← Chapters

ဓာတ်ကြီးငါးပါးအဆင့်တွင် ပြိုင်ဘက်ကင်း

Vol. 9 Ch. 122

ဓာတ်ကြီးငါးပါးအဆင့်တွင် ပြိုင်ဘက်ကင်း

Vol. 9 Ch. 122

သူ့စကားကို ကြားရသည်တွင် ခြံဝင်းအတွင်းရှိ ကျောင်းတော်သား အားလုံးမှာ တစ်ခုခု မူမမှန်သလို ခံစားလိုက်မိ၏။ ထိုအခိုက်၌ ကောင်းကင်ယံမှ မိုးစက်မိုးပေါက်များ ကျဆင်းလာသည်။

မိုးစက်မိုးပေါက်များနှင့်အတူ ထူးဆန်းသော ဂီတသံက တွဲဖက်ပါဝင်လာ၏။ ဒင်... ဒင်... ဒင်...။ တုနှိုင်းမဲ့ ခမ်းနား ထည်ဝါလှသော လူ့ဘီလူးကြီးက ကောင်းကင်နှင့် မြေကြီးကို ကုကျန့်၊ မိုးရေစက်တန်းများကို တူရိယာကြိုးအဖြစ် အသုံးပြု၍ မည်သည်ကိုမျှ မငဲ့ကွက်ဘဲ ကြမ်းတမ်းစွာ တီးခတ်နေသကဲ့သို့ ရှိသည်။

သို့သော်လည်း ဤထူးဆန်းသည့် ဂီတသံစဉ်က စိတ်ဝိညာဉ်ကို ခိုးယူနိုင်သော မှော်စွမ်းအင် တစ်မျိုး ပါဝင်လာသည်။ ထိုဂီတသံကို ကြားလိုက်ရသည်နှင့် သူတို့၏ ချီစွမ်းအင်များ စုစည်းမရတော့ဘဲ အသိစိတ်အလျဉ် တစ်ခုလုံး လျော့ရဲသွားကြောင်း ခံစားလိုက်မိ၏။ ဝိညာဉ်သန္ဓေသားက နှေးကွေးသွားသကဲ့သို့ ဓာတ်ကြီးငါးပါးက ရှုပ်ထွေးရောယှက်သွားသည်။ ဤတေးသံနှင့်အတူ သူတို့ လိုက်ကလိုက်မိကြ၏။

ထိုဂီတသံ ထွက်ပေါ်၍ အာနိသင် ပြလာသည်နှင့် ခြံဝင်းထဲရှိသူ အားလုံး အခြေအနေ မကောင်းတော့ကြောင်း ရိပ်စားမိပြီး မိစ္ဆာသံစဉ် မှော်အတတ်မှ ရုန်းထွက်ရန် ပြင်လိုက်စဉ်မှာပင် ချင်မူ လက်ဟန်မုဒြာတစ်ခု ပြုလုပ်၍ လက်သီးတစ်ချက် ထိုးချလိုက်သည်။

ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည်...။

ထိုလက်သီးချက် ထွက်ပေါ်လာသည်နှင့် တစ်လောကလုံး တုန်ခါသွားလောက်သော မိုးခြိမ်းသံကြီး တစ်သံ ခြံဝင်းအလယ်မှ အုန်းခနဲ မြည်ဟည်းလာပြီး သူတို့၏ ယန်ဝိညာဉ်နှင့် ယင်ဝိညာဉ်များ ကပြောင်းကပြန် ဖြစ်သွား၏။ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်များ လှုပ်ခါပြီး စိတ်ဓာတ်အင်အား ယိုင်နဲ့သွားသည် ဖြစ်၍ မိစ္ဆာသံကို မခုခံနိုင်တော့ဘဲ တဟားဟား အော်ရယ်၍ ကခုန်လိုက်မိကြတော့သည်။

ရုတ်တရက် ဂီတသံစဉ်က တစ်မျိုးပြောင်းသွားပြီး သူတို့ကိုယ် သူတို့ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးတို့၏ သတ်ကွင်းပြင်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ ခံစားရကာ စစ်မြင်းများနှင့် မျက်နှာဆီသို့ ပြေးဝင်လာသော ရွှေရောင်လှံတံများအကြား နစ်မြုပ်သွား၏။ ထိုမျှ ပီပြင်လွန်းသော မြင်ကွင်းကြောင့် ပြန်လည် တိုက်ခိုက်လိုက်မိကြသည်။

