← Chapters

ကိုယ့်ခေါင်းကိုယ်ဖြတ်ပြီး ထွက်သွား

Vol. 9 Ch. 119

ကိုယ့်ခေါင်းကိုယ်ဖြတ်ပြီး ထွက်သွား

Vol. 9 Ch. 119

နန်းတွင်းကောလိပ် တစ်ခုလုံး တိတ်ကျသွားပြီး မည်သည့်အသံမျှ မကြားရတော့ချေ။

ဧကရာဇ် ယန်ဖုန့်က သူ၏ ခံစားချက်ကို ထုတ်ဖော်ပြောကြား၍ ဝန်ကြီးများ၊ မှူးမတ်များကို ငြိမ်ဝပ် ပိပြားအောင် ပြုလုပ်လိုခြင်း ဖြစ်ကြောင်း ထင်ရှား၏။ အုပ်ချုပ်သူ မင်းဧကရာဇ်နှင့် နောက်လိုက် မှူးမတ်တို့၏ စိတ်နှလုံးကို တစ်သားတည်း ဖြစ်အောင် ပြုလုပ်လိုရင်းလည်း ဖြစ်သည်။

တစ်ခဏ ကြာပြီးသောအခါ ဧကရာဇ် ယန်ဖုန့်က ပြုံးရယ်၍ ပြန်ထိုင်လိုက်သည်။ "ငါကိုယ်တော် ဣန္ဒြေပျက်သွားတယ်... အဆောင်မှူး... နာမည်စာရင်း မှတ်တမ်း ယူလာခဲ့..."

တာအိုရသေ့ လင်းယွင်က နာမည်စာရင်း မှတ်တမ်းကို ကမန်းကတန်း ဆက်သလိုက်သည်။ ဧကရာဇ် ယန်ဖုန့်က မီးငှက်စုတ်တံကို ကောက်ယူ၍ ချင်မူ့နာမည်အောက်၌ စာလုံးအချို့ ရေးချလိုက်သည်။ "ယနေ့မှစ၍ ကောင်းကင်သားတော်၏ ကျောင်းတော်သားအဖြစ် သတ်မှတ်လိုက်သည်..." ရေးပြီးသည်နှင့် အမည်စာရင်း မှတ်တမ်းကို ပြန်ပိတ်၍ တာအိုရသေ့ လင်းယွင်ထံ ပြန်ပေးလိုက်၏။

ဧကရာဇ် ယန်ဖုန့်က လူငယ်ဂိုဏ်းချုပ်ကို ကြည့်၍ ပြောလိုက်သည်။ "ပါမောက္ခချုပ်ကြီး... ကျောင်းသားရွေးချယ်တာ ပါမောက္ခချုပ်ရဲ့ အလုပ်ပဲ... အခု ငါက ဝင်ရှုပ်မိသွားတယ်... မောင်မင်းရဲ့ သဘောကရော ဘယ်လိုများ ရှိသလဲ..."

လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ "အရှင်မင်းကြီးက စူးရှတဲ့ အမြင်နဲ့ ကြီးမြတ်တဲ့ ပါရမီရှိတဲ့ ဆရာကောင်း တစ်ယောက်ပါ... ဒါက မဟာမြို့ပျက်အတွက် ကြီးမားတဲ့ ဆုလာဘ်တစ်ခုပါပဲ..."

ဧကရာဇ် ယန်ဖုန့်က တဟားဟား ရယ်မောလိုက်ပြီး ခေါင်းတယမ်းယမ်း ဖြစ်သွားသည်။ "မြှောက်နေပြန်ပြီ... မြောက်နေပြန်ပြီ... ကဲ ကဲ... ကျောင်းသားတွေရဲ့ ပြိုင်ပွဲ ဆက်ခိုင်းလိုက်တော့..."

