နဂါးစီးဂိုဏ်းသားများ
Vol. 8 Ch. 108
ဝှစ်...။
ထိုမြွေကြီး၏ ကြီးမားတုတ်ခိုင်သော ခန္ဓာကိုယ်က လေသင်္ဘောကို ရစ်ပတ်လိုက်ပြီး သင်္ဘော၏ အထပ်ပေါင်းများစွာကို ပတ်မိသွားသည်။ ထိုအထပ်များရှိ ကြမ်းခင်းများမှာ ရစ်ပတ်ဖြစ်ညှစ်သည့် ဒဏ်ကြောင့် တကျွီကျွီ မြည်လာပြီး သင်္ဘောတစ်စီးလုံးရှိ ကျောင်းတော်သားများ ကျောက်ရုပ်သဖွယ် ဖြစ်သွားသည်။ သင်္ဘောပေါ်မှ အလုပ်သမားများ၊ ပဲ့နင်းများပင် ကြောက်ရွံ့ တုန်လှုပ်သွား၏။
"နောင်တော်ဝေ့ယုံ... လေပေါ် ပျံနိုင်လား..." ချင်မူက ရုတ်တရက် မေးလိုက်၏။
ဝေ့ယုံက ယခုထိ စိတ်နှင့် ကိုယ်ပြန်မကပ်သေးပေ။ "ဘာရယ်..."
ချင်မူက သူ့လက်ကို မြှောက်၍ ဤပုပုဝဝ ဖက်တီးကောင်ကို သင်္ဘောပေါ်မှ ပစ်ချလိုက်၏။ ဝေ့ယုံ၏ ကြောက်လန့်တကြား အော်ဟစ်သံက အောက်ဘမှ စူးစူးရှရှ ထွက်ပေါ်လာသည်။ "ငါ မပျံနိုင်ဘူး... အား..."
ချင်မူလည်း သင်္ဘောပေါ်မှ ခုန်ချလိုက်သည်။ မူးမှောက်နေသော ဟူလင်းအာ ယခုမှ ညဘက် ရောက်လာသော ဇီးကွက်တစ်ကောင်ကဲ့သို့ နိုးလာ၏။ ချင်မူ ခုန်ချလိုက်သည်နှင့် ဤမြေခွေးလေးက မှော်ဂါထာကို ရွတ်၍ လေပွေတစ်ခု ဖန်ဆင်းကာ ချင်မူကို ပင့်တင်ပေးလိုက်သည်။
ချင်မူက ထိုလေပွေထိပ်ဖျားပေါ်တွင် နင်း၍ တဝှီးဝှီး ထိုးဆင်းကာ ဝေ့ယုံကို လှမ်းဆွဲ ဖမ်းဆုပ်လိုက်၏။ ထိတ်လန့် မပြယ်သေးသော ဝေ့ယုံမှာ အောက်သို့ ငုံ့ကြည့်ပြီး ထပ်အော်လိုက်ပြန်သည်။
"မအော်တော့နဲ့ဟ..."
ချင်မူက အားကုန်ထုတ်၍ အသည်းအသန် ပြေးလွှားလိုက်သည်။ ကောင်းကင်ယံတွင်တော့ ကြီးမားသော လေသင်္ဘောကြီးမှာ တကျွီကျွီ မြည်၍ ပေါက်ကွဲ ပျက်စီးသွားပြီး အပျက်အစီး အပိုင်းအစများ ပြုတ်ကျလာ၏။ ချင်မူက လေထဲတွင် အဆက်မပြတ် ရှောင်တိမ်းပြေးလွှားရင်း တဝီဝီ တိုးဝင်လာသော သစ်သားစကြီးများကို ရှောင်တိမ်း၍ အဝေးသို့ ပြေးထွက်သွားသည်။
ဝေ့ယုံမှာ နောက်သို့ ပြန်လှည့်ကြည့်ပြီး သူ့အကြည့်များ မှုန်သီသွား၏။ သူတို့ စီးနင်းလာသည့် လေသင်္ဘောက အပိုင်းပိုင်းအစစ ပျက်စီးသွားချေပြီ။ သင်္ဘောကို ရစ်ပတ်ထားသည့် မြွေကြီးက အားစိုက်၍ နှစ်ခြမ်းကွဲသွားအောင် ညှစ်ထုတ်လိုက်သည်။
သင်္ဘောပေါ်မှ ကျောင်းတော်သားများက အောက်သို့ ခုန်ချလိုက်ကြ၏။ ထိုထဲတွင် ပျံသန်းမှု ကျင့်စဉ်များ တတ်ကျွမ်းသော ကောင်းကင်နတ်သိုင်း ပညာရှင် အချို့လည်း ပါသဖြင့် သူတို့၏ ဝိညာဉ်လက်နက်များကို ထိန်းချုပ်၍ ပျံသန်းလိုက်ကြသည်။ ပျံသန်းမှု ကျင့်စဉ် တစ်ခါမျှ မသင်ဖူးသူများကတော့ ခြေကားရားလက်ကားရားဖြင့် ပြုတ်ကျသွားကြ၏။
"လုံကျောင်းနန်... မင်းက ပုန်ကန်တာလား..."