ထိုသို့ ပြန်ခုခံ တိုက်ခိုက်မှုက ပေါ့သေးသေး မဟုတ်ချေ။ အသိစိတ် ယဲ့ယဲ့လေး ရှိနေသေးသူများမှာ ဘေးနားမှ လူများ၏ တိုက်ခိုက်မှုကို ခုခံကာကွယ်နေကြရ၏။ ခုခံကာကွယ်ရန် လှုပ်ရှားလိုက်သည်နှင့် မိစ္ဆာဂီတသံစဉ်က အသိစိတ်အလျဉ်သို့ ထိုးဖောက်ဝင်ရောက်လာပြီး လွတ်ထွက်သွားသည်။

ဘုန်း...။

ခြံဝင်းအတွင်း၌ အမျိုးမျိုးသော သိုင်းကွက်များ ပေါ်ထွက်လာသကဲ့သို့ မှော်ဂါထာ စွမ်းအင်များလည်း အရပ်မျက်နှာအနှံ့ ပြန့်ကြဲသွားသည်။ တစ်ခဏအတွင်း၌ အားလုံး၏ ခန္ဓာကိုယ်တွင် သွေးများ စိုနစ်သွားပြီး ဒဏ်ရာများ ပြည့်နှက်သွား၏။ ထိုအခိုက်၌ ချင်မူက သူတို့၏ ကြားတွင် တစ္ဆေတစ်ကောင်ကဲ့သို့ ရွေ့လျား၍ အသိစိတ်ကျန်နေသေးသူများကို လက်ဖြင့် တောက်ထုတ်လိုက်သည်။

ဖီဖာတီးခတ်သူ၏ မိုးကြိုးလက်ချောင်း...။

သူ့လက်ချောင်းများက ဂီတသံစဉ်နှင့်အတူ တောက်၏၊ ခတ်၏၊ ကုပ်ဆွဲ၏၊ ပွတ်တိုက်၏၊ တီး၏၊ အားကုန် ရိုက်ချ၏။ ကျောင်းတော်သားများကို ဖရိုဖရဲ ဖြစ်အောင် လုပ်ခဲ့သည့် ဂီတသံစဉ်က မိုးခြိမ်းသံ တဂျိမ်းဂျိမ်း တွဲဖက် ပါဝင်လာပြီး လေထုပင် တုန်ခါလာ၏။ လေးလံသော အရာဝတ္ထုများ၏ တဘုန်းဘုန်း ရိုက်ခတ်သံများလည်း အဆက်မပြတ် ထွက်ပေါ်လာသည်။

တစ်ခဏ ကြာသောအခါ ခြံဝင်းငယ်လေးထဲ၌ ဝေ့ယုံတစ်ယောက်သာ သီဆိုကခုန်၍ ကျန်ခဲ့၏။

ချင်မူက ရပ်တန့်လိုက်သည်။ ကောင်းကင်ယံမှ မိုးရေစက်များကလည်း ဂီတသံစဉ်နှင့်အတူ ပျောက်ကွယ်သွား၏။ ထိုအခါမှ ဝေ့ယုံမှာ အသိစိတ် ပြန်ဝင်လာပြီး ဘေးပတ်ဝန်းကျင်ကို တစ်မုဟုတ်ချင်း လှည့်ပတ် ကြည့်ရှုလိုက်သည်။ သူ့ခြံဝင်းတစ်ခုလုံး ခြေရာများ ရှုပ်ထွေးနေပြီး ပန်းပင်၊ မြက်ပင်များ အားလုံး ပျက်စီးနေ၏။ သူ့အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အော်ဟစ်လိုက်သည်။ "နောင်တော်ချင်... ဘာဖြစ်သွားတာလဲ..."

"မင်းရဲ့ အဖိုးတန်ခြံဝင်းလေးကို ခဏငှားပြီး မျက်စိမပါတဲ့ ဝါစဉ်ကြီး အစ်ကိုတွေကို သင်ခန်းစာ ပေးလိုက်တာပါ..."

ချင်မူက ပြုံးလိုက်၏။ "မင့်နေရာက တိတ်ဆိတ်ပြီး လူသူကင်းဝေးတော့ လာဆွဲမယ့်သူ မရှိဘူးလေ..."

