မိစ္ဆာစရိုက်
Vol. 9 Ch. 115
ထိုတောင်စောင်းက ချော်ထွက်နေပြီး ခြေချ၍ မဖြစ်ချေ။ ပြေးတက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်တော့။
ကျောင်းတော်သား အားလုံးက ပျံသန်းခြင်း အတတ်ကို သင်ယူရခြင်း မရှိသေးပေ။ သူတို့အနေဖြင့် တောင်စောင်းပေါ်သို့ ခုန်တက်လိုလျှင်လည်း ပိုခက်မည် ဖြစ်၏။ ထို့ပြင် ဤသူများ အားလုံးက ဝိညာဉ်သန္ဓေသားအဆင့်နှင့် ဓာတ်ကြီးငါးပါးအဆင့်များသာ ဖြစ်သည်။ သူတို့ ကျင့်စဉ်အဆင့်များက လိုက်မမီသေးသဖြင့် ကောင်းကင်နတ်သိုင်းများကိုလည်း သင်ယူနိုင်ခြင်း မရှိသေး။
ဤတောင်နံရံ တစ်ခုတည်းဖြင့်ပင် ကျောင်းသား တစ်ဝက်ကျော်ကို အိမ်ပြန်ပို့နိုင်ပေလိမ့်မည်။
ပျံသန်းခြင်း အတတ်ကို သင်ယူထားသော ကျောင်းသား အတော်များများကတော့ တောင်စောင်းပေါ်သို့ ပျံတက်သွားပြီး ဤအဆင့်ကို အလွယ်တကူ ဖြတ်ကျော်သွား၏။ သို့သော်လည်း ထိုသူများက အနည်းစုသာ ဖြစ်သည်။ တောင်စောင်းပေါ်သို့ ပြေးတက်ရန် ဆုံးဖြတ်လိုက်ကြသော ကျောင်းတော်သား များစွာလည်း ရှိပြီး သူတို့အားလုံး တစ်ယောက်မကျန် ချော်လဲ၍ ခေါင်းကွဲကုန်ကြ၏။
ပျံသန်းခြင်း အတတ်ကို မသင်ရသေးသော ကျောင်းတော်သားများမှာ စိတ်ဓာတ် ကြီးစွာ ကျသွားကြသည်။ အချို့က ခုန်တက်ရန် ကြိုးစားကြသေးသော်လည်း တောင်စောင်းက ကိုက်တစ်ရာကျော် မြင့်၏။ မည်သူကများ ထိုသို့ အမြင့်ကို ခုန်တက်နိုင်သည့် ခွန်အား ရှိပါမည်နည်း။
အတော်များများမှာ တစ်ဝက်ခန့်ထိသာ ခုန်တက်နိုင်ပြီး ပြန်ပြုတ်ကျလာကြသည်။ ပြုတ်ကျလာသူများကတော့ အရည်အချင်း မပြည့်မီဟု သတ်မှတ်၍ တောင်တံခါး အပြင်သို့ မောင်းထုတ်ခံကြရသည်။
"ဒီတောင်စောင်းပေါ် တက်ဖို့က လွယ်လွယ်လေး မဟုတ်ဘူးလား..."
ဝေ့ယုံက ရှေ့ထွက်လာပြီး ဟက်ခနဲ ရယ်လိုက်၏။ "မင်းတို့ အားလုံးက ပြေးတက်ဖို့၊ ခုန်တက်ဖို့၊ ပျံတက်ဖို့ပဲ စဉ်းစားနေတာကိုး... ကိုယ့်ဖာသာ ဆွဲတင်ဖို့ မစဉ်းစားမိကြဘူးလား..."
