← Chapters

ကောင်းကင်ခုနစ်စဉ်ကြယ်ကို ဆွတ်ခူးသောဓား

Vol. 9 Ch. 117

ကောင်းကင်ခုနစ်စဉ်ကြယ်ကို ဆွတ်ခူးသောဓား

Vol. 9 Ch. 117

ခန်းမရှေ့တွင် ကျောင်းတော်သား ဆယ့်လေးယောက်က မလှုပ်မယှက် ရပ်နေကြပြီး မည်သူမျှ နောက်ဆုတ်သွားခြင်း မရှိပေ။

ထိုကောင်လေးက တစ်ချက်ပြုံး၍ ဆက်ပြောလိုက်၏။ "ဘယ်သူမှ နောက်ဆုတ်မယ့်လူ မရှိဘူး ဆိုတော့ စစ်ဆေးမှု စကြတာပေါ့... ဆရာ..."

တာအိုရသေ့ လင်းယွင်က ခန်းမထဲမှ ထွက်လာပြီး ချင်မူနှင့် ကျန်သူများကို ဝေ့ကြည့်ကာ ပြုံးလိုက်သည်။ "အစောက စစ်ဆေးမှုတွေက မင်းတို့ရဲ့ သိုင်းအခြေခံ၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်နေစိတ်ထားကို စမ်းသပ်ခဲ့တာပဲ... ဒီအဆင့်မှာတော့ မင်းတို့ရဲ့ သိုင်းစွမ်းအားကို စမ်းသပ်မယ်... မင်းတို့အားလုံးက ကျောင်းတော်သားတွေပဲ ရှိသေးပေမဲ့ ဒီအဆင့်ထိ ရောက်လာနိုင်ခဲ့တာ အတော်လေး ထူးချွန်ထက်မြက်လို့ပဲ... မင်းတို့ တစ်ယောက်ချင်းစီမှာ အံ့အားသင့်စရာ ကောင်းတဲ့ သိုင်းစွမ်းအားတွေ ရှိကြတယ်... သန့်စင်ယန်စံအိမ်ရဲ့ စံအိမ်သခင် ဖြစ်တဲ့ ငါကိုယ်တိုင် မင်းတို့ အားလုံးကို စမ်းသပ်မယ်..."

ကျောင်းတော်သားများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ ကျောင်းသား တစ်ယောက်က လေသံတိုးတိုးနှင့် ပြောလိုက်သည်။ "ဒါ ဘယ်မျှတပါ့မလဲ..."

တာအိုရသေ့ လင်းယွင်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး ဟက်ခနဲ ရယ်မောလိုက်သည်။ "ဟုတ်တယ်... ဘယ်မျှတပါ့မလဲ... မင်းတို့အားလုံးက အခြေခံကျောင်းနဲ့ ကောလိပ်ကျောင်းတွေက လာကြတာ... နန်းတွင်းကောလိပ်နဲ့ ယှဉ်မရဘူး... ပြီးတော့ ငါက နန်းတွင်းကောလိပ်ရဲ့ အဆောင်မှူးတစ်ယောက်၊ နန်းတွင်းကောလိပ်မှာ ရှိတဲ့ ကျမ်းစာတွေ အကုန်လုံးကို ဖတ်ရှုထားပြီးသား... အဆင့်တူနေရင်တောင်မှ မင်းတို့အားလုံးထက် အများကြီး သာနေမှာ အမှန်ပဲ... အဲဒါကြောင့် ဒီစမ်းသပ်မှုမှာ မင်းတို့က ငါ့ရဲ့ တိုက်ကွက် သုံးကွက်ကိုပဲ ခုခံရမယ်... သုံးကွက်အတွင်း မရှုံးရင် မင်းတို့ ဒီစမ်းသပ်မှုကို အောင်မြင်တယ်လို့ သတ်မှတ်မယ်..."

သူက နွေးထွေးစွာ ပြုံးလိုက်၏။ "ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာပဲ ချန်ပြီး တခြား ကောင်းကင်ရတနာတွေကို ပိတ်ထားမှာပါ... မင်းတို့ သိပ်စိတ်မပူပါနဲ့..."

