ဓာတ်ကြီးငါးပါးအတားအဆီးနံရံချိုးဖျက်ခြင်း
Vol. 8 Ch. 112
"သခင်လေးရဲ့ ဂီတသံစဉ်မှာ ရောပါနေတာတွေ အများကြီးပါလား..."
ဖူချင်းယွင်က အသာအယာ တို့ထိ၍ ဖြည်းညင်းစွာ တီးခတ်လိုက်ပြီး ညင်းပျောင်းသော သံစဉ်ဖြင့် ချင်မူ့ကို ရင်ဆိုင်လိုက်၏။ ချင်မူ၏ သံစဉ်တွင် ကိန်းဝပ် ပါဝင်နေသော အရာများကို တစ်မုဟုတ်ချင်း တွေ့ရှိသွားသည်။ သူ၏ သံစဉ်၌ နတ်ဘုရားသံ၊ မိစ္ဆာသံနှင့် ဗုဒ္ဓသံများ ပါဝင်နေ၏။ လွန်စွာ ထူးဆန်းလှသည်။ ထို့ပြင် သတ်ဖြတ်လိုသည့် အရှိန်အဝါ အငွေ့အသက် တစ်ခုလည်း ပါဝင်နေပြီး သံစဉ်အရှိန် မြင့်တက်လာလျှင် သတ်ဖြတ်ပွဲကြီး ဖြစ်သွားတော့မည်ကဲ့သို့ပင် ထင်ရ၏။
ကောင်းကင်နတ်ဆိုးဂိုဏ်း၏ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် ဂီတသံစဉ်နှင့် ပတ်သက်သည့် စာသားများ ပါဝင်သော်လည်း ဤမျှ ရှုပ်ထွေး၍ ပြန့်ကြဲနေခြင်း မရှိ။ ချင်မူ၏ သံစဉ်တေးသွားမှ ကောင်းကင်နတ်ဆိုး သက်တံဝတ်စုံ တေးသွားဟု ခေါ်သော ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂီတသံကျင့်စဉ်တစ်ခုကိုလည်း နားဆင်မိသည်။ သို့သော်လည်း ၎င်းတေးသွားက ချင်မူ့သံစဉ်၏ တစ်စိတ်တစ်ဒေသသာ ဖြစ်၏။
ချင်မူက ထူးဆန်းသော စိတ်အခြေအနေ တစ်ရပ်သို့ ဝင်ရောက်သွားပြီး လွတ်မြောက်အောင် ရုန်းထွက်နိုင်ခြင်း မရှိသေးကြောင်း မြင်သာသည်။ သူက နက်နဲဆန်းကြယ်သော တစ်စုံတစ်ရာကို နားလည် သဘောပေါက်ရန် ဆင်ခြင်သုံးသပ်နေပြီး အရာအားလုံးကို အတူတကွ ရောစပ်ပေါင်းစည်းရန် ကြုးစားနေခြင်း ဖြစ်သည်။
ဖူချင်းယွင်မှာ ချင်မူ၏ ရည်ရွယ်ချက်ကို သိသွားသောအခါမှ သက်ပြင်းချနိုင်၏။
ဤသို့သော ရူးသွပ်မှုမျိုးမှာ ရရှိရန် အလွန်တရာ ခက်ခဲလှပြီး နက်နဲသော ထိုးထွင်းသိမြင်မှုမျိုး ရှိသည့်အခါမှသာ ဤသို့သော အခြေအနေမျိုး ရနိုင်ပေလိမ့်မည်။
ရူးသွပ်ခြင်း မရှိဘဲ အောင်မြင်မှု မရနိုင်။ မရူးသွပ်ခဲ့လျှင် ဗုဒ္ဓ မဖြစ်လာနိုင်။
ဖူချင်းယွင်က ဖီဖာကို ပိုက်ထားပြီး သူမ၏ လက်ချောင်းများဆီမှ ထွက်ပေါ်လာသော သံစဉ်တေးသွားက တဖြည်းဖြည်း မြန်ဆန်လာသည်။ ချင်မူ့ကို သူ၏ တတ်ကျွမ်းမှုများ အားလုံးကို စုဆုံ၍ အောင်မြင်စွာ ပေါင်းစည်းနိုင်စေရန် လမ်းညွှန် ထိန်းကျောင်းပေးနေခြင်း ဖြစ်သည်။
