← Chapters

မြို့တော်၏ များပြားလှသောစည်းမျဉ်းများ

Vol. 9 Ch. 121

မြို့တော်၏ များပြားလှသောစည်းမျဉ်းများ

Vol. 9 Ch. 121

လူငယ်ဂိုဏ်းချုပ်ကလည်း ငါးရိုးတစ်ရိုးကို ကောက်ယူ၍ ရှေးဟောင်းမြို့ပျက်တွင် သူ မြင်တွေ့ခဲ့သော ဓာတ်ကြီးငါးပါး စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံကို ရေးဆွဲလိုက်သည်။ ထိုပုံမှာလည်း အပြည့်အစုံ မဟုတ်ချေ။ "ငါ ဒီလောက်ပဲ တွေ့ခဲ့ရတယ်... ဒီပုံက အတော်လေး မပြည့်မစုံ ဖြစ်နေလို့ မိုးပြာယန်ခန်းမမှာ ထည့်ပြီး မရေးဆွဲခဲ့တာ..."

ချင်မူ၏ ရင်ထဲတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ ကြမ္မာဆိုးနှိမ်နန်းတော်တွင် သူ မြင်တွေ့ခဲ့ရသည့် ဓာတ်ကြီးငါးပါးအဆင့် စွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းပုံ တစ်ဝက်တစ်ပျက်ကို ရေးဆွဲလိုက်သည်။ လူငယ်ဂိုဏ်းချုပ် ရေးဆွဲသည့် ပုံနှင့် ယှဉ်ကြည့်သောအခါ ထိုနှစ်ပုံက တူညီခြင်း မရှိသည်ကို တွေ့ရ၏။ ထိုပုံ နှစ်ပုံ ထပ်ကြည့်လျှင် လိုနေသော အပိုင်းများကို ဆက်စပ်နိုင်ပေလိမ့်မည်။

ထို့နောက် ချင်မူက ထိုပုံများ၏ ဘေး၌ ပုံအသစ် တစ်ပုံ ဆွဲလိုက်သည်။ ထိုပုံသစ်တွင် လိုနေသော အပိုင်းက ဘယ်ဘက် ညှပ်ရိုးနေရာသာ ရှိတော့၏။

ဘယ်ဘက် ညှပ်ရိုးနေရာအတွက် ကျင့်စဉ်လမ်းကြောင်း လိုအပ်နေသော်လည်း ယခုပုံအရ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို တစ်ပတ်ပြည့်အောင် လှည့်လည် လေ့ကျင့်နိုင်ပြီ ဖြစ်သည်။

လူငယ်ဂိုဏ်းချုပ်က သူ ရေးဆွဲလိုက်သည့် ပုံသစ်ကို ဖင်ပြန်ခေါင်းပြန် ကြည့်၍ တစ်ခဏမျှ စဉ်းစားခန်းဝင်သွား၏။ ထို့နောက် ဘယ်ဘက်ပခုံးနေရာတွင် ငါးရိုးဖြင့် တစ်ချက်၊ နှစ်ချက် ရေးခြစ်ပြီး ပြောလိုက်သည်။ "ငါ တတ်ကျွမ်း သိမြင်သလောက်နဲ့ ဒီစွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းကို ဖြည့်ပေးလိုက်တယ်... မှန်ချင်မှတော့ မှန်လိမ့်မယ်... မူရင်းနဲ့ ခြားနားနေမှာတော့ အသေအချာပဲ... တခြားသူနဲ့ တိုက်ခိုက်ပြီး ချီစွမ်းအင်ကို လှည့်ပတ်တဲ့အခါ ဟာကွက်သေးသေးလေး ပေါ်လာလိမ့်မယ်... မင့်ရန်သူရဲ့ စွမ်းရည်က သာမန်ပဲဆိုရင်တော့ အဲဒီ ဟာကွက်ကို မြင်မှာ မဟုတ်ဘူး... ရန်သူရဲ့ အမြင်က စူးရှနေရင်တော့ မင့်ရဲ့ ဘယ်ဘက်ပခုံးက မင့်အတွက် သေကွင်းသေကွက် ဖြစ်သွားလိမ့်မယ်..."

ချင်မူ၏ ရင်ထဲတွင် တုန်ခါသွားပြီး တစ်မုဟုတ်ချင်း မေးလိုက်၏။ "ဂိုဏ်းချုပ်... ဒီဟာကွက်ကို မြင်ဖို့ တစ်ဘက်လူရဲ့ အမြင်စွမ်းအားက ဘယ်လောက်ထိ စူးရှနေရမလဲ..."

