← Chapters

ရေပေါ်၌ ကခုန်သော ကောင်းကင်နတ်ဆိုးများ

Vol. 8 Ch. 111

ရေပေါ်၌ ကခုန်သော ကောင်းကင်နတ်ဆိုးများ

Vol. 8 Ch. 111

ချင်မူ လေပူတစ်ချက်ကို ဖြည်းဖြည်းချင်း မှုတ်ထုတ်လိုက်၏။ ဤသတင်းက သူ့အတွက် အံ့အားသင့်စရာ ကောင်းလွန်းလှသည်။ တစ်ခဏအတွင်း လိုက်မမီနိုင်သလို ဖြစ်သွား၏။

အင်ပါယာ၏ ပါမောက္ခချုပ်ဆိုသည်မှာ အနိမ့်စံ တတိယအဆင့် နန်းတွင်း အရာရှိသာ ဖြစ်၍ များစွာ မြင့်မားသော ရာထူး မဟုတ်သယောင် ထင်ရသော်လည်း ဤနေရာ အနေအထားက လွန်စွာ အရေးပါလှ၏။ နန်းတွင်းကောလိပ်က တစ်လောကလုံးရှိ ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများကို စီမံ၍ ကျမ်းစာလိပ်များ အတွင်းသို့ ရွေးချယ်သင့်သည်များကို ရွေးချယ်၊ ပြင်ဆင် တည်းဖြတ်သင့်သည်များကို တည်းဖြတ် ထည့်သွင်းရသည်။ သိုင်းပညာနှင့် ကောင်းကင်နတ်သိုင်း ပညာရပ်များ၏ အထွတ်အမြတ်နေရာ၊ သင်ကြားရေး အထွတ်အထိပ် နေရာပင် ဖြစ်၏။

ထို့ပြင် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ နန်းတွင်းအရာရှိများ အားလုံးမှာ နန်းတွင်းကောလိပ်မှ ဖြစ်ပြီး ဤနေရာမှ လှမ်းထွက်လာသူ အားလုံးက လူငယ်ဂိုဏ်းချုပ်၏ တပည့်များ ဖြစ်ရာ ဂိုဏ်းချုပ်နှင့် သူ့ကျောင်းသားများ အကြား၌ ဆရာတပည့် ပတ်သက်ဆက်ဆံမှုမျိုး ရှိနေပေသည်။

ဤရာထူးက မြင့်မားခြင်း မရှိသော်လည်း လွှမ်းမိုး ခြယ်လှယ်နိုင်စွမ်း မြင့်၏။

လူငယ်ဂိုဏ်းချုပ်၏ ကွယ်ဝှက်ထားသော သရုပ်မှန်ကိုပါ ထည့်တွက်လိုက်လျှင် လွန်စွာ ကြောက်ဖို့ ကောင်းလှပေသည်။

ဖူချင်းယွင်က ဆက်ပြောလိုက်၏။ "သခင်လေး ဒီနေရာကို ရောက်လာမှတော့ တစ်ရက်၊ နှစ်ရက် နားပြီးမှ နန်းတွင်းကောလိပ်ကို သွားပေါ့... ဒါပေမဲ့ နန်းတွင်းကောလိပ်ကို ဝင်ဖို့ ဆိုရင် စမ်းသပ်မှုတွေ ဖြတ်ကျော်ရလိမ့်ဦးမယ်..."

ချင်မူ ဝေခွဲမရ ဖြစ်သွား၏။ "ဘယ်လို စမ်းသပ်မှုမျိုးလဲ..."

"နန်းတွင်းကောလိပ်က ဝင်ချင်တိုင်း ဝင်လို့ရတဲ့ နေရာ မဟုတ်ဘူး... သခင်လေး အထဲဝင်ဖို့ ဆိုရင် နန်းတွင်းကျောင်းတော်သား တစ်ယောက် ဖြစ်မှ ရမယ်..."

ဖူချင်းယွင်က ပြုံးလိုက်၏။ "ဂိုဏ်းချုပ်ရဲ့ ဆန္ဒက သခင်လေးကို နန်းတွင်းကျောင်းတော်သား အရင် ဖြစ်လာစေချင်တာပါ... နန်းတွင်းကျောင်းတော်သားတွေအတွက် ဝင်ခွင့်စာမေးပွဲက မကြာခင် စပါလိမ့်မယ်... နေရာအနှံ့က တခြား ကျောင်းတော်သားတွေနဲ့အတူ သခင်လေးလည်း စာမေးပွဲ ဝင်ဖြေရမယ်... စာမေးပွဲ အောင်မြင် ပြီးစီးတဲ့အခါ နန်းတွင်းကောလိပ်ထဲ ဝင်နိုင်ပါလိမ့်မယ်..."