မိုးသံနားဆင်စံအိမ်မှ မိန်းကလေးများက ချင်မူနှင့် ထိပ်တိုက် ရင်ဆိုင်၍ သံစဉ်တိုက်ပွဲကို ရူးရူးမိုက်မိုက် ဆင်နွှဲခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း သူ့အတွက် ကြီးစွာ အထောက်အကူ ပြုခဲ့သည်။ သူတို့၏ အားကောင်းသော ဆန့်ကျင် ဖိနှိပ်မှုကြောင့် ချင်မူ၏ သံစဉ်တေးသွားမှာ အဆက်မပြတ် တိုးတက်လာခဲ့ရသည်။
သူမကတော့ ဆန့်ကျင် လမ်းကြောင်းသည့် နည်းလမ်းဖြင့် ချင်မူ၏ ပေါင်းစည်းမှု ဖြစ်စဉ်ကို ပိုမိုကောင်းမွန် မြန်ဆန်အောင် ပြုလုပ်ပေးရန် ကြိုးစားလိုက်၏။
ဂီတပညာနှင့် ပတ်သက်လျှင် သူမ မိုးသံနားဆင်စံအိမ်မှ မိန်းကလေးများစွာထက် ပို၍ တတ်ကျွမ်းနှံ့စပ်သည် မဟုတ်လား။ သူမ၏ လမ်းညွှန်မှုနှင့် ဖိအားအောက်တွင် ချင်မူ လျင်မြန်စွာ တိုးတက်လာသည်။
ချင်မူက ကောင်းကင်နတ်ဆိုး သက်တံဝတ်စုံ တေးသွားကို အသုံးပြုသဖြင့် သူမအတွက်လည်း အကျိုးရှိ၏။ ကောင်းကင်နတ်ဆိုး သက်တံဝတ်စုံ တေးသွားက မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် ပါဝင်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုကျင့်စဉ်ကို သူမ သင်ယူခဲ့ဖူးသော်လည်း အပြည့်အစုံ သင်ခဲ့ရခြင်း မရှိပေ။ ချင်မူ့ကို လမ်းညွှန် တီးခတ်စဉ်၌ ချင်မူ၏ သင်ကြားပြသမှုကိုလည်း တစ်ချိန်တည်း ပြန်လည် သင်ယူခဲ့ရ၏။ ကောင်းကင်နတ်ဆိုး သက်တံဝတ်စုံ တေးသွားမှ မသင်ယူခဲ့ရသည့် နေရာများကို သင်ယူခွင့် ရခဲ့သည်။
အတန်ကြာသောအခါ ချင်မူမှာ စိတ်ဖောက်ပြန်သွားသည့် အခြေအနေမှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ကြောင်း ဖူချင်းယွင် သတိပြုမိလိုက်သည်။ သူတို့ နှစ်ယောက်၏ ဂီတသံစဉ်များက တစ်ယောက်နှင့် တစ်ယောက် နရီစည်းဝါး ကိုက်ညီလာပြီး သီချင်းတစ်ပုဒ်အဖြစ် ပေါင်းဖက် တီးခတ်လိုက်ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် မိန်းကလေး တစ်ဒါဇင်ခန့်က ကြီးမားသော ခေါင်းလောင်းကြီး တစ်လုံးကို အခန်းထဲမှ သယ်ထုတ်လာကြသည်။ ထိုခေါင်းလောင်းကြီးက လူတစ်ရပ်စာထက်ပင် ပိုမြင့်ပြီး ဟူလင်းအာက ခေါင်းလောင်းထက်တွင် ထိုင်၍ အော်ဟစ်လိုက်၏။ "ခေါင်းလောင်းကို တီးကြစို့... ငါတို့ သူ့မိစ္ဆာသံကို ဖြိုခွင်းနိုင်မှာ ကျိန်းသေတယ်..."
