အလောင်းသတ်အပ်
Vol. 8 Ch. 103
ဟဲယင်မှာ ဒေါသအိုး ပေါက်ကွဲသွားပြီး နောက်မှ လိုက်သွားရန် ပြင်လိုက်သော်လည်း သူ့ပခုံးမှ စူးအောင့်တက်လာသည့် နာကျင်မှုကြောင့် ရပ်တန့်လိုက်ရ၏။ ချင်မူက ဓားအိမ်ကို အသုံးပြု၍ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ပြန်ခေါ်လိုက်ခြင်း ဖြစ်သဖြင့် ထိုးစိုက်အား မပြင်းသော်လည်း အိမ်ရှေ့စံ ကိုယ်ရံတော်ဓား၏ ထက်ရှမှုကြောင့် သူ၏ ပခုံးလက်ပြင်ရိုးကို ထွင်းဖောက်သွားပြီး အပေါက်ကြီး ဖြစ်ကျန်ခဲ့သည်။
ဟဲယင်က နာကျင်မှုကို အောင့်ခံပြီး ကျောက်စိမ်းပုလင်း အကြီးတစ်ပုလင်းနှင့် အသေးတစ်ပုလင်းကို ထုတ်ယူလိုက်သည်။ သွေးတိတ်ဆေးကို အရင်လိမ်းပြီးမှ အရိုးဆက်၊ အသားပြည့်ဆေးကို ထပ်လိမ်းလိုက်၏။ သို့သော်လည်း စူးအောင့်သည့် နာကျင်မှုကတော့ မခံမရပ်နိုင်အောင်ပင် ဖြစ်သည်။
ထိုအခိုက်၌ သူ့နောက်မှ ဖုတ်ကောင်ပျံက ဆေးအိုးထဲမှ ဆေးဆီများကို ကော်ကာ ချင်မူ ခေါင်းဖြတ်သွားသည့် ဖုတ်ကောင်ပျံ တစ်ကောင်၏ လည်ပင်းကို လိမ်းလိုက်၏။ ထို့နောက် ၎င်း၏ ဦးခေါင်းကို ကောက်ယူကာ ဆေးလိမ်းပြီး လည်ပင်းနှင့် ပြန်ဆက်ပေးလိုက်သည်။
ထိုဖုတ်ကောင်ပျံမှာ တဂျွတ်ဂျွတ် မြည်အောင် ခေါင်းကို ယမ်းခါလိုက်သော်လည်း သူ့ခေါင်းက နောက်ပြန် တပ်ပြီးသွားပြီ ဖြစ်၍ မျက်နှာ နောက်လှည့်လျက် အနေအထားနှင့်သာ ဖြစ်သွားသည်။
သူ့ကို ကုပေးခဲ့သည့် ဖုတ်ကောင်ပျံကတော့ မည်သို့ ဖြစ်သွားသည်ကို ဂရုစိုက်မိ၊ သတိထားမိသည့်ဟန်ပင် မရဘဲ ခန္ဓာကိုယ် နှစ်ခြမ်း ကွဲသွားသည့် ဖုတ်ကောင်ပျံထံသို့ ဆက်လျှောက်သွား၏။ သူက ခန္ဓာကိုယ် နှစ်ခြမ်းကို ဆွဲဆက်၍ ညှီစို့စို့ ဆေးဆီများ လိမ်းပေးလိုက်သည်။
ဤဖုတ်ကောင်ပျံများက ခေါင်းပြတ်၊၊ ကိုယ်နှစ်ခြမ်းကွဲ ဖြစ်နေသော်လည်း မသေနိုင်ပေ။ အလောင်းကောင် အင်မော်တယ်ဂိုဏ်းမှ ဆေးဆီကို ခြေလက်များတွင် သုတ်လိမ်းလိုက်ပါက ပြန်ဆက်သွားပြီး ပြန်လည် ခုန်ပေါက်ပြေးလွှားလာနိုင်၏။ အမှန်တကယ်ပင် အံ့အားသင့်စရာ ကောင်းလှသော မြင်ကွင်း ဖြစ်သည်။
အလောင်းကောင် အင်မော်တယ်ဂိုဏ်း၏ အလောင်းကောင်များ ဖန်တီးသည့် နည်းလမ်းက တစ်မူထူးခြားလှပေသည်။
ရုတ်တရက် လေခွင်းသံများ ထွက်ပေါ်လာ၏။ အလောင်းကောင် အင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းသားများ ဟဲယင်၏ ဘေးသို့ အလျင်အမြန် ပြေးလာကြသည်။ ဂိုဏ်းသူ တစ်ယောက်က တအံ့တဩ မေးလိုက်၏။ "အစ်ကိုကြီးဟဲယင်... ဒဏ်ရာရသွားတာလား... အဲကောင်လေး စွမ်းအား မြင့်လို့လား..."
