နတ်ဆေးသမားတော်
Vol. 9 Ch. 113
ဖူချင်းယွင်၏ အတွေ့အကြုံအရ နံရံချိုးဖျက်ခြင်း ဖြစ်စဉ်မှာ တစ်ခါထက်မနည်း ကြိုးစားရန် လိုအပ်၏။ တချို့ဆိုလျှင် နံရံချိုးဖျက်ခြင်း အောင်မြင်ရန် အကြိမ်ပေါင်း ထောင်ချီ၍ ကြိုးစားရသည်။
ကြယ်တာရာ နေရာများကို တွက်ချက်သည်က တစ်ကဏ္ဍ ဖြစ်၍ နံရံချိုးဖျက်ခြင်းက တစ်ကဏ္ဍ ဖြစ်သည်။
ဓာတ်ကြီးငါးပါး အတားအဆီးနံရံကို ချိုးဖျက်ရန် ချီစွမ်းအင်ဖြင့် ထပ်ခါ ထပ်ခါ တိုးတိုက်ပြီး အက်ကြောင်းငယ်လေး တစ်ခု ဖန်တီးရ၏။ ထို့နောက်မှ ၎င်းအက်ကြောင်းကို ပိုကြီးလာအောင် လုပ်ပြီး တဖြည်းဖြည်းချင်း ဖြိုခွဲယူရသည်။ အတားအဆီးနံရံက ပြန်စေ့ပိတ်နိုင်ခြင်း မရှိတော့ဘဲ အပြီးအပိုင် ပြိုကွဲသွားသောအခါမှ နံရံချိုးဖျက်ခြင်း အောင်မြင်သည်ဟု သတ်မှတ်နိုင်၏။
ချင်မူက သူမ ထွက်သွားပြီး မကြာမီပင် နံရံချိုးဖျက်ခြင်း အောင်မြင်သွားသည်။ ဤအဖြစ်မျိုးက လွန်စွာ ရှားပါးလှ၏။
"မဟုတ်မှ လွဲရော..."
ဖူချင်းယွင်၏ ရင်ထဲ၌ ထိတ်ခနဲ ခုန်သွား၏။ မဟုတ်မှ လွဲရော၊ ချင်မူ၏ ချီစွမ်းအင်က တစ်မူ ထူးကဲစွာ ပြင်းထန် အားကောင်းနေချေလိမ့်မည်။ သို့မှသာ နံရံချိုးဖျက်ခြင်းကို တစ်ခါတည်းနှင့် အောင်မြင်နိုင်မည် ဖြစ်သည်။
"သခင်လေး... ကျွန်မတို့ ချီစွမ်းအင်သက်သက် သုံးပြီး လက်ဝါးချင်း ရိုက်ကြည့်ရအောင်..."
ချင်မူ ဇဝေဇဝါ ဖြစ်သွားသည်ကို မြင်သောအခါ ဖူချင်းယွင် ပြုံးလိုက်၏။ "ကျွန်မရဲ့ တခြား ကောင်းကင်ရတနာတွေ ပိတ်ထားပြီး ဝိညာဉ်သန္ဓေသားနဲ့ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာပဲ ချန်ထားမှာပါ... သခင်လေးရဲ့ ကျင့်စဉ်စွမ်းအင်က ဘယ်လောက် နက်ရှိုင်းလဲ စမ်းသပ်ချင်လို့ပါ..."
