← Chapters

မွေးကင်းစကလေးငယ်ကဲ့သို့ စိတ်နှလုံး

Vol. 9 Ch. 116

မွေးကင်းစကလေးငယ်ကဲ့သို့ စိတ်နှလုံး

Vol. 9 Ch. 116

ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ အရပ်ခြောက်မျက်နှာအဆင့် စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံကို ခေါင်းထဲတွင် စွဲနေအောင် မှတ်သားလိုက်၏။ သူက ကြမ္မာဆိုးနှိမ်နန်းတော်တွင် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ ဓာတ်ကြီးငါးပါးအဆင့် စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံ တစ်ဝက်တစ်ပျက်ကို ရထားခဲ့ပြီး ဖြစ်သည်။ ယခု အရပ်ခြောက်မျက်နှာအဆင့် စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံနှင့် တွဲစပ် ကြည့်ရှုလိုက်သောအခါ တစ်ဝက်တစ်ပျက်ပုံတွင် နားမလည်နိုင်ခဲ့သည်များက တဖြည်းဖြည်း ရှင်းလင်းလာသလို ရှိသည်။ သို့သော်လည်း အပြည့်အစုံတော့ ဆက်စပ်နိုင်ခြင်း မရှိသေးပေ။

လူငယ်ဂိုဏ်းချုပ်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံကို တွေ့ရှိခဲ့သည် ဖြစ်ရာ သူ့တွင် ဓာတ်ကြီးငါးပါးအဆင့်အတွက်လည်း တစ်ပိုင်းတစ်စပုံ ရှိနေနိုင်သည်။ ထိုပုံမှာလည်း အပြည့်အစုံ မဟုတ်နိုင်သည့်တိုင်အောင် ချင်မူ သိထားသည်နှင့် ဆက်စပ်ကြည့်နိုင်ကောင်း ဆက်စပ်ကြည့်နိုင်ပေလိမ့်မည်။

ဤသည်က သူ၏ စွမ်းအင်ကျင့်စဉ်နှင့် ပတ်သက်နေသဖြင့် ကြိုးစား အားထုတ်မှ ရပေမည်။

ရုတ်တရက် ခန်းမနောက်ထဲမှ ဘုန်းတော်ကြီးတစ်ပါး ထွက်လာပြီး တည်ကြည်လေးနက်စွာ မိန့်ကြားလိုက်သည်။ "မြစ်သင်္ချိုင်းမြို့က ကျောင်းတော်သား ရှိရင် ရှေ့ထွက်ခဲ့... မင်းတို့ ဒီစမ်းသပ်မှုကို ဖြေစရာ မလိုဘူး... နောက်စမ်းသပ်မှုမှာ စောင့်နေ..."

ဝေ့ယုံက ကြောင်ငေးငေး စိုက်ကြည့်၍ အခြား ကျောင်းတော်သား နှစ်ယောက်နှင့် ရှေ့သို့ လှမ်းထွက်လာ၏။ အတွင်းခန်းမဆီသို့ လျှောက်သွားရင်း နောက်ပြန် လှည့်ကြည့်လိုက်သည်။ "နောင်တော်ချင်..."

"စကားမပြောကြနဲ့..."

ထိုဘုန်းတော်ကြီးက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "မြစ်သင်္ချိုင်းမြို့က ကျောင်းတော်သားတွေဟာ အတော်လေး ထိခိုက်ခံစားခဲ့ရတာမို့လို့ နောက်ထပ် စာမေးပွဲတွေ ဖြေစရာ လိုတော့မှာ မဟုတ်ဘူး... ကျန်တဲ့သူတွေက ဒီနေရာမှာ စာမေးပွဲ ဖြေဖို့ စောင့်နေကြ..."

