← Chapters

ဂိုဏ်းချုပ်၏စမ်းသပ်မှု

Vol. 9 Ch. 120

ဂိုဏ်းချုပ်၏စမ်းသပ်မှု

Vol. 9 Ch. 120

ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ "ဂိုဏ်းချုပ်မှာ ဒီလို အတွေးမျိုး မရှိဘူးလား..."

လူငယ်ဂိုဏ်းချုပ်က တစ်ခဏမျှ တိတ်ကျသွားပြီး သက်ပြင်းချလိုက်သည်။ "ရှိခဲ့တယ်... မင့်ခေါင်းကို ခဏပြန်တပ်ထား... ဆက်ပြော..."

ချင်မူက ဆက်ပြောလိုက်၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ လမ်းစဉ်က သာမန် အရပ်သားတွေအတွက် နိစ္စဓူဝ အသုံးဝင်နိုင်ဖို့ ဆိုတဲ့ ကျွန်တော်တို့ နတ်ဂိုဏ်းရဲ့ တန်ခိုးရှင် လမ်းစဉ်နဲ့ တစ်နည်းတစ်ဖုံ ကိုက်ညီနေတာ တွေ့ရတယ်... ကျွန်တော်တို့ နတ်ဂိုဏ်းကသာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာအပေါ် မှီခိုရပ်တည်ခဲ့ရင် တခြားသိုင်းဂိုဏ်းတွေလို နိမ့်ပါးလျော့ကျသွားမှာ မဟုတ်ဘူး... ပိုလို့တောင် အင်အားကြီးထွားလာဦးမယ်... ဒါက ပထမအချက်ပဲ..."

သူက တစ်ခဏမျှ ရပ်တန့်သွားပြီးမှ ဆက်ပြောလိုက်သည်။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ အခြေခံကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ နန်းတွင်းကောလိပ်က အားနည်းချက် တစ်ခု ရှိတယ်... အတော်ကြီးတဲ့ အားနည်းချက်ပဲ... ကာလတိုအတွင်းတော့ သိသာမှာ မဟုတ်ပေမဲ့ နောင်နှစ်ပေါင်း နှစ်ရာ၊ သုံးရာ ကြာရင် သိသာလာလိမ့်မယ်..."

လူငယ်ဂိုဏ်းချုပ်က စိတ်ဝင်စားသည့် အမူအရာ ပေါ်လာပြီး မေးလိုက်၏။ "ဘယ်လို အားနည်းချက်မျိုးလဲ..."

ချင်မူက မေးလိုက်သည်။ "ဂိုဏ်းချုပ်ကို မေးပါရစေ... နန်းတွင်းကောလိပ် ကျောင်းတော်သားတွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းက ဆင်းရဲသား မိသားစုတွေက လာတာလဲ..."

သူ ဘာဆိုလိုချင်သည်ကို သိသွားသဖြင့် လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ "ဆယ်ရာခိုင်နှုန်း ရှိမယ်..."

ချင်မူက ထပ်မေးလိုက်၏။ "ဒီနှစ်ပိုင်းတွေမှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ နန်းတွင်းအရာရှိ မျိုးဆက်သစ်တွေ ဘယ်လောက်ရာခိုင်နှုန်းများ နန်းတွင်းကောလိပ်က တက်လှမ်းသွားနိုင်ပါသလဲ..."

လူငယ်ဂိုဏ်းချုပ်က ပြန်ဖြေလိုက်၏။ "ခုနစ်ဆယ့်နှစ်ရာခိုင်နှုန်းက နန်းတွင်းကောလိပ်က... တခြား နန်းတွင်းအရာရှိကြီးတွေက သိုင်းဂိုဏ်းကြီး အသီးသီးက လာတဲ့လူတွေနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတက်လာကြတဲ့ လူတွေ..."

"ကျွန်တော် တွက်ဆကြည့်သလောက် နောက်နှစ်နှစ်ရာလောက်နေရင် အင်ပါယာ တစ်ခုလုံးက နန်းတွင်းအရာရှိတွေ အားလုံးဟာ နန်းကောလိပ်က လာတဲ့လူတွေပဲ ဖြစ်သွားလိမ့်မယ်... ပြီးတော့ နန်းတွင်းကောလိပ်မှာ ဆင်းရဲသားမိသားစုက ကျောင်းတော်သားတွေ ရှိတော့မှာ မဟုတ်ဘူး..."