"မဟုတ်ဘူး..."
ဟဲယင်က မှုန်တေတေ အမူအရာဖြင့် ပြန်ပြော၍ အံတင်းတင်းကြိတ်လိုက်သည်။ "သူက အလွန်ဆုံး ဓာတ်ကြီးငါးပါး အဆင့်ပဲ ရှိမယ်... ဒါပေမဲ့ သူ့ကျင့်စဉ် စွမ်းအင်ကတော့ မဆိုးဘူး... ပြီးတော့ သိပ်ကို ထူးဆန်းတဲ့ ခန္ဓာကိုယ် လှုပ်ရှားမှု ကျင့်စဉ် ရှိတယ်... ဓားပျံသိုင်းနဲ့ မှော်သိုင်းလည်း ကျွမ်းကျင်တယ်... သူ့မှာ ဓားအိမ်နဲ့ ပြန်ခေါ်လို့ ရတဲ့ ရတနာဓားတစ်ချောင်း ရှိတယ်... အဲဓားက သိပ်ကို ထက်တယ်... ထက်လွန်းလို့ ငါ့ဖုတ်ကောင်တွေတောင် မခံနိုင်ဘူး... သူ ရသွားတဲ့ ဒဏ်ရာတွေကလည်း သေးမှာ မဟုတ်ဘူး... မြန်မြန်လိုက်... ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး..."
အလောင်းကောင် အင်မော်တယ်ဂိုဏ်းသား အတော်များများမှာ အံ့အားသင့်သွားကြ၏။ အစောက ပြောလိုက်သည့် ဂိုဏ်းသူက တုံ့ပြန် ပြောဆိုလိုက်သည်။ "သူက ဓားပျံသိုင်းရော၊ မှော်သိုင်းရော ကျွမ်းကျင်တယ် ဆိုတော့ သိုင်းကွက် အသားပေး ပညာရပ်မှာ အားနည်းမှာပဲ... ကျွန်မတို့ သူ့နောက် အမီလိုက်ပြီး ဂိုဏ်းချုပ်ဆီ ဖမ်းခေါ်သွားကြစို့..."
အလောင်းကောင် အင်မော်တယ်ဂိုဏ်းသား တစ်ဒါဇင်ကျော်က အဆောတလျင် ထွက်ခွာသွားကြ၏။
ဟဲယင်လည်း ထရပ်၍ နောက်မှ လိုက်သွားရန် ပြင်လိုက်စဉ်တွင် လူရိပ်တစ်ခု ရုတ်တရက် ပျံဝဲလာ၏။ ဟဲယင် ထိုသူ၏ မျက်နှာကို မြင်သောအခါ တုန်လှုပ်သွားသည်။ သူ တစ်မုဟုတ်ချင်း ဦးညွှတ် အရိုအသေပြု၍ နှုတ်ဆက်လိုက်၏။ "ဦးရီးတော်ချောင်း..."
ထိုဦးရီးတော်ချောင်းက မျက်မှောင်ကြုတ်လိုက်၏။ "မင်းက အခုထိ ဂိုဏ်းချုပ်သားကို သတ်သွားတဲ့ ကောင်လေးကို မဖမ်းနိုင်သေးတဲ့အပြင် သူ့ကြောင့်တောင် ဒဏ်ရာရသွားသေးတယ် ဟုတ်လား... ဟဲယင်... မင်းကတော့ တကယ်ပဲ..."
ဟဲယင်မှာ ရှက်ရွံ့သွားသည်။ "ဦးရီးတော်ချောင်း... ဂိုဏ်းချုပ်က..."
"ဂိုဏ်းချုပ် သိပြီးသွားလို့ ဒေါသခြောင်းခြောင်းထနေပြီ... ဒါပေမဲ့ ဟိုမှာ အခြေအနေ တည်ငြိမ်အောင် ထိန်းပြီး ခုခံတိုက်ခိုက်တဲ့သူတွေကို မလှန်ရဲအောင် လုပ်နေရသေးတယ်..."
