← Chapters

သီချင်းတစ်ပုဒ်လို ရင်သပ်ရှုမောဖွယ်

Vol. 9 Ch. 123

သီချင်းတစ်ပုဒ်လို ရင်သပ်ရှုမောဖွယ်

Vol. 9 Ch. 123

သခင်ကြီးယန်က မုတ်ဆိတ်မွေးကို သပ်၍ ပြုံးလိုက်၏။ "အရေးမကြီးရင် ကျုပ်ကိုယ်တိုင် လာပင့်ပါ့မလား နတ်သမားတော်လေးရဲ့...၊ ကျောင်းတော်သားချင်... ဧကရာဇ်က မင်းကို စွန့်ပစ်ခံလူ ဖြစ်မှန်း သိရဲ့နဲ့ လျစ်လျူရှုပေးခဲ့တယ်... အဲဒါ ဘယ်သူ့ကြောင့်လို့ ထင်လဲ..."

ချင်မူ အံ့အားသင့်သွား၏။ ဧကရာဇ်ယန်ဖုန့် နန်းတွင်းကောလိပ်တွင် စိတ်လိုက်မာန်ပါ မိန့်ခွန်းခြွေခဲ့သည်မှာ မဟာမြို့ပျက်မှ စွန့်ပစ်ခံလူ တစ်ယောက် ဟူသော သူ၏ နောက်ခံဖြင့် မှူးမတ်ဝန်ကြီးများကို ငြိမ်ဝပ်ပိပြားအောင် ဖိနှိပ်လိုရင်း ဖြစ်မည်ဟု တွေးထင်ခဲ့သည်။ သခင်ကြီးယန်၏ စကားအရ ထိုအဖြစ်မှာ သူ၏ အားထုတ်မှု တစ်စိတ်တစ်ဒေသ ပါနေဟန် ရှိ၏။

"ဒီထက် ပိုရှင်းအောင် ပြောလို့ ရမလား..."

"အဲဒီတုန်းက မင်းဟာ နန်းတွင်းက ပုဂ္ဂိုလ်ကို ကုသပေးနိုင်တဲ့ နတ်ဆေးသမားတော်ဆိုတာ ဧကရာဇ်ကို ငါ လျှောက်တင်ခဲ့တယ်... အဲဒါကြောင့် မင်းလို စွန့်ပစ်လူတစ်ယောက် ဘယ်လိုအကြောင်းနဲ့ စုံစမ်းရေးကြေးမုံကို ဖြတ်ကျော်ပြီး ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို ဝင်လာနိုင်သလဲဆိုတာ ဧကရာဇ်က ဆက်မမေးမြန်းတော့တာ..."

သခင်ကြီးယန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။ "ငါသာ ပြောမပေးခဲ့ရင် နန်းတွင်းကျောင်းတော်သား တစ်ယောက် ဖြစ်လာနိုင်မယ်လို့ မင်း ထင်လား... နန်းတွင်းကျောင်းတော်သား ဆိုတာ အဆင့်ရှစ် နန်းတွင်းအရာရှိ ရာထူးပဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာထဲ ခိုးဝင်လာတဲ့၊ နတ်ဘုရားတွေရဲ့ စွန့်ပစ်ခံ လူတစ်ယောက်ကို ဘယ်လိုလုပ် ဒီလို ရာထူးမျိုး အပ်နှင်းမှာလဲ... ဒါက နတ်ဘုရားတွေကို မထီမဲ့မြင်ပြုတဲ့ ပြစ်မှုပဲ..."

ချင်မူ၏ အကြည့်များ လှုပ်ခတ်သွားပြီး သက်ပြင်းချလိုက်သည်။ "အဲဒီ ပုဂ္ဂိုလ်ကို မကုနိုင်ခဲ့ရင် ကျွန်တော့်ခေါင်းက..."

သခင်ကြီးယန်က ပြုံးလိုက်သည်။ "ရှိတော့မှာ မဟုတ်ဘူး..."

ချင်မူ၏ မျက်နှာ မည်းမှောင်သွား၏။

ဝေါယာဉ်က မြေပေါ်သို့ သက်ဆင်းသွားသောအခါ အထမ်းသမားများက လိုက်ကာကို လှပ်တင်လိုက်ပြီး သခင်ကြီးယန်က ပြုံး၍ အချက်ပြလိုက်သည်။ ချင်မူက အသက်တစ်ဝကြီး ရှူသွင်း၍ ဝေါယာဉ်ပေါ်မှ ဆင်းလိုက်၏။ သခင်ကြီးယန်လည်း လိုက်ဆင်းလာပြီး ရှေ့မှ ဦးဆောင်ခေါ်သွားရင်း ခပ်တိုးတိုး သတိပေးလိုက်သည်။ "အဲဒီ ပုဂ္ဂိုလ်က သိပ်ကို ဩဇာအာဏာကြီးတဲ့ လူတစ်ယောက်... မင်း မလေးမစား လုပ်လို့ မဖြစ်ဘူးနော်... သဘောပေါက်လား..."