လေသင်္ဘောမှ ပဲ့ထိန်းက ဒေါသအိုး ပေါက်ကွဲသွားပြီး မီးလျှံဘီလူးကြီး တစ်ကောင်အဖြစ် ပြောင်းလဲကာ ညှို့မြှူဆွဲဆောင်သည့် ရုပ်သွင်ရှိသော ယောက်ျားသားကို အလွန်တရာ ပြင်းထန် အားကောင်းသည့် ကောင်းကင်နတ်သိုင်းဖြင့် တိုက်ခိုက်လိုက်၏။ သို့သော်လည်း သင်္ဘောက အဆင့်မြင့် ပညာရှင် နှစ်ယောက်၏ တိုက်ပွဲကို တောင့်မခံနိုင်သကဲ့သို့ သင်္ဘော၏ ဆေးသိုလှောင်ခန်းမှာလည်း မြွေကြီး၏ ဖြစ်ညှစ်မှုကြောင့် အပိုင်းပိုင်းအစစ ပျက်စီးသွားသည်။ ဆေးဆရာများနှင့် အကူကောင်လေးများမှာလည်း သင်္ဘော အပြင်ဘက်သို့ တစ်မုဟုတ်ချင်း ပြေးထွက် ခုန်ချလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ကြီးမားသော မြွေကြီးက သင်္ဘောပဲ့ထိန်း၏ မျက်နှာသို့ အဆိပ်ခိုးများ မှုတ်ထုတ်လိုက်သည်။ မီးလျှံဘီလူးကြီးမှာ တစ်မုဟုတ်ချင်း မီးများ ငြိမ်းသေသွားပြီး အောက်သို့ ပြုတ်ကျသွား၏။
"ငါတို့တော့ သွားပြီ..."
ဝေ့ယုံ၏ မျက်နှာက ဖြူဖျော့သွားသည်။ "နဂါးစီးဂိုဏ်းက ပုန်ကန်ပြီ... အဲဒီ အကောင်ကြီးကို စီးထားတဲ့သူက လုံကျောင်းနန်လို့ ခေါ်တယ်... နဂါးစီးဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးပဲ... သူက နာမည်ကြီး လူဆိုးတစ်ယောက်..."
