← Chapters

ချက်ချင်းသေဆုံး

Vol. 9 Ch. 114

ချက်ချင်းသေဆုံး

Vol. 9 Ch. 114

ချင်မူက သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်၍ ပြောလိုက်၏။ "လွန်ခဲ့တဲ့ လေးလလောက်က မမကြီး ကျင့်စဉ်လေ့ကျင့်နေတုန်း နံစောင်းဘေးမှာ စူးခနဲ အောင့်ခဲ့ဖူးလား... အဲဒီလို အောင့်ခဲ့ဖူးရင်တော့ ရောဂါ ရှိနေပြီ..."

ဖူချင်းယွင်က ခေါင်းတဆတ်ဆတ် ညိတ်လိုက်၏။ "တစ်ခါက နံစောင်းအောင့်ဖူးတယ်... ဘာမှ မဖြစ်လောက်ဘူး ထင်လို့ ဂရုမစိုက်မိတာ..."

မသိလိုက်မသိဖာသာနှင့် ညအခါကာလသို့ ကျရောက်လာသည်။ မြို့တော်တစ်ခွင်၌ အလှဆင်မီးပုံးများ ထွန်းလင်း၍ နေ့လယ်နေ့ခင်းအလား လင်းထိန်နေ၏။ ပန်းပွင့်လမ်းကြားနှင့် မိုးမခလမ်းကြားကား မြို့တော်၏ နာမည်ကျော် ကျောင်းတော်သားများပင် မကြာခဏ လာရောက်သော နေရာတစ်ခု ဖြစ်သည်။ တော်ဝင်မျိုးနွယ်များနှင့် နန်းတွင်းအရာရှိများသည်လည်း ညအချိန်တွင် မကြာခဏ လာရောက်လည်ပတ်လေ့ရှိ၏။ ပန်းပွင့်လမ်းကြားက ခန္ဓာကိုယ် ရောင်းချသည့် နေရာသက်သက်သာ မဟုတ်။ ညဉ့်ယံ နက်လာလေလေ၊ ခန္ဓာကိုယ် ရောင်းချခြင်း မရှိတော့ဘဲ အနုပညာဖျော်ဖြေမှုများ ပိုများလာလေလေ ဖြစ်သည်။ ပန်းပွင့်လမ်းကြားမှ မိန်းမလှလေးများက အနုပညာလေးရပ်ကို ကျွမ်းကျင်တတ်မြောက်ကြပြီး သီဆိုကခုန်၍ ကဗျာအလင်္ကာများ ရေးဖွဲ့သီကုံးနိုင်ကြသည်။ ထိုအခြင်းအရာက တော်ဝင်မျိုးနွယ်များ၏ စိတ်နှလုံးကို အတော်လေး သိမ်းကြုံး ယူငင်နိုင်စွမ်း ရှိ၏။

သို့သော်လည်း ယနေ့ညတွင်တော့ ပန်းပွင့်လမ်းကြားရှိ အပျော်အိမ်များမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး မိန်းမပျိုလေးများက လမ်းကြားထဲတွင် တန်းစီနေကြ၏။ ဧည့်ခံမည့်သူများ မရှိတော့သည့်အတွက် ဧည့်သည်တော်များက သူတို့နှင့် ရင်းနှီးသည့် မိန်းမပျိုများကို မေးကြည့်လိုက်ကြသည်။ ထိုဧည့်သည်တော်များက မြို့တော်ရှိ ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်၏။ "မိုးသံနားဆင်စံအိမ်မှာ အမျိုးသမီးရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နတ်ဆေးသမားတော် တစ်ယောက် ရောက်နေလို့ သူနဲ့ ပြဖို့ တန်းစီနေကြတာ... အလုပ်လုပ်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး... သခင်လေးတို့ မနက်ဖြန်မှ ပြန်လာခဲ့တာ ပိုကောင်းမယ်..."

"အမျိုးသမီးရောဂါနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ နတ်ဆေးသမားတော် တစ်ယောက်က ပန်းပွင့်လမ်းကြားကို ရောက်လာတယ် ဟုတ်လား..."

လမ်းကြားအပြင်၌ အရပ်သား အဝတ်အစားနှင့် လူကြီးတစ်ယောက်က ဝေါယာဉ် တစ်ခုပေါ်မှ ဆင်းလာပြီး တအံ့တဩ ရေရွတ်လိုက်သည်။ "အဲဒီ နတ်ဆေးသမားတော်ရဲ့ ဆေးပညာက ဘယ်လို အခြေအနေ ရှိသလဲ ဆိုတာ သွားစုံစမ်းကြည့်စမ်း..."

