ဧကရာဇ်
Vol. 9 Ch. 118
ဘုတ်... ဘုတ်...။
ချင်မူ၏ ခြေထောက်ဘေးသို့ ဓားအိမ်အလွတ် နှစ်ခုက တဘုတ်ဘုတ် ပြုတ်ကျလာပြီး နှစ်ပတ်ခန့် လိမ့်သွား၏။
သူ့နောက်တွင်တော့ အံ့ဩ ထိတ်လန့်နေသည့် ကျောင်းတော်သားများက ကြောင်ငေးငေး စိုက်ကြည့်နေကြသည်။ တာအိုရသေ့ လင်းယွင်၏ လက်အောက်မှ ကောင်လေးပင် လည်ကြီး လိမ်၍ ကြည့်နေမိ၏။ သူတို့၏ ပါးစပ်များက အဟောင်းသား ပွင့်နေပြီး ခန်းမအတွင်းသို့ လှမ်းကြည့်လိုက်ကြသည်။
သန့်စင်ယန်ခန်းမ၏ နောက်ဘက်တွင် နန်းတွင်းကောလိပ်၏ သင်ကြားရေးခန်းမ ရှိသည်။ သင်ကြားရေးခန်းမက သန့်စင်ယန်ခန်းမထက် အဆပေါင်းများစွာ ကြီးမား၏။ ထိုခန်းမရှေ့တွင် ရှည်လျားသော လှေကားထစ်များ ရှိပြီး စုစုပေါင်း လှေကားထစ် ကိုးရာ ကိုးဆယ့်ကိုးထစ် ရှိသည်။ ထိုခန်းမကြီး၏ အရှေ့၊ လှေကားထစ် ထိပ်ဆုံးတွင်တော့ အင်ပါယာ၏ ပါမောက္ခချုပ် ထိုင်သည့် အထွတ်အမြတ် ထိုင်ခုံ ရှိ၏။
သို့သော်လည်း ယခုအချိန်၌ ထိုနေရာတွင် ထိုင်နေသူမှာ အင်ပါယာ၏ ပါမောက္ခချုပ် ဖြစ်သည့် ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ် မဟုတ်ချေ။ အဝါရောင် ဝတ်ရုံကို ဝတ်ဆင်၍ သရဖူတစ်ခု ဆောင်းထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က သူ့အောက်တွင် ထိုင်၍ ဂိုဏ်းချုပ်၏ အောက်တွင်တော့ ရာချီသော အရပ်ဘက်၊ စစ်ဘက် နန်းတွင်းအရာရှိများနှင့် နန်းတွင်းကောလိပ်၏ အဆောင်မှူး တစ်ယောက် လှေကားထစ်များပေါ်တွင် မတ်တတ်ရပ်နေကြ၏။
လှေကားထစ်များ၏ အောက်တွင် အနယ်နယ်အရပ်ရပ်မှ ကျောင်းတော်သားများ စမ်းသပ်စစ်ဆေးမှုကို ခံယူနေကြသည်။
ဤနေရာသို့ လာရောက်နိုင်သော ကျောင်းသားများ အားလုံးမှာ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်ပြီး သူတို့၏ စမ်းသပ်စစ်ဆေးမှုက ချင်မူတို့ကဲ့သို့ ကျောင်းသားများနှင့် ကွာခြား၏။ ဤနေရာသို့ ရောက်လာကြသော ကျောင်းတော်သားများ အားလုံးက အလွန်တရာ ခက်ခဲလှသော စမ်းသပ်စစ်ဆေးမှုများကို ကျော်ဖြတ်ခဲ့ရသည်။
အခက်အခဲ ဆင်းရဲဒုက္ခများကို ဖြတ်ကျော်၍ ဤနေရာသို့ ရောက်လာကြပြီးနောက် အချို့ကျောင်းသားများမှ အထွတ်အမြတ် ထိုင်ခုံ၌ ထိုမျှ ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် ထိုင်နေသော အဝါရောင် ဝတ်ရုံဝတ် လူကြီးကို မြင်ပြီး သတိလစ်မေ့မျောသွားကြသဖြင့် အလိုလို စစ်ဆေးမှုမှ ဖြုတ်ချပြီး ဖြစ်သွားကြ၏။
အထွတ်အမြတ် ထိုင်ခုံပေါ်မှ လူမှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ လက်ရှိ ဧကရာဇ် ယန်ဖုန့် ဖြစ်သည်။