ချင်မူက သူ့ကို အားသွန်ခွန်စိုက် ဆွဲယူ၍ မြေပြင်ဆီသို့ တစ်ဟုန်ထိုး ပြေးဆင်းလိုက်သည်။ သူတို့အောက်တွင် တောင်ကုန်းတောင်တန်းများ ရှိပြီး နဂါးစီးဂိုဏ်းမှ အဆင့်မြင့် ပညာရှင်များ ရှာမတွေအောင် သူတို့၏ ခြေရာလက်ရာများကို ဖုံးကွယ်နိုင်ပေလိမ့်မည်။
တစ်ခဏကြာပြီးနောက် သူတို့ မြေပြင်ပေါ်သို့ ခြေချလိုက်မိကြ၏။ ဟူလင်းအာက သူမ၏ မှော်ဂါထာကို ပြန်ရုပ်သိမ်းပြီး တစ်ခုခု ပြောတော့မည် ပြင်လိုက်စဉ်မှာပင် သွေးပျက်ချောက်ချားစွာ အော်ဟစ်သံကြီးက သူတို့၏ အပေါ်မှ ထွက်ပေါ်လာသည်။ ကျောင်းတော်သား တစ်ယောက်က သစ်ပင်ကြီးများပေါ်သို့ ပြုတ်ကျ၍ သူတို့ရှေ့သို့ ခန္ဓာကိုယ် အစိတ်အပိုင်းများ ပဲ့ထွက် လွင့်စင်လာသည်။
ဘုတ်...။
နောက်ထပ် ခပ်အုပ်အုပ် အသံတစ်သံ မလှမ်းမကမ်းမှ ထွက်ပေါ်လာ၏။
ဘုတ်...၊ ဘုတ်...၊ ဘုတ်...။
ကျောင်းတော်သားများမှာ ကောင်းကင်ယံမှ ဤတောင်ခြေဆီသို့ မိုးရွာကျသကဲ့သို့ ပြုတ်ကျလာပြီး ပုံပျက်ပန်းပျက် သေဆုံးကုန်ကြ၏။
ဝေ့ယုံ၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားပြီး တဆတ်ဆတ် တုန်ရီနေသည်။ ချင်မူ၏ နားရွက်များ ဆတ်ခနဲ တွန့်သွားပြီး သူ့ကို ဆွဲခေါ်၍ ရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားလိုက်၏။ သူတို့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ သင်္ဘောပျက်တစ်ခြမ်း ပြုတ်ကျလာပြီး တောအုပ်တစ်ခုလုံး ပျက်စီးသွားသည်။ အောက်ဘက်မှ သစ်ပင်များမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်ထွက်သွားပြီး အတော်လေး ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်သွား၏။
ထိုသင်္ဘော၏ ကိုယ်ထည်ကြီးက ကိုက်သုံးရာခန့်ထိ လျှောတိုက် ရွေ့လျားသွားပြီး ခြေကုန်သုတ် ပြေးနေသည့် ချင်မူ့ထံ မရောက်မီတွင်မှ ရပ်တန့်သွားသည်။
ချင်မူက ရှေ့သို့ ဆက်ပြေးနေပြီး သင်္ဘောဆီမှ မြေပြင်များ တုန်ခါသွားအောင် တအုန်းအုန်း ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ထိုအသံများက သင်္ဘောမီးဖိုကြီး ပေါက်ကွဲရာမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ပေါက်ကွဲမှု လေလှိုင်းများက လူနှစ်ယောက်နှင့် မြေခွေးတစ်ကောင်ကို လွင့်စင်သွားအောင် ရိုက်ခတ်လိုက်သည်။
ချင်မူက မြေပြင်သို့ ခြေချ၍ ဝေ့ယုံကို လွှတ်ပေးလိုက်ကာ တီးတိုးပြောလိုက်သည်။ "ငါတို့ မြန်မြန်သွားကြစို့... မကြာခင် အသက်ရှင်သေးတဲ့လူ ရှိ၊ မရှိ စစ်ဆေးဖို့ နဂါးစီးဂိုဏ်းက လူတွေ ရောက်လာလိမ့်မယ်..."
ဝေ့ယုံက ယခုမှ အသိပြန်ဝင်လာပြီး တစ်မုဟုတ်ချင်း ခြေကုန်သုတ် ပြေးလိုက်လာသည်။ "အသက်ရှင်နေတဲ့သူတွေကို တွေ့သွားရင် သူတို့က ဘာလုပ်မလို့လဲ..."
ဟူလင်းအာက သူ့ကို စိတ်ပျက်လက်ပျက် မျက်လုံးလှန်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက ရီဝေဝေ ဖြစ်နေ၏။ သူမက ပြေးလွှားရင်းနှင့် အရက်ခိုးသောက်နေသည်။ "ဖက်တီးဝေ့... နင်က ဘယ်လို ထင်လို့လဲ..."
ဝေ့ယုံက တစ်ချက် ဆတ်ခနဲ တုန်သွား၏။ "နဂါးစီးဂိုဏ်းက သိပ်ကို ရဲတင်းလွန်းတယ်... နန်းတွင်းစာမေးပွဲ ဖြေဖို့ ကျောင်းတော်သားတွေ လိုက်လာတဲ့ လေသင်္ဘောကိုတောင် မြို့တော်နဲ့ နီးနီးလေးမှာတင် တိုက်ခိုက်ရဲတယ်... ဧကရာဇ် အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေ သက်သာသွားရင် နဂါးစီးဂိုဏ်းကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး..."