တစ်ခဏ ကြာသောအခါ အစေခံတစ်ယောက်က ပြန်လာပြီး လျှောက်တင်၏။ "သခင်ကြီး... ပန်းပွင့်လမ်းကြားက မိန်းကလေးတွေ အကုန်လုံး ပြောကြတာတော့ အဲဒီ သမားတော်ရဲ့ ရောဂါသုံးသပ်မှုတွေ၊ ဆေးပေးတာတွေက နတ်သမားတော်လိုပဲတဲ့..."

အရပ်ဝတ်နှင့် လူကြီးမှာ ဝေခွဲမရ ဖြစ်နေပြီး သူ့ဘေးမှ အကြံပေးက လေသံတိုးတိုးနှင့် ပြောလိုက်၏။ "သခင်ကြီးက နန်းတော်ထဲကသူအတွက် စဉ်းစားနေတာလား..."

"နေရာတိုင်းမှာ နားတွေ ရှိတယ်... အများကြီး မပြောနဲ့..."

အရပ်ဝတ်နှင့် လူကြီးက သက်ပြင်းတစ်ချက် ချ၍ ဆက်ပြောလိုက်သည်။ "အဲဒီ နန်းတော်ထဲကသူရဲ့ ရောဂါက အတော်ကြာပြီ... နန်းတွင်း သမားတော်တွေတောင် ဘာမှ မတတ်နိုင်ဘူး... ရောဂါ နာမည်တောင် မတပ်နိုင်တဲ့ အဖြစ်ဆိုတော့ သူ့အသက်ကို ဆွဲဆန့်နိုင်မယ့် နတ်ဆေးသမားတော် တစ်ယောက် တွေ့နိုင်ပါစေလို့ပဲ ဆုတောင်းရမယ်... ခက်တာက အချိန်နှောင်းသွားမှာပဲ စိုးရိမ်ရတယ်... တစ်ဆင့်စကား သက်သက်နဲ့က မခိုင်မာဘူး... နန်းတွင်းသမားတော်ရှောင်ကို ဆင့်ခေါ်ပြီး ဒီသမားတော်ကို စမ်းသပ်ခိုင်းလိုက်..."

"အမိန့်အတိုင်းပါ..."

များစွာ မကြာလိုက်ဘဲ နန်းတွင်းသမားတော်ရှောင် ရောက်လာပြီး ဦးညွှတ် အရိုအသေပြုလိုက်၏။ "သခင်ကြီး... ဘာအကြောင်းကိစ္စ ရှိလို့ ကျွန်တော်မျိုးကို ဆင့်ခေါ်တာပါလဲ..."

"အပြင်ဘက်မှာ ထုံးစံတွေ လုပ်မနေနဲ့..."

အရပ်ဝတ်နှင့် လူကြီးက ရှင်းပြလိုက်၏။ "ဒီပန်းပွင့်လမ်းကြားထဲမှာ နတ်ဆေးသမားတော် တစ်ယောက် ရောက်နေတယ်လို့ ပြောတယ်... သမားတော်ရှောင်အနေနဲ့ သူ့အရည်အချင်းကို စစ်ဆေးပြီး နန်းတော်ထဲကသူရဲ့ ရောဂါကို ကုနိုင်လောက်လား အကဲခတ်ပေးပါ..."

နန်းတွင်းသမားတော်ရှာင်က တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေ၏။ သူ၏ မျက်ခုံးမွေးများကတော့ အစိမ်းရောင်သန်း၍ မျက်လုံးများက နီရဲနေသည်။ သူက သရော်တော်တော် ပြောလိုက်၏။ "ပန်းပွင့်လမ်းကြားမှာ ဘယ်လိုလုပ် နတ်ဆေးသမားတော် ရှိနိုင်မှာလဲ... မိန်းမတွေနဲ့ ကလေးတွေကို လိမ်ပြီး နာမည်ကြီးအောင် လုပ်နေတဲ့ လူလိမ်ပဲ နေမှာ... ကျွန်တော်တို့ ဘာလို့ သွားကြည့်နေမှာလဲ..."