ချင်မူက သူ၏ ငါးမျှားကြိုးမှ ရေမြှုပ်တုံးလေး မြုပ်သွားသည်ကို မြင်လိုက်သော်လည်း အလျင်မလိုဘဲ တစ်ခဏမျှ စောင့်ဆိုင်းလိုက်သည်။ "နောင်နှစ်နှစ်ရာ ကြာတဲ့အခါ လူဆင်းရဲ မိသားစုက ကလေးတွေက ဘဝတစ်လျှောက်လုံး ဆင်းရဲမြဲ ဆင်းရဲပြီးတော့၊ လူချမ်းသာ မိသားစုက ကလေးတွေက ချမ်းသာမြဲ ချမ်းသာနေလိမ့်မယ်... လူတွေရဲ့ မကျေနပ်ချက်တွေက ရက်ပေါင်းများစွာ၊ လပေါင်းများစွာ စုမိလာပြီး မခံနိုင်တဲ့ တစ်နေ့ ပေါက်ကွဲထွက်လာမှာ အသေအချာပဲ... လူချမ်းသာ မိသားစုနဲ့ ဩဇာအာဏာ ရှိတဲ့ လူတွေက အဲဒီ အခွင့်အရေးကို အရယူ၊ ပုန်ကန်ပြီး နန်းတွင်းမိသားစုကို ဖြုတ်ချလိမ့်မယ်... အဲဒီ အချိန်က ကျွန်တော်တို့ နတ်ဂိုဏ်း တစ်လောကလုံးကို ကြီးစိုးမယ့် အချိန်ပဲ... တစ်ရှိန်ထိုး တိုးမြင့်လာခဲ့တဲ့ ကျွန်တော်တို့ ဂိုဏ်းရဲ့ အင်အားကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်သလို ဘယ်သူမှ ခုခံတွန်းလှန်နိုင်မှာ မဟုတ်ဘူး..."

သူက ငါးမျှားတံကို ဆွဲတင်လိုက်သည်။ ငါးကြီးတစ်ကောင် မိနေ၏။ သို့သော်လည်း ထိုငါးက အတော်လေး အားသန်လှသဖြင့် ငါးမျှားကြိုးမှာ ထောင်းခနဲ ပြတ်ထွက်သွားသည်။ ငါးကြီးက ရေထဲသို့ ပလုံခနဲ ပြန်ခုန်ဆင်းသွားပြီး အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။

လူငယ်ဂိုဏ်းချုပ်က အေးစက်စက် ရယ်မောလိုက်၏။ "မင်းက ပုန်ကန်ထကြွပြီး ငါတို့ နတ်ဂိုဏ်းကို မရိုးဖြောင့်တဲ့ဂိုဏ်း ဖြစ်အောင် လုပ်ချင်တာပေါ့ ဟုတ်လား... မင့်ခေါင်းကို ဖြတ်ပစ်လိုက်..."

ချင်မူက တစ်ခဏမျှ ငြိမ်သက်သွားပြီးမှ ပြောလိုက်သည်။ "ဂိုဏ်းချုပ်... မနောက်ပါနဲ့တော့..."

လူငယ်ဂိုဏ်းချုပ်မှာ နှုတ်ဆိတ်သွား၏။ သူ့ငါးမျှားတံတွင်လည်း ငါးတစ်ကောင် ဖမ်းမိနေပြီး ထိုငါးက ခပ်သေးသေးသာ ဖြစ်သည်။ သူက ငါးမျှားတံကို ဆွဲတင်ရင်း ဆက်ပြောလိုက်၏။ "ကောင်းပြီလေ... စကားကောင်း ပြောကြတာပေါ့... နောင်နှစ်နှစ်ရာမှာ ငါတို့ နတ်ဂိုဏ်းကို ထာဝရ ငြိမ်းချမ်းရေး အင်ပါယာအဖြစ် ပြောင်းလဲပြီးသွားရင် ဘာဆက်ဖြစ်လာမလဲ... တိုက်ပွဲကြီး တစ်ခုနဲ့ အင်အားကြီး မိသားစုတွေကို ဖျက်ဆီး၊ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ရှင်းလင်းသုတ်သင်ပြီး နောက်ထပ် နှစ်နှစ်ရာ ကြာတဲ့အခါ ငါတို့ နတ်ဂိုဏ်းကို ဖြုတ်ချနိုင်မယ့် အင်အားကြီး မိသားစုတွေ ထပ်ပေါ်ထွက်လာလိမ့်မယ်... မင်း ဘယ်လို ဖြေရှင်းမလဲ..."