"ဧကရာဇ် အတိုင်ပင်ခံက တကယ် ဒဏ်ရာရသွားတယ်လို့ မင်း ထင်တာလား..."
ချင်မူက ခေါင်းခါယမ်းလိုက်၏။ "ငါ့အမြင်တော့ ဧကရာဇ် အတိုင်ပင်ခံက ဒဏ်ရာရမှာ မဟုတ်ဘူး... သူက တွင်းအောင်းနေတဲ့ မြွေတွေ ထွက်လာအောင် တမင် မျှားခေါ်လိုက်တာပဲ... ထာဝရ ငြိမ်
ချမ်းရေး အင်ပါယာမှာ သူ့ကို ဆန့်ကျင်တဲ့ အင်အားစုတွေ အကုန်လုံးကို မျှားထုတ်ပြီး တစ်ချက်တည်း အပြတ်ရှင်းဖို့ ကြံစည်နေတာ... အခုတောင် နဂါးစီးဂိုဏ်းက ထွက်လာပြီ မဟုတ်လား..."
ဝေ့ယုံ မှင်တက်သွားပြီး အော်ဟစ်လိုက်မိ၏။ "မင်း ပြောချင်တာက...၊ မဖြစ်နိုင်ဘူး... ငါ ကြားသလောက် ဆိုရင် ပုန်ကန်ကြတဲ့ နယ်မြေ နှစ်ဆယ်ထက် မနည်းဘူး... မြို့တွေကို သိမ်းပြီး သာမန် အရပ်သားတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရတယ်... သူခိုးဓားပြတွေလည်း ဆူပူသောင်းကျန်းလာတယ်... ဧကရာဇ် အတိုင်ပင်ခံက ဘယ်လိုလုပ် ဒီကိစ္စမျိုးကို တမင် လျစ်လျူရှုထားနိုင်မှာလဲ..."
ချင်မူက ပြန်ပြောလိုက်၏။ "ဒါတွေက နည်းဗျူဟာပေါ့... သူ့ဘက်က အနာမခံရင် ဘယ်လိုလုပ် ဒီလို သစ္စာဖောက်တွေ၊ ပုန်ကန်သူတွေကို မျှားထုတ်နိုင်မှာလဲ... အဲဒါကြောင့် သူ ဒဏ်ရာရတယ်... မဟာမြို့ပျက်မှာ ရှုံးနိမ့်ခဲ့ပြီး အပြန်လမ်းမှာ လုပ်ကြံခံရလို့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်... သူရဲ့ နာမည် ဂုဏ်သတင်းရော၊ ဩဇာအာဏာရော ထိုးကျသွားတယ်... ဘယ်သူကများ ဒီလို အခွင့်ကောင်းမျိုးကို လက်လွတ်ဆုံးရှုံးခံမှာလဲ..."
သူက ပြတ်သားစွာ ပြောလိုက်၏။ "ငါ မြင်သလောက်တော့ ဒါက ဧကရာဇ် အတိုင်ပင်ခံရဲ့ တရားမဝင် လျှို့ဝှက် အကြံအစည်ပဲ ဖြစ်လိမ့်မယ်... သစ္စာဖောက်တွေ၊ ပုန်ကန်သူတွေ အကုန်လုံး မျက်နှာဖုံး ကွာကျမလာမချင်း သူ ရှေ့ထွက် နှိမ်နင်းဦးမှာ မဟုတ်ဘူး..."
ဝေ့ယုံနှာ လက်မခံနိုင်သေးဘဲ တတွတ်တွတ် ရေရွတ်လိုက်သည်။ "ဒါပေမဲ့ လူတွေ အများကြီး သေရလိမ့်မယ်..."
"ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ်အတိုင်ပင်ခံရဲ့ ဘေးမှာ ဝိုင်းနေတဲ့ အန္တရာယ်တွေတော့ အကုန် အမြစ်ပြတ်သွားမယ်လေ... ဟုတ်တယ် မဟုတ်လား..."
