← Chapters

လက်တစ်ဖက်ဖြင့် လူဆယ်ယောက်ကို တိုက်ခိုက်

Vol. 8 Ch. 107

လက်တစ်ဖက်ဖြင့် လူဆယ်ယောက်ကို တိုက်ခိုက်

Vol. 8 Ch. 107

ငါးရက် ကြာပြီးသောအခါ ချင်မူမှာ မြစ်သင်္ချိုင်းစီရင်စုသို့ ရောက်လာ၏။ မြစ်သင်္ချိုင်းစီရင်စုက သူ လမ်းတစ်လျှောက်တွေ့ခဲ့သော စီရင်စုမြို့များထက် များစွာ ပိုမို စည်ပင်ဝပြောသည်။ မြစ်သင်္ချိုင်းစီရင်စုက မြစ်ပြင်ပေါ်တွင် တစ်မြို့လုံး တည်ထားသော မြို့တစ်မြို့ ဖြစ်၏။ ဤနေရာမှ မြစ်က မာန်ဟုန်မြစ် မဟုတ်တော့၊ ရွှေမြစ် ဖြစ်သွားသည်။ သို့ဖြစ်၍ မြစ်သင်္ချိုင်း စီရင်စုကို ရွှေသင်္ချိုင်း စီရင်စုဟုလည်း သိကြ၏။

ရွှေမြစ်၏ တဝုန်းဝုန်းထ လှုပ်ခတ်နေသော ရေပြင်က အပြောကျယ်လှပြီး ပင်လယ်လှိုင်းလုံးများကဲ့သို့ အားကောင်းလှသည်။ မြစ်သင်္ချိုင်း စီရင်စုမှာ မူလက မြစ်ထဲမှ ကျွန်းတစ်ကျွန်းပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း သင်္ဘောများ အဝင်အထွက် များပြားလာသောအခါ စည်ပင်ဝပြောလာပြီး လူဦးရေလည်း ထူထပ်လာသဖြင့် မြို့တစ်မြို့အဖြစ် ပြုပြင် ပြောင်းလဲရန် အကြီးစား တည်ဆောက်မှုများ ပြုလုပ်ခဲ့သည်။

ထိုစဉ်က မြစ်သင်္ချိုင်းစီရင်စုတွင် အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ယနေ့ ဧကရာဇ် အတိုင်ပင်ခံ ဖြစ်၏။ ထိုအချိန်၌ သူက ပါရမီ အရည်အချင်း ပြည့်ဝသည့် အဆင့်မြင့် သိုင်းပညာရှင် တစ်ယောက် ဖြစ်နေချေပြီ။ ထူးကဲသော အရည်အချင်းများကို ထုတ်ပြ၍ များစွာသော ကျွမ်းကျင် အလုပ်သမားများ၊ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်း ပညာရှင်များကို စုစည်း၍ မြစ်အတွင်းသို့ ကျောက်တိုင်ကြီးများ စိုက်ထူခဲ့သည်။ ထိုကျောက်တိုင်များမှာ အရှည်အားဖြင့် ကိုက်သုံးရာခန့် ရှိပြီး စုစုပေါင်း ကျောက်တိုင် သုံးထောင့်ရှစ်ရာတိတိ အသုံးပြုခဲ့ရ၏။ ၎င်းကျောက်တိုင်များက ရေမျက်ပြင်ထက်တွင် ကိုက်တစ်ရာခန့် အမြင့်ကျန်ပြီး မြို့အောက်မှ သင်္ဘောကြီးများ အလွယ်တကူ ရွက်လွှင့် သွားလာနိုင်သကဲ့သို့ မြစ်ရေမြင့်တက်မှုများမှာလည်း မြို့ပေါ်သို့ ရောက်မလာဘဲ အောက်ဘက်မှသာ ဖြတ်သန်းစီးဆင်းသွားသည်။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဧကရာဇ် အတိုင်ပင်ခံက ကျွမ်းကျင်အလုပ်သမားများ၊ ကောင်းကင်နတ်သိုင်း ပညာရှင်များနှင့်အတူ ကြီးမားသော ကျောက်တုံးကြီးများကို အသုံးပြု၍ လမ်းဖောက်ပြီး ကောင်းကင်နတ်သိုင်းများဖြင့် တည်ငြိမ်အောင် ထိန်းမတ်ကာ မြစ်သင်္ချိုင်းစီရင်စုကို တည်ဆောက်ခဲ့သည်။ ဤသည်က လွန်စွာ ကြီးမားသော လုပ်ငန်းစဉ်ကြီး တစ်ရပ် ဖြစ်ပြီး သောင်းချီသော ကောင်းကင်နတ်သိုင်းပညာရှင်များ ဆယ်နှစ်ခန့် အားသွန်ခွန်စိုက် ကြိုးပမ်း တည်ဆောက်ခဲ့ရသည်။