လူငယ်ဂိုဏ်းချုပ်က တစ်ခဏမျှ စဉ်းစား၍ ပြန်ဖြေလိုက်သည်။ "နတ်အသွင်အဆင့် ဒါမှမဟုတ် သေခြင်းရှင်ခြင်းအဆင့်လောက် ရှိမှ မြင်ရလိမ့်မယ်..."

ချင်မူ စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်သည်။ "ကျွန်တော်က ဘယ်လိုလုပ် ဒီလောက် စွမ်းအားမြင့်တဲ့သူတွေကို သွားရန်စမှာလဲ..."

"သိုင်းစွမ်းအင်အဆင့် မမြင့်ပေမဲ့ အမြင်စွမ်းအား စူးရှတဲ့ လူငယ်တချို့လည်း ရှိတယ်..."

လူငယ်ဂိုဏ်းချုပ်က ခပ်အေးအေး ပြောလိုက်သည်။ "ဥပမာ ပြောရရင် ဒီနန်းတွင်းကောလိပ်မှာကို အဲဒီလို လူငယ်တွေ ရှိတယ်... မင်းကိုယ်မင်း အထင် သိပ်မကြီးနဲ့... အခုလက်ရှိက ဘိုးဘေးတွေ လက်ဆင့်ကမ်း သင်ပေးလိုက်တဲ့ သိုင်းကွက်၊ ကျင့်စဉ် တစ်ခု၊ နှစ်ခုနဲ့ တစ်လောကလုံးကို ကိုင်လှုပ်နိုင်တဲ့ခေတ် မဟုတ်တော့ဘူး... မင်းရဲ့ တာအိုနဲ့ ကောင်းကင်နတ်သိုင်းတွေက တိုးတက် မြင့်မားမလာဘဲ ဘိုးဘေးတွေရဲ့ သိုင်းကွက်အပေါ်ပဲ မှီခိုနေမယ် ဆိုလို့ကတော့... ဟင်း... ဟင်း... အနှေးနဲ့ အမြန် တခြားသူ လက်ချက်နဲ့ သေမှာပဲ... ငါ ဘာလို့ နန်းတွင်းကောလိပ်ရဲ့ ပါမောက္ခချုပ် လုပ်ခဲ့တာလဲ သိလား... ဒီလောကကြီးက ပညာရပ်တွေ အကုန်လုံးကို ဖတ်ရှုလေ့လာဖို့နဲ့ ခေတ်သစ်တစ်ခု ပေါ်ထွန်းလာတာကို ထိုင်ကြည့်ချင်လို့ပဲ..."

သူ့အကြည့်များက ဝမ်းနည်းရိပ် တချို့ စွန်းထင်း၍ အသံတိမ်တိမ်ဖြင့် ဆက်ပြောလိုက်သည်။ "နှမြောစရာက ငါ မမြင်နိုင်တော့ဘူး..."

သေခြင်း၊ ရှင်ခြင်းကို ပေါ့ပေါ့တန်တန်သာ သဘောထား၍ သူ့သက်တမ်း ကုန်ဆုံးရတော့မည့် အဖြစ်ကို ဝမ်းမနည်းသော်လည်း ခေတ်သစ်တစ်ရပ် ရောက်ရှိလာသည်ကို သူ မြင်တွေ့ခွင့် မရတော့သည့်အတွက် ဝမ်းနည်းမိ၏။ ဤခေတ်သစ်သို့ ရွေ့အောင် သူ တွန်းတင်ပေးခဲ့ရသည် မဟုတ်လား...။

"ငါ မြင်တွေ့ခွင့် မရတာ ကိစ္စမရှိပါဘူး..."

လူငယ်ဂိုဏ်းချုပ်က သူ့စိတ်အားကို ပြန်လည် မြှင့်တင်၍ ပြုံးလိုက်သည်။ "ဒါပေမဲ့ မင်း မြင်တွေ့နိုင်တယ် မဟုတ်လား...၊ ဂိုဏ်းသခင်လေး... ခြေလှမ်းတွေကို ဘယ်တော့မှ မရပ်နဲ့... အသိအမြင်ကို ကျယ်ပြန့်အောင် ဆက်လုပ်၊ အတွေးအကြံ စိတ်ထားကို ကြီးမြတ်အောင် ဆက်လုပ်ပါ..."

