လီကျိုးပြည်နယ်အကြီးအကဲ
Vol. 8 Ch. 105
"အလောင်းကောင် အင်မော်တယ်ဂိုဏ်းက အဆင့်မြင့် ပညာရှင် တစ်ယောက်ယောက်ပဲ... ဟဲယင်လို့ ခေါ်တဲ့ ကောင်းကင်နတ်သိုင်း ပညာရှင်ထက်တောင် ပိုစွမ်းအားကြီးသေးတယ်... အနည်းဆုံးတော့ သူ့ထက် အဆင့်တစ်ဆင့် မြင့်မယ်..."
ချင်မူ၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွား၏။ ဤအလောင်းပိုးကောင်များက အလောင်းကောင် အင်မော်တယ်ဂိုဏ်းမှ အဆင့်မြင့် ပညာရှင် တစ်ဦးဦး မွေးမြူထားခြင်း ဖြစ်မည်။ ထိုသူက ဤမျှ များပြားသော အလောင်းပိုးကောင်များကို ဝေးကွာသည့် နေရာမှ ထိန်းချုပ်နိုင်သည့်အပြင် ၎င်းတို့ကို အသုံးပြု၍ သင်္ချိုင်းမြေပုံများထဲမှ မရေမတွက်နိုင်သော အရိုးခြောက်များနှင့် တောအုပ်ထဲမှ သားရဲများကို ထိန်းချုပ်နိုင်စွမ်း ရှိ၏။ ဤသည်ကို ကြည့်လျှင် ထိုသူ၏ ကျင့်စဉ်စွမ်းအင်မှာ မည်မျှ နက်ရှိုင်းမည်ကို မှန်းဆသိနိုင်သည်။
ဤသည်က ဖုတ်ကောင်ပျံများကို ထိန်းချုပ်ခြင်းထက် များစွာ ပိုခက်၏။
အလောင်းပိုးကောင်များက အရိုးခြောက်များနှင့် သားရဲများ၏ ကိုယ်ထဲသို့ ဝင်သွားပြီးနောက် ထူးဆန်းသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ အရိုးခြောက်များ၏ အရိုးများက အနီရောင်အဖြစ် ပြောင်းသွားပြီး သားရဲများမှာလည်း အမွေးနီ သားရဲ အလောင်းကောင်များအဖြစ် ပြောင်းကာ ချင်မူ့နောက်သို့ တစ်ဟုန်ထိုး လိုက်လာကြ၏။
ဤသို့သော တိုက်ခိုက်မှု နည်းလမ်းက ဟဲယင်ထက် များစွာ သာလွန်သည်။
"သူ့ရည်ရွယ်ချက်က ငါ့ကို သတ်ဖို့ မဟုတ်ဘူး... ဒီအလောင်းပိုးကောင်တွေနဲ့ အရိုးခြောက်တွေ၊ သားရဲတွေကို ထိန်းချုပ်ပြီး ငါ မပြေးနိုင်အောင် တားထားချင်တာ..."
ချင်မူက ချီစွမ်းအင်ကို အသုံးပြု၍ သူ၏ဓားကို ထိန်းချုပ်လိုက်သည်။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက ပျံဝဲထွက်ပေါ်လာပြီး ဝှေ့ယမ်းဓားချက်ကို ထုတ်ဖော်၍ သူ့ခန္ဓာကိုယ် တစ်ဝိုက်တွင် အဆက်မပြတ် ဝှေ့ယမ်း လည်ပတ်နေသည်။ သူက ရှေ့သို့ ဆက်ပြေးနေပြီး အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက ရှေ့ဘက်၊ နောက်ဘက်မှ ခုန်ဝင်လာသော အရိုးခြောက်များ၊ အမွေးနီ သားရဲများကို အပိုင်းပိုင်းအစစ ဖြစ်အောင် အဆက်မပြတ် ခုတ်ပိုင်းနေသည်။
သို့သော်လည်း အရိုးခြောက် တစ်ကောင် တစ်စစီ ပုံကျသွားတိုင်း၊ အမွေးနီသားရဲ တစ်ကောင် အပိုင်းပိုင်းအစစ ခုတ်ဖြတ်ခံလိုက်ရတိုင်း ၎င်းတို့၏ ခန္ဓာကိုယ်မှ အလောင်းပိုးကောင်များ ပျံသန်း ထွက်ပေါ်လာသည်။ ထိုပိုးကောင်များက မြေကြီးထဲသို့ သော်လည်းကောင်း၊ တောအုပ်ထဲသို့ သော်လည်းကောင်း တိုးဝင် ပျံသန်းသွားကြပြီး မြေကြီးထဲမှ အလောင်းကောင်များ၊ တောထဲမှ အမွေးနီသားရဲများ ပြန်ထွက်လာကာ အဆုံးမသတ်နိုင်သည့် သံသရာ လည်နေ၏။