ထိုမြို့ပြသစ်၏ အောက်တွင် အလင်းပေးရန်အတွက် ဇလားကြီးများ ထားရှိပြီး မိုးများသည့်အခါ ရေဖာက်ချရန် အသုံးပြု၏။ ရေကြောင်းသွားလာရေး ပိုမို အဆင်ပြေစေရန်အတွက်လည်း မြို့အောက်တွင် ဆိပ်ကမ်းအချို့ တည်ဆောက်ထားသည်။

မြို့၏ ဘေးပတ်ပတ်လည်တွင်လည်း ဆိပ်ခံတံတား ကြီးငယ်များ ရှိပြီး သင်္ဘောများ ကုန်တင်၊ ကုန်ချလုပ်ရန် ဆိုက်ကြရ၏။

ဤနေရာက စည်ကား သိုက်မြိုက်လှသဖြင့် မြို့တော်ငယ်ဟုပင် ခေါ်တွင်သည်။ ထိုအချိန်က နန်းတွင်းအရာရှိများမှာ ထိုမြို့သစ်တည်ခြင်းကို ဝေဖန်ခဲ့ကြပြီး မြစ်သင်္ချိုင်း စီရင်စု အကြီးအကဲက မြစ်သင်္ချိုင်းမြို့ကို တည်ဆောက်၍ အင်ပါယာ၏ နဂါးသွေးကြောကို ကြားဖြတ် ပိတ်ဆို့ပြီး ပုန်ကန်ရန် ကြံစည်နေသည်ဟု စွပ်စွဲခဲ့ကြ၏။ သူတို့က မြစ်သင်္ချိုင်းစီရင်စု အကြီးအကဲကို ကွပ်မျက်ရန် ဧကရာဇ်ထံ စာပို့တောင်းဆိုခဲ့ကြသေးသည်။

မြစ်သင်္ချိုင်းစီရင်စု အကြီးအကဲက ရွှေမြစ်ပေါ်တွင် နဂါးဦးခေါင်းကို တည်ဆောက်ခဲ့ပြီး မကောင်းသည့် အကြံအစည်များ ရှိသည်ဟုလည်း ဆိုခဲ့ကြသည်။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဧကရာဇ် အတိုင်ပင်ခံက သူ၏ ရင်သပ်ရှုမောဖွယ်ရာ စွမ်းဆောင်မှုကြီးကို အဆုံးသတ်ပြီးစီးခဲ့သည့်နောက်တွင် သူ့ကို မြို့တော်သို့ ဆင့်ခေါ်ခံခဲ့ရ၏။ အတော်များများက သူ့ကို ဧကရာဇ်က ကွပ်မျက်တော့မည်ဟု အထင်ရှိခဲ့ကြသည်။ သို့သော်လည်း သူတို့၏ အထင်နှင့် လွဲချော်စွာပင် အိမ်ရှေ့စံ ယန်ဖုန့်က သူ့ကို လွန်စွာ သဘောကျသွားခဲ့၏။ သူ၏ စွမ်းရည်၊ နည်းဗျူဟာများနှင့် အိမ်ရှေ့စံ ယန်ဖုန့် နန်းတက်ပြီးသောအခါ ဆက်တိုက်ဆိုသလို ရာထူးတိုးမြှင့်ပေးပြီး ဧကရာဇ် အကြံပေးအဖြစ် ခန့်အပ်ခဲ့သည်။

ချင်မူမှာ ထိုအကြောင်းများကို သင်္ဘောပဲ့နင်းထံမှ ကြားသိခဲ့ရသည်။ အမှန်တရား မည်မျှ ပါသည်ကိုတော့ သူ မသိ။ သို့သော်လည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ စွမ်းဆောင်ရည်နှင့် ဧကရာဇ် ယန်ဖုန့်၏ အမျှော်မြင်ကြီးမှုတို့ကြောင့် သူ လေးစားရသည့် လူနှစ်ယောက် ဖြစ်သွားသည်။

သူနှင့် သင်္ဘော တစ်စီးတည်း အတူလိုက်ပါလာသူများက မြစ်သင်္ချိုင်းစီရင်စုမှ ကျောင်းတော်သားများ ဖြစ်သည်။ အချို့က ဆင်းရဲသည့် မိသားစုမှ ဆင်းရဲသား ကျောင်းတော်သားများ ဖြစ်ပြီး လူချမ်းသာ မိသားစုမှ ကျောင်းတော်သားများလည်း ပါ၏။ ချင်မူ စုံစမ်း မေးမြန်းကြည့်သောအခါ ထိုကျောင်းတော်သား အများစုက အခြေခံကျောင်းသားနှင့် ကောလိပ်ကျောင်းသားများ ဖြစ်ကြသည်။ သူတို့အားလုံးက တစ်ကျောင်းထဲမှ ဖြစ်ကြ၏။

ချင်မူ အံ့အားသင့်သွားပြီး မြစ်သင်္ချိုင်းစီရင်စု၏ အခြေခံကျောင်းများနှင့် ကောလိပ်ကျောင်းများ အကြောင်း မေးမြန်းကြည့်လိုက်သည်။ ထိုအခါမှသာ အကြောင်းရင်းကို သူ သိသွား၏။