သူက ခေါင်းကြီးကြီး၊ နားရွက်ကားကား ရှိသော်လည်း သူ့တွေးခေါ်မှုက အတော်လေး ဖောက်ထွက်နိုင်စွမ်း ရှိ၏။ ဝေ့ယုံက သူ၏ ချီစွမ်းအင် ကြိုးမျှင်ဖြင့် သူ့ဓားပျံများကို ချည်နှောင် ထိန်းချုပ်ကာ တောင်စောင်းပေါ်သို့ ပျံတက်စေလိုက်သည်။ ဝေ့ယုံက ချီစွမ်းအင် ကြိုးမျှင် ဆယ်ချောင်း ဖန်တီး၍ ထိုချီစွမ်းအင် ကြိုးမျှင်များကို တောင်စောင်းထိပ်၌ မြဲမြံအောင် ရစ်ပတ်စေလိုက်သည်။ ထို့နောက် ချီစွမ်းအင်ကြိုးမျှင်များကို ပြန်ကျုံ့သွင်း၍ သူ့ကိုယ်သူ တောင်စောင်းထိပ်သို့ နည်းနည်းချင်း ဆွဲတင်သွား၏။ အပေါ်သို့ ရောက်ခါနီးသောအခါ သူ၏ ခပ်ပြည့်ပြည့် လက်ဝါးများက တောင်စောင်းနံရံကို ဆွဲခို၍ ကျွမ်းပစ်တက်သွားသည်။ သူက အောက်မှ ချင်မူ့ကို လက်လှမ်းပြလိုက်၏။ "နောင်တော်ချင်... ငါ့လို ဆွဲတက်လာခဲ့..."
"မလိုဘူး ရတယ်..."
ချင်မူက ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်သည့် အနေအထား ဖြစ်လုနီးပါးအထိ ခြေထောက်များကို ကွေးညွှတ်လိုက်သည်။ သူ့ခြေထောက်များရှိ အားအဟုန်က ချီစွမ်းအင်နှင့်အတူ ပေါက်ကွဲ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က အပေါ်သို့ ဝီခနဲ ထိုးတက်သွား၏။ သူက ကိုက်ပေါင်း တစ်ရာနှစ်ဆယ် အမြင့်ထိ ထိုးတက်သွားပြီး ဝေ့ယုံ၏ ဘေးသို့ ဘုန်းခနဲ ကျဆင်းလာသည်။
ဝေ့ယုံမှ အလန့်တကြား ထခုန်လိုက်မိပြီး အောက်သို့ တအံ့တဩ ငုံ့ကြည့်လိုက်သည်။ "နောင်တော်ချင်... မင်း လေ့ကျင့်တာ သိုင်းကွက်အသားပေး ပညာရပ်တွေလား... ဟုတ်သားပဲ... မင်းက ဓားမတစ်လက်လည်း သုံးခဲ့သေးတာပဲ... မင်းရဲ့ သိုင်းကွက်အသားပေး ပညာရပ် စွမ်းရည်က တကယ့်ကို ချီးကျူးလောက်တာပဲ..."
တောင်စောင်းအောက်မှ ကျောင်းတော်သား ရာချီမှာ ကျောက်ရုပ်များသဖွယ် ဖြစ်ကျန်ခဲ့၏။
သက်လတ်ပိုင်းအရွယ် တာအိုရသေ့က ခေါင်းညိတ်၍ ချင်မူ၏ နာမည်ဘေး၌ "တိုက်ခိုက်မှု" ဟူသော စာလုံးကို ရေးမှတ်လိုက်သည်။ ထို့နောက် ဝေ့ယုံ၏ နာမည်ဘေး၌ "ဉာဏ်ပညာ" ဟူသော စာလုံးကို ရေးမှတ်လိုက်၏။
ဝေ့ယုံ၏ နည်းလမ်းက ဖြတ်လမ်းနည်း ဖြစ်ပြီး တောင်အောက်မှ ကျောင်းသားများမှာ ဉာဏ်အလင်း ပွင့်သွားကြ၏။ သူတို့၏ ခေါင်းထဲတွင် အကြံဉာဏ်များ ပေါ်လာပြီး ဓားပျံထိန်းချုပ်နည်းနှင့် အခြား ပညာရပ်များကို အသုံးပြုကာ သူတို့၏ ချီစွမ်းအင် ကြိုးမျှင်များကို တောင်စောင်း၌ ချိတ်ဆွဲ၍ အပေါ်သို့ ဆွဲတက်သွားကြသည်။
တောင်စောင်းပေါ်ရှိ လူအရေအတွက်က တဖြည်းဖြည်း များများလာသည်။ ထိုအချိန်၌ ချင်မူနှင့် ဝေ့ယုံတို့ကတော့ ရှေ့ဆက်သွားကြပြီ ဖြစ်သည်။ ဤနေရာက ကျောက်စိမ်းတောင်ထွတ် ဖြစ်သော်လည်း တောင်ကုန်းငယ်များ၊ စမ်းချောင်းများ၊ ရေတံခွန်များနှင့် သစ်ပင်သစ်တောများ ရှိပြီး သာယာလှပ၏။ ကျေးငှက်များနှင့် သားရဲတိရစ္ဆာန်များပင် ရှိသည်။ သို့သော်လည်း ဤနေရာရှိ သားရဲတိရစ္ဆာန်များက အခြားနေရာများနှင့် မတူဘဲ အရွယ်အစား ထူးကဲစွာ ကြီးမားလှ၏။ ထို့ပြင် အကြေးခွံများနှင့် အမွေးအတောင်များပင် ရှိကြ၏။ သူတို့က နဂါးကိုးကောင်၏ သွေးကြောများမှ နဂါးချီများကို စုပ်ယူပြီး အသွင်သဏ္ဌာန် ပြောင်းလဲလာကြခြင်း ဖြစ်မည်။
"ရပ်ကြ ကျောင်းတော်သားတွေ..."