ချင်မူ အတော်လေး အံ့အားသင့်သွား၏။ နန်းတွင်းကောလိပ်တွင် ဘုန်းတော်ကြီးတစ်ပါး ရှိနေသည်။

အစောတွင် တာအိုရသေ့ များစွာ မြင်ခဲ့ရသဖြင့် ဤနေရာမှာ နန်းတွင်းကောလိပ်ဟုသာ ခေါ်ဆိုသော်လည်း တာအိုဝါဒ ကြီးစိုးရာ နေရာတစ်ခု ဖြစ်နေဆဲသာ ရှိသည်ဟု ထင်ခဲ့မိ၏။  ဘုန်းတော်ကြီးတစ်ပါး တွေ့ရလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

"နန်းတွင်းကောလိပ်မှာ ဗုဒ္ဓဂိုဏ်းနဲ့ တာအိုဂိုဏ်း အတူယှဉ်တွဲ ရှိနေတာပဲ... မဟာ မိုးခြိမ်းသံ ကျောင်းတော်က ဘယ်လို မြင်မလဲ မသိဘူး..."

သူ အတွေးများနေစဉ်တွင် နောက်ထပ် ဘုန်းတော်ကြီးတစ်ပါး ခန်းမနောက်မှ ထွက်လာသည်။ ထိုဘုန်းတော်ကြီးက ဖြောင့်စင်းရှည်လျားသော မျက်ခုံးများ ရှိပြီး လက်ထဲတွင် နာမည်စာရင်း စာရွက်ကို ကိုင်ဆောင်ထား၏။ တောက်ပသော အကြည့်စူးစူးဖြင့် ခန်းမထဲသို့ ဝေ့ကြည့်လိုက်သည်။ ကျောင်းသားများမှာ ခေါင်းငုံ့သွားကြ၏။ "ဒီတစ်ခါ စမ်းသပ်မှာ မင်းတို့ရဲ့ ပင်ကို စိတ်ထားပဲ..."

သူ့အသံက ခေါင်းလောင်းကြီး တစ်လုံးကို တီးခတ်လိုက်သကဲ့သို့ အုန်းခနဲ မြည်ဟည်း ထွက်ပေါ်လာပြီး ခန်းမထဲရှိသူ အားလုံး၏ နားထဲတွင် အူထွက်သွားသည်။

သူက ကြာပန်းပုံ တင်ပျဉ်ဖွဲ့ထိုင်၍ မျက်လွှာချကာ ပြောလိုက်သည်။ "ငါက ဒီကျမ်းစာမှာ ပါတဲ့ တရားအလင်္ကာတွေကို ရွတ်မယ်... မခံနိုင်ရင် ခန်းမထဲက ထွက်သွားလို့ ရတယ်... ငါ့ရဲ့ ကျမ်းစာရွတ်သံကို ခံနိုင်တဲ့သူတွေက နောက်စမ်းသပ်မှုကို ဆက်သွားခွင့် ရမယ်..."

ထို့နောက် သူက လက်အုပ်ချီ၍ ပုတီးကို တစ်လုံးချင်း စိပ်ကာ တရားစာများကို မနှေးလွန်း မမြန်လွန်းသော နှုန်းထားဖြင့် ရွတ်တော့၏။ "ဗုဒ္ဓ ဟောကြားခဲ့သည်မှာ... သုဘူတိ၊ အားလုံးသော ဗောဓိသတ္တများနှင့် မဟာသတ္တများသည် စိတ်နှလုံးကို ဤသို့ ပယ်သတ်ရမည်။ ဥခွံမှ မွေးဖွားလာသော၊ အမိဝမ်းတွင်းမှ မွေးဖွားလာသော၊ စွတ်စိုထိုင်းမှိုင်းမှုမှ မွေးဖွားလာသော၊ အသွင်ဗီဇ ပြောင်းလဲခြင်းမှ မွေးဖွားလာသော၊ အသွင်ရှိ၍ ဖြစ်စေ၊ အသွင်မရှိဘဲ ဖြစ်စေ မွေးဖွားလာသော၊ စိတ်ဝိညာဉ် ရှိ၍ ဖြစ်စေ၊ စိတ်ဝိညာဉ် မရှိဘဲ ဖြစ်စေ မွေးဖွားလာသော၊ ဆန္ဒမပါဘဲ ဖြစ်စေ၊ ဆန္ဒပြင်းပြ၍ ဖြစ်စေ မွေးဖွားလာသော အားလုံးသော သက်ရှိသတ္တဝါတို့ကို အဖန်ဖန် အထပ်ထပ် ပြန်လည် မွေးဖွားခြင်းမှ လွတ်ငြိမ်းရာ ပန်းတိုင်နိဗ္ဗာန်သို့ လမ်းပြခေါ်ဆောင်မည်။ တိုင်းဆ၍ မရသော၊ ရေတွက်၍ မရသော၊ အကန့်အသတ်မဲ့သော သက်ရှိသတ္တဝါများကို အဖန်အဖန် အထပ်ထပ် ပြန်လည်မွေးဖွားခြင်း ချုပ်ငြိမ်းရာသို့ ခေါ်ဆောင်သော်လည်း မည်သည့် သက်ရှိသတ္တဝါကိုမျှ ခေါ်ဆောင်၍ မရ။ အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း..."