ချင်မူက ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်၏ လက်ဝါးချင်း ထိကပ်သွားပြီး ချီစွမ်းအင်များ ဟုန်းခနဲ ထွက်ပေါ်လာသည်။ ဖူချင်းယွင်မှာ အင့်ခနဲ အသံတစ်ချက် ညည်းမိသွားပြီး သူမ၏ နားထဲတွင် လေတိုးသံ တဝှီးဝှီး မြည်သွား၏။ သူမ၏ မျက်စိရှေ့မှ မြင်ကွင်းများမှာ အဆက်မပြတ် ပြောင်းလဲနေပြီး နောက်ဘက်သို့ လွင့်ထွက်၍ အဆောက်အဦနှင့် နံရံများကို တိုက်ချသွားသည်။ ထို့နောက်တွင်မှ အရှိန် တဖြည်းဖြည်း လျော့၍ နံရံတစ်ခုတွင် နစ်ဝင် ရပ်တန့်သွားသည်။
တစ်ကိုယ်လုံး ဖုန်အလူးလူးနှင့် နံရံထဲမှ ပြန်ထွက်လာပြီး ခေါင်းမော့ ကြည့်ရှုလိုက်၏။ သူမက ချင်မူနှင့် ကိုက် တစ်ရာ့သုံးဆယ် အကွာသို့ ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်မိသည်။ သူတို့နှစ်ယောက်ကြားရှိ အဆောက်အဦနှင့် နံရံများကတော့ လူပုံသဏ္ဌာန် အပေါက်များ ဖြစ်ကျန်ခဲ့၏။ ထိုအပေါက်များမှတစ်ဆင့် ချင်မူ့ကို လှမ်းမြင်ရပြီး သူမ၏ ရင်ထဲတွင် ထိတ်လန့်မှု မပြယ်နိုင်သေးဘဲ ဖြစ်သွားသည်။
သူမက ဓာတ်ကြီးငါးပါးအဆင့် ခွန်အားကိုသာ အသုံးပြုခဲ့ပြီး ချင်မူ၏ ချီစွမ်းအင်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ သူတို့ နှစ်ယောက်၏ ခွန်အား ခြားနားချက်က ထိုမျှ ကြီးမားလိမ့်မည်ဟု မမျှော်လင့်ခဲ့မိ။ သူမ စိတ်ဓာတ် ကျသွား၏။
ဤသည်က သူမအတွက် ကြီးစွာသော ထိုးနှက်မှုကြီး တစ်ခု ဖြစ်သည်။
သို့သော်လည်း များစွာ မကြာလိုက်ဘဲ သူမ၏ စိတ်များ ပြန်လည် တည်ငြိမ်သွားသည်။ "သူက ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းသခင်လေးပဲ မဟုတ်လား... ဒီလို ကျင့်စဉ်စွမ်းအင်မျိုး ရှိနေတာ သဘာဝကျပါတယ်... ပြီးတော့ ဒုက္ခိတဘိုးဘွား ကျေးရွာမှာ စမ်းသပ်ခဲ့ကတည်းက ငါ မရှုမလှ ရှုံးနိမ့်ခဲ့ပြီးသားပဲ..."
ချင်မူက ကသောကမျော ပြေးလာ၏။ ဖူချင်းယွင်က ပြုံးလိုက်သည်။ "ကိစ္စမရှိဘူး... ရတယ်... ထင်ထားတဲ့ အတိုင်းပဲ၊ သခင်လေးရဲ့ ကျင့်စဉ်စွမ်းအင်က ထူးထူးကဲကဲကို အားကောင်းနေတယ်... ဂိုဏ်းချုပ်နဲ့ ဂိုဏ်းသခင်မရဲ့ ဆုံးဖြတ်ချက်က မမှားခဲ့ဘူး... နန်းတွင်းကောလိပ်ဖွင့်ဖို့ တစ်ရက်နဲ့ နေ့တစ်ဝက် ကျန်သေးတယ်... သခင်လေးအနေနဲ့ အဆင့်သစ်မှာ အသားကျအောင် လေ့ကျင့်လိုက်ပါဦး..."
ချင်မူ သဘောပေါက်၏။ ဓာတ်ကြီးငါးပါး နံရံချိုးဖျက်ခြင်း အောင်မြင်ပြီး နောက်ထပ် ကောင်းကင်ရတနာ တစ်ခု နိုးထလာခြင်းနှင့်အတူ သူ့ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှု အချို့ ဖြစ်ပေါ်လာပေလိမ့်မည်။ သူ့အနေဖြင့် စစ်ဆေး ကြည့်ရှုရသေးခြင်း မရှိသေးပေ။
ဖူချင်းယွင်က ပတ်ဝန်းကျင် တစ်ခွင်ကို လှည့်ပတ် ကြည့်ရှု၍ တစ်ကိုယ်တည်း မချိပြုံး ပြုံးလိုက်မိသည်။ ချင်မူ ရောက်လာပြီးကတည်းက မိုးသံနားဆင် စံအိမ်မှာ ကပ်ဆိုးများ တစ်ခုပြီး တစ်ခု ကျရောက်ခဲ့ရ၏။ စံအိမ်တစ်ခုလုံး ဗြောင်းဆန်လိုဆန်၊ အဆောက်အဦများ ဟောင်းလောင်း ပွင့်ထွက်လိုထွက် ဖြစ်ခဲ့ရသည်။
"ဘာပဲပြောပြော သူက ဂိုဏ်းသခင်လေး မဟုတ်လား... သူ သွားတဲ့ နေရာတိုင်း အပျက်စီးပုံ ဖြစ်တာ... ကံကောင်းလို့ နောက်နှစ်ရက်နေရင် ငါ့ဆီက ထွက်သွားပြီး နန်းတွင်းကောလိပ်ကို သွားဖျက်ဆီးတော့မှာ... အင်း... ဂိုဏ်းချုပ်တော့ ခေါင်းကိုက်ပြီ... ငါတော့ အဲကျမှ သက်သာရာ ရမယ်..."