အခြေခံကျောင်းနှင့် ကောလိပ်ကျောင်းများကို ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဧကရာဇ် အတိုင်ပင်ခံ တည်ထောင်ခဲ့ပြီး တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက်ခဲ့သည်။

ဧကရာဇ် အတိုင်ပင်ခံက ဧကရာဇ် ယန်ဖုန့်ကို ပြောခဲ့၏။ "လူချမ်းသာ၊ အရာရှိတွေကနေ သာမန် အရပ်သားတွေအထိ အသက်ရှစ်နှစ် အရွယ်က စပြီး အခြေခံကျောင်းကို တက်ရမယ်... တောက်ယင်၊ နီတိ၊ ဓလေ့ထုံးတမ်း၊ ကဗျာ၊ ဂီတ၊ လေးအတတ်၊ စာပေနဲ့ အခြေခံ စွမ်းအင်ကျင့်ကြံခြင်းကို သင်ယူရမယ်... ကျောင်းသားတွေရဲ့ ပါရမီ အရည်အချင်းကို အရင် ကြည့်ပြီး သူတို့ အားသာတဲ့ အထုံပါရမီအရ သင်ပေးရမယ်... ဝိညာဉ်သန္ဓေသား နိုးထပြီး ကောင်းကင်ရတနာ အတားအဆီး နံရံကို ချိုးဖျက်နိုင်သူတွေကိုတော့ ကောလိပ်ကျောင်း တက်ဖို့ ရွေးချယ်မယ်..."

ဧကရာဇ် အတိုင်ပင်ခံက ဧကရာဇ် ယန်ဖုန့်ကို ထပ်ပြောခဲ့၏။ "အိမ်ရှေ့စံ မင်းသားနဲ့တကွ အရှင့်မင်းကြီးရဲ့ သားတော်၊ သမီးတော်တွေ၊ နယ်စားမင်းတွေ၊ နန်းတွင်း အရာရှိတွေရဲ့ သားသမီးတွေလည်း အသက် ဆယ့်ငါးနှစ် ပြည့်တဲ့အခါ ပါရမီ အရည်အချင်းရှိတဲ့ သာမန် အရပ်သားတွေနဲ့အတူ ကောလိပ်ကျောင်းကို တက်ရလိမ့်မယ်... ကောလိပ်ကျောင်းမှာ ကောင်းကင်နတ်သိုင်းတွေ၊ ဓားသိုင်းတွေ၊ ကိုယ့်စိတ်ကိုယ် ဖြောင့်မတ်မှန်ကန်အောင် ဘယ်လို ထိန်းကျောင်းရမလဲ၊ ဘယ်လို ကျင့်ကြံရမလဲ၊ လူတွေကို ဘယ်လို အုပ်ချုပ်ရမလဲ ဆိုတာတွေ သင်ပေးလိမ့်မယ်... အဲဒီ အချိန်ကျရင် ကောလိပ်ကျောင်းရဲ့ ကျောင်းတော်သား အားလုံးဟာ အရှင်မင်းကြီးရဲ့ ကျောင်းသားတွေ ဖြစ်လာပြီး ဂိုဏ်းအဖွဲ့တွေအပေါ် မှီခိုနေစရာ လိုတော့မှာ မဟုတ်ဘူး... အချိန်တစ်ခု ကြာတဲ့အခါ ဂိုဏ်းအဖွဲ့တွေရဲ့ အန္တရာယ်ကို ဖယ်ရှားပစ်နိုင်ပါလိမ့်မယ်..."

ဧကရာဇ် အတိုင်ပင်ခံက ဆက်ပြောသေး၏။ "ကောလိပ်ကျောင်းကနေ ပြီးဆုံးအောင်မြင်တဲ့အခါ နန်းတွင်းကောလိပ်ကို ဝင်ခွင့်ရလိမ့်မယ်... နန်းတွင်းကောလိပ် ကျောင်းသားတွေက နန်းတွင်း အရာရှိတွေ၊ စစ်သေနာပတိတွေ တတ်သင့်တတ်အပ်တာတွေကို သင်ယူခွင့် ရလိမ့်မယ်... တာအိုသဘောတရားတွေကို လေ့လာပြီး လောကတစ်ခွင်ကို အုပ်ချုပ်လိမ့်မယ်... အဲဒီလိုနည်းနဲ့ တစ်လောကလုံး အေးချမ်းပြီး အရှင်မင်းကြီး ပူပန်သောက ကင်းဝေးရပါလိမ့်မယ်...

