လူဆိုးကြီးများရွာမှခွာ
Vol. 8 Ch. 104
အဘွားစစ်က နောက်ပြန်လှည့်လာပြီး သူမ၏ မျက်လုံးများကို မသိနားမလည်သလို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ "ဘယ်သူ ရွာက ထွက်သွားတာလဲ..."
ရွာလူကြီးက ပြုံးလိုက်၏။ "ဂီတပညာရှင် တစ်ယောက် မဟုတ်ပေမဲ့ သီချင်း တစ်ပုဒ်ကို ကြားရင် ဆိုလိုရင်း ရသကို ခံစားတတ်ပါသေးတယ်... နင်က ဒီရက်တွေမှာ မအိပ်နိုင်၊ မစားနိုင်ဘူး မဟုတ်လား... အဲဒီမှတော့ ဒီရွာမှာ ဆက်မနေနိုင်တော့ဘဲ မူအာ့ကို သွားရှာတော့မယ်ဆိုတာ မပြောလည်း သိနေပြီလေ..."
အဘွားစစ်က စိတ်ကသိကအောက် ဖြစ်သွားကာ မြည်တွန်တောက်တီးလိုက်သည်။ "တော်က ဒါတွေတောင် သိနေတာကိုး... ကျုပ် သွားပြီ... ဒီမှာ ဆက်မနေတော့ဘူး..."
ဆေးဆရာက ချောင်းတစ်ချက် ဟန့်၍ ပြောလိုက်၏။ "နင် ရွာကနေ ထွက်သွားရင် နင့်ရင်ထဲက မိစ္ဆာနတ်ဆိုးကို ဖိနှိပ်ဖို့ ဘယ်သူ ကူညီတော့မှာလဲ... အရင်တုန်းက ငါတို့ ဒီမှာ ရှိနေလို့ ဂိုဏ်းသခင်လီရဲ့ ကနဦးဝိညာဉ်က မသောင်းကျန်းရဲတာ... နင် ထွက်သွားရင် ဂိုဏ်းသခင်လီကို ဖိနှိပ်ထားနိုင်မှာ မဟုတ်တော့ဘူး... သူက မိစ္ဆာလမ်းစဉ်မှာ တော်တော် ပေါက်မြောက်တယ်... သူမသေခင်တောင် သူ့ကိုယ်သူ မိစ္ဆာမျိုးစေ့အဖြစ် အသွင်ပြောင်းပြီး နင့်ရဲ့ တာအိုနှလုံးသားထဲ စိုက်ပျိုး၊ နင့်ရဲ့ တာအိုနှလုံးသားထဲမှာ နေထိုင်ပြီးတော့ တစ်ချိန်လုံး အခွင့်ကောင်း ချောင်းနေခဲ့တာ... နင် သူ့ကို ရှင်းမထုတ်နိုင်၊ ဖိနှိပ်မထားနိုင်ရင် သူက နင့်ကနဦးဝိညာဉ်ကို ဖျက်ဆီးပြီး နင့်ခန္ဓာကိုယ်ကို အပိုင်စီးသွားလိမ့်မယ်..."
အဘွားစစ်၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ "သူက ကျုပ်ခန္ဓာကိုယ်ကို အပိုင်စီးမှာ မဟုတ်ဘူး..."
"သူက နင့်ကို ချစ်လွန်းလို့ပေါ့ ဟုတ်လား..."
