← Chapters

အမောက်နီအမွေးနက်

Vol. 8 Ch. 109

အမောက်နီအမွေးနက်

Vol. 8 Ch. 109

နဂါးစီးဂိုဏ်းသားများက ကြိုတင် နေရာယူ၍ ကျွံဝင်လာသော လူများကို ရှင်းလင်းရန် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မြွေများက တောင်ကုန်းများ၊ ချိုင့်ဝှမ်းများ နေရာအနှံ့တွင် ဖြန့်ကျက်၍ လျှောတိုက် ပြေးဝင်လာကြ၏။ ထိုမြင်ကွင်းကြောင့် သူတို့ ခေါင်းမွေးများ ထောင်ထသွားသည်။ ဝေ့ယုံ၏ မျက်နှာက ဖြူဖျော့သွားပြီး တတွတ်တွတ် ရေရွတ်လိုက်၏။ "မြို့တော်က ဘာလုပ်နေတာလဲ... မိစ္ဆာ မကောင်ဆိုးဝါးတွေ သောင်းကျန်းနေပြီလေ... မြို့တော်က အစောင့်တပ်ဖွဲ့တွေ ဘာလုပ်နေကြတာလဲ..."

ထိုအခိုက်၌ မြို့တော်ဘက်မှ အုန်းခနဲ အသံကြီး တစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်မူ၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ဟူလင်းအာကို ကမန်းကတန်း ဆွဲမ၍ သူ့အိတ်ထဲသို့ ထည့်ကာ တီးတိုး ပြောလိုက်သည်။ "နောက်ဆုတ်..."

ဝေ့ယုံက ချက်ချင်း နောက်သို့ ခုန်ဆုတ်လိုက်ပြီး သူတို့ နှစ်ယောက်သား နောက်ဘက် ကိုက်သုံးရာခန့်အထိ ရောက်ရှိသွား၏။ မြွေကြီးများကလည်း အလွန်တရာ တုန်လှုပ်ချောက်ချားသွားသကဲ့သို့ မငြိမ်မသက် ဖြစ်လာကြပြီး သူတို့ ရှိရာသို့ တစ်ဟုန်ထိုး လျှောတိုက် ရွေ့လျားလာကြသည်။ ထိုမြွေများတင် မဟုတ်၊ နဂါးစီးဂိုဏ်းသားများမှာလည်း စိုးရိမ်ထိတ်လန့်သည့် အမူအရာများဖြင့် မြွေခေါင်းများအပေါ်သို့ ခုန်တက်လိုက်ကြသည်။ မြွေကြီးများက လေပေါ်ပျံနေသကဲ့သို့ လျှောတိုက် ရွေ့လျားလာပြီး ချင်မူတို့ထံ ခုန်အုပ်လိုက်၏။

"ကျောချင်းကပ်..."

ချင်မူက အော်ဟစ်လိုက်သည်။ ဝေ့ယုံက ကမန်းကတန်း သူနှင့် ကျောချင်းကပ် နေရာယူလိုက်၏။ သူ့နောက်ကျောမှ ဓားအိမ်ကို ဖြုတ်၍ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ဝေ့ယုံက သူ့လက်ချောင်းများကို ပူး၍ ဓားကိုင်ထားသကဲ့သို့ ပြုလိုက်၏။ သူ၏ ဓားအိမ်က ပွင့်လာပြီး ဓားဦးချွန်များ အောက်စိုက်လျက် အနေအထားနှင့် ဓားပျံများ တစ်ချောင်းပြီး တစ်ချောင်း ထွက်ပေါ်လာသည်။

ဓားရွက်တုန်ခါသံ တစ်သံနှင့်အတူ ထိုဓားများက သူနှင့် ချင်မူ၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းပတ်ကာ ဓားဦးချွန်များ အပြင်ဘက်သို့ မျက်နှာမူ၍ တဝီဝီ လည်ပတ်လာ၏။

