အဆိပ်
Vol. 8 Ch. 106
ချင်မူမှာ ဟုယန်စီရင်စုတွင် ညနေခင်း ရောက်သည်အထိ အိပ်ပျော်သွားပြီး အပြင်ဘက်မှ ဆူဆူညံညံ အသံများကြောင့် ပြန်နိုးလာသည်။ တည်းခိုဆောင် ပိုင်ရှင်၏ ပြောစကားကို သူ ကြားလိုက်ရ၏။ "ဒီပိုးကောင်တွေ ဘယ်က ရောက်လာမှန်း မသိဘူး... နေရာစုံ လျှောက်ပျံနေတာ... သတ်လို့လည်း မသေဘူး၊ မောင်းထုတ်လို့လည်း မရဘူး... အနီရောင် ပိုးကောင်တွေ... အရာရှိမင်း... ဒီကောင်တွေက လူကို အန္တရာယ်ပေးနိုင်လား တစ်ချက်ကြည့်ပေးပါဦး..."
ချင်မူ၏ ရင်ထဲတွင် ဒိုင်းခနဲ ခုန်သွားပြီး အိပ်ရာမှ အလျင်အမြန် လူးလဲ ထလိုက်သည်။ မြေခွေးလေးကို နှိုးလိုက်ပြီး ပစ္စည်းပစ္စယများကို ထုပ်ပိုးလိုက်၏။ တည်းခိုဆောင် ပိုင်ရှင်က အောက်ဘက်တွင် အရာရှိ တစ်ယောက်နှင့် ပိုးကောင်များအကြောင်း ပြောဆိုနေဆဲ ရှိပြီး ထိုအရာရှိမှာ ရိုးရိုး သိုင်းပညာရှင် အဆင့်သာ ရှိသဖြင့် ထိုသို့သော ပိုးကောင်မျိုးအကြောင်း ကောင်းကောင်း မသိပေ။ "မြို့ထဲမှာ ဒီလိုမျိုး ပိုးကောင်တွေ အများကြီး ရောက်နေတယ်... အရင်က မတွေ့ဖူးပါဘူး... ကြည့်ရတာ စစ်ပွဲတွေကြောင့် ဒီပိုးကောင်တွေ ပေါက်လာတာနဲ့ တူတယ်... ဖနောင့်နဲ့သာ နင်းသတ်ပစ်ပါ..."
"ဒီကောင်တွေက နင်းသတ်လို့လည်း မသေဘူး၊ မီးနဲ့ ရှို့လည်း မသေဘူး... ရေနွေးပူနဲ့ ပက်တာတောင် မြူးထူး ခုန်ပေါက်နေသေးတယ်... တစ်ကောင်ဆိုရင် ဧည့်သည်တစ်ယောက်ရဲ့ ပါးစပ်ထဲ ဝင်သွားပြီး အန်ထုတ်တာတောင် ပြန်ထွက်မလာတော့ဘူး..."
ချင်မူ စားပွဲပေါ်တွင် တဖုန်းကြေးပြား တစ်ပြား တင်၍ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ ဟူလင်းအာက သူမ၏ မှော်ဂါထာကို ရွတ်၍ မှော်မိစ္ဆာလေကို ဆင့်ခေါ်လိုက်ပြီး ချင်မူက ထိုလေပွေထိပ်ဖျားပေါ်သို့ နင်းတက်ကာ အဝေးသို့ ခရီးနှင်လိုက်၏။
ထိုအခိုက်၌ ဟုယန်စီရင်စု၏ အထက်ကောင်းကင်ယံတွင် အနီရောင် အလောင်းပိုးကောင်များ ပျံဝဲ အုံဖွဲ့နေသည်။ ချင်မူ သူ့လက်ချောင်းများကို အဆက်မပြတ် တောက်ထုတ်လိုက်ပြီး လက်ချောင်း တောက်ချက်တိုင်းက မိုးကြိုးလျှပ်စီးကဲ့သို့ အားလှိုင်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူ့အနီးမှ အလောင်းပိုးကောင်များမှာ သူ့ကို မြင်တွေ့လိုက်ခြင်း မရှိဘဲ မြေပေါ်သို့ တဖြုတ်ဖြုတ် ပြုတ်ကျ သေဆုံးသွားသည်။
"အလောင်းကောင် အင်မော်တယ်ဂိုဏ်းက ဘာလို့ တစ္ဆေတစ်ကောင်လို တွယ်ကပ်ပြီး လိုက်လာနေရတာလဲ... ကျွန်မတို့က သူတို့ ဂိုဏ်းချုပ်ရဲ့ သားလေးပဲ သတ်ခဲ့တာလေ... ဒီလောက် အသည်းအသန် လိုက်နေဖို့ လိုလို့လား..." ဟူလင်းအာက ဒေါသတကြီး မြည်တွန်တောက်တီးလိုက်သည်။