ဆေးဆရာက သရော်တော်တော် ပြောလိုက်သည်။ "အဲဒါ နင် မှားတာပဲ... နင့်ခန္ဓာကိုယ်ကို အပိုင်စီးလိုက်ရင် သူက နင့်ခန္ဓာကိုယ်နဲ့ ပြန်မွေးဖွားလာလိမ့်မယ်... အဲဒီနည်းနဲ့ သူက နင် ဖြစ်လာလိမ့်မယ်... သူ ချစ်တာက နင်မဟုတ်ဘူး၊ နင့်အခွံခန္ဓာကိုယ်ပဲ... အဲဒါကြောင့် သူက နင်ဖြစ်သွားတဲ့အခါ သူ့ကိုယ်သူ ပြန်ချစ်လို့ ရသွားပြီ... သူက နင့်ရင်ထဲက မိစ္ဆာနတ်ဆိုး ဖြစ်သလို နင်ကလည်း သူ့ရင်ထဲက မိစ္ဆာနတ်ဆိုးပဲ... နင့်ခန္ဓာကိုယ်ကို သူ ပြန်လည် မွေးဖွားဖို့ အသုံးချလိုက်ရင် သူက သူ့ရင်ထဲက မိစ္ဆာနတ်ဆိုးကို အောင်နိုင်သွားလိမ့်မယ်... ဂိုဏ်းသခင်လီက နင့်ကို အသုံးချပြီး သူ့ကိုယ်သူ အဆင့်မြှင့် ထုဆစ်နေတာ... သူက နတ်ဘုရား ဖြစ်လာဖို့ ကြိုးစားနေတာပဲ..."
အဘွားစစ်မှာ တစ်ကိုယ်လုံး တုန်ခါသွားသည်။ ရုတ်တရက် သူမ ပြုံးလိုက်၏။ "ဆေးဆရာ... တော်က ဒီလောက် အများကြီး ပြောခဲ့တာဆိုတော့ ကျုပ်ရင်ထဲက အဲဒီ မိစ္ဆာနတ်ဆိုးကို ဖယ်ရှားဖို့ တော် ကူညီနိုင်လား..."
ဆေးဆရာ နှုတ်ဆိတ်သွားသည်။ လီထျန်းရှင်၏ ကနဦးဝိညာဉ်က အဘွားစစ်၏ တာအိုနှလုံးသားထဲတွင် အမြစ်တွယ်နေပြီ ဖြစ်ပြီး သူ့တွင် ၎င်းကို ဖယ်ရှားရန် နည်းလမ်း မရှိပေ။ သူသာ မဟုတ်၊ အဘိုးကြီးမာ၏ ဗုဒ္ဓကျင့်စဉ်များကလည်း မဖယ်ရှားနိုင်။ ရွာလူကြီး၏ ဓားပင် သူမ၏ တာအိုနှလုံးသားထဲမှ မိစ္ဆာနတ်ဆိုးကို မဖယ်ရှားနိုင်ပေ။
သူမ၏ ရင်ထဲမှ မိစ္ဆာနတ်ဆိုးကို ဖယ်ရှားနိုင်သူမှာ သူမကိုယ်တိုင်သာ ဖြစ်သည်။ သူတို့အားလုံး လုပ်နိုင်သည်မှာ သူမရင်ထဲမှ မိစ္ဆာနတ်ဆိုးကို ရုန်းကြွမလာအေင် ကူညီပေးနိုင်ရုံသာ ဖြစ်သည်။
"ကျုပ် ဒီမှာ နေလာတာ နှစ်ပေါင်းလေးဆယ် ရှိသွားပြီး... တော်တို့အားလုံး သူ့ကို မဖယ်ရှားနိုင်မှတော့ ဆက်နေလည်း ဘာထူးမှာလဲ..."
အဘွားစစ်က နောက်ပြန် လှည့်မကြည့်တော့ဘဲ သူမ၏ ခြင်းတောင်းကို ဆွဲ၍ ထွက်သွား၏။ "ကျုပ် မူအာ့ကို သွားရှာမလို့... သူ ဗိုက်ဆာနေမလား၊ အအေးမိနေမလား၊ အနိုင်ကျင့်ခံနေရမလား တစ်ချိန်လုံး စိတ်ပူနေရတာ... မပူပါနဲ့... အဲဒီ မိစ္ဆာအိုကြီးလီကို မထိန်းချုပ်နိုင်တော့ရင် ပြန်လာခဲ့ပါ့မယ်..."