နန်းတွင်းကောလိပ်၏ အဆောင်မှူးများက အမိန့်နာခံ၍ ကျောင်းတော်သားများ၏ ယှဉ်ပြိုင်မှုများကို ဆက်လက် ကျင်းပလိုက်၏။ အခြေခံကျောင်းသားများတွင်လည်း စစ်ဆေးမှု မပြီးဆုံးသေးသော ကျောင်းသားများ ရှိသေးသည့်အတွက် သင်ကြားရေး ခန်းမရှေ့တွင်ပင် ဆက်လက် ကျင်းပလိုက်သည်။ ထိုကျောင်းသားများကို တာအိုရသေ့ လင်းယွင်ကသာ ဆက်လက် စစ်ဆေး၏။

တာအိုရသေ့ လင်းယွင်က နန်းတွင်းအရာရှိကြီးများ၏ မျိုးဆက်များနှင့် တော်ဝင်မျိုးဆက်များကို သက်ညှာပေးလိုသော်လည်း မည်သို့မျှ မတတ်နိုင်တော့ပေ။ ဤနေရာတွင် ရှိနေသူများက စူးရှသည့် အမြင်ရှိသော အဆင့်မြင့် သိုင်းသမားများ ဖြစ်ကြသည် မဟုတ်လား။ သူ မရိုးမသား လုပ်ခဲ့လျှင် သိမြင်သွားမည် ဖြစ်သည်။

စမ်းသပ်စစ်ဆေးမှုက ညနေခင်းအထိ ကျင်းပပြီးမှ အဆုံးသတ်သွားသည်။ အချို့က ဝမ်းသာရွှင်မြူး၍ အချို့မှာ ခေါင်းငိုက်စိုက် ကျနေကြသည်။ အထူးသဖြင့် ကောလိပ်ကျောင်းသားများ ဖြစ်၏။ သူတို့၏ ယှဉ်ပြိုင်မှုက ပိုပြင်းထန်ပြီး ပိုကြမ်းတမ်းသည်။ တစ်ရာတွင် တစ်ယောက်သာ နန်းတွင်းကောလိပ်သို့ ဝင်နိုင်၏။

အခြေခံကျောင်းသားများအတွက် ငါးနေရာသာ ကျန်တော့ပြီး ဩဇာအာဏာ ကြီးမားသည့် အိမ်တော်များမှ လာသည့် ကျောင်းသားများက သာမန် ဆင်းရဲသားမိသားစုမှ ကျောင်းသားများထက် ပိုမို သင်ယူခွင့်ရ၍ ပိုမို ထူးချွန်ကြသည်။ ထိုငါးယောက်တွင် စစ်ယွင်ရှန်း တစ်ယောက်သာ အောင်မြင်စွာ ကျော်ဖြတ်၍ နန်းတွင်းကောလိပ်၏ ကျောင်းတော်သား တစ်ယောက် ဖြစ်လာသည်။

အခြား လေးယောက်က နာမည်ကြီး မိသားစုများမှ ဖြစ်သည်။

သာမန် ဆင်းရဲသော မိသားစုများမှ ကျောင်းတော်သားများက မကြိုးစားကြသည် မဟုတ်။ အထောက်အပံ့ အားနည်းခြင်းကြောင့်သာ ဖြစ်သည်။

အခြေခံကျောင်းနှင့် ကောလိပ်ကျောင်းများတွင် သင်ကြားပေးသည့် သိုင်းပညာ၊ မှော်သိုင်းနှင့် ဓားသိုင်းများက တစ်ပုံစံတည်း ဖြစ်ပြီး သူတို့ မည်မျှ ကျွမ်းကျင်အောင် လေ့ကျင့်သည် ဖြစ်စေ ဤအတားအဆီး ဘောင်အတွင်းမှ ချိုးဖောက်ထွက်နိုင်ခြင်း မရှိကြပေ။ ဩဇာအာဏာရှိသော မိသားစုမှ ကျောင်းတော်သားများကတော့ အခြေခံကျောင်းနှင့် ကောလိပ်ကျောင်းများမှ သင်ကြားပေးလိုက်သည်များကို မိသားစု၏ အဆင့်မြင့်ပညာရှင်များက ထပ်ဆင့် လမ်းညွှန် သင်ပြပေးသည့်အပြင် ဘိုးဘေးများ၊ သိုင်းဂိုဏ်းများမှ မိသားစုအစဉ်အဆက် လက်ဆင့်ကမ်း အမွေဆက်ခံခဲ့သည့် မျိုးရိုးသိုင်းပညာများကိုလည်း သင်ယူလေ့ကျင့်ခွင့် ရကြသည်။ သို့ကြောင့်ပင် သာမန်ဆင်းရဲသား မိသားစုများမှ နန်းတွင်းကောလိပ်သို့ ဝင်ရောက်နိုင်သည့် ကျောင်းတော်သား အရေအတွက်မှာ နည်းပါးနေခြင်း ဖြစ်သည်။