ဦးရီးတော်ချောင်းက ဆက်ပြောလိုက်၏။ "အခု ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အကြံပေးက ဒဏ်ရာ အကြီးအကျယ် ရထားတာ ဆိုတော့ ဒီအခွင့်ကောင်းကို အရယူပြီး သစ္စာဖောက်တွေကို သုတ်သင်၊ နန်းတွင်း စည်းမျဉ်းစည်းကမ်းတွေကို ပြန်တည့်မတ်ဖို့ စိတ်မကူးတဲ့ သူရဲကောင်း ဘယ်သူမှ မရှိဘူး... အခုက ငါတို့ အလောင်းကောင် အင်မော်တယ်ဂိုဏ်းအနေနဲ့ တိကျန်းစီရင်စုကို အပိုင်သိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ အတောင်ပံကို ရိုက်ချိုးဖို့ အခွင့်ကောင်းပဲ... တိကျန်းစီရင်စုက ငါတို့ ဂိုဏ်းရဲ့ လက်ထဲ ရောက်လာပြီဆိုတော့ ဧကရာဇ် အကြံပေးရဲ့ နောက်လိုက်ခွေးတွေ အကုန်လုံးကို တစ်ချက်တည်း အမိဖမ်းနိုင်ဖို့ အခြေအနေ တည်ငြိမ်အောင် အရင်လုပ်ရမယ်... ဂိုဏ်းချုပ်ရဲ့ ရင်ထဲမှာ ကမ္ဘာပျက်ရင် ပျက်နေလိမ့်မယ်... ဒါပေမဲ့ သူက အခြေအနေ တစ်ရပ်လုံးကို အုပ်စီးမိဖို့ အရင် ဦးစားပေးနေရတယ်..."
ဟဲယင် သဘောပေါက်သွားသည်။ "ဦးရီးတော်ချောင်းကို ဂိုဏ်းတူ ညီလေး၊ ညီမလေးတွေနောက် လိုက်သွားဖို့ တောင်းဆိုချင်ပါတယ်... အဲဒီ တစ်ယောက်က အသက်အရွယ်အရ သိပ်မကြီးသေးပေမဲ့ သူ့မှာ ငါးနဂါးပုံ ပြောင်းနိုင်တဲ့ ဓားထက်ထက် တစ်လက် ရှိနေပါတယ်..."
ဦးရီးတော်ချောင်းမှာ အံ့အားသင့်သွား၏။ "ငါးနဂါးပုံ ပြောင်းနိုင်တဲ့ ဓားထက်ထက် တစ်လက် ဟုတ်လား... ဘယ်လို ပုံစံ ရှိလဲ... ငါ့ကို အသေးစိတ် ပြောစမ်း..."
ဟဲယင်က အိမ်ရှေ့စံ ကိုယ်ရံတော်ဓားနှင့် ထူးဆန်းသော ဓားအိမ်အကြောင်းကို အသေးစိတ် ပြောပြလိုက်သည်။ ဦးရီးတော်ချောင်းမှာ အကြီးအကျယ် အံ့အားသင့်သွားပြီး လွှတ်ခနဲ အော်ပြောလိုက်မိ၏။ "အဲဒါ ပထမအဆင့် နန်းတွင်း အဆင့်မြင့်အရာရှိမှ ကိုင်ရတဲ့ ရတနာဓား၊ ပထမတန်းစား ရတနာပဲ... ငါတို့ အလောင်းကောင် အင်မော်တယ်ဂိုဏ်းမှာတောင် အဲလောက် စွမ်းအားကြီးတဲ့ ရတနာ မရှိဘူး... ဒီလို အရေးပါတဲ့ ရတနာမျိုးက ဘာလို့ ကောင်လေးတစ်ယောက်ရဲ့ လက်ထဲမှာ ရောက်နေရတာလဲ... သူက ပထမအဆင့် နန်းတွင်း အဆင့်မြင့် အရာရှိ တစ်ယောက်ယောက်ရဲ့ မျိုးဆက်များလား..."