ရွာလူကြီးနှင့် ဆေးဆရာတို့ နှစ်ယောက်စလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
အဘွားစစ်က သူမ၏ ခြင်းတောင်းကို ဆွဲ၍ မြစ်ကမ်းဘေးသို့ ရောက်လာ၏။ သူမက မြစ်ကြောင်းချောပို့ ရေသတ္တဝါ တစ်ကောင်ကို ဆင့်ခေါ်၍ ၎င်း၏ နောက်ကျောပေါ်သို့ တက်ကာ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့သည်။
မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီးက မြစ်အောက်ဘက်သို့ မိုင်ပေါင်း သုံးဆယ်ခန့် ကူးခတ်လာပြီးသောအခါ မြင်ပြင်ပေါ်တွင် တောင်ဝှေး တစ်ချောင်းနှင့် လမ်းလျှောက်နေသော မျက်ကန်းတစ်ယောက်ကို မြင်ပြီး အဘွားစစ် မှင်တက်မိသွားသည်။ သူမ၏ မျက်နှာ တစ်ပြင်လုံး ရုတ်ခြည်း မည်းမှောင်သွားပြီး ထိုမျက်ကန်းကို လက်ဆန့်၍ လှမ်းဆွဲကာ မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီး၏ ကျောပေါ်သို့ မ,တင်လိုက်သည်။ ထို့နောက် ဒေါသတကြီး မေးလိုက်၏။ "မျက်ကန်း... နင်ကလည်း ငါ့ကို တားမလို့လား..."
မျက်ကန်းက ကြောင်အမ်း ငေးစိုက်ကြည့်၍ ပြုံးလိုက်သည်။ "အဘွားကြီးပါလား... ငါက ဒီအတိုင်း လမ်းလျှောက်နေတာလေ နင့်ကို ဘာတားရမှာလဲ..."
အဘွားစစ်က သံသယ မကင်းသေးဘဲ မေးလိုက်၏။ "နင် မနက်အစောကတည်းက ကြိုသွားနှင့်ပြီး ငါ ရွာက ထွက်သွားမှာကို တားမလို့ မဟုတ်ဘူးလား..."
မျက်ကန်းက မကျေမနပ် ပြောလိုက်၏။ "နင့်လမ်း နင်လျှောက်ပြီး ငါ့လမ်း ငါလျှောက်တာ... ဘာကိစ္စ နင့်ကို တားနေရမှာလဲ... ဟုတ်သားပဲ... အဘွားကြီး... နင်က ဘယ်ကို မလို့လဲ... ငါ နင်နဲ့ ကပ်လိုက်ခဲ့လို့ ရမလား..."
အဘွားစစ်က သူမ၏ မှုန်သီသီ မျက်ဝန်းများကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြုံးလိုက်၏။ "ငါက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သွားမလို့... ဘယ်လိုလဲ... လိုက်ဦးမှာလား..."
မျက်ကန်းက လက်ခုပ်လက်ဝါးတီးလိုက်သည်။ "ငါလည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သွားမလို့ပဲ..."
အဘွားစစ်က မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ မျက်ကန်း၏ မသိနားမလည်သယောင် မျက်နှာပေးကို ကြည့်၍ သရော်တော်တော် ပြောလိုက်သည်။ "နင်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဘာကိစ္စ သွားမှာလဲ..."
မျက်ကန်းက မထုံတက်သေး တုံ့ပြန်လိုက်၏။ "ငါ့မျက်လုံးတွေ ကန်းနေတာလေ... ငါ့မျက်လုံးနှစ်ဖက်စလုံး ကော်ထုတ်သွားတဲ့သူကို သွားရှာမလို့..."
အဘွားစစ်၏ ရင်ထဲတွင် တစ်ချက်ခုန်သွားပြီး ပြုံးလိုက်သည်။ "ငါက နင် ချင်မူ့ကို စိတ်ပူလို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သွားရှာမယ် ထင်နေတာ... လက်စသပ်တော့ နင့်ကိစ္စ နင် လုပ်ဖို့ကိုး..."
"သူက အရွယ်ရောက်ပါပြီ... အခက်အခဲတွေကို သူ ရင်ဆိုင်နိုင်ပါလိမ့်မယ်..."