"ကျေးဇူး အများကြီး တင်ပါတယ်... မမယွင်အာ..."

ချင်မူက သက်ပြင်းတစ်ချက် ချ၍ ပြုံးလိုက်သည်။ "ကျွန်တော့်မှာ နေစရာ မရှိသေးတော့ မမယွင်အာရဲ့ နေရာမှာပဲ တစ်ရက်၊ နှစ်ရက် နေဦးမယ်..."

ဖူချင်းယွင်က တီးတိုး ပြောလိုက်သည်။ "သခင်လေးအနေနဲ့ ဒီနေရာမှာ နေလို့ မရတာတော့ မဟုတ်ပါဘူး... ဒီက ပျံတံတံ နန့်တန့်တန့်မလေးတွေကိုတော့ သတိထားရလိမ့်မယ်... သူတို့က ရည်မှန်းချက် ကြီးတယ်... ကျွန်မခေါင်းပေါ် တက်နင်းပြီး ဂိုဏ်းသခင်မ ဖြစ်ချင်နေကြတာ..."

ချင်မူ၏ မျက်နှာ တစ်ပြင်လုံး ရဲတွတ်သွားပြီး ဗလုံးဗထွေး ရေရွတ်လိုက်မိသည်။ "ဒီလို ကိစ္စမျိုး ရှိတာလား..."

ဖူချင်းယွင်က ခစ်ခနဲ ရယ်မောလိုက်သည်။ "သခင်လေး... ဒီလို ပုံစံမျိုးနဲ့ သူတို့ရဲ့ ဖြားယောင်းမှုကို ခံနိုင်မှာ မဟုတ်ဘူး... ကျွန်မနောက် လိုက်ခဲ့... သခင်လေးအတွက် အခန်း စီစဉ်ပေးမယ်..."

ဖူချင်းယွင် စီစဉ်ပေးသော အခန်းက လွန်စွာ ကြော့ရှင်း သပ်ရပ်လှ၏။ တစ်ခု ပြောစရာ ရှိသည်မှာ မိန်းကလေး တစ်ယောက်၏ အခန်းကဲ့သို့ ပြင်ဆင်ထားခြင်း ဖြစ်သည်။ ခြုံစောင်၊ ခင်းစောင်များကပင် အမွှေးနံ့ သင်းပျံ့နေ၏။ ဖူချင်းယွင်က ကမန်းကတန်း ပြောလိုက်သည်။ "ဒါက ကျွန်မနေတဲ့ အခန်းပါ... သခင်လေး သဘောမကျရင် တစ်ခြားအခန်း ပြောင်းပေးပါ့မယ်..."

"ရပါတယ်... လုပ်မနေနဲ့..."

ချင်မူက သူ့ကျောပိုးအိတ်ကို စားပွဲပေါ် ချလိုက်၏။ သို့သော်လည်း ဖူချင်းယွင်က အခန်းထဲတွင်ပင် ရှိနေသေးပြီး ထွက်မသွားသေးချေ။ သူမ၏ နီနီရဲရဲ နှုတ်ခမ်းများကို ကိုက်၍ ခပ်တိုးတိုး မေးလိုက်၏။ "သခင်လေးမှာ တခြား လိုအပ်တာများ ရှိသေးလား..."

"မရှိတော့ပါဘူး... ကျေးဇူး အများကြီး တင်ပါတယ် မမယွင်အာ..."

ချင်မူ၏ စကားအဆုံးတွင် သူ့အိတ်က လှုပ်သွားပြီး အိတ်သေးသေးလေး တစ်လုံး လွယ်ပိုးထားသည့် မြေခွေးဖြူဖြူလေး ခေါင်းပြူထွက်လာသည်။ ဖူချင်းယွင်က တစ်ချက် လှမ်းကြည့်ပြီးနောက် လှည့်ထွက်သွားပြီး သူမဖာသာ တီးတိုး ရေရွတ်လိုက်သည်။ "အံ့ဩစရာ မရှိပါဘူးလေ... သူ့အပိုင် မြေခွေးမလေး ခေါ်လာတာကိုး..."

ဟူလင်းအာ၏ တစ်ကိုယ်လုံးက အရက်နံ့များ လှိုင်နေသဖြင့် ချင်မူ မျက်မှောင်ကြုတ်လိုက်၏။ "လင်းအာ... နင် အိတ်ထဲမှာ အရက်ခိုးသောက်နေတာလား..."

"မသောက်ပါဘူး..."