သူတို့က နန်းတွင်းကောလိပ်၏ ပထမဆုံး ခန်းမဆောင်သို့ ရောက်လာကြသည်။ ဤခန်းမဆောင်က အလွန်တရာ ကျယ်ဝန်းပြီး ဘယ်ညာ ကိုက်သုံးရာခန့် ရှိမည်။ ခန်းမဆောင်ရှေ့ရှိ စင်မြင့်မှာလည်း အတော်လေး ကျယ်ဝန်းပြီး လူပေါင်းထောင်ချီ ဆံ့သည်။ ချင်မူ လှည့်ပတ် ကြည့်ရှုလိုက်၏။ အစောက တက်သွားသည့် ကောင်းကင်နတ်သိုင်း ပညာရှင်များက ဤနေရာတွင် ရှိမနေပေ။ ကောင်းကင်နတ်သိုင်း ပညာရှင်များအတွက် စမ်းသပ်စစ်ဆေးမှုက သူတို့နှင့် မတူသည့်ပုံ ပေါ်၏။
ခန်းမဆောင်၏ ရှေ့တွင် တာအိုရသေ့ ကိုးဆယ့်ကိုးပါး ရပ်နေပြီး ထိုရသေ့တစ်ယောက်ချင်းစီ၏ နောက်တွင် နတ်ဘုရားတစ်ပါးစီ ရပ်နေ၏။ ထိုနတ်ဘုရားများက သူတို့၏ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အပေါ်တစ်ပိုင်းသာ ရှိပြီး လေထဲတွင် မျောလွင့်နေကာ လွန်စွာ ထည်ဝါခမ်းနားလှ၏။
"သိပ်အံ့ဩဖို့ ကောင်းတာပဲ..."
ချင်မူ၏ ရင်ထဲတွင် ပြင်းထန်စွာ လှုပ်ခါသွားသည်။ ထိုတာအိုရသေ့ ကိုးဆယ့်ကိုးယောက်၏ စွမ်းရည်က ထူးကဲလှ၏။ ချီစွမ်းအင်ကို ပုံသဏ္ဌာန် ဖွဲ့နိုင်သည် ဖြစ်၍ သူတို့က နတ်အသွင်အဆင့်သို့ ရောက်လုနီးပြီ ဖြစ်ရမည်။ ထိုတာအိုရသေ့ တစ်ယောက်ချင်းစီ၏ စွမ်းအားက ကောင်းကင်နတ်ဆိုးဂိုဏ်းမှ စံအိမ်သခင်များအောက် ကျလိမ့်မည် မဟုတ်ပေ။
နန်းတွင်းကောလိပ်က ပညာသင်ယူရန်အတွက် နံပါတ်တစ် အထွတ်အမြတ် နယ်မြေဟု ကျော်ကြားထိုက်ပါပေသည်။
ဤတာအိုရသေ့ ကိုးဆယ့်ကိုးပါးက နယ်စပ်နဂါးမြို့စားမင်း၏ အဆင့်သို့ မရောက်သေးပေ။ ဖုယွင်တိ၏ ခန္ဓာကိုယ်နောက်မှ လက်ရှစ်ဖက်၊ ခေါင်းရှစ်လုံး ရှိသည့် ကောင်းကင်ဘုံ နတ်ဘုရား ပုံရိပ်မှာ ပြီးပြည့်စုံ၍ တကယ့် နတ်ဘုရားအတိုင်း ဖြစ်ကာ တုနှိုင်းမဲ့အောင် ကြောက်မက်ဖွယ်ကောင်းလှ၏။ ဤတာအိုရသေ့များက ဖုယွင်တိအောက် တစ်ဆင့်၊ နှစ်ဆင့် နိမ့်ကျမည်မှာ သေချာသည်။
"ဒါပေမဲ့... ဒီတာအိုရသေ့ ကိုးဆယ့်ကိုးပါးရဲ့ ချီစွမ်းအင်နဲ့ ဖန်တီးထားတဲ့ နတ်ဘုရားတွေက ဘာလို့ တစ်ပုံစံတည်း ဖြစ်နေရတာလဲ..."