သူ့အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ပြုံးလိုက်၏။ "ဒီရတနာဓားက ထူးကဲတယ်... ကောင်းကင်ဘုံက ငါတို့ဂိုဏ်းကို တိုးမြင့် ကြီးပွားစေချင်လို့ ပထမတန်းစား ရတနာဓားကို အရောက်ပို့လိုက်တာပဲ... ငါ အဲဓားကိုသွားလုယူလာခဲ့မယ်..." သူက စကားဆုံးသည်နှင့် လှစ်ခနဲ ပျောက်ကွယ်သွားသည်။
ဟဲယင်မှာ မျက်မှောင်ကြုတ်၍ စဉ်းစားလိုက်၏။ "ပထမအဆင့် နန်းတွင်းအရာရှိရဲ့ဓားတဲ့လား... ဒါက နန်းတွင်းမှာ ရာထူးကို ကိုယ်စားပြုတဲ့ ရတနာပဲ... ပထမအဆင့် နန်းတွင်းအရာရှိ တစ်ယောက်က နန်းစဉ်ရတနာကို ဘယ်လိုလုပ် သူတို့ သားသမီးတွေဆီ ပေးလိုက်မှာလဲ... ဦးရီးတော်ချောင်းက ဒါကို မတွေးမိဘူးနဲ့ တူတယ်... ငါ ဒီကိစ္စကို ဂိုဏ်းချုပ်ဆီ မြန်မြန် သတင်းသွားပို့မှပဲ..."
သူက တိကျန်းစီရင်စုသို့ အလျင်အမြန် ပြန်သွားလိုက်၏။
ဦးရီးတော်ချောင်းက ချင်မူနှင့် အလောင်းကောင် အင်မော်တယ်ဂိုဏ်းသားများ ကျန်ရစ်ခဲ့သော ခြေရာလက်ရာများကို ကောက်၍ နောက်မှ လိုက်သွားသည်။ ရုတ်တရက် အလောင်းကောင် တစ်ကောင်ကို မြင်လိုက်ပြီး သူ မျက်မှောင်ကြုတ်သွား၏။ ထိုအလောင်းကောင်က အလောင်းကောင် အင်မော်တယ်ဂိုဏ်းသား တစ်ယောက် ဖြစ်သည်။
ထိုအလောင်းကောင် အင်မော်တယ်ဂိုဏ်းသား၏ လည်ပင်းတွင် သွေးစွန်းနေသော ရစ်လှီးရာ တစ်ခုသာ ရှိ၏။ ထိုသည်မှ လွဲ၍ သူ့ခန္ဓာကိုယ်ပေါ်တွင် အခြားဒဏ်ရာ မရှိချေ။ သူ့ဘေးတွင်လည်း သွေးကွက်သွေးအိုင် မရှိ။ ဒဏ်ရာအရ ထိုဂိုဏ်းသားမှာ ဓားဦးထိပ်ချွန်ဖြင့် လည်ပင်းရှိ သွေးပြန်ကြောမကြီး နှစ်ခုကို လှီးဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။
ဒဏ်ရာ အနေအထားအရ ဤအလောင်းကောင် အင်မော်တယ် ဂိုဏ်းသားမှာ အဝါရောင် အဆောင်စာရွက်များပေါ်တွင် နင်းလျှောက် သွားလာနေရင်းနှင့် နောက်ဘက်မှ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရခြင်း ဖြစ်သည်။ သူ တုံ့ပြန်နိုင်ခြင်း မရှိမီ ဓားဦးထိပ်ဖြင့် လည်ပင်းကို လှီးဖြတ်ခံလိုက်ရသည်။
သို့သော်လည်း ထူးဆန်းသည်မှာ ပတ်ဝန်းကျင်တွင် သွေးစက်၊ သွေးကွက်များ ရှိမနေခြင်း ဖြစ်၏။
ဦးရီးတော်ချောင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤသည်ကို ကြည့်လျှင် ဤဂိုဏ်းသားမှာ ဤနေရာတွင် သေဆုံးခဲ့ခြင်း မဟုတ်။ လေထဲတွင် အတန်ကြာအောင် ဆက်လက် ပျံသန်းပြီးမှ ဤနေရာတွင် စွန့်ပစ်ခံခဲ့ရခြင်း ဖြစ်မည်။