ဤအခြင်းအရာများ အားလုံးကို ချင်မူ မြင်မိလိုက်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။ "ဒီအတိုင်း ဆက်သွားရင် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ အမြင့်ပိုင်း ရာထူးတွေကို ဩဇာအာဏာရှိတဲ့ မိသားစုတွေနဲ့ သိုင်းဂိုဏ်းတွေကပဲ အမြဲ သိမ်းပိုက်ထားလိမ့်မယ်... လူဆင်းရဲတွေက သူတို့ရဲ့ ဆင်းရဲဒုက္ခကနေ ရုန်းထွက်ဖို့ အခွင့်အရေး ဘယ်တော့မှ ရမှာ မဟုတ်သလို နန်းတွင်းအုပ်ချုပ်ရေးမှာလည်း အရေးပါတဲ့ ရာထူးတွေလည်း ဘယ်တော့မှ ရမှာ မဟုတ်ဘူး... ဒီအတိုင်းဆိုရင် အင်ပါယာက ကြာကြာခံမှာ မဟုတ်ဘူး... ဧကရာဇ် ယန်ဖုန့်က ပြောင်းလဲချင်တဲ့စိတ် ရှိပေမဲ့ ဒီအခြေအနေကို သူ ပြောင်းလဲနိုင်ပါ့မလား..."

ဤသို့သော အခြေအနေမျိုးတွင် အုပ်ချုပ်သူ လူတန်းစားက အုပ်ချုပ်သူများသာ အမြဲ ဖြစ်နေပြီး အနိမ့်အမြင့် အဆင့်အတန်း ကွာခြားမှုက တည်မြဲနေပေလိမ့်မည်။ ဩဇာအင်အား ကြီးမားသူများက အုပ်ချုပ်သူ လူတန်းစားတွင် ပိုမို အင်အား ကြီးထွားလာပြီး စည်းစိမ်ဥစ္စာ သယံဇာတများ ပိုမိုရရှိကာ အင်ပါယာ၏ အတွင်းလှိုက်စားနေသော အနာအကျိတ်များ ဖြစ်လာပေလိမ့်မည်။

အချိန်ရောက်လာသည့်အခါ ဆင်းရဲသား လူတန်းစားများက အုံကြွ တော်လှန်ကြပြီး  ထိုအနာအကျိတ်များက ဆူပူအုံကြွမှုကို အခွင့်ကောင်းယူကြသဖြင့် တစ်ညတာ ကာလအတွင်း အင်ပါယာတစ်ခုလုံး ပြိုကျ ပျက်စီးသွားပေလိမ့်မည်။

စမ်းသပ်စစ်ဆေးမှု ပြီးဆုံးသွားသောအခါ အဆောင်မှူးများက ကျောင်းသားများအတွက် နေရာထိုင်ခင်း စီစဉ်ပေး၏။ နန်းတွင်းကျောင်းတော်သား ဖြစ်သွားသူ အားလုံးမှာ နန်းတွင်းကောလိပ်၌ ကိုယ်ပိုင်အိမ်ရာ ရကြသည်။ ကျောင်းသားများ နေထိုင်ရမည့် နေရာကို ကျောင်းတော်သားအိမ်ရာဟု ခေါ်တွင်၏။ ကျောင်းတော်သား တစ်ယောက်လျှင် ဝင်ပေါက် နှစ်ပေါက်၊ ထွက်ပေါက် နှစ်ပေါက် ပါဝင်သော ခြံဝင်းအိမ်ရာ တစ်လုံးစီ ရကြသည်။ နန်းတွင်း ကျောင်းတော်သားများမှာ သူတို့ လိုအပ်သည့်အရာ အားလုံး တစ်နေရာတည်းတွင် ရှိသဖြင့် သူတို့၏ ကိုယ်ပိုင်ခြံဝင်းအတွင်း၌သာ နေထိုင်ကြသည် များ၏။ ထို့ပြင် အိမ်သန့်ရှင်းရေးလုပ်၊ အဝတ်လျှော်၊ စားဖွယ်သောက်ဖွယ် ပြင်ပေးသည့် အစေခံများလည်း ရှိသဖြင့် သူတို့၏ နိစ္စဓူဝ လုပ်ငန်းဆောင်တာများအတွက် စိတ်မရှုပ်ရတော့ပေ။