ဗုဒ္ဓတရားသံက တုန်ခါ ထွက်ပေါ်နေပြီး တရားသံ တစ်သံချင်းစီက တထာဂတ အရှင်မြတ် ကိုယ်တော်တိုင် ဆင်းသက်လာသကဲ့သို့ ခန်းမအတွင်းရှိ ကျောင်းတော်သားများ အားလုံး၏ စိတ်အလျဉ်ကို တိုက်ခိုက်၏။ သူတို့၏ ခန္ဓာကိုယ်တွင်းသို့ တိုက်ခိုက်၏။ သူတို့၏ ချီစွမ်းအင်၊ သူတို့၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာ၊ သူတို့၏ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကို တိုက်ခိုက်၏။

သူတို့၏ စိတ်အတွေးထဲ၌ မဟာ တထာဂတ ဗုဒ္ဓရှင်မြတ်ပင် ပေါ်ထွက်လာပြီး ရောင်ခြည်တော်များ ကွန့်မြူးနေသည်။

တုန်ခါသံက ပို၍ ပို၍ အားကောင်းလာသည်။ တောင့်ခံနိုင်ရန် ခက်ခဲသည်အထိ အားကောင်းလာသည်။ ထိုတုန်ခါသံများက သူတို့၏ ချီစွမ်းအင်နှင့် နှလုံးသွေးများကို မငြိမ်မသက် ဖြစ်လာစေပြီး ချီစွမ်းအင်များ စုစည်း၍ မရဘဲ ကောင်းကင်ရတနာများကို ခုခံကာကွယ်ရန် အခက်တွေ့လာ၏။

ထိုကျမ်းစာ ရွတ်ဖတ်မှုကို ခုခံ ကာကွယ်ရန်မှာ နှိုင်းဆ၍ မရအောင် ခက်ခဲလှသည်။ သူတို့၏ အတွေးအကြံများကို သိုဝှက်ထားနိုင်ခြင်း မရှိဘဲ ဘွားဘွားကြီး ပေါ်ထွက်သွားသကဲ့သို့ သူတို့၏ စိတ်အလျဉ်က ခုခံကာကွယ်နိုင်စွမ်း မဲ့နေ၏။

နောက်ဆုံးတွင်တော့ ကျောင်းတော်သား တစ်ယောက်မှာ မခံနိုင်တော့ဘဲ ထရပ်၍ ခန်းမအပြင်သို့ ပြေးထွက်သွားသည်။

အဝါရောင် သင်္ကန်းဝတ် ဘုန်းတော်ကြီး၏ ရွတ်ဖတ်မှုကို ဆက်နားထောင်နေလျှင် သူ၏ ချီစွမ်းအင် ပြိုကွဲ၍ သူ၏ ကောင်းကင်ရတနာများကို ဗုဒ္ဓသံက ကြီးစိုးသိမ်းပိုက်သွားမည် ကြောက်ရွံ့မိ၏။ သူ၏ ကြွက်သားများ၊ ဆံခြည်မျှင်များ၊ အရေပြားများ၊ အရိုးများ၊ သွေးကြောများပင် တုန်ခါမှုကြောင့် တစ်စစီ ပဲ့ကြွေသွားမည် စိုးရိမ်မိ၏။