မျက်ကန်း၏ စကားကြောင့် အဘွားစစ် တိတ်တခိုး ရှက်သွားမိသည်။ သို့သော်လည်း ဤသည်မှာ မျက်ကန်း ဆက်ပြောသည်ကို မကြားမီအထိသာ ဖြစ်၏။ "ငါ သူ့ကို သွားမရှာဘူး... နောက်ကွယ်ကပဲ စောင့်ကြည့်နေမယ်..."
ထိုအခိုက်၌ အလင်းတန်း တစ်ခုက ကောင်းကင်ယံ၌ ဖြတ်ပြေးသွားသည်။ အဘွားစစ် ခေါင်းမော့ကြည့်လိုက်သည့် အချိန်တွင် ထိုအလင်းတန်းက ပျောက်ကွယ်သွားချေပြီ။ ရုတ်တရက် ထိုအလင်းတန်းက ပြန်ကွေ့လာပြီး မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီး၏ ကျောပေါ်သို့ ဝှစ်ခနဲ ရောက်လာကာ ထော့ကျိုး၏ ပုံရိပ် ပေါ်ထွက်လာ၏။ သူက ရေသတ္တဝါကြီး၏ ကျောပေါ်မှ လူနှစ်ယောက်ကို မကျေမနပ် ကြည့်လိုက်သည်။
မျက်ကန်းက ဒေါပွပွနှင့် ပြောလိုက်၏။ "ထော့ကျိုး... တစ္ဆေတစ်ကောင်လို လျှောက်ပြေးနေရလားဟ... လန့်သွားတာပဲ... ဘာလုပ်နေတာလဲ..."
"ရွာထဲက ထွက်ပြီး ဟိုဟိုဒီဒီ လျှောက်သွားကြည့်တာပါ..."
ထော့ကျိုးက ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှု၍ မေးလိုက်သည်။ "မင်းတို့ အဘိုးကြီးမာကိုများ မြင်မိသေးလား... မနေ့ကတည်းက သူ့ကို မတွေ့တော့လို့... ညက သူ ပြန်မလာဘူး..."
အဘွားစစ်မှာ အံ့အားသင့်သွား၏။ "အဘိုးကြီးမာ ပြန်မလာဘူး ဟုတ်လား... သူက ရွာကို အချိန်မှန် ပြန်လာနေကျပါ..."
ထော့ကျိုးက သက်ပြင်းချလိုက်၏။ "သူက မူအာ့ကို လွမ်းလို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ထွက်သွားတာ နေမယ်... ငါ အခု သူ့ကို လိုက်ရှာမလို့... ဒီအဘိုးကြီးက ငါ့ကိုတောင် နှုတ်မဆက်ဘဲ ထွက်သွားတယ်... ငါ သူ့ကို လိုက်မေးရမယ်... ဘာလို့ ဒီလောက် အကြာကြီး ခင်မင်ခဲ့တာကို အလေးမထားတာလဲလို့... ပြီးတော့ ငါ့ခြေထောက်ကိုလည်း ပြန်သွားကြည့်ဦးမယ်..."
မျက်ကန်းက သရော်လိုက်၏။ "မင်းကရော ချင်မူ့ကို သတိမရဘူးလား..."
ထော့ကျိုးက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "ငါက သူ့ကို သတိရ ရမယ် ဟုတ်လား... ဒီကောင်လေးက ငါတို့ ကောက်မွေးစားထားတဲ့ ကောင်စုတ်လေးတစ်ယောက်ပဲ... ငယ်ငယ်ကတည်းက စိတ်အနှောက်အယှက်ပေးလာတာ... သူ့ကို အဝေးပို့ပစ်ချင်နေတာ ကြာပြီ... အာ... ဟိုမှာ ကြည့်ဦး... ဟိုရှေ့က တစ်ယောက်က သားသတ်သမားနဲ့ မတူဘူးလား... ဟ... တကယ် သားသတ်သမားပဲဟ..."