ဖူချင်းယွင် သူမ၏ တူရိယာ တီးခတ်နေခြင်းကို ရပ်တန့်လိုက်ပြီး ရယ်ရမလား၊ ငိုရမလား မသိတော့ဘဲ ဆူငေါက်လိုက်သည်။ "နင်တို့က သခင်လေးကို သတ်ဖို့ လုပ်နေတာလား ဟမ်... လျှောက်အရူးထမနေတော့နဲ့... အဲခေါင်းလောင်းကို ပြန်သိမ်းသွား..."
မိန်းမပျိုလေးများက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းများငုံ့၍ ခေါင်းလောင်းကြီးကို ပြန်သယ်သွားကြသည်။ ဟူလင်းအာလည်း စိတ်ပျက်သွား၏။ သူမက ထိုခေါင်းလောင်းကြီး မတီးလိုက်ရသည်ကို ကျေနပ်ခြင်း မရှိပေ။
ချင်မူက သတိပြန်ဝင်လာပြီး ပတ်ဝန်းကျင်ကို တအံ့တဩ ကြည့်ရှုလိုက်သည်။ ယခုမှ ထိုမျှ ရုတ်ရုတ်သဲသဲ ဖြစ်အောင် ဖန်တီးလိုက်မိမှန်း သိသွားကာ ဖူချင်းယွင်ကို ကမန်းကတန်း တောင်းပန်လိုက်၏။
"ဒီကောင်မလေးတွေရဲ့ မသိနားမလည်မှုကြောင့် သခင်လေးရဲ့ ကျင့်စဉ် နှောင့်နှေးအောင် လုပ်မိမလို ဖြစ်သွားတယ်... သခင်လေး... သူတို့ကို ဗွေမယူပါနဲ့..."
ဖူချင်းယွင်က ပြုံးလိုက်သည်။ "သခင်လေးက အခုထိ ညစာ မစားရသေးဘူး မဟုတ်လား... တစ်ညလုံး လှုပ်ရှားနေခဲ့တာ... မိုးတောင်လင်းတော့မယ်..."
ချင်မူက ပြဿနာအိုး မြေခွေးမလေးကို အတူစားရန် ခေါ်လိုက်၏။
အဝတ်အစား တောက်တောက်ပြောင်ပြောင်နှင့် လူငယ်လေးက စားမကုန်သည်များကို သွန်ပစ်၍ ပန်းကန်ပြား အလွတ်များကို ဆေးကြောရန် ယူသွားလိုက်သည်။ မိန်းမငယ်လေးများက ထိုသည်ကို မြင်သောအခါ အပြေးအလွှား လာ၍ ဆွဲယူရန် ကြိုးစားလိုက်ကြသည်။ "သခင်လေးက ဒီလို နိမ့်ကျတဲ့ အိမ်မှုကိစ္စတွေကို ဘယ်လုပ်လို့ ဖြစ်မှာလဲ... ကျွန်မတို့ လုပ်ပါ့မယ်... ထားလိုက်ပါ..."
ချင်မူက ပြုံးလိုက်၏။ "တာအိုမှာ မြင့်မြတ်တာ၊ နိမ့်ကျတာ မရှိဘူး... အိမ်မှုကိစ္စမှာလည်း ဘယ်လိုလုပ် မြင့်မြတ်တာ၊ နိမ့်ကျတာ ရှိနိုင်မှာလဲ... ငါ ဆေးနေတာ ပြီးပါပြီ... နင်တို့ လက်တွေ ထပ်အညစ်ပတ် မခံတော့နဲ့..."
ဖူချင်းယွင်က မေးလိုက်၏။ "သခင်လေးရဲ့ စွမ်းအင်အဆင့်က ဘယ်လောက် ရောက်နေပြီလဲ..."
ချင်မူက သူ့လက်နှစ်ဖက်တွင် မီးလျှံများ တောင်လောင်စေ၍ စိုနေသော ရေများကို အငွေ့ပျံစေရင်း ပြောလိုက်သည်။ "ဝိညာဉ်သန္ဓေသား အဆင့်မှာပဲ ရှိပါသေးတယ်..."