ထိုကျောင်းတော်သား ခန်းမဆောင်ထဲမှ ပြေးထွက်ပြီး မရှေးမနှောင်းတွင် နောက်ထပ် ကျောင်းတော်သား အချို့ တောင့်မခံနိုင်ဘဲ ပြေးထွက်သွားကြသည်။ သူတို့ ခန်းမအပြင်သို့ ရောက်အောင် မပြေးနိုင်မီပင် အန်ချလိုက်မိကြ၏။ သူတို့၏ ကိုယ်တွင်းအင်္ဂါများ အားလုံးကို အန်ထုတ်ပစ်ချင်မိကြသည်။

အဝါရောင် သင်္ကန်းဝတ် ဘုန်းတော်ကြီးက မလှုပ်မယှက် ရှိနေပြီး သူ၏ တရားစာကို ဆက်လက် ရွတ်ဖတ်နေ၏။ ဗုဒ္ဓ တရားသံများက တဝုန်းဝုန်း တုန်ခါ ထွက်ပေါ်နေပြီး အသံက တစ်စထက် တစ်စ ဖိအား ပိုမို ကြီးမားလာသည်။ တောင့်မခံနိုင်တော့ဘဲ အလဲလဲအပြိုပြိုနှင့် ခန်းမထဲမှ ပြေးထွက်သွားသည့် ကျောင်းတော်သား အရေအတွက်က များသည်ထက် များလာ၏။

မသိလိုက်မသိဖာသာနှင့် ခန်းမထဲတွင် အယောက်နှစ်ဆယ်ကျော်သာ ကျန်ခဲ့တော့သည်။ ချင်မူက ခန်းမအလယ်တွင် ထိုင်နေ၏။ ဗုဒ္ဓတရားသံက သူ့ထံသို့ အားအဟုန်ပြင်းစွာ ရိုက်ခတ်၍ တစ်ကိုယ်လုံး တုန်ခါအောင် လှုပ်ခါနေသည်။ ထိုလူငယ်လေးက မတုန်မလှုပ် ရှိနေပြီး စိတ်ထဲမှ မိစ္ဆာသံ အလင်္ကာကို ရွတ်ဆိုနေ၏။ ဗုဒ္ဓသံက တိုက်ခိုက်၍ သူက ခုခံ၊ သူက တိုက်ခိုက်၍ ဗုဒ္ဓသံက ခုခံနှင့် သူမသာကိုယ်မသာ အနေအထားတွင် ရှိနေပြီး စိတ်လက်ရွှင်မြူးစွာ အားပြိုင် ဆော့ကစားနေသည်။

တစ်ခဏ နေသောအခါ ချင်မူက သူ သင်ယူထားသည့် နတ်ဘုရား ဘာသာစကားသို့ ပြောင်းလိုက်ပြီး ဗုဒ္ဓသံနှင့် အားပြိုင် တိုက်ခိုက်လိုက်၏။

အချိန် အတန်ကြာပြီးသောအခါ အဝါရောင် သင်္ကန်းဝတ် ဘုန်းတော်ကြီးက မျက်လုံးများ ပွင့်လာသည်။ နေရာတွင် တည်ငြိမ်စွာ ထိုင်၍ တိုင်လုံးများပေါ်မှ နံရံဆေးရေး ပန်းချီကားများကို မော့ကြည့်နေသော ချင်မူ့ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။ ထိုကလေးက သူ၏ ကျမ်းစာရွတ်ဖတ်မှုကို မည်သို့မျှ ခံစားရသည့်ဟန် မရှိချေ။ ယခုအချိန်၌ ခန်းမထဲတွင် လူဆယ်ယောက်ကျော်သာ ရှိတော့သည်။

"ထူးဆန်းတယ်... သူ့မှတ်ချက်မှာ မိစ္ဆာဆန်တယ်၊ သတိထားကြည့်ရမယ်လို့ ပါတာ သေချာပါတယ်... သူ့ရင်ထဲမှာ တကယ် မိစ္ဆာနတ်ဆိုးရှိနေရင် ငါ့ဗုဒ္ဓတရားသံအောက်မှာ ဘယ်လိုလုပ်  ဒီလောက် အကြာကြီး တောင့်ခံနိုင်ရတာလဲ..."