သူ့စကားကို ကြားရသည်တွင် ကျောင်းတော်သား အားလုံး သက်ပြင်းချလိုက်ကြ၏။ အဆင့်တူချင်း ဖြစ်လျှင် သူတို့ မည်သူ့ကိုမျှ မကြောက်။

မည်သို့ဆိုစေ သူတို့က သက်ဆိုင်ရာ အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းများ၌ ထူးချွန်သော သိုင်းပညာရှင်များ ဖြစ်ခဲ့ကြသည် မဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိကြ၏။

တာအိုရသေ့လင်းယွင်မှာလည်း ပြုံးလိုက်ပြီး စိတ်အေးသွားသည်။ အဆင့်တူချင်း သိုင်းသုံးကွက်တည်းသာ ဖြစ်သော်လည်း ပွဲအဖြေကို လိုသလို ထိန်းချုပ်ရန် သူ့အတွက် အတော်လေး လူးသာလွန့်သာ ရှိ၏။ ဤသုံးကွက်အတွင်း မည်သူမျှ မရိပ်စားမိအောင် အလျှော့ပေး တိုက်ခိုက်နိုင်သကဲ့သို့ သုံးကွက်အတွင်းလည်း ပြုတ်အောင် ဖြုတ်ချနိုင်သည်။

သူက နန်းတွင်းကောလိပ်၏ အဆောင်မှူး တစ်ယောက် မဟုတ်လား။ အဆင့်တူလျှင် ပြိုင်ဘက်ကင်းဟု မကြွေးကြော်နိုင်သော်လည်း သူ့လို သိုင်းစွမ်းအား ရှိသူက ရှားပါးစာရင်းဝင်၏။

"တင်းရှန်၊ မင်း အရင်ထွက်ခဲ့..."

တာအိုရသေ့ လင်းယွင်က သူ၏ ကောင်းကင်ရတနာများကို ပိတ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ကောင်လေး... သစ်သားဓားတွေ သွားယူလာခဲ့..."

ဘေးနားမှ ရပ်နေသော ကောင်လေးက သစ်သားဓားအိမ် နှစ်ခုကို ယူလာပြီး မြေပြင်ပေါ်တွင် ဒေါင်လိုက် ထောင်ပေးထားသည်။

တာအိုရသေ့ လင်းယွင်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သေးမျှင်သော ချီစွမ်းအင် ကြိုးတစ်ချောင်းက သူ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာ၏။ သူက ဓားအိမ်ထဲမှ သစ်သားဓား တစ်ချောင်းကို ချီကြိုးမျှင်ဖြင့် ရစ်ပတ် ဆွဲထုတ်ပြီး ပြောလိုက်သည်။ "ဒီဓားအိမ်ထဲမှာ ဓားသုံးဆယ့် ခြောက်ချောင်း ရှိတယ်... ကောင်းကင် ခုနစ်စဉ်ကြယ် ဓားသိုင်းအတွက် အနေတော်ပဲ... ဒီဓားအိမ်ကို မင့်စိတ်ကြိုက် အသုံးပြုနိုင်တယ်... ငါ့အတွက်ကတော့ ဒီဓားတစ်ချောင်းဆို လုံလောက်ပြီ..."

တင်းရှန်ဟု ခေါ်တွင်သည့် ကျောင်းသားက ရှေ့ထွက်လာပြီး ဓားအိမ်ကို သူ့နောက်ကျော၌ သိုင်းလွယ်လိုက်သည်။ သူက လင်းယွင်ကို ဦးညွှတ် အရိုအသေပြု၍ ကောင်းကင် ခုနစ်စဉ်ကြယ် ဓားသိုင်းကို ခင်းကျင်းလိုက်သည်။ ဓားအိမ်ထဲမှ သစ်သားဓားများက ပျံဝဲ ထွက်ပေါ်လာ၏။

ကောင်းကင် ခုနစ်စဉ်ကြယ် ဓားသိုင်းက အနယ်နယ် အရပ်ရပ်မှ ကျောင်းတော်သား အားလုံး သင်ယူရသည့် ဓားသိုင်း ဖြစ်သည်။ ချင်မူက ထိုသို့သော ဓားသိုင်းမျိုးကို မြို့တော်သို့ လာရာလမ်းတွင် သင်္ဘောပေါ်၌ မြင်တွေ့ခဲ့ဖူး၏။ ပထမဆုံးအကြိမ် စမြင်ခါစက သူ့ရင်ထဲတွင် တုန်လှုပ်သွားပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ သိုင်းပညာရှင်များက ထူးချွန် ထက်မြက်လှသည်ဟု ထင်မှတ်ခဲ့မိသည်။ လမ်းတွင်တွေ့သည့် ကြုံရာကျပန်း သိုင်းသမား တစ်ယောက်ကပင် ထိုမျှ ခက်ခဲနက်နဲသော သိုင်းကွက်ကို ထုတ်ဖော်ကစားနိုင်၏။

