← Chapters

စံအိမ်နီနှင့်ပန်းပွင့်လမ်းကြား

Vol. 8 Ch. 110

စံအိမ်နီနှင့်ပန်းပွင့်လမ်းကြား

Vol. 8 Ch. 110

တစ်နာရီခန့် ကြာပြီးသောအခါ အမွေးအတောင်နက်၊ အမောက်နီငှက်မှာ မြို့တော်သို့ ရောက်ရှိလာ၏။ ချင်မူ ရှေ့တူရူသို့ လှမ်းကြည့်လိုက်ပြီး ရင်ထဲတွင် တုန်လှုပ်သွားသည်။ မြစ်သင်္ချိုင်းမြို့ကို မြင်တွေ့ခဲ့ရစဉ်က အလွန်တရာ မှင်တက်အံ့ဩခဲ့မိ၏။ ယခု ရှေ့မှ မြို့တော်၏ မြင်ကွင်းက မြစ်သင်္ချိုင်းမြို့ကို မြင်တွေ့ခဲ့ရစဉ်ထက် မှင်တက်အံ့ဩစရာ ကောင်းလှသည်။

မြစ်သင်္ချိုင်းမြို့က ရွှေမြစ်၏ ရေမျက်နှာပြင်အထက် ကိုက်တစ်ရာတွင် တည်ဆောက်ထားပြီး ရင်သပ် ရှုမောဖွယ်ရာ ကောင်းလှသည်။

ဤမြို့တော်ကတော့ နဂါးကြီးများနှင့် တူသည့် တောင်ကြောများပေါ်တွင် တည်ဆောက်ထား၏။ ထို့ပြင် တောင်ကြော တစ်ခုတည်းသာ မဟုတ်၊ တောင်ကြော ကိုးခုတိတိ ဖြစ်သည်။

​

မြေပြင်ညီပေါ်သို့ တွားသွားတက်နေသည့် နဂါးကြီးများကဲ့သို့သော တောင်ကြော ကိုးခုက မြို့တော်တည်ရှိရာ နေရာတွင် ဆုံစည်းသွားသည်။ နဂါးကိုးကောင် စုဆုံသည့် နေရာ၊ နဂါးဦးခေါင်းများ စုဝေးသည့် နေရာမှာ နန်းစိုက်မြို့တော် ဖြစ်သည်။

ဤသို့ ထည်ဝါ ခမ်းနားသည့် အရှိန်အဝါမျိုးက ရွှေမြစ်ပေါ်တွင် တည်ဆောက်ထားသော မြစ်သင်္ချိုင်းမြို့ထက် များစွာ သာလွန်သည်။ မြစ်သင်္ချိုင်းမြို့က နဂါးခေါင်းထက်တွင် တည်ဆောက်၍ နဂါးသွေးကြောကို ကြားဖြတ် ပိတ်ဆို့ထားသည် ဟူသော ဆိုစကားကို ဧကရာဇ် ယန်ဖုန့် အလေးမထားခဲ့သည်မှာ မထူးဆန်းချေ။ နန်းစိုက်မြို့တော်မှာ နဂိုကတည်းက နဂါးကိုးကောင်၏ အထွတ်အထိပ်တွင် ဖြစ်၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ နဂါးတစ်ကောင်တည်း ဖိနှိပ်ထားသော မြစ်သင်္ချိုင်းမြို့ကို အဘယ်ကြောင့် ဂရုစိုက်နေရလိမ့်မည်နည်း...။

မြို့တော်ကို နဂါးကိုးကောင် ဝန်းရံ ကာကွယ်ထားသည့်အပြင် မြို့တော်မှ ဆယ်မိုင်အကွာ၌ ခံတပ်လေးခုလည်း ရှိသေးသည်။ ထိုခံတပ်များက မြို့ကြီးတစ်မြို့ကဲ့သို့ ကြီးမားပြီး ၎င်းတို့နှင့် ခုနစ်မိုင်အကွာတွင် မြို့ငယ်ရှစ်မြို့ ရှိ၏။ ထိုမြို့ငယ်များက မြို့ငယ်ဟုသာ ဆိုသော်လည်း အခြား မြို့ကြီးများနှင့် ယှဉ်၍ ရသည်။