အရပ်ဝတ်နှင့် လူကြီးက မျက်မှောင်ကြုတ်လိုက်သဖြင့် နန်းတွင်းသမားတော်ရှောင်၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ကမန်းကတန်း ပြောလိုက်သည်။ "သခင်ကြီး... ကျွန်တော်မျိုးအနေနဲ့ သူ့ကို သွားတွေ့စရာ မလိုပါဘူး... သူ ရေးပေးတဲ့ ဆေးစာကို ကြည့်ရရင် သိပါပြီ..." သူက စကားဆုံးသည်နှင့် သမားတော် ပြပြီး ထွက်လာသော ပန်းပွင့်လမ်းကြားမှ မိန်းကလေး တစ်ယောက်၏ လက်ထဲမှ ဆေးစာကို လုယူလိုက်၏။ ထို့နောက် တစ်ချက်ကြည့်၍ သရော်တော်တော် ပြုံးလိုက်သည်။ "ဒီမှာ ကြည့်လေ... သခင်ကြီး... သူ့ဆေးစာထဲမှာ ပါတဲ့ ပရဆေးပင် အကုန်လုံးက ဈေးပေါပေါ ရနိုင်တဲ့ ဟာတွေချည်းပဲ... ဒီလို အရည်အချင်းမျိုးနဲ့ လူက နန်းတော်ထဲကသူကို ဘယ်လိုလုပ် ကုနိုင်မှာလဲ..."

အရပ်ဝတ်နှင့် လူကြီးက တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။ "ဆေးပင်တွေက ဈေးကြီးကြီး၊ ဈေးပေါပေါ အတူတူပဲ... အကုန်လုံး အသက်ကယ်နိုင်တယ်... ပန်းပွင့်လမ်းကြားမှ နေတဲ့ မိန်းကလေးတွေက တော်ဝင်မျိုးနွယ်တွေ မဟုတ်ဘူး... ငွေအများကြီး ဘယ်ရှိပါ့မလဲ... ဈေးသက်သာတဲ့ ဆေးပင်တွေနဲ့ သူတို့ရဲ့ ရောဂါကို ကုပေးနိုင်တာ တကယ့် အရည်အချင်းပဲ... မင်းနဲ့ ငါ အထဲဝင်ပြီး သွားကြည့်ကြမယ်... မင်းက သူ့ကို စမ်းသပ်..."

နန်းတွင်းသမားတော်ရှောင်က မကျေမနပ်နှင့် ထိုသူ၏ နောက်မှ ပန်းပွင့်လမ်းကြားထဲသို့ လိုက်လာခဲ့၏။ ပန်းပွင့်လမ်းကြားက လွန်စွာ ရှည်လျားလှပြီး ထိုလမ်းကြားထဲတွင် အပျော်အိမ်မှ မိန်းကလေးများ အားလုံး သမားတော်နှင့် ပြရန် တန်းစီ စောင့်ဆိုင်းနေကြသည်။ သူတို့နှစ်ယောက်မှာ ခက်ခက်ခဲခဲ တိုးဝှေ့ပြီးမှ မိုးသံနားဆင်စံအိမ်သို့ ရောက်ရှိသွားသည်။ စံအိမ်ထဲသို့ ဝင်သွားသောအခါ ရွှေချည်ထိုး အဝတ်အစားနှင့် ချောမောခံ့ညားသော လူငယ်တစ်ယောက် လူနာများ ကြည့်နေသည်ကို တွေ့ရ၏။

နန်းတွင်းသမားတော်ရှောင်က သရော်စကား ဆိုလိုက်၏။ "သူ့ကို ကြည့်လေ... အသက်ဖြင့် ဆယ့်လေးနှစ်၊ ဆယ့်ငါးနှစ်ပဲ ရှိသေးတယ်... ပတ်လိမ်နေပြီ... အခု သခင်ကြီး လက်လျှော့လိုက်လို့ ရပြီ မဟုတ်လား... သူ့သွေးခုန်နှုန်းကိုပဲ ကြည့်... အားကောင်းပေမဲ့ တစ်ချက်တစ်ချက် မမှန်ဘူး... ဒါ သူ့ချီစွမ်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်ထားတာပဲ... သူ့ကိုယ်သူတောင် မကုနိုင်တဲ့ လူတစ်ယောက်က ရှေ့ထွက်ပြီး လိမ်ရဲသေးတယ်... သခင်ကြီး... ကျွန်တော်တို့ ပြန်ကြပါစို့..."

အရပ်ဝတ်နှင့် လူကြီးက အမူအရာ ပြောင်းလဲခြင်း မရှိဘဲ ပြောလိုက်သည်။ "မင်းကို ငါ သွားဖို့ ပြောတယ် မဟုတ်လား... သွား..."

နန်းတွင်းသမားတော်ရှောင်မှာ မည်သို့မျှ မတတ်နိုင်ဘဲ ရှေ့ထွက်သွားရ၏။ သူက မိန်းကလေးများကို ဘေးသို့ တွန်းဖယ်ပြီး ချင်မူ၏ ရှေ့၌ ဝင်ထိုင်လိုက်သည်။ သူ့လက်ဖဝါးကို ထိုးပေး၍ ကျယ်လောင်သော အသံဖြင့် ပြောလိုက်၏။ "ငါ့မှာ ဘာရောဂါ ရှိလဲ ကြည့်ပေးစမ်းပါ..."