ချင်မူမှာ ငိုင်တွေသွားပြီး ခေါင်းယမ်းလိုက်၏။ "နောင်နှစ်နှစ်ရာပြီးရင် ဘာဆက်ဖြစ်လာမလဲဆိုတာ ကျွန်တော် မစဉ်းစားရသေးဘူး... ဂိုဏ်းချုပ် လမ်းညွှန်ပေးပါ..."

လူငယ်ဂိုဏ်းချုပ်က မိုးမခကိုင်း တစ်ကိုင်းကို ချိုး၍ ဖမ်းမိထားသော ငါးကို တံစို့ထိုးလိုက်သည်။ ထို့နောက် ထရပ်လိုက်၏။ "ငါ့အနေနဲ့တောင် နောင်နှစ်နှစ်ရာပြီးရင် ဘာဖြစ်လာမလဲ မမှန်းဆနိုင်ဘူး... ဂိုဏ်းသခင်လေး... မင့်အသက်အရွယ်နဲ့ နှစ်နှစ်ရာလောက် ရှေ့ကို ကြိုမြင်နိုင်တယ် ဆိုတော့ ဂိုဏ်းသခင် ဖြစ်ထိုက်နေပြီ... ငါ့စမ်းသပ်မှုကို မင်း အောင်မြင်သွားပါပြီ... ငါ တွေးထားတာက မင်းနဲ့ မတူဘူး... ငါ့အတွေးက ငါတို့ နတ်ဂိုဏ်းရဲ့ လမ်းစဉ်ပဲ..."

ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွားပြီး လူငယ်ပုံ ပေါက်နေသည့် အဘိုးကြီးကို လှမ်းကြည့်လိုက်၏။

လူငယ်ဂိုဏ်းချုပ်က ခပ်အေးအေး ပြောလိုက်သည်။ "ထွက်ရပ်ပေါက်ရာ တန်ခိုးရှင်လမ်းစဉ်ဆိုတာ သာမန်လူတွေအတွက် နိစ္စဓူဝ အသုံးဝင်မှုက လွဲပြီး အခြားမရှိဘူး၊ တခြားသော ကျင့်ကြံသူတွေ အားလုံးကို လမ်းလွဲသူတွေလို့ သတ်မှတ်တယ်၊ ရိုးရိုးရှင်းရှင်း လွယ်လွယ်ကူကူ နေထိုင်ပြီး သဘာဝတရားရဲ့ လမ်းပြရာနောက်ကို လိုက်ရမယ်၊ ဒါ တာအိုရဲ့ အဓိပ္ပာယ်ပဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ နာမည်ဂုဏ်သတင်း ကျောစောလာတဲ့ အချိန်မှာ သူရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ငါ ရိပ်စားမိခဲ့တယ်... သူ ငါနဲ့ တာအိုအကြောင်း လာဆွေးနွေးတော့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာထဲက ဒီ စာကြောင်းကို ရွတ်ပြခဲ့တယ်... သူ အခု အကောင်အထည် ဖော်နေတာ ဒီစာကြောင်းရဲ့ အနှစ်သာရပဲ..."