အဝါရောင် သင်္ကန်းဝတ် ဘုန်းတော်ကြီးမှာ ဇဝေဇဝါ ဖြစ်သွားပြီး သူ့နှုတ်ဖျားမှ ဗုဒ္ဓတရားသံမှာလည်း အလိုလို နှေးကျသွားသည်။ သူ့စိတ်ထဲမှ တွေးလိုက်၏။ "အခုလောလောဆယ် သူ့မှာ မိစ္ဆာဆန်တဲ့ စိတ်ထား မရှိဘူး... သူ ထွက်သွားရအောင် ငါ တမင် ဆက်ဖိအားပေးရင် ခန်းမထဲက ကျောင်းသားတွေ အကုန် ထွက်ပြေးသွားပြီး ဘယ်သူမှ မအောင်တော့မှာ စိုးရိမ်ရတယ်..."

သူက တရားစာ ရွတ်နေခြင်းကို ရပ်တန့်၍ ထရပ်လိုက်သည်။ "မင်းတို့အားလုံး အောင်မြင်ပြီ... ခန်းမနောက်ထဲက ထွက်ပြီး နောက်စမ်းသပ်မှုကို ဆက်သွားကြ..."

အားလုံးသော သူများမှာ သူတို့၏ ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ ခံစားလိုက်မိပြီး ထရပ်လိုက်ကြသည်။ သူတို့ တစ်ကိုယ်လုံးက ချွေးများ စိုနစ်နေ၏။ ချင်မူ တစ်ယောက်သာလျှင် မည်သို့မျှ ခံစားရသည့်ပုံ မပေါ်ဘဲ ချွေးတစ်စက်မျှ မထွက်။

အဝါရောင် သင်္ကန်းဝတ် ဘုန်းတော်ကြီးက သူ့ကို ခြေဆုံးခေါင်းဆုံး ထပ်ကြည့်လိုက်ပြီး အမည်စာရင်း မှတ်တမ်းကို ယူ၍ အားလုံး၏ နာမည်နောက်တွင် မှတ်ချက်များ ရေးသွင်းလိုက်သည်။ ချင်မူ၏ နာမည်နေရာသို့ ရောက်သောအခါ အဝါရောင် သင်္ကန်းဝတ် ဘုန်းတော်ကြီးမှာ ချီတုံချတုံ ဖြစ်သွားပြီးမှ ရေးချလိုက်၏။ "မွေးကင်းစ ကလေးတစ်ယောက်၏ စိတ်နှလုံး၊ ပြင်ပလောကကြောင့် မတုန်လှုပ်..."

ဘုန်းတော်ကြီးက ခန်းမနောက်ဘက်မှ ထွက်၍ အမည်စာရင်း မှတ်တမ်းကို ကောင်းကင်ယံထဲသို့ ပစ်တင်လိုက်သည်။ လေထဲမှ ကြိုးကြာငှက် တစ်ကောင်က ပျံဝဲ ရောက်ရှိလာပြီး ထိုအမည်စာရင်းစာရွက်ကို နှုတ်သီးဖြင့် ချီကာ ပျံသန်းသွားသည်။ အဝါရောင် သင်္ကန်းဝတ် ဘုန်းတော်ကြီးက ခန်းမထဲသို့ ပြန်ဝင်သွား၏။

ကြိုးကြာငှက်က တောင်လယ်ထိ ပျံသန်းသွားပြီး ခန်းမကြီး တစ်ခု၏ ရှေ့သို့ ဆင်းသက်လိုက်၏။ ထိုကြိုးကြာငှက်က သူ့နှုတ်သီးဖြင့် ချီလာသော အမည်စာရင်း စာရွက်ကို လျှောက်လှမ်းလာသော ကောင်လေးတစ်ယောက်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုကောင်လေးက ခန်းမထဲသို့ အလျင်အမြန် ပြေးဝင်၍ ခန်းမအတွင်းရှိ သက်လတ်ပိုင်းအရွယ် တာအိုရသေ့တစ်ပါးထံ ကမ်းပေးလိုက်သည်။ "ဆရာ လင်းယွင်... နာမည်စာရင်း မှတ်တမ်း ရောက်လာပါပြီ..."