ဝေ့ယုံမှ ဘာပြောရမှန်းမသိ ဖြစ်သွားပြီး သူ့ခြံဝင်းနံရံများသို့ အကြည့်ရောက်သွားသည်။ ကျောင်းတော်သားများ၏ ခန္ဓာကိုယ်များက နံရံများ၌ တွဲလောင်းချိတ်နေ၏။ သူတို့၏ ခေါင်းများက နံရံထဲတွင် နစ်ဝင်နေပြီး လှုပ်ရှားဖို့ပင် အားမရှိကြချေ။

ဝေ့ယုံ၏ မျက်နှာမှာ ဖြူဖျော့သွား၏။ "နောင်တော်ချင်... မင်းတော့ ဒုက္ခရောက်ပြီ... ဒီကျောင်းတော်သားတွေက ငါတို့ထက်အရင် နန်းတွင်းကောလိပ်ကို ဝင်တဲ့သူတွေ... နန်းတွင်းကောလိပ်ကို ဝင်နိုင်တဲ့သူထဲက ဘယ်သူများ အင်အားကြီး မိသားစု မဟုတ်တဲ့သူ ပါလို့လဲ... အခု မင်းက သူတို့ကို ရိုက်နှက်ပစ်တော့ ဘယ်လို လုပ်ရတော့မလဲ..."

ချင်မူမှာ ဝေခွဲမရ ဖြစ်သွား၏။ "ငါက သူတို့ကို မရိုက်ရင် သူတို့ ရိုက်တာခံဖို့ ထိုင်စောင့်နေရမှာလား... အခု ရိုက်ပြီးသွားပြီပဲ... ဘာတတ်နိုင်တော့မှာလဲ..."

ဝေယုံမှာ ခြေကို ထပ်ခါထပ်ခါ ဆောင့်၍ တတွတ်တွတ် ရေရွတ်လိုက်၏။ "မင်းက ငါ့ခြံဝင်းထဲ လာရိုက်ပေမဲ့ ငါက ဝေ့မိသားစုက ဆိုတော့ ငါ့ကို ဘာမှ လုပ်မှာ မဟုတ်ဘူး... မင်းကတော့ သေချာပေါက် ကံဆိုးမိုးမှောင် ကျလိမ့်မယ်... ဘုရားရေ... ဘုရားရေ... ငါတို့ ဘာလုပ်ရမလဲ..."

ချင်မူက အပြင်သို့ ထွက်သွားရင်း ပြုံးလိုက်သည်။ "သူတို့က ငါ့ကို သင်ခန်းစာပေးဖို့ လာကြတာ... အဲတော့ သူတို့လည်း သင်ခန်းစာ ပေးခံရဖို့ ပြင်ဆင်ခဲ့သင့်တာပေါ့... မဟုတ်ဘူးလား..."

ခြံပြင်သို့ ထွက်လာရင်း နံရံပြင်သို့ ထိုးထွက်နေသော ခေါင်းများကို မြင်လိုက်၏။ ချင်မူ သူတို့ အားလုံးကို ကြည့်၍ အနားသို့ တိုးလျှောက်သွားလိုက်သည်။

"စွန့်ပစ်ခံကောင်..."

ကျောင်းတော်သား တစ်ယောက်က ပြန်သတိရလာပြီး အားယူပြောလိုက်၏။ "မင်းက ငါတို့ကို အကောက်ကြံရဲတယ်ပေါ့... ငါတို့ ပြန်ကောင်းလာရင် မင်း သေပြီသာ မှတ်..."

ချင်မူ၏ အမူအရာက မည်းမှောင်သွား၏။ "စွန့်ပစ်ခံကောင် ဆိုတဲ့ စကားကို ထပ်ပြောရဲ ပြောကြည့်စမ်း... ငါမျက်စိရှေ့ တွေ့တိုင်း ရိုက်ပစ်မယ်..."

"စွန့်ပစ်ခံကောင်..."

ချင်မူက ထိုကျောင်းတော်သားကို ဆွဲထုတ်၍ သူ့အိမ်ရှေ့ထိ သယ်သွားလိုက်သည်။ သူ့ချီစွမ်းအင်က ဟုန်းခနဲ ထွက်ပေါ်လာပြီး ထိုကျောင်းတော်သား၏ ခန္ဓာကိုယ်ကို တောင့်မတ်စေ၍ သွေးထွက်နေသော ဦးခေါင်းကို စုတ်တံ တစ်ချောင်းသဖွယ် အသုံးပြုကာ နံရံပေါ်တွင် ရေးသားလိုက်သည်။

ချင်မူက နံရံပေါ်တွင် စာကြောင်း နှစ်ကြောင်း ရေး၍ တံခါးရက်မတွင် စာတစ်ကြောင်း ရေးပြီး ထိုကျောင်းတော်သားကို ကြမ်းခင်းပေါ်သို့ ဆောင့်ချလိုက်၏။ ထိုကျောင်းတော်သားမှာ တစ်ကိုယ်လုံး မြေကြီးထဲ မြုပ်၍ ဦးခေါင်းသာ မြေပေါ်တွင် ကျန်ခဲ့ပြီး ဒေါသထွက်လွန်းသဖြင့် သတိပြန်လစ်သွားသည်။