ချင်မူ အံ့အားသင့်သွားသည်။ ဝေ့ယုံ၏ ဤဓားကွက်က ကျောင်းတော်မှ သင်ကြားပေးခြင်း မဟုတ်ဘဲ ကျောင်းတော်သားများ လေ့ကျင့်နေကြသည့် ဓားကွက်များထက် ပိုမို ရှုပ်ထွေး နက်နဲ၏။ ကြည့်ရသည်မှာ သူ့မိသားစု၏ အမွေအနှစ် ဓားကွက် ဖြစ်မည်။ ဝေ့ယုံ ပြောခဲ့သည့် ဝေ့မိသားစုက မြစ်သင်္ချိုင်းမြို့တွင် နာမည်ကျော်ကြားသော မိသားစု ဖြစ်သည် ဆိုခြင်းမှာ အကြွားသက်သက် ဟုတ်ဟန် မရှိချေ။

မြွေကြီးများက အုံဖွဲ့လာကြပြီး ချင်မူ၏ ချီစွမ်းအင်က ဟုန်းခနဲ ထွက်ပေါ်လာသည်။ သူ၏ ရှေ့နှင့်နောက် နှစ်ဘက်စလုံးတွင် ရွှေကွင်းများ ပေါ်ထွက်လာပြီး ဓားရောင်များက အုံဖွဲ့ ပြေးဝင်လာသည့် မြွေကြီးများနှင့် နဂါးစီးဂိုဏ်းသားများထံ တိုးဝင်သွားသည်။

ဤသည်က နယ်စပ်နဂါးမြို့၏ ရှေးဟောင်း ဘုရားကျောင်းတွင် သူ တတ်မြောက်ခဲ့သည့် သိုင်းကွက် ဖြစ်သည်။ ၎င်းက ကောင်းကင်နတ်သိုင်းနှင့် ဆင်တူသော်လည်း ကောင်းကင်နတ်သိုင်း မဟုတ်ချေ။ ၎င်း၏ တိုက်ခိုက်မှု စွမ်းအားက မနိမ့်ကျလှ။ မြွေကြီးများက ထိုရွှေရောင်ဓားချက်များကြောင့် ဒဏ်ရာရသွားသည်နှင့် ဘေးသို့ ရှောင်ရှားပြီး လျှောတိုက် ထွက်ပြေးသွားကြသည်။ နဂါးစီးဂိုဏ်းသားများမှာလည်း သူ့ဓားရောင်ဖြင့် တိုက်ခိုက်ခံရသည့်တိုင် ပြန်တိုက်ရန် အချိန်မရကြပေ။

ဤလူများနှင့် မြွေကြီးများက သူတို့ကို တိုက်ခိုက်ရန် လာသည်ထက် ထွက်ပြေးရန် ကြိုးစားနေကြသည်နှင့် ပိုတူ၏။ သို့သော်လည်း အုံဖွဲ့ပြေးလွှားနေသည့် မြွေကြီးများက များပြားလွန်းလှသည့်အတွက် ချင်မူ့အနေဖြင့် ထိုမြွေများ အားလုံးကို ရှောင်ရှားရန် ခက်သည်။ ဤမြွေကြီးများ ရေလှိုင်းလုံးကြီးများကဲ့သို့ ရွေ့လျားလာပြီး သူတို့ နှစ်ယောက်စလုံးကို ဖုံးလွှမ်းသွားတော့မည်ကဲ့သို့ ဖြစ်လာသည်။

ဝေ့ယုံက ကျယ်လောင်စွာ မာန်သွင်း အော်ဟစ်လိုက်သည်။ သူ၏ ဓားပျံများက သူတို့ နှစ်ယောက်၏ ဘေးပတ်ပတ်လည်တွင် လျင်မြန်စွာ လည်ပတ်၍ အုံဖွဲ့ တိုးဝင်လာသော မြွေကြီးများကို ခုတ်ဖြတ်ပစ်၏။ မီးပွင့်မီးပွားများ တဖျစ်ဖျစ် လွင့်ကျ၍ မြွေကြီးများ၏ အကြေးခွံများ လွင့်စင်ထွက်သွားသည်။ အချို့မြွေကြီးများမှာ ခန္ဓာကိုယ်များပင် ဟက်တက်ကွဲသွားကြ၏။