ချင်မူမှာ ဖူချင်းယွင်၏ အတွေးထဲတွင် သူက နန်းတွင်းကောလိပ်ကို ဖျက်ဆီးပြီးနေပြီ ဖြစ်မှန်း မသိလိုက်ဘဲ သူ့အခန်းထဲသို့ ပြန်သွား၏။ ငြိမ်သက်စွာ ထိုင်ချလိုက်ပြီးနောက် သူ၏ အသိစိတ်ကို ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာထဲသို့ ပို့လွှတ်လိုက်သည်။ ထိုကောင်းကင်ရတနာထဲတွင် နက္ခတ်တာရာများ စုံလင်သော ကောင်းကင်တစ်ခု ရှိနေပြီး ကြယ်ကြီး ငါးလုံး ထွန်းလင်းနေ၏။ ၎င်းတို့မှ လွဲလျှင် ကျန်နေရာများမှာ အမှောင်ထုသာ ကြီးစိုးနေသည်။
"ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာက ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနဲ့ တကယ့်ကို တခြားစီပါလား..."
ချင်မူ အံ့အားသင့်သွားသည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်တွင် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာအတွက် ကျင့်စဉ် မရှိချေ။ သူ ခေါင်းကိုက်သွား၏။
လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို မှတ်တမ်းတင်ထားသည့် ပုံများ သူ မြင်တွေ့ခဲ့သည်။ ပထမ နှစ်ပုံသာ အကောင်းအတိုင်း ရှိပြီး တတိယပုံက အပြည့်အစုံ မဟုတ်ချေ။ ချင်မူ အတတ်နိုင်ဆုံး ကြိုးစား၍ ထိုမပြည့်မစုံပုံကို စဉ်းစားကြည့်လိုက်သည်။ ထိုပုံထဲတွင် ကြယ်တာရာများ ရှိသော်လည်း ကြယ်ကြီး ငါးလုံးအပြင် နတ်ဘုရား ငါးပါးလည်း ရှိ၏။ ထိုနတ်ဘုရား တစ်ပါးစီက သီးခြား သွင်ပြင်နှင့် သီးခြား စွမ်းအင် စီးဆင်းရာ လမ်းကြောင်းများ ရှိကြသည်။
သို့သော်လည်း ထိုပုံ၏ တစ်ဝက်ကျော်က ပျက်စီးနေပြီး နှစ်ကာလများစွာ ဖြတ်သန်းခဲ့သည့်အတွက် စွမ်းအင် စီးဆင်းရာ လမ်းကြောင်းမှာ မှုန်ဝါးနေချေပြီ။
ချင်မူ သူ့စိတ်သူ တည်ငြိမ်အောင် ထိန်းလိုက်၏။ သူ၏ အသိစိတ်က မျောလွင့်နေသည်။ နက္ခတ်တာရာ စုံလင်သည့် အေးစိမ့်စိမ့် ကောင်းကင်ထက်ရှိ ကြယ်များထဲမှ တစ်ပွင့်ထံသို့ သူ့အသိစိတ်ကို ပျံသန်းသွားရန် ပြင်လိုက်သည်။
သို့သော်လည်း သူ၏ အသိစိတ် ပျံသန်းသွားသည်နှင့် ထိုကြယ်ပွင့်ကလည်း အဝေးသို့ ပျံပြေးသွားသကဲ့သို့ ရှိ၏။ သူနှင့် ထိုကြယ်ကြား အကွာအဝေးက ပြောင်းလဲသွားခြင်း မရှိပေ။
ချင်မူ မျက်မှောင်ကြုတ်၍ အခြား ကြယ်များဆီသို့ ပျံသွားကြည့်လိုက်၏။ ထိုကြယ်များကလည်း သူ အနားသို့ ကပ်သွားသည်နှင့် အဝေးသို့ ပျံသွားကြသည်။
"ဘယ်လို ဖြစ်တာလဲ..."