ထိုမြို့ငယ် ရှစ်မြို့ကို ရွှံ့မြစ်ဟု ခေါ်သော ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ဒုတိယ အကြီးဆုံးမြစ်ဘေးတွင် တည်ထားသည်။ ထိုနေရာရှိ ရေလမ်း၊ ကုန်းလမ်း ဆက်သွယ်ရေးက အလွန်တရာ အဆင်ပြေ မြန်ဆန်လှသည်။ ပထမ အကြီးဆုံးမြစ်ကတော့ မဟာမြို့ပျက်မှ မြစ်ဖျားခံလာသည့် မာန်ဟုန်မြစ် ဖြစ်၏။

ရွှံ့မြစ်က ဒုတိယ အကြီးဆုံးမြစ်သာ ဖြစ်သော်လည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ နဂါးသွေးကြောဟု ခေါ်တွင်သည်။ ရွှေမြစ်က နဂါးသွေးကြော ဖြစ်သည်ဟု ကောလာဟလများ ထွက်ခဲ့သော်လည်း လူတန်းစား အသီးသီးမှ များစွာသောသူများက အသိအမှတ် မပြုကြပေ။

ချင်မူ အဝေးသို့ ငေးကြည့်လိုက်၏။ နဂါးကိုးကောင် စုဆုံသော မြို့တော်က ဧကရာဇ်မင်း နန်းစိုက်ရာ နေရာ ပီသစွာ ထူးကဲသော အရှိန်အဝါ အငွေ့အသက် တစ်ရပ်ကို ပိုင်ဆိုင်ထားသည်။

"တောင်ကြားထဲမှာ တပ်ဖွဲ့တွေ ရှိနေသေးတာပဲ..." ချင်မူ နဂါးကိုးကောင် တောင်ကြားဆီသို့ ငေးစိုက်ကြည့်လိုက်ပြီး ထိုနေရာမှ စစ်သည်တပ်ဖွဲ့များ၏ ချီစွမ်းအင်ကို ခပ်ရေးရေး မြင်မိကာ တအံ့တဩဖြင့် လွှတ်ခနဲ ရေရွတ်လိုက်မိသည်။

ငှက်ကြီး၏ နောက်ကျောပေါ်မှ စစ်သည်များမှာလည်း အံ့အားသင့်သွားပြီး သူ့ကို ကြည့်လိုက်၏။ "ညီငယ်လေးက နန်းတွင်းတပ်က လူတွေနဲ့ သိတာလား... တောင်တန်းတွေ ကြားထဲမှာ တပ်ဖွဲ့တွေ ပုန်းနေတာတောင် သိနေတယ်..."

ချင်မူက ပြန်မဖြေလိုက်ချေ။ နဂါးကိုးကောင်တောင်ကြောထဲမှ ထောင်ချီသော လူများ၊ မြင်းများနှင့် ခန့်ညားထည်ဝါသော တပ်မကြီးကို သူ မြင်နိုင်သည်မှာ ကောင်းကင်မျက်လုံးကြောင့် ဖြစ်သည်။ မျက်ကန်း သူ့ကို သင်ပေးခဲ့သည့် ကောင်းကင်ကိုးဆင့် မျက်လုံးကျင့်စဉ်တွင် ချီစွမ်းအင်ကို ငေးစိုက်ကြည့်ခြင်း ပညာရပ် ပါဝင်၏။

ချီစွမ်းအင်ကို ငေးစိုက်ကြည့်ခြင်း ဆိုသည်မှာ ကံကြမ္မာကို ကြည့်ရှုလေ့လာခြင်း ဖြစ်သည်။

နန်းစိုက်မြို့တော်ကဲ့သို့သော နေရာမျိုးတွင် ထိုမျှ တပ်ဖွဲ့ အမြောက်အမြား စခန်းချထားပြီး ၎င်းတို့၏ ချီစွမ်းအင်ကို အသုံးပြု၍ အင်ပါယာ၏ ကံကြမ္မာကို ဖိနှိပ်ထားသည် ဖြစ်ရာ သူ့မျက်လုံးအောက်မှ မလွတ်သည်မှာ မဆန်းလှချေ။