ဝေ့ယုံ အပေါ် ပိကျလာသော ဖိအားက ရုတ်တရက် တိုးမြင့်လာပြီး တောင့်ခံရန် ခက်ခဲလာသည်။ ချင်မူက သူ့သိုင်းကွက်ကို ကမန်းကတန်း ပြောင်းလိုက်ပြီး သူ၏ လက်ဝါး နှစ်ဖက်ကို ယှက်လိုက်သည်။ သူ၏ ချီစွမ်းအင်က တစ်ဟုန်ထိုး စီးဆင်းနေသည့် မြစ်ကြီး တစ်စင်းကဲ့သို့ ထွက်ပေါ်လာပြီး မြွေကြီးများ၏ ခန္ဓာကိုယ်ကို တိုးတိုက်သွား၏။ သူ့ကျောပိုးအိတ်ထဲမှ ဟူလင်းအာကလည်း မှော်ဂါထာများ ရွတ်၍ လေမုန်တိုင်းများ ဖန်တီးကာ မြွေကြီးများကို လွင့်ထွက်သွားအောင် လုပ်လိုက်သည်။

လူနှစ်ယောက်နှင့် မြေခွေး တစ်ကောင်အပေါ် သက်ရောက်သော ဖိအားက ပို၍ ပို၍ ကြီးမားလာပြီး ထိုအခိုက်၌ တဘုန်းဘုန်း အသံများကလည်း နီးကပ်လာသည်။ အနက်ရောင်အမွေးအတောင်နှင့် အမောက်နီ ရှိသော ငှက်ကြီးများက တောင်တန်းများကြားမှ လေပေါ်ပျံနေသည်ဟု ထင်ရအောင် တစ်ဟုန်ထိုး ပြေးလွှားလာသည်။ ထိုငှက်ကြီးများက တောင်လုံးကြီးများ ရွေ့လျားလာသည်နှင့် တူပြီး ၎င်းတို့၏ နှုတ်သီးများက ကိုက်ပေါင်းများစွာ ရှည်လျားသည်။ တောအုပ်ထဲတွင် ၎င်းတို့ ပြေးလွှားလာသည်မှာ ခြုံပုတ်များအကြား ပြေးနေသကဲ့သို့သာ ရှိ၏။ ၎င်းတို့၏ ချွန်ထက်သော ခြေသည်းများကြောင့် ကျောက်တောင်ကျောက်ခဲများ ပဲ့ထွက်လွင့်စင်သွားပြီး မြွေကြီးများကို ၎င်းတို့၏ နှုတ်သီးကြီးများဖြင့် ဆိတ်ကာ အရပ်မျက်နှာအနှံ့သို့ ဆွဲခါယမ်းပစ်ကြ၏။

ထိုငှက်များ၏ နောက်ကျောပေါ်တွင်တော့ ခါးတွင် မြားကျည်တောက်၊ လက်ထဲတွင် လေးကိုင်းရှည်ကြီးများ ကိုင်ထားသော စစ်သည် လေးငါးယောက် မတ်တတ်ရပ်လျက်သား လိုက်ပါလာကြသည်။ သူတို့က နဂါးစီးဂိုဏ်းသားများကို အဆက်မပြတ် ပစ်ချနေပြီး မြွေခေါင်းပေါ်မှ ပြုတ်ကျသွားသော ဂိုဏ်းသားများမှာ အဖြစ်ဆိုးနှင့် တိုးသွားကြ၏။

မြားကျည်တောက်များက ခါးတွင် ချိတ်ထားသဖြင့် နောက်ကျောဘက်သို့ လက်မြှောက်၍ မြားတံ ထုတ်ယူစရာ မလိုတော့ဘဲ လက်ကို အောက်နှိမ့်၍သာ မြားတံ ထုတ်ယူရသည့်အတွက် သူတို့၏ မြားပစ်နှုန်းမှာ အလွန်တရာ လျင်မြန်လှသည်။