ချင်မူက မြေပြင်ပေါ်သို့ ခြေချ၍ တစ်ဟုန်ထိုး ထွက်ပြေးလိုက်သည်။ သူက ပေါက်စီများလည်း ဝယ်လာခဲ့ပြီး ပေါင်းအိုးကြီး တစ်ခုလုံး မ,လာခဲ့၏။ ပေါက်စီဆိုင် ပိုင်ရှင်က သူခိုးဟု အော်တော့မည် ဟန်ပြင်လိုက်စဉ်မှာပင် သူ့ဆိုင်ခန်း စားပွဲပေါ်သို့ တဖုန်းကြေးပြား တစ်ပြား ပျံဝဲ ရောက်ရှိလာသဖြင့် ဝမ်းသာလုံး ဆို့သွားမိသည်။
ချင်မူက မြို့ပြင်သို့ ခြေကုန်သုတ် ပြေးနေရင်းနှင့် ပေါက်စီများကို ပါးစပ်ထဲသို့ ပလုတ်ပလောင်း သွတ်ထည့်လိုက်၏။ ဟူလင်းအာက သူ့ပခုံးပေါ်သို့ ခုန်တက်လာပြီး အငွေ့ တထောင်းထောင်း ထနေသော ပေါက်စီ တစ်လုံးကို လှမ်းယူလိုက်သည်။ သူမ၏ လက်များ အပူလောင်သွားသောကြောင့် တအိုးအိုး အော်ဟစ်၍ ပေါက်စီပူပူကို ဘက်လက်ဖဝါးထဲ ပစ်လိုက်၊ ညာလက်ဖဝါးထဲ ပစ်လိုက် လုပ်နေရ၏။ ထို့နောက် အပူဒဏ်ကို အံတု၍ တစ်ကိုက် ကိုက်လိုက်ပြီး လျှာကျက်သွားသဖြင့် တစ်လစ်ထုတ်ထားရသည်။
လူးသားတစ်ယောက်နှင့် မြေခွေးတစ်ကောင်က ပေါက်စီများကို တစ်ခဏအတွင်း အပြတ်ရှင်းလိုက်၏။ ချင်မူ နောက်ပြန် လှည့်ကြည့်လိုက်ပြီး မည်သည့် အနီရောင် အလောင်းပိုးကောင်မျှ လိုက်သည်ကို မတွေ့မှ သက်ပြင်းချနိုင်သည်။
ဟူလင်းအာက အိတ်ထဲသို့ တိုးဝင်၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ မြေပုံကို ထုတ်ယူလာသည်။ ချင်မူက မြေပုံကို ဖြန့်၍ လက်ရှိ ရောက်နေသော နေရာကို ရှာဖွေလိုက်သည်။ ထို့နောက် ခေါင်းမော့၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ သူ ရောက်နေသည့် နေရာကို မြေပုံထဲတွင် တွေ့သွားသည်နှင့် ပြေးနှုန်းကို မြှင့်ကာ မြို့တော်သို့ ဦးတည် ပြေးသွားတော့သည်။
ထိုအချိန်၌ ဟုယန်စီရင်စုတွင် အနီရောင် အလောင်းပိုးကောင်များက ချင်မူ့ကို ရှာမတွေ့သဖြင့် မြို့ထဲမှ ပျံသန်း ထွက်ခွာလာခဲ့ကြ၏။ စီရင်စု၏ အပြင်ဘက်တွင် ဦးရီးတော်ချောင်းက ပင်းယန်တောင်ထိပ်တွင် ထိုင်နေပြီး မျက်မှောင် တစ်ချက်ကြုတ်၍ သူ၏ အလောင်းပိုးကောင်များကို ပြန်ခေါ်လိုက်သည်။ ထိုအခိုက်၌ လက်တစ်ဖက်ပြတ် အဘိုးကြီး တစ်ယောက် လျှောက်လာသည်ကို မြင်ရပြီး ထိုအဘိုးကြီး သူ့ဘေးမှ ဖြတ်သွားသောအခါ သူ၏ အလောင်းပိုးကောင် တစ်ကောင်ကို ပြားချပ်အောင် နင်းသတ်သွား၏။
ဦးရီးတော်ချောင်းက အယုတ္တ အနတ္တများ အော်ဟစ် ဆဲဆိုတော့မည် ပြင်လိုက်ပြီးမှ ရုတ်တရက် အသိဝင်လာသည်။ "ငါ့အလောင်း ပိုးကောင်တွေက ဒီလောက် ခံနိုင်ရည် မြင့်တာ... ဘယ်လိုလုပ် အလွယ်တကူ နင်းသတ်လို့ ရမှာလဲ... ဒီလက်တစ်ဖက်ပြတ် အဘိုးကြီးက အဆင့်မြင့် ပညာရှင်တစ်ယောက် ဖြစ်လိမ့်မယ်... သူနဲ့ ရန်မဖြစ်တာ အကောင်းဆုံးပဲ..."