လေးမြားတပ်ဖွဲ့က သူတို့ကို မြို့ရိုးတံခါးသို့ ပို့ဆောင်ပြီးနောက် ထွက်ခွာသွားကြ၏။ ချင်မူနှင့် ဝေ့ယုံက မြို့ရိုးတံခါးတွင် ခရီးသွားခွင့် လက်မှတ်များ ထုတ်ပြ၍ မြို့ထဲသို့ ဝင်လာခဲ့ကြသည်။ ဧကရာဇ် နန်းစိုက်ရာ မြို့တော် ဖြစ်သည့် အားလျော်စွာ အလွန်တရာ စည်ပင်ဝပြောလှသည်။ ချင်မူ့အနေဖြင့် မြစ်သင်္ချိုင်းမြို့ကို မြင်ဖူးခဲ့ပြီး သူ၏ အသိအမြင်များ ကျယ်ခဲ့သည့်တိုင်အောင် မြို့တော်တွင်း မြင်ရသည်များက အပြတ်အသတ် ခြားနားနေ၏။

ဤနေရာ လွန်စွာ စည်ကားလှသော်လည်း ကုန်သည်များ၊ ဈေးဝယ်များ၏ ဆူညံအော်ဟစ် ဈေးဆစ်နေခြင်းမျိုး မရှိပေ။ ချမ်းသာ ကြွယ်ဝကြသည်သာမက ယဉ်ကျေးမှု အဆင့်အတန်းလည်း မြင့်မားကြသည်။

အိမ်များ၊ အဆောက်အဦများက လွန်စွာ စိတ်ကြည်နူးဖွယ် ကောင်းလှပြီး လမ်းတစ်လျှောက်ရှိ ကျောက်ခြင်္သေ့များ ထွင်းထုထားသည့် လက်ရာများမှာ ရင်သပ် ရှုမောဖွယ် ကောင်းလှသည်။ မိသားစုကြီးများ၏ အိမ်တံခါးမကြီးများတွင် ချိတ်ဆွဲထားသော စာလုံးလှ နှစ်ကြောင်း အလင်္ကာများကလည်း ထူးကဲလှ၏။ ဤနေရာရှိ မိသားစုအားလုံးက သူတို့၏ အိမ်တံခါးတွင် တံခါးစောင့် နတ်ဘုရားများ ထားရှိကြသည်။ ထိုတံခါးစောင့် နတ်ဘုရားများက မိစ္ဆာ၊ မကောင်းဆိုးဝါးများကို ခုခံကာကွယ်ရန် အမှန်တကယ် အသက်ဝင်လာနိုင်သကဲ့သို့ ထင်ရပြီး အံ့ချီးဖွယ် ခံစားချက်ကို ပေးစွမ်းနိုင်၏။

သဲလွန်စ သေးသေးလေး တစ်ခုက ယေဘုယျ အခြေအနေ တစ်ရပ်လုံးကို လှစ်ဟပြနိုင်၏။ သစ်ရွက်လေး တစ်ရွက်ကို ကြည့်၍ နွေဦးလား၊ ဆောင်းဦးလား သိနိုင်၏။ ရေစက်လေး တစ်စက်ကို ကြည့်၍ ပင်လယ်ကြီး မည်မျှ ပြာမည်ကို မှန်းဆကြည့်နိုင်၏။ ပတ်ဝန်းကျင် မြင်ကွင်းများကို ကြည့်ရှုလေ့လာ၍ ဤအင်ပါယာက မည်မျှ ထည်ဝါခမ်းနားသည် ဆိုခြင်းကို ကောင်းကောင်းကြီး သတိပြုမိလာသည်။

ရွာလူကြီးနှင့် အခြားသူများက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှာ အင်ပါယာ အယောင်ဆောင်ထားသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်ဟု ပြောခဲ့၏။ ယခုအခါမှ ဤဂိုဏ်းက မည်မျှ အင်အားကြီးကြောင်း သိရသည်။

"နောင်တော်ချင်မှာ နေစရာ နေရာ ရှိရဲ့လား..."

ဝေ့ယုံက သူ့ကို ဖိတ်ခေါ်လာသည်။ "မရှိရင် နယ်စားစံအိမ်မှာ တစ်ရက်၊ နှစ်ရက်လိုက်နေလို့ ရတယ်နော်... နန်းတွင်းကောလိပ် ဖွင့်တဲ့ အချိန်ထိ စောင့်ပြီး စာမေးပွဲ သွားဖြေရုံပဲ..."