ချင်မူ၏ စိတ်နှလုံးတွင် လှုပ်ခတ်သွားပြီး အံ့ချီး လေးစားစွာ ဦးညွှတ်လိုက်သည်။ "ဂိုဏ်းချုပ်က ပညာဉာဏ် ပြည့်စုံတဲ့ တန်ခိုးရှင် ဝိဇ္ဇာတစ်ပါး ဖြစ်နေပြီပဲ... ဧကရာဇ်အတိုင်ပင်ခံကို မသိမသာ လွှမ်းမိုးခြယ်လှယ်ပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ကျွန်တော်တို့ နတ်ဂိုဏ်းအဖြစ် ပြောင်းလဲပစ်ဖို့ လုပ်ခဲ့တာ မဟုတ်လား... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာသာ တန်ခိုးရှင်လမ်းစဉ်ကို ကျင့်ကြံ အောင်မြင်ခဲ့ရင် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ဖြစ်သွားမှာပဲ..."

လူငယ်ဂိုဏ်းချုပ်က ခေါင်းခါယမ်းလိုက်၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာနဲ့ ဧကရာဇ် အတိုင်ပင်ခံက တန်ခိုးရှင် လမ်းစဉ်ကို အောင်မြင်အောင် မလုပ်နိုင်ခဲ့သလို ငါလည်း မလုပ်နိုင်ခဲ့ဘူး... မင်း ပြောခဲ့သလိုပဲ၊ နောင်နှစ်နှစ်ရာ ကြာတဲ့အခါ ဩဇာအာဏာနဲ့ သယံဇာတ စည်းစိမ်ချမ်းသာတွေက အင်အားကြီး မိသားစုတွေရဲ့ လက်ထဲမှာပဲ ရှိလိမ့်မယ်... ဆင်းရဲသားတွေက ပိုဆင်းရဲသွားပြီး လူချမ်းသာတွေက ပိုချမ်းသာလာလိမ့်မယ်... ဒါက ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တန်ခိုးရှင်လမ်းစဉ် မဟုတ်ဘူး... ငါက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံနဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို လွှမ်းမိုး ခြယ်လှယ်ချင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့တဲ့ပုံပဲ... ငါအသက်က ကြီးပြီ... ဒီတာဝန်ကို မင့်ဆီပဲ ပေးခဲ့ရတော့မယ်... ငါ ကူညီနိုင်တာက နောက်ထပ် နှစ်နည်းနည်းလောက် ဂိုဏ်းကို ထိန်းသိမ်း စောင့်ရှောက်ပေးရုံပဲ ရှိတော့မယ်..."

သူက မိလာသည့် ငါးကို လက်ထဲတွင် ကိုင်၍ ငါးမျှားတံများကို ကျော၌ လွယ်ခဲ့လိုက်၏။ ချင်မူက သူ့နောက်မှ လိုက်လာခဲ့သည်။ ဤအဘိုးကြီးက တောင်ကြားလွင်ပြင် တစ်ခု ရှာ၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရှိ လူတိုင်း၏ နှလုံးသည်းပွတ် အထွတ်အမြတ် နယ်မြေတွင် ဟင်းအိုးတစ်လုံး တည်လိုက်သည်။ ထို့နောက် အိုးထဲသို့ ရေထည့်၍ မီးမွှေးကာ ဖမ်းမိလာသည့် ငါးကို အကြေးခွံချွတ်၊ ကလီစာများ ဖယ်ပြီး ပစ်ထည့်လိုက်၏။

လူငယ်ဂိုဏ်းချုပ်က အိုးထဲမှ ရေအခြေအနေကို ကြည့်၍ ဟင်းခပ်အမွှေးအကြိုင် အချို့ ထုတ်ယူကာ ဖြူးလိုက်သည်။ "နောက် တစ်လ၊ နှစ်လနေရင် ပါမောက္ခချုပ်နေရာကနေ အနားယူမယ်... ငါက အိုပြီ... ငါ့ဘဝရဲ့ နောက်ဆုံး လက်ကျန်နှစ်တွေကို လောကကြီးအနှံ့ ခြေဆန့်ရင်း ကုန်ဆုံးချင်သေးတယ်... ဒီလောကကြီးမှာ ငါ မရောက်ဖူးသေးတဲ့ နေရာတွေ အများကြီးပဲ... နတ်ဂိုဏ်းကိုတော့ မင့်လက်ထဲ ထည့်ခဲ့ရလိမ့်မယ်... ရာထူးက အနားယူပြီးတဲ့အခါ ဂိုဏ်းသိမ်းပွဲ အခမ်းအနား ဆင်ယင်ကျင်းပပြီး မင်းကို ကောင်းကင်နတ်ဂိုဏ်းရဲ့ ဂိုဏ်းသခင်အဖြစ် ငါကိုယ်တိုင် တင်မြှောက်မယ်..."