ဧကရာဇ် ယန်ဖုန့်က နန်းတွင်းကောလိပ်သို့ ကိုယ်တော်တိုင် ကြွရောက် ချီးမြှင့်ခြင်း ဖြစ်ပြီး ဤအဖြစ်က တမင်တကာ စီစဉ်ထားခြင်း မဟုတ်ပေ။ ဧကရာဇ် ယန်ဖုန့်က အနယ်နယ်အရပ်ရပ်မှ ပညာရှာရန် လာရောက်၍ ဧကရာဇ်၏ ကျောင်းတော်သား ဖြစ်လာမည့်သူများကို စစ်ဆေး ကြည့်ရှုရန် အကြိမ်များစွာ လာရောက်လေ့ ရှိသည်။
နန်းတွင်းကောလိပ်၊ ကောလိပ်များနှင့် အခြေခံကျောင်းများမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် သိုင်းဂိုဏ်းများကို ထိပ်တိုက်ရန် ဧကရာဇ် ယန်ဖုန့် ကိုင်စွဲထားသည့် လက်နက်များ ဖြစ်၏။ အထူးသဖြင့် နန်းတွင်းကောလိပ်မှာ အရေးပါ အရာရောက်ဆုံး ဖြစ်၍ သူ့အနေဖြင့် စစ်ဆေး ကြည့်ရှုခြင်း မရှိဘဲ ပစ်ထားလိမ့်မည် မဟုတ်ပေ။
လှေကားထစ်များ အောက်၌ မြောက်မြားစွာသော ကျောင်းတော်သားများ ရေကုန်ရေခန်း ယှဉ်ပြိုင် တိုက်ခိုက်နေကြစဉ်တွင် ရုတ်တရက် ဘုန်းခနဲ အသံကြီးကို ကျယ်လောင်စွာ ကြားလိုက်ရ၏။ သန့်စင်ယန်ခန်းမ၏ နောက်တံခါး တစ်ဖြစ်လဲ၊ သင်ကြားရေးခန်းမ၏ အရှေ့ဘက် နံရံမှာ ပွင့်ထွက်လာပြီး လူရိပ်တစ်ရိပ် လွင့်ပျံ၍ တိုက်ပွဲကွင်းပြင်ထဲသို့ ပြုတ်ကျလာသည်။
လွင့်ပျံလာသည့် လူရိပ်၏ နောက်မှ ပို၍ မြန်ဆန်သော အရှိန်နှုန်းဖြင့် ထက်ကြပ်မကွာ လိုက်လာသည်က သစ်သားဓားများ ဖြစ်သည်။
လေခွင်းသံများက တရွှီရွှီ မြည်၍ သစ်သားဓား ထိုးစိုက်သံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ တဒုတ်ဒုတ် မြည်သံ ခုနစ်ဆယ့်တစ်သံ ဆက်တိုက် ထွက်ပေါ်လာခြင်းနှင့်အတူ ထိုလူရိပ်မှာ ဓားများ ထိုးစိုက်၍ လှေကားထစ်များပေါ်သို့ ပက်လက်လန် လဲကျသွားသည်။
သင်ကြားရေးခန်းမ အောက်ခြေတစ်ခွင်လုံး အပ်ကျသံ ကြားရအောင် တိတ်ကျသွားသည်။ ယှဉ်ပြိုင် တိုက်ခိုက်နေကြသည့် ကျောင်းတော်သားအားလုံးမှာ ကြောင်အမ်းအမ်း ဖြစ်၍ လှေကားထစ်များပေါ်မှ လူကို ငေးစိုက်ကြည့်လိုက်မိကြသည်။
သင်ကြားရေးခန်းမ၏ ရှေ့ဘက်ခြမ်းမှာလည်း တိခနဲ တိတ်ကျသွား၏။ ရာချီသော အရပ်ဘက်၊ စစ်ဘက် နန်းတွင်းအရာရှိများမှာလည်း အံ့ဩထိတ်လန့်သွားကြသည်။
တစ်ခဏ ကြာသောအခါ ဧကရာဇ် ယန်ဖုန့်က ပြုံးရယ်၍ မြန်လွန်းနှေးလွန်းခြင်း အလျဉ်းမရှိသော လေသံဖြင့် ပြောလိုက်၏။ "ပါမောက္ခချုပ်ကြီး... ကြည့်ရတာ အခြေခံကျောင်းသားတွေရဲ့ ပြိုင်ပွဲက ကောလိပ်ကျောင်းသားတွေထက် ပိုမြိုင်ဆိုင်နေတယ် ထင်ပါ့... နန်းတွင်းကောလိပ်ရဲ့ အဆောင်မှူးတစ်ယောက်တောင် လွင့်ထွက်အောင် အတိုက်ခံရတယ်... အခု ငါကိုယ်တော် အခြေခံကျောင်းတော်သားတွေရဲ့ ယှဉ်ပြိုင်ပွဲကို ရှုစားဖို့ စိတ်ဝင်စားသွားပြီ..."
လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ "အရှင်မင်းကြီး ရှုစားလိုတယ် ဆိုရင် အဲဒီ ကျောင်းတော်သားတွေကို ဒီနေရာ ခေါ်လိုက်ပါ့မယ်... လင်းယွင်… မင်း အခုထိ မထသေးဘူး... ဒီလောက် အရှက်ကွဲရတာနဲ့ မလုံလောက်သေးဘူးလား..."
တာအိုရသေ့ လင်းယွင်မှာ အရှက်ရသွား၏။ လျင်မြန်စွာ ထရပ်လိုက်ပြီး ဧကရာဇ် ယန်ဖုန့်ကို ဒူးထောက် တောင်းပန်လိုက်သည်။
သူ့ရင်ဝ၌ သစ်သားဓား တစ်ချောင်းက ထိုးစိုက်နေဆဲ ရှိသည်။ ဤသစ်သားဓားက ခုနစ်ဆယ့်နှစ်ချောင်းမြောက် သစ်သားဓား ဖြစ်သည်။ သူ့ရင်ဝ တစ်နေရာတည်းကို သစ်သားဓား ခုနစ်ဆယ့် နှစ်ချောင်း စိုက်ဝင်ခဲ့သည် ဖြစ်၍ ဤသစ်သားဓားက သူ့ရင်အုပ် ကြွက်သားများကို ထွင်းဖောက်၍ သူ့နှလုံးကို ထိုးစိုက်လုနီးပါး ဖြစ်နေချေပြီ။
ကံကောင်းထောက်မ၍ နောက်သို့ လွင့်ထွက်လာသည့် အချိန်အတွင်း ပိတ်ဆို့ထားသည့် သူ့ကောင်းကင်ရတနာများကို ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျင့်စဉ်စွမ်းအင် အပြည့်အဝ ပြန်ရခဲ့ခြင်းကြောင့်သာ ချင်မူ့လက်ချက်ဖြင့် ဇီဝိန်မကြွေခဲ့ရခြင်း ဖြစ်၏။
သို့သော်လည်း နန်းတွင်းကောလိပ် တစ်ခုလုံးသာမက ဧကရာဇ်၊ နန်းတွင်းအရာရှိများနှင့် အခြား တိုင်းပြည်များ ရှေ့မှောက်တွင် အရှက်ကွဲခဲ့ရသည်။
အရပ်ဘက်နှင့် စစ်ဘက် နန်းတွင်းအရာရှိများထဲတွင် အခြား တိုင်းပြည်များမှ သံတမန်များလည်း ပါဝင်၏။
ဧကရာဇ် ယန်ဖုန့်က ပြုံးလိုက်၏။ "အဆောင်မှူး... မင်းက အခြေခံ ကျောင်းသား တစ်ယောက်ရဲ့ လက်ချက်နဲ့ ဒီလို မရှုမလှ ဖြစ်ရတာ တကယ့်ကို ကံဆိုးတာပဲ... ဘယ်သူက မင်းကို တိုက်ခိုက်တာလဲ... သူ့ကို ခေါ်လိုက်စမ်း... ငါ့ရဲ့ စတုတ္ထအဆင့် နန်းတွင်းအရာရှိကို ရိုက်နှက်ရဲတာ ဘယ်သူလဲ ကြည့်ရအောင်..."