ချင်မူက နောက်မှ ကပ်လိုက်သွားရင်း ပြုံးလိုက်သည်။ "ဒါပေါ့... ကျွန်တော့် အသက်နဲ့ သခင်ကြီးယန်ရဲ့ အနာဂတ်အတွက် ဘယ်မလေးမစား လုပ်လို့ ဖြစ်မှာလဲ..."

သခင်ကြီးယန်က ပြုံး၍ ခပ်အေးအေး ပြောလိုက်သည်။ "မင်း အဲလို သိထားတော့ ကောင်းတာပေါ့... ငါ့မြေးကလည်း နန်းတွင်းကောလိပ်မှာ ရှိတယ်... မင်းထက် နှစ်နှစ်စောမှာပေါ့... မင်းသာ အဲဒီ ပုဂ္ဂိုလ်ကို ကုနိုင်ရင် မင်းကို စောင်မကြည့်ရှုဖို့ ငါ့မြေးကို ပြောထားလိုက်ပါ့မယ်... ငါ့မြေးကလည်း ပါရမီထူးချွန်တဲ့သူပဲ၊ ဓာတ်ကြီးငါးပါးအဆင့်နဲ့ နန်းတွင်းကောလိပ်ကို ဝင်သွားခဲ့တာ..."

ချင်မူ့မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာ၏။ "သခင်ကြီးယန်ရဲ့ မြေးက ဒီနေ့ ငါ ရိုက်လွှတ်လိုက်တဲ့ ကျောင်းတော်သားတွေထဲ ပါနေမလား မသိဘူး..."

ဤနေရာက နန်းတော်အတွင်းရှိ အတွင်းဆောင်တစ်ခု ဖြစ်ပြီး နန်းတွင်း မိဖုရားများ နေထိုင်ရာ ခန်းဆောင်များနှင့် တူ၏။ နန်းဆောင်တံခါးများ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရပြီး အတွင်းပိုင်းထိ ဝင်ရသည်။ လမ်းတစ်လျှောက်၌ နန်းတွင်းအပျိုတော်များနှင့် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်​မွေး မရှိသောမျက်နှာဖြူဖြူနှင့် ယောက်ျားကြီးများကို ချင်မူ တွေ့ခဲ့သည်။

"ဒါကြီးတွေက ကုန်းကုန်းလို့ ခေါ်တဲ့ဟာတွေလား..." ချင်မူ စိတ်ထဲမှ တွေးလိုက်မိ၏။

သခင်ကြီးယန်က သူ့ကို ကြီးမား ကျယ်ဝန်းသော နန်းဆောင်တစ်ခုသို့ ခေါ်လာသည်။ ထိုနေရာက ခမ်းနားထည်ဝါလှသော်လည်း အေးစက်ခြောက်ကပ်နေသည်။

နန်းဆောင်ခန်းမထဲတွင်တော့ လူနှစ်ဆယ်၊ သုံးဆယ်ခန့် ရှိပြီး အများစုက နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများ ဖြစ်သည်။ ထိုထဲတွင် နန်းတွင်းသမားတော် အချို့လည်း ပါပြီး ကျောက်စိမ်းသလွန်ဘေး၌ စောင့်ဆိုင်းနေကြ၏။ ကျောက်စိမ်းသလွန်မှာ ဇာကန့်လန့်ကာ ကာထားပြီး အထဲတွင် လူတစ်ယောက် လဲလျောင်းနေကာ အမျိုးသမီး တစ်ယောက် ဖြစ်ဟန် ရှိ၏။

"ပန်းပွင့်လမ်းကြားက နတ်ဆေးသမားတော် ရောက်လာပြီလား..."

နန်းတွင်းသမားတော် တစ်ယောက်က ချင်မူ့ကို တစ်ချက် ဝေ့ကြည့်ပြီး သရော်စကား ဆိုလိုက်၏။ "သခင်ကြီးယန်... ခင်ဗျားက စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတော့ဘူးနဲ့ တူတယ်... ဧကရာဇ်မယ်တော်ကြီးကို ကုဖို့ အပျော်အိမ်က မိန်းကလေးတွေ ကုတဲ့ လူတစ်ယောက်ကို ခေါ်လာတယ် ဟုတ်လား... သိပ်ကို အတင့်ရဲနေပါလား..."