မြေခွေးဖြူလေးက ရီဝေဝေ ပြောရင်းနှင့် ရုတ်တရက် ကြို့ထိုးလိုက်၏။ သူမက ကမန်းကတန်း ပါးစပ်ပိတ်လိုက်သော်လည်း နောက်တစ်ကြိမ် ကြို့ထိုးလာပြန်၏။ နောက်ခြေထောက် နှစ်ချောင်းပေါ်တွင် မတ်တတ်ရပ်ရင်း ယိမ်းထိုးကာ စားပွဲသို့ လဲကျလုနီးနီး ဖြစ်သွားသည်။

ချင်မူ ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။ ကျောပိုးအိတ်ထဲမှ အရက်အိုးအလွတ် တစ်လုံးကို ဆွဲထုတ်၍ ပြောလိုက်၏။ "နင် မသောက်ဘူး ငြင်းဦးမလို့လား... ဟမ်…၊ ဒီရက်ပိုင်း မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို လေ့လာရင်း နင့်အတွက် သင့်တော်တဲ့ ကျင့်စဉ်တစ်ခု တွေ့ထားလို့ ဖတ်နေတာ... ဝိညာဉ်ဖန်ဆင်းကျင့်စဉ်လို့ ခေါ်တယ်… အခု အဲဒီ ကျင့်စဉ်ကို ကျေညက်အောင် လေ့လာပြီးသွားလို့ နင့်ကို သင်ပေးမလို့ဟာ... နင်က မူးနေပြန်ပြီ..."

စားပွဲပေါ်မှ မြေခွေးလေးမှာ ခေါင်းစိုက်ကျသွားသည်။ ချင်မူက သူမကို မချီ၍ အိပ်ရာပေါ်သို့ တင်ပေးလိုက်သည်။ ဟူလင်းအာက ခေါင်းအုံးကို ဖက်၍ အိပ်မောကျသွား၏။ ချင်မူလည်း နဂါးစီးဂိုဏ်း၏ ရန်မှ ပြေးလွှား ရှောင်ရှားခဲ့ရသဖြင့် ပင်ပန်းနေပြီ ဖြစ်သောကြောင့် ခေါင်းချပြီး မကြာမီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။

ညရောက်သောအခါ သူ ဗိုက်ဆာပြီး နိုးလာ၏။ ဟူလင်းအာကတော့ အိပ်ပျော်နေဆဲ ဖြစ်သဖြင့် မနှိုးတော့ဘဲ ထလာလိုက်သည်။

ချင်မူ သူ့ကျောပိုးအိတ်ထဲမှ သွားတိုက်ဆေးနှင့် သစ်သားသွားတိုက်တံကို ထုတ်ယူကာ မျက်နှာသစ်လိုက်သည်။ အခန်းအပြင်သို့ ထွက်လာသောအခါ မိန်းကလေးတစ်ယောက် ရပ်စောင့်နေသည်ကို တွေ့ရ၏။ ချင်မူ့ကို မြင်သောအခါ သူမ၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြုံးလိုက်သည်။ "သခင်လေး နိုးလာပြီလား... မမက သခင်လေး နိုးလာရင် ဆာနေမှာ သိလို့ ထမင်းပွဲ ပြင်ထားပါတယ်... သခင်လေး နိုးလာရင် ခေါ်ခဲ့ဖို့ ကျွန်မကို ဒီနေရာမှာ စောင့်ခိုင်းထားတာပါ..."

ချင်မူက ကျေးဇူးစကားဆို၍ သူမနောက်မှ လိုက်ကာ မိုးသံနားဆင် စံအိမ်ရှိ ကြော့ရှင်းသပ်ရပ်သော အခန်းတစ်ခန်းသို့ ရောက်လာသည်။ ပြတင်းပေါက် ဘေး၌ ဝါးပင်များ ရှိ၏။ ဝါးပင်များ လွန်သော် နားနေဆောင်တစ်ခု၊ ကျောက်တုံးအလှဆင် ပန်းခြံတစ်ခုနှင့် ရေကန်ငယ်တစ်ခု ရှိသည်။ လွန်စွာ စိတ်အေးချမ်းဖွယ် မြင်ကွင်းတစ်ခု ဖြစ်၏။