ချင်မူ ကျောက်ရုပ်သဖွယ် ဖြစ်သွား၏။ သူက ထိုကြယ်များပေါ်၌ ကျင့်စဉ်ပုံထဲတွင် ပါသည့် နတ်ဘုရား ငါးပါး ရှိ၊ မရှိ သွားကြည့်လိုခြင်းသာ ဖြစ်သည်။ သို့သော်လည်း ယခု ထိုကြယ်များဆီသို့ သွား၍ မရသဖြင့် သူ့စိတ်ကူးကို လက်လျှော့လိုက်ရသည်။
သူ့အသိစိတ်က ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာထဲတွင် ကျန်ရှိနေသေး၏။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို ထုတ်သုံးလိုက်သောအခါ ထူးဆန်းသော ပြောင်းလဲမှု တစ်ခု ဖြစ်လာသည်ကို မြင်လိုက်ရသည်။ လိမ္မော်ရောင် ကြယ်တစ်ပွင့်က လှုပ်ခါလာပြီး မီးလျှံကဲ့သို့ အနီရောင် အလင်းတန်းတစ်ခုက သူ၏ အသိစိတ်အလျဉ်ပေါ် ဝီခနဲ ကျရောက်လာ၏။
ချင်မူမှာ သူ၏ အသိစိတ်အလျဉ်ထဲသို့ မီးလျှံသဖွယ် တရှိန်ရှိန် တောက်လောင်နေသော စွမ်းအင်များ တိုးဝင်လာသည်ကို တစ်မုဟုတ်ချင်း ခံစားလိုက်မိသည်။ ထိုစွမ်းအင်က သူ့အသိစိတ်အလျဉ်၏ ဖွဲ့စည်း တည်ဆောက်ပုံကို ပြောင်းလဲသွားစေပြီး အသိစိတ်အလျဉ်တွင် ရုပ်ခန္ဓာတစ်ခု ဖွဲ့တည်လာ၏။
မီးလျှံများ၏ စေ့ဆော်မှုအောက်တွင် သူ့အသိစိတ်အလျဉ်မှာ ခြေထောက်များ ပေါက်လာ၏။ ထို့နောက် လက်များ ပေါက်လာ၏။ ထို့နောက် ခေါင်းထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်း၌ သူ၏ အသိစိတ်အလျဉ်မှာ ထိုစွမ်းအင်နှင့် ပေါင်းစည်းသွားပြီး လူမျက်နှာနှင့် နွားကိုယ်လုံး ရှိသော ထူးဆန်းသည့် သတ္တဝါ တစ်ကောင် ဖြစ်သွားသည်။
ချင်မူ ကြက်သေသေသွား၏။ သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သာအခါ သူ့ကိုယ်လုံးမှာ အနီရောင် ရဲတောက်နေသော နွားထီးတစ်ကောင် ဖြစ်နေပြီး တင်ပါး၌ နွားမြီးတစ်ချောင်း ပေါက်နေကြောင်း တွေ့လိုက်ရသည်။ အမြီးရှေ့ပိုင်းက ပြောင်ချော ဖြစ်ပြီး အမြီးဖျားတွင်တော့ အမွေးရှည်များ ရှိနေသည်။
ချင်မူ သူ့အမြီးကို ယမ်းကြည့်လိုက်သောအခါ သူ၏ ကြီးမားတုတ်ခိုင်သော တင်ပါးများပေါ် ပြန်ရိုက်မိပြီး စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။
သူ၏ ခြေထောက် နှစ်ချောင်းက နွားခြေထောက်များ ဖြစ်နေပြီး ပေါင်ကြွက်သားများက တောင့်တင်းသန်မာလှ၏။ ဆင်ခြေထောက်ကဲ့သို့ တုတ်ခိုင်လှသော်လည်း ဒူးအောက်ပိုင်းကတော့ သေးသွယ်သွားသည်။ ခြေဖဝါးများကတော့ နွားခွာများ ဖြစ်နေ၏။
ထိုမျှသာမက၊ မီးဓာတ် ကြယ်တာရာထံမှ ထွက်ပေါ်လာသည့် အလင်းတန်းများက သူ့ခြေထောက်အောက်တွင် ချွန်ထက်သော သွားများနှင့် ခြေသည်းများရှိသည့် မီးနဂါး နှစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။
မီးနတ်ဘုရား...။