ငှက်ကြီးများက တစ်ဟုန်ထိုး ပြေးလိုက်နေကြပြီး မြွေကြီးများမှာ အရပ်မျက်နှာအနှံ့ ပြေးထွက်သွားကြ၏။ ထိုငှက်ကြီးများ၏ ခြေသည်းများ ထိုပါးပျဉ်းနီမြွေကြီးများကို ကုပ်မိသွားသည်နှင့် နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး တစ်စစီ ဆွဲဖြဲပစ်ကြသည်။

ငှက်အုပ်က မြွေများနောက် လိုက်ရင်း ချင်မူတို့အနားသို့ ရောက်လာ၏။ ဝေ့ယုံက ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။ "မြို့စောင့်တပ်ရဲ့ လေးမြားတပ်ဖွဲ့ ရောက်လာပြီ..."

ငှက်အုပ်က တစ်ဟုန်ထိုး ပြေးလာရင်း သူတို့ ရှေ့သို့ ရောက်လာသည်။ အချို့ လေးသည်တော်များက ချင်မူနှင့် ဝေ့ယုံကို မြင်သောအခါ အံ့အားသင့်သွားကြပြီး သူတို့ကို ရှောင်ကွင်းရန် အမွေးအတောင်နက်၊ အမောက်နီငှက်ကြီးများကို ဇက်ကြိုးဆွဲလိုက်ကြ၏။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "အသက်ရှင်နေတဲ့ ကျောင်းသားတွေ ရှိသေးတယ်... သူတို့ကို မနင်းမိအောင် ဂရုစိုက်ကြဟေ့..."

ဝှစ်...၊ ဝှစ်...၊ ဝှစ်...။ ငှက်ကြီးများ၏ နောက်ကျောထက်မှ အလံတိုင်များ ဝဲပျံကျလာပြီး ချင်မူတို့၏ ရှေ့၌ စိုက်ဝင်သွား၏။

"သိပ်ကောင်းတဲ့ သိုင်းကွက်တွေပဲ..."

ငှက်များပေါ်မှ စစ်သည်အချို့က ချင်မူ၏ လက်ဝါးသိုင်းနှင့် ဝေ့ယုံ၏ ဓားသိုင်းကို မြင်သောအခါ လွှတ်ခနဲ ချီးကျူးလိုက်မိကြသည်။ "နဂါးစီးဂိုဏ်းရဲ့ မြွေတွေ အလစ်ဝင်တိုက်တဲ့ ကြားက အသက်ရှင်နိုင်တယ် ဆိုကတည်းက ဒီကျောင်းသားတွေမှာ အရည်အချင်း ရှိလို့ပဲ..."

နောက်မှ ရောက်လာသော ငှက်အုပ်များက ထိုအလံတိုင်များကို မြင်သောအခါ တစ်မဟုတ်ချင်း ရှောင်ကွင်းသွားကြ၏။

အတန်ကြာသောအခါ ငှက်အုပ်များနှင့် မြွေကြီးများ အားလုံး အဝေးသို့ ရောက်သွားသည်။ ချင်မူမှာ သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်မိပြီး သူ့နောက်မှ ဝေ့ယုံကလည်း သူ၏ ဓားပျံများကို ဓားအိမ်ထဲ ပြန်သိမ်းလိုက်သည်။ ထို့နောက် မြေပေါ်သို့ ပစ်လှဲ၍ အသက်ကို လုရှူလိုက်၏။ ချင်မူ နောက်ပြန် လှည့်ကြည့်လိုက်သောအခါ သားရဲကြီးများက တောအုပ်ထဲတွင် အပြင်းအထန် တိုက်ခိုက်နေကြသည်ကို တွေ့ရသည်။ ကြီးမားသော မြွေကြီး တစ်ကောင်က တောအုပ်ထဲတွင် နဂါးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် တွန့်လိမ်လှုပ်ရှားနေ၏။ နဂါးစီးဂိုဏ်း၏ ဂိုဏ်းသခင်လေး လုံကျောင်းနန်က လေးမြားတပ်ဖွဲ့နှင့် တွေ့သွားပြီး တိုက်ခိုက်နေကြဟန် တူသည်။