အခြား ကျောင်းတော်သားများက တစ်ယောက်ပြီးတစ်ယောက် သတိပြန်ရလာကြပြီး နံရံထဲမှ သူတို့ခေါင်းများကို ဆွဲထုတ်လိုက်ကြ၏။ အားလုံးက အရှက်ရ၍ သုန်မှုန်နေကြသည်။ သူတို့ သတိလက်လွတ် ဖြစ်သွားသဖြင့် ချင်မူ၏ တိုက်ခိုက်ခံလိုက်ရခြင်း ဖြစ်သည်။ ရုပ်ခန္ဓာကို မတိုက်ခိုက်ဘဲ စိတ်ဝိညာဉ်များကိုသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သဖြင့် ခုခံကာကွယ်ရန် ခက်၏။

ခန္ဓာကိုယ်ကိုသာ ဦးတည် တိုက်ခိုက်ခဲ့လျှင် ခုခံကာကွယ်ရန် ပိုလွယ်ပေလိမ့်မည်။ သူတို့၏ ကျင့်စဉ်စွမ်းအင်အဆင့်က ချင်မူ့အောက် များစွာ နိမ့်ကျခြင်း မရှိသည့်အပြင် အရေအတွက်အားဖြင့်လည်း ပိုများ၏။ ချင်မူက အငိုက်ဖမ်း တိုက်ခိုက်ခဲ့လျှင်တောင်မှ အလွန်ဆုံး တစ်ယောက်၊ နှစ်ယောက်သာ မှောက်ကျအောင် တိုက်ခိုက်နိုင်ပေလိမ့်မည်။ သို့သော်လည်း စိတ်ဝိညာဉ်ကို ဦးတည် တိုက်ခိုက်သော သိုင်းကွက်များကတော့ ထိုသို့ မဟုတ်ချေ။

ချင်မူက ဖီဖာတီးခတ်သူ၏ မိုးကြိုးလက်ချောင်းသိုင်းဖြင့် သူတို့၏ စိတ်ဝိညာဉ်နှင့် အသိစိတ်အလျဉ်ကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။ သူတို့ ထိုသိုင်းကွက်အောက်မှ ရုန်းထွက်ရန် ပြင်လိုက်သောအခါ ယန်ဝိညာဉ်ဖမ်း နေမင်းရောင်ခြည် သိုင်းကွက်က သူတို့၏ စိတ်ဝိညာဉ်များကို အထိန်းအကွပ် မဲ့သွားစေခဲ့ဖြင့် ချင်မူ၏ တိုက်ခိုက်မှုအောက် သက်ဆင်းသွားခဲ့ရ၏။ သူတို့ ပြန်လည် ခုခံတိုက်ခိုက်ခြင်း မပြုနိုင်မီမှာပင် သတိလစ်အောင် တိုက်ခိုက်ခံရပြီး နံရံထဲ ဦးစိုက်သွားခဲ့သည်။

ဝေ့ယုံက ကမန်းကတန်း ပြောလိုက်၏။ "အစ်ကိုကြီးတို့... ကျွန်တော်က နယ်စားနန်းဆောင်ရဲ့ ဝေ့မိသားစုကပါ... ဒီကိစ္စ ကျွန်တော်နဲ့ မဆိုင်ပါဘူး..."

ကျောင်းတော်သား ဆယ်ယောက်ကျော်မှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်ပြီး သက်ပြင်းချလိုက်ကြ၏။ "ဒီတစ်ခေါက် ငါတို့အားလုံး ကျောင်းသားသစ်ရဲ့ လှည့်စားခံရပြီး အရှက်ကွဲခဲ့ရတယ်... ဝေ့မိသားစုက ညီငယ်လေး... ငါတို့ရဲ့ မျက်နှာကို ထောက်ပြီး ဒီနေ့ အဖြစ်အပျက်တွေ ဘယ်သူ့မှ ပြန်မပြောပါနဲ့..."

ဝေ့ယုံက သက်ပြင်းတစ်ချက် ချ၍ ပြောလိုက်သည်။ "စိတ်ချပါ... ကျွန်တော်က ပါးစပ်လုံတဲ့သူပါ... ဒီမှာ ဖြစ်သမျှ ဘယ်သူ့ကိုမှ မပြောပါဘူး... အစ်ကိုတော်တို့ အခု ဘာဆက်လုပ်ကြမှာလဲ..."

"ငါတို့ အရှက်ကွဲခဲ့တာကို ပြန်အဖတ်ဆည်ရမှာပေါ့..."