ချင်မူက ဝေ့ယုံကို ကြည့်လိုက်၏။ ဤဖက်တီးက ထူးထူးကဲကဲပင် ပေါ့ပါးသွက်လက်လှပြီး သူ့နောက်မှ ထက်ကြပ်မကွာ လိုက်လာနိုင်သည်။ သို့သော်လည်း သူက လေအလျဉ်နှင့် ပတ်သက်၍ နကန်းတစ်လုံးမျှ မသိသေးဘဲ လေပွေထိပ်ဖျားပေါ် နင်းလျှောက် ပြေးလွှားနိုင်ခြင်း မရှိသေးပုံ ရ၏။ "ချင်မူက ဆက်ပြောလိုက်သည်။ "သူ့ဘေးနားက ပုန်းကွယ်နေတဲ့ အန္တရာယ်တွေ အကုန်လုံးကို အမြစ်ဖြုတ်ပြီးတာနဲ့ ဘယ်သူကများ သူ့ကို ထိပါးရဲတော့မှာလဲ... ဧကရာဇ် အတိုင်ပင်ခံအနေနဲ့ သူ့ရန်သူတွေကို တစ်ချီတည်း အမိဖမ်းနိုင်ခဲ့ရင်... သူ နန်းသိမ်းပွဲခံချင်တယ် ဆိုရင်တောင် ဘယ်သူက တားရဲတော့မှာလဲ..."
ဝေ့ယုံ ထိန်းမရသိမ်းမရ တုန်ခါသွားပြီး ချင်မူ့ကို မကောင်းဆိုးဝါးတစ်ကောင် တွေ့သကဲ့သို့ ကြည့်လိုက်မိ၏။ "နောင်တော်ချင်... မင်းက ငါနဲ့ အသက်အတူတူပဲ မဟုတ်ဘူးလား... ဘာလို့ ဒီလောက် စဉ်းစားတွေးခေါ်နိုင်ရတာလဲ...၊ မြေခွေးမလေး... ဒီကောင်က လူဖြစ်အောင် ကျင့်ကြံခဲ့တဲ့ ဉာဏ်များများ မြေခွေးအိုကြီး မဟုတ်လား..."
ဟူလင်းအာက ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်သည်။ "ဖက်တီးဝေ့... နင်လည်း သတိထားမိတာလား... သခင်လေးက အသိဉာဏ်ရလာတဲ့ မြေခွေးထီးတစ်ကောင်လို့ ငါလည်း သံသယ ဝင်နေတာ ကြာပြီ..."
ဝေ့ယုံက ပြောလိုက်၏။ "ငါ့ကို ဖက်တီးဝေ့လို့ မခေါ်နဲ့... မြစ်သင်္ချိုင်းမြို့ရဲ့ ဝေ့မိသားစုက ဂုဏ်သိက္ခာရှိ မိသားစု... ဒီသတင်းသာ ပြန့်သွားရင် အရှက်ရစရာ ဖြစ်သွားလိမ့်မယ်..."
ထိုအခါ မြေခွေးမလေးက ပြောလိုက်၏။ "အဲဒါဆို ဖက်တီးယုံလို့ ခေါ်ရမှာလား..."
ဝေ့ယုံမှာ တစ်ခဏမျှ တိတ်ကျသွားပြီးမှ အလေးအနက် လုပ်ယူသော အသံဖြင့် ပြောလိုက်သည်။ "ဖက်တီးဝေ့လို့ ခေါ်တာပဲ ပိုကောင်းပါတယ်လေ... အနည်းဆုံးတော့ နားထောင်လို့ ကောင်းသေးတာပေါ့..."
ရုတ်တရက် ချင်မူက မေးလိုက်သည်။ "နောင်တော်ဝေ့... မင်းရဲ့ သိုင်းအဆင့်က ဘယ်လောက် ရှိလဲ..."
"ငါက ဓာတ်ကြီးငါးပါး အတားအဆီးနံရံကို ချိုးဖျက်ပြီးလို့ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ နိုးထပြီးပြီ... ဒါပေမဲ့ ငါ့ကျင့်စဉ်စွမ်းအင်က မင့်ထက် သိပ်များပုံ မရဘူး..."
ဝေ့ယုံက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "မင့်သိုင်းအဆင့်ကရော..."
"ဝိညာဉ်သန္ဓေသားအဆင့်..."
ချင်မူ၏ ချီစွမ်းအင် တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး သူ၏ဝက်ခုတ်ဓားမကို ဆွဲထုတ်၍ ပြောလိုက်၏။ "နောင်တော်ဝေ့... မင်း နှစ်ကောင်ရှင်း... ငါ နှစ်ကောင် ရှင်းမယ်..."