သခင်ကြီးယန်က မတုန်မလှုပ် ပြောလိုက်၏။ "နန်းတွင်းသမားတော်ရှောင်လည်း အဲလို ပြောပြီး ဆုံးသွားခဲ့တာပဲ... ဒါနဲ့ သမားတော်လေးချင်... မိတ်ဆက်ပေးဖို့ မေ့နေတာ... နန်းတွင်းသမားတော်ရှောင်နဲ့ ဒီက နန်းတွင်းသမားတော်တွေ အားလုံးက နန်းတွင်းကောလိပ်ရဲ့ ကုသရေးခန်းမက သမားတော်တွေပဲ... နောက်ကျရင် မင်းကို ဆေးပညာ သင်ပေးမယ့် ဆရာတွေ ဖြစ်လာလိမ့်မယ်..."

ချင်မူက နန်းတွင်းသမားတော်များကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။ သူတို့ အားလုံးက ဟွန့်ခနဲ နှာခေါင်းရှုံ့၍ လက်နောက်ပစ်ကာ ပြန်လည် နှုတ်ဆက်ခြင်း မပြုကြပေ။ နန်းတွင်းသမားတော်ချွီက သရော်စကား ဆိုလိုက်၏။ "ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ လှည့်ပတ် လိမ်လည်နေတာ... မင်းရဲ့ ဆေးဖာ်တဲ့ ပညာက မတောက်တခေါက်ပဲ ရှိဦးမှာပေါ့... ဟုတ်တယ် မဟုတ်လား..."

ချင်မူက တောက်ပသော အပြုံးတစ်ခုကို ပြုံးပြပြီး ပျော်ပျော်နေတတ်သော ကောင်လေး တစ်ယောက်ကဲ့သို့ ပြောလိုက်သည်။ "ဆရာတို့... နန်းတွင်းသမားတော်ရှောင်လည်း အဲဒီလို ပြောပြီး ဆုံးပါးသွားခဲ့တာပါ.."

နန်းတွင်းသမားတော်များ၏ မျက်နှာများ မည်းမှောင်သွား၏။

ချင်မူက ရှေ့သို့ လှမ်းတက်၍ ကျောက်စိမ်းသလွန်ဘေးသို့ ချဉ်းကပ်သွားလိုက်သည်။ ဘေးနားရှိ ကျောက်စိမ်းထိုင်ခုံတွင် ဝင်ထိုင်၍ နှုတ်ခွန်းဆက်သလိုက်၏။ "မယ်တော်ကြီး..."

လက်တစ်ဖက်က ဇာကန့်လန့်ကာနောက်မှာ ထွက်လာပြီး သလွန်ဘေး၌ တင်လိုက်၏။ ချင်မူက သူမ၏ သွေးခုန်နှုန်းကို စစ်ဆေး၍ နောက်လှည့်ကာ မေးလိုက်သည်။ "ငွေအပ်လေး တစ်ချောင်းလောက်များ ရှိကြလား..."

နန်းတွင်းသမားတော်အိုကြီး တစ်ယောက်က သူ၏ ငွေအပ်များကို ကမ်းပေးလိုက်သည်။ ချင်မူက ငွေအပ်တစ်ချောင်းကို ထုတ်ယူ၍ ဧကရာဇ်မယ်တော်ကြီး၏ လက်ချောင်းထိပ်ကို ဖောက်လိုက်၏။ သခင်ကြီးယန်က ချောင်းဟန့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ "သေနိုင်တဲ့ အပြစ်ဒဏ်နော်..."

"သခင်ကြီးယန်... ကျွန်တော်တို့ အတူတူ ခံကြတာပေါ့..."

ချင်မူ၏ ချီစွမ်းအင်က ဟုန်းခနဲ ထွက်ပေါ်လာပြီး အပ်ဖျားထိပ်မှ သွေးစက်ကို လေထဲသို့ ဆွဲတင်၍ စူးစိုက် ကြည့်ရှုလိုက်သည်။

"ပွင့်စမ်း..."

သူက ခပ်ကျိန်ကျိတ် မာန်သွင်းအော်ဟစ်၍ ကောင်းကင်မျက်လုံး ဖွင့်ပြီး သွေးစက်ကို ကြည့်ရှုလိုက်သည်။ တစ်ချိန်တည်းမှာပင် တင်းတင်းဆုပ်ထားသော လက်ငါးချောင်းကို ရုတ်တရက် ဆန့်ဖွင့်လိုက်ရာ ထိုသွေးစက်က တစ်မုဟုတ်ချင်း ပြန့်ကားထွက်လာပြီး ကြီးမားသော သွေးနီရောင် ဘောလုံးကြီး ဖြစ်သွား၏။

ချင်မူက တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး ထပ်၍ ခပ်တိုးတိုး အော်ဟစ်လိုက်၏။ "ပွင့်စမ်း..."