ဖူချင်းယွင် မျက်မှောင်ကြုတ်လိုက်၏။ ဝိညာဉ်သန္ဓေသားအဆင့် ဆိုသည်မှာ နိမ့်ကျလွန်းနေပြီး နန်းတွင်းကောလိပ်သို့ ဝင်ရောက်ရန် အတော်လေး ခက်ခဲပေလိမ့်မည်။ နန်းတွင်းကောလိပ်မှ ချွင်းချက်အနေဖြင့် လက်ခံပေးသော ကျောင်းတော်သားများပင် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ နိုးထပြီးသော သိုင်းပညာရှင်များသာ ဖြစ်ကြသည်။
ဝိညာဉ်သန္ဓေသား အဆင့်နှင့်သာ ဆိုလျှင် နန်းတွင်းကောလိပ်၏ စစ်ဆေးမှုကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။
ချင်မူမှာ အနည်းဆုံး ဓာတ်ကြီးငါးပါးအဆင့်သို့ ရောက်နေပြီဟု ထင်ခဲ့မိသည်။ လွန်ခဲ့သည့် သုံးနှစ် သူမတို့ တွေ့ခဲ့ရစဉ်ကပင် ချင်မူမှာ ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်နေခဲ့ပြီ မဟုတ်လား...။ လွန်ခဲ့သည့် သုံးနှစ်လုံးလုံး တိုးတက်ခြင်း မရှိဘဲ နေခဲ့လိမ့်မည်ဟု သူမ မမျှော်လင့်မိပေ။
သူမ မသိလိုက်သည်က ချင်မူမှာ အဆင့်အားဖြင့် တိုးတက်လာခြင်း မရှိသော်လည်း သူ၏ ကျင့်စဉ်စွမ်းအင်က ခုန်ပျံ ထိုးတက်ခဲ့သည်။ ထို့ပြင် သူ့ဝိညာဉ်သန္ဓေသားက လေးကြိမ်မြောက် နိုးထခဲ့ပြီ ဖြစ်၍ ချီစွမ်းအင် လေးမျိုးကို စိတ်ရှိတိုင်း လှည့်လည် အသုံးပြုနိုင်ပြီး ချီစွမ်းအင် သိပ်သည်းမှုမှာလည်း အဆင့်တူ သိုင်းပညာရှင်များ ကြား၌ ထူးချွန်မြင့်မားသည်ဟု ဆိုနိုင်၏။
"ဒီနေ့ကနေ တွက်ရင် နန်းတွင်းကောလိပ် ဖွင့်ဖို့ နှစ်ရက် လိုသေးတယ်... သခင်လေးအနေနဲ့ နှစ်ရက်အတွင်း အတားအဆီး နံရံ ချိုးဖျက်ပြီး အဆင့်တက်ဖို့ အစွမ်းကုန် ကြိုးစားရမယ်..."
ဖူချင်းယွင်က ထိုသို့ ပြောလိုက်သော်လည်း သူမ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မိဆဲ ရှိသည်။ နှစ်ရက်အတွင်း နံရံချိုးဖျက် အဆင့်တက်စေခြင်းမှာ လောလွန်းရာကျ၏။ လက်တွေ့ လုပ်ဆောင်ရန် မဖြစ်နိုင်သော ကိစ္စတစ်ရပ် ဖြစ်သည်။
ချင်မူက ခေါင်းညိတ်၍ ပြုံးလိုက်၏။ "နှစ်ရက်အတွင်း အောင်မြင်အောင် လုပ်လိုက်ပါ့မယ်..."
ဖူချင်းယွင်က မိန်းမငယ်လေးများကို မောင်းထုတ်၍ ပြောလိုက်၏။ "ဒီနှစ်ရက်အတွင်း သခင်လေးကို လာမနှောင့်ယှက်ကြနဲ့... မြေခွေးမလေး... နင်လည်း ဒီမှာ မနေနဲ့... သခင်လေး သူ့စိတ်တိုင်းကျ ကျင့်ကြံအားထုတ်ပါစေ..."