ချင်မူမှာ အံ့အားသင့်သွားပြီး ထိုအဘိုးကြီးကို ခေါင်းမော့ကြည့်လိုက်သည်။ သူက သွေးခုန်နှုန်းကို မစမ်းဘဲ တည်ကြည်သော အမူအရာဖြင့် ပြောလိုက်၏။ "ဆရာကြီး... ခင်ဗျားရဲ့ ရောဂါက အတော်ဆိုးနေပြီ..."

နန်းတွင်းသမားတော်ရှောင်က သရော်ပြုံး ပြုံး၍ ထရပ်လိုက်၏။ "လူလိမ်... ရဲတင်းလိုက်တဲ့ကောင်..."

"ခင်ဗျားက ဆေးဆရာ တစ်ယောက် မဟုတ်လား..."

ချင်မူက ဆက်ပြောလိုက်၏။ "ခင်ဗျားရဲ့ ခန္ဓာကိုယ်မှာ ဆေးနံ့တွေ ထောင်ချီအောင် ရနေတယ်... ခင်ဗျားက ဆေးတွေကြားမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီးတော့ ဆေးစွမ်းအင်တွေ ကိုယ်ထဲကို ရှူသွင်းနေခဲ့တယ်... ပြီးတော့ ခင်ဗျားဖာသာ ဆေးဖော်စပ်ပြီး မကြာခဏ ဆေးရည်စိမ်ခဲ့တယ်... စွမ်းအင်ဆေးလုံးတွေနဲ့ ဆေးအသစ်အဆန်းတွေ အများကြီးကိုလည်း ကိုယ့်ဖာသာ ဖော်ပြီး သောက်ခဲ့တယ်... ဒါပေမဲ့ ခင်ဗျားက ဆေးပညာကို မကျေညက်လို့ အဲဒီဆေးတွေထဲက အဆိပ်ဓာတ်ကို မဖယ်ရှားနိုင်ခဲ့ဘူး... အခု ခင်ဗျားရဲ့ ကိုယ်ထဲမှာ အဆိပ်ပေါင်း ရာချီအောင် စုမိနေပြီ... ခင်ဗျားရဲ့ မျက်ခုံးက စိမ်းပြီး မျက်လုံးက နီရဲနေတယ်... ဒါကို ကြည့်ရင် ခင်ဗျားကိုယ်ထဲက အဆိပ်ဟာ အရေပြားထဲ စိမ့်ဝင်ပြီး မျက်လုံးအထိ ရောက်ပြီဆိုတာ သိနိုင်တယ်... ဒီအခြေအနေမှာတော့ ခင်ဗျားကို ကယ်လို့ မရတော့ဘူး... ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူး... ယမမင်းကပဲ ခင်ဗျားကို ကယ်နိုင်တော့မယ်..."

နန်းတွင်းသမားတော်ရှောင်မှာ ဒေါသအိုး ပေါက်ကွဲသွား၏။ သူက ဒေါသ ထွက်လွန်း၍ အံကြိတ်ပြုံးပြကာ မေးလိုက်သည်။ "ဆေးဆရာလေး... ကျုပ် ဘယ်လောက် အသက်ရှင်နိုင်ဦးမလဲ ပြောပါဦး..."

ချင်မူက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ပြန်ပြောလိုက်၏။ "ခင်ဗျား ဒေါသမထွက်ရင်တော့ နည်းနည်း ပိုအသက်ရှည်နိုင်တယ်... ဒေါသမထိန်းနိုင်ရင်တော့ အဆိပ်ခိုးက နှလုံးရိုက်သွားလိမ့်မယ်... ဆေးစွမ်းအင်တွေရဲ့ စုပေါင်း အာနိသင်နဲ့ ဆိုရင် ခင်ဗျား အသက်ရှင်ဖို့က နောက်ထပ် တစ်ဆယ်..."

နန်းတွင်းသမားတော်ရှောင်က ဒေါသပိုထွက်သွားပြီး အေးစက်စက် ပြောလိုက်သည်။ "မင်း ပြောချင်တာက ငါ အသက်ရှင်ဖို့ ဆယ်ရက်ပဲ ကျန်တော့တယ် ဟုတ်လား... ဆယ်ရက်အတွင်း ငါ မသေရင် မင်း ဘာလုပ်မလဲ..."

ချင်မူက မျက်မှောင်ကြုတ်၍ ဆက်ရေရွတ်လိုက်သည်။ "ကိုး၊ ရှစ်၊ ခုနစ်..."