ထိုအဘိုးကြီး အဝေးသို့ ရောက်သွားသော အခါမှ ဦးရီးတော်ချောင်းက အရပ်မျက်နှာ ခွဲခြားကြည့်ရှု၍ စိတ်ထဲမှ တွက်ချက်ကြည့်လိုက်သည်။ "ဒီနားမှာတော့ ဟိုကောင်လေးရဲ့ အရိပ်အယောင် မမြင်ရဘူး... ဒီဘက် လမ်းတစ်လျှောက်လုံးက ငါ ပိတ်ပြီး လိုက်နေတာ ဆိုတော့ အဲကောင်လေးမှာ အရှေ့ဘက်၊ အနောက်ဘက်နဲ့ မြောက်ဘက်ပဲ ပြေးစရာ ရှိတယ်... ငါ့ဖုတ်ကောင်ပျံတွေက မြို့အရှေ့ဘက်နဲ့ အနောက်ဘက်ကို ရောက်ပြီးပြီ... အဲဒီဘက်မှာလည်း ဒီကောင်လေးရဲ့ အရိပ်အယောင် မမြင်ရဘူး... မြောက်ဘက်ကို ပြေးတာပဲ ဖြစ်ရမယ်..."
သူက တစ်မုဟုတ်ချင်း လှုပ်ရှား၍ မြောက်ဘက် အရပ်ဆီသို့ ပြေးသွားလိုက်သည်။
တစ်ခဏမျှ သွားပြီးသောအခါ ဦးရီးတော်ချောင်းမှာ လက်တစ်ဖက်ပြတ် အဘိုးကြီးနှင့် ထပ်တွေ့ပြန်၏။ မြောက်အရပ်ဆီသို့ ဖြည်းဖြည်းမှန်မှန် လျှောက်သွားနေသော အဘိုးကြီး၏ ဟောင်းလောင်းပေါက် အင်္ကျီလက်အိုးကို ကြည့်လိုက်သည်။
ဦးရီးတော်ချောင်းက ထိုအဘိုးကြီးကို အာရုံထဲ ထည့်နေရန် စိတ်မကူးပေ။ သူ၏ အလောင်းပိုးကောင်အချို့က အနီရောင် တိမ်တိုက်တစ်ခုအဖြစ် စုဖွဲ့၍ သူ့ကို ကောင်းကင်ယံသို့ ခေါ်ဆောင်သွား၏။ ကျန်သည့် အလောင်းပိုးကောင်များကတော့ ချင်မူ၏ ခြေရာလက်ရာကို လိုက်လံ ရှာဖွေနေသည်။
ဗြစ်... ဗြစ်...။
လက်တစ်ဖက်ပြတ် အဘိုးကြီးက နောက်ထပ် အလောင်းပိုးကောင် နှစ်ကောင်ကို ထပ်နင်းသတ်လိုက်သည်။ ဦးရီးတော်ချောင်းမှာ မျက်ခုံးပင့်လိုက်ပြီး ဒေါသကို ချုပ်တီးထားရ၏။ အလောင်းပိုးကောင်အုပ်က တဖြည်းဖြည်း နိမ့်ဆင်းလာသော်လည်း မြေကြီပါ်သို့ ဆင်းသက်ခြင်း မရှိဘဲ မြေပြင်မှ တစ်ကိုက်အကွာ၊ အဘိုးကြီးထံမှ နှစ်ကိုက်အကွာတွင် ရပ်တန့်လိုက်သည်။
ဦးရီးတော်ချောင်းက ဦးညွှတ် အရိုအသေပြု၍ နှုတ်ဆက်လိုက်သည်။ "ဒီက ဆရာကြီး... ဒီအလောင်းပိုးကောင်တွေက ကျွန်တော် မွေးထားတာပါ... တစ်ကောင်လောက် နင်းသတ်မိတာ ကိစ္စ မရှိဘူး... ဘာလို့ နောက်ထပ် နှစ်ကောင်တောင် ထပ်နင်းသတ်ရသေးတာလဲ..."
လက်တစ်ဖက်ပြတ် အဘိုးကြီးက ခြေလှမ်းများကို ရပ်တန့်၍ တုံ့ပြန် ပြောဆိုလိုက်သည်။ "ဒီကောင်တွေက လျှောက်ပျံနေတဲ့ ပိုင်ရှင်မဲ့ ပိုးကောင်တွေ ထင်နေတာ... မင်း မွေးထားတာလား... ခွင့်လွှတ်ပါ... ခွင့်လွှတ်ပါ..."
ဦးရီးတော်ချောင်းက ပြုံးလိုက်၏။ "မသိလို့ လုပ်မိတာပဲ... ကိစ္စ မရှိပါဘူး... နောက်ထပ်သာ မသတ်မိအောင် ဂရုစိုက်ပေးပါ..."