အတန်ကြာပြီးသောအခါ မြစ်ကြောင်းချောပို့ ရေသတ္တဝါကြီး၏ နောက်ကျောပေါ်တွင် လူလေးယောက် ရပ်လျက်သား ပါလာ၏။ သားသတ်သမားက သူ့လက်များကို ထောက်၍ ရပ်နေသည်။ သူတို့ သုံးယောက်သား တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြ၏။ မျက်ကန်းက ဝါးတောင်ဝှေးကို ထောက်၍ ရပ်ကာ နားစွင့်နေသည်။ သို့သော်လည်း မည်သူမျှ စကားမဆိုဖြစ်ကြ။
အဘွားစစ်က သူမ၏ ခြင်းတောင်းတောင်းကို ဆွဲထား၏။ ထော့ကျိုးက ချိုင်းထောက်ကို အားပြု ရပ်နေပြီး လေချွန်နေသည်။ သားသတ်သမားက သူ့လက်နှစ်ဖက်ကို ခါးတွင်ထောက်၍ လှည့်ပတ် ကြည့်ရှုနေ၏။
အတန်ကြာပြီးသောအခါ မျက်ကန်းက တီးတိုး ပြောလိုက်သည်။ "ငါတို့ လေးယောက်တင် မကဘူး... အဘိုးကြီးမာကလည်း ထွက်သွားပြီ... ရွာထဲမှာ ဆေးဆရာရယ်၊ ရွာလူကြီးရယ်၊ နားကန်းနဲ့ ရွှေအရယ်ပဲ ကျန်တော့မယ်..."
"ရွှေအလည်း ထွက်သွားပြီ..."
သားသတ်သမားက နှာခေါင်းတစ်ချက် ရှုံ့၍ ပြောလိုက်၏။ "ရွာလူကြီးနဲ့ ဆေးဆရာ မနိုးခင်ကတည်းက သေတ္တာကြီးတစ်လုံး ထမ်းပြီး ရွှေအ ထွက်သွားတာ... ငါ သူ့နောက်က လိုက်လာတာပဲ... မမီတော့တာ..."
မျက်ကန်းမှာ မှင်တက်မိသွားပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။ "အဲဒါဆို နားကန်းရယ်၊ ရွာလူကြီးနဲ့ ဆေးဆရာရယ်ပဲ ကျန်တော့မှာပေါ့..."
ထော့ကျိုးက ဟက်ခနဲ ရယ်လိုက်၏။ "ငါတို့ အားလုံးက မူအာ့ကို လွမ်းလို့ မဟုတ်ဘူး... အကုန်လုံး ကိုယ့်အလုပ်နဲ့ကိုယ် ရှိကြတယ်... ငါက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ နန်းတော်ထဲ သွားပြီး ငါ့ခြေထောက်ကို သွားကြည့်မလို့... ဧကရာဇ် အတိုင်ပင်ခံက ဆားရည်များ စိမ်ထားလား၊ မီးခိုးကျပ်တိုက်များ လုပ်ထားလား မသိဘူး... အသားခြောက် လုပ်ပစ်ရင်တော့ ဒုက္ခပဲ..."
မျက်ကန်းက ခေါင်းညိတ်လိုက်၏။ "ငါလည်း လုပ်စရာ ကိစ္စ ရှိတယ်... ငါ့မျက်လုံးတွေအတွက် လက်စားချေရမယ်..."
အဘွားစစ်ကလည်း ခေါင်းကို အဆက်မပြတ် ညိတ်၍ ပြုံးလိုက်၏။ "နတ်ဂိုဏ်းရဲ့ အရင်မျိုးဆက် ကောင်းကင်နတ်မိမယ် အနေနဲ့ ငါလည်း ဂိုဏ်းသခင်အသစ် ဂိုဏ်းသိမ်းပွဲ ခံယူတာကို သွားတွေ့ရမှာပေါ့..."
သားသတ်သမားက အတန်ကြာအောင် အကြောင်းပြချက် စဉ်းစားနေပြီးမှ ပြောလိုက်သည်။ "ငါ့ခန္ဓာကိုယ် အောက်ပိုင်းကလည်း တစ်နေရာရာမှာ ပြုတ်ကျကျန်ခဲ့တာ ထင်တယ်... ငါ သွားကြည့်ရဦးမယ်... ပြန်ဆက်လို့ ရချင် ရဦးမှာ..."