နန်းတွင်းသမားတော်ရှောင်မှာ သူ့ဒေါသကို မထိန်းနိုင်တော့ချေ။ သူ၏ အရှိန်အဝါ အငွေ့အသက်က ဟုန်းခနဲ ထွက်ပေါ်လာပြီး ချင်မူ၏ ရှေ့မှ စားပွဲမှာ တစ်စစီ ကျိုးပဲ့သွားသည်။ သူက လှောင်ပြုံး ပြုံးလိုက်၏။ "ငါ အခုသေတော့မယ်လို့ မင်း ပြောချင်တာလား... ငါ မသေရင် မင်းကို သေအောင် သတ်မယ်..."

"သုံး၊ နှစ်၊ တစ်..."

ချင်မူ၏ ပါးစပ်မှ "တစ်" ဟူသော အသံ ထွက်ပေါ်လာသည့် အချိန်တွင် နန်းတွင်းသမားတော်ရှောင်မှာ ဘယ်ဘက် ရင်ဘတ်၌ စူးအောင့်သွားပြီး သူ့နှလုံးတစ်ခုလုံး ဆွဲဖြဲခံရသလို ခံစားလိုက်ရ၏။ သူ၏ ကျင့်စဉ်စွမ်းအင်မှာ တစ်မုဟုတ်ချင်း ပြိုကွဲသွားပြီး တစ်ကိုယ်လုံးရှိ အရေပြားများ ပွင့်ထွက်သွားသည်။ သွေးများက ရေတံခွန်တစ်ခုကဲ့သို့ ပန်းထွက်လာပြီး ခန္ဓာကိုယ် တစ်ခုလုံး သွေးအလူးလူးနှင့် ဖြစ်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်က ပုပ်ရိကျလာပြီး သွေးအိုင်၊ ပြည်အိုင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။

"ခင်ဗျားကို ကျုပ် မကယ်နိုင်ဘူး..."

ချင်မူက ခေါင်းယမ်းလိုက်သည်။ "ခင်ဗျား ဒေါသမထွက်ခဲ့သင့်ဘူး... ဆေးပညာ ကောင်းကောင်း မကျွမ်းကျင်ဘဲနဲ့ ကိုယ့်ဖာသာ ဆေးတွေ လျှောက်ဖော်သောက်ရင် ဒီလို ဖြစ်မှာပဲ... မမယွင်အာ... ဒီအလောင်းကို အာဏာပိုင်တွေဆီ သတင်းပို့ဖို့ လိုသေးလား..."

ပန်းပွင့်လမ်းကြား အတွင်းတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အရပ်ဝတ်နှင့် လူကြီးမှာလည်း အံ့ဩတုန်လှုပ်သွား၏။ သူ့ခေါင်းကို တိတ်တဆိတ် ညိတ်လိုက်ပြီး ပန်းပွင့်လမ်းကြားမှ လှည့်ထွက်သွားတော့သည်။

ရုတ်ရုတ်သဲသဲ ဖြစ်မှုက များစွာ မကြာလိုက်ဘဲ ပြန်ငြိမ်သွားသည်။ ချင်မူက လူနာ ဆက်မကြည့်တော့ဘဲ သူ့အခန်းသို့ ပြန်၍ အနားယူလိုက်၏။

နောက်တစ်နေ့ ရောက်သောအခါ ချီစွမ်းအား ဖောက်လွှဲဖောက်ပြန် ဖြစ်ခြင်းကြောင့် ဖွဲ့တည်လာသော သူ့ရောဂါကို အမြစ်ပြတ်အောင် ကုသလိုက်သည်။ ထို့နောက်မှ လူနာများကို စ၍ ကြည့်လိုက်၏။ မကြာမီ ပန်းပွင့်လမ်းကြား၌ လူတန်းအရှည်ကြီး ပြန်ဖြစ်သွားသည်။ ဖူချင်းယွင်မှာ ကျိတ်၍ စိတ်ပူနေမိသည်။ သူမ၏ နေရာက အပျော်အိမ်မှ ဆေးပေးခန်း ဖြစ်တော့မည် မဟုတ်လား။

မွန်းလွဲပိုင်းသို့ ရောက်သောအခါ ဖူချင်းယွင်က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်၏။ "သခင်လေး... မနက်ဖြန်ကျရင် နန်းတွင်းစာမေးပွဲ ဖြေရမှာ မဟုတ်လား... လူနာ ထပ်မကြည့်တော့နဲ့... မနက်ဖြန် စာမေးပွဲအတွက် အားချန်ထားဦး..."

