← Chapters

ပြောင်မြောက်တဲ့လက်ရာ

Vol. 9 Ch. 124

ပြောင်မြောက်တဲ့လက်ရာ

Vol. 9 Ch. 124

နန်းတွင်းသမားတော်များက ချင်မူ၏ ဆေးစာအတိုင်း ဆေးပင်များ ပြေးယူကြပြီး မကြာမီတွင် အသင့်ဖြစ်သွား၏။ ထို့နောက် မလှုပ်မယှက်ရပ်၍ ချင်မူ ဆေးဖော်စပ်မည်ကို မျှော်လင့်နေသည့် မျက်နှာများဖြင့် စောင့်ဆိုင်းနေကြသည်။

ချင်မူ၏ ချီစွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ဆေးပင်များကို ဆွဲယူကာ ဆေးကျိုအိုး မသုံးဘဲ ဆေးဖော်နည်း အမျိုးမျိုးကို ထုတ်သုံး၍ လေထဲတွင်သာ ဖော်စပ်လိုက်သည်။ ဆေးပင်များထဲသို့ ရေထပ်မထည့်ဘဲ ဆေးစွမ်းအင်များကို တိုက်ရိုက် ထုတ်ယူပြီး ချီစွမ်းအင်ဖြင့် အခိုးသတ်၍ ရောနှော ပေါင်းစည်းလိုက်၏။ သူ့လက်ချောင်းများက ဂီတသင်္ကေတများကဲ့သို့ နိမ့်လိုက်မြင့်လိုက် လှုပ်ရှားနေပြီး ခေါင်းမွေးဖြူနေသော နန်းတွင်းသမားတော်ယွီမှာ မျည်ရည်များ လည်လာသည်။

"ဒီလို ဆေးဖော်စပ်နည်းမျိုးက ငါ့တစ်သက်မှာ တစ်ခါ မြင်ရရုံနဲ့ လုံလောက်သွားပြီ..." နန်းတွင်းသမားတော်ယွီက သက်ပြင်းမှုတ်ထုတ်လိုက်၏။

ချင်မူက သူ့ခေါင်းထဲတွင် ဆေးဖော်စပ်ရန်သာ အာရုံရောက်နေပြီး တခြား မတွေးနိုင်သဖြင့် သူတို့၏ စကားများကို မကြားလိုက်ချေ။ သူသာ ကြားခဲ့လျှင် သေချာပေါက် မဲ့ရွဲ့သွားမည် ဖြစ်၏။ သူ၏ ဆေးဖော်စပ်နည်းများက ဘိုးဘိုးဆေးဆရာ၏ မျက်လုံးထဲတွင် စစ်ဆေးမှု အောင်နိုင်ရုံ အဆင့်သာ ရှိသည် မဟုတ်လား။

များစွာ မကြာလိုက်ဘဲ ဆေးဖော်စပ် ပြီးစီးသွား၏။ နန်းတွင်းသမားတော်များမှာ မျက်စိရှေ့တွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းများကို ယစ်မူးနေဆဲ ရှိကြသည်။ နန်းတွင်းသမားတော်ချွီက ပြောလိုက်၏။ "နတ်ဆေးသမားတော်လေး... အစောက ဒီလို လက်ဟန်လှုပ်ရှားမှုမျိုးနဲ့ ရေဓာတ်လွှတ်ပြီး ဆေးစွမ်းအင် ထုတ်ယူဖို့ လုပ်ခဲ့တာ မဟုတ်လား... ဘာလို့ ရုတ်တရက် မီးဓာတ်ကို ပြောင်းလိုက်တာလဲ..."

ချင်မူက သူ ဖော်စပ်ပြီးစီးသွားသည့် ဆေးလုံးကို လင်ပန်းပေါ်မှ ကျောက်စိမ်းခွက်ထဲသို့ ထည့်၍ ပြောလိုက်သည်။ "ဒီဆေးပင်တွေက မီးနဲ့ ရေ နှစ်ခုလုံး လိုတယ်... ဆေးစွမ်းအင် အပြည့်အဝ ထုတ်ယူနိုင်အောင် ရေဓာတ် အရင်ပေးပြီးမှ မီးအပူ ပေးရတာ..."