တစ်ခဏ ကြာပြီးသောအခါ မြို့တော်မှ တပ်ကူများ ရောက်လာကြသည်။ ဤတစ်ကြိမ်ကတော့ ဓားတပ်ဖွဲ့ ဖြစ်၏။ ဓားစက်လုံးများ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး မျက်စိကျိန်းလောက်အောင် အလင်းရောင်များ ဖြာထွက်ကာ သောင်းချီသော ဓားပျံများ ပျံဝဲ စိုက်ဆင်းလာသည်။ နဂါးစီးဂိုဏ်းမှာ အကြီးအကျယ် အထိနာသွား၏။ လုံကျောင်းနန်က သူ၏ မြွေကြီးကို ခေါ်၍ နောက်ပြန်ဆုတ်သွားသည်။ မရေမတွက်နိုင်သော မြွေငယ်များက ထိုမြွေကြီး၏ ကိုယ်ပေါ်သို့ လျှောထိုး တက်လိုက်သွားကြသည်။ နဂါးစီးဂိုဏ်းသား များစွာကလည်း ကောင်းကင်ယံသို့ ခုန်တက်၍ မြွေကြီး၏ ကိုယ်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။

ထိုမြွေကြီးက မိုးကြိုးလျှပ်စီးများနှင့် မှော်မိစ္ဆာ တိမ်တိုက် တစ်ခုကို မှုတ်ထုတ်လိုက်ပြီး လေပေါ်သို့ ပျံကာ တစ်ရှိန်ထိုး ထွက်ပြေးသွားတော့၏။ ဓားတပ်ဖွဲ့သားများကလည်း ၎င်းတို့နောက် လိုက်သွားကြသည်။ မကြာမီ အချိန်အတွင်း၌ ဝေး၍ ဝေး၍ သွားသည်။

"အသက်ရှင်ကျန်ခဲ့တဲ့ ကျောင်းသားတွေ ရှိသေးလား..." အသံတစ်သံက တောထဲမှ လှမ်းမေးလိုက်၏။

"ရှိပါတယ်... အခုလေးတင် နှစ်ယောက် တွေ့ခဲ့ပါတယ်..."

"နှစ်ယောက်တည်းလား..."

ထိုအသံက တိတ်ကျသွား၏။

"လေသင်္ဘောက ဘယ်က လာတာလဲ..."

"ဧကရာဇ် အတိုင်ပင်ခံရဲ့ ဇာတိမြို့၊ မြစ်သင်္ချိုင်း စီရင်စုကနေ လာတာပါ..."

"တောက်... ဒီနဂါးစီးဂိုဏ်းက မြစ်သင်္ချိုင်းစီရင်စုက လာတဲ့ ကျောင်းသားသင်္ဘောကို တိုက်တာ ဧကရာဇ် အတိုင်ပင်ခံရဲ့ ဂုဏ်သရေကို ဖျက်ဆီးချင်လို့ ဆိုတာ အသိသာကြီးပဲ... ဒါ ငါတို့ အမှားလည်း ပါတယ်... သေသေချာချာ မစောင့်ကြပ်နိုင်ခဲ့ဘူး... ငါ့နောက်လိုက်ခဲ့... ကျောင်းသား နှစ်ယောက်ကို သွားတွေ့ရအောင်..."

...... ။

တစ်ခဏမျှ ကြာပြီးသောအခါ ငှက်ကြီးအချို့ ချင်မူတို့ထံ လျင်မြန်စွာ ပြေးလွှား ရောက်ရှိလာသည်။ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော အဆင့်မြင့် တပ်မှူးတစ်ဦးက ငှက်တစ်ကောင်၏ ကျောပေါ်မှ ခုန်ဆင်း၍ ချင်မူနှင့် ဝေ့ယုံတို့ကို ကြည့်လိုက်၏။ သူက နားအူလောက်စရာ အသံကြီးနှင့် မေးလိုက်သည်။ "ကျောင်းတော်သား နှစ်ယောက်... သင်္ဘောပေါ်မှ လူဘယ်နှယောက် ပါခဲ့တာလဲ သိလား..."