ချင်မူ ဝင်ထိုင်လိုက်သောအခါ မိန်းမငယ်လေးအချို့ တန်းစီဝင်လာပြီး ဟင်းပန်းကန်များ ချလိုက်သည်။ မကြာမီပင် စားပွဲတစ်ခုလုံး ဟင်းပန်းကန်များဖြင့် ပြည့်သွား၏။ ပြတင်းပေါက်၏ အပြင်ဘက်တွင် အဖြူရောင် ဝတ်စုံ ဝတ်ထားသည့် မိန်းမပျို တစ်ယောက်က ကုချင်းကို ပိုက်၍ နားနေဆောင်တွင် ဝင်ထိုင်ကာ ညင်သာစွာ တို့ထိ တီးခတ်လိုက်သည်။ တစ်ခဏ ကြာသောအခါ အခြား မိန်းမပျိုလေးများ ထပ်ဝင်လာသည်။ အချို့က ဖီဖာကို ပိုက်ထား၏။ အချို့က ပလွေများ ယူလာကြသည်။ အချို့ကတော့ ကုကျန့်များ သယ်လာ၍ တီးခတ်လိုက်ကြ၏။

ချင်မူက သာယာသော ဂီတသံများကို နားဆင် ကြည့်ရှု၍ စားသောက်ရင်း ကျေနပ်နေမိသည်။ ပူပင်သောက ကင်းဝေး၍ သက်သောင့်သက်သာ ရှိလှ၏။

သူ့အကြည့်က ကုချင်းတီးခတ်နေသော မိန်းမပျို၏ လက်ဆယ်ချောင်းပေါ်သို့ ကျရောက်သွားပြီး သူ၏ တူနှင့် ပန်းကန်လုံးကို အလိုလို အောက်ချလိုက်မိသည်။ သူ့လက်ချောင်းများကလည်း လှုပ်ရွလှုပ်ရွ ဖြစ်လာပြီး စတင် တီးခတ်လိုက်မိ၏။ တစ်ခဏ ကြာသောအခါ သူ့အကြည့်က ဖီဖာတီးခတ်နေသည့် မိန်းမပျိုထံသို့ ကျရောက်သွားပြီး သူမ၏ လက်ချောင်းများ လှုပ်ခတ်ပုံကို ကြည့်ရှုလိုက်သည်။ ထို့နောက် ပလွေမှုတ်နေသော မိန်းကလေး၏ လက်ချောင်းများကို ကြည့်လိုက်ပြန်၏။

"ဖီဖာတီးခတ်သူရဲ့ မိုးကြိုးလက်ချောင်းက ကုပ်ဆွဲ တီးခတ်ရုံတင် မဟုတ်ဘူး... တောက်တာ၊ ရှေ့တိုးနောက်ငင် ထိုးတာ၊ ဆွဲတာ၊ ရိုက်တာ၊ ခတ်ချတာတွေလည်း ပါတာပဲ..."

ချင်မူ၏ မျက်လုံးများ အရောင်တောက်သည်ထက် တောက်လာ၏။ နားနေဆောင်ထဲတွင် တီးမှုတ်နေသည့် မိန်းမပျိုလေးများ၏ လက်ချောင်းများ လှုပ်ခတ်ရွေ့လျားမှုက သူ့စိတ်ကို လှုပ်ရှားသည်ထက် လှုပ်ရှားလာစေသည်။ သူတို့၏ လှုပ်ရှားမှုများကို သူ လေ့ကျင့်ခဲ့သည့် မိုးကြိုးရှစ်ချက် လက်သီးသိုင်းနှင့် ယှဉ်ထိုးကြည့်ရင်း ဖီဖာတီးခတ်သူ၏ မိုးကြိုးလက်ချောင်း သိုင်းကွက်အပေါ် သူ၏ ထိုးထွင်းသိမြင်မှုမှာ ပို၍ ပို၍ နက်ရှိုင်းလာသည်ဟု ခံစားမိသည်။ သူ့ခေါင်းထဲတွင် အလင်းပွင့်သွားသကဲ့သို့ ခံစားရပြီး ရှေ့သို့ ခုန်ထွက်၍ စိတ်ရှိလက်ရှိ တီးခတ်ပစ်ချင်စိတ်များ တရွရွ ဖြစ်ပေါ်လာသည်။

တူရိယာများ တီးခတ်နေသော မိန်းမပျိုများကို ကြည့်၍ သူလည်း ထိုသို့ တီးခတ်လိုစိတ်များ ပေါ်ထွက်လာ၏။ ဤစိတ်ဆန္ဒက တမြိုက်မြိုက် လောင်ကျွမ်းလာသည်။ သို့သော်လည်း တေးဂီတနှင့် ပတ်သက်၍ သူ များစွာ သိရှိခြင်း မရှိသဖြင့် ထိုမိန်းမလှလေးများကို မဆင်မခြင် ထိပါးခြင်း မပြုဝံ့ချေ။