သို့သော်လည်း ကျောင်းတော်သား အားလုံးနီးပါး ကောင်းကင် ခုနစ်စဉ်ကြယ် ဓားသိုင်း လေ့ကျင့်သည်ကို မြင်တွေ့ပြီးသောအခါ ထိုသို့သော ကျောင်းသားမျိုး ဆယ်ယောက်ကို လက်တစ်ဖက်တည်းနှင့် တိုက်ခိုက်နိုင်သည်ဟု အတွေးပေါ်လာသည်။

တင်းရှန်က ကောင်းကင် ခုနစ်စဉ်ကြယ် ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။ သစ်သားဓား သုံးဆယ့်ခြောက်လက်က အထက်အောက် ဝဲပျံ ထွက်သွား၏။ အားအဟုန်က မသေးလှပေ။ သို့သော်လည်း သူ့ဓားသိုင်းကို စတင် ထုတ်ဖော်လိုက်သည်နှင့် တာအိုရသေ့ လင်းယွင်၏ သိုင်းကွက် သုံးကွက်ကို သူ မခုခံနိုင်ကြောင်း ချင်မူ သိလိုက်သည်။ ဓားကွက် တစ်ကွက်ကိုပင် ခံနိုင်လိမ့်မည် မဟုတ်။

ရွှစ်...။

တာအိုရသေ့ လင်းယွင်က ချီစွမ်းအင်ဖြင့် သူ့ဓားကို ထိန်းချုပ်၍ ထိုးစိုက်လိုက်သည်။ ထိုဓားချက်က မှန်းဆရ ခက်လှပြီး ဓားသုံးဆယ့် ခြောက်ချောင်းစလုံးကို ကျော်ဖြတ်ပြီး တင်းရှန်၏ ရင်ဝသို့ စိုက်ဝင်သွား၏။ ထိုလူငယ်မှာ ဓားချက်ကြောင့် ​နောက်သို့ လွင့်ထွက်သွားပြီး မြေပြင်သို့ ပြုတ်ကျကာ တော်တော်နှင့် ပြန်မထနိုင်တော့ချေ။

"မင်းရဲ့ ကျင့်စဉ်စွမ်းအင်က မဆိုးပါဘူး..." တာအိုရသေ့ လင်းယွင်က ခေါင်းမော့ကြည့်၍ ပြုံးလိုက်၏။

အခြား ကျောင်းတော်သားများမှာ တုန်လှုပ် ချောက်ချားသွားကြသည်။ တာအိုရသေ့ လင်းယွင်၏ ဓားသိုင်းက အသွင် ကူးပြောင်းခြင်း အဆင့်သို့ ရောက်နေပြီ ဖြစ်၏။ ထိုအဆင့်ကို ပြီးပြည့်စုံသော အဆင့်ဟုလည်း ခေါ်ဆိုသည်။ အသွင်ကူးပြောင်းခြင်း ဆိုသည်မှာ အဆင့်တစ်ခုမှ နောက်အဆင့်တစ်ခုသို့ ကူးပြောင်း၍ ကမ္ဘာတစ်ခု ဖွဲ့တည်ခြင်း ဖြစ်သည်။

ထိုအဆင့်သို့ ရောက်သောအခါ ဓားသိုင်း၏ အနှောင်အဖွဲ့ မရှိတော့။ အမှုမဲ့ အမှတ်မဲ့ လှုပ်ရှားမှုများကပင် ဓားသိုင်း ဖြစ်နေ၏။

ကြောက်စရာ အကောင်းဆုံး အချက်မှာ လင်းယွင်က ကျန်သည့် ကောင်းကင်ရတနာများကို ပိတ်၍ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာနှင့် ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာကိုသာ ချန်ထားသော်လည်း သူ့ကျင့်စဉ်စွမ်းအင်က နှိုင်းမရအောင် သိပ်သည်းနက်ရှိုင်းပြီး တင်းရှန်ထက် များစွာ သာလွန်နေခြင်း ဖြစ်သည်။

ဤသည်က အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ သူ့သိုင်းသုံးကွက်ကို ခံနိုင်မည့်သူ ရှိပါမည်လား။

တာအိုရသေ့ လင်းယွင်၏ အကြည့်က လှုပ်ရှားသွားသည်။ "တင်းရှန်... ဓားအိမ်ထားပြီး တောင်အောက် ဆင်းသွားတော့... နောက်ကျောင်းသား တစ်ယောက်၊ ချင်ယွီ..."