ဗြစ်...။
လက်တစ်ဖက်ပြတ် အဘိုးကြီးက သူ့ခြေထောက်ကို မြှောက်၍ နောက်ထပ် ပိုးကောင် တစ်ကောင်ကို နင်းချေလိုက်ပြန်သည်။ ဦးရီးတော်ချောင်း၏ အမူအရာက တစ်မုဟုတ်ချင်း ပြောင်းလဲသွား၏။ လက်တစ်ဖက်ပြတ် အဘိုးကြီးက ချက်ချင်း နောက်ဆုတ်သွားပြီး ပြောလိုက်သည်။ "ငါ တမင် လုပ်တာ မဟုတ်ပါဘူး..."
ဗြစ်...။
နောက်ထပ် အလောင်းပိုးကောင် အချို့က အဘယ်ကြောင့်မှန်းမသိ သူ့ခြေထောက် အောက်သို့ ပျံသန်းသွားကြပြီး အနီရောင် အရည်များ ဖြစ်အောင် နင်းချေခံလိုက်ရသည်။
ဦးရီးတော်ချောင်းက သရော်တော်တော် ပြုံးလိုက်၏။ တောအုပ်ထဲမှ ဖုတ်ကောင်ပျံများ ထွက်လာပြီး လက်တစ်ဖက်ပြတ် အဘိုးကြီးကို ဝိုင်းထားလိုက်သည်။ ဦးရီးတော်ချောင်းက မည်းမှောင်နေသော မျက်နှာဖြင့် မေးလိုက်၏။ "ဆရာကြီး... ခင်ဗျားက ကျုပ်ကို လာကစားနေတာလား... ကျုပ် မွေးထားတဲ့ အလောင်းပိုးကောင်တွေကို တမင် နင်းသတ်ပစ်တယ် ဆိုတာ ခင်ဗျားက ကျုပ်တို့ အလောင်းကောင် အင်မော်တယ်ဂိုဏ်းကို အနိုင်ကျင့်ချင်တဲ့ သဘောလား..."
လက်တစ်ဖက်ပြတ် အဘိုးကြီးက ကမန်းကတန်း ရှင်းပြလိုက်၏။ "မင်းက အလောင်းကောင် အင်မော်တယ်ဂိုဏ်းရဲ့ ထိပ်သီး သိုင်းသမားလား... အထင်မလွဲပါနဲ့... မင့်ပိုးကောင်တွေက သူတို့ဖာသာ ငါ့ခြေထောက်အောက် ဝင်လာကြတာ... ငါ့ကို အပြစ်တင်လို့ မရဘူးလေ..."
ဦးရီးတော်ချောင်းမှာ ထိုအဘိုးကြီး၏ ကျင့်စဉ်စွမ်းအင် အတိမ်အနက်ကို မသိသဖြင့် အနည်းငယ် နောက်တွန့်နေမိသည်။ သူ့အမူအရာက ပြေလျော့သွားပြီး ကြိတ်မှိတ် ပြောလိုက်သည်။ "တမင် မဟုတ်ဘူး ဆိုရင်လည်း ရှိပါစေတော့...."
သူ လှည့်ထွက်တော့မည် ပြင်လိုက်စဉ်မှာပင် နောက်ထပ် ဗြစ်ခနဲ အသံတစ်သံ ကြားလိုက်ရသည်။ ဦးရီးတော်ချောင်းမှာ ဒေါသခြောင်းခြောင်း ထသွား၏။ သူ၏ ကြောက်ရွံ့ စိုးထိတ်မှုက ကွယ်ပျောက်သွားသည်။ သူ့စိတ်ထဲမှ အတွေးတစ်ချက်နှင့်အတူ ဖုတ်ကောင်ပျံများက အဘိုးကြီးကို ခုန်အုပ်လိုက်၏။
သူ၏ ဖုတ်ကောင်ပျံများက ဟဲယင်၏ ဖုတ်ကောင်ပျံများနှင့ မတူချေ။ ဟဲယင်က အလောင်းကောင် အင်မော်တယ်ဂိုဏ်း၏ အောက်ခြေဂိုဏ်းသား အဆင့်သာ ဖြစ်ပြီး အရပ်ခြောက်မျက်နှာ အဆင့်သို့ ရောက်၍ ကောင်းကင်နတ်သိုင်းများ စလေ့ကျင့်ခါစသာ ဖြစ်သည်။ သူကတော့ ခုနစ်စင်ကြယ်အဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး အလောင်းကောင် အင်မော်တယ်ဂိုဏ်း၏ အကြီးပိုင်းမှ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်၏။ သူ၏ ဖုတ်ကောင်ပျံများက ကြေးနီအရွတ်အကြောနှင့် သံမဏိ အရိုးများ ရှိသည့် ကြေးရုပ် အလောင်းကောင်များ ဖြစ်နေချပြီ။ ထိုအလောင်းကောင်များ အစုလိုက် အပြုံလိုက် တိုက်ခိုက်လျှင် ရင်သပ်ရှုမောဖွယ်ရာ စွမ်းအားတစ်ရပ်ကို ထုတ်ဖော်နိုင်၏။