ချင်မူက လူငယ်ဂိုဏ်းချုပ်ကို နှုတ်ဆက်စကားဆို၍ ထွက်လာခဲ့လိုက်သည်။ ဤအဘိုးကြီးက ရွာမှ ဘိုးဘွားများနှင့် မတူညီသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။

ဒုက္ခိတဘိုးဘွား ကျေးရွာမှ ရွာသူရွာသားများက သဘောကောင်းကြသော အဘိုးအဘွားများဟူသော ခံစားချက်ကို ပေးစွမ်းနိုင်၏။ သူတို့က မကောင်းဆိုးဝါး ဆန်ကြသော်လည်း အနေကြာလာသည့်အခါ လွန်စွာ ကြင်နာတတ်ကြကြောင်း တွေ့ရပေလိမ့်မည်။ ဒုက္ခိတဘိုးဘွား ကျေးရွာမှ အဘိုးအဘွားများက သူ မည်သို့ ပြုမူ နေထိုင်ရမည် ဆိုခြင်းနှင့် မည်သို့ ရှင်သန် နေထိုင်ရမည် ဆိုခြင်းကို သင်ကြားပေးခဲ့သည်။

လူငယ်ဂိုဏ်းချုပ်ကတော့ ထိုအရာများ မသင်ပေးခဲ့။ လောကကြီးကို ပိုမြင့်မားသော နေရာမှ အုပ်စီး ကြည့်တတ်စေရန် စိတ်ရှည်ရှည်နှင့် စနစ်တကျ လမ်းကြောင်းညွှန်ပြသည့် နည်းလမ်းကိုသာ အသုံးပြုခဲ့သည်။

ရပ်တန့် ကြည့်ရှုသည့် နေရာအမြင့်က မြင်ရသည့် မြင်ကွင်းများကို ဆုံးဖြတ်၏။

ကြက်ပေါက်လေးများနှင့် စာကလေးများက နိမ့်နိမ့်သာ ပျံသည့်အတွက် ဝပ်ကျင်းနှင့် ကောက်ရိုးတဲကဲ့သို့သော အရာများသာ မြင်ရပြီး တီကောင်များ ဖမ်း၍ မြေပေါ်မှ ဆန်စေ့များသာ ကောက်ရသည်။

သိမ်းငှက်များကတော့ ဝေဟင်သို့ အတောင်ဖြန့်၍ မိုင်ထောင်ချီအောင် မြင်တွေ့နိုင်စွမ်း ရှိသဖြင့် မိုင်တစ်ထောင်ပတ်လည်အတွင်းမှ နယ်မြေမှာ သူ့သားကောင်ကို ဖမ်းနိုင်သည့် ပိုင်နက် ဖြစ်လေသည်။

ကောင်းကင်နတ်ဂိုဏ်း၏ အထွတ်အမြတ် ခေါင်းဆောင် ဖြစ်လာရန်မှာ မိုင်တစ်ထောင်ကို မြင်နိုင်စွမ်းသော ရဲတင်းမှုမျိုး ရှိဖို့ လိုအပ်ပေလိမ့်မည်။

ချင်မူ့အတွက်တော့ ဤတွေ့ဆုံမှုမှ လက်တွေ့ကျသော အကျိုးအမြတ်မှာ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်မှ ဓာတ်ကြီးငါးပါးအဆင့်အတွက် ချီစွမ်းအင် လမ်းကြောင်းပြပုံ ရခဲ့ခြင်း ဖြစ်သည်။ ဤပုံနှင့်ဆိုလျှင် သူ ဆက်၍ လေ့ကျင့်နိုင်ပေတော့မည်။ ဤပုံသာ မရခဲ့ပါက ဓာတ်ကြီးငါးပါးအဆင့်တွင် တစ်နေမည် ဖြစ်၏။

ချင်မူ ကျောင်းတော်သားအိမ်ရာသို့ ပြန်၍ သူ ရလာသည့် စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပုံအတိုင်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လှည့်ပတ် လေ့ကျင့်လိုက်သည်။ ဓာတ်ကြီးငါးပါးအဆင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ စွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းက ယခင်ကထက် များစွာ ပိုရှုပ်ထွေးလာသည်။ ၎င်းက အခြေခံ တောက်ယင်ကျင့်စဉ်နှင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်စဉ်၏ အထက်တွင် ရှိသော သီးခြား ကျင့်စဉ်တစ်ခု ဖြစ်၏။