"ချင်ယွီ..."

ချင်မူ အံ့အားသင့်သွားပြီး ရှေ့ထွက်လာသည့် လူငယ်ကို ကြည့်လိုက်၏။ ထိုလူငယ်က အတော်လေး ချောမောခံ့ညား၏။ သူ့အသွင်က နှိမ့်ချခြင်း၊ ဝင့်ကြွားခြင်း အလျဉ်းမရှိ။ သူ့မျက်နှာကို ချင်မူ ရင်းနှီးနေသလို ခံစားမိသည်။

"သူ့ကို ကြည့်ရတာ တပ်မှူးလေးချင်၊ ချင်ဖေးယွဲ့နှင့် ဆင်သလိုပဲ..." ချင်မူ စိတ်ထဲမှ တွေးလိုက်မိသည်။

ချင်ယွီက ရှေ့ထွက်လာပြီး ဓားအိမ်ကို နောက်ကျောတွင် လွယ်၍ ဦးညွှတ် အရိုအသေပြုလိုက်သည်။

တာအိုရသေ့ လင်းယွင်က ပြုံးလိုက်၏။ "မင်းက ဩဇာအာဏာ ကြီးမားတဲ့ ချင်မိသားစုက ဖြစ်ပေမဲ့ ဒီစမ်းသပ်မှုမှာ မင်းကို ငါ ညှာနေမှာ မဟုတ်ဘူး... မင့်အစွမ်းအကုန် ထုတ်တိုက်၊ မဟုတ်လို့ကတော့ တင်းရှန်လို အဆုံးသတ်သွားရမယ်..."

ချင်ယွီက ခေါင်းညိတ်လိုက်ပြီး လက်ဆန့်၍ နောက်ကျောမှ ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ သူ့လက်ထဲတွင် သစ်သားဓား တစ်လက် ကိုင်ထားပြီး အခြားဓား သုံးဆယ့်ငါးလက်က တစ်ပြိုင်နက် ပျံဝဲ ထွက်ပေါ်လာ၏။ သို့သော်လည်း ထိုဓားများက ကောင်းကင် ခုနစ်စဉ်ကြယ် ဓားဝင်္ကပါအဖြစ် မခင်းကျင်းဘဲ လူးလွန့် ကူးခတ်နေသည့် နဂါးများကဲ့သို့ ပေါ့ပါးသွက်လက်စွာ လှုပ်ရှားသွားသည်။ ဤသို့သော ဓားသိုင်းမျိုးက အခြေခံကျောင်းများနှင့် ကောလိပ်များတွင် သင်ကြားပေးသော ဓားသိုင်းမျိုး မဟုတ်။

တာအိုရသေ့ လင်းယွင်ပင် ဤသို့သော ဓားသိုင်းမျိုးကို မမြင်ဖူးပေ။ သစ်သားဓားများက လူးလွန့် လှုပ်ရှားနေသော နဂါးများနှင့် တူသည်ဟုသာ ခံစားမိ၏။ ဤသစ်သားများ အတူတကွ ပေါင်းစည်းသွားသောအခါ ဓားသုံးဆယ့်ငါးချောင်း၏ စွမ်းအားများ ပေါင်းစည်းထားသော နဂါးကြီး တစ်ကောင် ဖြစ်သွားသည်။

ချင်ယွီက အော်ဟစ် မာန်သွင်းလိုက်၏။ သူ၏ ချီစွမ်းအင်က ပေါက်ကွဲ ထွက်ပေါ်လာသည်။ ကျားဖြူချီက အားအဟုန် ပြင်းထန်စွာ ရုန်းကြွလှုပ်ရှား၍ သစ်သားဓားများထံ စီးဝင်သွားသောအခါ ထိုသစ်သားဓားများမှာ ရွှေရောင်ပြောင်းပြီး ရွှေဓားများသဖွယ် ဖြစ်လာသည်။