ဝေ့ယုံမှာ ချင်မူ ဘာပြောသည်မှန်း နားမလည်လိုက်ချေ။ ရုတ်တရက် သူတို့ရှေ့ရှိ တောအုပ်ထဲမှ မြွေကြီးလေးကောင် လျှောတိုက် ထွက်ပေါ်လာ၏။ ထိုမြွေများနှင့်အတူ သွက်လက် မြန်ဆန်သည့် သာယာနာပျော်ဖွယ် ပလွေသံများ ထွက်ပေါ်လာသည်။ စွဲမက်နှစ်သက်ဖွယ် ရွာသူမလေး တစ်ယောက်က မြွေစိမ်းတစ်ကောင်နှင့် ချုံပုတ်ကြားတွင် ဆော့ကစားနေသကဲ့သို့ ပလွေသံစဉ်က တက်သွားလိုက် ကျသွားလိုက် ဖြစ်နေသည်။
ပလွေမှုတ်နေသူများက နဂါးစီးဂိုဏ်းသားများ ဖြစ်ပေလိမ့်မည်။ အသံလာရာဆီသို့ ကြည့်လိုက်သော်လည်း ချင်မူ မည်သည့် နဂါးစီးဂိုဏ်းသားကိုမျှ မတွေ့ရချေ။ ပုန်းကွယ်နေကြဟန် တူ၏။
နဂါးစီးဂိုဏ်းမှာ မူလက မြို့တော်အနီးရှိ တရှင်းစီရင်စုမှ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ သူတို့ မြွေများ မွေးမြူ၍ အသက်မွေးဝမ်းကျောင်း ပြုကြ၏။ သို့ဖြစ်၍ သူတို့ကိုယ်သူတို့ နဂါးစီးနင်းသူများဟု ခေါ်ဆိုကြသည်။
ဤဂိုဏ်းကို ဧကရာဇ် အတိုင်ပင်ခံက နှိမ်နင်း သိမ်းသွင်းခဲ့ပြီး အမြဲတစေ ငြိမ်ဝပ်ပိပြားနေခဲ့ကြသူများ ဖြစ်သည်။ နန်းတွင်းတပ်ဖွဲ့ရှိ ဆန်းကြယ်သားရဲတွင်ပင် နဂါးစီးဂိုဏ်းသားများ မွေးမြူထားသော မြွေကြီးများ ရှိ၏။
ပလွေသံက ကြည်လင်၍ သာယာငြိမ့်ညောင်းလှပြီး မြွေကြီးများက သံစဉ်အတိုင်း လူးလွန့် ရွေ့လျားလာကြသည်။
"နောင်တော်ချင်... နဂါးစီးဂိုဏ်းရဲ့ လက်နက်က ဒီမြွေကြီးတွေလို့ ထင်ရပေမဲ့ တကယ်တမ်းက ဒီမြွေတွေရဲ့ တိုက်ခိုက်မှုကို ထိန်းကျောင်းနေတဲ့ ပလွေသံပဲ..."