တာအိုရသေ့ လင်းယွင်မှာ ပို၍ ရှက်ရွံ့သွားပြီး မြေကြီးထဲ ကျင်းတူး၍ ဝင်ပုန်းချင်စိတ်ပင် ပေါ်လာ၏။
လူငယ်ဂိုဏ်းချုပ်က နောက်အဆောင်မှူးတစ်ယောက်ကို ခေါ်၍ တာအိုရသေ့ လင်းယွင်ကို တွဲခေါ်သွားစေလိုက်သည်။ ထို့နောက် ပြုံး၍ လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... လင်းယွင်က တစ်ဘက်လူကို အထင်သေးလိုက်လို့ အခြေခံ ကျောင်းတော်သားက အသာစီး ရသွားတာ ဖြစ်ပါလိမ့်မယ်... သို့သော်ငြားလည်း ဒီအခြေခံကျောင်းတော်သားရဲ့ စွမ်းရည်က ချီးကျူးထိုက်ပါတယ်... လင်းယွင်ကို ဒီလိုပုံ ဖြစ်အောင် တိုက်ခိုက်နိုင်တာ... ဘယ်လို စွမ်းရည်မျိုး ပိုင်ဆိုင်ထားတဲ့ သူများလဲ ကျွန်တော်မျိုးတောင် စိတ်ဝင်စားမိပါတယ်..."
သန့်စင်ယန်ခန်းမ၏ ရှေ့တွင်တော့ ချင်မူက မည်သို့မျှ မဖြစ်ခဲ့လေဟန် နောက်လှည့်ကြည့်လိုက်သည်။ သူ့နောက်မှ ကျောင်းတော်သား အချို့က အသိပြန်ဝင်ခြင်း မရှိသေးပေ။ စစ်ယွင်ရှန်းဟု ခေါ်သော မိန်းကလေး တစ်ယောက်သာ သူ့ကို မျက်လုံးဝိုင်းကြီးများနှင့် စိုက်ကြည့်နေပြီး သူ ပြန်လှည့်ကြည့်သည်ကို မြင်သောအခါ ထိုမိန်းကလေးက သူမ၏ အကြည့်ကို ပြန်ရုပ်သိမ်းကာ ခေါင်းငုံ့ချ၍ အင်္ကျီအနားစများကို လုံးချေနေ၏။
"ဒီလို ရှက်သွေးဖြာတဲ့ ပုံစံမျိုး... သေချာပေါက် ဘွားဘွား မဟုတ်ဘူး..." ချင်မူ ယုံကြည်မှု အပြည့်ဖြင့် တွေးလိုက်၏။
ထိုအခိုက်၌ တာအိုရသေ့ လင်းယွင်မှာ အခြား အဆောင်မှူး တစ်ယောက်နှင့် ခပ်သုတ်သုတ် ပြန်ထွက်လာ၏။ တာအိုရသေ့ လင်းယွင်၏ တပည့်ကောင်လေးက ဆီးကြိုလိုက်သည်။ "ဆရာ..."
ဖြန်း...။
ထိုကောင်လေးမှာ လင်းယွင်၏ ရိုက်ချက်ကြောင့် တစ်ပတ်လည်ထွက်သွားသည်။ လင်းယွင်၏ ဘေးမှ အဆောင်မှူးက မျက်မှောင်ကြုတ်လိုက်၏။ "နောင်တော်... ဘာလို့ စိတ်သဘောထား ကျဉ်းမြောင်းပြီး ကလေးတစ်ယောက်အပေါ် ဒေါသပုံချရတာလဲ..."
တာအိုရသေ့ လင်းယွင်က သုန်မှုန်သော မျက်နှာအမူအရာဖြင့် ချင်မူ့ကို ကြည့်လိုက်သည်။ သူ့ရင်ထဲတွင်တော့ ဖြေ၍ မပြေနိုင်သော ဒေါသများ ပြည့်လျှံနေ၏။ "မင်း... ငါနဲ့ လိုက်ခဲ့..."
အခြား အဆောင်မှူးက တခြားကျောင်းတော်သားများကို ကြည့်၍ ပြောလိုက်သည်။ "မင်းတို့ အကုန်လုံးလည်း နောက်က လိုက်ခဲ့ကြ... သန့်စင်ယန်ခန်းမရဲ့ စစ်ဆေးမှုက ယာယီ ရပ်တန့်ထားမယ်..."