ရွှေနှင့် သံထက် သာလွန် မာကြောသွားသော သစ်သားဓား သုံးဆယ့်ခြောက်ချောင်းက ချင်ယွီ၏ ထိန်းချုပ်မှု အောက်တွင် တာအိုရသေ့ လင်းယွင်ကို တိုက်ခိုက်လိုက်သည်။

လင်းယွင်က လွှတ်ခနဲ ချီးကျူး၍ စိတ်ထဲမှ တွေးလိုက်သည်။ "ဒါက ချင်မိသားစုရဲ့ ဓားသိုင်း မဟုတ်ဘူး... ဒီကောင်လေးက ကံကောင်းပြီး ဒီလူးလွန့်လှုပ်ရှားနေတဲ့ နဂါးပုံ ဓားသိုင်းကို ရခဲ့တာ နေမယ်... ချင်မိသားစုက သူ့ကို စောင်မကြည့်ရှုဖို့ စာမပို့ခဲ့ရင်တောင် နန်းတွင်းကောလိပ်ရဲ့ နန်းတွင်းကျောင်းတော်သား ဖြစ်ဖို့ အရည်အချင်း ပြည့်မီနေပြီ..."

ချင်ယွီက သိုင်းကွက်အသားပေး လမ်းစဉ်နှင့် ဓားပျံလမ်းစဉ်ကို လျှောက်လှမ်းသူ ဖြစ်၏။ သူ၏ ဓားသိုင်းက လူးလွန့်လှုပ်ရှားနေသော နဂါးများကဲ့သို့ ထက်ရှ၍ အားအင် ကြီးမားလှသည်။ သစ်သားဓား သုံးဆယ့်ငါးချောင်းက နဂါးပေါက်လေး သုံးဆယ့်ငါးကောင်ကဲ့သို့ ပျံဝဲလာပြီး တစ်ချက်တစ်ချက်တွင် ထိုသစ်သားဓား နှစ်ချောင်းစီ ဖြစ်စေ၊ သုံးချောင်းစီ ဖြစ်စေ ပေါင်းစည်းသွားသည်။ နဂါးပေါက်လေးများက နဂါးကြီး တစ်ကောင်အဖြစ်သို့ ပေါင်းစည်းသွားသည်နှင့် တူပြီး အားအင် ကြီးမားလာ၏။

တစ်ချိန်တည်းတွင် သူ့လက်ထဲမှ သစ်သားဓားက ပို၍ အရှိန်အဟုန် ပြင်းထန်လာ၏။ ထိုသစ်သားဓားမှာ သူ့လက်၏ အစိတ်အပိုင်း တစ်ခုကဲ့သို့ စေညွှန်ရာသို့ ခုတ်ပိုင်း တိုက်ခိုက်နေပြီး ဓားလမ်းကြောင်းကို ခန့်မှန်းရ ခက်လှသည်။ သူ အသုံးပြုသည်က လွန်စွာ အဆင့်မြင့်သော သိုင်းကွက်အသားပေး ပညာရပ်တစ်ခု ဖြစ်သည်။

ချင်မူမှ ဘေးမှ ရပ်ကြည့်ရင်း ရင်ထဲတွင် ဒိုင်းခနဲ ခုန်သွားသည်။ "ဒီချင်ယွီက တကယ့်နဂါးအစစ်ကို မြင်ဖူးထားတယ်... ဟုတ်သားပဲ... ချင်ဖေးယွဲ့က ရေခဲတုံးထဲမှာ ပိတ်လှောင်ထားတဲ့ မာန်ဟုန်မြစ် နဂါးမင်းရဲ့ ကလေးကို မဟာမြို့ပျက်ကနေ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာဆီ သယ်ထုတ်သွားတာကို... ချင်ယွီရဲ့ ဓားသိုင်းက အဲဒီ နဂါးပေါက်လေးကနေ ထိုးထွင်းသိမြင်ပြီး တတ်မြောက်ထားတာ နေမယ်... ကြည့်ရတာ အဲဒီ နဂါးပေါက်လေးက အသက်ရှင်သွားပြီလား မသိဘူး..."