ထို့ပြင် သူက ထိုသို့သော အလောင်းကောင်များ မြောက်မြားစွာ မွေးမြူထားခဲ့ပြီး ထိုမျှ များပြားသော ကြေးရုပ် အလောင်းကောင်များက လက်တစ်ဖက်ပြတ် အဘိုးကြီးကို တစ်ပြိုက်နက် ခုန်အုပ်လိုက်သည် ဖြစ်ရာ သူ့လက်မှ လွတ်နိုင်စရာ အကြောင်း မရှိချေ။
သူ၏ ဖုတ်ကောင်ပျံများက ထိုအဘိုးကြီးကို ခုန်မအုပ်မိမီမှာပင် ဗုဒ္ဓ တရားသံများ ထွက်ပေါ်လာပြီး ဗုဒ္ဓ၏ အရှိန်အဝါ အငွေ့အသက်များက ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပျံ့နှံ့ လွှမ်းခြုံသွားသည်။ ဦးရီးတော်ချောင်း၏ တစ်ကိုယ်လုံးရှိ သွေးများ တောင့်တင်းအေးခဲသွားပြီး သူ၏ ရှေ့မှောက်၌ ဗုဒ္ဓမြတ်စွာတစ်ပါး ရပ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ဝိညာဉ် လွင့်ပျံသွားတော့မတတ် ကြောက်လန့်သွားပြီး မြေပေါ်သို့ ချက်ချင်း ဒူးထောက်ချ၍ ဦးတိုက် ကန်တော့လိုက်၏။ "ချမ်းသာပေးပါ... အသက်ကို ချမ်းသာပေးပါ..."
ထိုအခိုက်၌ ဖုတ်ကောင်ပျံများမှာ ၎င်းတို့၏ ကိုယ်ပေါ်သို့ ဗုဒ္ဓ အရှိန်အဝါ အငွေ့အသက်များ ထွန်းလင်းတောက်ပသွားသည်နှင့် မြေပေါ်သို့ မလှုပ်မယှက် ပြုတ်ကျသွားကြသည်။ ဦးရီးတော်ချောင်းနှင့် သူ့ဖုတ်ကောင်များ၏ ဆက်နွှယ်မှုမှာလည်း ပြတ်တောက်သွားသည်။ ၎င်းတို့မှာ လက်တစ်ဖက်ပြတ် အဘိုးကြီး၏ တရားပြခြင်းကို ခံလိုက်ရပြီး လူများကို ထပ်၍ အန္တရာယ် မပြုနိုင်တော့ချေ။
"ထပါ..."
လက်တစ်ဖက်ပြတ် အဘိုးကြီးက သူ့ကို တစ်ချက်ကြည့်၍ အဝေးသို့ ထွက်သွား၏။ "လူတိုင်းက အမှား လုပ်နိုင်တယ်... တတ်နိုင်သမျှ ခွင့်လွှတ်ပေးပါ... ငါ မင်းကို မသတ်ပါဘူး... မင်းလည်း တတ်နိုင်သမျှ လူမသတ်ဘဲ လွှတ်ပေးနိုင်ပါစေလို့ ဆန္ဒပြုပါတယ်..."
ဦးရီးတော်ချောင်းက ခေါင်းမော့လာပြီး ပတ်ဝန်းကျင်သို့ လှည့်ပတ် ကြည့်ရှုလိုက်သည်။ သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်၏။ "ကံကောင်းလို့ ငါ ဉာဏ်ကောင်းတာ... အသေအချာသာ လေ့ကျင့်ထားရင် ဘယ်ပညာရပ်မဆို အသက်ကယ်နိုင်တာပဲ... အခုလို မနိုင်တော့တဲ့အခါ ဒူးထောက်လိုက်တာမျိုးပေါ့..."
သူ ထရပ်လိုက်ပြီး သူ့ကိုယ်သူ သပ်သပ်ရပ် ဖြစ်အောင် ပြုပြင်လိုက်သည်။ သူ့မျက်နှာ၌ ယူကျုံးမရသည့် သွင်ပြင် ပေါ်လာ၏။ "ဒီဖုတ်ကောင်ပျံတွေက နှစ်တွေ အများကြီး ငါ့သွေး၊ ချွေးနဲ့ ရင်းပြီး ဖန်တီးထားရတာ... အကုန်လုံး ဖျက်ဆီးခံလိုက်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး... အဲဒီ လက်တစ်ဖက်ပြတ် အဘိုးကြီးက ဘယ်သူများလဲ... တကယ့်ကို စွမ်းအား ကြီးတာပဲ... ခန္ဓာကိုယ်တောင် တစ်ချက် မလှုပ်ဘူး... သူ့အရှိန်အဝါ အငွေ့အသက်ကလေး ထုတ်လိုက်တာနဲ့ ငါ့ရဲ့ အဖိုးတန် ရတနာလေးတွေ ပျက်စီးသွားတယ်... ဒါပေမဲ့... ဟိုခွေးကောင်လေးကို ဖမ်းမိပြီး သူ့ရဲ့ ပထမအဆင့် နန်းတွင်းအရာရှိ ရတနာဓားကိုသာ ရခဲ့ရင် အကုန်လုံး ရင်းခဲ့ရတာ တန်ပါတယ်..."