ကျောင်းတော်သားများမှာ အသိဝင်လာကြပြီး ကမန်းကတန်း နောက်မှ လိုက်သွားကြ၏။
အားလုံးက သင်ကြားရေး ခန်းမရှေ့ရှိ လှေကားထစ်များ၏ အခြေသို့ ရောက်လာပြီး ရင်ထဲတွင် တဒိုင်းဒိုင်း ခုန်သွားကြသည်။ ဤနေရာတွင် လူပေါင်းများစွာ ရှိနေ၍ အင်ပါယာ၏ ထိပ်သီးပုဂ္ဂိုလ်များ ရှိနေသည့်အပြင် ဧကရာဇ်ကိုယ်တိုင်ပင် ရှိနေမည်ဟု မျှော်လင့်မထားမိခဲ့ကြပေ။
ချင်မူက လှည့်ပတ် ကြည့်ရှုလိုက်ပြီးမှ သူ့မျက်လုံးများကို အောက်စိုက်ထားရန် ကြိုးစားလိုက်သည်။ ဝေ့ယုံကလည်း လှေကားထစ်များ အောက်၌ ရပ်နေပြီး မည်သည့် စစ်ဆေးမှုမှ မဖြေဆိုရပေ။ ချင်မူ့ကို မြင်သောအခါ နှုတ်ဆက်မည် ပြင်လိုက်သော်လည်း သူ့ကိုယ်သူ ပြန်ထိန်း၍ နားရွက်ကုတ်ရမလို၊ ခေါင်းကုတ်ရမလို ဖြစ်သွားသည်။
ဧကရာဇ် ယန်ဖုန့်က ပြုံးလိုက်၏။ "ငါ့ရဲ့ အဆောင်မှူးကို လွင့်ထွက်သွားအောင် တိုက်ခိုက်ခဲ့တဲ့ အခြေခံ ကျောင်းတော်သားက ဘယ်သူများလဲကွဲ့... ကြည့်စမ်းပါရစေဦး..."
ချင်မူ ရှေ့ထွက်၍ ဧကရာဇ်ကို ခေါင်းမော့ကြည့်ကာ စိတ်ထဲမှ တွေးလိုက်သည်။ "ဒါက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ လက်ရှိ ဧကရာဇ်၊ ဧကရာဇ် ယန်ဖုန့်လား..."
ဧကရာဇ် ယန်ဖုန့်က သူ တွေးထင်ထားသည်နှင့် ကွာခြားနေ၏။ သူ့အတွေးထဲတွင် ဧကရာဇ် ယန်ဖုန့်က ဉာဏ်ပညာ ကြီးရင့်၍ မြင့်မြတ်သော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး ကောင်းကင်နတ်ဘုရား တစ်ပါးကဲ့သို့ ရင်သပ်ရှုမောဖွယ် အရှိန်အဝါမျိုး ရှိလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဤဧကရာဇ် ယန်ဖုန့်ကတော့ ရင်းနှီးဖော်ရွေသည့်ပုံ ပေါက်နေ၏။ ကိုယ်ပေါ်တွင် အဝါရောင် နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ရွှေနှင့် ကျောက်စိမ်း စီခြယ်ထားသည့် အနီရောင် ခါးစည်းကို စည်းနှောင်ထားသည်။ မျက်နှာက ခပ်ပြည့်ပြည့် ဖြစ်ပြီး မျက်ခုံးနှစ်ခု အလယ်နေရာက ကျယ်ဝန်းပြန့်ပြူး၏။ ဖြောင့်စင်းနေသော နှာတံရှိပြီး နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများ ရှိသည်။
သူ့နှုတ်ခမ်းထက်ရှိ နှုတ်ခမ်းမွေးထက် နှုတ်ခမ်းအောက်ရှိ မုတ်ဆိတ်မွေးများက ပိုတိုသည်။ သို့သော်လည်း ထိုးထိုးထောင်ထောင် ဖြစ်နေခြင်း မရှိ။ တစ်စုံတစ်ယောက်က သူ့နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများကို သန့်ရှင်းသပ်ယပ်၍ ခံ့ညားထည်ဝါသည့် အသွင်ပေါက်အောင် ရိတ်သင်ပေးဟန် ရှိ၏။
ဧကရာဇ် ယန်ဖုန့်က သူ့ကို စိတ်ဝင်တစား ကြည့်၍ ပြုံးလိုက်သည်။ "အတော်လေး ငယ်သေးတာပဲ... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို စွမ်းရည်မျိုး ရှိတာ ရှားတယ်... မင်းက ဘယ်က လာတာလဲကွဲ့..."
ချင်မူက ဦးညွှတ် အရိုအသေပြု၍ လီကျိုးပြည်နယ်မှ ဖြစ်ကြောင်း ပြောမည် ပြင်ပြီးမှ စိတ်ပြောင်းသွားသည်။ သူက ကွယ်ဝှက်ခြင်း မရှိဘဲ လျှောက်တင်လိုက်၏။ "ကျွန်တော်မျိုးက မဟာမြို့ပျက်ကပါ..."