ချင်မူက အတိအကျ မရေတွက်ခဲ့ရသဖြင့် တစ်ခဏမျှ တုံ့ဆိုင်းသွားသည်။ "သုံးလေးငါးရာလောက် ရှိမယ်ထင်တယ်..."

ထိုတပ်မှူး၏ မျက်လုံး ထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။ "ကျောင်းသား သုံးလေးငါးရာ ဟုတ်လား..."

ဝေ့ယုံက ကမန်းကတန်း ပြောလိုက်၏။ "တပ်မှူးကြီး... ကျောင်းတော်သားတွေထဲမှာ လေပေါ်ပျံနိုင်တဲ့ ကောင်းကင်နတ်သိုင်း ပညာရှင်တွေ ရှိတယ်... သင်္ဘောပေါ်က ပျံဆင်းသွားတဲ့သူတွေ အများကြီး တွေ့ခဲ့တယ်... သူတို့ အသက်ရှင်ဦးမယ် ထင်တယ်..."

တပ်မှူးက ခေါင်းယမ်းလိုက်၏။ "တစ်ယောက်မှ အသက်မရှင်တော့ဘူး... လေထဲမှာတင် နဂါးစီးဂိုဏ်းက မြွေတွေ စားပစ်လိုက်ပြီ... မင်းတို့ နှစ်ယောက်ပဲ ကျန်တော့မယ်..."

ဝေ့ယုံမှာ အလန့်တကြား ထခုန်လိုက်မိပြီး ချင်မူ့ကို လှမ်းကြည့်လိုက်၏။ ချင်မူ ဆုံးဖြတ်ချက် မြန်မြန်ချ၍ သူ့ကို သင်္ဘောပေါ်မှ ပစ်ချခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူ သင်္ဘောပေါ်တွင်သာ သေဆုံးခဲ့ရပေလိမ့်မည်။ သူ့ကို လေသင်္ဘောပေါ်မှ ပစ်ချပြီးနောက် ချင်မူက လေပေါ်သို့ စီးနင်း၍ တောအုပ်ထဲသို့ ထိုးဆင်းခဲ့သည်။ လေပေါ်တွင် ပြေးခြင်းက ပိုမြန်ပါလျက်နှင့် အဘယ်ကြောင့် ချင်မူက ဆက်မပြေးသည်ကို သူ စဉ်းစားမရ ဖြစ်ခဲ့သည်။ လေထဲတွင် ပျံသွားခဲ့သော ကျောင်းတော်သား အားလုံး သေဆုံးသွားပြီး သူတို့ နှစ်ယောက်သာ အသက်ရှင်ကျန်ခဲ့မည်ဟု မထင်မိခဲ့ချေ။

"နောင်တော်ချင်... ငါ့မှာ မင်း ပေးတဲ့ အသက်ပဲ ရှိပါတော့တယ်... ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ သွေးသောက် ညီအစ်ကိုပဲ..."

ဟူလင်းအာက ဇဝေဇဝါ ဖြစ်သွားသည်။ "ဖက်တီးဝေ့... နင့်မိဘတွေကမှ နင့်အသက်ကို ပေးခဲ့တာ မဟုတ်ဘူးလား..."

ဝေ့ယန်က ကမန်းကတန်း ပြောလိုက်သည်။ "ဒုတိယမိဘ၊ ဒုတိယမိဘလိုပါဟ... မြေခွေးမလေး... ပြဿနာပဲ အမြဲ ရှာမနေပါနဲ့ဟာ... ငါ ဒီမှာ ရင်ထဲက စကားတွေ ပြောမလို့ဟာ... နင် လုပ်တာနဲ့ အကုန်မေ့သွားပြီ..."

တပ်မှူးက အံ့အားသင့်သွား၏။ "မင့်မျိုးရိုးနာမည်က ဝေ့လား... မြစ်သင်္ချိုင်း ဝေ့မိသားစုက ဝေ့လား..."