ကျောင်းတော်သား များစွာမှာ ဤနေရာတွင် ဆက်၍ မျက်နှာ မပြရဲတော့သဖြင့် ထွက်ခွာသွားကြသည်။ "တကယ့်ကို ရှက်ဖို့ ကောင်းတာပဲ... ငါတို့ ဒဏ်ရာတွေ ဆေးကုပြီးမှ မနက်ဖြန် သိက္ခာပြန်ဆယ်ကြမယ်..."

"ဒီနေ့တော့ ငါတို့ကို အငိုက်ဖမ်းနိုင်ခဲ့ပေမဲ့ မနက်ဖြန် ဘယ်လို လုပ်မလဲ ကြည့်ကြသေးတာပေါ့..."

ဝေ့ယုံမှာ ပါးစပ် အဟောင်းသား ဖြစ်နေပြီး တတွတ်တွတ် ရေရွတ်လိုက်သည်။ "နောင်တော်ချင်က ပိုပိုပြီး စွမ်းအား ကြီးလာတယ်... တာအိုရသေ့ လင်းယွင်ကို အနိုင်ယူခဲ့တာတင် မကဘူး... ဒီလို အကွက်မျိုးလည်း ဆင်နိုင်တယ်... ငါတောင် သတိမထားလို့ သူ့မိစ္ဆာသံအောက် ထိန်းချုပ်ခံလိုက်ရတယ်... ဒါပေမဲ့ အခု ဒီကျောင်းတော်သားတွေက သတိရှိသွားကြပြီ... မနက်ဖြန်တော့ နောင်တော်ချင် နာတော့မယ်... ဘာပဲပြောပြော ဒီကျောင်းတော်သားတွေက ငါတို့ထက် နန်းတွင်းကောလိပ်ကို နှစ်စောပြီး ရောက်ခဲ့တာ... နန်းတွင်းကောလိပ်ရဲ့ မှတ်တမ်းထိန်းဆောင်မှာ ဂိုဏ်းအသီးသီးက ထိပ်တန်း သိုင်းပညာတွေ ရှိတယ်..."

ဆယ်ယောက်ကျော်သော ကျောင်းတော်သားများမှာ ချင်မူ၏ ခြံဝင်းရှေ့မှ ဖြတ်သွားသောအခါ အမှတ်မထင် ခေါင်းမော့ကြည့်ရင်း နံရံပေါ်မှ သွေးဖြင့် ရေးထားသော စာသားများကို မြင်လိုက်မိ၏။ "နန်းတွင်းကျောင်းတော်သား ရှစ်ရာကို နင်းချေမယ့် မြို့တော်တစ်ခွင်ရဲ့ ပြိုင်ဘက်ကင်း လူသား..."

တံခါးရက်မတွင်လည်း စာကြောင်းတစ်ခု ရေးထား၏။ "ဓာတ်ကြီးငါးပါးအဆင့်မှာ ပြိုင်ဘက်ကင်း..."

တံခါးရှေ့တွင်တော့ လူတစ်ယောက် မြေကြီးထဲ နစ်ဝင်နေသည်။

အားလုံး၏ မျက်နှာများ မည်းမှောင်သွားပြီး ထိုသူ့ကို မြေကြီးထဲမှ ဆွဲထုတ်လိုက်၏။ "ငါတို့ ဒီစာသားတွေ ဒီအတိုင်း ထားခဲ့မယ်... မနက်ဖြန်မှ လာအရှက်ခွဲမယ်..."

ချင်မူ ဗိုက်ဖြည့်ပြီးနောက် မိုးသံနားဆင်စံအိမ်၌ လူနာများ ဆက်ကြည့်လိုက်သည်။ သူက မြို့တော်တွင် နာမည်ကျော်စ ပြုလာ၏။ တော်ဝင်မျိုးနွယ်များပင် ပန်းပွင့်လမ်းကြားမှ အမျိုးသမီးရောဂါများနှင့် ပတ်သက်၍ အထူးပြု ကျွမ်းကျင်သော နတ်ဆေးသမားတော်လေးအကြောင်း သိရှိသွားကြသည်။

သူ၏ နာမည်ဂုဏ်သတင်းကြောင့် ရောက်လာကြသော ယောက်ျားသားများပင် ရှိ၏။ ချင်မူက မည်သူ့ကိုမျှ ငြင်းပယ်ခြင်း မရှိဘဲ ကုသပေးခဲ့သည်။ သို့သော်လည်း သူ မကုနိုင်သော အချို့ လူနာများလည်း ရှိခဲ့၏။ ထိုရောဂါက လွန်စွာ ထူးဆန်းသည်။ အကြောင်းရင်း မည်မည်ရရ မရှိဘဲ တစ်ရက်ထက် တစ်ရက် ပိန်လိုက်လာ၏။ သူ့ထံသို့ ရောက်လာသူများက အရိုးပေါ် အရေတင်သာ ကျန်တော့သည်။