သူ့စကား အဆုံးတွင် တပ်မှူးငယ်တစ်ယောက်က လူအုပ်ထဲမှ ရုတ်တရက် ထရပ်၍ ဦးညွှတ် အရိုအသေပြုလိုက်သည်။ "အရှင်မင်းကြီး ဒီတစ်ယောက်ကို ဖမ်းဆီးဖို့ အမိန့်ချပေးပါ... သူက မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံ လူတစ်ယောက် ဖြစ်နေပါတယ်..."
သူ့စကားကြောင့် ခန်းမတစ်ခုလုံး တဝေါဝေါ ဆူညံသွား၏။
အသံလာရာဆီသို့ ကြည့်၍ ချင်မူ အနည်းငယ် စိုးရိမ်သွားမိသည်။ ထိုတပ်မှူးငယ်က တပ်မှူးလေး ချင်ဖေးယွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ချင်ဖေးယွဲ့က သူနှင့် စိမ်းသည့်သူ မဟုတ်။ နယ်စပ်နဂါးမြို့၏ တည်းခိုဆောင်တွင် အတူတူ ထိုင်၍ပင် စကားစမြည် ပြောဆိုဖူး၏။
ချင်ဖေးယွဲ့က သူ့နောက်ခံအချို့ကို သိထားသည်။
ထိုအခိုက်၌ ဧကရာဇ် ယန်ဖုန့်၏ ဘေးမှ အသက်ကြီးကြီး ဝန်ကြီးတစ်ပါးက လေသံတိုးတိုးဖြင့် လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ဒီကျောင်းသားငယ်က ကျွန်တော်မျိုး လျှောက်တင်ခဲ့တဲ့ ပန်းပွင့်လမ်းကြားက နတ်ဆေးသမားတော်ပါပဲ..."
"ပန်းပွင့်လမ်းကြားက နတ်ဆေးသမားတော် ဟုတ်လား... ဒီလောက် ငယ်သလား..."
ဧကရာဇ် ယန်ဖုန့်မှာ တစ်ခဏမျှ အံ့အားသင့်နေပြီးမှာ ပြုံးလိုက်သည်။ "နောက်ဆုတ် တပ်မှူးလေးချင်... သူက မဟာမြို့ပျက်က လာတာလို့ ပြောပြီးပြီပဲ... ဘာလို့ ရုတ်ရုတ်သဲသဲ လုပ်နေရတာလဲ..."
ချင်ဖေးယွဲ့က စောဒကတက်လိုက်၏။ "အရှင်မင်းကြီး... ဒီတစ်ယောက်က သံသယဖြစ်စရာ နောက်ခံ ရှိပါတယ်... ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ဆက်နွှယ်နေပါတယ်... အရှင်မင်းကြီး စဉ်းစားတော်မူပါ..."
ဧကရာဇ် ယန်ဖုန့်က မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ "ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း ငါ့လက်အောက်က ဂိုဏ်းတစ်ခုပဲ... သူတို့ကလည်း ငါ့တိုင်းသူပြည်သားတွေပဲပေါ့... မင်းက အခု ငါ့တိုင်းသူပြည်သားတွေကို အရေးယူဖို့ ပြောနေတော့... ကောင်းကင်နတ်ဆိုးဂိုဏ်းကို ငါ ဘယ်လို အုပ်ချုပ်ရတော့မှာလဲ..."
ချင်ဖေးယွဲ့မှာ ဆက်၍ ငြင်းဆိုလိုသေး၏။ "ဒါပေမဲ့..."
ဧကရာဇ် ယန်ဖုန့်၏ အမူအရာက အနည်းငယ် သုန်မှုန်သွားပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ "နောက်ဆုတ်... ငါ့ရဲ့ နန်းတွင်းအရာရှိတွေထဲမှာ သိုင်းဂိုဏ်းအသီးသီးက အဆင့်မြင့်ပုဂ္ဂိုလ်တွေ ရှိတယ်... သူတို့ရဲ့ နောက်ခံတွေအရ ဆိုရင် တစ်ဝက်လောက်က မိစ္ဆာဂိုဏ်းတွေကပဲ... တပ်မှူးလေးချင်... မင်းက နည်းနည်း လွန်ကျူးနေပြီ..."