ချင်မူက မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာရှိ ကျင့်စဉ် အားလုံးကို မွှေနှောက် ဖတ်ရှုပြီးပြီ ဖြစ်သည်။ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်စဉ်များစွာ ပါရှိသော်လည်း လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ ဓာတ်ကြီးငါးပါးအဆင့် ကျင့်စဉ်နှင့် ယှဉ်နိုင်သော ကျင့်စဉ် များစွာ မရှိပေ။

ဓာတ်ကြီးငါးပါးအဆင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းမှာ ကျင့်စဉ် သုံးလွှာကို တစ်ပြိုင်နက် လေ့ကျင့်ရသလို ဖြစ်၏။ အရိုးရှင်းဆုံး တောက်ယင်ကျင့်စဉ် လှည့်ပတ်မှု လမ်းကြောင်းက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်စဉ် လှည့်ပတ်မှု လမ်းကြောင်းကို တွန်းအားပေး စီးဆင်းစေသည်။ ထိုမှ တစ်ဆင့် ဓာတ်ကြီးငါးပါးအဆင့် ကျင့်စဉ် လှည့်ပတ်မှု လမ်းကြောင်းကို တွန်းအားပေး လှည့်ပတ်စီးဆင်းစေ၏။ အတော်လေး ရှုပ်ထွေးသည်ဟု ပြော၍ ရပေသည်။

ဤတစ်ကြိမ်တွင်တော့ သူ၏ ချီစွမ်းအင်က အားအဟုန် ပြင်းထန်စွာ တရှိန်ထိုး ထွက်ပေါ်လာပြီး စွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းပြပုံအတိုင်း လှည့်ပတ် စီးဆင်းသွားသည်။ ရုတ်တရက် သူ့အသိစိတ်အလျဉ်က ငါးခုကွဲသွားပြီး တရှိန်ထိုး စီးဆင်းလာသည့် ချီစွမ်းအင်နှင့်အတူ ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာထဲသို့ စီးမျောဝင်ရောက်သွား၏။

ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာထဲမှ ကြယ်ကြီးငါးလုံးက ရုတ်တရက် ထွန်းလင်း တောက်ပလာသည်။

ဤတစ်ကြိမ်တွင်တော့ ဓာတ်ကြီးငါးပါးက တစ်ခုနှင့် တစ်ခု ဆန့်ကျင် တွန်းလှန်ခြင်း မပြုတော့။ ရွှေဓာတ် ကြယ်တာရာထံမှ အလင်းတန်းတစ်ခု ထိုးဆင်းလာပြီး သူ့အသိစိတ်အလျဉ် တစ်ခုနှင့် ပေါင်းစည်းကာ ရွှေရောင်နတ်ဘုရား တစ်ပါးအဖြစ် အသွင်ပြောင်းသွားသည်။ ထိုရွှေနတ်ဘုရားက ကျားလက်သည်းနှင့် အမွေးဖြူ ရှိပြီး ဘယ်ဘက်နားရွက်တွင် မြွေတစ်ကောင် တွဲလောင်းခို၍ ခြေအစုံက နဂါးနှစ်ကောင်ပေါ် နင်းတက်ကာ ကြေးနီပုဆိန်တစ်လက်ကို ကိုင်ထား၏။

ချင်မူက ချီစွမ်းအင်ကို သတိထား လှည့်လည်ပြီး ရွှေနတ်ဘုရား ပုံရိပ်ကို ရွှေဓာတ် ကြယ်တာရာ အလင်းတန်းများ အဆက်မပြတ် စုပ်ယူစေလိုက်သည်။

ထိုကြယ်တာရာ အလင်းတန်းက ရွှေနတ်ဘုရားပုံရိပ်ကို ဖြစ်ပေါ်စေပြီး ၎င်းကို ကြယ်တာရာစွမ်းအင်ဟု ခေါ်၏။ ကြယ်တာရာများ၏ စွမ်းအား ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သစ်သားဓာတ် ကြယ်တာရာထံမှ အလင်းတန်းတစ်ခု ထိုးဆင်းလာပြီး သူ၏ နောက်ထပ် အသိစိတ်အလျဉ် တစ်ခုနှင့် ပေါင်းစည်းကာ သစ်သားနတ်ဘုရား ဖြစ်သွားသည်။ ထိုသစ်သားနတ်ဘုရားက လူခေါင်း၊ ငှက်ကိုယ် ရှိပြီး ၎င်း၏ ငှက်ခြေထောက်များက နဂါးနှစ်ကောင်ပေါ် နင်းတက်၍ မိုးမခကြာပွတ် တစ်ချောင်းကို ကိုင်ဆောင်ထား၏။