ချင်မူက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ "ငါ့ဇာတိမြို့က မိတ်ဆွေဟောင်းတွေ ရှိတယ်... သူတို့နဲ့ သွားနေလိုက်ဦးမယ်... နောင်တော်ဝေ့ယုံ ဒီနေရာမှာပဲ လမ်းခွဲကြတာပေါ့..."

ဝေ့ယုံမှာ မည်သို့မျှ မတတ်နိုင်တော့ချေ။ "မင်း နေမယ့်နေရာ ရောက်ပြီးရင် မြို့စားစံအိမ်ဆီ လူလွှတ်ပြီး ဘယ်နေရာမှာ နေတာလဲ ငါ့ကို ပြောဦး..."

ချင်မူက ပြုံးလိုက်၏။ "အကြောင်းကြားလိုက်ပါ့မယ်... ဒါနဲ့... နောင်တော်ဝေ... စံအိမ်နီက ဘယ်နားမှာ ရှိတာလဲ..."

ဝေ့ယုံ၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်သွား၏။ "နောင်တော်ချင်က ဒီလိုအရသာမျိုး ကြိုက်တတ်တဲ့သူ တစ်ယောက်လို့ မထင်ခဲ့မိဘူး... ဒီမြို့တော်မှာ အကြီးဆုံး စံအိမ်နီက ပန်းပွင့်လမ်းကြားမှာ ရှိတယ်... ပန်းရနံ့ဇာမဏီလမ်းအတိုင်း ဆုံးအောင် လျှောက်သွားပြီး ညာဘက် ချိုးလိုက်... လမ်းသွယ် သုံးခုပြီးရင် ပန်းပွင့်လမ်းကြားကို တွေ့ရလိမ့်မယ်... ပန်းပွင့်လမ်းကြားရဲ့ နာမည်အကြီးဆုံး စံအိမ်နီက မိုးသံနားဆင်စံအိမ်လို့ ခေါ်တယ်... အဟမ်း... ငါ ဘယ်လို သိလဲ မမေးနဲ့... ငါ အဲဒီကို တစ်ခါမှ ရောက်ဖူးတာ မဟုတ်ဘူး... မင့်ခန္ဓာကိုယ်ကို ဂရုစိုက်ဦး..."

ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ စံအိမ်နီ သွား၍ မည်သို့သော အရသာမျိုး ရမည်နည်း။ ထို့ပြင် သူ့ခန္ဓာကိုယ်နှင့်ရော ဘာဆိုင်သနည်း။

သူတို့နှစ်ယောက် လမ်းခွဲ၍ ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြသည်။

ချင်မူက ဟူလင်းအာကို ခေါ်၍ ပန်းရနံ့ဇာမဏီလမ်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။

"ဒါ အပြာရောင် စံအိမ်မှ မဟုတ်ပဲ..."

ပန်းပွင့်လမ်းကြားတွင် ချင်မူမှာ ဘေးတစ်ဖက်တစ်ချက်ရှိ အဆောက်အဦများကို ကြည့်၍ ဝေခွဲမရ ဖြစ်နေသည်။ ထိုအဆောက်အဦများက ရဲရဲနီအောင် ခြယ်သထားပြီး တံခါးပေါက်များ၌ မီးအိမ်များ ချိတ်ဆွဲထား၏။

"မောင်ငယ်လေး... ကစားရအောင် အပေါ်တက်လာခဲ့..." အချို့သော မိန်းမငယ်လေးများက သူ့ကို အဆောက်အဦ အပေါ်ထပ်မှ လက်လှမ်းပြကြ၏။

"သခင်လေးမူ... သူတို့နဲ့ သိလို့လား..."

ဟူလင်းအာက ဇဝေဇဝါ ဖြစ်သွားသည်။ "သူတို့က အတော်လေး တရင်းတနှီး အော်ဟစ်နေတာ..."

"ငါ နယ်စပ်နဂါးမြို့ကို ရောက်တုန်းကလည်း ဒီလိုပဲ... သိပ်ကို ဖော်ရွေလွန်းတဲ့ မမတွေ... ငါတော့ ဒီလိုမျိုးနဲ့ နေသားမကျသေးဘူး..."