နှလုံးသားတည့်တည့်ကို ထိုးစိုက်ခံထားရသည့် နဂါးပေါက်လေးအပြင် အိမ်ရှေ့စံ၏ ကိုယ်ရံတော် ဖြစ်သူ၊ ကူလင်းနွမ်မှာလည်း ရေခဲတုံးထဲတွင် ပိတ်မိနေခဲ့သည်။

အိမ်ရှေ့စံ၏ ကိုယ်ရံတော်၊ အနိမ့်စံ ပထမအဆင့် နန်းတွင်းအရာရှိ ဖြစ်သည့်အားလျော်စွာ ကူလင်းနွမ်၏ စွမ်းရည်က ထူးကဲမြင့်မားပေလိမ့်မည်။ ချင်မူက သူ၏ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို လှည့်စား ရယူခဲ့သည့်အပြင် ဓားအိမ်ကိုလည်း ထော့ကျိုးက ခိုးယူခဲ့၏။ ကူလင်းနွမ်သာ သူ့ကို မှတ်မိသွားလျှင် သေချာပေါက် အလွတ်ပေးလိမ့်မည် မဟုတ်။

သူက ဤစာမေးပွဲသို့ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို မယူလာခဲ့ပေ။ မိုးသံနားဆင်စံအိမ်၌ ထားခဲ့ပြီး ဖူချင်းယွင်ကို အပ်နှံခဲ့၏။ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားက အနိမ့်စံ ပထမအဆင့် နန်းတွင်းအရာရှိ၏ ဓားဖြစ်သည် မဟုတ်လား။ ပျောက်ဆုံးနေသည်မှာ နှစ်ပေါင်း များစွာ ကြာပြီ ဖြစ်သော်လည်း မှတ်မိ သိရှိနေသေးသော လူများစွာ ရှိပေလိမ့်ဦးမည်။

"ကူလင်းနွမ်က အိမ်ရှေ့စံ ကိုယ်ရံတော် ရာထူးမှာပဲလား... သူ အဲရာထူးမှာ ဆက်ရှိရှိ၊ မရှိရှိ... ငါ ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး... ဂိုဏ်းချုပ်ကို အရင်ရှာရမယ်..."

ချင်ယွီနှင့် တာအိုရသေ့ လင်းယွင်မှာ ရင်သပ် ရှုမောဖွယ်ကောင်းအောင် တိုက်ခိုက်နေကြသည်။ နှမြောစရာ ကောင်းသည်မှာ သိုင်းသုံးကွက်တည်းသာ တိုက်ခိုက်ခြင်း ဖြစ်ပြီး ထိုသုံးကွက်အတွင်း၌ သူတို့ နှစ်ယောက်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ကြ၊ ခုခံခဲ့ကြပြီးပြီ ဖြစ်သည်။

သိုင်းသုံးကွက် ပြည့်ပြီးနောက် တာအိုရသေ့ လင်းယွင်က သူ့ဓားကို ပြန်သိမ်း၍ ပြုံးလိုက်၏။ "မင်း အောင်ပြီ..."

ချင်ယွီက သက်ပြင်းတစ်ချက် မှုတ်ထုတ်၍ သစ်သားဓားများကို ဓားအိမ်ထဲ ပြန်သိမ်းကာ အောက်ချထားလိုက်သည်။

ချင်မူ မျက်မှောင်ကြုတ်သွား၏။ တာအိုရသေ့လင်းယွင်နှင့် ချင်ယွီတို့၏ တိုက်ပွဲက ရင်သပ်ရှုမောဖွယ် ကောင်းလှသည့်ပုံ ပေါက်သော်လည်း သူ့ရင်ထဲတွင် ထူးဆန်းနေသည်ဟု ခံစားမိ၏။ တာအိုရသေ့ လင်းယွင်က သူ့အားအကုန် မသုံး။

ချင်ယွီ၏ သိုင်းကွက်များက အမှန်တကယ်ပင် ရှုပ်ထွေးနက်နဲလှသည်။ သို့သော်လည်း သူ၏ ကျင့်စဉ်စွမ်းအင်က အစောက တင်းရှန်ထက် ပိုမြင့်မားခြင်း မရှိပေ။ တာအိုရသေ့ လင်းယွင်က သူ၏ သိပ်သည်းနက်နဲသော ကျင့်စဉ်စွမ်းအင်ကို အသုံးပြု၍ ချင်ယွီကို ဖိအားပေးနိုင်သော်လည်း မပေးဘဲ ဓားတစ်ချောင်းဖြင့်သာ တစ်ဘက်လူ၏ ဓားသုံးဆယ့်ခြောက်ချောင်းကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ ဤသည်က ကိုယ့်အားနည်းချက်ဖြင့် ရန်သူ၏ အားသာချက်ကို တိုက်ခိုက်သလို ဖြစ်မနေဘူးလား။