ချင်မူ ခေါင်းကျိန်းသွားသည်။ ဤသားရဲ အလောင်းကောင်များနှင့် အရိုးခြောက်များက သူ ထွက်မပြေးနိုင်အောင် ဟန့်တား အချိန်ဆွဲနေခြင်း ဖြစ်သည်။ သူ့နောက်မှ လိုက်လာသော အဆင့်မြင့် ပညာရှင်က မကြာမီ သူ့ကို မီလာပေတော့မည်။
ထိုအခိုက်၌ ဟူလင်းအာမှာ ရုတ်ရုတ်သဲသဲ အသံများကြောင့် အိပ်မှုန်စုံမွှား နိုးထလာသည်။ အပြင်ဘက်မှ အခြေအနေကို မြင်သောအခါ တစ်မုဟုတ်ချင်း မှော်ဂါထာ ရွတ်၍ မှော်မိစ္ဆာလေကို ဆင့်ခေါ်လိုက်၏။ လေတိုက်နှုန်းက အားကောင်းသည်ထက် ကောင်းလာပြီး နောက်ဆုံးတွင် လေမုန်တိုင်းတစ်ခု အသွင်သို့ ပြောင်းကာ သူတို့၏ ပြေးလမ်းတွင် ပိတ်ဆို့နေသော အမွေးနီသားရဲများ၊ အရိုးခြောက်များ အားလုံးကို လွင့်စင်ထွက်သွားစေသည်။
ချင်မူ့အပေါ် သက်ရောက်နေသော ဖိအား အတော်လေး လျော့ကျသွားသဖြင့် သူ၏ ပြေးနှုန်း ပြန်လည် မြင့်တက်လာသည်။
ထိုအခိုက်၌ အနီရောင် အလောင်းပိုးကောင် တစ်ကောင် ပျံဝဲလာပြီး ချင်မူ၏ ကျောပိုးအိတ်ပေါ်တွင် နားလိုက်သည်။ ထို့နောက် ဟူလင်းအာ၏ နှာခေါင်းထဲသို့ တိုးဝင်ရန် ကြိုးစား၏။
ဟူလင်းအာက အလန့်တကြား ထအော်ပြီး အိတ်ထဲမှ ကမန်းကတန်း ပြေးထွက်ကာ ချင်မူ၏ ပခုံးပေါ်သို့ တက်လိုက်၏။ ပိုးကောင်များက ထပ်၍ ပျံဝဲလာသည်။ သူတို့နောက်မှ လိုက်လာသည့် အလောင်းကောင် အင်မော်တယ်ဂိုဏ်း၏ အဆင့်မြင့် ပညာရှင်က ဟူလင်းအာမှာ လေကို ထိန်းချုပ်နိုင်ကြောင်း သိသွားသဖြင့် သူမကို ပစ်မှတ်ထား၍ အလောင်းပိုးကောင်များနှင့် တိုက်ခိုက်ပြီး အမွေးနီသားရဲ ဖြစ်အောင် လုပ်ပစ်ရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း ထင်ရှား၏။
"ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်..."
ချင်မူ၏ ချီစွမ်းအင်က တရှိန်ရှိန် တောက်လောင်နေသည့် မီးတောက်မီးလျှံများအဖြစ် ပြောင်းလဲသွားပြီး လက်ဟန်သင်္ကေတ တစ်ခု ပြုလုပ်၍ ကောင်းကင်ယံသို့ ရိုက်ချလိုက်သည်။ မီးငှက်ချီစွမ်းအင်က အလင်းတန်းများ တောက်ပ ဖြာထွက်နေသည့် ပူပြင်းလောင်မြိုက်သော နေတစ်စင်း အသွင်သို့ ပြောင်းလဲသွားသည်။ အလောင်းပိုးကောင်များက ထူးဆန်းသည့် အသံများဖြင့် စူးစူးရှရှ အော်မြည်ရင်း ၎င်းတို့၏ ခန္ဓာကိုယ်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ထိုပိုးကောင်များ အားလုံး မြေပေါ်သို့ တဖြုတ်ဖြုတ် ပြုတ်ကျပြီး မလှုပ်မယှက် ဖြစ်သွားကြ၏။
"မိုးကြိုးရှစ်ချက် လက်သီးသိုင်းက အလုပ်ဖြစ်သားပဲ... အလောင်းပိုးကောင်ရဲ့ ဝိညာဉ်တွေကို ဖျက်ဆီးနိုင်တယ်..."