ချင်ဖေးယွဲ့မှာ မတတ်သာဘဲ နောက်ဆုတ်သွားရ၏။
ဧကရာဇ် ယန်ဖုန့်က ချင်မူ့ကို ကြည့်၍ ပြုံးလိုက်သည်။ "ကောင်းကင်ဘုံအောက်က နေရာတိုင်းဟာ ဧကရာဇ်ရဲ့ နယ်မြေပဲ... မြေပြင်အဆုံးထိ လူတိုင်းလူတိုင်းဟာ ဧကရာဇ်ရဲ့ ဝန်မင်းတွေပဲ... ငါကိုယ်တော်ရဲ့ နယ်မြေက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာတင် မကန့်သတ်ထားဘူး... မဟာမြို့ပျက်က လူတွေဟာလည်း ငါကိုယ်တော်ရဲ့ ပြည်သူပြည်သားတွေပဲ... မင်းက ကောင်းကင်နတ်ဆိုးဂိုဏ်းသား တစ်ယောက်လား..."
ချင်မူက ဦးညွှတ်အရိုအသေပြု၍ ပြန်လျှောက်တင်လိုက်၏။ "မှန်ပါတယ်..."
ဧကရာဇ် ယန်ဖုန့်က တဟားဟား ရယ်မော၍ ဘယ်ညာနှစ်ဖက်ရှိ အရပ်ဘက်နှင့် စစ်ဘက် နန်းတွင်းအရာရှိများကို ကြည့်လိုက်သည်။ "ကောင်းကင်နတ်ဆိုးဂိုဏ်းက အမြဲတစေ အမိဖမ်းရ ခက်ခဲ့တာ... အခု သူတို့ ဂိုဏ်းသားတွေတောင် ပညာရှာဖို့ နန်းတွင်းကောလိပ်ကို ဝင်လာပြီ... ပါမောက္ခချုပ်ကြီးရဲ့ စွမ်းဆောင်မှုက တကယ့်ကို ကြီးမားပါပေတယ်..."
လူငယ်ဂိုဏ်းချုပ်က ဦးညွှတ် အရိုအသေပြုလိုက်၏။ "အရှင်မင်းကြီးရဲ့ ဘုန်းတော်ကြောင့်ပါ..."
ဘေးနားမှ နန်းရင်းဝန်ကြီး တစ်ပါးက လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ဒီတစ်ယောက်က အစွန့်ပစ်ခံလူ တစ်ယောက် ဖြစ်နေနိုင်ပါတယ်..."
"အစွန့်ပစ်ခံလူ ဟုတ်လား..."
ဧကရာဇ် ယန်ဖုန့်က အလေးမထားဘဲ ခပ်အေးအေး ပြောလိုက်သည်။ "နတ်ဘုရားတွေ စွန့်ပစ်တာနဲ့ ငါလည်း စွန့်ပစ်မယ်လို့ ဘယ်ဟုတ်ပါ့မလဲ... နတ်ဘုရားတွေက သက်ရှိအားလုံးကို စွန့်ပစ်နိုင်ပေမဲ့ ငါက မစွန့်ပစ်နိုင်ဘူး... ငါ့နယ်မြေကို ရောက်လာရင် ဘယ်နေရာကပဲ လာခဲ့တာ ဖြစ်ဖြစ် ငါ့တိုင်းသူပြည်သားတွေ ဖြစ်သွားပြီ... စွန့်ပစ်ခံလူဆိုတာ မရှိတော့ဘူး..."
အသက်ကြီးကြီး ဝန်ကြီးတစ်ပါးက ရှေ့ထွက်လာပြီး ဦးညွှတ် အရိုအသေပြုလိုက်၏။ "သို့ပေမဲ့ အရှင်မင်းကြီး... ဒီရက်ပိုင်းအတွင်းမှာ သိုင်းဂိုဏ်းတွေက တိုင်းပြည် ဆူပူအောင် ဖန်တီးနေပါတယ်... ကောင်းကင်နတ်ဆိုးဂိုဏ်းကလည်း ထကြွသောင်းကျန်းလာမှာကို ကျွန်တော်မျိုး စိုးရွံ့မိပါတယ်... ဒီတစ်ယောက်ကသာ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ သူလျှို ဖြစ်နေခဲ့ရင်..."
"သိုင်းလောကရဲ့ ဂိုဏ်းတွေ အကုန်လုံးက အမြဲတမ်း ရှုပ်ထွေးအောင် လုပ်ပြီး ငါ့ကို တုန်လှုပ်အောင် လုပ်ချင်နေကြတယ်..."