ချင်မူမှာ အခက်တွေ့သွားဟန်ဖြင့် မေးလိုက်၏။ "ကျွန်တော်က အခုမှ ဓာတ်ကြီးငါးပါးအဆင့်မှာပဲ ရှိသေးတယ်... ကျွန်တော့်အနေနဲ့ တန်းပြီး ဂိုဏ်းသိမ်းပွဲ ခံယူလိုက်ဖို့က စောလွန်းမနေဘူးလား... ပြီးတော့ ဂိုဏ်းသားတွေလည်း လက်ခံနိုင်ကြမှာ မဟုတ်ဘူး..."

လူငယ်ဂိုဏ်းချုပ်က သူ့ကို ထိုင်ရန် ခြေဟန်လက်ဟန် ပြလိုက်၏။ ချင်မူက ဟင်းအိုးရှေ့တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ငါးဟင်းချိုနံ့က မွှေးပျံ့လာ၏။

လူငယ်ဂိုဏ်းချုပ်က ပြောလိုက်သည်။ "နတ်ဂိုဏ်းက တကယ်တမ်း ပြန့်ကျဲနေတာ... စံအိမ်သခင် သုံးရာ့ခြောက်ဆယ်က အနယ်နယ်အရပ်ရပ်မှာ ပျံနှံ့နေပြီးတော့ ဂိုဏ်းသားတွေ အကုန်လုံးကလည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာအနှံ့မှာ ရောက်နေတယ်... ဂိုဏ်းထိန်း အကြီးအကဲတွေနဲ့ ကောင်းကင်နတ်မင်းတွေကိုတောင် စုစည်းဖို့ ခက်တယ်... မင်းက နာမည်ခံ ဂိုဏ်းသခင် လုပ်ရုံပဲ... ဒါကိုမှ အလုပ်မဖြစ်သေးရင် ငါ ရှိသေးတယ် မဟုတ်လား... ငါ သက်ရှိထင်ရှား ရှိနေသမျှ ကာလပတ်လုံး ဘယ်သူမှ မင်းကို ထိရဲမှာ မဟုတ်ဘူး... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံတောင် မထိရဲဘူး..."

ချင်မူ၏ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး မေးမြန်းရန် ကြိုးစားလိုက်၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ကျွန်တော်တို့ နတ်ဂိုဏ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား..."

"မှန်တယ်... သူက ထိန်းချုပ်ဖို့ ကြိုးစားနေတာ... ဒါပေမဲ့ မင်းက သူ စိတ်ချလက်ချ ဖြစ်နေအောင် လုပ်နိုင်တယ်..."

လူငယ်ဂိုဏ်းချုပ်က ငါးဟင်းချိုကို မြည်းကြည့်ပြီး အပူရှိန် လိုသေးသည်ဟု ခံစားရသဖြင့် ထင်းမီးထပ်ထည့်လိုက်၏။ "မင်း သိထားဖို့က... မင်းက ငယ်သေးတယ်၊ ကျင့်စဉ်စွမ်းအင်ကလည်း နိမ့်ပါးသေးတယ်... သူက မင်းကို မျက်လုံးထဲ ထည့်ဦးမှာ မဟုတ်ဘူး... မင်းကို အလွယ်တကူ ထိန်းချုပ်နိုင်တယ်ဆိုပြီး စိတ်ချနေမှာ... သူသာ တန်ခိုးရှင်လမ်းစဉ်ကို ပေါက်ရောက် အောင်မြင်ခဲ့ရင် အထိန်းချုပ်ခံပြီး နတ်ဂိုဏ်းကို ထိုးအပ်လိုက်ရလည်း ဘာမှ အရှုံးမရှိဘူး... သူ မအောင်မြင်နိုင်ခဲ့ရင်တော့ သူ့နေရာ မင်း ဝင်ရမယ်..."