တာအိုရသေ့ လင်းယွင်က နာမည်စာရင်း မှတ်တမ်းကို ဖွင့်ဖတ်၍ ပြုံးလိုက်၏။ "နှစ်တိုင်းနှစ်တိုင်း နန်းတွင်းကောလိပ်က ဝိညာဉ်သန္ဓေသားနဲ့ ဓာတ်ကြီးငါးပါးအဆင့် ထူးချွန်ကျောင်းသားတွေအတွက် ဆယ်နေရာ ချန်ထားပေးတယ်... ဒီနှစ် ဘယ်လို ပါရမီရှင်မျိုးတွေ ရောက်လာပါလိမ့်..."

သူက တစ်ချက် ကြည့်၍ အသာအယာ ခေါင်းညိတ်လိုက်သည်။ "ဆယ်လေးယောက် ကျန်သေးတာပဲ... အားလုံးက မှတ်ချက်တွေ ကောင်းကြတယ်... ဒီနှစ်မှာ မငြိမ်မသက်တွေ ဖြစ်ပြီး အရင်နှစ်တွေလောက် ပါရမီ မထူးချွန်ကြပေမဲ့ အရေးပေးသင့်တဲ့ ပါရမီရှင်လေးတွေ ရှိပါသေးတယ်... ဟင်..."

သူက ချင်မူ၏ နာမည်ကို ကြည့်၍ ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ မှတ်ချက်များကို ထပ်၍ ဖတ်လိုက်ပြီး ဇဝေဇဝါ ဖြစ်သွား၏။ "ဒီချင်မူဆိုတဲ့ တစ်ယောက်က ဘယ်လို ဖြစ်တာလဲ... တစ်ယောက်က မိစ္ဆာဆန်တယ်၊ သတိထားကြည့်ရမယ် ရေးထားတယ်... နောက်တစ်ယောက်ကကျတော့ မွေးကင်းစ ကလေးတစ်ယောက်ရဲ့ စိတ်နှလုံး၊ ပြင်ပလောကကြောင့် မတုန်လှုပ်တဲ့... ဒီကောင်တွေ ရှင်းရှင်းလင်းလင်း မရေးတတ်ကြဘူးလား..."

သူ့ဘေးနားမှ ကောင်လေးက ပြောလိုက်၏။ "ဆရာ... မြစ်သင်္ချိုင်းမြို့က ကျောင်းတော်သား သုံးယောက်ကို ကြိုရွေးချယ်ထားပြီးပါပြီ... ဆရာ့အနေနဲ့ ဒီတစ်ခေါက်မှာ ခုနစ်ယောက် ဖြုတ်ရပါမယ်... ပြီးတော့ သေနင်္ဂဗျူဟာ စစ်သူကြီးက အမှာစကား ပါးထားတာ ရှိပါတယ်၊ သူ့သမီးလည်း ဒီစာမေးပွဲ ဝင်ဖြေတာမလို့ ဆရာ့အနေနဲ့ သူ့သမီးအတွက် စဉ်းစားပေးစေချင်ပါတယ်တဲ့... နန်းတွင်းအရာရှိ နန်းဆောင်ကလည်း စာရောက်လာပါတယ်၊ သူ့မြေးတစ်ယောက် နန်းတွင်းကောလိပ်ကို ဝင်ချင်ပါတယ်တဲ့... မြင်းဖြူစစ်သူကြီးနဲ့ မြို့တော်က ချင်မိသားစုလည်း ရှိပါသေးတယ်... နယ်စားမင်းသား ကျန်းနန်ကလည်း စာပို့ထားတယ်၊ နယ်စားမင်းသား ကျန်းနန်ရဲ့ သားတော်ကလည်း နန်းတွင်းကောလိပ် ဝင်ချင်ပါတယ်တဲ့..."