ရေဓာတ် ကြယ်တာရာထံမှလည်း အလင်းတန်း တစ်ခု ထိုးဆင်းလာပြီး သူ၏ တတိယ အသိစိတ်အလျဉ်နှင့် ပေါင်းစည်းကာ ဆံပင်နီများနှင့် လူခေါင်း၊ မြွေကိုယ်လုံး ရှိ၍ သုံးခွခက်ရင်းတစ်ချောင်း ကိုင်ဆောင်ထားသော ရေနတ်ဘုရား တစ်ပါး၏ ပုံရိပ်အဖြစ် အသွင်ပြောင်းသွားသည်။

မီးဓာတ် ကြယ်တာရာထံမှ အလင်းတန်းကလည်း သူ၏ စတုတ္ထ အသိစိတ်အလျဉ်နှင့် ပေါင်းစည်းသွားပြီး လူမျက်နှာ၊ သားရဲကိုယ်လုံး ရှိသော မီးနတ်ဘုရား ပုံရိပ်အဖြစ် ပြောင်းလဲသွား၏။

မြေဓာတ် ကြယ်တာရာထံမှ အလင်းတန်းနှင့် သူ၏ နောက်ဆုံး အသိစိတ်အလျဉ်နှင့် ပေါင်းစည်းပြီးနောက် လူခေါင်း၊ မြွေကိုယ်လုံး ရှိသည့် မြေနတ်ဘုရား ပုံရိပ်အသွင်သို့ ပြောင်းလဲသွားသည်။ ထိုမြေနတ်ဘုရား၏ နောက်ကျောဘက်၌ တံခါးနှစ်ပေါက် ရှိနေ၏။ ထိုတံခါးများ၌ စာများ ရေးထိုးထားသော်လည်း ပုံရိပ်တစ်ခုသာ ဖြစ်သည့်အတွက် မှုန်ဝါးနေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သူ၏ ချီစွမ်းအင်က ထိုနတ်ဘုရား ငါးပါးနှင့် ပေါင်းစည်းသွား၏။ ချီစွမ်းအင်နှင့် ကြယ်တာရာစွမ်းအင်က တရွ့ရွေ့ လဲလှယ် ကူးပြောင်းနေသည်။ ဤအနေအထားက နားမလည်နိုင်စရာပင် ဖြစ်သည်။

"ချီစွမ်းအင်က ကြယ်တာရာစွမ်းအင် ဖြစ်သွားပြီး ကြယ်တာရာစွမ်းအင်က ချီစွမ်းအင် ဖြစ်လာတယ်... တစ်ခုနဲ့ တစ်ခု အပြန်အလှန် ကူးပြောင်းနေမှတော့ ဘာထူးခြားမှာ မလို့လဲ..."

ချင်မူ ဝေခွဲမရ ဖြစ်နေပြီး ဂရုတစိုက် လေ့လာကြည့်သော်လည်း ထူးခြားမှုကို ရှာမတွေ့ပေ။ သူ့ချီစွမ်းအင်က ကြယ်တာရာစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားသောအခါ ကြယ်တာရာ စုံလင်သည့် ကောင်းကင်ယံထက်၌ ဖော်မပြနိုင်သော အားလှိုင်းတစ်ခု လှုပ်ခတ်သွားသည်ကိုသာ ခပ်ရေးရေး ခံစားမိသည်။ ထိုအရာက မည်သို့သော အားလှိုင်းမျိုး ဖြစ်သည်ကို သူ မသိချေ။

ထို့ပြင် ကြယ်တာရာစွမ်းအင်က ချီစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည့်အခါ သူ့ကျင့်စဉ်စွမ်းအင်၌ အနည်းငယ် တိုးပွားလာကြောင်း တွေ့ရ၏။

"မဆိုးပါဘူး..."