သူ့သူငယ်အိမ် ပတ်လည်၌ မရေမတွက်နိုင်သော ချီစွမ်းအင် အမှတ်အသားများ ပေါ်ထွက်လာပြီး ဒုတိယကောင်းကင် ဖြစ်သည့် အစိမ်းရောင် ကောင်းကင်မျက်လုံး ပွင့်လာသည်။

သူ၏ ချီစွမ်းအင်က မလောက်မငှ ဖြစ်ပြီး ဤအနေအထားကို ကြာကြာ ဆက်မထိန်းထားနိုင်ကြောင်း သိလိုက်သဖြင့် နောက်လှည့်၍ ပြောလိုက်သည်။ "သခင်ကြီးယန်... ကျွန်တော်ကို ခင်ဗျားရဲ့ ကျင့်စဉ်စွမ်းအင် နည်းနည်းလောက် ငှားလို့ ရမလား..."

သခင်ကြီးယန်က ရှေ့တက်လာပြီး သူ၏ ချီစွမ်းအင်ကို ချင်မူ၏ ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်၍ ခပ်တိုးတိုး မေးလိုက်သည်။ "နတ်သမားတော်လေး... လုပ်နိုင်မှာ သေချာရဲ့လား..."

ချင်မူ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ လှုပ်ခါသွားသည်။ သခင်ကြီးယန်၏ ချီစွမ်းအင်က သူ့မျက်လုံးအတွင်းသို့ ဝင်လာသောအခါ နတ်ဘုရားမျက်လုံး အလွှာများ တစ်ခုပြီးတစ်ခု ပွင့်လာပြီး ထိုသွေးစက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အထဲရှိ ကွယ်ဝှက်နေသော အရာအားလုံး သူ့မြင်ကွင်းအောက်မှ မလွတ်တော့။ မျက်ကန်းက သူ့ကို ကောင်းကင်ကိုးဆင့်မျက်လုံး ကျင့်စဉ် အပြည့်အစုံ သင်ပေးပြီးသား ဖြစ်သည်။ သူ၏ လက်ရှိ ကျင့်စဉ်စွမ်းက မလုံလောက်သဖြင့်သာ ကောင်းကင်ကိုးဆင့်စလုံး မဖွင့်နိုင်ခြင်း ဖြစ်၏။ သို့ဖြစ်၍ မည်သို့မျှ မတတ်နိုင်ဘဲ သခင်ကြီးယန်၏ ကျင့်စဉ်စွမ်းအင်ကို ငှားရမ်းသုံးစွဲလိုက်ရသည်။

တစ်ပေခန့် ရှည်သော ကောင်းကင်အလင်းတန်း နှစ်ခုက ချင်မူ၏ မျက်လုံးများမှ ထွက်ပေါ်လာ၏။ ရုတ်တရက် ချင်မူက ဇာကန့်လန့်ကာကို မ,တင်လိုက်သည်။ သူ့မျက်လုံးမှ ကောင်းကင်အလန်းတန်းများက စူးရှလင်းလက်လာပြီး သလွန်ပေါ်ရှိ ဧကရာဇ်မယ်တော်ကြီး၏ ကိုယ်ပေါ်သို့ ထွန်းလင်းကျရောက်သွား၏။

ဧကရာဇ်မယ်တော်ကြီးမှာ ချင်မူက ဤမျှ ရဲတင်းလိမ့်မည်ဟု ထင်မထားခဲ့ချေ။ တစ်မဟုတ်ချင်း မျက်လုံးချင်း ဆိုင်၍ ကြည့်လိုက်၏။ သူမ၏ အကြည့်က မိုးလေကင်းစင်သည့် ကောင်းကင်ယံမှ မိုးကြိုးလျှပ်စီးကဲ့သို့ ဖြစ်ပြီး သူမ၏ အရှိန်အဝါ စွမ်းအားကို ဒေါသအမျက် မပါဘဲ ထုတ်ဖော်ပြသနေသည်။

ချင်မူက သူမနှင့် အကြည့်ချင်း ဆုံ၍ ကြည့်နေပြီး သူ့မျက်လုံးမှ ကောင်းကင် အလင်းတန်းများက တဖြည်းဖြည်း လျော့ပါး ပျောက်ကွယ်သွားသည်။ "မယ်တော်ကြီးရဲ့ ရောဂါကို ကျွန်တော် တွက်ဆမိပါပြီ... မယ်တော်ကြီးက အဆိပ်မိနေတာပါ..."