ချင်မူ အံ့အားသင့်သွားသည်။ သူက တစ်ဟုန်ထိုး ပြေးလွှားနေရင်း ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည် သိုင်းကွက်ကို ထုတ်ဖော်လိုက်ရာ ပူပြင်းလောင်မြိုက်သည့် နေလုံးကြီး၏ အလင်းရောင် ကျရောက်ခံရသော အရိုးခြောက်များနှင့် သားရဲ အလောင်းကောင်များအားလုံး အစိမ်းရောင် မီးခိုးငွေ့များ တလူလူ ထွက်လာသည်။ အရိုးခြောက်များက မြေပြင်ပေါ်သို့ ပုံကျသွားသကဲ့သို့ သားရဲအလောင်းကောင်များမှာလည်း အရုပ်ကြိုးပြတ် ဖြစ်သွား၏။
ထိုအခါ အရိုးခြောက်များနှင့် သားရဲ အလောင်းကောင်များက သူ့ရှေ့မှ ပိတ်ဆို့ခြင်း မရှိတော့ဘဲ သူ့ဘေးမှ တန်းတူ လိုက်၍ ပြေးကြတော့သည်။ အရိုးခြောက်များက ပြေးရင်းလွှားရင်းနှင့် ရုတ်တရက် သူတို့လက်များကို ဆန့်ထုတ်၍ သူတို့၏ နံရိုးများကို ချိုးကာ ဓားကွေးများအဖြစ် အသုံးပြုပြီး ချင်မူ့ထံ ပစ်လွှတ်လိုက်ကြသည်။
ရာချီသော နံရိုးများက တဝီဝီ မြည်အောင် လည်ပတ်၍ ပြေးဝင်လာသည်။ ထိုနံရိုးများက ဝေ့ဝိုက်၍ ပစ်လိုက်ခြင်း ဖြစ်သောကြောင့် ချင်မူ့ကို မထိလျှင်တောင်မှ အရိုးခြောက်များ၏ လက်ထဲသို့ ပြန်ရောက်သွား၏။
ချင်မူ ခေါင်းခဲသွားပြီး ဝှေ့ယမ်းဓားချက်ကိုသာ အသုံးပြု၍ အရပ်မျက်နှာ ပေါင်းစုံမှ တိုးဝင်လာသော နံရိုး ဓားသွားများကို ခုခံ ကာကွယ်နေရသည်။ သူ၏ ပြေးနှုန်းက ပြန်နှေးကျသွား၏။
အလောင်းကောင် အင်မော်တယ်ဂိုဏ်း၏ တိုက်ခိုက်နည်းများက ဆန်းကြယ်လှသည်။ ဖုတ်ကောင်ပျံများ၊ အဝါရောင် အဆောင်စာရွက်များ၊ အလောင်းပိုးကောင်များ၊ အမွေးနီ သားရဲအလောင်းကောင်များ၊ ကိုယ့်နံရိုးကိုယ် ချိုး၍ပင် ဓားပျံအဖြစ် ပစ်လွှတ်တိုက်ခိုက်သော အရိုးခြောက်များနှင့် ထူးဆန်းထွေလာ စုံလင်လှ၏။
ရုတ်တရက် ချင်မူ ရှေ့နားဆီမှ လယ်ကွင်းများနှင့် ထိုလယ်ကွင်းများတွင် စိုက်ပျိုးရိတ်သိမ်းနေကြသော လယ်သမားများကို မြင်လိုက်သည်။ ယခုက နွေဦးရိတ်သိမ်းချိန် ဖြစ်သဖြင့် မနက်အစော ထ၍ ကောက်ရိတ်သိမ်းရန် ရောက်နေကြသော လယ်သမား များစွာ ရှိနေသည်။
"မြန်မြန်ပြေး..."