ဟူလင်းအာမှ မည်သို့မျှ မတတ်နိုင်ဘဲ သူတို့နောက်မှ လိုက်သွားရ၏။ သို့သော်လည်း ထိုမိန်းကလေးများက မြေခွေးလေးကို ပြောလိုက်ကြသည်။ "ညီမလေး လင်းအာ... ငါတို့ နင့်ကို ညှို့ပုံ ညှို့နည်းတွေ သင်ပေးမယ်... စိတ်ဝင်စားဖို့ ကောင်းတယ်..."
ချင်မူ မဟာမြို့ပျက်မှ ထွက်လာစဉ်က သူ၏ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို ဖွင့်လှစ်၍ ဓာတ်ကြီးငါးပါးအဆင့်သို့ တက်လှမ်းရန် ကြိုးစားခဲ့ဖူးသည်။ လွန်ခဲ့သော ရက်များအတွင်း မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို လေ့လာပြီးနောက် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာနှင့် ပတ်သက်၍ အတော်လေး နားလည်ခဲ့သည်။
မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို နိုးထစေနိုင်မည့် လျှို့ဝှက်ချက်များ ပါဝင်၏။ ထိုကျမ်းစာ၌ တင်ပြထားသည်မှာ "အသွင်သဏ္ဌာန်ကို မေ့ဖျောက်၍ ချီစွမ်းအင်ကို ရွှေရောင် အရည်အဖြစ်သို့ မြှင့်တင်ရမည်။ ကံတရားက မည်သို့ ဖြစ်စေ အတွေးအကြံ တည်ငြိမ်စွာဖြင့် လက်ခံရမည်။ အသွင်သဏ္ဌာန်ကို မေ့ဖျောက်၍ ချီအဖြစ်သို့ လည်းကောင်း၊ ထိုမှတစ်ဆင့် စိတ်ဝိညာဉ် အဖြစ်သို့ လည်းကောင်း ပြောင်းလဲစေ၍ တာအိုစမ်းသပ်မှု သုံးဆင့်ကို ဖြတ်သန်းစေရမည်"
"အနီရောင်နန်းတော်သည် ချစ်ချစ်တောက် ပူလောင်သည့် လမီးဖိုထက်၊ ဝိညာဉ်သန္ဓေသားသည် ဆိတ်ငြိမ်သည့် မဟာပလ္လင်ထက်တွင် ထားရှိရမည်။ ဟင်္သာပြဒါးက မီးငှက်သွေး၊ ပြဒါးက လိပ်နက်အသည်း ဖြစ်၏"
"ရွှေနှင့် ခဲကို မြေအိုးအဖြစ် သော်လည်းကောင်း၊ သစ်သားပြဒါးကို ရွှံ့လုံးအတွင်း သွတ်သွင်း၍ သော်လည်းကောင်း ထားရှိရမည်။ အံ့ဖွယ်ရေကန်ကို ချီပင်လယ်အတွင်း ထား၍ ကောင်းကင်ခန်းဆောင်ကို နန်းစိုက်ဗဟိုချက်တွင် ထားရှိရမည်"
ရွှေရောင်အရည် ဆိုသည်မှာ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာအတွင်းမှ ရွှေရောင် အလင်းတန်းများ ဖြစ်သည်။ ချင်မူက သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ဆိတ်ငြိမ်သည့် မဟာပလ္လင်ကို ဖန်တီးပြီးပြီ ဖြစ်၏။ သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှ ရွှေရောင်ပင်လယ်မှာ ကုန်ခန်းသွားပြီ ဖြစ်ပြီး ချီစွမ်းအင် လည်ပတ်မှုနှင့်အတူ သူ့ဝိညာဉ်သန္ဓေသား၏ အောက်ခြေ၌ မဟာပလ္လင် အမှတ်အသားများကို ဖွဲ့စည်းပြီး ဖြစ်သည်။