သူ၏ သွေးများက လေထဲတွင်ပင် ယိုစီး ကုန်ဆုံးသွားခဲ့၏။
ဤသည်က မည်သည့် အဓိပ္ပာယ်ပါနည်း...။
ဖြစ်နိုင်သည်မှာ ဤဂိုဏ်းသားကို သတ်ခဲ့သည့် ကောင်လေးက သူ့နောက်တွင် ရပ်နေခဲ့ပေလိမ့်မည်။
ဤဂိုဏ်းသားက အဝါရောင် အဆောင်စာရွက်များပေါ်မှ နင်းလျှောက်၍ ချင်မူ၏ ခြေရာလက်ရာများ ရှာဖွေရန် စိုင်းပြင်းနေခဲ့ပေလိမ့်မည်။ ထိုအခိုက်၌ ဂိုဏ်းချုပ်၏ သားကို သတ်ခဲ့သည့် ကောင်လေးက သူ့နောက်မှ တိတ်တဆိတ် ပေါ်လာပြီး သူ့လည်ပင်းကို တစ်ချက်တည်း လှီးဖြတ်ခဲ့ခြင်း ဖြစ်မည်။ ထို့နောက် ထိုလူငယ်က သူ့နောက်တွင် ဆက်ရပ်၍ သူ၏ ဓားအိမ်ကို ထိန်းချုပ်ကာ အဝါရောင် အဆောင်စာရွက်များ ဆက်လက် ပျံသန်း ထွက်ပေါ် လမ်းခင်းစေခဲ့ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ထိုကောင်လေးက အလောင်းကောင် အင်မော်တယ်ဂိုဏ်းသား၏ အလောင်းကို ထိန်းချုပ်ပြီး ရှေ့ဆက် ပျံသန်းစေကာ အသက်ရှိနေသေးသယောင် ထင်ရအောင် လုပ်၍ အခြားအလောင်းကောင် အင်မော်တယ် ဂိုဏ်းသားများထံ ချဉ်းကပ်သွားပေလိမ့်မည်။
"ဒါ အလောင်းကောင် ထိန်းချုပ်ပညာပဲ..."
ဦးရီးတော်ချောင်း၏ အမူအရာ ပြောင်းလဲသွား၏။ "ဒီကောင်လေးက အလောင်းကောင် ထိန်းချုပ်နည်းကိုလည်း တတ်နေတာပဲ... ငါတို့ ဂိုဏ်းသားတွေတော့ အန္တရာယ်တွေ့နေလောက်ပြီ... ဒါပေမဲ့ တခြားဘက်က စဉ်းစားရင် နန်းတွင်း ပထမအဆင့် အရာရှိထဲမှာ အလောင်းကောင် ထိန်းချုပ်ပညာရပ်ကို ကျွမ်းကျင်နှံ့စပ်တဲ့သူ မရှိဘူး... ဒီကောင်လေးက ဘယ်ကများလဲ... အလောင်းကောင် ထိန်းချုပ်ပညာကို ဘယ်က သင်လာတာလဲ..."
ယခုအချိန်က ညဉ့်နက်နေပြီ ဖြစ်ပြီး တတိယ ညဉ့်ယံသို့ ရောက်နေပေပြီ။ လရောင်ရှိသော်လည်း သဲသဲကွဲကွဲ မမြင်နိုင်သကဲ့သို့ အဝေးကိုလည်း မြင်ရမည် မဟုတ်ချေ။
ချင်မူက ညအမှောင်ကို အခွင့်ကောင်းယူ၍ အလောင်းကောင် အင်မော်တယ် ဂိုဏ်းသား၏ အလောင်းကို မည်သို့ ထိန်းချုပ်ခဲ့မည်ကို ဦးရီးတော်ချောင်း မြင်ယောင်မိသည်။ ဤနည်းဖြင့် သူက အခြား အလောင်းကောင် အင်မော်တယ်ဂိုဏ်းသားများ အနီးသို့ သတိမပြုမိအောင် ကပ်သွားနိုင်၏။ သူတို့ ရှင်းရှင်းလင်းလင်း မြင်ရသည့် အချိန်တွင် သူ့ဓားကို ရှောင်တိမ်းရန် နောက်ကျသွားချေလိမ့်မည်။
