို ထိန်းချုပ်၍ သူ့ထံသို့ ပျံဝဲလာသော အဝါရောင် အဆောင်စာရွက်များကို ထိုးစိုက်လိုက်သည်။

ဘုန်း...။

သူ၏ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက ရှေ့ဆုံးမှ အဝါရောင် အဆောင်စာရွက်နှင့် ထိတွေ့သွားသည့်အခါ ပြင်းထန်သော ပေါက်ကွဲမှုကြီး တစ်ခု ထွက်ပေါ်လာ၏။ အဆောင်စာရွက်ပေါ်မှ မှော်သင်္ကေတများက ရုတ်တရက် ပေါက်ကွဲသွားပြီး ထိုအားလှိုင်းကြောင့် အခြား အဆောင်စာရွက်များ အပေါ်မှ မှော်သင်္ကေများလည်း တစ်မုဟုတ်ချင်း ပေါက်ကွဲသွားသည်။ ပေါက်ကွဲသံများ ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာပြီး ချင်မူမှာ အားလှိုင်းအဟုန်၏ ရိုက်ခတ်မှုဒဏ် ခံလိုက်ရ၏။ သူ့ရင်ဘတ် တစ်ခုလုံး တဆတ်ဆတ် တုန်ခါသွားပြီး အဆုတ်များကို လက်ဖြင့် ဆုပ်ညှစ်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရကာ ခြေကားရား လက်ကားရား လွင့်ထွက်သွားသည်။

ကိုက်ပေါင်း ဒါဇင်ချီထိ လွင့်ထွက်သွားပြီး ဟူလင်းအာက ကျောပိုးအိတ်ထဲမှ ကမန်းကတန်း တိုးထွက်၍ သူမ၏ မှော်ဂါထာဖြင့် လေပွေ တစ်ခု ဖန်တီးကာ အားလှိုင်းရိုက်ခတ်မှုကို လျော့ကျအောင် လုပ်လိုက်သည့်အခါမှ  ချင်မူ ဟန်ချက် ပြန်ထိန်းလိုက်နိုင်သည်။

သို့သော်လည်း အိမ်ရှေ့စံ ကိုယ်ရံတော်ဓားနှင့် ချိတ်ဆက်ထားသည့် ချီစွမ်းအင် ကြိုးမျှင်မှာ ပေါက်ကွဲမှုဒဏ်ကြောင့် ပျက်စီးသွားသဖြင့် အိမ်ရှေ့စံ ကိုယ်ရံတော်ဓားမှာ လွင့်စင်သွားပြီး ညအမှောင်ထုထဲ ပျောက်ကွယ်သွား၏။

ချင်မူမှာ မြေပြင်ပေါ်သို့ ခြေချ၍ အသက်ပြင်းပြင်း ရှူလိုက်ပြီး ချောင်းတဟွတ်ဟွတ် ဆိုးသွားသည်။ ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း သူ့အဆုတ်များမှာ ပေါက်ကွဲမှု အားလှိုင်း ရိုက်ခတ်ဒဏ်ကို ခံလိုက်ရသေး၏။ သူက အဆိပ်တစ်ရာ ရွှေပိုးချည် ဝတ်စုံကို ဝတ်စုံကို ဝတ်ဆင်ထားသဖြင့်သာ ဤမျှနှင့် ပြီးသွားခြင်း ဖြစ်သည်။ မဟုတ်လျှင် ဤပေါက်မှုကြောင့် သူ့အသက် ဆုံးရှုံးရပေလိမ့်မည်။

"ဒီကောင် မသေသေးဘူးလား..."