သူ သက်ပြင်းချလိုက်မိသည်။ ဓာတ်ကြီးငါးပါး စွမ်းအင် လှည့်ပတ်မှု လမ်းကြောင်းပြပုံက ဟာကွက်သေးသေးလေး တစ်ခု ရှိနေသော်လည်း ချီစွမ်းအား ဖောက်လွှဲဖောက်ပြန် မဖြစ်ဘဲ လေ့ကျင့်နိုင်သည်မှာ တော်လှပြီ ဖြစ်၏။

"နန်းတွင်းကောလိပ်က သင်ခန်းစာတွေ မစခင် အချိန်နည်းနည်း ရသေးတယ်... မိုးသံနားဆင်စံအိမ်ကို ပြန်ပြီး ဟူလင်းအာကို သွားခေါ်ရမယ်... ပြီးတော့ ပန်းပွင့်လမ်းကြားက လူနာတွေကိုလည်း ဆက်ကြည့်ပေးမယ်လို့ ကတိပေးထားခဲ့သေးတာ..."

ချင်မူ သူ့နေအိမ်မှ ထွက်လာသောအခါ ကျောင်းတော်သား တစ်အုပ် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

သူ နေထိုင်သည့် နေရာက ကောင်းကင်နတ်သိုင်း ပညာရှင်များနှင့် သီးခြား ဖြစ်၏။ ဤနေရာက ဝိညာဉ်သန္ဓေသားအဆင့် ကျောင်းတော်သားများနှင့် ဓာတ်ကြီးငါးပါးအဆင့် ကျောင်းတော်သားအတွက် အိမ်ရာ ဖြစ်သည်။ ဤနေရာတွင် နေထိုင်ကြသော ကျောင်းတော်သားများ အားလုံးမှာ အရပ်ခြောက်မျက်နှာ အဆင့်အောက်သာ ဖြစ်ကြ၏။ ယခု နန်းတွင်းကောလိပ်က ပြန်ဖွင့်ပြီ ဖြစ်၍ ယခင်နှစ်များမှ ကျောင်းတော်သား များစွာ ပြန်ရောက်လာကြသည်။ သူတို့က ချင်မူ့ထက် နန်းတွင်းကောလိပ်သို့ စောဝင်ပြီး သိပ်သည်းနက်ရှိုင်းသော ကျင့်စဉ်စွမ်းအင်များ ရှိသော်လည်း အရပ်ခြောက်မျက်နှာ အဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသမျှ ဤနေရာတွင်သာ နေကြရသည်။

နှစ်စဉ်နှစ်တိုင်း နန်းတွင်းကောလိပ်က အခြေခံအဆင့် ကျောင်းသားများအတွက် ဆယ်နေရာ လျာထားပေးသည်။ အခြေခံကျောင်းမှ ကျောင်းတော်သားများအတွက် သုံးလေးငါးနှစ်အတွင်း အရပ်ခြောက်မျက်နှာအဆင့်သို့ တက်လှမ်းနိုင်ရန်မှာ ခက်ခဲလှသည်။ သို့ဖြစ်၍ နန်းတွင်းကောလိပ်ရှိ အခြေခံကျောင်းမှ ကျောင်းတော်သား အရေအတွက်မှာ နည်းပါးလှခြင်း မရှိပေ။

ထိုကျောင်းတော်သားများက ချင်မူ့ကို ဖြတ်ကျော်သွားပြီးမှ ကျောင်းတော်သား တစ်ယောက်က သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်၍ မေးလိုက်သည်။ "ဒီက ညီငယ်လေး... မဟာမြို့ပျက်က စွန့်ပစ်ခံ လူတစ်ယောက် ဒီကို ရောက်နေတယ်လို့ ကြားတယ်... သူ ဘယ်နေရာမှာ နေတာလဲ သိလား..."

ချင်မူမှာ အံ့အားသင့်သွားပြီး မေးလိုက်၏။ "အစ်ကိုတို့က သူ့ကို ဘာလုပ်ဖို့ ရှာနေတာလဲ..."

ထိုကျောင်းတော်သားက ပြန်ဖြေလိုက်သည်။ "စွန့်ပစ်ခံလူတွေက ကျွန်ဘဝမှာပဲ နေသင့်တဲ့ အမှိုက်သရိုက်တွေ... ဧကရာဇ်က စွန့်ပစ်ခံ လူတစ်ယောက်ကို ငါတို့ နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သား တစ်ယောက် ဖြစ်ခွင့်ပေးလိုက်လိမ့်မယ်လို့ မထင်မိခဲ့ဘူး... ဒါ ငါတို့ကို စော်ကားတာပဲ... ဒီသတင်းကို ကြားပြီး ဒေါသထွက်လွန်းလို့ အဲဒီကောင် သူ့ဖာသာ နန်းတွင်းကောလိပ်က ထွက်သွားအောင် လုပ်မလို့... ဒီနေရာမှာ သူ နေနေတယ်ဆိုရင် ငါတို့ ဘယ်လို မျက်နှာပြရတော့မလဲ..."