ချင်မူက လက်ဝှေ့ယမ်း၍ အော်ဟစ်လိုက်သည်။ "အကုန်လုံး ပြေးကြ၊ မြန်မြန်ပြေးကြ..."
ထိုလယ်သမားများမှာ ခေါင်းမော့ကြည့်လိုက်ပြီး အံ့ဩတုန်သွားမိကြ၏။ အရိုးခြောက်များနှင့် အမွေးနီ သားရဲအလောင်းကောင်များက လှိုင်းလုံးကြီးများကဲ့သို့ အုပ်လိုက် ပြေးလာနေကြသည်မှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့၏ လက်ထဲမှ တံစဉ်များကို ကပျာကယာ လွှတ်ချ၍ ထွက်ပြေးကြတော့၏။ သို့သော်လည်း သူတို့၏ ပြေးနှုန်းက ချင်မူနှင့် အမွေးနီ သားရဲအလောင်းကောင်များထက် များစွာ နှေးကွေးသည်။ ဤနှုန်းအတိုင်း ဆိုလျှင် မကြာမီ သူတို့ကို ဝင်တိုးမိပေတော့မည်။
ချင်မူ ကမန်းကတန်း ပြေးလမ်းကြောင်း ပြောင်း၍ သူတို့ကို ရှောင်ကွင်းရန် ကြိုးစားလိုက်၏။ သို့သော်လည်း လယ်ကွင်းများ၏ ဘေးတွင် ရှိနေသည်က လမ်းမကြီး ဖြစ်ပြီး လမ်းသွားလမ်းလာများ ရှိနေသည်။ သူတို့ ရှေ့တွင်တော့ မြင်းလှည်းတစ်စီး ရှိနေပြီး ဘေးတွင် မြင်းစီးသက်တော်စောင့် နှစ်ယောက် အသင့်အနေအထားနှင့် ရှိနေ၏။ ရထားလုံးထဲမှ အမျိုးသမီးသံ တစ်သံ ထွက်ပေါ်လာသည်။ "အပြင်ဘက်က ဆူလှချည်လား... ဘာဖြစ်တာလဲ..."
မြင်းပေါ်မှ သက်တော်စောင့် တစ်ယောက်က ဦးညွှတ် အရိုအသေပြု၍ ပြန်ဖြေလိုက်သည်။ "သခင်မ... အရိုးခြောက် တစ်အုပ်က ဝတ်ကောင်းစားလှနဲ့ လူငယ်တစ်ယောက်နောက်ကို လိုက်နေလို့ပါ... အဲဒီ လူငယ်က လယ်ကွင်းထဲက လယ်သမားတွေနဲ့ ဝင်တိုးမိမှာ စိုးလို့ အရိုးခြောက်တွေကို လမ်းမဘက် မျှားခေါ်လာတာပါ... ထူးဆန်းတဲ့ အမွေးနီ သားရဲ အလောင်းကောင်တွေလည်း ရှိပါသေးတယ်... သူတို့ကို တစ်ယောက်ယောက်က အလောင်းပိုးကောင်တွေနဲ့ ထိန်းချုပ်ထားတာ ဖြစ်မယ်... ကြည့်ရတာ ရှန်းရှီးနယ်ဘက်က အလောင်းကောင် အင်မော်တယ်ဂိုဏ်းရဲ့ လက်ချက် ထင်တယ်..."
"လောကကြီးက အေးချမ်းတော့မယ် ဆိုရင်... မိစ္ဆာ၊ မကောင်းဆိုးဝါးတွေက ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ဖို့ ထွက်လာကြတော့တာပဲ..."
ရထားလုံးအတွင်းမှ အမျိုးသမီးက အမိန့်ပေးလိုက်သည်။ "သက်တော်စောင့်ရှစ်... အဲဒီ အရိုးခြောက်အုပ်နဲ့ အမွေးနီ သားရဲကောင်တွေကို သွားရှင်းပစ်လိုက်... အရပ်သားတွေ မထိခိုက်စေနဲ့..."
"အမိန့်အတိုင်းပါ သခင်မ..."