အလောင်းကောင် အင်မော်တယ်ဂိုဏ်းအပြင် အခြားမိစ္ဆာဂိုဏ်း၊ နတ်ဆိုးဂိုဏ်းများကလည်း အလောင်းကောင် ထိန်းချုပ်ပညာကို တတ်ကြ၏။ သို့သော်လည်း ကျင့်စဉ်နှင့် အသုံးပြုပုံ အသုံးပြုနည်းကတော့ ကွာခြားသည်။
အလောင်းကောင် အင်မော်တယ်ဂိုဏ်းက အလောင်းကောင် ထိန်းချုပ်ခြင်းနှင့် ဖုတ်ကောင် မွေးမြူခြင်းတွင် ထိပ်တန်း ဖြစ်သည်ဟု သတ်မှတ်၍ ရသည်။ သို့သော်လည်း သူတို့၏ နာမည်ဂုဏ်သတင်းက မကောင်းလှ။
ချင်မူ၏ အလောင်းကောင် ထိန်းချုပ်ပုံမှာ အလွန်တရာ သေသပ် ကောင်းမွန်လှသည်။ အလောင်းကောင် အင်မော်တယ်ဂိုဏ်းသား တစ်ယောက်ကို သတ်ပြီးနောက် သူ့ခန္ဓာကိုယ်ကို အသက်ရှိနေသေးသည်ဟု ထင်ရအောင် ထိန်းချုပ်၍ အခြား ဂိုဏ်းသားများ မရိပ်မိအောင် လုပ်နိုင်ခဲ့၏။ ဤသို့သော အလောင်းကောင် ထိန်းချုပ် ပညာမျိုးက အလွန်တရာ ရှားပါးသည်။
"ကြည့်ရတာ ကောင်းကင်နတ်ဆိုးဂိုဏ်းက မဟာ အလောင်းကောင် ထိန်းချုပ်ပညာနဲ့ တူသလိုပဲ..."
ဦးရီးတော်ချောင်းက ရှေ့ဆက် လိုက်သွားပြီး မကြာမီပင် ဒုတိယ အလောင်းကို တွေ့၏။ ထို့နောက် တတိယအလောင်း၊ စတုတ္ထအလောင်း...။
သတ္တမအလောင်းကို တွေ့သည့် အချိန်တွင်တော့ သူ့မျက်လုံးထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။ သတ္တမမြောက် အလောင်းကောင်က အရေခွံ ခွာယူခံထားရ၏။ သို့သော်လည်း အရေခွံ တစ်ခုလုံး ခွာယူခံရသည့်တိုင်အောင် သွေးတစ်စက်မျှ မထွက်သကဲ့သို့ မည်သည့်နေရာတွင်မျှ သွေးကွက်၊ သွေးအိုင်များ မတွေ့ရချေ။
ဦးရီးတော်ချောင်းက အမူအရာ ပျက်ယွင်းသွားပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ "ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာ...၊ ဒီကောင်လေးက ကောင်းကင်နတ်ဆိုး ဂိုဏ်းသားပါလား..."
ယခု အလောင်းကောင်က လူရုပ် မပေါ်တော့သည် ဖြစ်၍ ချင်မူက နောက်ယောင်ခံ လိုက်လာသည့် ဂိုဏ်းသားများအကြား ရောနှော ဝင်ရောက်နေပြီ ဖြစ်ချေလိမ့်မည်။
ဦးရီးတော်ချောင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ပေါ်ထွက်လာပြီး ရှေ့ဆက်လိုက်သွား၏။ များစွာမကြာဘဲ အလောင်းကောင် အင်မော်တယ်ဂိုဏ်းသားများနှင့် မီသွားသည်။ ထိုဂိုဏ်းသားများက အုပ်စုဖွဲ့၍ ဘေးပတ်ဝန်းကျင်ကို သတိနှင့် လှည့်ပတ် ကြည့်ရှုနေကြသည်။ သူတို့က ဦးရီးတော်ချောင်း ရောက်လာသည်ကို မြင်သောအခါ စိတ်လက်ပေါ့ပါးသွားပြီး သက်ပြင်းချလိုက်၏။
ဂိုဏ်းသား တစ်ယောက်က လှမ်းခေါ်လိုက်သည်။ "ဦးရီးတော်ချောင်း..."