ချင်မူ၏ အကြည့်များ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ "အဲဒီလိုလား... အဲဒီ စွန့်ပစ်ခံကောင်ကို ကျွန်တော် တွေ့ဖူးတယ်... ဒီနားတင် နေတာ... အစ်ကိုတို့ကို လိုက်ပြပေးရမလား..."

ဆယ်ယောက်ကျော်သော ကျောင်းတော်သားများက ဝမ်းသာသွားပြီး လက်သီးဆုပ် ကျေးဇူးတင်စကား ဆိုလိုက်၏။ "ဒုက္ခခံပေးတာ ကျေးဇူးပါပဲ... ညီလေး..."

"အစ်ကိုတော်တို့က အားနာနေပြန်ပါပြီ..."

ချင်မူက ဆက်ပြောလိုက်၏။ "ကျွန်တော်ကလည်း ဩဇာကြီးတဲ့ မိသားစုကပါပဲ... အဲဒါကို ဒီစွန့်ပစ်ခံလူနဲ့ တစ်တန်းတည်းသား လာဖြစ်ရတယ်... ရှက်လွန်းလို့ မြေကျင်းတူးပြီးတော့သာ ဝင်နေချင်တော့တယ်... ဒါနဲ့ ကျွန်တော့် မျိုးရိုးနာမည်က ချင်ပါ..."

"ချင်မျိုးရိုး ဟုတ်လား..."

ကျောင်းတော်သား အားလုံးမှာ အံအားသင့်သွားကြသည်။ တစ်ယောက်က သူ့ကို တလေးတစား နှုတ်ဆက်လိုက်၏။ "ညီလေးက ချင်မိသားစုကလား... မြို့တော်ရဲ့ ချင်မိသားစုက တကယ့်ကို ဩဇာအာဏာ ကြီးမားတဲ့ မိသားစုတစ်ခုပါပဲ... စွန့်ပစ်ခံလူနဲ့ တစ်တန်းတည်းသား ဖြစ်ရတာ တကယ့်ကို စော်ကားမှု တစ်ရပ်ပဲ... ချင်မိသားစုကနေ တပ်မှူးကောင်းတွေ အများကြီး ပေါ်ထွက်ခဲ့တယ်... မိသားစု တစ်ခုလုံးကလည်း သစ္စာစောင့်သိပြီး ဖြောင့်မှန်ကြတယ်... အစ်ကိုက ညီလေးထက် နှစ်နှစ်စောပြီး နန်းတွင်းကောလိပ်ကို ဝင်ခဲ့ပေမဲ့ ကိုယ့်ကိုယ်ကိုယ် အစ်ကိုကြီးလို့ မခံယူဝံ့ပါဘူး... တစ်ယောက်နဲ့ တစ်ယောက် ညီနောင်လို့ပဲ သုံးနှုန်းကြတာပေါ့..."

အခြား ကျောင်းတော်သား တစ်ယောက်ကလည်း ရယ်မောလိုက်သည်။ "ငါ့အဖေက ဟုရှင်းတောင်မှာ သတ္ထုတွင်း ဖွင့်ထားတာ... နယ်စပ်ကနေ စွန်ပစ်ခံလူ တစ်ရာ၊ နှစ်ရာလောက် ဝယ်ပြီး တင်သွင်းရတယ်... ဒီစွန့်ပစ်ခံလူတွေက နှစ်တိုင်း သေနေကြတော့ ထပ်ထပ်ဝယ်နေရတယ်... ဟင်း... စွန့်ပစ်ခံလူတစ်ယောက်နဲ့ တစ်ကျောင်းတည်း အတူတက်ရမယ်လို့ တစ်ခါမှ စိတ်မကူးဖူးဘူး... ငါ့အဖေသာ သိရင် သေချာပေါက် ဒေါသအိုး ပေါက်ကွဲပြီး ငါ့ကို ကျွန်တစ်ယောက်နဲ့ ဆက်စပ် ပတ်သက်လို့ ဆိုပြီး ဆူဆဲတော့မှာပဲ..."