တာအိုရသေ့ လင်းယွင်မှာ အတော်ကြီး ခေါင်းခဲသွားပြီး ညည်းတွားလိုက်သည်။ "သူတို့ အကုန်လုံးက နန်းတွင်းကောလိပ် ဝင်ချင်နေကြတယ်... အကုန်လုံးကလည်း ဩဇာအာဏာ ကြီးမားတဲ့ သူတွေချည်းပဲ... ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ထက် ရာထူးကြီးကြတယ်... မြစ်သင်္ချိုင်းမြို့ရဲ့ ကျောင်းတော်သား သုံးယောက်ကတော့ ဧကရာဇ် အတိုင်ပင်ခံ မျက်နှာ မပျက်ရအောင် သုံးနေရာ ပေးထားပြီးသား... ဆယ်နေရာမှာ ခုနစ်နေရာပဲ ကျန်တော့တယ်... ဒီလောက် လူအများကြီးကို ငါ ဘယ်လို စီစဉ်ရမှာလဲ... ဒီချင်မူရဲ့ နောက်ခံက ဘယ်ကလဲ... မြို့တော်ရဲ့ ချင်မိသားစုကလား..."

ထိုကောင်လေးက ခေါင်းခါယမ်းလိုက်၏။ "ချင်မိသားစုက ပြောတာ သူတို့ရဲ့ သခင်လေးက ချင်ယွီလို့ ခေါ်တယ်တဲ့... ဒီချင်မူက ချင်မိသားစုနဲ့ မဆိုင်ဘူး ထင်တယ်... သူ့နေရပ်ကို လီကျိုးပြည်နယ်လို့ ရေးသွင်းထားပါတယ်..."

တာအိုရသေ့ လင်းယွင်မှာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ "သူ့ကိုပဲ မတရားပြုရတော့မှာပေါ့... သူ့ကို ငါ့စမ်းသပ်မှု ကျော်ဖြတ်ခွင့် မပြုတော့ဘူး... နောက်ထပ် မိသားစု နောက်ခံ မရရှိတဲ့သူ ဘယ်သူ ရှိသေးလဲ..."

"တင်းရှန်နဲ့ တင်းဟယ် ညီအစ်ကို နှစ်ယောက်နဲ့ စစ်ယွင်ရှန်းဆိုတဲ့ မိန်းကလေး ရှိပါသေးတယ်... တခြားသူတွေက နောက်ခံ ရှိပေမဲ့ အဲလောက် အင်အားမကြီးပါဘူး... ဒီတစ်ယောက်ကတော့ ယန်ရှန်ပြည်နယ် ခေါင်းဆောင်ရဲ့ အမျိုးအနွယ်ပါ... ယွီမြို့အကြီးအကဲရဲ့ ညီမဝမ်းကွဲလည်း ရှိပါသေးတယ်..."

တာအိုရသေ့ လင်းယွင်မှာ သက်ပြင်း နောက်တစ်ကြိမ် ချလိုက်၏။ "ဒုတိယအဆင့်နဲ့ တတိယအဆင့် နန်းတွင်းအရာရှိတွေကိုလည်း အပြစ်ပြုမိလို့ မရဘူး... ဒါပေမဲ့ ဒီအခြေအနေမှာတော့ သူတို့ကိုပဲ အပြစ်ပြုရတော့မှာပေါ့..."

ချင်မူက ခန်းမ နောက်ဘက်မှ ထွက်လာပြီး ခေါင်းမော့ကြည့်လိုက်သောအခါ တောင်တက်လမ်း တစ်ခု ရှိနေကြောင်း တွေ့လိုက်ရသည်။ ကျောင်းတော်သား ဆယ်ယောက်ကျော်က တောင်တက်လမ်းအတိုင်း အတူတူ တက်လာကြပြီး များစွာ မကြာလိုက်ဘဲ မြေပြင်က ညီညာပြန့်ပြူးသွား၏။ ကျောက်စိမ်းတောင်ကမ်းပါးယံများ၌ ရေတံခွန်များ စီးကျနေသည်။ ထိုရေတံခွန်များက အရည်လဲ့စီးကျနေသော ကျောက်စိမ်းရည်များကဲ့သို့ ထင်ရပြီး နေရောင်က ၎င်းတို့အပေါ် ကျရောက်လာသောအခါ သက်တံရောင် အလင်းတန်းများ ဖြာထွက်လာ၏။ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းကြောင့် ချင်မူနှင့် အခြားသူများမှာ တအံ့တဩ ရေရွတ်လိုက်မိကြသည်။ ဤနေရာက အင်မော်တယ် နတ်ဝိဇ္ဇာတို့၏ အထွတ်အမြတ် နယ်မြေ ပီသပါပေသည်။

"မိန်းကလေး... မင့်မျိုးရိုးနာမည်ကလည်း 'စစ်'လား..."