ဝေ့ယုံက ချင်မူ့ကို နဂါးစီးဂိုဏ်း၏ တိုက်ခိုက်နည်းများ အကြောင်း ရှင်းပြရန် ပြင်လိုက်သော်လည်း ချင်မူက တစ်ဟုန်ထိုး ပြေးထွက်သွားပြီ ဖြစ်သည်။ ဝေ့ယုံမှာလည်း ရွေးချယ်စရာ မရှိတော့ဘဲ နောက်မှ ပြေးလိုက်သွားရ၏။
ရုတ်တရက် ပလွေသံက စူးရှရှ၊ ပြတ်တောင်းတောင်း ဖြစ်သွားသည်။ ထိုပါးပျဉ်းနီမြွေကြီးများ၏ အရှိန်အဟုန်က ရုတ်တရက် ပိုမြန်လာပြီး လုနှစ်ယောက်ကို ပေါက်ချလိုက်၏။
ချင်မူက ပထမ မြွေကြီးနှင့် ထိပ်တိုက်တွေ့သည်နှင့် ဓားမရောင်များ လက်သွားပြီး ငွေရောင် ဘောလုံးကြီး တစ်လုံး လိမ့်လာသကဲ့သို့ ဓားချက်များ တစ်ရှိန်ထိုး ထွက်ပေါ်လာသည်။
မုန်တိုင်းထန် မြို့ပြများပေါ်က သန်းခေါင်ယံ တိုက်ပွဲ...။
မျက်စိတစ်မှိတ်အတွင်း ပါးပျဉ်းနီ မြွေကြီး သူ့အပေါ် ခုန်အုပ်နိုင်ခြင်း မရှိမီ၌ ငွေရောင် အလင်းတန်း တစ်ခုက ၎င်းအပေါ် ကျရောက်သွားသည်။ ထိုငွေရောင် အလင်းတန်းက မြွေခေါင်းမှ အမြီးထိ ဖြတ်သန်းသွားပြီး ထိုငွေရောင် အလင်းတန်း ပျောက်ကွယ်သွားသောအခါ အသွေးအသား မရှိတော့သည့် မြွေရိုးစုကြီးသာ ကျန်ခဲ့တော့၏။
တစ်ချိန်တည်းမှာပင် ဟူလင်းအာက သူမ၏ လေပြင်းဓားသွားများကို ထိန်းချုပ်၍ အခြား မြွေတစ်ကောင်ကို ခုတ်ပိုင်းလိုက်သည်။ သို့သော်လည်း ပလွေသံက မြွေကြီးကို ထိန်းချုပ်၍ ၎င်း၏ ပါးစပ်ကို ဖြဲဟကာ လေပြင်းဓားသွားများကို စုပ်ယူလိုက်သည်။ ထို့နောက် အဆိပ်ခိုးများကို မှုတ်ထုတ်လိုက်၏။
ချင်မူက သူ့လက်ချောင်းများကို ပူး၍ ရှေ့သို့ ထိုးစိုက်လိုက်၏။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားမှာ ပျံဝဲထွက်ပေါ်လာပြီး မြွေကြီး၏ မျက်လုံးကို ထိုးစိုက်သွားသည်။ သူ့လက်ချောင်းများကို အထက်သို့ ပင့်ကော်လိုက်သောအခါ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက မြွေခေါင်းနောက်မှ တစ်မုဟုတ်ချင်း ဖောက်ထွက်လာ၏။
အခြားတစ်ဘက်တွင်တော့ ဝေ့ယုံမှာ ရှေ့တိုး တိုက်ခိုက်နေသည်။ သူ၏ ကျင့်စဉ်စွမ်းအင်က သိပ်သည်းလှ၏။ သူ့နောက်ကျောမှ ဓားအိမ်ဖြင့် ဓားပျံများကို ထိန်းချုပ်ပြီး မြွေကြီးများကို ထိုးနှက်နေသည်။ ထိုဓားအိမ်ကလည်း ဝိညာဉ်လက်နက် တစ်ခု ဖြစ်သည်။ သို့သော်လည်း ထက်ရှမှု အပိုင်းတွင် ချင်မူ၏ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားနှင့် ဝက်ခုတ်ဓားမအောက် နိမ့်ကျ၏။
ဝေ့ယုံက မြွေကြီး နှစ်ကောင်၏ တိုက်ခိုက်မှုအောက်တွင် ပေါ့ပါး သွက်လက်စွာ လှုပ်ရှားနေသည်။ မြွေကြီးနှစ်ကောင်၏ ခန္ဓာကိုယ်ပေါ်သို့ ဓားဒဏ်ရာ အများအပြား ပေးစွမ်းနိုင်ခဲ့သော်လည်း အသေသတ်နိုင်မည့် အခွင့်အရေး မရသေးပေ။