ချင်မူက တောအုပ်ထဲတွင် ခြေကုန်သုတ် ပြေးနေရင်း ရုတ်တရက် ရပ်တန့်လိုက်၏။ သူက ခန္ဓာကိုယ်ကို ငုံ့ကိုင်း၍ ခရမ်းရောင် ပွင့်ချပ်သုံးခု ပါသော ပန်းပွင့်တစ်ပွင့် ရှိသည့် အပင်လေး တစ်ပင်ကို နုတ်ယူလိုက်သည်။ ဟူလင်းအာက ဇဝေဇဝါ ဖြစ်သွား၏။ "သခင်လေးမူ... ဒါက ဘာပန်းလဲ..."
"ဒါက မြေကမ္ဘာဇာစ်မြစ်ပင်လို့ ခေါ်တယ်... ဒီအပင်က လူနဲ့ သားရဲတိရိစ္ဆာန်တွေ အနံ့ခံလို့ မရတဲ့ မွှေးရနံ့ တစ်မျိုး ထုတ်လွှတ်တယ်..."
ချင်မူ ခရမ်းရောင် ပန်းပွင့် သေးသေးလေးကို ဂရုတစိုက် ဆွတ်ခူးလိုက်၏။ ထို့နောက် ထိုပန်းပွင့်ကို လွှင့်ပစ်ကာ အရွက်များနှင့် အမြစ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် တောထဲတွင် ဆက်လက် လှည့်ပတ် သွားလာရင်း ပေါပေါများများ ပေါက်ရောက်နေသည့် ဆေးပင်အချို့ကို နုတ်ယူလိုက်၏။ "ဒါပေမဲ့ မြေကမ္ဘာဇာစ်မြစ်ပင်ရဲ့ အနံ့က ပိုးမွှားကောင်တွေ အတွက်ကျ ထူးထူးကဲကဲကို မွှေးတယ်... ပြီးတော့ ဒီအပင်က လူတွေအတွက် အဆိပ်မဖြစ်ပေမဲ့ ပိုးမွှားကောင်တွေအတွက်တော့ သေလောက်အောင် အဆိပ် ဖြစ်စေတယ်... အဲဒါကြောင့် ဒီအပင်ကို ပိုးကောင်တစ်ရာ သေမင်းတမန်လို့လည်း ခေါ်တယ်... ငါ နောက်ထပ် နုတ်ယူလာတဲ့ အပင်တွေက တခြား အသုံး မရှိပေမဲ့ မြေကမ္ဘာဇာစ်မြစ်ပင်ရဲ့ မွှေးရနံ့နဲ့ အဆိပ်ကို အဆတစ်ရာ တိုးမြင့်စေနိုင်တယ်..."
သူက ရှေ့သို့ တစ်ဟုန်ထိုး ဆက်ပြေးသွားသည်။ ထိုသို့ ပြေးနေရင်း သူ၏ ချီစွမ်းအင်က အရှိန်အဟုန် ပြင်းစွာ ထွက်ပေါ်လာပြီး နုတ်ယူလာသည့် ဆေးပင်များကို လေထဲသို့ ပစ်တင်လိုက်၏။ ချီစွမ်းအင်ကို ဆေးကျိုအိုးအဖြစ် အသုံးပြု၍ လေထဲတွင်ပင် ဆေးတစ်ဖုံ ဖော်စပ်လိုက်သည်။
အခြား လက်တစ်ဖက်မှ မီးတောက်မီးလျှံများ ဟုန်းခနဲ ထွက်ပေါ်လာပြီး ဆေးပင်များကို အပူပေးလိုက်၏။ တစ်ချိန်တည်းမှာပင် လိပ်နက်ချီစွမ်းအင်ကို အသုံးပြု၍ ထိုဆေးပင်များ တူးခြစ်လောင်ကျွမ်းမသွားစေရန် အစိုဓာတ်ပေးလိုက်သည်။
တောင်ကြားလမ်းမှ မထွက်မီပင် ချင်မူ ဆေးဖော်စပ် ပြီးစီးသွား၏။ မလိုအပ်သော ဆေးပင် အညစ်အကြေးများကို ဖယ်ရှားလိုက်ပြီး သူ့လက်ဖဝါးနှစ်ဖက်ကို ယှက်ထိုးလိုက်သောအခါ သူ့လက်ခုပ်ထဲသို့ ကြည်လင်သော ဆီနှင့် တူသည့် ဆေးရည်များ ကျဆင်းလာသည်။
ချင်မူ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်ပြီး အနီးနားရှိ တောင်ကြား စမ်းချောင်းငယ်လေးသို့ သွား၍ သူ့လက်များကို ဆေးကြောလိုက်သည်။ ထို့နောက် အားကုန်ထုတ်၍ အဝေးသို့ သုတ်ခြေတင် ပြေးသွားတော့၏။