ချင်မူက သူ့ဘေးမှ မိန်းမငယ်လေးကို ကြည့်၍ စိတ်ဝင်တစား မေးမြန်းလိုက်သည်။ "စစ်မျိုးရိုးက အတော်လေး ရှားတယ်... ငါ့မှာလည်း စစ်မျိုးရိုး အသိတစ်ယောက် ရှိတယ်..."

သူ့ဘေးမှ မိန်းမငယ်လေးက စစ်ယွင်ရှန်းဟု ခေါ်၏။ သူမက ခပ်အေးအေးနှင့် ညင်သာနူးညံ့သော မိန်းကလေး တစ်ယောက် ဖြစ်ပြီး မျက်လုံးဝိုင်းကြီးများ ရှိသည်။ အဘွားစစ်မှ လွဲ၍ စစ်မျိုးရိုးနာမည် ရှိသူ များများစားစား မရှိပေ။ ချင်မူ့အနေဖြင့် စစ်မျိုးရိုးနာမည်နှင့် အခြားသူ တစ်ယောက်ကို ယခုမှ ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်သည်။ သူမကို လှမ်းလှမ်းကြည့်နေမိပြီး မနေနိုင်ဘဲ သွားစကားပြောမိခြင်း ဖြစ်၏။

စစ်မျိုးရိုး မိန်းကလေးက သူ့အကြည့်ကို ရိပ်စားမိဟန် ရှိပြီး ရှက်သွေးဖြာသည့် အမူအရာ ပေါ်လာသည်။ သူမက သူ့ကို စကား ပြန်မပြောဘဲ ခေါင်းငုံ့ကာ ရှေ့ဆက်လျှောက်သွား၏။

"သူက ဘယ်လို ရှက်သွေးဖြာရမလဲ သိတယ်... အဘွားစစ် ရုပ်ဖျက်ထားတာ မဖြစ်နိုင်တော့ဘူး..."

ချင်မူ သက်ပြင်း တစ်ချက် ချလိုက်ပြီး စိတ်ထဲမှ တွေးလိုက်သည်။ "ဘွားဘွားက မရှက်ပြတတ်ဘူး... သူက အခု ဒုက္ခိတဘိုးဘွား ကျေးရွာမှာ၊ မဟာမြို့ပျက်က ထွက်မလာနိုင်ဘူး... ဒီကို ပြေးလာဖို့ဆိုတာ ပိုမဖြစ်နိုင်ဘူး... ဒီကောင်မလေးသာ အဘွားစစ်ဆိုရင် ငါ သံသယဝင်မှာစိုးလို့ စစ်မျိုးရိုးနာမည်ကို သုံးမှာ မဟုတ်ဘူး... ဟား... ဟား... ငါ အတွေးလွန်နေတာ ဖြစ်မှာပါ..."

သူက သံသယများသွားခြင်း ဖြစ်သည်။ ထိုမိန်းကလေး၏ နာမည်က စစ်ယွင်ရှန်းဟု ကြားလိုက်သောအခါ သံသယဝင်သွားပြီး မေးစမ်းကြည့်ခြင်း ဖြစ်၏။

များစွာ မကြာလိုက်ဘဲ ခန်းမကြီး တစ်ခု၏ ရှေ့သို့ ရောက်လာသည်။ ကောင်လေးတစ်ယောက်က အမည်စာရင်း စာရွက်တစ်ရွက်ကို ကိုင်ထားပြီး သူတို့ကို ကြည့်၍ ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ "ကျောင်းတော်သားတွေ... ဒီအဆင့် စမ်းသပ်မှုက ပြင်းထန်တယ်... ဒဏ်ရာရတာ ရှိနိုင်သလို အသက်တောင် သေနိုင်တယ်... လက်လျှော့ နောက်ဆုတ်ချင်တဲ့သူ ရှိပါသလား..."

All Chapters