ချင်မူက ခေါင်းညိတ်၍ ပြန်ပြောလိုက်၏။ "မမပြောတာ မှန်တယ်... အဲဒါဆို ဒီလူနာတွေ စာမေးပွဲ ပြီးမှ ဆက်ကုပေးတော့မယ်..."

ဖူချင်းယွင်မှာ ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်သွားသည်။ သူမက လေသံတိုးတိုးနှင့် ချင်မူ့ကို ကပ်ပြောလိုက်၏။ "သခင်လေး... သခင်လေးရဲ့ အလုပ်က ဆေးဆရာ မဟုတ်ဘူးနော်..."

ချင်မူက ပြန်ပြောလိုက်၏။ "ကျွန်တော် လုပ်နေတာ သူတို့ ရောဂါတွေ ကုပေးရုံသက်သက် မဟုတ်ပါဘူး... ဆေးပညာနဲ့ ပတ်သက်ပြီး အများကြီး သင်ယူခဲ့ရပေမဲ့ ကျွန်တော့်မှာ လက်တွေ့ အတွေ့အကြုံ သိပ်မရှိဘူး... ဒီလူနာတွေကို ကုရတာ ကျွန်တော့်အတွက်လည်း အတွေ့အကြုံ ရပါတယ်... မဟာမြို့ပျက်မှာ နေခဲ့ရတဲ့ ဆယ်နှစ်ကျော် ကာလတစ်လျှောက်လုံး ဘိုးဘိုးဆေးဆရာက မရေမတွက်နိုင်တဲ့ ဆေးပညာဗဟုသုတတွေ သင်ပေးခဲ့ပေမဲ့ လက်တွေ့ အသုံးချစရာ အခွင့်အရေး မရခဲ့ဘူး... အခုဆို တစ်ရက်တည်းနဲ့ ဆေးပညာ သဘောတရား ထောင်ချီကို  လက်တွေ့ စမ်းသပ်နိုင်ခဲ့တယ်..."

ဖူချင်းယွင် ခေါင်းကိုက်လာ၏။ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်လေးက အပျော်အိမ်မှ မိန်းကလေးများ အားလုံးကို နယ်လှည့်ဆေးဆရာ တစ်ယောက်ကဲ့သို့ ကုသပေးနေရန်မှာ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း။

နောက်ဆုံးတွင်တော့ နန်းတွင်းကောလိပ် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့် ရက်သို့ ရောက်ရှိလာသည်။ ချင်မူက ပန်းပွင့်လမ်းကြားမှ နံနက်စောစော ထွက်လာပြီး နန်းတွင်းကောလိပ်သို့ သွားရမည့် လမ်းကြောင်းကို တစ်လမ်းလုံး မေးစမ်းလာခဲ့လိုက်သည်။

"နန်းတွင်းကောလိပ်က မြို့လယ်က တောင်ထိပ်ပေါ်မှာပဲ..."

ချင်မူ နန်းတွင်းကောလိပ် တံခါးဝသို့ ရောက်လာပြီး မော့ကြည့်၍ လွှတ်ခနဲ ချီးကျူးလိုက်မိသည်။ နန်းတွင်းကောလိပ်က အင်ပါယာ၏ အထွတ်အထိပ်ကျောင်းတော် ဖြစ်ပြီး ခမ်းနားထည်ဝါလှသည်။ ဤကျောင်းတော်က ကျောက်စိမ်းတောင် တစ်လုံးပေါ်တွင် တည်ဆောက်ထားပြီး ထိုတောင်က နဂါးခံတွင်းရှိ ပုလဲနေရာ ဖြစ်သော နဂါးကိုးကောင်တောင်ကြော၏ အလယ်တည့်တည့်တွင် တည်ရှိသည်။

နဂါးကိုးကောင်က နဂါးပုလဲကို အတူတကွ ချီဆောင်ထားသည့် မြင်ကွင်းမှာ မည်မျှ ရင်သပ်ရှုမောဖွယ် ကောင်းလိုက်ပါမည်နည်း။

နဂါးကိုးကောင်၏ ချီစွမ်းအင်က ဤနေရာတွင် စုဝေး၍ ဤနေရာ၏ အသက်ဝိညာဉ်အဖြစ် ဖွဲ့တည်နေသည်။ နဂါးများ၏ ချီစွမ်းအင်ကြောင့် တောင်တစ်ခုလုံးက ကျောက်စိမ်း ဖြစ်လာ၏။

တောင်ပေါ်တွင်တော့ အနီရောင်၊ အစိမ်းရောင် နန်းတော်ရာ များစွာ ရှိနေသည်။ နန်းတော်အနီးတွင် ရွက်သိမ်းရခြင်း မရှိသေးသော သင်္ဘောကြီးများစွာ ဆိုက်ကပ်နေသည်။