ဧကရာဇ် မယ်တော်ကြီးက သလွန်ပေါ်တွင် လဲလျောင်း၍ အိုမင်းသော ရုပ်သွင် ရှိနေပြီ ဖြစ်သော်လည်း သူမ၏ ဟိတ်ဟန် သွင်ပြင်က ရှားပါးလှသည့် အင်ပါယာ၏ စံပြမိခင်သွင်ပြင် ဖြစ်၏။ သူမက မျက်လုံးများကို မှိတ်၍ ပြောလိုက်သည်။ "ငါ့ခန္ဓာကိုယ်က တစ်ရက်ပြီးတစ်ရက် အားနည်းလာတာ... နန်းတွင်းသမားတော် အဖွဲ့အစည်းရဲ့ တချို့ သမားတော်တွေကလည်း အဆိပ်မိတယ်လို့ ပြောခဲ့ပေမဲ့ သေချာပေါက် ကောက်ချက် မချနိုင်ခဲ့ဘူး... မင်းက ဘယ်လောက်ထိ သေချာသလဲ..."

"မယ်တော်ကြီး မိတဲ့ အဆိပ်ကို အခွင့်တစ်ထောင်အဆိပ်လို့ ခေါ်ပါတယ်..."

ချင်မူက ဆက်ပြောလိုက်၏။ "ထူးခြားတဲ့ လူလုပ်အဆိပ်တစ်မျိုးပါ... တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ အဆိပ်အမျိုးအစား တစ်ထောင်နဲ့ ဖော်စပ်ထားတယ်... ဒီအဆိပ်ကို ဖော်စပ်ပြီးတဲ့အခါ အဆိပ်အာနိသင်က တစ်ချိန်လုံး ပြောင်းလဲနေပြီး အဆိပ်ဖြေဆေး မရှိဘူးလို့ ဆိုနိုင်ပါတယ်... အဆိပ်ဖြေဆေး တိုက်လိုက်တာနဲ့ အဆိပ်အာနိသင်မှာ အပြောင်းအလဲ ဖြစ်သွားပါလိမ့်မယ်... အဆိပ်ဖြေဆေး များများ သောက်လေ အဆိပ်အာနိသင်က ပိုကြီးလာလေ ဖြစ်ပြီး ခံစားရတဲ့ ဝေဒနာလည်း ပိုဆိုးလာပါလိမ့်မယ်... မယ်တော်ကြီးက အဆိပ်မိတာ ကြာခဲ့ပေမဲ့ ကံကောင်းထောက်မတာက သိပ်သည်းနက်ရှိုင်းတဲ့ ကျင့်စဉ်စွမ်းအင် ရှိတဲ့အပြင် နန်းတွင်းသမားတွေတော်က အဆိပ်ဖြေဆေးနဲ့ ကုသမှု မပြုဘဲ အသက်ကို ဆွဲဆန့်ဖို့သာ စွမ်းအင်ဆေး၊ အားဖြည့်ဆေးတွေပဲ ပေးခဲ့တာပါ... မဟုတ်ရင် ကယ်တင်လို့ ရမှာ မဟုတ်တော့ပါဘူး..."

နန်းတွင်းသမားတော် အဖွဲ့အစည်းမှ နန်းတွင်းသမားတော်များမှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး တစ်ယောက်မျက်နှာ တစ်ယောက် တိတ်တဆိတ် ကြည့်လိုက်ကြသည်။

ဧကရာဇ် မယ်တော်ကြီးက အသက်ကို ခဲယဉ်းစွာ ရှူ၍ မေးလိုက်၏။ "နန်းတွင်းသမားတော်တွေ... ဒီလိုမျိုး အဆိပ် ရှိသလား..."

နန်းတွင်းသမားတော်ယွီက ဦးညွှတ်အရိုအသေပြု၍ လျှောက်တင်လိုက်၏။ "မှန်လှပါ မယ်တော်ကြီး... ဒီလို အဆိပ်မျိုး အမှန်တကယ် ရှိပါတယ်... ဒီအဆိပ်ကို ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်က ဖော်စပ်ခဲ့တာလို့ ပြောပါတယ်... ဒါပေမဲ့ ဘယ်သူမျှ မမြင်ဖူးခဲ့ကြပါဘူး... အဲဒါကြောင့်..."

ဧကရာဇ် မယ်တော်ကြီးက သက်ပြင်းချလိုက်၏။ "မင်းတို့ မကုနိုင်ဘူးပေါ့ ဟုတ်လား..."