သက်တော်စောင့်ရှစ်က မြင်းပေါ်မှ မဆင်းဘဲ ငွေရောင် ဓားစက်လုံး တစ်လုံးသာ ထုတ်ယူလိုက်သည်။ သူ့လက်ချောင်းဖြင့် တစ်ချက် တောက်ထုတ်လိုက်ရာ ကောင်းကင်ယံသို့ ပျံဝဲတက်သွားပြီး တဝီဝီ လည်နေ၏။ တစ်ပတ်လည်တိုင်း ဓားရောင် ဖြူဖြူတစ်ချက် ပြေးထွက်သွားသည်။
ထိုဓားစက်လုံးက အလွန်တရာ မြန်ဆန်သော နှုန်းထားဖြင့် လည်ပတ်နေပြီး ဓားရောင်များက မိုးသီးမိုးပေါက်သဖွယ် ကျဆင်းလာသည်။ ချင်မူမှာ ပြေးရင်းလွှားရင်းနှင့် တဝှစ်ဝှစ် အသံများ ကြားလိုက်ရပြီး သူ့နောက်မှ လိုက်လာသော အရိုးခြောက်များမှာ အပိုင်းပိုင်းအစစနှင့် အမှုန့်ဖြစ်သွားသည်။
အမွေးနီ သားရဲအလောင်းကောင်များမှာလည်း ခေါင်းပြတ်သွား၏။ အသက်တစ်ရှိုက်စာပင် မရှိသော အချိန်တစ်ခဏအတွင်း၌ သူ့နောက်မှ လိုက်လာသည့် ရာချီသော အရိုးခြောက်များနှင့် အမွေးနီ သားရဲအလောင်းကောင်များ အားလုံး အတုံးအရုံး သေကြေပျက်စီးသွားသည်။
ထိုအရိုးခြောက်များနှင့် သားရဲ အလောင်းကောင်များထဲမှ အနီရောင် အလောင်းပိုးကောင်များ ထွက်ပေါ်လာသော်လည်း အဝေးသို့ ပျံထွက်မသွားနိုင်မီမှာပင် ဓားရောင်များ၏ လက်ချက်ဖြင့် သေဆုံးသွားကြ၏။
"လမ်းမှန် ဓားသိုင်း..."
ချင်မူ သူ့ခြေလှမ်းများကို တစ်မုဟုတ်ချင်း ရပ်၍ ရှေ့နားဆီမှ မြင်းရထားကို ကြည့်လိုက်သည်။ ထိုမြင်းရထားဘေးမှ သက်တော်စောင့် အသုံးပြုလိုက်သည့် ဓားသိုင်းမှာ လမ်းမှန် ဓားသိုင်း ဖြစ်သည်။ ထိုဓားသိုင်းနှင့် ဆင်တူသည့် ဓားသိုင်းမျိုးကို လီမြစ်ဓားဂိုဏ်းမှ မြင်ဖူးခဲ့သည်။ အထင်ကြီးဖွယ် ကောင်းလှ၏။
ဤသို့သော ဓားသိုင်းမျိုးက ဓားပေါင်းများစွာကို ဓားစက်လုံး တစ်လုံးအဖြစ် ဖန်တီးထားရန် လိုအပ်ပြီး ရန်သူနှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် လွန်စွာ စွမ်းအား ကြီးမားလှသည်။ ဓားဝင်္ကပါ တစ်ခုအဖြစ်ပင် ဖော်ထုတ်တိုက်ခိုက်နိုင်၏။
ဓားစက်လုံးများဖြင့် တိုက်ခိုက်နိုင်သူများ အားလုံးမှာ အဆင့်မြင့် ပညာရှင်များသာ ဖြစ်သည်။ ဓားစက်လုံးများက လေးလံလွန်းလှသည် မဟုတ်လား။ ဓားစက်လုံးကို ချီစွမ်းအင်ဖြင့် ထိန်းချုပ်၍ ကောင်းကင်သို့ ပျံတက်အောင် စွမ်းဆောင်နိုင်သည်မှာ ထိုသူ၏ ကျင့်စဉ်စွမ်းအင်က တုနှိုင်းမဲ့ ကြီးမားလှ၍ ဖြစ်မည်။
မြင်းရထားဘေးမှ သက်တော်စောင့်ပင် ထိုမျှ စွမ်းအားကြီးလှပြီ ဖြစ်ရာ ရထားလုံးထဲမှ လူမှာ အတော်လေး အဆင့်မြင့်သူ တစ်ယောက် ဖြစ်ပေလိမ့်မည်။
အဝေးတစ်နေရာမှ ဦးရီးတော်ချောင်းမှာ သူ၏ အလောင်းပိုးကောင်များ အားလုံး တစ်ပြိုက်နက် သေဆုံးသွားသည်ကို ရုတ်တရက် အာရုံခံလိုက်မိပြီး အံ့အားသင့်သွားသည်။ သူ ရှေ့ဆက် မလိုက်တော့ဘဲ သစ်ပင် တစ်ပင်၏ ထိပ်ဖျားသို့ တက်၍ အဝေးမှ လှမ်းမျှော်ကြည့်လိုက်သည်။
"လီကျိုးပြည်နယ် အကြီးအကဲရဲ့ မြင်းရထားပါလား..."