ချင်မူ၏ ရင်ထဲ၌ ထိတ်ခနဲ ခုန်သွားသည်။ ဤပုံသဏ္ဌာန်နှင့် တူသော ရုပ်တုများကို နယ်စပ်နဂါးမြို့ရှိ ရှေးဟောင်းကျောင်းဆောင်များတွင် တွေ့ခဲ့ဖူးသည်။ မဟာမြို့ပျက်ရှိ လူများက ထိုရုပ်တုများကို မီးနတ်ဘုရားအဖြစ် ကိုးကွယ်ကြ၏။
သို့သော်လည်း မီးဓာတ် ကြယ်တာရာထံမှ ထွက်ပေါ်လာသော စွမ်းအင်က များစွာ အားကောင်းခြင်း မရှိ။ သူ့အသိစိတ်အလျဉ်မှ ဖွဲ့တည်လာသော ခန္ဓာကိုယ်မှာ ခပ်ဝါးဝါး ပုံရိပ်မျှသာ ရှိသေး၏။
"ကြည့်ရတာ ဒါ ငါ့ရဲ့ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာထဲက မီးဓာတ် ကောင်းကင်ရတနာ ဖြစ်နေမလား... အဲဒီလိုဆိုရင် တခြားဓာတ်တွေကရော..."
ချင်မူ ထိုအတွေး ပေါ်လာသည့် အခိုက်တွင်ပင် ကောင်းကင်ယံမှ အပြာရောင် ကြယ်တစ်လုံးက လှုပ်ခါလာ၏။ ပင်လယ်ပြာကဲ့သို့သော အလင်းရောင်တန်းက ထိုကြယ်ထံမှ သူ့ကိုယ်ပေါ်သို့ ဝီခနဲ ထိုးကျလာသည်။
တစ်ချိန်တည်းမှာပင် မတူညီသည့် အရောင်များ ရှိသော အခြား ကြယ်သုံးပွင့်ထံမှလည်း အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ကိုယ်ပေါ်သို့ တစ်ခုပြီး တစ်ခု ကျရောက်လာ၏။
ချင်မူ ညည်းတွား အော်ဟစ်လိုက်ပြီး မီးနတ်ဘုရား အသွင်သဏ္ဌာန် ပျက်ပြယ်သွားသည်။ တစ်ချိန်တည်းတွင် အခြားသော အသွင်သဏ္ဌာန် ပြောင်းလဲမှုများ စတင် ဖြစ်ပေါ်လာ၏။ သို့သော်လည်း ကြယ်ကြီး ငါးပွင့်ထံမှ စွမ်းအင်များ၏ ဓာတ်သဘာဝက တူညီခြင်း မရှိဘဲ ကွဲပြားခြားနားနေသဖြင့် တစ်ခုနှင့် တစ်ခု ဆန့်ကျင် ကန့်သတ်လာကြသည်။ ထိုစွမ်းအင်များက သူ့အသိစိတ်အလျဉ်ထဲတွင် ထိပ်တိုက်တွေ့၍ တစ်ခုနှင့် တစ်ခု တိုက်ခိုက် ဖျက်ဆီးနေကြ၏။
ဘုန်း...။
ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီး ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာထဲသို့ ဝင်ရောက်သွားသည့် ချင်မူ၏ အသိစိတ်အလျဉ်မှာ ပေါက်ကွဲ ပျက်စီးသွားသည်။ သူ့မျက်လုံးထဲတွင် အမှောင်ထုကြီး ဖုံးလွှမ်းလာပြီး သတိလစ်သွား၏။
သူ နိုးလာသောအခါ ခုတင်တစ်လုံးပေါ်တွင် လဲလျောင်းလျက် ရှိပြီး ဟူလင်းအာက သူ၏ နဖူးပေါ်တွင် ရေနွေးဝတ်တစ်ထည် တင်ပေးထားကြောင်း တွေ့လိုက်သည်။ သူ့ခေါင်းတစ်ခုလုံး ပြင်းထန်စွာ နာကျင်နေပြီး ဖရဲသီးတစ်လုံးကို ကြမ်းပြင်တွင် ရိုက်ခွဲလိုက်သောအခါ အစိတ်အမြွှာမြွှာ ကွဲထွက်သွားသလိုမျိုး ခံစားနေရသည်။
သူ့အိပ်ရာရှေ့တွင် မိန်းမပျိုလေးများက စိတ်ပူသော အမူအရာဖြင့် ရပ်နေကြသည်ကို တွေ့ရသည်။
"သခင်လေးက ချီစွမ်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်သွားတာ ထင်တယ်... ကံကောင်းလို့ လင်းအာက စောစောတွေ့ပြီး ကျွန်မတို့ကို လာခေါ်တာ..."