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ သူတို့၏ သိုင်းကွက် အဝင်အထွက်၊ အပြောင်းအလဲများကို ရန်သူက သိသွားလျှင် တစ်ဘက်ရန်သူ သတ်သမျှကို လည်စင်းခံရလိမ့်မည် မဟုတ်ဘူးလား...။
"ဒီလို တာအိုရသေ့မျိုးတွေဆိုရင် ဘွားဘွားက လက်တစ်ဖက်တည်းနဲ့ ဆယ်ယောက်လောက် သတ်နိုင်မယ်..." ထိုလူငယ်လေးက စိတ်ထဲမှ ကျိတ်တွေးလိုက်သည်။
ဧကရာဇ် အတိုင်ပင်ခံက အခြေခံကျောင်းများနှင့် ကောလိပ်ကျောင်းများကို ပွဲထုတ်ခဲ့သည်။ သို့သော်လည်း ထိုကျောင်းများ၌ အားနည်းချက် ရှိနေ၏။ သူတို့ သင်ကြားပေးသော သိုင်းပညာနှင့် ကောင်းကင်နတ်သိုင်းများက တစ်ပုံစံတည်း ဖြစ်နေခြင်း ဖြစ်သည်။ သိုင်းဂိုဏ်းများတွင်လည်း သူတို့ကောင်းကွက်နှင့် သူတို့ ရှိသည်ဟု ချင်မူ ခံစားမိလာသည်။ ထိုသိုင်းဂိုဏ်းများ သင်ကြားပေးကြသည်နှင့် ထူးချွန်ကြသည်များက တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မတူညီကြသည်ဖြစ်ရာ မတူညီသော သိုင်းကွက်နှင့် ကောင်းကင်နတ်သိုင်း အမျိုးမျိုး ထွက်ပေါ်လာပေသည်။
သို့သော်လည်း အခြေခံကျောင်းများနှင့် ကောလိပ်ကျောင်းများမှာ အတော်လေး အကျိုးအာနိသင် ထိရောက်သည်တော့ အမှန်ပင် ဖြစ်၏။ ကျောင်းသားများစွာ၏ ပါရမီ အရည်အချင်းများကို တိမ်မြုပ်ပျောက်ကွယ် မနေစေတော့။ ယခင် သိုင်းဂိုဏ်းများတွင် ဂိုဏ်းသား လက်ခံသည်က လူနည်းစုသာ ဖြစ်သည် မဟုတ်လား။ ယခုမှာ နေရာတိုင်းတွင် အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းများ ရှိနေသည် ဖြစ်၍ ပါရမီ အရည်အချင်း ရှိသောသူများ အလုံးအရင်းနှင့် ထွက်ပေါ်လာပေသည်။
တာအိုရသေ့ ကိုးဆယ့်ကိုးပါးက ထိုနေရာတွင် မလှုပ်မယှက် ရပ်နေကြ၏။ ရုတ်တရက် သူတို့၏ နောက်ကျောမှ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားများက ရွေ့လျားလာပြီး ခန်းမဆောင်ရှေ့ရှိ စက်ဝိုင်းပုံ စင်မြင့်များပေါ်သို့ သက်ဆင်းလိုက်ကြသည်။
အရှေ့ဆီမှ တာအိုရသေ့တစ်ပါးက အားကောင်းသော အသံဖြင့် ပြောလိုက်၏။ "အနယ်နယ် အရပ်ရပ်က ကျောင်းတော်သားတွေ... ဆယ်ယောက် တစ်အုပ်စု နေရာယူလိုက်ကြပါ... ပြီးရင် တန်းစီ ရှေ့ထွက်ခဲ့ကြ... မင်းတို့ရဲ့ အစွမ်းအထက်ဆုံး သိုင်းကွက်တွေ ထုတ်ပြီး ရှေ့က နတ်ဘုရား ပုံရိပ်တွေကို တိုက်ခိုက်ကြ... နတ်ဘုရားလမ်းစဉ်ပဲ ဖြစ်ဖြစ်၊ မိစ္ဆာလမ်းစဉ်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓလမ်းစဉ်ပဲ ဖြစ်ဖြစ်၊ ကြိုက်ရာ နည်းလမ်းကို သုံးနိုင်တယ်... ဘာကိုမှ မတားမြစ်ဘူး... စိတ်တိုင်းကျ တိုက်ခိုက်ကြ... နတ်ဘုရား ပုံရိပ်တွေကလည်း မင်းတို့ကို တိုက်ခိုက်ကြလိမ့်မယ်... ဆယ်ယောက်မှာ တစ်ယောက်ပဲ ကျန်လိမ့်မယ်... စင်ပေါ်မှာ နောက်ဆုံး ကျန်ခဲ့တဲ့ တစ်ယောက်က စမ်းသပ်မှုကို အောင်မြင်မယ်..."
ခန်းမဆောင်ရှေ့ရှိ ကျောင်းတော်သားများမှာ ဝေါခနဲ ဖြစ်သွား၏။ နတ်ဘုရား ပုံရိပ်၏ တိုက်ခိုက်မှုကို ခုခံရမည့်အပြင် ဆယ်ယောက်တွင် တစ်ယောက်သာ ကျန်ခဲ့မည် ဖြစ်သည်။ ဤစမ်းသပ်မှုက အစောက စမ်းသပ်မှုထက် ပိုရက်စက်သည်။ တောင်စောင်းပေါ် တက်ရသည့် စမ်းသပ်မှုက ဖြေဆိုသူ တစ်ဝက်ခန့်ကို ဖြုတ်ချခဲ့ပြီ ဖြစ်ပြီး ယခုစမ်းသပ်မှုက ပထမ စမ်းသပ်မှု အောင်မြင်လာသည့် ကျောင်းသားများ၏ ကိုးဆယ်ရာခိုင်နှုန်းကို ဖြုတ်ချတော့မည် ဖြစ်သည်။
အားလုံးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အုပ်စုများ ခွဲ၍ စင်မြင့်ပေါ်သို့ တက်သွားကြ၏။ ဝေ့ယုံက ချက်ချင်းပင် ချင်မူနှင့် ဝေးဝေးသို့ ခွာ၍ အခြားစင်မြင့် တစ်ခုပေါ်သို့ တက်သွားသည်။
ချင်မူက စင်မြင့်ပေါ်တွင် ရပ်နေပြီး များစွာ မကြာလိုက်ဘဲ သူ ရပ်နေသော စင်မြင့်ပေါ်တွင် လူဆယ်ယောက် ပြည့်သွားသည်။ အခြားစင်မြင့် ကိုးဆယ့်ရှစ်ခုမှာလည်း ကျောင်းသားဆယ်ယောက်စီ ပြည့်သွား၏။
"စတော့..." တာအိုရသေ့ တစ်ပါးက အော်ဟစ်လိုက်၏။
သူ့အသံ မဆုံးမီမှာပင် နတ်ဘုရားပုံရိပ် ကိုးဆယ်ကိုးခုက ချက်ချင်း လှုပ်ရှားလာပြီး စင်မြင့်ပေါ်မှ ကျောင်းသားများကို တိုက်ခိုက်လိုက်သည်။ ကျောင်းသားများ အားလုံးမှာလည်း ၎င်းတို့၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် ကြိုးစားလိုက်ကြ၏။
ထိုအခိုက်၌ ချင်မူ၏ ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး နတ်ဘုရားပုံရိပ်၏ တိုက်ခိုက်မှုကို ရှောင်ကာ စက်ဝိုင်းပုံ စင်မြင့်ထက်တွင် တရိပ်ရိပ် လှည့်ပတ် ပြေးလွှားလိုက်သည်။ ပေါက်ကွဲသံ ကိုးချက်၊ တစ်ချက်ပြီး တစ်ချက် ထွက်ပေါ်လာပြီး လူရိပ်ကိုးရိပ် စင်မြင့်ပေါ်မှ လွင့်ကျသွား၏။
ချင်မူနှင့် စင်မြင့် တစ်ခုတည်း အတူတူ ကျသည့် ကျောင်းသား အားလုံးမှာ နတ်ဘုရားပုံရိပ်၏ တိုက်ခိုက်ခြင်း မခံရမီတွင်ပင် သူ့ရိုက်ချက်ကြောင့် လွင့်ထွက်သွားကြ၏။