သူ့အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အလျင်အမြန် ပြန်ဆုတ်ရန် ပြင်လိုက်၏။ "လီကျိုးပြည်နယ် အကြီးအကဲက အညှာအတာကင်းတဲ့သူ တစ်ယောက်... ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး... ပြန်ဆုတ်တာ ကောင်းမယ်..."
သူက လျှပ်ပြက်သကဲ့သို့ ရုတ်ခြည်း ပြေးထွက်သွားပြီး အစအနပင် မမြင်ရတော့အောင် ပျောက်ကွယ်သွားသည်။
မြင်းပေါ်မှ သက်တော်စောင့်ရှစ်က ရထားလုံးအတွင်းမှ ပုဂ္ဂိုလ်ကို သတင်းပို့လိုက်သည်။ "သခင်မ... အလောင်းကောင် အင်မော်တယ်ဂိုဏ်းက ပြန်ဆုတ်သွားပါပြီ..."
ရထားလုံးအတွင်းမှ အမျိုးသမီးက ပြောလိုက်သည်။ "အဲကောင်လေးကို ခေါ်လိုက်..."
"အမိန့်အတိုင်းပါ..."
သက်တော်စောင့်ရှစ်က မြင်းပေါ်မှ ဆင်း၍ ဦးညွှတ် အရိုအသေပြုလိုက်သည်။ "ဒီက သခင်လေးကို ကျွန်တော့်ရဲ့ သခင်မက ဖိတ်ခေါ်လိုက်ပါတယ်..."
ချင်မူက မြင်းရထား၏ ဘေးသို့ လျှောက်သွားလိုက်၏။ မြင်းရထား၏ ကန့်လန့်ကာက အပေါ်သို့ တက်သွားပြီး အမျိုးသမီး တစ်ယောက်၏ မျက်နှာ ဘေးဘက်ခြမ်း ပေါ်လာသည်။ နှင်းဆီရောင် ပါးပြင်များ၊ နီစွေးသည့် နှုတ်ခမ်းများနှင့် မိန်းမလှ တစ်ဦး ဖြစ်၏။ သူမ၏ မျက်နှာ လှည့်လာပြီး ချင်မူ့ကို အကဲခတ်လိုက်သည်။ သူ၏ အဝတ်အစား တောက်တောက်ပြောင်ပြောင်နှင့် သပ်ရပ်စွာ ဝတ်စားထားမှုကို ကြည့်၍ ချမ်းသာသော မိသားစုမှ ဖြစ်မည်ဟု ယူဆကာ မေးမြန်းစုံစမ်းလိုက်၏။ "ဒီက သခင်လေး... ဘယ်က လာတာပါလဲ..."
ချင်မူက မမောက်ကြွား၊ မနှိမ့်ချသော အမူအရာဖြင့် ရင့်သီးခြင်း၊ ရို့ကျိုးခြင်း အလျဉ်းမရှိဘဲ တုံ့ပြန် ပြောဆိုလိုက်သည်။ "ကျွန်တော်က တိကျန်းစီရင်စုကပါ..."
ထိုအမျိုးသမီးက မေးလိုက်၏။ "တိကျန်းစီရင်စုက အလောင်းကောင် အင်မော်တယ်ဂိုဏ်းရဲ့ လက်ထဲ ကျရောက်သွားပြီးလား..."
ချင်မူက ခေါင်းညိတ်၍ လွှတ်ခနဲ ချီးကျူးလိုက်မိသည်။ "မမကြီးက တကယ့်ကို ဉာဏ်ထက်တာပဲ..."
"မမကြီး ဟုတ်လား... လီကျိုးပြည်နယ် အကြီးအကဲ ဖြစ်ပြီး နှစ်တွေ အများကြီးကြာတဲ့အထိ ငါ့ကို မမကြီးလို့ အခေါ်ခံရတာ ဒါ ပထမဆုံးပဲ..."