ထိုရောဂါ ဖြစ်သူ ငါးယောက်တိတိ ရှိပြီး သူတို့ကို စစ်သည်များက သယ်ဆောင်လာခြင်း ဖြစ်သည်။

ချင်မူက အတန်ကြာအောင် စစ်ဆေး ကြည့်ရှုပြီး ပြောလိုက်၏။ "ဒါက မှော်ဆရာရဲ့ အဆိပ်ပဲ... စောစော ခေါ်လာခဲ့ရင်တော့ ကုလို့ ရသေးတယ်... အခုတော့ သေနေပြီ... ကုလို့ မရတော့ဘူး..."

ခေါင်းဆောင်စစ်သည်က ဒေါသအိုး ပေါက်ကွဲသွားပြီး အော်ဟစ်လိုက်၏။ "ရမ်းကုကောင်... အသက်ရှူနေတာ၊ အသက်ရှိနေသေးတာ မြင်ရဲ့သားနဲ့ သေနေပြီလို့ ပြောထွက်တယ်... အဓိပ္ပာယ် မဲ့လှချည်လား..."

ချင်မူက ခေါင်းခါယမ်းလိုက်သည်။ "သူတို့က သေပြီးသွားပြီ... ခန္ဓာကိုယ်ကပဲ အသက်ရှင်နေတော့တာ... သူတို့ မိခဲ့တဲ့ အဆိပ်က မန်သီလူရိုင်းနယ်မြေက မှော်ဆရာအဆိပ် ဖြစ်မယ်... မှော်ဆရာအဆိပ်က သာမန်အဆိပ်တွေနဲ့ မတူဘူး... သာမန်အဆိပ်က ခန္ဓာကိုယ်နဲ့ အာရုံကြောစနစ်ကိုပဲ ထိတာ... မှော်ဆရာအဆိပ်ကတော့ ဝိညာဉ်ကို ထိတာ... သူတို့ရဲ့ ဝိညာဉ်တွေ အဆိပ်မိပြီး သေသွားတာ ငါးရက်၊ ခြောက်ရက်လောက် ရှိပြီ... ဒီတစ်ယောက်ဆို သေတာ ဆယ်ရက် ရှိပြီ..."

ထိုစစ်သည်၏ မျက်လုံးများ နီရဲလာ၏။ "ကျုပ်တို့က နယ်စပ်ဒေသ စစ်ဖြစ်နေတဲ့ နေရာက လာတာပါ... သူတို့က တိုက်ပွဲမှာ ဦးချိုအရှည်ကြီးနဲ့ လူရိုင်းတစ်ယောက်ရဲ့ ကြေးမုံမှန်က အလင်းတန်းနဲ့ ရောင်ပြန်ဟပ်ခံလိုက်ရတယ်... အဲဒီကတည်းက ပိန်လိုက်လာတာပဲ... ဘယ်လောက်စားစား ဝမလာတော့ဘူး... တပ်ဖွဲ့မှာ ပါလာတဲ့ သမားတော်က နယ်စပ်မှာပဲ ဆက်နေရင် သေတာ ထိုင်စောင့်သလို ဖြစ်လိမ့်မယ် ပြောလို့ တပ်မှူးက သူတို့ကို နောက်တန်း ပြန်ပို့ခိုင်းလိုက်တာ... နတ်သမားတော်လေး... ကျုပ်ညီကိုတွေကို ကယ်ပါဦး..."

ချင်မူက ခေါင်းယမ်းလိုက်သည်။ "သူတို့ရဲ့ ဝိညာဉ်တွေက သေနေပြီ... ကယ်လို့ မရတော့ဘူး... ပြန်သာ ခေါ်သွားပါ..."

ထိုစစ်သည်က မျက်ရည်များ စီးကျလျက် ကျန်စစ်သည်များနှင့်အတူ သူတို့လူ ငါးယောက်ကို ပြန်သယ်သွား၏။

ချင်မူက ရုတ်တရက် လှမ်းပြောလိုက်သည်။ "ဒီက တပ်မှူးလေး... ကျွန်တော် ဆေးစာတစ်စောင် ရေးပေးလိုက်မယ်... နောက်ထပ် ဒီလို အဆိပ်မျိုး ထပ်မိရင် အဲဒီဆေးနဲ့ အသက်ကယ်နိုင်ပါလိမ့်မယ်..."