များမကြာမီတွင် အနီရောင် တိမ်တိုက်တစ်ခုက ကောင်းကင်ယံမှ ရွေ့လျားလာပြီး ပတ်ဝန်းကျင် တစ်ခုလုံး ဖုံးလွှမ်းသွားသည်။ ထိုတိမ်တိုက်မှာ ဦးရီးတော်ချောင်း၏ အနီရောင် အလောင်းပိုးကောင်များ ဖြစ်၏။
ထိုအနီရောင် အလောင်းပိုးကောင်များက ချင်မူ၏ ခြေရာခံ၍ လိုက်လာကြခြင်း ဖြစ်ပြီး သူ့ကို မီတော့မလို ဖြစ်လာသည်။ ရုတ်တရက် ထိုအလောင်းပိုးကောင်များမှာ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ခြင်း မရှိဘဲ တောင်ကြားအတွင်းရှိ စမ်းချောင်းထဲသို့ ထိုးဆင်းသွားကြ၏။
အနောက်မှ နေ၍ ထိုအလောင်းပိုးကောင်များကို ထိန်းချုပ်နေသော ဦးရီးတော်ချောင်းမှာ ထိတ်ခနဲ ဖြစ်သွားပြီး ချက်ချင်း အပြေး လိုက်လာသည်။ တောအုပ်အနှံ့၊ တောင်ကြားအနှံ့တွင် ပြုတ်ကျ သေဆုံးနေသော အနီရောင် ပိုးကောင်များကို ကြည့်၍ သူ့ရင်ထဲတွင် အေးခဲသွားသည်။ သူ့ဘဝတစ်လျှောက်လုံး သွေးနှင့် ချွေးနှင့် ရင်း၍ မွေးမြူခဲ့ရသော အလောင်းပိုးကောင်များ အားလုံး သေဆုံးသွားချေပြီ။
သူ့အလောင်းပိုးကောင်များ အားလုံးကို တစ်ပြိုင်နက် သေအောင် အဆိပ်ခပ်နိုင်သည့် အစွမ်းအစကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားသည်။
"ပြီးတော့ အရေးအကြီးဆုံး အချက်က..."
ခပ်ဝေးဝေးသို့ ရောက်သွားပြီ ဖြစ်သော ချင်မူက တစ်ချက် ပြုံး၍ သူ့နောက်ရှိ အိတ်ထဲမှ မြေခွေးလေးကို ပြောပြလိုက်သည်။ "အလောင်းပိုးကောင်တွေကလည်း အဆိပ်ပိုးကောင်တွေပဲ... အတော်ပြင်းတဲ့ အဆိပ်ပေါ့... အနီရောင် အလောင်းပိုးကောင်တွေက ပိုတောင် အဆိပ်ပြင်းသေးတယ်... ငါ ဖော်စပ်ခဲ့တဲ့ အဆိပ်က လူတွေအပေါ် သက်ရောက်မှု မရှိဘူး... ဒါပေမဲ့ အနီရောင် ပိုးကောင်တွေ စားမိ၊ သောက်မိသွားရင်တော့ အဲဒီ ပိုးကောင်တွေရဲ့ အဆိပ်နဲ့ ပေါင်းပြီး ကြောက်စရာ ကောင်းတဲ့ အဆိပ် အသစ်တစ်မျိုး ဖြစ်သွားလိမ့်မယ်... အဲဒီအဆိပ်ကို ထိမိတဲ့သူ မှန်သမျှ အသွေးအသားတွေ ရိရွဲပဲ့ကျ လာပြီး တစ်ကိုယ်လုံး လေဖြတ်သလို လှုပ်မရ ဖြစ်သွားလိမ့်မယ်... တစ်ကိုယ်လုံး တရိရိ ပုပ်ပဲ့ကျလာတာကို ထိုင်ကြည့်နေရုံပဲ တတ်နိုင်လိမ့်မယ်..."
ဟူလင်းအာ အလန့်တကြား ထခုန်မိပြီး အော်ဟစ်လိုက်၏။ "သခင်လေး... အလောင်းကောင် အင်မော်တယ်ဂိုဏ်းက ဟိုအဆင့်မြင့် သိုင်းသမားရော အဆိပ်မိမှာလား... ကျွန်မ တွေ့ခဲ့တာ သူ့သိုင်းအဆင့်က အတော်လေး မြင့်တယ်..."