ချင်မူက ရှေ့သို့ ဆက်လျှောက်သွားရင်း လမ်းလျှောက်ရှိ ဆိုင်းဘုတ်များကို ကြည့်ရှုသွားသည်။ ပန်းပွင့်လမ်းကြားက အထဲထိ အတော်သွားရပြီး အကွေ့အကောက်များလှ၏။ အတွင်းပိုင်းသို့ ရောက်လာသောအခါ အစောကလောက် မစည်ကားတော့ပေ။ ဤနေရာမှ မိန်းမငယ်များက ပို၍ ထိန်းထိန်းသိမ်းသိမ်း ရှိပြီး ဖီဖာတူရိယာများကို ပိုက်၍ ပြတင်းပေါက်ကို မှီကာ ရပ်နေကြသည်။ သူတို့၏ မျက်နှာ တစ်ခြမ်းက ဖီဖာများဖြင့် ကွယ်နေပြီး ကြည်လင်သာယာသော ဂီတသံစဉ်များကို ညင်သာစွာ တို့ထိ တီးခတ်နေကြ၏။

သူတို့ ရှေ့ဆက် လျှောက်လာသောအခါ ကြိုးတပ်တူရိယာသံ ခပ်တိုးတိုးကို ကြားရသည်။ ပွင့်နေသော တံခါးတစ်ပေါက်မှ လှမ်းကြည့်လိုက်သောအခါ ပဝါပါးစ လိုက်ကာများ တဖျပ်ဖျပ် လွင့်နေသည်ကို တွေ့ရ၏။ မိန်းမပျို အချို့က ထိုပဝါပါးစ လိုက်ကာများကြားတွင် ဟိုမှသည် ကူးသန်း သွားလာနေကြပြီး အချို့မှာ တူရိယာများကို ကြိုးညှိနေကြသည်။

အတွင်းပိုင်းသို့ ဆက်ဝင်သွားသည့်အခါ မိန်းမပျိုအချို့က အပေါ်ထပ်တွင် သီဆိုကခုန်နေကြသည်။ ရယ်သံလွင်လွင်များက ကြည်လင်သာယာစွာ ထွက်ပေါ်နေပြီး နှစ်လို စွဲမက်ဖွယ် ကောင်းလှ၏။ ပန်းပွင့်လမ်းကြားမှာ ဤနေရာသို့ ရောက်လာသည့်အခါ လူသွားလူလာ သိပ်မများတော့ပေ။ အချို့ ခြံဝင်းများထဲမှ ထွက်လာသော ယောက်ျားသား တစ်ယောက်၊ နှစ်ယောက်မျှသာ တစ်ခါတစ်ခါ တွေ့ရ၏။ သူတို့က အိမ်ကြီးသခင်များ ဖြစ်ဟန်တူပြီး ကြော့ရှင်းလှပသည့် မိန်းမပျိုများက သူတို့၏ အဝတ်အစားများ သပ်ရပ်အောင် ဆွဲဆန့်ပေး၍ မခွဲနိုင်မခွာရက်စွာ နှုတ်ဆက်နေကြသည်။

သို့သော်လည်း အထဲမှ ထွက်လာယော ယောက်ျားသားတိုင်းက ချင်မူ့ကို မြင်သည်နှင့် သူတို့ကို မှတ်မိသွားမည် စိုးရိမ်သည့်အလား မျက်နှာများကို ကာ၍ ခပ်သုတ်သုတ် ထွက်သွားကြ၏။

ချင်မူ အံ့အားသင့်သွားသည်။ ကိုယ့်အိမ်မှကိုယ် ထွက်လာခြင်းမှာ ဘာမျှ ရှက်စရာ ကောင်းသည့် ကိစ္စ မဟုတ်၊ အဘယ်ကြောင့် သူတို့က မျက်နှာများ ကွယ်ထားရသနည်း။

"ဒီမြို့က လူတွေက တကယ့်ကို ထူးဆန်းတာပဲ..."