နန်းတွင်းသမားတော်များက အရှက်ရသွားဟန်ဖြင့် တိတ်တဆိတ် ခေါင်းငုံ့လိုက်ကြသည်။

ဧကရာဇ် မယ်တော်ကြီးက အသက်ကို လုရှူရင်း ချင်မူ့အပေါ် အကြည့်ရောက်သွားသည်။ "နတ်ဆေးသမားတော်လေးကရော..."

"ကျွန်တော်မှာ ဖြေရှင်းရမယ့် နည်းလမ်း ရှိပါတယ်..."

ချင်မူက အသာအယာ ပြုံးလိုက်သည်။ "ဒါပေမဲ့... ကျွန်တော့်အနေနဲ့ မယ်တော်ကြီး အဆိပ်စမိကတည်းက သုံးဆောင်ခဲ့ရတဲ့ ဆေးတွေနဲ့ အဲဒီဆေးတွေရဲ့ ပါဝင်ပစ္စည်းတွေကို သိဖို့ လိုအပ်ပါတယ်... ပြီးတော့ နန်းတွင်းအပျိုတော် တစ်ထောင့် နှစ်ဆယ့်သုံးယောက်၊ စုတ်တံ၊ မင်နဲ့ သင်ပုန်း တစ်ထောင့် နှစ်ဆယ့်သုံးခုလည်း လိုပါတယ်..."

ဧကရာဇ် မယ်တော်ကြီးက လက်ကို အားနည်းစွာ ပင့်မြှောက်၍ ယမ်းခါပြလိုက်၏။ "သွားရှာကြချေ..."

များစွာ မကြာလိုက်ဘဲ စုတ်တံ၊ မင်နှင့် စာရွက်များက အသင့်ဖြစ်သွား၏။ နန်းတွင်းမိဖုရားဆောင်များ အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး နန်းဆောင်အားလုံးမှ နန်းတွင်းအပျိုတော်များကို တစ်ယောက်မကျန် ဆင့်ခေါ်လိုက်သည်။ နန်းတွင်းသမားတော် အဖွဲ့အစည်းမှာလည်း ဧကရာဇ် မယ်တော်ကြီး စတင်ဖျားနာကတည်းက တိုက်ကျွေးခဲ့သည့် ဆေးများကို အစီအစဉ်တကျ စာရင်း ပြုစုနေကြ၏။

ချင်မူက သင်ပုန်းများပေါ်တွင် အဆိပ်အမျိုးအမည် တစ်ခုချင်းစီ ချရေး၍ အမှတ်စဉ်တပ်လိုက်သည်။ သူက ထိုကိစ္စနှင့် အလုပ်များနေပြီး ညသန်းခေါင်ချိန်ရောက်မှ ရေး၍ ပြီးသွား၏။ ထိုအချိန်တွင် နန်းဆောင် အပြင်ဘက်၌ မီးရောင်များ ထွန်းလင်းနေပြီး နန်းတွင်းအပျိုတော် တစ်ထောင်ကျော်က တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

ချင်မူက သင်ပုန်းများကို ဝေပေးခိုင်းပြီး နန်းတွင်းအပျိုတော် တစ်ယောက်လျှင် အဆိပ်နာမည် တစ်မျိုး ပါသော သင်ပုန်းတစ်ချပ်စီ ကိုင်ခိုင်းလိုက်၏။ နန်းတွင်းအပျိုတော်များက ချင်မူ၏ ညွှန်ကြားမှုအတိုင်း ထူးဆန်းသော ဝင်္ကပါပုံတစ်ခုအသွင် နေရာယူလိုက်ကြသည်။ ထိုဝင်္ကပါက ရှုပ်ထွေးလှပြီး များစွာသော ဝင်္ကပါငယ်များဖြင့် ဖွဲ့စည်းထားသည်။ ပထမဝင်္ကပါက နန်းတွင်းအပျိုတော် တစ်ယောက်သာ ရှိပြီး သင်ပုန်းကို မြှောက်ကိုင်၍ မတ်တတ်ရပ်နေ၏။ ဒုတိယဝင်္ကပါတွင် နန်းတွင်းအပျိုတော် နှစ်ယောက်၊ တတိယဝင်္ကပါတွင် နန်းတွင်းအပျိုတော် လေးယောက်၊ ထို့နောက်တွင် နန်းတွင်းအပျိုတော် ရှစ်ယောက်ဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါ၊ ထို့နောက် ဆယ့်ခြောက်ယောက်၊ သုံးဆယ့်နှစ်ယောက်၊ ခြောက်ဆယ့်လေးယောက်၊ တစ်ရာနှစ်ဆယ့်ရှစ်ယောက်၊ နှစ်ရာငါးဆယ့်ခြောက်ယောက်၊ ငါးရာတစ်ဆယ့်နှစ်ယောက် အစရှိသည်ဖြင့် ဝင်္ကပါများ ဖွဲ့စည်းသွား၏။