ဦးရီးတော်ချောင်းက သူ့လက်ချောင်းများကို တောက်ထုတ်လိုက်ရာ နွားမွေးကဲ့သို့ သေးမျှင်သော အပ်ချောင်းသေးသေးလေးများက ထိုဂိုဏ်းသားများ၏ မျက်ခုံးနှစ်ခု အလယ်တွင် စိုက်ဝင်သွားသည်။
သူတို့၏ အကြည့်များက တစ်မုဟုတ်ချင်း အသက်မဲ့သွားပြီး ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များ လျင်မြန်စွာ ပျက်စီးပြယ်လွင့်သွားကာ ပါးစပ်မှ အဖြူရောင် အမြှုပ်များ ထွက်လာသည်။
ဤအပ်ချောင်းများက ဦးရီးတော်ချောင်း၏ အလောင်းသတ်အပ်ဟု ခေါ်သော ဝိညာဉ်လက်နက် ဖြစ်သည်။ ထိုအပ်များ ထိမှန်ခံရသည်နှင့် ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များ ပျက်စီးပြယ်လွင့်သွားပြီး ဝိညာဉ်မဲ့ အလောင်းကောင်များဘဝ ရောက်သွားပေလိမ့်မည်။ ကြီးမြတ်သော နတ်ဘုရားများနှင့် အင်မော်တယ် နတ်ဝိဇ္ဇာများပင် ကယ်တင်နိုင်တော့မည် မဟုတ်ချေ။
ဂိုဏ်းသူ တစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ ရေရွတ်လိုက်၏။ "ဦး... ဦးရီးတော် ချောင်း... ဘာ... ဘာလို့..."
ဦးရီးတော်ချောင်းက ရှေ့သို့ လျင်မြန်စွာ တိုးကပ်သွားပြီး ထိုဂိုဏ်းသားများ၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူ မျက်မှောင်ကြုတ်လိုက်၏။
သူ ချင်မူ့ကို မတွေ့...။
ချင်မူက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ကောင်းကင်နတ်ဆိုး ဖန်ဆင်းပညာကို အသုံးပြု၍ အရေခွံခွာပြီး အလောင်းကောင် အင်မော်တယ် ဂိုဏ်းသားတစ်ယောက် အသွင် ပြောင်းထားလျှင် သူ၏ အရေပြားပေါ်၌ အနီစင်းကြောင်း တစ်ခု ရှိရပေမည်။ သို့သော်လည်း ဤဂိုဏ်းသားများ၏ ခန္ဓာကိုယ်ပေါ်၌ အနီစင်းကြောင်း မရှိ...။
ဖြစ်နိုင်သည်မှာ သူတို့ထဲတွင် ချင်မူ ရှိမနေပေ။
"သေစမ်း... ငါ ဒီကောင့် ထောင်ချောက်ထဲ ဝင်သွားပြီ... လူမှား သတ်မိပြီ..."
ဦးရီးတော်ချောင်း၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး အလောင်းကောင် အင်မော်တယ် ဂိုဏ်းသားများ၏ ရုပ်အလောင်းကို ကြည့်ကာ တိတ်တဆိတ် တွက်ချက်ကြည့်လိုက်သည်။ "ဒီအလောင်းတွေကို ဒီအတိုင်း ထားခဲ့ရင် ဂိုဏ်းချုပ်နဲ့ တခြား အဘိုးကြီးတွေက ငါ့ကို အထင်လွဲသွားနိုင်တယ်... ခြေရာလက်ရာ ဖျောက်ပစ်တာ ပိုကောင်းလိမ့်မယ်..."
သူ့လက်သည်းများကို တောက်ထုတ်လိုက်သောအခါ လက်သည်းကြားမှ အမှုန့်များ ပျံဝဲထွက်ပေါ်လာပြီး အလောင်းကောင်များအပေါ် ကျသွားသည်။ အလောင်းကောင် အင်မော်တယ် ဂိုဏ်းသားများ၏ အသွေးအသားများမှာ တစ်မုဟုတ်ချင်း အရည်ပျော်သွား၏။ အရိုးနှင့် ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများပင် အရည်ပျော်သွားပြီး ရေကွက်လေး တစ်ခုအဖြစ်သာ ကျန်ခဲ့သည်။
ဦးရီးတော်ချောင်းက သက်ပြင်းတစ်ချက် ချပြီး ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။ သူ ချင်မူ၏ ခြေရာလက်ရာကို မတွေ့ရ။ ရုတ်တရက် သူ့ခန္ဓာကိုယ်က ဆတ်ခနဲ တုန်ခါသွားပြီး ဝှစ်ခနဲ အသံတစ်ခုနှင့်အတူ သူ၏ ဝတ်ရုံအောက်မှ မရေမတွက်နိုင်သော အနီစက်လေးများ ပျံသန်း ထွက်ပေါ်လာသည်။ ၎င်းတို့က သောင်းချီသော အလောင်းပိုးကောင်များ ဖြစ်သည်။
အလောင်းပိုးကောင်များက တောင်ပံများ တဖျပ်ဖျပ် ခတ်၍ အရပ်မျက်နှာ အနှံ့သို့ ပျံသန်းသွား၏။ လရောင်က အနောက်ဘက် အရပ်တွင် မေးတင်၍ အရှေ့ဘက်ကောင်းကင်မှ အဖြူရောင်သန်းစ ပြုလာသည်။ အနီရောင် အလောင်းပိုးကောင်များ ကောင်းကင်ယံတွင် အုပ်လိုက် ပျံသန်းသွားသည်မှာ နေမထွက်မီ တောထဲတွင် လှည့်လည် ပျံသန်းနေသော ပိုးစုန်းကြူးများနှင့်ပင် တူနေသေး၏။
"ပထမအဆင့် နန်းတွင်းအရာရှိရဲ့ ရတနာဓားက ဂိုဏ်းအမွေအနှစ် ရတနာအဖြစ် သုံးလို့ ရနေပြီ..."