အဆင့်အတန်းမြင့်သည့် ကျောင်းတော်သားများ ဆိုလျှင် ကိုယ်ပိုင် အစေခံများ၊ အိမ်ဖော်များကိုပင် ခေါ်ဆောင်လာနိုင်ကြ၏။ ချင်မူက ထွေထွေထူးထူး ပိုင်ဆိုင်သူ မဟုတ်သဖြင့် ထိုသို့သော အရေးကိစ္စများ မရှိချေ။

"ဟူလင်းအာကိုရော ဒီခေါ်လာလို့ ရမလား မသိဘူး... ငါ နေရာကျပြီး၊ ဂိုဏ်းချုပ်နဲ့ တွေ့ပြီးရင် သူ့ကို ဒီခေါ်လာရမယ်..."

ချင်မူက လှည့်ပတ် ကြည့်ရှုလိုက်သည်။ နန်းတွင်းကောလိပ် တည်ရှိရာ ကျောက်စိမ်းတောင်က အဝေးမှ မြင်ရသည်ထက် ပိုကြီးမား၏။ တောင်ပေါ်တွင် တောင်ဆင့်၍ လိုဏ်အတွင်း၌ လိုဏ်ရှိနေသည်။ သန့်စင်ယန်ခန်းမ၊ မိုးပြာယန်ခန်းမနှင့် သင်ကြားရေးခန်းမတို့အပြင် အခြား ခန်းမဆောင် ဆယ့်နှစ်ခုလည်း ရှိသေးသည်။ ထိုထဲတွင် မှတ်တမ်းထိန်းဆောင်လည်း အပါအဝင် ဖြစ်၏။

မှတ်တမ်းထိန်းဆောင်မှာ ကျမ်းစာများ၊ စာအုပ်စာတန်းများ သိမ်းဆည်းရာ နေရာ ဖြစ်ပြီး မှတ်တမ်းထိန်း တစ်ယောက် ရှိသည်။ မှတ်တမ်းထိန်း ဆိုသည့်အတိုင်း ကျမ်းစာ၊ မှတ်တမ်းများ၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်း စောင့်ရှောက်ရ၏။ မှတ်တမ်းထိန်းဆောင်တွင် သိမ်းဆည်းထားသည်က အနယ်နယ်အရပ်ရပ်ရှိ ဂိုဏ်းအသီးသီးမှာ စုစည်း ရယူထားသော ရှေးဟောင်းမှတ်တမ်းများ ဖြစ်သည်။ ထိုမှတ်တမ်းများကို မှတ်တမ်းထိန်းက ထိန်းသိမ်း စောင့်ရှောက်ထား၏။

ချင်မူ ရပ်တန့်၍ ဟိုသည် လှည့်ပတ် ကြည့်ရှုလိုက်သည်။ မှတ်တမ်းထိန်းဆောင်တွင် အရှေ့အနောက် လူးလာလှုပ်ရှားနေကြသော လူများနှင့် စည်ကားနေ၏။ အများစုက နန်းတွင်းကျောင်းတော်သားများ ဖြစ်ပြီး တော်ဝင်မျိုးဆက်သွေးများလည်း ပါရှိသည်။

"ဒီနေရာထိ အရောက် လှမ်းလာခဲ့ပြီးနောက်မှာ ဂိုဏ်းသခင်လေးအနေနဲ့ ဘယ်လိုများ ခံစားရပါသလဲ..."

အိုမင်းသော အသံတစ်သံက သူ့နောက်ကျောမှ ထွက်ပေါ်လာ၏။ ချင်မူ နောက်လှည့်၍ ဦးညွှတ် အရိုအသေပြု နှုတ်ဆက်လိုက်သည်။ "ဂိုဏ်းချုပ်..."