နန်းတွင်းအပျိုတော်များကို နေရာချပြီးသောအခါ ဤနှစ်များအတွင်း ဧကရာဇ် မယ်တော်ကြီး မှီဝဲခဲ့သည့် ဆေးဝါးများကို ကြည့်ရှုလိုက်သည်။ ပထမဆုံး ဆေး၏ ပါဝင်ပစ္စည်းများကို ကြည့်ရှုပြီးနောက် အမှတ်စဉ်အချို့ ခေါ်၍ ထိုနန်းတွင်းအပျိုတော်များကို နေရာချင်း လဲခိုင်းလိုက်သည်။

လူတစ်ထောင်ဖြင့် ဖွဲ့စည်းထားသော ဝင်္ကပါပုံစံက တစ်မုဟုတ်ချင်း ပြောင်းလဲသွား၏။ ထို့နောက် ချင်မူက ဒုတိယဆေး၏ ပါဝင်ပစ္စည်းများကို ကြည့်၍ အမှတ်စဉ်များ ထပ်အော်ကာ နန်းတွင်းအပျိုတော်များကို နေရာလဲခိုင်းလိုက်သည်။ ဝင်္ကပါဖွဲ့စည်းပုံမှာလည်း ထပ်ပြောင်းသွား၏။

ချင်မူက မယ်တော်ကြီး မှီဝဲခဲ့သည့် ဆေးများကို တစ်ဖုံပြီး တစ်ဖုံ ကြည့်၍ ဝင်္ကပါ ဖွဲ့စည်းပုံကလည်း နန်းတွင်းအပျိုတော်များ၏ နေရာ အပြောင်းအလဲနှင့်အတူ လိုက်ပါ ပြောင်းလဲနေသည်။

နန်းတွင်းသမားတော်များ၏ မျက်နှာတွင် ထိန်းမရအောင် အံ့ဩ တုန်လှုပ်သွားသည့် အမူအရာများ ပေါ်ထွက်လာ၏။ တစ်ခေါင်းလုံး ဖြူနေသည့် နန်းတွင်းသမားတော်အိုကြီးက အသံတုန်တုန်နှင့် ပြောလိုက်သည်။ "ဒီလို နည်းလမ်းမျိုးကို ငါ သက်ရှိထင်ရှား ရှိနေတုန်း မြင်တွေ့ခွင့် ရလိမ့်မယ်လို့ မထင်ခဲ့မိဘူး... အခုနေ သေရရင်တောင် နောင်တရစရာ မရှိတော့ဘူး..."

အခြား နန်းတွင်းသမားတော် သုံးယောက်မှာလည်း ခေါင်းညိတ်၍ သက်ပြင်းချလိုက်ကြ၏။ "အစက ဒီကောင်လေးကို အထင်သေးမိခဲ့ကြတယ်... သူက အခွင့်တစ်ထောင်အဆိပ်ကို သိတဲ့အပြင် ဒီလို နည်းလမ်းမျိုး သုံးပြီး အဆိပ်က ဘယ်အဆင့် ရောက်နေပြီဆိုတာ တွက်ချက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး..."

နန်းတွင်းသမားတော်များမှာ အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ချင်မူက နန်းတွင်းအပျိုတော် တစ်ထောင်ခန့်ကို သင်ပုန်းများ ကိုင်စေ၍ အခွင့်တစ်ထောင် အဆိပ်တွင် ပါဝင်သော အဆိပ်များ၏ အပြန်အလှန် ချိတ်ဆက်ပုံအတိုင်း နေရာယူစေခဲ့သည်။ ထို့နောက် ဧကရာဇ် မယ်တော်ကြီး မှီဝဲခဲ့သည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ပြောင်းလဲသွားသည့် အခွင့်တစ်ထောင် အဆိပ်၏ ဖွဲ့စည်းပုံအတိုင်း နန်းတွင်းအပျိုတော်များကို နေရာ လဲလှယ်စေခဲ့၏။

ဤနန်းတွင်းအပျိုတော် တစ်ထောင်ခန့်က ကြီးမားရှုပ်ထွေးသည့် ပေသီးခုံကြီး တစ်ခုသဖွယ် နေရာယူ ဖွဲ့စည်းထားပြီး ချင်မူက နန်းတွင်းအပျိုတော်များကို ပေသီးများသဖွယ် သဘောထား၍ ဧကရာဇ်မယ်တော်ကြီး၏ ကိုယ်တွင်းတွင် အခွင့်တစ်ထောင်အဆိပ် မည်သို့သော ဖွဲ့စည်းပုံသို့ ပြောင်းလဲသွားမည်ကို ​တွက်ချက်ခဲ့သည်။