ယခုအချိန်တွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းတော်သား ထောင်ချီမှာ တောင်တံခါးဝရှေ့တွင် စုရုံး၍ နန်းတွင်းကောလိပ်သို့ ဝင်ရန် စောင့်ဆိုင်းနေကြသည်။ ခန့်ညားထည်ဝါလှသော တောင်လုံးကြီး၏ အောက်တွင် နန်းတွင်းစာရေး ဆယ်ယောက်က နန်းတွင်းစာမေးပွဲ ဝင်ဖြေမည့် ကျောင်းတော်သားများ၏ အမည်၊ နေရပ်လိပ်စာနှင့် တက်ရောက်ခဲ့သော ကျောင်းများကို မှတ်တမ်းတင် ရေးသွင်းနေသည်။

ချင်မူ တန်းစီလိုက်သည်။ သူ့အလှည့်သို့ ရောက်သောအခါ အတော်လေး နေမြင့်နေပြီ ဖြစ်၏။

ချင်မူက သူ၏ ခရီးသွားလက်မှတ်ကို ထုတ်ယူ၍ ပြောလိုက်၏။ "ကျွန်တော်က လီကျိုးပြည်နယ်ကပါ..."

"မဟုတ်ဘူး... မဟုတ်ဘူး... သူက လီကျိုးပြည်နယ်က မဟုတ်ဘူး..."

ရုတ်တရက် ပုပုဝဝ လူငယ်တစ်ယောက်က ချင်မူ့ကို တိုးဝှေ့၍ ပြုံးပြလိုက်၏။ "သူက ကျွန်တော်နဲ့ အတူတူပဲ... မြစ်သင်္ချိုင်းမြို့ကပါ... စာရေးကြီး မြစ်သင်္ချိုင်းမြို့လို့ ရေးလိုက်ပါ..."

နန်းတွင်းစာရေးက ခေါင်းမော့ကြည့်၍ သရော်ပြုံး ပြုံးလိုက်၏။ "မင်းတို့ရဲ့ ခရီးသွားလက်မှတ်အတိုင်း ငါ ရေးရတာ... မင်း ဘယ်လိုလုပ်လုပ် ဇာတိမြေ မှတ်တမ်းကို ပြောင်းလို့ မရဘူး..."

ထိုလူငယ်မှာ ဝေ့ယုံ ဖြစ်၏။ သူက ချင်မူ၏ စာရင်းသွင်းထားသော နာမည်နှင့် နေရပ်ကို မြင်သောအခါ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ "ဆိုးတယ်... ငါတို့ သင်္ဘောတစ်စီးတည်း လာခဲ့တာလေ... မင်းလည်း မြစ်သင်္ချိုင်းမြို့ကဆိုရင် နန်းတွင်းကောလိပ်ကို ဝင်ဖို့ ပိုလွယ်သွားမှာ..."

ချင်မူက ဇဝေဇဝါ ဖြစ်သွား၏။ "ဘာလို့လဲ..."

ဝေ့ယုံက ဘေးဘီသို့ အကဲခတ်၍ တီးတိုးပြောလိုက်၏။ "မင်း သတင်းတွေ မကြားဘူးလား... မြစ်သင်္ချိုင်းမြို့က ကျောင်းတော်သားတွေ အကုန်လုံးနီးပါး ဒီလာတဲ့လမ်းမှာ သေကုန်ကြပြီ... ငါတို့ သင်္ဘောတင် မကဘူး... တခြား မြေပြင်ရော၊ ဝေဟင်ကပါ သွားတဲ့သူတွေ အကုန်လုံး အတိုက်ခိုက်ခံခဲ့ရတယ်... မြို့တော်ကို အသက်ရှင်လျက် ရောက်လာနိုင်တဲ့သူက နည်းနည်းလေးပဲ ရှိတယ်... ပြောကြတာတော့ ပုန်ကန်တဲ့ သိုင်းဂိုဏ်းတွေက ဧကရာဇ် အတိုင်ပင်ခံကို အရှက်ကွဲအောင် လုပ်ကြတာတဲ့... ဧကရာဇ် အတိုင်ပင်ခံက မြစ်သင်္ချိုင်းမြို့က မဟုတ်လား..."

"ဘယ်ကျောင်းက လာတာလဲ... မင်းရဲ့ သိုင်းစွမ်းအင်အဆင့်က ဘယ်လောက် ရောက်ပြီလဲ..."