ဖူချင်းယွင်က စိတ်ပူသော အမူအရာဖြင့် ပြောလိုက်၏။ "သခင်လေး... ကျွန်မ ဆေးကျိုခိုင်းထားပါတယ်... ခဏနေ ရတော့မယ်... ဒါပေမဲ့ နန်းတွင်းကောလိပ်က နောက်နှစ်ရက်ဆို ဖွင့်ပြီ... သခင်လေးက အဲရက်မတိုင်ခင် ပြန်မကောင်းနိုင်မှာ စိုးရိမ်မိတယ်... ချီစွမ်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်တာက ပြန်ကောင်းဖို့ ဆယ်ရက်ကျော် အချိန်ယူရတယ်..."
အခန်းအပြင်တွင်တော့ မိန်းကလေး နှစ်ယောက်က ဆေးကျိုနေပြီး ဆေးနံ့က အခန်းထဲထိ သင်းပျံ့လာ၏။ ချင်မူက အားယူ၍ ထထိုင်လိုက်ပြီး ဆေးနံ့ ရှူကာ ပြောလိုက်သည်။ "ကျွန်တော်က အသိစိတ်အလျဉ် ထိခိုက်ပြီး စိတ်ဝိညာဉ်မှာ ဒဏ်ရာရသွားတာ... အခု ကျိုနေတဲ့ ဆေးက ဖော်စပ်ပုံ မှန်ပေမဲ့ ဝံပုလွေအဆိပ်ပင် လိုနေတယ်... ဝံပုလွေအဆိပ်ပင် နှစ်ပင် နုတ်ခဲ့... ကျွန်တော့်ကို ထူပေး... ကျွန်တော် ဆေးကျိုမယ်..."
ဖူချင်းယွင်မှာ အံ့အားသင့်သွား၏။ ဤသခင်လေးက ဆေးဖော်စပ်သည့် ပညာရပ်ကိုပါ တတ်ကျွမ်းသည်လား။
သူမက သံသယ ဝင်မိသော်လည်း ချင်မူ ပြောသည့် ဆေးပင်ကို နုတ်ယူလာရန် မိန်းမပျိုလေးများကို စေခိုင်းလိုက်၏။ ချင်မူ့ကို ထူမတ်ပေးလိုက်သောအခါ သူ၏ အသိစိတ်အလျဉ်က ယိုင်နဲ့နဲ့ ဖြစ်နေပြီး လှုပ်ရှားရန်ပင် ခက်ခဲနေကြောင်း တွေ့လိုက်ရသဖြင့် ဆေးကျိုအိုးနှင့် မီးဖိုကို အထဲယူလာရန် စေခိုင်းလိုက်သည်။
ချင်မူက သူ့ခေါင်းထဲတွင် တစစ်စစ် ကိုက်ခဲနေသည်ကို ကျိတ်မှိတ်၍ သူ၏ ချီစွမ်းအင်ဖြင့် ဆေးကျိုအိုးကို မ,ယူလိုက်သည်။ ထို့နောက် အသာအယာ လှုပ်ယမ်းလိုက်သောအခါ ဆေးကျိုအိုးက မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျသွားသည်။ သို့သော်လည်း အိုးထဲရှိ ရေနှင့် ဆေးပင်များက သူ့ချီစွမ်းအင်၏ ထိန်းချုပ်မှုကြောင့် လေထဲတွင် မျောလွင့်နေသည်။ ဆေးပင်သွားယူသော မိန်းကလေး ရောက်လာသောအခါ ဝံပုလွေအဆိပ်ပင်ကို ချက်ချင်း ပစ်ထည့်လိုက်၏။
ချင်မူ၏ လက်ဟန် လှုပ်ရှားမှုများက အဆက်မပြတ် ပြောင်းလဲနေပြီး မကြာမီတွင် ဆေးပင်များ၏ အဆီအနှစ်များ ရောနှောသွားသည်။ သူ့လက်က အသာအယာ ခူးဆွတ်သည့်ဟန်သို့ ပြောင်းသွားပြီးနောက် အနယ်အနှစ်များက ရေထဲမှ အလိုလို ထွက်ကျသွားသည်။ ထို့နောက် ရေများ အငွေ့ပျံသွားပြီး အနီရောင် ဆေးလုံး အနည်းငယ်သာ ကျန်ခဲ့တော့၏။