ဟဲယင်က ညှီစို့စို့ အနံ့ရှိသည့် ဆေးအဆီ တစ်အိုးကို ဖုတ်ကောင်ပျံ တစ်ကောင်ထံသို့ ပစ်ပေးလိုက်ပြီး ချင်မူ့နောက်သို့ တစ်မုဟုတ်ချင်း ပြေးလိုက်သွား၏။ သူ၏ အဝါရောင် အဆောင်စာရွက်များတွင် မီးလျှံ ကောင်းကင်နတ်သိုင်းများ ရေးသား ထည့်သွင်းထားသဖြင့် ရန်သူကို လှီးဖြတ် တိုက်ခိုက်နိုင်သကဲ့သို့ ဖောက်ခွဲ၍လည်း တိုက်ခိုက်နိုင်သည်။ ထိုပေါက်ကွဲမှုများက ရုပ်ခန္ဓာကို အဓိက ထိခိုက်စေနိုင်သည် မဟုတ်။ သက်ရောက်မှု အကြီးမားဆုံးမှာ ၎င်းတို့၏ ကျယ်လောင်သော ပေါက်ကွဲသံများ ဖြစ်သည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများကို ထိပ်တိုက် ရင်ဆိုင်ရလျှင် ယန်ဝိညာဉ် သုံးခုနှင့် ယင်ဝိညာဉ် ခုနစ်ခုစလုံး ခန္ဓာကိုယ်မှ လွင့်စင်ထွက်သွားပြီး ပေါက်ကွဲမှုများအကြားတွင် တစ်စစီ ပျက်စီးပြယ်လွင့်သွားပေလိမ့်မည်။

သူ မမျှော်လင့်ခဲ့မိသည်မှာ ချင်မူက ပေါက်ကွဲမှုများ၏ ဒဏ်ကို ခံနိုင်သကဲ့သို့ ယန်ဝိညာဉ် သုံးခုနှင့် ယင်ဝိညာဉ် ခုနစ်ခုကို ဖျက်ဆီးနိုင်သော ပေါက်ကွဲသံများကိုပါ ခံနိုင်ရည် ရှိနေခြင်း ဖြစ်သည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုကို ခံနိုင်ခဲ့သည် ဆိုလျှင်တောင်မှ အလကား ဖြစ်သွားချေပြီ။ ယခု ချင်မူ၏ အလွန်တရာ ထက်ရှလှသော ရတနာဓားက လွင့်စင်ထွက်သွားပြီး ပေါက်ကွဲမှု အရှိန်ကြောင့် ဒဏ်ရာများလည်း ရထားသည် ဖြစ်ရာ သူ့အတွက် သေလမ်းသာ ရှိတော့၏။

ချင်မူက နောက်သို့ ဆုတ်ခွာ ထွက်ပြေးရမည့်အစား ရှေ့သို့ တိုးလာပြီး ဓားအိမ်ကို ဖြုတ်ယူလိုက်သည်။ သူက ချီစွမ်းအင်ကို အသုံးပြု၍ ဓားအိမ်ကို ဓားပျံတစ်ချောင်းကဲ့သို့ ထိန်းချုပ်ကာ ဟဲယင်ကို ထိုးစိုက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ခြေထောက်များက တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး ဟဲယင် အနီးသို့ တိုးကပ်သွားသည်။

ဟဲယင်က လှောင်ပြုံး တစ်ချက်ပြုံးလိုက်ပြီး သူ၏ ချီစွမ်းအင်ကို တစ်ဟုန်ထိုး ထုတ်ဖော်၍ မီးငှက်များအဖြစ် ပြောင်းလဲကာ ချင်မူ့ကို တိုက်ခိုက်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ့နောက်ကျောရှိ ဓားအိမ်ထဲမှ အဝါရောင် အဆောင်စာရွက်များ တဖျပ်ဖျပ် ထွက်ပေါ်လာပြီး ချင်မူ့ကို ခုတ်ပိုင်းချလိုက်သည်။

ချင်မူ၏ ခြေလှမ်းများက ပို၍ သွက်လက်စွာ လှုပ်ရှားလာပြီး မာန်သွင်းအော်ဟစ်သံ တစ်ချက်နှင့်အတူ လက်ချောင်းများဖြင့် ထိုးသွင်းလိုက်၏။

ထိုးသွင်းဓားချက်...။

ဓားအိမ်က တရွှီရွှီ မြည်၍ ဟဲယင်ထံ တိုးဝင်သွားသည်။ သူက သရော်တော်တော် ပြုံးလိုက်၏။ အဝါရောင် အဆောင်စာရွက် တစ်ရွက်က သူ့ဓားအိမ်ထဲမှ ပျံဝဲထွက်ပေါ်လာပြီး ချင်မူ၏ ဓားအိမ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ချင်မူ၏ ထိုးသွင်းဓားချက် အားအဟုန်က မသေးလှသော်လည်း ဓားအိမ်အဝက သူ့ဘက်သို့ ဦးတည် ထိုးသွင်းလာခြင်း ဖြစ်သည်။ ဓားအိမ်၏ ထိပ်ပိတ် ချွန်ထက်သည့် အပိုင်းကို မသုံးဘဲနှင့်တော့ သူ့ကို ထိုးစိုက်မိလျှင်တောင်မှ များစွာ ထိခိုက်စေလိမ့်မည် မဟုတ်ပေ။