စက်ဝိုင်းပုံ စင်မြင့်ထက်တွင်တော့ ချင်မူ့ကို တိုက်ခိုက်နေသည့် နတ်ဘုရားပုံရိပ်မှာ ရုတ်တရက် ရပ်တန့်သွားပြီး မလှုပ်မယှက် ငြိမ်သက်သွားသည်။
"မင်း အောင်ပြီ..." ခန်းမဆောင်ရှေ့မှ တာအိုရသေ့ ကိုးဆယ့်ကိုးပါးမှာ အံ့အားသင့်သော အမူအရာများ ပေါ်ထွက်လာပြီး ခေါင်းဆောင်ရသေ့က တည်ကြည်လေးနက်သော အသံဖြင့် ပြောလိုက်၏။
ချင်မူက သူ့ကို ဦးညွှတ် အရိုအသေပြု၍ စင်မြင့်ပေါ်မှ ဆင်းသွား၏။ ထိုတာအိုရသေ့မှာ လေးနက်သော အမူအရာဖြင့် ဘေးနားမှ ရသေ့ကို ခပ်တိုးတိုး ပြောလိုက်သည်။ "ဒီကောင်လေးရဲ့ နှလုံးသားက ပျက်စီးနေပြီ... မိစ္ဆာဆန်တဲ့ စိတ်ထားရှိတယ်... စင်မြင့်ပေါ်က တခြားကျောင်းသားတွေက နတ်ဘုရားပုံရိပ်ရဲ့ တိုက်ခိုက်မှုကို စုပေါင်း ခုခံဖို့ ကြိုးစားနေတဲ့ အချိန်မှာ သူတစ်ယောက်ပဲ တခြားသူတွေကို တိုက်ခိုက်ခဲ့တာ..."
သူ့စကား ဆုံးဆုံးချင်းပင် အခြား စင်မြင့်များပေါ်မှ အထိတ်တလန့် အော်ဟစ်သံများ ပေါ်ထွက်လာ၏။ အခြား ကျောင်းသားများကလည်း ချင်မူ၏ ခြေရာကို လိုက်နင်း၍ နတ်ဘုရား ပုံရိပ်၏ တိုက်ခိုက်မှု ခံနေရင်းနှင့် စင်မြင့်တူ ကျောင်းသားများကို တိုက်ခိုက်လိုက်ကြသည်။ အချိန် တစ်ခဏ အတွင်း၌ လူပေါင်းရာချီ စင်မြင့်ပေါ်မှ ပြုတ်ကျလာကြ၏။
များစွာ မကြာလိုက်ဘဲ စမ်းသပ် စစ်ဆေးမှု ပြီးဆုံးသွားပြီး လူတစ်ရာသာ ကျန်ရစ်ခဲ့တော့သည်။ အောင်မြင်သွားသည့် ကျောင်းသားများမှာ ဓာတ်ကြီးငါးပါး အဆင့်များ ဖြစ်ပြီး ဝိညာဉ်သန္ဓေသားအဆင့် တစ်ယောက်မျှ ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ပေ။ ချင်မူ တစ်ချက် လှမ်းကြည့်ရာ ဝေ့ယုံလည်း အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း တွေ့လိုက်၏။ ဤဝတုတ်လေး၏ ကျင့်စဉ်စွမ်းအင်က အတော်လေး သိပ်သည်း နက်နဲပြီး မြစ်သင်္ချိုင်းမြို့၏ ဝေ့မိသားစုမှ ကျောင်းတော်သား ပီသပေသည်။
တာအိုရသေ့ အတော်များများမှာ အံ့အားသင့်သွားကြ၏။ ပြီးပြည့်စုံစွာ အကွက်ချ ပြင်ဆင်ထားသော စာမေးပွဲက ထိုသို့ အဆုံးသတ်သွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့မိကြချေ။
တစ်ခဏမျှ ကြာသောအခါ တာအိုရသေ့ တစ်ပါးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "စစ်ဆေးမှု အောင်မြင်တဲ့ ကျောင်းသားတွေ ခန်းမထဲကို ဝင်မယ်... ကျန်တဲ့ ကျောင်းသားတွေ တောင်ပေါ်က ပြန်ဆင်းသွားကြ..."