ချင်မူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး သက်ပြင်းမှုတ်ထုတ်လိုက်သည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ ပညာတော်သင် စီမံကိန်းနှင့် ဆိုလျှင် မည်သို့သော တိုင်းပြည်ကများ တိုးပွားစည်ပင်ခြင်း မရှိဘဲ နေလိမ့်မည်နည်း။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာတွင် ဂိုဏ်းအဖွဲ့များ၏ ရှင်သန်နေထိုင်ရာ နေရာက အခြေခံကျောင်းများနှင့် ကောလိပ်ကျောင်းများကြောင့် ကျဉ်းမြောင်းလာ၏။ ရှင်သန်နေထိုင်ရာ နေရာ မရှိတော့သည် ဖြစ်၍ ဂိုဏ်းအဖွဲ့များအနေဖြင့် ပုန်ကန်နိုင်ခြင်း မရှိသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

ချင်မူက မြစ်သင်္ချိုင်းမြို့မှ ဝယ်လာသော အတွက်အချက် သင်္ချာစာအုပ်များကို ထုတ်ယူလိုက်သည်။ ထို့နောက် စိတ်ဝင်တစား လေ့လာ၍ စာရွက်ပေါ်တွင် ခဲတံဖြင့် တွက်နည်း၊ ချက်နည်းများကို ချရေးလိုက်သည်။

ရုတ်တရက် ခပ်ဝဝ ကျောင်းတော်သား တစ်ဦးက မေးလိုက်သည်။ "နောင်တော်ချင်ကလည်း နန်းတွင်းစာမေးပွဲ ဖြေမလို့ မြို့တော်ကို သွားတာလား..."

ချင်မူက ခေါင်းညိတ်၍ ပြုံးလိုက်သည်။ "ဟုတ်တယ်... အနာဂတ်အတွက် စွန့်စားဖို့ မြို့တော်ကို တက်လာတာပါ... နောင်တော်ဝေ့ကလည်း နန်းတွင်းစာမေးပွဲ ဖြေမလို့ သွားတာလား..."

ဝေ့ယုံဟု ခေါ်သော ခပ်ဝဝ ကျောင်းတော်သားက ခေါင်းညိတ်၍ ပြုံးလိုက်၏။ "ဝင်ခွင့်စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်ပြီး နန်းတွင်းကောလိပ်ကို တက်ခွင့် ရဖို့က ငါ နှစ်ရှည်လများ မက်ခဲ့ရတဲ့ အိပ်မက်ပဲ..."

အခြား ကျောင်းတော်သား တစ်ဦးက ရယ်မောလိုက်၏။ "နောင်တော်ဝေ့... အင်ပါယာရဲ့ နန်းတွင်းကောလိပ်ကို ဝင်ခွင့်ရဖို့က အဲဒီလောက် လွယ်တာမှ မဟုတ်တာ... မင့်အသက်က အခုမှ ဆယ့်လေးနှစ်ကျော်ရုံ၊ အခြေခံကျောင်းသား တစ်ယောက်အနေနဲ့ပဲ ရှိသေးတာ... နန်းတွင်းကောလိပ်ကို ဝင်ခွင့်ရဦးမှာ မဟုတ်သေးဘူး..."

ဝေ့ယုံက သရော်စကား ဆိုလိုက်၏။ "နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေက ဘာတွေ အဲလောက် ထူးကဲနေလို့လဲ... ငါနဲ့ နောင်တော်ချင်ကိုတောင် နိုင်ချင်မှ နိုင်မှာ..."

ကျော်တော်သားများက တဝါးဝါး ရယ်မောလိုက်ကြသည်။

ချင်မူလည်း ပြုံးလိုက်မိ၏။ ဤသင်္ဘောပေါ်မှ ကျောင်းတော်သား များစွာက နန်းတွင်းစာမေးပွဲ ဖြေရန် မြို့တော်သို့ သွားနေကြခြင်း ဖြစ်သည်။ သူတို့အားလုံးက အင်ပါယာ၏ နန်းတွင်းကောလိပ်သို့ ဝင်ခွင့် ရချင်ကြ၏။

မြစ်သင်္ချိုင်းမြို့ ကောလိပ်ကျောင်းမှ သင်ကြားပေးသည်မှာ အခြေခံ ဓားသိုင်းနှင့် မှော်သိုင်းများသာ ဖြစ်သည်။ မြို့တော်ရှိ နန်းတွင်းကောလိပ်တွင်တော့ သန်းချီသော စာအုပ်များနှင့် သူတို့ အလိုရှိသည့် အရာမှန်သမျှ ရှိ၏။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရှိ ဂိုဏ်းအားလုံး၏ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်း အားလုံး နီးပါးမှာ ထိုနေရာတွင် စုဆောင်းထားသည်။ ၎င်းက အင်ပါယာ၏ အမြင့်ဆုံး သင်ကြားရေး ကျောင်းတော်ဟုပင် ပြောနိုင်၏။