ထိုစစ်သည်က ကမန်းကတန်း ရပ်လိုက်ကြသည်။ ချင်မူက သူ့စုတ်တံကို မြှောက်၍ ဆေးစာတစ်စောင် ရေးပေးလိုက်၏။ "ဒီဆေးကို ပိုးကောင်သတ် သန့်စင်ယန်ဆေးလို့ ခေါ်တယ်... မှော်ဆရာအဆိပ်က ဝိညာဉ်ပိုးကောင်တွေရဲ့ တိုက်ခိုက်မှုကို ထိန်းချုပ်နိုင်တယ်..."

စစ်သည်ခေါင်းဆောင်က အံ့ဩဝမ်းသာသွားသည်။ ရုတ်ခြည်း ဒူးထောက်ချ၍ ဦးတိုက် အရိုအသေပြုလိုက်၏။

ချင်မူက ကမန်းကတန်း ဆွဲထူလိုက်သည်။ "ဒီလို လုပ်စရာ မလိုပါဘူး..."

ထိုစစ်သည်က မျက်ရည်များကို သုတ်၍ လှည့်ထွက်သွားသည်။

ချင်မူက သူ့အကြည့်ကို ရုပ်သိမ်း၍ ပြန်ထိုင်ကာ လူနာများ ဆက်ကြည့်လိုက်သည်။

မှော်ဆရာအဆိပ် အကြောင်းကို ဘိုးဘိုးဆေးဆရာထံမှ ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ၎င်းက မှော်ဆရာ၏ အောက်လမ်း မှော်အတတ်ပင် ဖြစ်၏။ အဆင့်မြင့် မှော်ဆရာများက အဆိပ်ပိုးကောင်များကို မွေးမြူ၍ ထိုအဆိပ်ပိုးကောင်၏ ဝိညာဉ်နှင့် အဆိပ်ကို သူတို့၏ စိတ်ဝိညာဉ်များထဲသို့ စုပ်ယူထားကြသည်။ သူတို့အနေဖြင့် ရန်သူများကို သတ်ချင်သောအခါ တိုက်ရိုက် အဆိပ်ခတ်ရန် မလိုဘဲ လွန်စွာ ထူးဆန်းလှသော တစ်ဆင့်ခံ နည်းလမ်းများဖြင့်သာ အဆိပ်နိုင်၏။

မှော်ဆရာအဆိပ်နှင့် မှော်ဆရာ၏ သိုင်းကွက်များက ဝိညာဉ်များကို ဦးတည်၍ အဆိပ်ခတ်ခြင်း၊ တိုက်ခိုက်ခြင်း ဖြစ်သည်။ သာမန် အဆိပ်မိခြင်းနှင့် ခြားနားပြီး ရိုးရိုး အဆိပ်ဖြေဆေးများနှင့် ဖြေ၍ မရ။

မှော်ဆရာအဆိပ်က ဝိညာဉ်ကို ဦးတည် တိုက်ခိုက်ခြင်း ဖြစ်သဖြင့် ယုတ္တိသဘောတရားဖြင့် နားလည်၍ မရနိုင်ပေ။ ဥပမာအားဖြင့် လူတစ်ယောက်ပုံ ပန်းချီဆွဲ၍ စက္ကူညှပ်ကာ ရန်သူ၏ နာမည်နှင့် မွေးသက္ကရာဇ်ကို ရေးထိုးပြီး အပ်ချောင်းနှင့် ထိုးစိုက်လိုက်လျှင် မှော်ဆရာ၏ စိတ်ဝိညာဉ်ထဲမှ အဆိပ်ကို ရန်သူ၏ စိတ်ဝိညာဉ်ထဲသို့ ထိုးစိုက်နိုင်၏။ သို့တည်းမဟုတ် ကောက်ရိုးဖြင့် လူရုပ်လုပ်၍ မြားဖြင့် ပစ်ကာ ခုနစ်ရက်အတွင်း ရန်သူ၏ ဝိညာဉ်သေအောင် သတ်နိုင်၏။ ဤအရာများ အားလုံးက မှော်ဆရာအဆိပ်နှင့် အစီအရင်များ ဖြစ်ပြီး လွန်စွာ ထူးခြားဆန်းပြားလှသည်။

ချင်မူ နောက်ထပ် လူနာ အနည်းငယ် ကုပြီးသည့် အချိန်တွင် ဝေါယာဉ် တစ်စီးက မိုးသံနားဆင် စံအိမ်အတွင်းသို့ ဆိုက်ရောက်လာပြီး နန်းတွင်းအရာရှိ အဝတ်အစားနှင့် အဘိုးကြီး တစ်ဦး ဆင်းလာသည်။ ထိုအဘိုးကြီးက ချင်မူ့ထံသို့ ကိုယ်တိုင် လျှောက်လှမ်းလာပြီး လက်သီးဆုပ် နှုတ်ဆက်လိုက်၏။ "နတ်သမားတော်လေး... ကူညီပါဦး..."