သူတို့ လေးယောက်သား သက်ပြင်းမှုတ်ထုတ်၍ တစ်ညီတစ်ညာတည်း ပြောလိုက်ကြ၏။ "ငါတို့မှာ ကိုယ့်ကိစ္စနဲ့ကိုယ် လုပ်စရာတွေ ရှိတယ်..."
ဒုက္ခိတဘိုးဘွား ကျေးရွာတွင် ဆေးဆရာနှင့် ရွာလူကြီးမှာ ရွာဝင်ပေါက်တွင် ထိုင်၍ တိတ်တိတ်ဆိတ်ဆိတ်နှင့် လ္ဘက်ရည်ကြမ်း သောက်နေကြသည်။ အတန်ကြာပြီးနောက် ဆေးဆရာက ပြောလိုက်၏။ "ရွာထဲမှာ ကျုပ်တို့ လေးယောက်ပဲ ကျန်တော့တယ်..."
"ဆေးဆရာ... အဘိုးကြီးမာက မနေ့ကတည်းက ထွက်သွားတာ..."
ရွာလူကြီးက သူ၏ လ္ဘက်ရည်ကြမ်းခွက်ကို မော့သောက်ပြီးမှ ဆက်ပြောလိုက်သည်။ "သူတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းက ညံ့ဖျင်းသေးတာပဲ... ငြိမ်ငြိမ် ထိုင်မနေနိုင်ကြဘူး... နားကန်းက တကယ့်ကို ပညာတတ်၊ ပညာရှိ ပီသတယ်... သူ့ကိုယ်သူ တည်တည်ငြိမ်..."
ရွာလူကြီးမှာ အဝတ်အုပ်ထားသော ဝါးခြင်းတောင်းကြီးကို ရွက်၍ သူတို့ဘေးမှ ဖြတ်လျှောက်သွားသော နားကန်းကို ကြောင်အမ်းအမ်း ငေးစိုက်ကြည့်လိုက်မိသည်။
ဆေးဆရာက မအောင့်အီးနိုင်ဘဲ လှမ်းမေးလိုက်၏။ "နားကန်း... မင်း ဘယ်သွားမလို့လဲ..."
နားကန်းက သူ လှမ်းပြောသည်ကို မကြားယောင် ပြု၍ ဆက်လျှောက်သွားသည်။
"ဒီခွေးကောင်က မကြားချင်ယောင် ဆောင်ပြန်ပြီ..." ဆေးဆရာက ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
"အခု ရွာထဲမှာ နှစ်ယောက်ပဲ ကျန်တော့တယ်..."
ရွာလူကြီးမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ သူက ရုတ်တရက် မေးလိုက်၏။ "မင်းရော ဘယ်တော့ သွားမှာလဲ..."
ဆေးဆရာက အလျင်အမြန် ခေါင်းခါလိုက်သည်။ "ကျုပ်က အပြင်မှာ ရန်သူတွေ ဒီလောက်များတာ၊ ဘယ်ထွက်သွားရဲပါ့မလဲ... အခု စိတ်ပူနေတာ တစ်ခု ရှိတယ်... ရွာထဲက လူဆိုးတွေ အကုန်လုံး ထွက်သွားကြတာ... အကုန် ဗြောင်းဆန်အောင် လုပ်လိုက်ကြလိမ့်မယ်..."
ရွာလူကြီးက ပြုံးလိုက်၏။ "အပြင်ဘက်ကလူတွေ ခေါင်းကိုက်ကြပါစေ... မင်းလည်း ထွက်သွားချင် ထွက်သွားလို့ ရတယ်... ငါကတော့ ရွာမှာပဲ ဆက်နေပြီး မင်းတို့ ပြန်လာတာကို စောင့်နေမယ်..."