ချင်မူက ဖြေကြားလိုက်၏။ "ကျွန်တော်က အိမ်မှာ ပညာသင်တာပါ... ဘယ်ကျောင်းကမှ မဟုတ်ပါဘူး... လွန်ခဲ့တဲ့ နှစ်ရက်ကမှ ဓာတ်ကြီးငါးပါးအဆင့်ကို ရောက်ပါတယ်..."

နန်းတွင်းစာရေးက ခေါင်းခါယမ်းလိုက်၏။ "အခုမှ ဓာတ်ကြီးငါးပါးအဆင့်ကို စရောက်တာတောင် ဒီကို စာမေးပွဲ လာဖြေရဲသေးတယ်..."

ချင်မူနှင့် ဝေ့ယုံတို့ စာရင်းသွင်းပြီးသောအခါ တောင်တံခါးဝမှ ဝင်ရောက်ခဲ့ကြ၏။ ထိုနေရာတွင်လည်း ကျောင်းတော်သားများ တိုးဝှေ့ စောင့်ဆိုင်းနေကြသည်။ ကျောင်းသားအားလုံး စာရင်းသွင်းပြီးသောအခါ တာအိုရသေ့တစ်ပါး၏ ကျယ်လောင်သော အသံဖြင့် ကြေညာသံ ကြားလိုက်ရသည်။ "ကောင်းကင်နတ်သိုင်း ပညာရှင်တွေ အကုန်လုံး တောင်ပေါ်တက်မယ်... ကျန်တဲ့သူတွေက ဒီမှာနေခဲ့..."

များစွာ မကြာလိုက်ဘဲ တောင်အောက်တွင် ဝိညာဉ်သန္ဓေသားအဆင့်နှင့် ဓာတ်ကြီးငါးပါး သိုင်းပညာရှင်များသာ ကျန်ခဲ့တော့သည်။ စုစုပေါင်း လူနှစ်ထောင်ခန့် ရှိ၏။

သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ပါး ထိုသူများကို တောင်အတွင်းပိုင်းသို့ ခေါ်ဆောင်လာ၏။ များစွာ မသွားလိုက်ရချေ။ ကိုက်တစ်ရာခန့် မြင့်သော မတ်စောက်သည့် တောင်ကမ်းပါးယံ တစ်ခုက သူတို့ကို ဆီးကြိုနေသည်။

ထိုတောင်ကမ်းပါးယံ၌ လှေကားထစ်များ မရှိသကဲ့သို့ ဆွဲတက်ရန် ကြိုးချထားခြင်းလည်း မရှိပေ။ သူတို့အနေဖြင့် ပျံတက်ရုံ၊ ပြေးတက်ရုံသာ ရှိ၏။ ကိုက်တစ်ရာကျော် အမြင့်ကို ခုန်တက်နိုင်လျှင်တော့ တစ်ခါတည်း ခုန်တက်၍ ရသည်။

"ကဲ... အပေါ်မတက်နိုင်တဲ့သူတွေ အိမ်ပြန်ကြ..." သက်လတ်ပိုင်းအရွယ် တာအိုရသေ့က ထိုမတ်စောက်စောက် တောင်ကမ်းပါးယံဘေးတွင် ရပ်၍ အနယ်နယ် အရပ်ရပ်မှ ကျောင်းတော်သားများကို အေးစက်စက် ပြောလိုက်သည်။

"ဒီလောက်လေးနဲ့များ..."

ကျောင်းတော်သား တစ်ယောက်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ သူ့ခြေထောက်တွင် အားအင် စုစည်းကာ တောင်စောင်းနံရံပေါ် ပြေးတက်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း တောင်စောင်းနံရံပေါ်သို့ သူ့ခြေထောက်များ ချလိုက်မိသည်နှင့် ချော်ထွက်သွားပြီး ကျောက်စိမ်းနံရံနှင့် ရိုက်မိကာ သူ့ခေါင်းမှ သွေးများ ဖြာခနဲ ထွက်လာသည်။

ထိုတောင်နံရံ တစ်ခုလုံးက ပြစ်ချက်ကင်း၍ ချောမွေ့နေသည့် ကျောက်စိမ်းသား ဖြစ်သည်။ သူ့သွေးစက်များ တောင်နံရံသို့ စင်သွားသည့်အခါ အောက်သို့ စီးကျသွားပြီး စွန်းထင်းကျန်ခဲ့ခြင်း မရှိချေ။

တောင်ကမ်းပါးယံ အခြေမှ ကျောင်းတော်သားများ၏ ရင်ထဲတွင် တုန်လှုပ်သွားကြ၏။ "အတော့်ကို ချောနေတာပဲ..."

All Chapters