သူ့အနေဖြင့် အဆောင်စာရွက် တစ်ရွက်ကို ဖောက်ခွဲ၍ ချင်မူ၏ တိုက်ခိုက်မှုကို ကာကွယ်တားဆီးကာ ဓားအိမ်ကို လွင့်ထွက်သွားအောင် လုပ်နိုင်ပေလိမ့်မည်။

ထိုအခိုက်အတန့်ကလေး၌ ဓားအိမ်၏ အဝက ငါးနဂါး တစ်ကောင် ပါးစပ်ကို ဖြဲဟ၍ ခုန်ဝင်လာသည့် အသွင်သို့ ရုတ်တရက် ပြောင်းလဲသွားသည်။

ဟဲယင်၏ ရင်ထဲတွင် အံ့ဩတုန်လှုပ်သွားသည်။ ရုတ်ခြည်းပင် သူ့နောက်မှ လေခွင်းသံ တစ်သံ ကြားလိုက်ရ၏။ အဝေးသို့ လွင့်စင်ကျသွားသော အိမ်ရှေ့စံ ကိုယ်ရံတော်ဓားမှာ တရွှီရွှီ အော်မြည်၍ ပြန်လည် ပြေးဝင်လာပြီး သူ့နောက်ကျောဘက်မှ နှလုံးနေရာတည့်တည့်သို့ ထိုးစိုက်လာသည်။

ဟဲယင် ကမန်းကတန်း လှုပ်ရှား၍ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားနှင့် ဓားအိမ်မှ အသွင်ပြောင်းထားသော ငါးနဂါးကို ရှောင်ရှားရန် ကြိုးစားလိုက်သော်လည်း ချင်မူ၏ ကျောပိုးအိတ်ထဲမှ အမွေးဖွား ခေါင်းသေးသေးလေး တစ်ခု ထွက်ပေါ်လာပြီး လေပွေတစ်ခုကို မှုတ်ထုတ်ကာ သူ့ကိုယ်ကို တစ်ခဏမျှ လှုပ်မရအောင် ချုပ်နှောင်သွား၏။

ဟဲယင် လေပွေ၏ ချုပ်နှောင်မှုမှ ရုန်းထွက်ပြီးသည့် အချိန်တွင် သူ့ပခုံးလက်ပြင်ရိုးဆီမှ အေးစက်စက် အထိအတွေ့ကို ရလိုက်သည်။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက သူ့ပခုံးလက်ပြင်ရိုးကို ထွင်းဖောက်၍ သွေးတန်းတစ်ခုနှင့်အတူ ငါးနဂါး၏ ပါးစပ်ထဲ ဝင်ရောက်သွားသည်။

ချင်မူ၏ တိုက်ခိုက်မှု အောင်မြင်သွားပြီးနောက် ဆက်လက် တိုက်ခိုက်လိုသေးသော်လည်း မီးငှက်မှ မီးတောက်မီးလျှံများက သူ့ကို ဖုံးလွှမ်းဝါးမျို၍ အဝါရောင် အဆောင်စာရွက်များကလည်း မီးလျှံများအကြားမှ တိုးဝင်လာသည်။

ဘုန်း...။

ပြင်းထန်သည့် တုန်ခါမှုများ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ချင်မူမှာ သွေးအလူးလူးနှင့် နောက်သို့ လွင့်ထွက်သွားသည်။ သူ၏ ချီစွမ်းအင်က အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ရစ်ပတ် သိမ်းယူ၍ တောထဲသို့ ပြုတ်ကျသွားသည်။ ထို့နောက် အလျင်အမြန် ခုန်ထ၍ အမှောင်ထုထဲသို့ တိုးဝင် ပျောက်ကွယ်သွားတော့၏။

All Chapters