ယခု ကျန်ရှိသည်မှာ သူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲမှ ချီစွမ်းအင် ဝင်္ကပါ အမှတ်အသားများကို အသုံးပြု၍ မဟာအလ္လင်တစ်ခု ဖွဲ့စည်းရန် ဖြစ်၏။ ထိုမဟာပလ္လင်၏ ဗဟိုချက်မှာ သူ၏ ဝိညာဉ်သန္ဓေသား ဖြစ်ပေလိမ့်မည်။
ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို ငါးဆင့် ကောင်းကင်ရတနာဟုလည်း ခေါ်၏။ ၎င်းက နှလုံး တည်ရှိရာ ရင်ဝ အလယ်တည့်တည့်တွင် တည်ရှိသည်။ သို့ဖြစ်၍ နှလုံးကို အနီရောင်နန်းတော်ဟု ခေါ်ဆို၏။
မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် ဖော်ပြထားသည့် ဟင်္သာပြဒါးနှင့် ပြဒါးမှာ တင်စားထားခြင်း ဖြစ်သည်။ ဟင်္သာပြဒါးက မီးကို ရည်ညွှန်း၍ ပြဒါးက ရေကို ရည်ညွှန်း၏။ ခဲက ရွှေ၊ သစ်သားပြဒါးက သစ်သား၊ မြေအိုးက မြေဖြစ်ပြီး သက်ဆိုင်ရာ ဓာတ်ကြီး ငါးပါးကို ကိုယ်စားပြုသည်။
မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် ဖော်ပြထားသည်မှာ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို ဖွင့်နိုင်ရန်အတွက် ကြယ်တာရာများကို နေရာချရမည် ဟူ၏။
ကြယ်တာရာများ၏ တည်နေရာဆိုသည်မှာ လူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်ကြီးငါးပါးနှင့် ကိုက်ညီသည့် ကောင်းကင်ယံရှိ ဂြိုဟ်ကြီးငါးလုံးကို ရည်စူးသည်။ ၎င်းတို့မှာ မီးဓာတ် အင်္ဂါဂြိုဟ်၊ ရေဓာတ် ဗုဒ္ဓဟူးဂြိုဟ်၊ ရွှေဓာတ် သောကြာဂြိုဟ်၊ သစ်သားဓာတ် ကြာသပတေးဂြိုဟ်နှင့် မြေဓာတ် စနေဂြိုဟ် ဟူ၍ ဖြစ်၏။ လူတစ်ယောက်နှင့် တစ်ယောက်မှာ မတူညီသည့် ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ၊ မတူညီသည့် ကြီးထွားနှုန်း၊ မတူညီသည့် လိင်အမျိုးအစား ကွဲပြားမှုကြောင့် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာ၏ ဓာတ်ကြီးငါးပါး တည်နေရာများမှာလည်း ကွဲပြားခြားနားသည်။
သို့ဖြစ်၍ သူ့ခန္ဓာကိုယ်အတွင်းရှိ ဓာတ်ကြီးငါးပါး၏ တည်နေရာကို တွက်ချက်ပြီး ကြယ်တာရာများကို နေရာချကာ ချီစွမ်းအင်ဖြင့် နံရံချိုးဖျက်နိုင်ရန် အတွက် ကောင်းကင်ယံရှိ ဂြိုဟ်ကြီးငါးလုံး၏ အကူအညီကို ရယူရန် လိုအပ်ပေသည်။
ချင်မူက သူ့အိတ်ထဲမှ စာရွက်တစ်ထပ်ကြီးကို ထုတ်ယူလိုက်ပြီး ခဲတံနှင့် ပေသီးခုံကိုပါ ထုတ်ယူလိုက်သည်။ သူ့ဘေးတွင်တော့ အတွက်အချက် သင်္ချာကျမ်း ဆယ်အုပ် ရှိနေ၏။ ချင်မူက စာရွက်များကို တဖျပ်ဖျပ် လှန်လိုက်သည်။ စာရွက် အရွက်စီတိုင်း၌ တွက်ချက်ထားသည်များ ပြည့်ညှပ်သိပ်နေ၏။ သူက ဤရက်များအတွင်း အခြေခံနည်းများကို အသုံးပြု၍ ဓာတ်ကြီးငါးပါး၏ တည်နေရာကို တွက်ချက်ထားခြင်း ဖြစ်ပြီး အဆုံးသတ်လုနီးပြီ ဖြစ်သည်။