ပန်းပွင့်လမ်းကြား အတွင်းပိုင်းထိ ဆက်ဝင်လာသောအခါ မိုးသံနားဆင်စံအိမ်ဟု အမည် ရေးထိုးထားသော အဆောက်အဦ တစ်ခုကို မြင်တွေ့လိုက်ရသည်။ အဆောက်အဦ တံခါးများက တင်းတင်း စေ့ပိတ်၍ သော့ခတ်ထား၏။ ဤခြံဝင်းက နောက်သို့ ရှည်လျားသွားသည့်ဟန် ရှိပြီး လွန်စွာ တိတ်ဆိတ် ငြိမ်သက်လှသည်။

ချင်မူက ရှေ့သို့ တိုးသွားပြီး တံခါးခေါက်လိုက်၏။ တစ်ခဏမျှ ကြာသောအခါ ခြေသံ တဖျပ်ဖျပ် ကြားရပြီး မိန်းမငယ်လေး တစ်ယောက်၏ ညင်သာ နူးညံ့သော အသံ ထွက်ပေါ်လာသည်။ "လာပြီ... လာပြီ..."

အထဲမှ တံခါးမင်းတုပ် ဖွင့်သံ ထွက်ပေါ်လာပြီး တံခါးရွက်က ခပ်ဟဟလေး ပွင့်လာသည်။ မိန်းကလေး တစ်ယောက်က တံခါးနောက်မှ ခေါင်းထွက်လာပြီး ချင်မူ့ကို မြင်သောအခါ မေးမြန်းလိုက်သည်။ "ဧည့်သည်တော်ကြီး... ဘယ်သူ့ကို လာရှာတာပါလဲ..."

ချင်မူက ချိုသာယဉ်ကျေးစွာ မေးမြန်းလိုက်သည်။ "ဒီမှာ ဖူချင်းယွင် ရှိလား..."

ထိုမိန်းကလေးက တံခါးကို တစ်ဝက်ခန့်ထိ ဆွဲဖွင့်၍ ပြုံးလိုက်၏။ "သခင်လေးရဲ့ နာမည်လေး သိခွင့်ရှိမလား... အကြောင်းကြားရ ပိုလွယ်အောင်လို့ပါ..."

"ငါ့မျိုးရိုးနာမည်က ချင်လို့ ပြောလိုက်ပါ..."

ထိုမိန်းကလေးက တံခါးပြန်ပိတ်သွားပြီး ခြေသံက တဖြည်းဖြည်း ဝေး၍ ဝေး၍ သွားသည်။ ဖူချင်းယွင်ထံ သွားအကြောင်းကြားခြင်း ဖြစ်မည်။ တစ်ခဏမျှ ကြာပြီးသောအခါ တံခါးက နောက်တစ်ကြိမ် ပြန်ပွင့်လာပြီး ရင်းနှီးသော မျက်နှာတစ်ခု ပေါ်ထွက်လာ၏။ ထိုမျက်နှာပိုင်ရှင်က စံအိမ်နီသခင်မ ဖူချင်းယွင် ဖြစ်သည်။ သူမက ချင်မူ့ကို မြင်သောအခါ အံ့အားသင့် ဝမ်းသာသွား၏။ "နောက်ဆုံးတော့ သခင်လေး ရောက်လာပြီ... မြန်မြန်... မြန်မြန်... အထဲဝင်ခဲ့... ငါ့ညီမတွေ... နင်တို့ ဘာစောင့်နေတာလဲ... လ္ဘက်ရည်ကြမ်း သွားပြင်... သခင်လေး ရောက်လာပြီ..."

"သခင်လေး ရောက်လာပြီ ဟုတ်လား..."

အထဲမှ လွန်စွာ သာယာနာပျော်ဖွယ် ကောင်းလှသော မိန်းကလေးသံများ ထွက်ပေါ်လာသည်။ သူတို့၏ အသံလွင်လွင်လေးများက နွေဦးရာသီ၏ ရွက်သစ်ဝေစ သစ်ပင်ပေါ်မှ ကျေးငှက်ကလေးများ ကျီကျီကျာကျာ အော်မြည်သံများကဲ့သို့ ချိုသာလှသည်။ အပြာရောင်၊ အစိမ်းရောင်၊ အနီရောင်နှင့် ခရမ်းရောင် ဝတ်စုံများ ချင်မူ၏ မျက်စိရှေ့တွင် တဖျပ်ဖျပ် လွင့်ဝဲ ထွက်ပေါ်လာပြီး မိုးသံနားဆင်စံအိမ်မှ မိန်းမငယ်လေးများက သူ့ကို နှုတ်ဆက်စကား ဆိုလိုက်ကြသည်။