နန်းတွင်းကောလိပ်သို့ ဝင်ခွင့်ရရန်မှာ အလွန်တရာ ခက်ခဲလှသည်။ တစ်ပြည်လုံးရှိ ကောလိပ်ကျောင်းသားများက ဝင်ခွင့်ရရန်အတွက် အပြင်းအထန် ပြိုင်ဆိုင်နေကြ၏။ အခြေခံကျောင်းမှ ကျောင်းတော်သားများ အနေနှင့်မူ ရိုးရိုးကောလိပ်ကျောင်းသို့ တက်ရောက်ရန်အတွက်သာ မြို့တော်သို့ လာလေ့ရှိကြသည်။ အခြေခံကျောင်း၏ ကျောင်းတော်သား တစ်ယောက်အနေဖြင့် နန်းတွင်းကောလိပ်သို့ ဝင်ခွင့်ရရန်မှ ပို၍ ခက်ခဲလှသည် မဟုတ်လား...။ ထူးထူးကဲကဲ ထူးချွန်ထက်မြက်သည်မှ မဟုတ်လျှင် ဝင်ခွင့်ရလိမ့်မည် မဟုတ်ချေ။ နှစ်စဉ်နှစ်တိုင်း ဝင်ခွင့်စာမေးပွဲ အောင်၍ နန်းတွင်းကောလိပ်သို့ တက်ရောက်ခွင့် ရသော အခြေခံကျောင်းမှာ ကျောင်းတော်သား အရေအတွက်မှာ မရှိသလောက် ရှားသည်။

ပဲ့နင်းက သင်္ဘောကို ကမ်းကပ်ရန် ဦးလှည့်လိုက်၏။

ဤသင်္ဘောက ထူးဆန်းသော မီးဖိုကြီး တစ်ခုကို အသုံးပြုထားကြောင်း ချင်မူ သတိပြုမိလိုက်သည်။ ထိုမီးဖိုထဲတွင် မီးတောက်မီးလျှံများ ရှိနေပြီး ဆေးကျောက်တုံးများကို ပစ်ထည့်လိုက်သောအခါ ၎င်းတို့ထဲမှ စွမ်းအင်များ ထွက်ပေါ်လာကာ မီးဖိုထိပ်ရှိ စက်ဘီးများကို လည်ပတ်လာစေသည်။ ထိုစက်ဘီးများက ရေယက်ဘီးနှင့် ချိတ်ဆက်ထားပြီး သင်္ဘောကို စက်တပ်ယာဉ် တစ်စီးကဲ့သို့ ရွေ့လျားသွားအောင် တွန်းပို့ပေးနေသည်။

ပဲနင်းက သင်္ဘော ဦးတည်ရာကို ပဲ့ကိုင်ထိန်းကျောင်းရန်သာ လိုအပ်၏။

ချင်မူ တအံ့တဩ စုတ်သပ်လိုက်မိသည်။ ထိုမျှ ထူးဆန်းသော စက်ပစ္စည်းမျိုးကို သူ မဟာမြို့ပျက်၏ မည်သည့် နေရာတွင်များ မြင်ဖူးခဲ့ပါသနည်း။

များစွာ မကြာလိုက်ဘဲ သင်္ဘောက ဆိပ်ကမ်းသို့ ဆိုက်ကပ်သွားသည်။ ချင်မူက သင်္ဘောပေါ်မှ ဆင်း၍ ကျောင်းတော်သားများ၏ နောက်မှ ကပ်လိုက်လာရင်း မြင်းများ၊ ရထားလုံးများ ငှားရမ်းရောင်းချရာ နေရာသို့ ရောက်ရှိလာသည်။

ချင်မူ လှည့်ပတ် ကြည့်ရှုပြီး ပို၍ သိချင်စိတ်များ ဖြစ်လာသည်။ မြေပေါ်သွားယာဉ်များ၊ မိုးပျံယာဉ်များ၊ ကြိုးကြာငှက်များနှင့် မြေနဂါးများ ငှားရမ်းရောင်းချနေသည်ကို သူ တွေ့လိုက်ရ၏။ ထွက်ခွာရန် အသင့်ဖြစ်နေသော လေသင်္ဘောအချို့လည်း ရှိသည်။ ထိုသင်္ဘောများထံမှ မီးခိုးငွေ့များ တလူလူ ထွက်နေပြီး တစ်ခါတစ်ရံတွင် မီးတောက်မီးလျှံများပင် မီးခိုးနှင့်အတူ ရောနှော ထွက်ရှိလာ၏။

"နောင်တော်ချင်... ဒီကိုလာ..."

ဝေ့ယုံက လေသင်္ဘော တစ်စီး၏ အောက်နားမှ လက်လှမ်းပြနေ၏။ ထိုလေသင်္ဘောက လှေကားတစ်ခု ချပေးလိုက်ပြီး အချို့ ကျောင်းတော်သားများက သင်္ဘောပေါ်သို့ တက်သွားကြသည်။

ချင်မူက ထိုလေသင်္ဘောအနီးသို့ လျှောက်သွားပြီး တအံ့တဩ အမူအရာဖြင့် ခေါင်းမော့ကြည့်ရှုလိုက်သည်။ ဝေ့ယုံမှာ စတွေ့ကတည်းက သူနှင့် တရင်းတနှီး ဆက်ဆံခဲ့သူ ဖြစ်၏။ "မြေပေါ်သွားယာဉ်တွေက တအားခုန်တယ်... မိုးပျံယာဉ်တွေကျတော့ ဈေးကြီးလွန်းတယ်... ကြိုးကြာတွေနဲ့ မြေနဂါးတွေ စီးရင် လေဒဏ်၊ မိုးဒဏ် ခံရတယ်... လေသင်္ဘော စီးတာက သက်သောင့်သက်သာ အရှိဆုံးပဲ... နှေးတာ တစ်ခုပဲ ပြောစရာ ရှိတယ်... ဒါပေမဲ့ ဝင်ခွင့်စာမေးပွဲရက် ရောက်ဖို့ လိုသေးတာဆိုတော့ မြို့တော်ကို လေသင်္ဘောပဲ စီးသွားကြတာပေါ့..."