သူ၏ ကျင့်စဉ်စွမ်းအင်က သိပ်သည်းနက်ရှိုင်းသော်လည်း တိုက်ကွက်များက ချင်မူ့အောက် နိမ့်ကျသည်။ သူ၏ သိုင်းကွက်များက ကျောင်းတော်မှ သိုင်းကွက်များ ဖြစ်သည်။ တစ်ချက်တည်းနှင့် အသေသတ်နိုင်စွမ်း မရှိ။
ရုတ်တရက် ဟူလင်းအာက သူ့ကို ဖြတ်ကျော်၍ တောအုပ်ထဲသို့ မီးခိုးငွေ့တန်းပမာ ပြေးဝင်သွားသည်။ ချင်မူကလည်း အခြားဘက်မှ တောအုပ်ထဲသို့ ပြေးဝင်သွား၏။ ဝေ့ယုံမှာ အထိတ်ထိတ်အပျာပျာနှင့် အော်ဟစ်လိုက်မိပြီး နောက်မှ ပြေးလိုက်သွားချင်သော်လည်း မြွေကြီး နှစ်ကောင်၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ပြေးခွင့်မသာပေ။
ထိုအခိုက်၌ ပလွေသံက ရုတ်တရက် ရပ်တန့်သွားသည်။ ပလွေသံ၏ အမိန့်ပေး စေခိုင်းမှု မရှိတော့သည့်အခါ မြွေကြီး နှစ်ကောင်မှာ ကြောင်အမ်းအမ်း ရပ်တန့်သွား၏။ ဝေ့ယုံက ထိုအခွင့်အရေးကို အမိအရ ယူ၍ မြွေကြီး နှစ်ကောင်ကို သတ်ကာ တောထဲသို့ ချက်ချင်း ပြေးလိုက်သွားသည်။ တောထဲသို့ ရောက်သောအခါ မြေခွေးလေး၏ အသံကို ကြားလိုက်ရ၏။ "ဖက်တီးဝေ့... ဒီကိုလာ..."
ဝေ့ယုံ ချက်ချင်း ပြေးသွားသောအခါ ချင်မူနှင့် မြေခွေးလေးကို တွေ့လိုက်ရသည်။ သူတို့ဘေးတွင်တော့ သွေးများ ယိုစီးနေသော သစ်ပင်ကြီး တစ်ပင်သာ ရှိပြီး မည်သူ့ကိုမျှ မမြင်ရချေ။ အနားသို့ တိုးကပ်သွားသောအခါမှ သွေးများ ယိုစီးကျနေသည်မှာ သစ်ပင် မဟုတ်ဘဲ လူတစ်ယောက် ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထိုသူ၏ အသွင်အပြင်၊ အဝတ်အစား အားလုံးက သစ်ခေါက်နှင့် တစ်ပုံစံတည်း ဖြစ်ပြီး မျက်နှာကိုပင် သစ်ခေါက်ကဲ့သို့ ဆေးခြယ်ထား၏။
ဤသူက သစ်ပင်ထဲတွင် အခေါင်းတူး၍ ဝင်ပုန်းနေခြင်း ဖြစ်သည်။ အနီးကပ်သာ မကြည့်လျှင် မြင်တွေ့နိုင်လိမ့်မည် မဟုတ်ပေ။
"သူက နဂါးစီးဂိုဏ်းသား တစ်ယောက်ပဲ..."
ဝေ့ယုံ၏ ရင်ထဲတွင် ဒိုင်းခနဲ ခုန်သွားပြီး ပြောလိုက်သည်။ "နောင်တော်ချင်... နဂါးစီးဂိုဏ်းသားတွေက အုပ်စုဖွဲ့ လှုပ်ရှားတတ်ကြတာ..."
"မင်း ပြောချင်တာက..."
ချင်မူ မျက်နှာပျက်သွားပြီး တောအုပ်ထဲသို့ လှမ်းကြည့်လိုက်၏။ ထိုနေရာမှ သစ်ပင်ကြီးများက စိမ်းစိုနေသည်။ ထိုအခိုက်၌ သစ်ပင် ပင်စည်များမှ လူရိပ်တစ်ရာခန့် လျှောက်လှမ်း ထွက်ပေါ်လာ၏။ သူတို့၏ ခန္ဓာကိုယ်များက သစ်ခေါက်များဖြင့် ဖုံးအုပ်နေသည်။
ပလွေသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော မြွေကြီးများက တောအုပ်နောက်ထဲမှ လျှောထိုး ထွက်ပေါ်လာ၏။ ထိုမြွေများက တောင်ကုန်းများ၊ ချိုင့်ဝှမ်းများ နေရာအနှံ့တွင် ဖုံးလွှမ်းသွားပြီး ၎င်းတို့၏ ပါးပျဉ်းနီနီများမှာ လေယူရာ ယိမ်းနေသည့် ပန်းပွင့်များနှင့်ပင် ဆင်တူနေတော့သည်။