မိုးသံနားဆင်စံအိမ်မှ မိန်းမပျိုလေးများ အားလုံးက ထူးကဲသော ရုပ်ရည်သွင်ပြင်များ ရှိကြ၏။ အချို့က ကျောက်စိမ်းသားကဲ့သို့ နွေးထွေးပြီး၊ အချို့က ရေခဲနှင်းပွင့်ကဲ့သို့ အေးစက်၏။ အချို့က ညင်သာနူးညံ့၍ ဆွဲဆောင်မှု ရှိသကဲ့သို့ အချို့က မီးတောက်မီးလျှံကဲ့သို့ ထက်သန်ပြင်းပြ၏။ ကြည့်မိသူတိုင်းကို တစ်ရစ်ချင်း ဆွဲဆောင်ညှို့ငင်နိုင်သည့် ပန်းပွင့်ကလေးများ စုပေါင်း ရောထွေးထားသကဲ့သို့ ရှိနေသည်။

ဖူချင်းယွင်က တစ်မုဟုတ်ချင်း ပြောလိုက်သည်။ "သွားကြစမ်း... အကုန် သွားကြ... သခင်လေးက ခရီးရှည်ကြီး နှင်လာပြီး အခုမှ ရောက်တာ... နင်တို့က ဝိုင်းနှောင့်ယှက်မနေကြနဲ့... အခုထိ လ္ဘက်ရည်ကြမ်း သွားမပြင်သေးဘူးလား..."

ထိုမိန်းကလေးများက လိပ်ပြာအုပ် ပျံထွက်သွားကဲ့သို့ လူစုခွဲသွားကြသည်။ အချို့က စမ်းရေသွားခပ်၏။ အချို့က အကြမ်းပန်းကန်များ သွားဆေးကြောပြီး အချို့က ရေနွေးအိုး သွားတည်ကြသည်။ ချင်မူမှာ ယခုမှ သက်သာရာရသွားပြီး စိတ်လက်ပေါ့ပါးသွားသည့်ဟန် ပေါ်လာ၏။ ဖူချင်းယွင်က သူ့ကို ပင်မခန်းဆောင်ထဲသို့ ခေါ်လာရင်း ပြောလိုက်သည်။ "ဒီကောင်မလေးတွေက စည်းပျက်ကမ်းပျက် နိုင်လွန်းတယ်... သခင်လေး... သူတို့ကို ဗွေမယူပါနဲ့... အပြင်ဘက်က အန္တရာယ်များတယ်... စစ်ပွဲတွေကြောင့် မတည်မငြိမ် ဖြစ်လာတယ်... သခင်လေး ဒီကိုလာတဲ့ လမ်းမှာ ထင်မှတ်မထားတာတွေ ဖြစ်ခဲ့သေးလား..."

ချင်မူက ပြုံး၍ ပြောလိုက်သည်။ "ဒုက္ခတချို့တော့ တွေ့ခဲ့ပေမဲ့ ကံကောင်းထောက်မလို့ ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်လိုက်ဘဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်... ဂိုဏ်းချုပ်ကို အကြောင်းကြားဖို့အတွက် အထက်ကို သတင်းပို့လိုက်ပါဦး..."

ဖူချင်းယွင်က ပြုံးလိုက်သည်။ "ဂိုဏ်းချုပ်က သခင်လေးကို စောင့်နေတာ ကြာပါပြီ... သခင်လေးနဲ့ တွေ့ရင် သူ့ကို လာတွေ့ခိုင်းဖို့ ကျွန်မတို့ကို မှာထားပါတယ်..."

မိန်းကလေး တစ်ယောက်က လ္ဘက်ရည်ကြမ်း ယူလာပြီး ချင်မူ့ကို ချောင်းကြည့်ကာ ပြုံးစိစိလုပ်လိုက်သည်။

ချင်မူ ပြန်၍ ပြုံးပြလိုက်ပြီး နားမလည်နိုင်စွာ မေးလိုက်သည်။ "မမယွင်အာ... ဂိုဏ်းချုပ်ကို ကျွန်တော် ဘယ်နေရာမှာ သွားရှာရမှာလဲ..."