ချင်မူနှင့် ကျန်သည့် ကျောင်းသားများက ရှေ့တူရူမှ ခန်းမဆီသို့ လျှောက်လှမ်းသွားကြသည်။ သို့သော်လည်း သူ့ကိုယ်ပေါ်သို့ အကြည့်များ စူးစိုက်ရောက်ရှိနေသလို ခံစားရသဖြင့် နောက်ပြန် လှည့်ကြည့်လိုက်ရာ တာအိုရသေ့ ကိုးဆယ့်ကိုးပါးစလုံးက သူ့ကို စိုက်ကြည့်နေကြကြောင်း တွေ့လိုက်ရသည်။
ချင်မူက သူ့အဝတ်အစားများကို ဆွဲဆန့်လိုက်၏။ ပုံမှန် မဟုတ်သည့်အရာ မည်သည်ကိုမျှ မတွေ့ရပေ။ ထို့နောက် ထိုတာအိုရသေ့များကို တောက်ပစွာ ပြုံးပြ၍ ခန်းမထဲသို့ ဝင်သွားလိုက်၏။
"မိစ္ဆာဆန်တယ်... မိစ္ဆာဆန်တယ်..." သူ့နောက်တွင်တော့ တာအိုရသေ့ ကိုးဆယ့်ကိုးပါးစလုံးက တစ်ပြိုင်နက်လိုလို ရေရွတ်လိုက်မိကြသည်။
ခေါင်းဆောင် တာအိုရသေ့က ချင်မူ၏ နာမည်နောက်တွင် သူ့မှတ်ချက်ကို ချရေး၍ နာမည်စာရင်းကို လေထဲသို့ ပစ်တင်လိုက်၏။ ကောင်းကင်ယံတွင် ကြိုးကြာတစ်ကောင်က ဖြတ်ပျံသွားပြီး နာမည်စာရင်း စာရွက်ကို နှုတ်သီးဖြင့် ကိုက်ချီသွားသည်။ ထို့နောက် ခန်းမဆောင်ကို ကျော်ဖြတ်၍ တောင်တန်းများဆီသို့ ပျံသန်းသွား၏။
"ဒီလို မိစ္ဆာဆန်တဲ့ ကောင်လေးမျိုးကတော့ နန်းတွင်းကောလိပ်ကို အန္တရာယ် မပေးနိုင်အောင်၊ နန်းတွင်းကောလိပ်ရဲ့ နာမည်ဂုဏ်သတင်း မထိခိုက်ရအောင် ဖြုတ်ချပစ်တာ အကောင်းဆုံးပဲ... နောက်က စာမေးပွဲစစ်တွေ သူ့ကို ဖြုတ်နိုင်ပါစေ ဆုတောင်းရမှာပဲ..."
ချင်မူနှင့် အခြား ကျောင်းသားများက ခန်းမထဲသို့ ဝင်သွားကြသည်။ သို့တိုင်အောင် သူတို့ရှေ့မှ တက်သွားကြသော အရပ်ခြောက်မျက်နှာအဆင့် ကျောင်းတော်သားများကို မမြင်ရသေးပေ။ ထိုကျောင်းတော်သားများ အားလုံးက ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်၍ သူတို့၏ စမ်းသပ်မှုများက ကွဲပြားခြားနားပေလိမ့်မည်။
ချင်မူ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်ပြီး ဤခန်းမ၏ တိုင်လုံးများပေါ်မှ နံရံဆေးရေးပန်းချီ အချို့ကို လှမ်းမြင်လိုက်သည်။ ဤနေရာတွင် ရာချီ၊ ထောင်ချီသော ထူးဆန်းသည့် နံရံဆေးရေးပန်းချီများ ရှိနေသဖြင့် သူ ဇဝေဇဝါ ဖြစ်သွားသည်။ "ဒီတစ်ခါ စစ်ဆေးမှာက ဘာလဲ မသိဘူး..."