သို့တိုင်အောင် သူ၏ စိတ်ဆန္ဒက ပို၍ ပို၍ ရုန်းကြွလာသည်။

ဂီတသံထဲတွင် စိတ်နစ်မျောနေသဖြင့် အစားစားဖို့ပင် မေ့နေသည်။ သူ၏ လက်ချောင်းဆယ်ချောင်းက တစ်ခါတစ်ရံတွင် ကုချင်းတီးခတ်လိုက်၊ တစ်ခါတစ်ရံတွင် ဖီဖာတီးခတ်လိုက်၊ တစ်ခါတစ်ရံတွင် ပလွေပေါက်များကို ဖိနှိပ်လိုက်၊ တစ်ခါတစ်ရံတွင် ကုကျန့်တီးခတ်လိုက်နှင့် ဖြစ်နေ၏။

နားနေဆောင်ထဲမှ မိန်းမပျိုများက ပြတင်းပေါက် နောက်ကွယ်မှ လူငယ်လေး၏ အခြေအနေကို သတိပြုမိသွားဟန် ရှိသည်။ မိန်းမပျိုလေး တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်၏။ "ညီမလေး ယွဲ့အာ... သခင်လေးက နင့်ကို စိုက်ကြည့်နေတယ်... နင့်ကို သဘောကျနေပြီ ထင်တယ်..."

ထိုမိန်းကလေးက ရှက်ရွံ့စွာ ခေါင်းငုံ့သွားပြီး ပြန်မော့မလာရဲတော့...။

ထိုအခိုက်၌ ချင်မူမှာ စိတ်လွတ်သွားပြီး အကောင်းအဆိုး ဆင်ခြင်နိုင်စွမ်း မရှိတော့ချေ။ မတ်တတ် ထရပ်လာပြီး ခြေလှမ်းကြဲကြီးများဖြင့် လျှောက်၍ ပြတင်းပေါက်မှ တိုးထွက်ကာ နားနေဆောင်ထဲသို့ ဝင်လာ၏။ စကားတစ်ခွန်းမျှ မဆိုဘဲ သူ့လက်ကို ဆန့်ကာ မိန်းကလေးယွဲ့အာ၏ လက်ထဲမှ ဖီဖာကို လုယူလိုက်သည်။

နားနေဆောင်ထဲမှ မိန်းကလေးများမှာ ဂိုဏ်းသခင်လေးက ကြမ်းကြမ်းတမ်းတမ်း ပြုမူ၍ မိန်းကလေးကို ဆွဲလုတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း မိန်းကလေး ယွဲ့အာကို လုယူခြင်း မဟုတ်ဘဲ သူမ၏ ဖီဖာကိုသာ လုယူသွားခြင်း ဖြစ်မည်ဟု ထင်မထားခဲ့မိကြပေ။

ချင်မူက ထူးဆန်းသော စိတ်အခြေအနေ တစ်ရပ်သို့ ဝင်ရောက်သွားဟန် ရှိသည်။ သူ့လက်ထဲတွင် ဖီဖာကို ပိုက်၍ ညင်သာစွာ တီးခတ်လိုက်သည်။ ပေါ်ထွက်လာသည်က ကြည်လင်သာယာသည့် ဂီတသံ မဟုတ်။ ကောင်းကင်ယံကို ထိုးခွဲလာသည့် မိုးခြိမ်းသံများကဲ့သို့ အက်ကွဲကွဲ အသံများသာ ထွက်လာသဖြင့် မိန်းမပျိုလေးများ အားလုံး အံ့ဩ တုန်လှုပ်သွားကြသည်။

ချင်မူက ဂီတသံစဉ်ထဲတွင် နစ်မျောနေပြီး သူ၏ လက်ချောင်းဆယ်ချောင်းက ဖီဖာ၏ ကြိုးများအပေါ်တွင် လူးလာကူးခတ်နေသည်။ မိုးခြိမ်းသံများက သူ့နားထဲတွင် သာယာနာပျော်ဖွယ် ဂီတသံများ ဖြစ်နေ၏။ သို့သော်လည်း ပလွေသံ၊ ကုချင်းသံနှင့် ကုကျန့်သံများ အားလုံးကို ရှုပ်ထွေးသွားအောင် အနှောင့်အယှက်ပြုနေသလို ရှိ၏။

မိန်းမပျိုလေးများက သံစဉ်ကို လိုက်လံ ထိန်းညှိရန် ကြိုးစားလိုက်ကြသည်။ ချင်မူ၏ မိုးခြိမ်းသံကဲ့သို့ တီးခတ်သံက အနှောင့်အယှက် ပြုနေသည်ကို သူတို့၏ တီးခတ်မှုများ ပြုပြင် ပြောင်းလဲ၍ ဖိနှိပ်ရန် ကြိုးစားလိုက်ကြ၏။