ဤသို့သော နည်းလမ်းမျိုးက ပြောင်မြောက်လှပ၏။ နန်းတွင်းသမားတော်များမှာ လေးစားချီးကျူး၍မဆုံး ဖြစ်သွားသည်။

ချင်မူက တစ်ညလုံး တွက်ချက်နေခဲ့ပြီး နံနက်မိုးသောက်ချိန် ရောက်မှ ပြီးစီးသွား၏။ သင်ပုန်းများ ကိုင်ထားရသည့် နန်းတွင်းအပျိုတော်များမှာလည်း အတော်လေး ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ ချင်မူက ထိုအပျိုတော်များ၏ နောက်ဆုံး ဖွဲ့စည်းပုံကို ကြည့်၍ အဆိပ်တစ်ထောင် ဝင်္ကပါ၏ နောက်ဆုံး ရောက်ရှိနေသော အနေအထားကို မှတ်သားလိုက်သည်။ သူက တစ်ခဏမျှ ဆက်လက် တွက်ချက်ပြီး မျက်လုံးများ မှိတ်လိုက်သည်။

အတန်ကြာသောအခါ ချင်မူ၏ မျက်လုံးများ ပြန်ပွင့်လာပြီး ဆေးစာတစ်စောင် ချရေးလိုက်၏။

နန်းတွင်းသမားတော်များ ရှေ့တိုးလာပြီး ထိုဆေးစာကို ငုံ့ကြည့်လိုက်ကြသည်။ ထို့နောက် ခေါင်းတဆတ်ဆတ် ညိတ်၍ စိတ်လှုပ်ရှားစွာ ခြေလက်တစ်ခါခါ ဖြစ်သွားသည်။

သခင်ကြီးယန်လည်း ရှေ့တိုး ကြည့်လိုက်၏။ သို့သော်လည်း တစ်လုံးတစ်ပါဒမျှ နားမလည်သဖြင့် လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "နန်းတွင်းသမားတော်ကြီး... သူ့ဆေးက ဘယ်လိုနေလဲ..."

နန်းတွင်းသမားတော်ချွီက ချင်မူ့ကို လေးစားသည့် အကြည့်ဖြင့် ကြည့်၍ ချီးကျူးစကား ဆိုလိုက်သည်။ "ဒီဆေးစာက ဂီတသံစဉ် တစ်ခုလိုပဲ လှပတယ်၊ အံချီးစရာ ကောင်းတယ်... နတ်ဆေးသမားတော်လေးက အခွင့်တစ်ထောင်အဆိပ်ရဲ့ အလယ်ဗဟိုက အဓိကအဆိပ်ကို အခြားအဆိပ်တစ်မျိုးနဲ့ အစားထိုးလိုက်တာ... သခင်ကြီးယန် တွေ့လား... ဒီတစ်ခုလေ... ဒီဟာကို အစားထိုးလိုက်တာနဲ့ ကျန်တဲ့ အဆိပ်တစ်ထောင့်နှစ်ဆယ့်နှစ်မျိုးက တစ်ခုနဲ့ တစ်ခု ချေဖျက်ပြီး အလိုလို ကျေပျက်သွားလိမ့်မယ်... လှလိုက်တာ... သိပ်ကို လှတယ်..."

အခြား နန်းတွင်းသမားတော်များကလည်း ချီးကျူးလိုက်ကြ၏။ "နန်းတွင်းသမားတော်ရှောင်က အလကား သေခဲ့တာ မဟုတ်ဘူး... နတ်ဆေးသမားတော်လေးရဲ့ ရှေ့မှာ သေခဲ့ရတာ... တကယ့်ကို သေထိုက်တယ်..."

သခင်ကြီးယန်မှာ ခေါင်းခါယမ်းလိုက်မိ၏။ "ဆေးပညာသင်တဲ့ လူတွေ အကုန်လုံးက အရူးတွေလိုပဲ... ဘာတွေလှနေတာလဲ... အရေးကြီးတာ ဆေးစွမ်းပြနိုင်လား၊ မပြနိုင်ဘူးလား ဆိုတာပဲ... ဆေးစွမ်းမပြနိုင်ရင်တော့ ငါ့ရာထူးရော၊ သူ့ခေါင်းရော ပြုတ်ပြီ..."

All Chapters