ထိုသူက လူငယ်ဂိုဏ်းချုပ် ဖြစ်သည်။ လူငယ်တစ်ယောက်၏ သွင်ပြင် ရှိသော်လည်း သူ့အသံက လွန်စွာ ကြီးရင့်နေ၏။ သူက ပြုံးလိုက်သည်။ "ထုံးစံတွေ မလိုဘူး..."

ချင်မူက သူ့ကိုယ်သူ ပြန်ထိန်းမတ်၍ ပြောလိုက်သည်။ "ဒီကို လာတဲ့ လမ်းတစ်လျှောက်မှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ အခြေအနေ အရပ်ရပ်ကို မြင်တွေ့ပြီး အတော်လေး အံ့ဩ တုန်လှုပ်ခဲ့ရပါတယ်... အခုထိ စိတ်နှလုံး မတည်ငြိမ်နိုင်သေးပါဘူး..."

လူငယ်ဂိုဏ်းချုပ်က စိတ်ဝင်စားသွားပြီး ရှေ့သို့ လျှောက်လှမ်းသွားသည်။ "အိုး ဟုတ်ရဲ့လား... ပြောစမ်းပါဦး..."

ချင်မူက သူ့နောက်မှ လိုက်လျှောက်သွားရင်း ပြောလိုက်သည်။ "ကျွန်တော် ဒီနေရာကို လာရင်းနဲ့ တစ်လမ်းလုံး ကြည့်ရှု လေ့လာခဲ့ပါတယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ တစ်ခုလုံးက စည်ပင်ဝပြောမယ့် အလားအလာတွေ ရှိနေပါတယ်... သူတို့ရဲ့ တာအိုနဲ့ ကောင်းကင်နတ်သိုင်း ပညာရပ်တွေက အရပ်သားတွေရဲ့ နေ့စဉ် အသုံးဝင်မှုအတွက် ရည်စူးပြီး တစ်ရက်ထက် တစ်ရက် ဖွံ့ဖြိုးတိုးတက်နေပါတယ်... မိုးခေါင် ရေရှားရင် မိုးခေါ်ပြီး ရေကြီးတဲ့အခါ တိမ်တွေကို အဝေးလွင့်သွားအောင် မောင်းထုတ်ပါတယ်... မယုံနိုင်စရာ သဘာဝလွန် ဖြစ်ရပ်တွေလိုပါပဲ... လေထဲမှာ ပျံသန်းနေတဲ့ သင်္ဘောတွေ ရှိသလို၊ ကုန်းပေါ်မှာ သွားလာနေတဲ့ လှေတွေလည်း ရှိပါတယ်... ဆေးဝါးဖော်စပ်တဲ့ အတတ်ပညာကိုတောင် အရပ်သားတွေရဲ့ နေ့စဉ်ဘဝမှာ အသုံးပြုပါတယ်... ဆန်းကြယ် ဖြစ်ရပ်ပါပဲ... အခုအချိန်မှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ရှုပ်ထွေးနေပေမဲ့ ဒီအဖြစ်အပျက် ပြီးတဲ့အခါ တုနှိုင်းမဲ့အောင် အင်အား ကြီးထွားလာပါလိမ့်မယ်..."

လူငယ်ဂိုဏ်းချုပ်က သူ့ကို တောင်ပေါ်ရှိ ရေကန်တစ်ကန်သို့ ခေါ်ဆောင်သွားသည်။ ရေကန်ဘေးရှိ ကျောက်စိမ်းမိုးမခပင်များ၏ အရိပ်အောက်၌ ရပ်၍ စိတ်ဝင်တစား မေးလိုက်၏။ "မင့်အမြင်မှာဆိုရင် ဘယ်ဟာက ပိုခိုင်မာတဲ့ အနာဂတ် ရှိမလဲ၊ ဂိုဏ်းလား၊ အင်ပါယာလား... မင်း ပြောခဲ့တဲ့ စကားအရ ဆိုရင်တော့ ဂိုဏ်းတစ်ဂိုဏ်းက အင်ပါယာတစ်ခုကို ဘယ်တော့မှ မယှဉ်နိုင်ဘူးလို့ ယုံကြည်နေတဲ့ပုံပဲ... ဟုတ်ရဲ့လား..."