ဒင်...၊ ဒင်...၊ ဒင်...။

ချင်မူ တီးခတ်နေသော မိုးခြိမ်းသံများက ရုတ်တရက် ပြောင်းလဲသွားပြီး ကျောက်တုံးနှင့် သတ္ထုများ ထိခတ်လိုက်သကဲ့သို့ ပိုမို ကျယ်လောင် အားကောင်းလာသည်။ သတ်ဖြတ်လိုခြင်း အငွေ့အသက် တစ်ခုကလည်း အရှိန်အဟုန်ပြင်းစွာ ရောယှက် ထွက်ပေါ်လာ၏။ ဖီဖာမှ ထွက်ပေါ်လာသော ထူးဆန်းသည့် ဆူညံသံများက မိန်းမပျိုလေးများ၏ ဂီတသံစဉ်ကို တဖန် ပြန်လည် ဖိနှိပ်လာ၏။ သူတို့အားလုံး တစ်ယောက်ကိုယ်တစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။

ထိုမိန်းမပျိုလေးများ၏ အနိုင်မခံ အရှုံးမပေးလိုသော စိတ်များက ခေါင်းထောင်ထလာ၏။ ကုချင်းတီးခတ်သည့် မိန်းကလေးက လက်ဝါးဖြင့် တစ်ချက် ရိုက်လိုက်ရာ သူမ၏ ကုချင်းက ကြမ်းပြင်ပေါ်တွင် ဒေါင်လိုက် ထောင်သွားသည်။ ထို့နောက် ကုချင်းကို စောင်းတစ်လက်လို တီးခတ်တော့၏။ သူမ၏ လက်ချောင်းဆယ်ချောင်းက ရှေ့နောက် လျင်မြန်စွာ ပြေးလွှားနေပြီး ဂီတသံစဉ်၏ အရှိန်ကို မြှင့်တင်လိုက်သည်။ သံစဉ်တေးသွား အကူးအပြောင်းက မြန်ဆန်လွန်းလှသဖြင့် သာမန်နားဖြင့် သံစဉ်တစ်ခုချင်းကို ကွဲကွဲပြားပြား မကြားရတော့ချေ။

ပလွေမှုတ်နေသည့် မိန်းကလေးကလည်း ထရပ်လိုက်ပြီး သူမ၏ ခြေလှမ်းများက အလိုလို လှုပ်ရှားလာသည်။ ခြေလှမ်း တစ်လှမ်း ရွေ့လျားလိုက်တိုင်း သူမ၏ ဟန်ပန် အမူအရာက မာထန်လာပြီး သူမ၏ ပလွေသံကလည်း စူးရှလာသည်။ ဂီတသံစဉ်များကြောင့် ပန်းပွင့်များပင် ဝဲကတော့ တစ်ခုသဖွယ် ဝဲလည်လှည့်လာ၏။ ချင်မူ၏ ဆူညံသံများကို ဖိနှိပ်ရန် အားသွန်ခွန်စိုက် ကြိုးစားလိုက်သည်။

ဘေးနားမှ မိန်းမပျိုလေး တစ်ယောက်က တရွမ်တစ်လက်ကို ပိုက်ထားပြီး သူမ၏ နောက်ကျောဘက်မှ ဖဲပြားများက တဖျပ်ဖျပ် လွင့်ကာ ကြမ်းပြင်သို့ တစ်ချက် တစ်ချက် ထောက်၍ လေထဲသို့ ပင့်တင်ပေးနေသည်။ သူမက လေထဲမှ နေ၍ ချင်မူ၏ ဆူညံသံများကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

နောက်ထပ် မိန်းကလေး တစ်ယောက်က နားနေဆောင်ထဲမှ ပြေးထွက်သွား၏။ တစ်ခဏ ကြာသောအခါ ကြီးမားသော ယန်ချင်း တစ်လက်ကို တွန်းယူလာပြီး စတင် တီးခတ်တော့၏။ ထိုယန်ချင်းထံမှ ထွက်ပေါ်လာသော ဂီတသံစဉ်က ကြည်လင်၊ စူးရှ၍ ကောင်းကင်နတ်သိုင်းအဖြစ် ပြောင်းလဲနိုင်သော အရှိန်အဟုန်ပင် ရှိသည်။ ဂီတသံစဉ်၏ စေ့ဆော်မှုကြောင့် ထိုမိန်းကလေးက ယန်ချင်းကို ရှေ့သို့ တရွေ့ရွေ့တွန်း၍ တီးခတ်လာပြီး ချင်မူ တီးခတ်နေသော ဆူညံသံများကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