ဝေ့ယုံက ခေါင်းညိတ်လိုက်၏။ "ဟုတ်ပါတယ်... မြစ်သင်္ချိုင်း ဝေ့မိသားစုကပါ..."

တပ်မှူးက သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး ပြောလိုက်၏။ "တကယ်ပဲ နယ်စားဝေ့ရဲ့ မိသားစုဝင်ကိုး... သခင်လေးဝေ့... သခင်လေး အသက်ရှင်နေသေးတာသာ သိရင် နယ်စားဝေ့ သေချာပေါက် ပျော်သွားမှာပဲ... ဒီက ညီငယ်လေးရဲ့ မျိုးရိုးနာမည်က ချင်လား... မြို့တော်က ချင်မိသားစုရဲ့ ချင်လား..."

ချင်မူက ခေါင်းယမ်း၍ ပြုံးလိုက်သည်။ "ကျွန်တော့်ချင်က မြို့တော်က ချင်မိသားစုက ချင် မဟုတ်ပါဘူး... ကျွန်တော်က လီကျိုးပြည်နယ်ကပါ..."

တပ်မှူးက ပြောလိုက်သည်။ "အဲဒါဆို ညီငယ်လေးက လီကျိုးပြည်နယ်ကပေါ့... ကျောင်းတော်သား နှစ်ယောက်ကို ခဏနေ မြို့တော်ဆီ ပို့ပေးပါ့မယ်... နဂါးစီးဂိုဏ်းက အင်အားကြီးတဲ့အတွက် အကြွင်းအကျန် ဂိုဏ်းသားတွေ ရှိနေနိုင်ပါသေးတယ်... တစ်ယောက် လာခဲ့... ဒီကျောင်းတော်သား နှစ်ယောက်ကို မြို့တော်ဆီ လိုက်ပို့လိုက်..."

ကြီးမားသော ငှက်ကြီးတစ်ကောင်က အနားသို့ ရောက်လာပြီး ငှက်နောက်ကျောပေါ်မှ စစ်သည်တစ်ယောက်က အပြုံးနှင့် ပြောလိုက်၏။ "ကျောင်းတော်သား နှစ်ယောက် ငှက်ပေါ် တက်လို့ ရပါပြီ..."

ချင်မူနှင့် ဝေ့ယုံက ငှက်ပေါ်သို့ ခုန်တက်လိုက်ကြသည်။ ငှက်၏ ကျောပေါ်က လွန်စွာ ကျယ်ဝန်းလှပြီး လူများ စိတ်ချလက်ချ မတ်တတ်ရပ်နိုင်ရန် ကုန်းနှီးတစ်ခုပင် ပါသေး၏။

ဤအမွေးအတောင်နက်၊ အမောက်နီ ငှက်ကြီးက ခြေလှမ်းကြဲကြီးများဖြင့် မြို့တော်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားတော့သည်။

တပ်မှူးမှာ နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။ "နယ်စားဝေက နန်းတွင်းရဲ့ ပထမအဆင့် အဆင့်မြင့်အရာရှိပဲ... ကံကောင်းလို့ သူမိသားစုဝင်က အထိအခိုက်မရှိတာ... မဟုတ်ရင် ငါ့ရာထူးက ယိုင်နဲ့နဲ့ ဖြစ်သွားလိမ့်မယ်... ချင်မျိုးရိုးနဲ့ ကောင်လေးက ချင်မိသားစုက မဟုတ်ဘူးတဲ့လား... သူ့အဝတ်အစားတွေက အတော်လေး သားနားတယ်... သူ့အစွမ်းအစကလည်း မသေးဘူး... အင်အားကြီး မိသားစုတွေကပဲ ဒီလို ထူးချွန်ထက်မြက်တဲ့ ကလေးမျိုး မွေးထုတ်နိုင်တာ... ကြည့်ရတာ လီကျိုးပြည်နယ်မှာ နောက်ထပ် ချင်မိသားစု တစ်ခု ရှိနေတာလား..."

All Chapters