ချင်မူက သဘောတူ ခေါင်းညိတ်ပြီး မေးလိုက်သည်။ "ဒါက ဘယ်လောက် ပေးရလဲ..."

ဝေ့ယုံက အရက်တစ်အိုး ထုတ်ယူ၍ ပြုံးလိုက်၏။ "မင်းက ငါ့ထက် ပိုပြီး သားသားနားနား ဝတ်စားထားတာကို ပိုက်ဆံကိစ္စ ဂရုစိုက်နေရသေးတာလား... မြေခွေးမလေး... ဒီမှာ နင့်အတွက် အရက်ယူလာတယ်..."

ဟူလင်းအာမှာ အံ့အားသင့်ပြီး ဝမ်းသာသွား၏။ သူမက လူတစ်ယောက်ကဲ့သို့ မတ်တတ်ရပ်လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးစကား ဆို၍ အရက်အိုးကို လှမ်းယူလိုက်သည်။

ချင်မူက ကုန်းပတ် အရာရှိထံသို့ သွား၍ လေသင်္ဘောစီးနင်းခ ပေးလိုက်သည်။ မြစ်သင်္ချိုင်းမြို့မှ မြို့တော်သို့ သွားရန် တဖုန်းကြေးပြား ဆယ်ပြား ပေးရ၏။ ချင်မူ လက်ဖွာဖွာ သုံးခဲ့သည်နှင့် စာလျှင် ဤပမာဏက ဈေးကြီးသည်ဟု မဆိုနိုင်ပေ။ သူက တဖုန်းကြေးပြား တစ်ပြားမှာ မည်မျှ တန်ကြေး ရှိသည် လုံးဝ မသိ။ လမ်းတစ်လျှောက် နေထိုင်စားသောက်ခဲ့သမျှ တဖုန်းကြေးပြား တစ်ပြား အမြဲ ပေးခဲ့ပြီး လက်ခံရယူသူတိုင်းက ပါးစပ် နားရွက် တက်ချိတ်တော့မတတ် ပြုံးသွားကြကြောင်းသာ သိခဲ့သည်။

လူနှစ်ယောက်နှင့် မြေခွေးတစ်ကောင် လေသင်္ဘောပေါ်သို့ တက်ပြီး များမကြာမီတွင် လူပြည့်သွား၏။ ဆေးဆရာများနှင့် သူတို့၏ လက်ထောက်ကောင်လေးများက မီးဖိုများကို စတင် အသက်သွင်းလိုက်သည်။ ဆေးအာနိသင် စွမ်းအင်များက မှော်စွမ်းအင်များအဖြစ် အသွင်ပြောင်းပြီး သင်္ဘောနောက်ပိုင်းရှိ ကြေးဝါ သားရဲရုပ်များကို ထောက်ပံ့ပေးလိုက်၏။ ထိုကြေးဝါသားရဲများ၏ ကြီးမားသော ပါးစပ်ကြီးများက တစ်မုဟုတ်ချင်း ပွင့်ဟလာပြီး အားကောင်းသော မီးတောက်မီးလျှံများ ပန်းထွက်ကာ သင်္ဘောမှာ လေပေါ်သို့ တဖြည်းဖြည်း မြောက်တက်လာသည်။ သင်္ဘောက လေထဲတွင်ပင် တဖြည်းဖြည်းချင်း လမ်းကြောင်း တည့်မတ်၍ ရွက်များချကာ မြစ်သင်္ချိုင်းစီရင်စုမှ ထွက်ခွာပြီး မြောက်အရပ်ဆီသို့ ဦးတည် ထွက်ခွာသွားတော့သည်။

လေသင်္ဘောပေါ်တွင် လိုက်ပါ စီးနင်းသူများ အားလုံး အခန်းကိုယ်စီ ရကြပြီး သင်္ဘောကုန်းပတ်ပေါ်တွင် အစားအသောက်များ စား၍ ရ၏။ သူတို့က ဤသင်္ဘောပေါ်တွင် နောက်ထပ် ရက်အနည်းငယ်ခန့် အချိန်ကုန်ဆုံးရဦးမည် ဖြစ်သည်။