ဆေးဆရာက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ခေါင်းခါယမ်းလိုက်၏။ "ကျုပ် ထွက်သွားရင် ပြဿနာ ပိုရှုပ်သွားလိမ့်မယ်... ကျုပ်တို့ ရွာက လူဆိုးတွေထဲမှာ ကျုပ်နာမည်က အပျက်ဆုံးပဲ..."
ရွာလူကြီးက ပြုံးတုံ့တုံ့ လုပ်၍ ပြောလိုက်၏။ "အဲလိုကြောင့်သာ မဟုတ်ရင် မင်း အစောကြီးကတည်းက ထွက်သွားပြီ မဟုတ်လား..."
သူတို့ နှစ်ယောက် တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ကာ တဟားဟား ရယ်မောလိုက်ကြသည်။
တိကျန်းစီရင်စုနှင့် ဟုယန်စီရင်စု နယ်နိမိတ် ထိစပ်သည့် နေရာတွင်...။ ချင်မူ နံနက်ခင်း နေမင်းကို မော့ကြည့်လိုက်၏။ သူ့လက်ထဲမှ မီးငှက်ချီစွမ်းအင် ပေါက်ကွဲ ထွက်ပေါ်လာပြီး အလောင်းကောင် အင်မော်တယ် ဂိုဏ်းသားထံမှ ယူလာသော အင်္ကျီကို မီးရှို့ဖျက်ဆီးပစ်လိုက်သည်။ လူအရေခွံကတော့ ပြေးလာသည့် လမ်းကတည်းက လွှင့်ပစ်ခဲ့ပြီး ဖြစ်၏။ သူ့အနေဖြင့် အခြားလူများ၏ အရေခွံ ဝတ်ရမည်ကို စိတ်မသက်မသာ ဖြစ်နေသေးသည်။ ထို့ပြင် သူ့နောက်ကျော၌ အဘွားစစ် ပစ္စည်းပေါင်းစုံ ထည့်ပေးလိုက်သည့် အိတ်ကြီးတစ်လုံး လွယ်ထားရသေး၏။ လူအရေခွံကို ဝတ်၍ ရလိမ့်မည် မဟုတ်။ ထိုသို့ ဝတ်လိုက်လျှင် နောက်ကျော၌ ဘုကြီး ထွက်ပြီး အယောင်ဆောင်ထားမှန်း သိသွားပေလိမ့်မည်။
"ဘွားဘွားရဲ့ နောက်ကျောက ဘုကြီးထဲမှာလည်း ဘာတွေ ဝှက်ထားလဲ မသိဘူး..." ချင်မူ၏ ခေါင်းထဲတွင် သိချင်စိတ် ပေါ်သွား၏။
သူက နောက်ကျောတွင် အိတ်ကြီး သယ်ထားသဖြင့် လူအရေခွံ ဝတ်လိုက်လျှင် ခါးဘုကြီး ပေါ်လာပေလိမ့်မည်။ အဘွားစစ်မှာလည်း တကယ့် ခါးကုန်းကြီး မဟုတ်သဖြင့် အထဲတွင် တစ်ခုခု သိုဝှက်ထားခြင်း ဖြစ်မည်။ မည်သည့် အရာများ သိုဝှက်ထားခြင်း ဖြစ်မည်ကို ချင်မူ အလွန်အမင်း သိချင်သွား၏။
တစ်ညလုံး ထွက်ပြေးနေရပြီး နားချိန်မရှိဘဲ တိုက်ပွဲများ ဆက်ခဲ့သဖြင့် သူ အားအင်ကုန်ခန်းနေပြီ ဖြစ်သည်။ ဟူလင်းအာကတော့ ပင်ပန်းလွန်းသဖြင့် သူ့ကျောပိုးအိတ်ထဲ၌ အိပ်ပျော်နေချေပြီ။
လေပွေ တစ်ခုက တိုက်ခတ်လာပြီး ချင်မူ ထိုလေပွေ ထိပ်ဖျားပေါ်သို့ ကမန်းကတန်း အမီလိုက်၍ လေထဲမှ ခရီးနှင်လိုက်သည်။ သို့သော်လည်း ခြေလှမ်း အနည်းငယ် လှမ်းပြီးသည်နှင့် သူ့ခန္ဓာကိုယ်မှ ပင်ပန်းနွမ်းနယ်မှု ခံစားလိုက်ရသဖြင့် မြေပြင်ပေါ်သို့ ပြန်ဆင်း၍ တရွတ်ဆွဲ လျှောက်ရတော့၏။
ရုတ်တရက် ကောင်းကင်ယံမှ တဝီဝီ အသံများ ထွက်ပေါ်လာသဖြင့် အသံလာရာသို့ ကြည့်လိုက်သောအခါ ရဲရဲနီနေသော ပိုးကောင်များ သူ့ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ ထိုပိုကောင်များက လူကြောက်သည့်ဟန် မရှိဘဲ သူ့အနီးတွင် ဝိုင်းပတ် ပျံသန်းနေ၏။
"အလောင်းပိုးကောင်တွေ..."
ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး ဝှားခနဲ သန်း၍ တီးတိုးရေရွတ်လိုက်သည်။ "ငါ သိပ်ပင်ပန်းနေပြီ... အိပ်ဖို့ နေရာ ရှာမှ ဖြစ်တော့မယ်..."
သူ့လက်ချောင်းများဖြင့် တောက်ထုတ်လိုက်ရာ အလောင်းပိုးကောင်များမှာ တစ်မုဟုတ်ချင်း တစ်စစီ ပေါက်ကွဲထွက်သွားသည်။
ချင်မူ သူ့ပြေးနှုန်းကို ရုတ်ခြည်း မြှင့်၍ တစ်ဟုန်ထိုး ထွက်ပြေးလိုက်သည်။
ဤသို့သော အလောင်းပိုးကောင်မျိုးကို ဆေးဆရာထံ၌ သူ မြင်ခဲ့ဖူးသည်။ အစိမ်းရောင်နှင့် အနက်ရောင် အလောင်းပိုးကောင်များ ရှိသေးသော်လည်း အနီရောင် အလောင်းပိုးကောင်များက အရှားပါးဆုံး ဖြစ်၏။ သူ မြင်တွေ့ခဲ့ရသည့် အနီရောင် ပိုးကောင်များက အနီရောင် အလောင်းပိုးကောင်များ ဖြစ်သည်။
ထိုအခိုက်၌ ပိုမို ကျယ်လောင်သော တဝီဝီ အသံများ ထွက်ပေါ်လာ၏။ သူ့ခေါင်းကို မော့၍ ကြည့်လိုက်သောအခါ အနီရောင်တိမ်တိုက်ကဲ့သို့ ပိုးကောင်အုပ်ကြီး သူ့ထံသို့ အရှိန်အဟုန်နှင့် ပျံသန်းလာသည်ကို တွေ့လိုက်ရသဖြင့် ခေါင်းကျိန်းသွားသည်။
ထိုအနီရောင် တိမ်တိုက်က နိမ့်ဆင်းသည်ထက် နိမ့်ဆင်းလာသည်။ ရုတ်တရက် အနီရောင် ပိုးကောင်များက တောအုပ်ထဲသို့ ပျံသန်းသွားပြီး ပြန့်ကျဲနေသော မြေပုံများအတွင်းသို့ တိုးဝင်သွားသည်။ ထိုမြေပုံများက တဝုန်းဝုန်း တုန်ခါလာပြီး အရိုးစုများ မြေကြီးထဲမှ ကုန်းထကာ ချင်မူ့ထံ ပြေးလာကြ၏။
အလောင်းပိုးကောင်များက ပို၍ များလာပြီး လမ်းတစ်လျှောက်ရှိ ဝံပုလွေရိုင်းများ၊ ကျားရဲများကဲ့သို့သော သားရဲများ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။ ထိုသားရဲများ၏ မျက်လုံးများက ရဲရဲနီသွားကြပြီး ချင်မူ့ကို ဝိုင်း၍ ခုန်အုပ်လိုက်ကြ၏။