ဝေ့ယုံက ပြုံးလိုက်၏။ "နန်းတွင်းကောလိပ်ရဲ့ စစ်ဆေးမှုတွေက တစ်နှစ်နဲ့ တစ်နှစ် မတူဘူး... အဲဒါကြောင့် ဘာစစ်ဆေးခံရမယ်ဆိုတာ ဘယ်သူမှ မသိကြဘူး... ငါတို့သာ ဘယ်လို စမ်းသပ် စစ်ဆေးမှုမျိုး ကြုံရမယ်ဆိုတာ သိရင် နန်းတွင်းကောလိပ်ကို ဝင်ခွင့်ရဖို့ ဒီလောက် ဘယ်ခက်တော့မှာလဲ..."
ချင်မူက ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ့ရင်ထဲတွင် တုန်ခါသွား၏။ ထိုတိုင်လုံးများပေါ်မှ နံရံဆေးရေးပန်းချီများက အချို့ ကျင့်စဉ်များ၏ ချီစွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းများ ဖြစ်သည်။
ပုံတစ်ပုံချင်းစီက ကျင့်စဉ် တစ်ခုစီအတွက် စွမ်းအင် လှည့်ပတ်မှု လမ်းကြောင်း ဖြစ်၏။
ထိုပုံများကို တစ်ပုံချင်း လိုက်ကြည့်၍ ရင်ထဲတွင် အတော်လေး အံ့ဩ တုန်လှုပ်မိသွားသည်။ နန်းတွင်းကောလိပ်က ကျင့်စဉ် နည်းစနစ်များကို ဤနေရာတွင် ရေးထိုးထားသည်မှာ ပေါ့ဆလွန်းမနေဘူးလား...။ အခြားသူများက ခိုးကူးသွားမည်ကို မစိုးရိမ်ဘူးလား...။
"ဒီခန်းမထဲက ချီစွမ်းအင်လမ်းကြောင်းပုံတွေက မပြည့်စုံတဲ့ ပုံတွေချည်းပဲ..."
သူ့ဘေးမှ ကျောင်းတော်သား တစ်ယောက်က ပြောလိုက်၏။ "ကျင့်စဉ်တွေ အကုန်လုံးက အပြည့်အစုံ မရှိဘူး... ငါ ကြားတာတော့ အင်ပါယာရဲ့ ပါမောက္ခချုပ်က ဒီမပြည့်စုံတဲ့ ကျင့်စဉ်တွေကို တစ်လောကလုံး လှည့်ပတ် ရှာဖွေပြီး ဒီနေရာမှာ ရေးထိုးခဲ့တာတဲ့..."
ချင်မူ ရုတ်တရက် ပန်းချီကား တစ်ချပ်ကို သတိပြုမိပြီး သူ့ရင်ထဲတွင် တဒိုင်းဒိုင်း ခုန်သွား၏။ ထိုပန်းချီကားက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ စွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းပုံ ဖြစ်သည်။
ထို့နောက် သူ မျက်မှောင်ကြုတ်သွား၏။ ဤပန်းချီကားမှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်မှ အရပ်ခြောက်မျက်နှာ အဆင့်အတွက် စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံ ဖြစ်ပြီး သူ အသည်းအသန် လိုအပ်နေသည့် ဓာတ်ကြီးငါးပါးအဆင့်အတွက် စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံ မဟုတ်ချေ။
"ကြည့်ရတာ ဂိုဏ်းချုပ်က တစ်နေရာရာမှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ရဲ့ စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံကို တွေ့ခဲ့တာ ဖြစ်မယ်... အဲဒါကြောင့် ဒီနေရာမှာ သူ ရေးထိုးခဲ့တာလား... အဲဒီလိုဆိုရင် ဂိုဏ်းချုပ်က တခြား စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံတွေကိုလည်း သိနေမလား... ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်နဲ့ တွေ့ဖို့ ငါ နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သား တစ်ယောက် ဖြစ်မှ ရမယ်..."