ပေသီးခုံက တဂျောင်းဂျောင်း မြည်နေ၏။ နေမင်းက ကောင်းကင်ယံထက်တွင် ငွားငွားစွင့်စွင့် နေရာယူလာသောအခါ ချင်မူ အညောင်းဆန့်၍ ထရပ်လိုက်ပြီး ဟိုလျှောက်ဒီလျှောက် လုပ်လိုက်သည်။
ပထမဆုံး စာရွက်၌ သူ ဆွဲထားသည်မှာ နှလုံးပုံ ဖြစ်၏။ ထိုနှလုံး၏ ဘေးတွင်တော့ တွက်ချက်ထားသည်များ ပြည့်သိပ်နေသည်။ ထို့နောက် မျဉ်းကြောင်း ငါးကြောင်းကို နှလုံး ပတ်လည်၌ ပဉ္စဂံပုံ ချိတ်ဆက် ရေးဆွဲထားသည်။ ထောင့်ငါးထောင့်၌ ရွှေဓာတ်၊ သစ်သားဓာတ်၊ ရေဓာတ်၊ မီးဓာတ်နှင့် မြေဓာတ် ဟူ၍ အမှတ်အသား ပြုထား၏။
ချင်မူက ဓာတ်ကြီးငါးပါး၏ အပြန်အလှန် အကျိုးပြုမှုနှင့် တွန်းကန်ဖျက်ဆီးမှုကို တွက်ချက်၍ ကြယ်တာရာများကို နေရာချထားခြင်း ဖြစ်သည်။ နောက်ဆုံးတော့ အနီရောင်နန်းတော်၏ နေရာအတိအကျကို တွက်ချက်ပြီးသွား၏။
ချင်မူ ခြေဆန့်လက်ဆန့် လုပ်ပြီးနောက် သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ စတင် လှုပ်ရှားလိုက်သည်။ သူ၏ ချီစွမ်းအင်က ဟုန်းခနဲ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်လျှောက် အရှိန်အဟုန်ပြင်းစွာ လည်ပတ်လာ၏။ တစ်ချိန်တည်းတွင် ဝိညာဉ်သန္ဓေသားကို ဖြတ်သန်း စီးဆင်းသွားသည့် အခါတိုင်း သူ၏ ချီစွမ်းအင်က ပို၍ ပို၍ ထည်ဝါ အားကောင်းလာသည်။ ချင်မူ၏ ခြေလှမ်းများက မြန်သည်ထက် မြန်လာပြီး အခန်းထဲ၌ လေပွေတစ်ခု ဖြစ်ပေါ်လာသည်။ လေပွေက တဖြည်းဖြည်း အရှိန်ပြင်းလာပြီး တံခါးမနှင့် ပြတင်းပေါက်များ ပွင့်ထွက်ကုန်၏။ ချင်မူက အဆောက်အဦထဲမှ ထွက်လာပြီး မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ခြံဝင်းထဲတွင် မြန်ဆန်သော ခြေလှမ်းများဖြင့် ပတ်လျှောက်နေသည်။
နောက်ဆုံးတွင်တော့ သူ၏ ချီစွမ်းအင်က အဆုံးစွန်ထိ မြင့်တက်လာပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲရှိ မဟာပလ္လင်ထက်မှ ဝိညာဉ်သန္ဓေသားက ထရပ်လာသည်။ ၎င်း၏ လက်နှစ်ဖက်ကို မိုးပေါ်သို့ ဆန့်မြှောက်လိုက်သောအခါ လက်တစ်ဖက်စီမှ ချီစွမ်းအင်ကြိုးမျှင် ငါးချောင်းစီက အထက်ကောင်းကင်ယံသို့ ထိုးတက်သွား၏။ ထိုချီစွမ်းအင်ကြိုးမျှင် နှစ်ခုလျှင် တစ်ခုကျအဖြစ် ပေါင်းစည်းသွားပြီး ကြယ်တာရာ ငါးခုအဖြစ် ပြောင်းလဲသွားသည်။