ဧကရာဇ် ယန်ဖုန့်မှာလည်း ထိုကိစ္စကို ခေါင်းခဲနေပြီး မထီတရီ ပြောလိုက်၏။ "အပေါ်ယံမှာတော့ သူတို့က အတိုင်ပင်ခံကို ပုန်ကန်နေကြတာ ဆိုပေမဲ့ တကယ်တမ်း ငါ့ကို ပုန်ကန်နေကြတာပဲ... ငါ့ကို ဖြုတ်ချပြီး နဂါးပလ္လင်ပေါ် တက်ထိုင်နေချင်ကြတာ... သိပ်ကို စိတ်ကူးတွေ ယဉ်ကောင်းနေကြတာပဲ... ဟိုးအရင်တုန်းက တိုင်းပြည်ဟာ ဂိုဏ်းတွေအပေါ် မှီခိုခဲ့ရပြီး သိုင်းဂိုဏ်းတွေက ဧကရာဇ်ကို ရွေးချယ်ခဲ့ကြတယ်... သိုင်းဂိုဏ်းတွေက တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေအပေါ် တက်ထိုင်ပြီး ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့ကြတယ်... သူတို့ မကြိုက်တဲ့ ဧကရာဇ်ဆိုရင် ဖြုတ်သတ်ပစ်ခဲ့ကြတယ်... အခု လက်ရှိက အရင်နဲ့ မတူတော့ဘူး... သိုင်းဂိုဏ်းတွေက တိုင်းပြည်အပေါ် ပြန်မှီခိုနေရရုံပဲ ရှိတော့တယ်..."
ဧကရာဇ် ယန်ဖုန့်မှာ ပြောရင်း ပြောရင်းနှင့် မည်သည့် စိတ်နှလုံးကြိုးမျှင်ကို ထိခတ်သွားသည်မသိ၊ ထရပ်၍ စိတ်မာန်ပါစွာ ပြောလိုက်သည်။ "အတိုင်ပင်ခံနဲ့ ငါက ပြောင်းလဲမှုကို ဖော်ဆောင်ဖို့ ရှေ့ကို တွန်းနေတယ်... အတိအကျ ဆိုရရင် သိုင်းဂိုဏ်းတွေက တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေရဲ့ အသက်သွေးကြောကို ချုပ်ကိုင်ထားတဲ့ အနေအထားကို ပြောင်းလဲပစ်ဖို့ လုပ်နေတယ်... အခြေအနေ တစ်ရပ်ကို ပြောင်းလဲပစ်ရုံ သက်သက်တင် မဟုတ်ဘူး... ဘဝကံကြမ္မာကို ပြောင်းပစ်ဖို့ လုပ်နေတာ... အဲဒီ သိုင်းဂိုဏ်းတွေရဲ့ ဘဝကို ပြောင်းလဲပစ်မယ်... ငါ့ဘဝကို ပြောင်းလဲ ပစ်မယ်... သိုင်းဂိုဏ်းတွေက မပြောင်းလဲချင်ဘူး ဆိုရင် ငါကိုယ်တိုင် သူတို့ဘဝကို ပြောင်းပစ်မယ်... သိုင်းဂိုဏ်းတွေ ထိန်းချုပ်ထားတဲ့ သယံဇာတတွေက အင်ပါယာနဲ့ သက်ဆိုင်တယ်... ငါ့ကို ဖိအားပေးနိုင်ဖို့ သူတို့မှာ အခွင့်မရှိဘူး... သိုင်းဂိုဏ်းတွေတင် မကဘူး... နန်းတွင်းမှာလည်း ပြောင်းလဲရမယ်... နန်းတွင်းက ပြောင်းလဲမှုကို လက်မခံရင် အနှေးနဲ့အမြန် အဆုံးသတ်သွားမယ်... အတိုင်ပင်ခံက ပြင်းထန်လွန်းတယ်လို့ မင်းတို့ ဆိုကြတယ်... တကယ်တမ်း ငါ့လောက် သူ မပြင်းထန်ဘူး... သူ့လုပ်ဆောင်ချက်တွေက ငါ့ဆန္ဒတွေ အရပဲ... ဧကရာဇ် အတိုင်ပင်ခံကို ပုန်ကန်တာ ငါ့ကို ပုန်ကန်တာနဲ့ အတူတူပဲ..."