ချင်မူ၏ ကျင့်စဉ်စွမ်းအင်က လွန်စွာ အားကောင်းပြီး မျက်ကန်းကလည်း ကောင်းကင်ကိုးဆင့် နတ်ဘုရားမျက်လုံး ကျင့်စဉ်ကို သင်ကြားပေးခဲ့သဖြင့် ပထမ ကောင်းကင်ကိုသာ လေ့ကျင့်နိုင်သေးသော်လည်း သူ၏ မျက်စိအမြင်က လွန်စွာ စူးရှ၍ ဤအချက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။

"တစ်ခုခု မူမမှန်တာတော့ ရှိနေပြီ..."

"နောက်တစ်ယောက်၊ ချင်မူ..." တာအိုရသေ့ လင်းယွင်က ပြုံးလိုက်၏။

ချင်မူက ရှေ့ထွက်လာပြီး ဓားအိမ်ကို ကောက်ယူတော့မည် ပြင်လိုက်စဉ်တွင် တာအိုရသေ့ လင်းယွင်က မေးလိုက်၏။ "မင့်မျိုးရိုးနာမည်ကလည်း ချင်ပဲလား..."

ချင်မူ သူ့ကို မော့ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော့် မျိုးရိုးနာမည်က ချင်ဟုတ်ပါတယ်..."

တာအိုရသေ့ လင်းယွင်က ပြုံးလိုက်သည်။ "ချင်မိသားစုက ချင်မဟုတ်တာ နှမြောဖို့ ကောင်းတာပဲ..."

ချင်မူ မျက်ခုံးပင့်လိုက်ပြီး ဓားအိမ်ကို ကောက်မယူသေးဘဲ အဓိပ္ပာယ် မဖော်နိုင်သော အပြုံးတစ်ခုကို ပြုံးလိုက်၏။ "ဆရာ... ကျွန်တော်က နည်းနည်း တုံးအပြီး လောဘကြီးပါတယ်... ဒီဓားအိမ် နှစ်ခုစလုံး သုံးလို့ ရမလား..."

တာအိုရသေ့ လင်းယွင်က ထူးထူးထွေထွေ တွေးမနေဘဲ ပြုံးလိုက်၏။ "စိတ်ကြိုက်သုံးပါ... ငါ့အတွက် ဒီသစ်သားဓား တစ်ချောင်းဆို ရပြီ..."

ချင်မူက အခြားဓားအိမ်ကိုလည်း ကောက်ယူ၍ သူဘေး၌ ချထားလိုက်သည်။ သူ၏ ချီစွမ်းအင်က ဟုန်းခနဲ ထွက်ပေါ်လာပြီး လက်မောင်းလုံးခန့် တုတ်သော ချီစွမ်းအင် ကြိုးမျှင်အဖြစ်သို့ ပြောင်းလဲ၍ ဓားအိမ်တစ်ခုထဲသို့ ဝင်သွားကာ သစ်သားဓားတစ်ချောင်း ပျံဝဲထွက်ပါ်လာ၏။

တာအိုရသေ့ လင်းယွင်မှာ မအောင့်နိုင်ဘဲ ရယ်မောလိုက်မိသည်။ "မင်း ဘယ်လို လေ့ကျင့်ခဲ့တာလဲ... မင့်ဆရာတွေက ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့တတ်အောင် သင်မပေးလိုက်ဘူးလား..."

ချင်မူက ထပ်၍ ဦးညွှတ်လိုက်ပြီး ရိုးသားဖြူစင်စွာ ပြုံးလိုက်သည်။ "ကျွန်တော် မသင်ခဲ့ရပါဘူး... ဆရာ စပါ..."

တာအိုရသေ့ လင်းယွင်က သူ့လက်များကို နောက်တွင် ပစ်ထားပြီး မျက်စိဖြင့် မမြင်နိုင်လောက်သော ချီစွမ်းအင်ကြိုးမျှင် တစ်ချောင်းက သစ်သားဓားကို သူ့ကိုယ်တစ်ဝိုက်၌ လှည့်ပတ် ပျံသန်းနေစေပြီး ပြုံးလိုက်သည်။ "မင်း တိုက်ပါ..."