ကျောင်းသူ တစ်ယောက်ကလည်း ပြောလိုက်၏။ "ဒီတစ်ခေါက် ကိစ္စကို ငါလည်း ကြားလိုက်တယ်... ဧကရာဇ်က ဒီအခွင့်အရေးကို အရယူပြီး သူ့မှူးမတ်ဝန်ကြီးတွေကို နှိပ်ကွပ်ချင်လို့ စွန့်ပစ်ခံကောင်ကို နန်းတွင်းကောလိပ်ထဲ ဝင်ခွင့်ပေးလိုက်တာတဲ့... ပြီးတော့ မဟာမြို့ပျက်ကို သိမ်းပိုက်ဖို့လည်း ဆန္ဒ ရှိတယ်တဲ့... စွန့်ပစ်ခံလူတွေကလည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ပြည်သူပြည်သားတွေလို့ ပြောခဲ့သေးတယ်... အဲဒါ မဟာမြို့ပျက်ကလည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ နယ်မြေလို့ ပြောတာနဲ့ အတူတူပဲ မဟုတ်ဘူးလား... ဒါပေမဲ့ ဧကရာဇ်က ထင်ရာစိုင်းပြီး စွန့်ပစ်ခံလူကို နန်းတွင်းကောလိပ် ဝင်ခွင့်ပြုလိုက်တာ ငါတို့ ကျောင်းတော်သားတွေရဲ့ ခံစားချက်ကို လျစ်လျူရှုလိုက်တာပဲ..."

ချင်မူနှင့် ထိုကျောင်းတော်သားများက စကားများ တွတ်ထိုး ပြောဆိုရင်း ကျောင်းတော်သားအိမ်ရာ၏ အစွန်သို့ ရောက်လာကြသည်။ ထိုနား၌ ခြံဝင်းတစ်ခုသာ ရှိပြီး လူသွားလူလာ ပြတ်လပ်သည်။ ချင်မူက ပြုံးလိုက်၏။ "အစ်ကိုတော်တို့... ဒါက စွန့်ပစ်ခံလူ နေတဲ့ နေရာပါ... ခဏလေး စောင့်ပါဦး..."

သူက တံခါးသွားခေါက်လိုက်၏။ တစ်ခဏ ကြာသောအခါ ခြံတံခါး ပွင့်လာပြီး မျက်နှာဝိုင်းဝိုင်း တစ်ခုက တံခါးနောက်မှ ပေါ်ထွက်လာသည်။ ချင်မူကို မြင်သောအခါ အံ့အားသင့်သွားပြီး ပြုံးလိုက်၏။ "နောင်တော်ချင်..."

ချင်မူက တံခါးကို တွန်းဖွင့်လိုက်သည်။ ကျောင်းတော်သားများကလည်း သူနှင့်အတူ လိုက်ဝင်၍ ခပ်ဝဝ ကျောင်းတော်သားကို ခြံဝင်းအလယ်၌ ဝိုင်းပတ်ထားလိုက်ကြ၏။

ချင်မူက ခြံတံခါးကို ပြန်ပိတ်၍ တံခါးမင်းတုပ်များကို ချလိုက်သည်။ သူ့အမူအရာက ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေ၏။ "ဒါနဲ့... အစ်ကိုတော်၊ အစ်မတော်တို့... နန်းတွင်းကောလိပ်က လူသတ်တာကို ခွင့်ပြုပါသလား..."

ကျောင်းတော်သား အားလုံးမှာ အံ့အားသင့်သွားကြပြီး တစ်ယောက်က ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။ "ညီလေးချင်... ငါတို့က ဒီစွန့်ပစ်ခံလူကို ဆုံးမပြီး နန်းတွင်းကောလိပ်ကနေ မောင်းထုတ်ရုံ သက်သက်ပါပဲ... ဘာလို့ သတ်ဖို့ လိုမှာလဲ... ငါတို့ သူ့ကို သတ်လိုက်ရင် အကုန်လုံး ကျောင်းထုတ်ခံရမှာပေါ့... ကောင်းကောင်း ရိုက်နှက်ပေးလိုက်ရင် လုံလောက်ပါပြီ..."

ချင်မူက စိတ်ပျက်သွားသည့်ပုံ ရပြီး ညည်းတွားလိုက်သည်။ "မြို့တော်က စည်းမျဉ်းစဉ်းကမ်းတွေ များလိုက်တာ... စိတ်ရှိတိုင်း လူသတ်လို့ မရဘူး... မဟာမြို့ပျက်မှာသာ ဆိုရင် လူဆယ်ယောက်၊ ဆယ့်ငါးယောက်လောက် သတ်လို့ ဘယ်သူမှ လာပြောနေမှာ မဟုတ်ဘူး..."

All Chapters