ချင်မူက ခပ်တိုးတိုး ပြောလိုက်၏။ "အဲဒါက သူ အဲဒီ အလောင်းပိုးကောင်တွေကို ထိ၊ မထိပေါ်ပဲ မူတည်လိမ့်မယ်..."
သူက ကောင်းကင်ယံသို့ မော့ကြည့်ရင်း အသာအယာ ပြောလိုက်သည်။ "အဲဒီ အဆိပ်က သူ့ဖာသာ ပြယ်လွင့်သွားလိမ့်မယ်... နေရောင် အထိခံရရင် သူ့ဖာသာ ပျက်စီးသွားပြီး တဖြည်းဖြည်း အားပျော့လိုက်လာလိမ့်မယ်... နေပြင်းပြင်းနဲ့ တစ်နာရီ အထိခံလိုက်ရရင် အဆိပ်ရှိတော့မှာ မဟုတ်ဘူး... ဒါပေမဲ့ နောက်တစ်နာရီအတွင်း ထိမိတဲ့သူ မှန်သမျှ သေလိမ့်မယ်..."
တောင်ကြားလမ်းအတွင်း၌ ဦးရီးတော်ချောင်း၏ တစ်ကိုယ်လုံး တုန်ရီနေသည်။ ရုတ်တရက် သူက သရော်တော်တော် ပြုံးလိုက်၏။ "ကံကောင်းလို့ ငါ့မှာ နောက်ထပ် အလောင်းပိုးကောင်တွေနဲ့ အလောင်းပိုးကောင် ဘုရင်မ ရှိနေသေးတာ..."
ထိုအခိုက်၌ သူ့ကိုယ်ပေါ်မှ အလောင်းပိုးကောင်များက ထိန်းမရ သိမ်းရ တိုးထွက်လာပြီး တောင်ကြားအတွင်းမှ အဆိပ်စမ်းချောင်းဆီသို့ ပျံသန်းသွားကြသည်။ အလောင်းပိုးကောင် ဘုရင်မပင် ထိန်းမရဘဲ ပျံထွက်သွား၏။ ဦးရီးတော်ချောင်းမှာ ထိတ်ခနဲ ဖြစ်သွားပြီး တစ်မဟုတ်ချင်း ပိုးကောင်ဘုရင်မကို လှမ်းဖမ်းလိုက်သော်လည်း ၎င်း၏ ပျံသန်းနှုန်းက အလွန်တရာ လျင်မြန်လှသည်။ စမ်းချောင်းသို့ ရောက်၍ စမ်းရေကို သောက်ပြီးသွားချေပြီ။
ဦးရီးတော်ချောင်းမှာ ပိုးကောင်ဘုရင်မကို လှမ်းဖမ်းလိုက်ပြီး သက်ပြင်းချတော့မည် ပြင်လိုက်စဉ်တွင်ပင် သူ့တစ်ကိုယ်လုံး ရုတ်တရက် တောင့်တင်းသွား၏။ သူ့လက်ဖဝါးမှ အရေပြားမှာ လျင်မြန်စွာ ဆွေးရိပဲ့ကျလာပြီး လက်မောင်းရင်းထိ ပျံ့နှံ့လာသည်။ သူ့အသားစများက လက်မောင်းရင်းမှ မြေပြင်ပေါ်သို့ တစ်စစီ ပဲ့ကျပြီး အရည်ပျော်သွားသည်။
သူ့လက်တစ်ချောင်းလုံး ရိရွဲပဲ့ကျသွားသည်ကို မြင်ရသော်လည်း မည်သည့် နာကျင်မှုကိုမျှ မခံစားရချေ။
သူ့လက်မောင်းကို ခုတ်ဖြတ်ပစ်လိုက်ချင်သော်လည်း သူ့အသိစိတ်က ခန္ဓာကိုယ်မှ ဆွဲခွာခံလိုက်ရသည့်နှယ် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ချေ။ ဦးရီးတော်ချောင်း အံတင်းတင်းကြိတ်၍ သူ့ခွန်အား အကုန်လုံးကို စုစည်းကာ အခြားလက်တစ်ဖက်ကို မြှောက်ရန် ကြိုးစားလိုက်၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။ သူ့မျက်နှာက မြေပြင်ပေါ်သို့ အပ်လျက်သား ကျသွားပြီး အလောင်းပိုးကောင်အသေ များစွာနှင့် ထိတွေ့သွား၏။
"ဘိုးဘိုးဆေးဆရာ ပြောတာ မှန်တယ်... မနိုင်ရင် အဆိပ်သာ သုံးလိုက်တဲ့..." အဝေး တစ်နေရာမှ ဒုက္ခိတ ဘိုးဘွား၏ နွားကျောင်းသားလေးမှာ သက်ပြင်းချလိုက်သည်။