ချင်မူ၏ ညာဘက်လက်မှ လက်ချောင်းများက ပူးကပ်သွားပြီး ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်၏။ သူ၏ ချီစွမ်းအင်က အားအဟုန် ပြင်းထန်စွာ ပေါက်ကွဲလာပြီး သူ့ခြေကို ရှေ့သို့ တစ်လှမ်း တက်လိုက်သည်။ ညာဘက်လက်မှ ဓားချက်က ရှေ့သို့ ထိုးစိုက်လိုက်ပြီးနောက် ပင့်ကော်သည့် ဓားချက် တစ်ဆက်တည်း လိုက်လာသည်။

ရွှမ်း...။

သစ်သားဓားများ လေဟုန်ကို ခွင်းသွားသည်။ တရွှီရွှီ အသံကြောင့် အားလုံး၏ နားစည်မြှေးများ ပေါက်ကွဲထွက်လုနီးပါး ဖြစ်သွား၏။ တာအိုရသေ့ လင်းယွင်၏ ရင်ထဲတွင် ထိတ်ခနဲ ခုန်သွားပြီး သူ၏ သစ်သားဓားကို အလျင်အမြန် ထိန်းချုပ်၍ ခုခံလိုက်သည်။ သို့သော်လည်း မည်သည်ကိုမျှ မခုခံလိုက်မိ။ ထို့နောက်တွင်တော့ ချင်မူ့ သစ်သားဓား၏ ပင့်ကော်ချက်ကြောင့် လေထဲသို့ မြောက်တက်သွားသည်။

ပင့်ကော်ဓားချက်...။

ချင်မူ၏ မျက်နှာအမူအရာက အပြောင်းအလဲ မရှိဘဲ သူ၏ လက်ချောင်းဓားကို ရှေ့သို့ ထိုးစိုက်လိုက်၏။ တာအိုရသေ့ လင်းယွင်မှာ လေထဲသို့ ပင့်ကော်ခံလိုက်ရပြီး တုံ့ပြန်လှုပ်ရှားနိုင်ခြင်း မရှိမီမှာပင် ထိုသစ်သားဓားက သူ့ရင်ဝသို့ ထိုးစိုက်သွားကာ နောက်သို့ လွင့်ထွက်သွား၏။ သူ့ကိုယ်လုံးက ခန်းမကြီး၏ တံခါးကို တိုက်ချသွားပြီး အရိပ်အယောင် မမြင်ရအောင် ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် ချင်မူက ခြေကို ဆောင့်နင်းချလိုက်၏။ ဓားအိမ်နှစ်ခုစလုံးက မြေပြင်မှ သုံးပေအမြင့်ထိ မြောက်တက်လာသည်။ ဓားအိမ်များကို စည်းနှောင်ထားသည့် ကြိုးများက ဖောင်းခနဲ ပြတ်တောက်သွားပြီး သစ်သားဓားများက လျှပ်ပြက်သလို ထွက်ပေါ်လာကာ ခန်းမကြီးထဲသို့ တစ်ချောင်းပြီး တစ်ချောင်း ပြေးဝင်ထိုးစိုက်သွားသည်။

ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...။

ခန်းမအတွင်းမှ သစ်သားဓားအချင်းချင်း ထိုးစိုက် ကွဲထွက်သည့် အသံများ ဆင့်ကဲဆင့်ကဲ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း၌ ဓားအိမ်နှစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားကာ သစ်သားဓား ခုနစ်ဆယ့်တစ်ချောင်းမှာ မျဉ်းတစ်ပြေးတည်း ဖြစ်သွားသည်။ ရှေ့ဆုံးမှ ဓားက တာအိုရသေ့ လင်းယွင်၏ ရင်ဝသို့ ထိုးစိုက်၍ အရှိန်ကုန်သွားသည့်အချိန်တွင် ၎င်း၏ နောက်မှ ဓားက ရှေ့မှ ဓားကို ထိုးခွဲ၍ ဆက်လက် စိုက်ဝင်လာ၏။ သစ်သားဓားများက တစ်ချောင်းပြီး တစ်ချောင်း ထိုးစိုက်လာသဖြင့် တာအိုရသေ့ လင်းယွင်မှာ အသက်ရှူရန်ပင် အချိန်မရချေ။

All Chapters