ထိုကြယ်တာရာ ငါးခုက တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေပြီး ပဉ္စဂံတစ်ခု ဖြစ်လာ၏။ ထိုပဉ္စဂံက ကြေးမုံပြင် တစ်ခုကဲ့သို့ တဖြည်းဖြည်း လင်းလက်လာပြီး ဝှမ်ခနဲ အသံတစ်ချက်နှင့်အတူ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာကို ဖြတ်၍ သွေးကြောမကြီး နှစ်ခုဆီသို့ ထွန်းလင်း ကျရောက်သွားသည်။ ထို့နောက် လည်ပင်းတစ်လျှောက် ဆင်းသက်၍ နှလုံးသွေးညှစ်ခန်းသို့ တိုင်အောင် လင်းလက်သွား၏။
ချင်မူ၏ ချီစွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး အလင်းတန်း လမ်းကြောင်းတစ်လျှောက် စီးဆင်းကာ အလင်းရောင် ကျရောက်နေသည့် နေရာသို့ တစ်ဟုန်ထိုး ဝင်ဆောင့်လိုက်သည်။
သူ့နားနှစ်ဖက်တွင် ဝုန်းခနဲ အသံကြီး မြည်ဟည်းသွားပြီး နှလုံးသွေးညှစ်ခန်းရှိ သဏ္ဌာန်မဲ့ တံခါးချပ်မှာ ပွင့်ထွက်သွားသည်။ ထိုသဏ္ဌာန်မဲ့ အတားအဆီး နံရံမှာ သူ၏ ချီစွမ်းအင်ကြောင့် အပိုင်းပိုင်းအစစ ပျက်စီးသွားပြီး အစအန ရှာမရအောင် ပျောက်ကွယ်သွား၏။ ဤသို့အားဖြင့် ကောင်းကင်ရတနာ တစ်ခု နိုးထလာတော့သည်။
သူ့ခေါင်းထဲတွင် နတ်ဘုရားသံ မြည်ဟည်းလာသော်လည်း ချီစွမ်းအင် လှည့်ပတ်မှုကို အနှောင့်အယှက် မပြုနိုင်မီတွင်ပင် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာက ပွင့်သွားပြီ ဖြစ်သည်။
ချင်မူ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်၏။ လွန်ခဲ့သည့် လတစ်ဝက်ခန့်က စုစည်းထားသည့် ချီစွမ်းအင်များမှာ အရှိန်အဟုန် ပြင်းသည့် အားလှိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တကယ့်ကို ပေါ့ပါးလန်းဆန်းပြီး စိတ်ကျေနပ်စရာ ကောင်းလှ၏။
"သခင်လေးက ဘာလို့ ငြိမ်ငြိမ်ဆိမ်ဆိမ် လေ့ကျင့်မနေဘဲ အပြင်ထွက်လာရတာလဲ..." ဖူချင်းယွင်က မြည်တွန်တောက်တီး၍ ထွက်လာ၏။
ချင်မူက မျက်လုံးများ ဖွင့်လိုက်သည်။ သူ့အရှိန်အဝါ အငွေ့အသက်က အဆက်မပြတ် မြင့်တက်နေပြီး ကျင့်စဉ်စွမ်းအင်က သိပ်သည်းသည်ထက် သိပ်သည်းလာသည်။ သူက ပြုံး၍ ပြောလိုက်၏။ "ကျွန်တော် နံရံ ချိုးဖျက်ပြီးသွားပြီ..."
ဖူချင်းယွင်၏ ရင်ထဲတွင် ဒိုင်းခနဲ ခုန်သွားပြီး သူ့ကို မယုံနိုင်သလို စိုက်ကြည့်လိုက်သည်။ သူမက အထစ်ထစ်အငေါ့ငေါ့ ရေရွတ်လိုက်၏။ "ဘာ... ဘာကို ချိုးဖျက်လိုက်တာလဲ..."
"ကျွန်တော့် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာရဲ့ အတားအဆီးနံရံကို ချိုးဖျက်ပြီးပြီလို့ ပြောတာပါ..." ချင်မူက ပြုံးလိုက်၏။
ဖူချင်းယွင်၏ ခေါင်းထဲတွင် မိုက်ခနဲ ဖြစ်သွားသည်။ "ကျွန်မ... ကျွန်မ... အခုလေးတင်မှ သခင်လေး အခန်းထဲက ထွက်လာတာ မဟုတ်ဘူးလား..."