ထိုမိန်းကလေးမှာ ချင်မူက ဖူချင်းယွင်ကို ယွင်အာဟု ခေါ်သံကြားသောအခါ ခစ်ခနဲ ထပ်ရယ်လိုက်သည်။

ဖူချင်းယွင်က သူမကို မျက်ထောင့်နီနှင့် ကြည့်၍ နှင်ထုတ်ပြီး ပြုံးလိုက်သည်။ "နန်းတွင်းကောလိပ်မှာပါ... သခင်လေး လ္ဘက်ရည်ကြမ်း သောက်ပါဦး..."

"နန်းတွင်းကောလိပ် ဟုတ်လား..."

ချင်မူ အံ့အားသင့်သွားပြီး ကောက်ကိုင်လိုက်သော လ္ဘက်ရည်ကြမ်းခွက်ကို မော့သောက်ရန် မေ့လျော့သွားသည်။ နန်းတွင်းကောလိပ် ဆိုသည်မှာ ကျောင်းတော်သားများ ပညာသင်ရန် သွားရောက်ကြသည့် နေရာ မဟုတ်လား။ အဘယ်သို့ ပြု၍ လူငယ်ဂိုဏ်းချုပ်ကို နန်းတွင်းကောလိပ်တွင် သွားရောက် တွေ့ဆုံရမည်နည်း။

"သခင်လေး မသိဘူးလား..."

ဖူချင်းယွင်က ပြုံးလိုက်သည်။ "ဂိုဏ်းချုပ်က နန်းတွင်းကောလိပ်ရဲ့ ပါမောက္ခချုပ်လေ... နန်းတွင်းကောလိပ်ကို တာဝန်ယူရတဲ့ အနိမ့်စံ တတိယအဆင့် နန်းတွင်းအရာရှိပဲ... အဲတော့ သူက နန်းတွင်းကောလိပ်မှာ နေတာပေါ့... နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေက ဧကရာဇ်ရဲ့ ကျောင်းသားတွေလို့ နာမည်ခံယူပေမဲ့ တကယ်တမ်းက ဂိုဏ်းချုပ်ရဲ့ ကျောင်းသားတွေပဲ..."

ချင်မူ၏ ရင်ထဲတွင် ပြင်းထန်စွာ လှုပ်ခါသွား၏။ နန်းတွင်းကောလိပ်ရှိ ကျောင်းတော်သားများ အားလုံးက လူငယ်ဂိုဏ်းချုပ်၏ ကျောင်းသားများ ဖြစ်သည်တဲ့လား။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံနှင့် ဧကရာဇ် ယန်ဖုန့်က ဤသို့သော နေရာမျိုးကို ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်၏ လက်ထဲသို့ တကယ်ပဲ ထည့်ရဲသည်တဲ့လား။ ဂိုဏ်းချုပ်၏ ဩဇာအာဏာ ကြီးထွားလာမည်ကို သူတို့ မစိုးရိမ်ဘူးတဲ့လား...။

ဖူချင်းယွင်က သူ့အတွေးကို ထွင်းဖောက်မြင်ရသကဲ့သို့ ပြောလိုက်၏။ "လူ့လောကက ဂိုဏ်းချုပ်အတွက် ကစားပွဲ တစ်ခုလိုပါပဲ... ဘယ်သူကမှ သူ့ရဲ့ သရုပ်မှန်ကို မသိကြဘူး... ဖြောင့်မတ် တည်ကြည်ပြီး လူအများ လေးစားခံရတဲ့သူ တစ်ယောက်၊ ပထမ ဧကရာဇ် မတိုင်ခင်ကတည်းက တစ်လောကလုံး နာမည်ဂုဏ်သတင်း ကျော်ကြား ပျံ့နှံ့ခဲ့တဲ့ ထိပ်သီး ပညာရှင်တစ်ယောက် အနေနဲ့ပဲ သိကြတယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံတောင် သူ့ဆီက အကြံဉာဏ်တောင်းပြီး တာအိုသဘောတရားတွေ သင်ယူဆွေးနွေးခဲ့တယ်... နန်းတွင်းကောလိပ်ရဲ့ ပါမောက္ခချုပ် ဖြစ်လာတာလည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ ထောက်ခံမှုကြောင့်ပဲ..."

All Chapters