​ထို့နောက် မိန်းကလေးတစ်ယောက်က နားနေဆောင်ထဲမှ ထပ်ပြေးထွက်သွားပြီး ဘုန်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။ ထိုမိန်းကလေးက နားနေဆောင် နံရံကို ချိုးဖောက်၍ အရွယ်အစား အမျိုးမျိုး ရှိသည့် ခေါင်းလောင်း ငါးဆယ့်ခြောက်လုံး ချိတ်ဆွဲထားသော ပြန့်ကျုံးကို တွန်းယူလာသည်။ ထိုမိန်းကလေး၏ လက်ထဲတွင် တုတ်တံတစ်ချောင်း ကိုင်ထားပြီး ခေါင်းလောင်းများကို တီးခတ်လိုက်ရာ ကျယ်လောင်သော ခေါင်းလောင်းသံများ ထွက်ပေါ်လာ၏။ ခေါင်းလောင်းငါးဆယ့် ခြောက်လုံး၏ မတူညီသော သံစဉ်လှိုင်းများက ချင်မူ့ထံ တစ်ဟုန်ထိုး ပြေးဝင်သွားသည်။

ချင်မူက ဖီဖာကို ပိုက်ထားရင်း တဟားဟား ရယ်မောလိုက်သည်။ ဖီဖာ တစ်လက် တီးခတ်နိုင်သော သံစဉ်က အကန့်အသတ်ရှိသော်လည်း သူ့လက်ထဲတွင်တော့ အားကောင်းသည့် စစ်တပ်ကြီး တစ်ခုကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်သည်။ တိမ်မြူမည်းများနှင့် လျှပ်စီးတန်းများ သိပ်သည်းစွာ ဖုံးလွှမ်းနေသည့်. နတ်ဘုရားနှင့် မိစ္ဆာနတ်ဆိုးတို့၏ သတ်ကွင်းအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားလာရသည်။

အဘိုးကြီးမာ သင်ပေးခဲ့သော မိုးကြိုးရှစ်ချက် လက်သီးသိုင်း၊ ရွာလူကြီး သင်ပေးခဲ့သည့် ဓားသိုင်း၊ ထော့ကျိုး၏ ခြေသိုင်း၊ သားသတ်သမား၏ ဓားမသိုင်း၊ ရွှေအ၏ တူသိုင်း၊ သူ့စိတ်ထဲတွင် ပေါ်လာသမျှ မည်သည့်သိုင်းကိုမဆို သံစဉ်တေးသွားထဲတွင် ပေါင်းစည်း ထည့်သွင်းလိုက်၏။

ထိုအခိုက်၌ ဂီတသံစဉ်နှင့် ပတ်သက်သည့် မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှ စာသားများ သူ့ခေါင်းထဲတွင် တရှိန်ရှိန် ပေါ်ထွက်လာပြီး သူ၏ ဖီဖာသံစဉ်မှာ မြန်ဆန်သွက်လက်လာကာ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပို၍ ထူထပ် သိပ်သည်းလာသည်။ နတ်ဘုရားသံ၊ မိစ္ဆာသံနှင့် ဗုဒ္ဓသံများကလည်း ဖီဖာသံစဉ်နှင့်အတူ ဝိုးတဝါး ကြားလာရ၏။

ရုတ်တရက် နားနေဆောင်က အားလုံး၏ ဂီတသံစဉ်လှိုင်းဒဏ်ကို မခံနိုင်တော့ဘဲ တစ်စစီ ကျိုးပဲ့ပျက်စီးသွားသည်။ မိန်းမပျိုလေးများနှင့် ချင်မူမှာ ရေကန်ထဲသို့ ကျသွားတော့မလို ဖြစ်သွားသော်လည်း သူတို့၏ ချီစွမ်းအင်များ တစ်မုဟုတ်ချင်း ပေါ်ထွက်လာပြီး ရေပေါ်တွင် မတ်တတ်ရပ်လိုက်ကြသည်။