ချင်မူက ခေါင်းညိတ်လိုက်၏။ "အခြေခံကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ နန်းတွင်းကောလိပ်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာဟာ တစ်လောကလုံးမှာ အကြီးမားဆုံးဂိုဏ်းလို့ အတည်ပြုခဲ့ပြီးပါပြီ... တခြားသိုင်းဂိုဏ်းတွေက ဒီဂိုဏ်းကြီးအတွက် အခြေခံကျောင်းနဲ့ ကောလိပ်ကျောင်း သက်သက်ပါပဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာအတွက် ကျောင်းတော်သားတွေ ထောက်ပံ့ပေးရုံအပြင် မပိုပါဘူး... ဒီလို သိုင်းဂိုဏ်းတွေက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဘယ်လို ယှဉ်ပြိုင် တိုက်ခိုက်နိုင်မှာလဲ..."

လူငယ်ဂိုဏ်းချုပ်က ထိုင်ချလိုက်၏။ ကန်စပ်တွင် ငါးမျှားတံ နှစ်ချောင်း ရှိနေသည်။ သူက တစ်ချောင်း ယူ၍ ချင်မူ့ကို တစ်ချောင်း ပေးလိုက်သည်။ ထို့နောက် ငါးမျှားချိတ်တွင် ငါးစာတပ်၍ ရေထဲသို့ ပစ်ချပြီး ပြုံးလိုက်၏။ "ဒါပေမဲ့ အခု အင်ပါယာ တစ်ခုလုံး ပုန်ကန် ထကြွနေကြတာ... သိုင်းဂိုဏ်း အတော်များများက ဒီအခွင့်ကောင်းကို ယူပြီး တော်လှန်ကြလိမ့်မယ်... မီးပွားလေး တစ်စကနေ တောအုပ် တစ်အုပ်လုံး မီးလောင်သွားနိုင်တယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ဒဏ်ရာ အပြင်းအထန် ရထားတာ ဆိုတော့ ငါ့အမြင်အရ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာဟာ အချိန်မရွေး ပြိုလဲသွားနိုင်တဲ့ အရေးပေါ် အခြေအနေ ရောက်နေပြီ..."

ချင်မူကလည်း ငါးမျှားချိတ်နှင့် ငါးစာကို ရေထဲသို့ ပစ်ချလိုက်ပြီး လွှတ်ခနဲ ရယ်မောမိသည်။ "ဂိုဏ်းချုပ်က ကျွန်တော့်ကို လမ်းကြောင်းလွဲအောင် လုပ်ဖို့ ကြိုးစားနေတာ မဟုတ်လား... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ဇက်ကြိုးကို မြဲမြဲ ဆွဲနိုင်ဖို့ အရင်ဆုံး လျှော့ပေးနေတာ... ဒီအခွင့်အရေးကို အရယူပြီး တော်လှန်ပုန်ကန်တဲ့ အင်အားစုတွေ အကုန်လုံးကို တစ်ချက်တည်းနဲ့ ဖယ်ရှားပစ်ချင်တာ... ဒီအချက်ကို ကျွန်တော်တောင် မြင်ခဲ့သေးတာ၊ ဂိုဏ်းချုပ် မသိဘဲ နေမှာ မဟုတ်ပါဘူး..."

လူငယ်ဂိုဏ်းချုပ်က တည်ငြိမ်သော အမူအရာ ရှိပြီး ကန်​ရေပြင်ကို စိုက်ကြည့်နေသည်။ အတန်ကြာသောအခါမှ သူ ပြောလိုက်၏။ "ဇာက်ကြိုးကို မြဲမြဲ ဆွဲဖို့ လျှော့ပေးခဲ့ရုံသက်သက် မဟုတ်ဘူး... ရန်သူကို စိတ်ချ ယုံကြည်စေဖို့ သူ့ကိုယ်သူ ဒဏ်ရာရစေတဲ့ အချက်ကို မင်း ထည့်စဉ်းစားဖို့ ကျန်သွားတယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက တကယ် ဒဏ်ရာ အပြင်းအထန် ရပြီး ဝေဒနာ အကြီးအကျယ် ခံစားခဲ့ရတာ... မဟုတ်ရင် တစ်လောကလုံးက သိုင်းဂိုဏ်းတွေ အကုန်လုံးကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ..."