လူငယ်ဂိုဏ်းချုပ်က အရေးမပါသည့် အရာတစ်ခုကဲ့သို့ ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း ဤကိစ္စက မင်းဆက်နှစ်ခု အပြောင်းအလဲနှင့် သက်ဆိုင်သော ကိစ္စကြီးတစ်ရပ် ဖြစ်၏။

ချင်မူက ငါးဟင်းချိုကို မြည်းကြည့်လိုက်ရာ လွန်စွာ အရသာရှိပြီး လန်းဆန်းသွားသလို ခံစားရသဖြင့် လွှတ်ခနဲ ချီးကျူးလိုက်မိသည်။

ရုတ်တရက် သူ သတိရသွားပြီး မေးလိုက်သည်။ "ဂိုဏ်းချုပ်... မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှာ ကျင့်စဉ်တစ်ခုခုများ လိုနေသလား မသိဘူး... ဒီရက်ပိုင်းတွေ ကျွန်တော် လေ့လာကြည့်တော့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှာ ပါတဲ့ သိုင်းကွက်တွေ အားလုံးကို တွဲဖက်ပေါင်းစည်းနိုင်တဲ့ ကျင့်စဉ် ရှာမတွေ့ဘူး ဖြစ်နေတယ်..."

လူငယ်ဂိုဏ်းချုပ်က လေထဲသို့ လက်ဆန့်၍ ဆွဲယူလိုက်ရာ မည်သည့်နေရာက ရောက်လာမှန်း မသိသော ပန်းကန်လုံး နှစ်လုံးနှင့် ယောက်ချိုဇွန်း တစ်ချောင်း ပေါ်ထွက်လာ၏။ ချင်မူက ယောက်ချိုဇွန်းကို ယူ၍ ပန်းကန်လုံးများထဲသို့ ဟင်းချို ခပ်ထည့်လိုက်သည်။

အစောက လူငယ်ဂိုဏ်းချုပ် လေထဲသို့ လှမ်းဆွဲယူလိုက်သည့် မှော်သိုင်းမျိုးကို မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာထဲတွင် မှတ်တမ်းတင်ထား၏။ ထိုသိုင်းကို တစ္ဆေငါးကောင် သယ်ပို့သိုင်းဟု ခေါ်၏။ အဝေးမှ အရာဝတ္ထု ပစ္စည်းများကို မည်သူမျှ မသိအောင် လှမ်းယူနိုင်စွမ်း ရှိသည်။

"မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာရဲ့ အချုပ်သိုင်းကွက် ကျင့်စဉ်က ဂိုဏ်းသခင်တွေပဲ သင်ယူခွင့် ရှိပြီး ဂိုဏ်းသခင် အချင်းချင်း လက်ဆင့်ကမ်း သင်ပေးကြတာ..."

လူငယ်ဂိုဏ်းချုပ်က ငါးဟင်းချို တစ်ငုံ သောက်ပြီး သက်ပြင်းချလိုက်၏။ "မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှာ ပါတဲ့ သိုင်းကွက်တွေ၊ ကျင့်စဉ်တွေ အကုန်လုံးကို သင်ပေးပစ်လို့ ရတယ်... ဒါပေမဲ့ အချုပ်သိုင်းကွက်ကတော့ ဂိုဏ်းသခင်တွေပဲ သင်ယူခွင့် ရှိတယ်... မင်း ဂိုဏ်းသခင် ဖြစ်လာတဲ့အခါ လီထျန်းရှင်က မင့်ကို သင်ပေးလိမ့်မယ်..."

ချင်မူ ကြောင်အမ်းအမ်း ငေးစိုက်ကြည့်လိုက်မိ၏။ ဂိုဏ်းသခင် လီထျန်းရှင်က သေသွားပြီ မဟုတ်ဘူးလား...။

လူငယ်ဂိုဏ်းချုပ်၏ စကားအရ လီထျန်းရှင်က အသက်ရှိနေသေးသည့်ပုံ ပေါ်သည်။

ငါးဟင်းချိုကို သောက်ရင်း သောက်ရင်း ပိုပို အရသာတွေ့လာသဖြင့် သူ မေးလိုက်မိသည်။ "ဂိုဏ်းချုပ်... ဒါ ဘာငါးလဲ..."