မိန်းမပျိုလေးများက ရေပေါ်တွင် ဝဲလည်လှည့်၍ ချင်မူ့ကို ဝိုင်းပတ်တီးခတ်နေရင်း ဂီတသံစဉ်က ပိုမို မြန်ဆန်လာပြီး ကျဉ်းကျပ်သလို ရှိလာ၏။ ချင်မူ၏ ချီစွမ်းအင်က ဟုန်းခနဲ ပေါက်ကွဲ ထွက်ပေါ်လာပြီး သူ၏ ဖီဖာမှာ လေထဲသို့ ဒေါင်လိုက် မြောက်တက်သွားသည်။ သူ၏ လက်ချောင်းဆယ်ချောင်းက လျင်မြန်စွာ လှုပ်ရှားကခုန်နေပြီး ဖီဖာသံစဉ်က မြန်ဆန်လာကာ အရပ်မျက်နှာပေါင်းစုံမှ တိုးဝင်လာသော ဂီတသံစဉ်များကို ပိတ်ဆို့ တားဆီးလိုက်၏။

ရုတ်တရက် ဖီဖာ၏ ကြိုးများက တစ်ချောင်းပြီး တစ်ချောင်း ပြတ်တောက်သွားသည်။ ချင်မူက ဖီဖာကို လွှင့်ပစ်လိုက်၏။ မိန်းကလေးများက ဝမ်းသာ ရွှင်မြူးသွားမိသော်လည်း ရေကန်ထဲမှ ရေများက ရုတ်တရက် မြင့်တက်လာပြီး ချင်မူ၏ ဘေးပတ်လည်တွင် ရေကြိုးမျှင်များ ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ ချင်မူက ဖီဖာ၏ အရွယ်အစား အချုပ်အချယ် မရှိတော့ဘဲ သူ့ဘေးမှ ရေကြိုးမျှင်များက စိတ်ကြိုက် တီးခတ်နိုင်သော တူရိယာကြိုးများ ဖြစ်သွား၏။ ထိုရေကြိုးမျှင်များကို တီးခတ်လိုက်သောအခါ မိုးခြိမ်းသံများ အုန်းခနဲ ထွက်ပေါ်လာပြီး မိန်းမပျိုလေးများမှာ တုန်ခါမှုကြောင့် ယိမ်းယိုင်သွားကြသည်။

"ဘာတွေ ဆူညံနေတာလဲ..."

ဖူချင်းယွင်မှာ ထိုနေရာသို့ ရောက်လာပြီး မိန်းမပျိုလေးများ ရှုံးနိမ့်၍ ဆုတ်ခွာလာကြသည်ကို မြင်လိုက်ရသည်။ ရုတ်တရက် မိန်းမပျိုလေး တစ်ယောက်က တဟားဟား အော်ရယ်၍ သူမ၏ ဝါးပလွေကို လွှင့်ပစ်လိုက်၏။ ထို့နောက် ချင်မူ၏ သံစဉ်အတိုင်း လိုက်၍ ကခုန်ကာ ရှုပ်ထွေးနေသော အဝတ်အစား အချုပ်အနှောင်များကို စွန့်ပစ်လိုက်သည်။

ဖူချင်းယွင်က အံ့အားသင့်သည့် အမူအရာ ဖြစ်သွားပြီး အထဲသို့ ချက်ချင်း ပြန်ဝင်၍ သူမ၏ ဖီဖာကို ယူလာလိုက်သည်။ "သခင်လေးက ကောင်းကင်နတ်သိုင်းတစ်ခုကို နားလည်အောင် ဆင်ခြင် သုံးသပ်နေတာ... ငါ့ညီမတွေ နောက်ဆုတ်... သူ့ကို ငါ ကူညီရမယ်..."

သူမ ထိုသို့ ပြောလိုက်စဉ်တွင်ပင် မိန်းမပျိုလေး အားလုံးမှာ ရှုံးနိမ့်သွားပြီး ချင်မူ၏ သံစဉ်တေးသွားအောက်၌ မျောပါသွားကြ၏။ သူတို့က ရေပြင်ထက်တွင် မိစ္ဆာဆန်သော အပြုံးများနှင့် လှပစွာ သီဆို ကခုန်နေကြ၏။

ဖူချင်းယွင်က ခေါင်းကို တခါခါ ယမ်းလိုက်သည်။ သူမ၏ ဖီဖာသံက သာယာ ကြည်လင်စွာ ထွက်ပေါ်လာပြီး ကန်ရေပြင်ကို အသုံးပြု၍ တီးခတ်နေသော ချင်မူ၏ သံစဉ်တေးသွားကို ဖိနှိပ်လိုက်၏။ မိန်းမပျိုလေးများမှာ ထိုအခါမှ အသိပြန်ဝင်လာပြီး ဖူချင်းယွင်ကို ကမန်းကတန်း ဦးညွှတ် အရိုအသေပြု၍ ရေကန်ထက်မှ ဆုတ်ခွာသွားကြသည်။

All Chapters