ချင်မူ အံ့ဩတုန်လှုပ်သွားပြီး လွှတ်ခနဲ အော်ဟစ်လိုက်မိ၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်ခဲ့တာလား..."

လူငယ်ဂိုဏ်းချုပ်က ခေါင်းခါယမ်းလိုက်၏။ "တခြား တစ်ယောက်က သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့တာပါ... ပြောကြတာတော့ ငါတို့ မျိုးဆက်တန်းက မကောင်းဆိုးဝါးအိုကြီး သုံးယောက် ပေါင်းတိုက်တာတဲ့... သူ မြို့တော်ကို ပြန်ရောက်လာတော့ ငါ သွားကြည့်ခဲ့သေးတယ်... တကယ် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာ..."

ချင်မူမှာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ပုန်ကန်မည့် အင်အားစုများ ထွက်လာစေရန် ဇက်ကြိုးလျှော့သည့် နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟုသာ သူ တစ်ချိန်လုံး ထင်မိခဲ့၏။ အမှန်တကယ် ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်မည်ဟု မထင်မိခဲ့ချေ။

"သူတို့အကွက်နဲ့ သူတို့ကို ပြန်တိုက်ဖို့အတွက် ဒီလို ဒဏ်ရာရတာကို အသုံးချပြီး ပုန်ကန်သူတွေကို မျှားခေါ်ထုတ်ခဲ့တာ..."

လူငယ်ဂိုဏ်းချုပ်က မနှေးလွန်း မမြန်လွန်းသော လေသံဖြင့် ဆက်ပြောလိုက်သည်။ "သိုင်းဂိုဏ်းတွေက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကို ဒီလိုနည်းနဲ့ ဖယ်ရှားပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဖျက်ဆီးနိုင်မယ်လို့ ထင်ကြရင် သူတို့ အထိနာကြလိမ့်မယ်... ဂိုဏ်းသခင်လေး... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကို ဘယ်လို မြင်သလဲ..."

ချင်မူက အံ့ချီးလေးစားစွာ ပြောလိုက်သည်။ "မတစ်ထောင် တစ်ကောင်ဘွား၊ ကြီးမြတ်တဲ့ စိတ်ထားနဲ့ တုနှိုင်းမဲ့ ပါရမီ ရှိတယ်..."

လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ "သူ ငါ့ဆီကို တာအို ဆွေးနွေးဖို့ လာတုန်းက ငါလည်း အဲဒီလို ထင်ခဲ့တယ်... အစက သူ့ကို တပည့်အဖြစ် လက်ခံချင်ခဲ့ပေမဲ့ သူ့ပါရမီ အရည်အချင်းက ငါ့ကို ကျော်တက်သွားနိုင်တဲ့ အလားအလာရှိလို့ တက်လမ်းပိတ်သလို မဖြစ်ရအောင် ငါ့အကြံအစည်ကို စွန့်လွှတ်ခဲ့တယ်... အခု ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက တစ်လောကလုံးမှာ ရှိတဲ့ သိုင်းဂိုဏ်းတွေ၊ ကျောင်းတော်တွေ အားလုံးရဲ့ ထိပ်ဆုံးကို ရောက်နေပြီ၊ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကလည်း တုနှိုင်းမဲ့ ပါရမီ အရည်အချင်း ရှိတယ်... အဲဒီလိုဆိုတော့ ငါတို့ ကောင်းကင်နတ်ဂိုဏ်းက ဘယ်လို ရပ်တည်ကြမလဲ..."