ချင်မူက ထိုအနီရောင် ဆေးလုံးများကို သောက်ချလိုက်ပြီး ဆေးစွမ်းအင်များကို လှည့်ပတ်လိုက်သည်။ သူ့ ခေါင်းကိုက်ဝေဒနာက တဖြည်းဖြည်း သက်သာလာသော်လည်း တစ်ချက်တစ်ချက်တွင် ခေါင်းကွဲလုမတတ် နာကျင်မှုကို ခံစားရသေး၏။ "မနက်ဖြန် မနက်ကျရင် နောက်ထပ် ဆေးတစ်ဖုံ ဖော်ရဦးမယ်... အဲဒီဆေး သောက်ပြီးရင်တော့ အရှင်းပျောက်ပါပြီ..."
အခန်းထဲရှိ မိန်းမပျိုလေးများမှာ အံ့အားသင့်သွားကြသည်။ ချင်မူ၏ ဆေးဖော်စပ်သည့် နည်းမှာ သေသပ်တိကျပြီး အဆက်မပြတ် ပြောင်းလဲနေကာ မျက်စိပသာဒ ဖြစ်လှသည်။
ချီစွမ်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်ခြင်းက ပေါ့သေးသေးကိစ္စ မဟုတ်ပေ။ နေ့တစ်ဝက်အတွင်း အရှင်းပျောက်အောင်ပင် ဤဆေးက အစွမ်းထက်သည်လား။
"ရှေ့ဆက် ကျင့်ရမယ့် ကျင့်စဉ် မရှိဘဲနဲ့ ငါ့ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို လေ့ကျင့်နိုင်မှာ မဟုတ်ဘူးနဲ့ တူတယ်... ဒီကောင်းကင်ရတနာရဲ့ စွမ်းအားကိုလည်း ငါ့ကိုယ်ပိုင် ကျင့်စဉ်စွမ်းအင် ဖြစ်အောင် လုပ်နိုင်မှာ မဟုတ်ဘူး..."
ချင်မူ အားအင်ပြန်ပြည့်လာပြီး ထရပ်၍ ပြုံးလိုက်၏။ "ကျွန်တော် အလောတကြီးနဲ့ မဆင်မခြင် လုပ်မိလို့ အစ်မတော်တို့ကို စိတ်ပူစေရပါပြီ..."
"သခင်လေးက ဆေးပညာမှာ ကျွမ်းကျင်တာ ဆိုတော့ အမျိုးသမီး ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ရော နှံ့စပ်ပါလား မသိဘူး..." မိန်းကလေး တစ်ယောက်က ရုတ်တရက် ထမေးလိုက်၏။
ချင်မူက ပြန်ပြောလိုက်သည်။ "ဆေးပညာနဲ့ ပတ်သက်တာ မှန်သမျှ အကုန်လုံးကို တီးမိခေါက်မိ ရှိပါတယ်..."
ထိုမိန်းကလေး၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။ "ကျွန်မရဲ့ သားအိမ်နေရာက နည်းနည်း နာနေတာ... အဲဒါ သခင်လေးများ..."
ချင်မူက သူမ၏ သွေးခုန်နှုန်းကို စမ်း၍ ပြုံးလိုက်၏။ "မစိုးရိမ်ရပါဘူး... မိန်းကလေးရဲ့ ချီစွမ်းအင်မှာ နည်းနည်း ဖောက်လွှဲဖောက်ပြန် ဖြစ်လို့ သားအိမ်ကို အအေးမိသွားတာပါ... ဆေးစာ ရေးပေးလိုက်မယ်..."