ထိုအမျိုးသမီးမှာ ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်သွားသည်။ သူမက သက်တော်စောင့်ရှစ်ကို ခေါ်၍ အမိန့်ပေးလိုက်၏။ "ဟုယန်စီရင်စု၊ ယွီခန်းစီရင်စုနဲ့ တခြား စီရင်စုတွေကို တိကျန်းစီရင်စုဆီ စစ်ချီဖို့ ပြင်ခိုင်းလိုက်..."
သက်တော်စောင့်ရှစ်က ခေါင်းညိတ်၍ ချက်ချင်း ထွက်သွားသည်။
ထိုအမျိုးသမီးက ချင်မူ့ကို ကြည့်၍ ပြောလိုက်သည်။ "အခု ရှန်းရှီးနယ်ရဲ့ အလောင်းကောင် အင်မော်တယ်ဂိုဏ်းက တိကျန်းစီရင်စုကို သိမ်းပိုက်လိုက်ပြီ ဆိုတော့ အဲဒီက လူတွေအတွက် ဒုက္ခပဲပေါ့... မင်း လွတ်အောင် ပြေးလာနိုင်တာကိုက အတော်လေး ထူးဆန်းလှပြီ... မင်းရဲ့ အဝတ်အစားတွေက တော်တော် အထက်တန်းကျတာ ဆိုတော့ လူချမ်းသာ မိသားစု တစ်ခုက ဖြစ်မယ် ထင်တယ်... ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ..."
သူမ၏ အကြည့်များက သနားရိပ်များ သန်းနေသည်။ တိကျန်းစီရင်စုက အလောင်းကောင် အင်မော်တယ်ဂိုဏ်း၏ သိမ်းပိုက်ခြင်း ခံလိုက်ရသဖြင့် မြို့ထဲရှိလူများ အားလုံး အသက်ရှင်နိုင်လိမ့်မည် မဟုတ်။ ချင်မူက တိကျန်းစီရင်စုမှ ဖြစ်သဖြင့် သူ့မိသားစုက သေကျန်ရစ်ခဲ့ဖို့ရန် များပြီး အသက်ရှင်လျက် လွတ်မြောက်နိုင်စရာ လမ်းမရှိပေ။
သို့ဖြစ်၍ ချင်မူ့ကို မည်သို့ ဆက်လုပ်ရန် ကြံစည်ထားသနည်းဟု မေးနေခြင်း ဖြစ်၏။
ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေလိုက်သည်။ "မြို့တော်ကို သွားဖို့ စိတ်ကူးထားပါတယ်..."
အမျိုးသမီးက ခေါင်းညိတ်၍ ပြောလိုက်၏။ "မြို့တော်ကို သွားတာလည်း ကောင်းပါတယ်... ငါတို့ လီကျိုးပြည်နယ်ကလည်း တိကျန်းစီရင်စုကို သွားတိုက်ရဦးမယ်... တိုက်ပွဲကာလမှာ သူခိုးဓားပြတွေ ထကြွသောင်းကျန်းမှာ ဆိုတော့ အန္တရာယ်ကင်းတဲ့ နေရာ မဟုတ်သေးဘူး... မင်းမှာ မြို့တော်ကို သွားဖို့ ခရီးသွားလက်မှတ် ပါခဲ့လား..."
ချင်မူက အူကြောင်ကြောင်နှင့် ငေးကြည့်၍ ခေါင်းယမ်းလိုက်၏။
ထိုအမျိုးသမီးက သူမဖာသာ တီးတိုး ရေရွတ်ပြီးနောက် ပြောလိုက်သည်။ "ငါ့နာမည်က ယုယွမ်ချူးယွီ၊ လီကျိုးပြည်နယ်ရဲ့ အကြီးအကဲပဲ... ငါ့ရဲ့ အာဏာစက်အောက်မှာ တိကျန်းစီရင်စုပုန်ကန်မှု ဖြစ်ခဲ့တာဆိုတော့ ငါ့အမှား မကင်းဘူး... မင်းအနေနဲ့ တိကျန်းစီရင်စုကနေ အသည်းအသန် လွတ်အောင် ပြေးခဲ့ရတာ ဆိုတော့ ခရီးသွားလက်မှတ် မပါလာခဲ့တာ မဆန်းပါဘူး... တိကျန်းစီရင်စု အကြီးအကဲကလည်း သူပုန်တွေ လက်ချက်နဲ့ သေသွားလောက်ပြီ... သက်တော်စောင့်ချွီ... ငါ့ရဲ့ စာရေး ကိရိယာတွေ ပြင်လိုက်..."