လူငယ်ဂိုဏ်းချုပ်က ပြန်ဖြေလိုက်၏။ "နဂါးကိုးကောင်ရဲ့ ချီစွမ်းအင်တွေ စုစည်းပြီး ဒီနေရာမှာ ရေကန် ဖြစ်လာတာ... ဒီနေရာမှာနေတဲ့ ငါးတွေက နဂါးချီတွေကို စုပ်ယူကြီးပြင်းလာလို့ နဂါးကိုးကောင်ငါးလို့ ခေါ်တယ်... ဒီငါးမျိုးက အရိုးမာတွေ များပြီး အသားနည်းလို့ ဟင်းချို လုပ်သောက်ဖို့ပဲ ကောင်းတယ်... ဒီငါးနဲ့ ပြုတ်တဲ့ ငါးဟင်းချိုက သိပ်ကို အရသာ ထူးကဲတယ်..."

ချင်မူက အတွေးနက်သွား၏။ "ဂိုဏ်းချုပ်က ကျွန်တော့်ကို တစ်ကိုယ်လုံး အရိုးမာတွေ ပြည့်နေတဲ့ နဂါးကိုးကောင်ငါးမျိုး ဖြစ်လာစေချင်တာလား..."

လူငယ်ဂိုဏ်းချုပ်က သူ့ကို စိုက်ကြည့်လိုက်သည်။ "မင့်အတွေးတွေက ခေါင်လွန်းမနေဘူးလား... ငါးတစ်ကောင် ဖြစ်ချင်ရအောင် မင့်လူ့ဘဝက ဘယ်လောက်ဆိုးနေလို့လဲ ဟမ်... ဟင်းချိုထဲ ထည့်ပြုတ်ခံချင်လို့လား... ငါ့ဖာသာ ငါးဟင်းချို ချင်ခြင်းတပ်လို့ မင်းကို ဒီနေရာ ခေါ်လာတာ..."

ချင်မူ ရှက်မိသွား၏။ ကြည့်ရသည်မှာ ဤအဘိုးကြီးက အမှန်ပင် ချင်ခြင်းတပ်၍ ငါးဟင်းချို သောက်လိုခြင်း ဖြစ်ဟန် ရှိသည်။

သူတို့ နှစ်ယောက်သား ငါးဟင်းချိုကို ဖြည်းဖြည်းချင်း မြိန်ရည်ယှက်ရည် ထိုင်သောက်လိုက်ကြသည်။

ချင်မူက ငါးရိုးကို ကောက်ကိုင်၍ မြေပြင်ပေါ်တွင် ပုံတစ်ပုံ ဆွဲလိုက်သည်။ သူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ အရပ်ခြောက်မျက်နှာအဆင့် ချီစွမ်းအင် လမ်းကြောင်းပုံကို ရေးဆွဲပြီး မေးလိုက်၏။ "ဂိုဏ်းချုပ်... ဒီကျင့်စဉ်ပုံကို မိုးပြာယန်ခန်းမမှာ ကျွန်တော် မြင်ဖူးခဲ့ပါတယ်... ဒါပေမဲ့ ဒီရှေ့က ကျင့်စဉ်ပုံတော့ ရှိမနေဘူး... ဂိုဏ်းချုပ်မှာများ ဒီကျင့်စဉ်ပုံရဲ့ ရှေ့က ပုံများ ရှိနေမလား မသိဘူး..."

လူငယ်ဂိုဏ်းချုပ်က အသေအချာ ကြည့်လိုက်ပြီး အံ့အားသင့်သွား၏။ "မင်းက ဒီကျင့်စဉ်ရဲ့ ချီစွမ်းအင် လှည့်ပတ်ပုံကို ဘာလုပ်ဖို့ လိုချင်တာတုံး... ဒီကျင့်စဉ်ကို မင်း သိလို့လား..."

ချင်မူက ခေါင်းညိတ်၍ ပြောလိုက်၏။ "ဒါက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ရဲ့ အရပ်ခြောက်မျက်နှာအဆင့် ချီစွမ်းအင် လမ်းကြောင်းပုံပါ..."