သူ့စကား၌ ချင်မူ့ကို စမ်းသပ်လိုသော ရည်ရွယ်ချက် ပါ၏။

ချင်မူနှင့် တွေ့ပြီး ပထမဆုံး စပြောသည့် စကားကတည်းက သူ၏ စမ်းသပ်စစ်ဆေးမှု စတင်ခဲ့ခြင်း ဖြစ်သည်။

နန်းတွင်းကောလိပ်၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆို၍ နန်းတွင်းကျောင်းတော်သား ဖြစ်လာခြင်းမှာ ချင်မူ့အတွက် ပထမ စမ်းသပ်မှုသာ ရှိသေးပြီး သူ၏ ခွန်အားကို စမ်းသပ်ခြင်း ဖြစ်၏။ ယခု စမ်းသပ်မှုက သူ၏ ဉာဏ်ပညာကို စစ်ဆေးခြင်း ဖြစ်သည်။ သူ့တွင် ကောင်းကင်နတ်ဆိုးဂိုဏ်းကို စီမံခန့်ခွဲနိုင်သည့် ဉာဏ်ပညာ ရှိပါ၏လား၊ ဂိုဏ်းသခင်တစ်ယောက် ဖြစ်လာနိုင်သည့် ဉာဏ်ပညာ ရှိပါ၏လား...။

ချင်မူက တစ်ခဏမျှ စဉ်းစား၍ ပြောလိုက်၏။ "ကျွန်တော်တို့ ကောင်းကင်နတ်ဂိုဏ်းအတွက် လမ်းနှစ်သွယ် ရှိတယ်... ပထမလမ်းက အင်ပါယာအသွင် ပြောင်းဖို့ပဲ... ကျွန်တော်တို့ နတ်ဂိုဏ်း အနေနဲ့ အင်ပါယာ တစ်ခု တည်မယ်ဆိုရင် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ဝေးရာကို ထွက်သွားရမယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ အင်အားက အဆက်မပြတ် တိုးပွားလာနေတဲ့အတွက် ဧကရာဇ် အတိုင်ပင်ခံက ပုန်ကန်မှုတွေ နှိမ်နင်းပြီးတဲ့ အချိန်မှာ အနီးအနားက နယ်မြေတွေကို သိမ်းပိုက်ဖို့ တပ်ဖွဲ့တွေ ဖြန့်ကြက်ပါလိမ့်မယ်... အင်ပါယာထဲမှာ နေပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ရင်မဆိုင်နိုင်သလို အနီးအနား ကပ်လွန်းရင်လည်း သူတို့ ကျူးကျော် တိုက်ခိုက်လာတာကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဝေးဝေးကို ထွက်သွားရင်လည်း ကျွန်တော်တို့ ကောင်းကင်နတ်ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ် ပျက်သွားပြီး နှစ်ပေါင်း ဒါဇင်ချီကြာရင်တောင် အခြေပြန်တည်နိုင်ဦးမှာ မဟုတ်ဘူး..."

လူငယ်ဂိုဏ်းချုပ်က ခေါင်းညိတ်၍ ပြောလိုက်၏။ "ပထမလမ်းက အတော်လေး ခက်ခဲတယ်... ငါတို့ ကောင်းကင်နတ်ဂိုဏ်းက အရပ်သားတွေပေါ်မှာ အခြေတည်ထားတာ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက ထွက်ခွာလိုက်ရင် ငါတို့ဂိုဏ်းရဲ့ အခြေပျက်သွားမယ်... ဒီလမ်းက မဖြစ်နိုင်ဘူး... ဒုတိယလမ်းက ဘယ်လို ဖြစ်မလဲ..."

"ဒုတိယလမ်းက မှီခိုဖို့ပဲ..."

ချင်မူက ဆက်ပြောလိုက်၏။ "ကောင်းကင်နတ်ဂိုဏ်းက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာအပေါ် မှီခိုရမယ်..."

လူငယ်ဂိုဏ်းချုပ်၏ အမူအရာက ပြောင်းလဲသွားပြီး အေးစက်စက် ရယ်မောလိုက်သည်။ "မင်းက ဂိုဏ်းသခင်တစ်ယောက် ဖြစ်ရဲ့နဲ့ ကောင်းကင်နတ်ဂိုဏ်း ပျက်စီးသွားအောင် လုပ်ချင်နေတယ်... ရဲတင်းလှချည်လား... မင့်ခေါင်းကို ဖြတ်ပစ်လိုက်..."

All Chapters