ချင်မူကသင်္ဘောပေါ်တွင် ရပ်၍ သင်္ဘောတစ်စီးလုံး လေထဲတွင် မြင့်သည်ထက် မြင့်တက်လာသည်ကို ငုံ့ကြည့်လိုက်သည်။ ရွေ့လျားနှုန်းက တဖြည်းဖြည်း မြန်လာပြီး အောက်ဘက်မှ မြစ်သင်္ချိုင်းမြို့မှာ တစ်စ၊ တစ်စ သေးငယ်လာသည်။ အခြားမြို့များမှ မိုးပျံယာဉ်များ၊ လေပေါ်ပျံ သားရဲများ၊ လေသင်္ဘောများ အစရှိသည်တို့ တစ်ချက် တစ်ချက် ပျံသန်း ထွက်ခွာလာသည်ကိုလည်း တွေ့ရသည်။ မြစ်ထဲတွင်တော့ သင်္ဘောများ ပြည့်နှက်စည်ကားနေ၏။

"ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက တကယ့်ကို ဆန်းကြယ်တဲ့ နေရာပဲ..."

ချင်မူ တအံ့တဩ ရေရွတ်လိုက်မိသည်။ "လင်ယွိရှို့က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက တစ်ဟုန်ထိုး တိုးတက်နေတယ်လို့ ပြောခဲ့တာ... အခုတော့ ငါ့မျက်လုံးနဲ့ မြင်ရပြီ... တကယ် မှန်တာပဲ..."

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ကောင်းကင်နတ်သိုင်းများကို နေ့စဉ်ဘဝ၏ နေရာတိုင်းတွင် ထည့်သွင်း အသုံးပြုထားသည်ကို သူ တွေ့ရ၏။ သာမန် အရပ်သားများ၏ အခြေခံ လိုအပ်ချက်များမှ တဖြည်းဖြည်း ပြောင်းလဲလာသည်။ ဤသည်က မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် ပါဝင်သော ကောင်းကင်တန်ခိုးရှင် လမ်းစဉ်နှင့် တူလှ၏။

ကောင်းကင်တန်ခိုးရှင် လမ်းစဉ်ဆိုသည်မှာ သာမန်လူများအတွက် နိစ္စဓူဝ အသုံးဝင်မှု ဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ပြောင်မြောက်စွာ ဖန်တီးထား၏။

ထူးဆန်းသော အတွေးတစ်ခု သူ့ခေါင်းထဲသို့ ရုတ်တရက် ဝင်လာသည်။ "ကြည့်ရတာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဧကရာဇ် အတိုင်ပင်ခံကလည်း ငါ့ကောင်းကင်နတ်ဆိုးဂိုဏ်းကများ ဖြစ်နေမလား..."

သင်္ဘောကုန်းပတ်ပေါ်တွင် သိုင်းလေ့ကျင့်နေကြသော ကျောင်းတော်သားများ ရှိ၏။ သူတို့၏ ကျင့်စဉ်သိုင်းကွက်များက ထူးကဲလှသည်။ သို့သော်လည်း ချင်မူ အံ့အားသင့်မိသည်မှာ သူတို့အားလုံးက တူညီသော သိုင်းကွက်၊ မှော်ဂါထာနှင့် ဓားသိုင်းများ လေ့ကျင့်ထားကြခြင်း ဖြစ်သည်။

ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ "မှော်သိုင်း၊ ဓားသိုင်းတွေ တစ်ပုံစံတည်း လေ့ကျင့်ထားကြတော့ ရန်သူက ဟာကွက် တွေ့သွားဖို့ လွယ်သွားမှာ မဟုတ်ဘူးလား..."

သူ့အမြင်အရ ရိုးရိုး သိုင်းပညာရှင် အဆင့်မှာ အခြေခိုင်မာအောင် တည်ဆောက်ရသည့် အဆင့် ဖြစ်သော်လည်း အသိပညာ ဗဟုသုတများခြင်းမှာလည်း တည်ဆောက်ရမည့် အခြေခံ အုတ်မြစ်တစ်ရပ် ဖြစ်သည်။ ကျောင်းတော်သား များစွာက တူညီသော သိုင်းကွက်၊ မှော်ဂါထာနှင့် ဓားသိုင်းများကို လေ့ကျင့်နေသောအခါ အခြားသူများက သူတို့၏ အားနည်းချက်၊ ဟာကွက်များကို အလွယ်တကူ တွေ့ရှိသွားပေလိမ့်မည်။

"ဒီလို သိုင်းသမားမျိုးကတော့ ငါ့လက်တစ်ဖက်တည်းနဲ့ ဆယ်ယောက်လောက် တစ်ပြိုင်တည်း တိုက်လို့ ရတယ်..." ချင်မူက တိတ်ဆိတ် ခေါင်းယမ်း၍ အတွက်အချက် သင်္ချာကျမ်းစာအုပ်များကို ဆက်လေ့လာလိုက်သည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ထုတ်ဝေထားသည့် သင်္ချာကျမ်းစုစုပေါင်း ဆယ်အုပ် ရှိသည်။ သူက ထိုစာအုပ်များကို ဖတ်ပြီးသွားပြီး တွက်နည်း အများစုကို စာရွက်ပေါ်သို့ ထုတ်နုတ်မှတ်သားပြီးပြီ ဖြစ်သည်။