လူငယ်ဂိုဏ်းချုပ်မှာ ထူးဆန်းသော အမူအရာ ဖြစ်သွား၏။ "ဒီပုံက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ရဲ့ ပုံဆိုတာ ငါတောင် မသိဘူး... မင့်ကို ဘယ်သူ ပြောတာလဲ..."

"ရွာလူကြီး ပြောတာပါ..."

လူငယ်ဂိုဏ်းချုပ်က တစ်ခဏမျှ ကြောင်စီစီ ငေးစိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်သည်။ "ဒီအဘိုးကြီးက ငါ့ထက် ဉာဏ်ပညာ ဗဟုသုတ ပိုများတာပဲ... ငါ ဒီကျင့်စဉ်ကို မြင်လည်း မမြင်ဖူးဘူး၊ နာမည်လည်း မသိဘူး... သူက သိတယ်... ငါ့ထက် ပိုသာတဲ့သူ ဖြစ်တုန်းပဲ... အဲဒါဆို ဒီကျင့်စဉ်ကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်လို့ ခေါ်တာပေါ့ ဟုတ်လား... အဲအဘိုးကြီးက တကယ့်ကို အတွေ့အကြုံ ဗဟုသုတ များမြောင်တာပဲ... ဒီစွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံကို ငါ ရှေးဟောင်းမြို့ပျက်တစ်ခုမှာ တွေ့ခဲ့တာ... ဒီပုံအပြင် တခြား မပြည့်စုံတဲ့ ပုံအပိုင်းအစတွေလည်း ရှိသေးတယ်... ဒီပုံတွေရဲ့ စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းတွေက ထူးကဲတာ မြင်လို့ အလွတ်မှတ်ခဲ့ပြီး မိုးပြာယန်ခန်းမထဲမှာ ပြန်ရေးဆွဲခဲ့တာ... မိုးပြာယန်ခန်းမထဲက ကျင့်စဉ်တွေ အကုန်လုံးက မပြည့်မစုံတွေချည်းပဲ... ဒါလည်း အပြည့်အစုံ မဟုတ်ဘူး..."

သူက တစ်ခဏမျှ စကားစပြတ်သွားပြီး မေးလိုက်သည်။ "မင်းက ဒီကျင့်စဉ်ကို ကျင့်နေတာလား..."

ချင်မူက ခေါင်းညိတ်လိုက်၏။ "ကျွန်တော် ကလေးဘဝကတည်းက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို ကျင့်ခဲ့တာ..."

လူငယ်ဂိုဏ်းချုပ်က တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ "ပုံမှန်ဆိုရင်တော့ မင်းက ငါတို့ နတ်ဂိုဏ်းရဲ့ အချုပ်သိုင်းကွက် ကျင့်စဉ်ကို ကျင့်ရမှာ... ဒါပေမဲ့ မင့်ရွာက အဘိုးကြီးက မင်းကို ဒီလောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ် လေ့ကျင့်ခိုင်းတာ အကြောင်းရင်း ရှိလို့နေမယ်... သူ့ရဲ့ မြင့်မားတဲ့ အသိဉာဏ်ပညာနဲ့တောင် သူ့ကျင့်စဉ်ကို မကျင့်ခိုင်းဘဲ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ပဲ ကျင့်ခိုင်းခဲ့တာ... ဒီကျင့်စဉ်က သူ့ကျင့်စဉ်ထက် ပိုကောင်းလို့ပဲ ဖြစ်မယ်... မင်း နှစ်ခုလုံး ကျင့်ပေါ့... မင့်ကျင့်စဉ်စွမ်းအင်ကို ပိုတောင် အကျိုးပြုချင် အကျိုးပြုလိမ့်မယ်..."

ချင်မူက ခေါင်းညိတ်လိုက်၏။ "ကျွန်တော်က လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ရဲ့ ရှေ့ကအဆင့် ပုံကို မရသေးပါဘူး... ဓာတ်ကြီးငါးပါးအဆင့် ကျင့်စဉ်မရှိဘဲနဲ့ ရှေ့ဆက် ကျင့်လို့ မရဘူး ဖြစ်နေတယ်..."

All Chapters