မိန်းကလေး တစ်ယောက်က ကမန်းကတန်း ရှေ့ထွက်လာပြီး စုတ်တံနှင့် မင်အိုးကို ပေးလိုက်၏။ ချင်မူက စုတ်တံကို ကောက်ယူ၍ ဆေးနည်းတစ်ခုကို ရေးချလိုက်သည်။ "ဒီဆေးက သားအိမ်နွေးထွေးစေတဲ့ဆေးပဲ... ဒါကို သောက်လိုက်... မိန်းကလေး ခံစားနေရတဲ့ ဝေဒနာ အမြစ်ပြတ်သွားအောင် ချီစွမ်းအင်ကို ပြုပြင် ပြောင်းလဲပေးလိမ့်မယ်..."
အခန်းထဲရှိ ကျန်သည့် မိန်းကလေးများ၏ မျက်လုံးများမှာလည်း အရောင်တောက်သွားကြသည်။ ကုချင်း တီးခတ်သည့် မိန်းကလေးက မျက်နှာတစ်ပြင်လုံး နီ၍ လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "သခင်လေး... ကျွန်မမှာလည်း ပြဿနာလေး တစ်ခု ရှိတယ်..."
"သခင်လေး... ကျွန်မကိုလည်း ကြည့်ပေးပါဦး..."
"သခင်လေး... ကျွန်မရဲ့ ရာသီသွေးက မမှန်ဘူး ဖြစ်နေတယ်..."
...။
ဖူချင်းယွင် ခေါင်းကြီးသွားပြီး အော်ဟစ်လိုက်၏။ "သခင်လေးက အခုမှ ချီစွမ်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်ထားတာ... အရှင်းတောင် မပျောက်သေးဘူး... နင်တို့ အကုန်လုံး ဆူညံမနေကြနဲ့... သခင်လေး အေးအေးဆေးဆေး နားပစေ..."
ချင်မူက ပြုံးလိုက်၏။ "ကိစ္စမရှိပါဘူး... ချီစွမ်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်ထားတာ ဆိုတော့ ကျွန်တော်လည်း ကျင့်စဉ် ကျင့်လို့ မရသေးဘူး... ကျွန်တော် နားနေတုန်းလေး ဒီက အစ်မတော်တွေရဲ့ ဝေဒနာတွေကို ကုပေးလို့ ရပါတယ်... ဆေးကုရတာ သိပ်လည်း အားမကုန်ပါဘူး... ပြီးတော့ မမယွင်အာရဲ့ နေရာမှာ ကျွန်တော် နေခဲ့၊ စားခဲ့တာ မဟုတ်လား... ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့ သူတွေအတွက် ဒီလောက်တော့ ကျေးဇူးပြန်ဆပ်ရမှာပေါ့..."
မိန်းကလေးများက ဝမ်းသာသွားပြီး တန်းစီလိုက်ကြသည်။ ချင်မူက သူတို့၏ ရောဂါများကို ရှာဖွေစမ်းသပ်၍ တစ်ယောက်ချင်းစီအတွက် ဆေးစာများ ရေးပေးလိုက်၏။ ဖီဖာတီးခတ်သည့် မိန်းကလေးက ဖူချင်းယွင် အခန်းထဲတွင်ပင် ရှိနေသေးသည်ကို မြင်သောအခါ ပြုံးလိုက်သည်။ "မမကြီး... မသွားသေးဘူးလား..."
ဖူချင်းယွင်က နှုတ်ခမ်းတွန့်ကွေး၍ ပြုံးလိုက်၏။ တစ်ခဏကြာသောအခါ ရှေ့ထွက်လာပြီး နှုတ်ခမ်းကိုက်၍ လက်ကို ဆန့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ "သခင်လေး... ကျွန်မရဲ့ ကျင့်စဉ်စွမ်းအင်က မြင့်တာ မှန်ပေမဲ့ ကျွန်မ ခန္ဓာကိုယ်မှာ ပြဿနာ နည်းနည်း ရှိနေတယ်... ဒီလပိုင်းတွေမှာ ကျွန်မရဲ့ ရာသီသွေးက မမှန်ဘူး ဖြစ်နေတာ... တစ်ခါတစ်ခါ လာတယ်... တစ်ခါတစ်ခါ မလာဘူး..."