ညရောက်သောအခါ ချင်မူ သင်္ဘောကုန်းပတ်ပေါ်သို့ တက်၍ နက္ခတ်တာရာများကို မော့ကြည့်လိုက်သည်။ သူ ဖတ်ထားသည့် သင်္ချာကျမ်းများထဲမှ တွက်နည်းများအတိုင်း တွက်ချက်ကြည့်ပြီး သူ၏ တွက်ချက်မှုများကို စာရွက်ပေါ် ရေးမှတ်ထားလိုက်၏။

လေးရက်ခန့် ပျံသန်းခရီးနှင်ပြီးသောအခါ လေသင်္ဘောမှာ မြို့တော်နှင့် တဖြည်းဖြည်း နီးကပ်လာ၏။ ကျောင်းတော်သား အများစုမှာ မြို့တော်သို့ ပထမဆုံး လာရောက်ကြသူများ ဖြစ်သည့်အတွက် သူတို့ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်နိုင်ခြင်း မရှိကြချေ။ သူတို့အားလုံးက သင်္ဘောနံရံများကို မှီ၍ အပြင်ဘက်သို့ လှမ်းမျှော် ကြည့်ရှုနေကြ၏။ ထိုအခိုက်၌ ရုတ်တရက် သင်္ဘောတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ဘေးသို့ စောင်းသွားသည်။ မြဲမြံစွာ ကိုင်ထားမိခြင်း မရှိသည့် ကျောင်းတော်သား အချို့မှာ လေသင်္ဘောပေါ်မှ လွင့်စင်ကျသွား၏။

လေပေါ်ပျံနိုင်သော ကောင်းကင်နတ်သိုင်းများကို မသင်ရသေးသည့် လူတချို့၏ သွေးပျက်ချောက်ချားသည့် အသံနက်ကြီးများ ရှည်လျားစွာ ထွက်ပေါ်လာသည်။ လေသင်္ဘောက အတော်မြင့်မြင့် ပျံနေသည် ဖြစ်သဖြင့် မြေပြင်ပေါ်သို့ ချက်ချင်း ကျမသွားဘဲ လေထဲတွင် အော်ဟစ်နေကြခြင်း ဖြစ်သည်။

ချင်မူ မျက်မှောင်ကြုတ်လိုက်၏။ သူ့ခြေထောက် နှစ်ဖက်စလုံးက သင်္ဘောကြမ်းပြင်သို့ လှံနှစ်ချောင်းပမာ စိုက်ဝင်နေပြီး သူ့လက်နှစ်ဖက်က အရက်မူးနေသော ဟူလင်းအာနှင့် ဝေ့ယုံတို့ ပြုတ်ကျမသွားအောင် ဆွဲထားရသည်။

ထိုအခိုက်၌ သင်္ဘော၏ အပြင်ဘက်မှ ကျယ်လောင်သော တဟားဟား ရယ်သံကြီး ထွက်ပေါ်လာပြီး အလွန်တရာ ကြီးမားလှသော မြွေကြီး တစ်ကောင်က သွားစွယ်များ ဖွေးနေသည့် ပါးစပ်ကြီးကို ဖြဲဟ၍ သင်္ဘောနောက်ခြမ်းကို ကိုက်ချလိုက်သည်။

သင်္ဘောပေါ်ရှိသူ အားလုံး တုန်လှုပ်ချောက်ချားသွားကြ၏။ သင်္ဘောနောက်မြီးတစ်ခုလုံးမှာ ထိုမြွေကြီး၏ လက်ချက်ဖြင့် ကျိုးပဲ့ပျက်စီးသွားသည်။ သင်္ဘောနောက်မြီးတွင် ရပ်နေကြသော ကျောင်းတော်သားများမှာ သင်္ဘောပေါ်မှ ပြုတ်ကျသွားကြပြီး ထိုမြွေကြီး၏ အမျိုခံလိုက်ရသော ကျောင်းတော်သားများပင် ရှိ၏။

ထိုမြွေကြီး၏ ခေါင်းပေါ်တွင် ရပ်လျက် လိုက်ပါလာသူ တစ်ဦး ရှိသည်။ ထိုသူက အပွင့်အခက်များ ပါသော ဝတ်ရုံကို ဝတ်ဆင်၍ နှုတ်ခမ်းနီ၊ ပါးနီမှုန့်များ လိမ်းခြယ်ကာ ညှို့ငင်တပ်မက်ဖွယ် ကောင်းလှ၏။ သို့သော်လည်း ထိုသူက စွဲမက်ဖွယ်ကောင်းသာ ယောက်ျားတစ်ယောက်သာ ဖြစ်ပြီး သင်္ဘောပေါ်မှ တုန်လှုပ်ချောက်ချားနေသော လူများ အားလုံးကို ဝမ်းသာရွှင်မြူးစွာ ကြည့်နေသည်။

All Chapters