ချင်မူမှာ ဇဝေဇဝါ ဖြစ်သွား၏။ ထိုအဘိုးကြီး ဝတ်ဆင်ထားသည့် ဒုတိယအဆင့် နန်းတွင်းအရာရှိ ဝတ်ရုံကို ကြည့်ရသည်မှာ နန်းတွင်း အုပ်ချုပ်ရေး၌ အဆင့်မြင့် အရာရှိ တစ်ယောက် ဖြစ်ပေလိမ့်မည်။ "ဦးရီးတော်ရဲ့ အသားအရေက ကျန်းမာရေး ကောင်းတဲ့ပုံပါပဲ... ဘာအတွက် ကျွန်တော့် အကူအညီ လိုတာပါလဲ..."

ထိုအဘိုးကြီးက ပြောလိုက်သည်။ "ကျုပ်မိသားစုမှ ရောဂါသည်းနေတဲ့ လူနာတစ်ယောက် ရှိပါတယ်... မရေမတွက်နိုင်တဲ့ သမားတော်တွေနဲ့ နန်းတွင်းသမားတော်တွေ ကြည့်ရှု ကုသခဲ့ပေမဲ့ မထူးခြားခဲ့ပါဘူး... မြို့တော်မှာ နတ်ဆေးသမားတော် တစ်ပါး ရောက်နေတယ် ကြားလို့ အကူအညီ လာရောက် တောင်းခံတာပါ..."

သူ့နောက်မှ ဖူချင်းယွင်က ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။ "သခင်ကြီးယန်... ပန်းပွင့်လမ်းကြားကို မလာတာ ကြာပြီနော်..."

ထိုအဘိုးကြီး၏ မျက်နှာက အနည်းငယ် နီရဲသွားပြီး ချောင်းဟန့်လိုက်၏။ "ငါ ဘယ်တုန်းက လာဖူးလို့လဲ... မိန်းကလေးဖူ... မင်းကိုတောင် ငါ မသိပါဘူး... လာပြီး နောင်ပြောင်မနေပါနဲ့... နတ်သမားတော်လေး... အသက်တစ်ချောင်း ကယ်ဖို့အတွက် ကျုပ်နဲ့ ဝေါယာဉ်ထဲ လိုက်ခဲ့ပေးပါ... တကယ့်ကို အသက်တစ်ချောင်း ကယ်ဖို့ပါ..."

ချင်မူ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီးမှ ဝေါယာဉ်ပေါ် တက်လိုက်သည်။ အဘိုးကြီးကလည်း ဝေါယာဉ်ပေါ် တက်လာပြီး သန်မာထွားကြိုင်းသော လူကြီးနှစ်ယောက်က ဝေါယာဉ်ကို မလိုက်၏။ သူတို့က လေထဲသို့ ခုန်တက်၍ တိမ်တိုက်များပေါ်မှ ခရီးနှင်လိုက်သည်။

ချင်မူ လိုက်ကာကို လှပ်၍ အပြင်သို့ ကြည့်လိုက်သောအခါ ဝေါယာဉ်က လေထဲတွင် မျောလွင့်၍ မြို့တော်၏ အလယ်ဗဟိုသို့ ဦးတည်သွားနေကြောင်း တွေ့ရသည်။ မြို့တော်၏ အလယ်ဗဟိုသို့ ရောက်သောအခါ ကောင်းကင်ယံတွင် ရွှေရောင် အလင်းတန်းများနှင့် ဖွဲ့စည်းထားသော ကြာပန်းများ ရှိပြီး ထိုကြာပန်းများပေါ်၌ မတ်မတ်ရပ်၍ နန်းစိုက်ကောင်းကင်ကို စောင့်ကြပ်နေသော ရွှေရောင် ချပ်ဝတ်တန်ဆာဝတ် တပ်မှူးများ ရှိနေသည်ကို မြင်ရ၏။။ သူတို့၏ ခွန်အားက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုရွှေရောင် ချပ်ဝတ်တန်ဆာဝတ် တပ်မှူးများက သူတို့၏ ဝေါယာဉ်ကို အလေးမထားဘဲ နန်းတွင်းသို့ ဝင်ခွင့်ပြုလိုက်သည်။

ချင်မူက လိုက်ကာပြန်ချ၍ အဘိုးကြီးနှင့် မျက်နှာချင်းဆိုင်လိုက်၏။ "သခင်ကြီးယန်... သခင်ကြီး မိသားစုထဲက လူနာရဲ့ နောက်ခံက အတော်လေး အရေးပါတဲ့ပုံပဲ..."

All Chapters