သူမ၏ ဘေးမှ သက်တော်စောင့်က ခေါင်းညိတ်၍ စာရေးကိရိယာများကို ကမန်းကတန်း ယူကာ ရထားလုံးအတွင်းသို့ ဆက်သလိုက်သည်။ ထိုအမျိုးသမီးက သူမ၏ စုတ်တံကို မြှောက်၍ လှပသော လက်ရေးဖြင့် စာကြောင်းအချို့ ရေးသားလိုက်သည်။ ထို့နောက် ထပ်မေးလိုက်၏။ "မင်းရဲ့ နာမည်က ဘယ်လိုခေါ်လဲ..."
ချင်မူက သူ့နာမည်ကို ခပ်သွက်သွက် ပြောလိုက်သည်။
ပြည်နယ်အကြီးအကဲ ယုယွမ်ချူးယွီက လီကျိုးပြည်နယ်သား ချင်မူ ဟူ၍ ရေးချလိုက်ပြီး သူမ၏ အရာရှိ တံဆိပ်တုံးကို ခတ်နှိပ်လိုက်သည်။ မင်ခြောက်သွားသောအခါ တစ်ယောက်ကို ခေါ်၍ ချင်မူ့ထံ ပေးခိုင်းလိုက်၏။
"ဒါ မင့်အတွက် ခရီးသွားလက်မှတ်ပဲ၊ အခွန် ကင်းလွတ်ခွင့် ရလိမ့်မယ်... ဒီလက်မှတ်နဲ့ ဆိုရင် လမ်းတစ်လျှောက် ဘယ်မြို့ကြီးကို မဆို ဝင်လို့ ရတယ်... ဘယ်သူမှ မင်းကို အနှောင့်အယှက်ပြုမှာ မဟုတ်ဘူး..."
ပြည်နယ်အကြီးအကဲ ယုယွမ်ချူးယွီက ကန့်လန့်ကာကို ပြန်ချလိုက်သည်။ သူမ၏ အသံက အထဲမှ ထွက်ပေါ်လာ၏။ "မင့်မိသားစုကို လွမ်းဆွတ်တမ်းတမနေပါနဲ့တော့... တိကျန်း စီရင်စုမှာ သတိရလောက်စရာ ဘာမှ မရှိတော့ဘူး... မြို့တော်ကိုသာ မြန်မြန်သွား... ငါ့အစ်ကို ယုယွမ်ချူးယွင်က အဲဒီမှာ နန်းတွင်းအရာရှိ တစ်ယောက်ပဲ... မင်း မြို့တော်ကို ရောက်တဲ့အခါ ငါက ထောက်ခံပေးထားတယ်လို့ ပြောလိုက်... နောက်မှ ပြန်တွေ့ကြတာပေါ့..."
"ကျေးဇူးတင်ပါတယ် မမကြီး..." ချင်မူက ဦးညွှတ် အရိုအသေပြု၍ လမ်းမကြီးအတိုင်း သုတ်ခြေနှင်လိုက်သည်။
ယုယွမ်ချူးယွီက သက်ပြင်းချလိုက်၏။ "သနားစရာ ကောင်းလိုက်တဲ့ ကောင်လေး... ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ ဖြစ်ပြီး ဒုက္ခဆင်းရဲ ခံရရှာတယ်... တိကျန်းစီရင်စုမှာ သူတစ်ယောက်ပဲ အသက်ရှင်တဲ့သူ ရှိတော့မှာ စိုးရွံ့မိတယ်..."
"ဒီမမကြီး ချူးယွီက တကယ် သဘောကောင်းတာပဲ..."
ချင်မူက ခရီးသွားလက်မှတ်ကို အသေအချာ သိမ်းလိုက်၏။ "ငါ မြို့တော်ကို ရောက်လို့ စစ်ဆေးမေးမြန်း ခံရရင်တောင် လီကျိုးပြည်နယ်သားလို့ ပြောလို့ ရပြီ... မဟာမြို့ပျက်က လာတယ်ဆိုတာ ဘယ်သူမှ သိမှာ မဟုတ်တော့ဘူး... အခုလောလောဆယ် တစ်ညလုံး ပြေးခဲ့ရတာ ဆိုတော့ ဟုယန်စီရင်စုကို သွားပြီး အနားယူရမယ်..."