ဦးရီးတော်ချောင်းက အရှေ့အရပ်ရှိ အနီရောင် တိမ်တိုက်များကို ခေါင်းမော့ ကြည့်ရှုကာ မသံမကွဲ ရေရွတ်လိုက်သည်။ "ဂိုဏ်းချုပ်က သူ့ထိုင်ခုံမှာ ထိုင်နေတာ ကြာပြီ... အခု သူ့ဖင် ကြွရမယ့် အချိန်ပဲ..."
မဟာမြို့ပျက်၊ ဒုက္ခိတဘိုးဘွား ကျေးရွာ။
"မူအာ... မနက်စာ ထစားရမယ့် အချိန် ရောက်နေပြီ... ဘာကိစ္စ အိပ်နေသေးတာတုံး..."
အဘွားစစ်မှာ စကားဆုံးဆုံးချင်ပင် ငိုင်တွေသွားမိသည်။ ချင်မူ မရှိတော့သည့် ဤရက်များ အတွင်းတွင် ထမင်းချက်ရာတွင်လည်း တစ်ယောက်စာ ပိုချက်မိသကဲ့သို့ အစားစားခါနီးတိုင်းလည်း အော်ခေါ်နေမိသည်။ သူမက ချင်မူ ရွာမှ ထွက်သွားပြီ ဆိုခြင်းကို တစ်ချိန်လုံး မေ့လျော့နေခဲ့၏။
အဘွားစစ် သက်ပြင်းချ၍ သူမ၏ မနက်စာကို အထီးကျန်စွာ တိတ်တဆိတ် အဆုံးသတ်လိုက်သည်။ ပန်းကန်ခွက်ယောက်များကို မဆေးကြောဘဲ ဘေးတွင် ချ၍ စားပွဲတွင် ထိုင်ကာ အတွေးထဲ နစ်မျောနေ၏။
အဘွားကြီးအိုလေးက ရုတ်တရက် ထရပ်လိုက်ပြီး သူမ၏ အခန်းထဲသို့ ဝင်ကာ ပစ္စည်းများ ထုပ်ပိုးလိုက်သည်။ ထို့နောက် သူမ၏ ခြင်းတောင်းကို ဆွဲကာ ခြေလှမ်း စိပ်စိပ်လေးများဖြင့် အိမ်ထဲမှ လှမ်းထွက်လာပြီး ရွာပြင်သို့ ဦးတည်သွားလိုက်၏။
ရွာအဝင်ဝတွင် ဆေးဆရာနှင့် ရွာလူကြီးက လ္ဘက်ရည်ကြမ်း သောက်နေဆဲ ရှိပြီး စိတ်အေးချမ်းသာစွာ ထိုင်နေကြသည်။
အဘွားစစ်က သူတို့ နှစ်ယောက်စလုံးကို လှည့်မကြည့်ချေ။ သူမ၏ ခြင်းတောင်းကို ဆွဲ၍ ရွာပြင်သို့ ဆက်လျှောက်သွား၏။
"အဘွားကြီးစစ်... ရွာက ထွက်သွားမှာကို ဘာတစ်ခွန်းမှ ပြောမသွားတော့ဘူးလား..." ရွာလူကြီးက ခပ်အေးအေး မေးလိုက်သည်။