နန်းတွင်းသမားတော်ယွီ၏ လက်များက လှုပ်ရှားသွားပြီး ချီစွမ်းအင်ဖြင့် ဆေးပင်များကို ရေငွေ့ထုတ် အခိုးသတ်သည့်ပုံ လုပ်ပြကာ မေးလိုက်သည်။ "နတ်ဆေးသမားတော်လေး... ကျုပ် လိုက်လုပ်တာ မှန်ရဲ့လား..."

ချင်မူက တစ်ချက်ကြည့်၍ မှတ်ချက်ချလိုက်သည်။ "သမားတော်ကြီးရဲ့ ချီစွမ်းအင် လှည့်ပတ်မှုက နည်းနည်း အကြမ်းစားဆန်နေတယ်... ကျွန်တော် ဆေးဖော်နည်းရဲ့ အဓိကအချက်က လက်ဟန်နည်းလမ်းအပေါ် မူတည်တာ မဟုတ်ဘူး... ချီစွမ်းအင် ထိန်းချုပ်မှုအပေါ်မှာ မူတည်တာ... သမားတော်ကြီးရဲ့ ချီစွမ်းအင်ကို ဆယ့်နှစ်ပတ်တိတိ လှည့်လိုက်... အဲဒါဆို ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်လိမ့်မယ်..."

နန်းတွင်းသမားတော်ယွီမှာ အလင်းပွင့်သွားပြီး စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။ "ကျုပ်က အပေါ်ယံကို ဂရုစိုက်နေခဲ့မိတာပဲ... ပြီးတော့ သမားတော်လေး ကံကြမ္မာငါးသွယ်သစ်စေ့ကို အဆီအနှစ်ထုတ်တုန်းက လက်ဟန်နည်းစနစ်မှာရော ထူးထူးခြားခြား အလေးပေးရမှာ ရှိသေးလား..."

နန်းတွင်းသမားတော်များက ချင်မူ၏ ဘေးတွင် ဝိုင်း၍ စိတ်အားထက်သန်စွာ မေးမြန်းနေကြသည်။ သခင်ကြီးယန်က မျက်မှောင်ကြုတ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ "အားလုံး... အားလုံး... နောက်ကျရင် ဆွေးနွေးလို့ ရသေးတယ်... အခု မယ်တော်ကြီးက စောင့်နေတယ်..."

နန်းတွင်းသမားတော်များမှာ ထိုအခါမှ အသိဝင်လာပြီး နန်းတွင်းသမားတော်ချွီက ကမန်းကတန်း ပြောလိုက်၏။ "နတ်ဆေးသမားတော်လေး... မယ်တော်ကြီးက ဦးစားပေးပါ..."

ချင်မူက ညွှန်ကြားလိုက်သည်။ "ခြေသုံးချောင်း မျက်လုံးပြာဖား တစ်ထောင့်နှစ်ဆယ့်သုံးကောင် လိုဦးမယ်..."

နန်းတွင်းသမားတော်ချွီနှင့် ကျန်သူများ၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူတို့ဗိုက်သူတို့ လက်ဖြင့် ပုတ်၍ ချီးကျူးလေးစားစွာဖြင့် နှစ်ခြိုက် ရယ်မောလိုက်ကြသည်။ "ပါရမီရှင်ပဲ... တကယ့် ပါရမီရှင်ပဲ... သဘောကျသွားပြီ... မြန်မြန်သွား... ခြေသုံးချောင်း မျက်လုံးပြာဖားတွေ သွားဝယ်ခဲ့..."

နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများမှာ ဈေးသို့ ကမန်းကတန်း ပြေး၍ မျက်လုံးပြာဖားများ သွားဝယ်ကြ၏။ နေ့တစ်ဝက်ခန့် ကြာသောအခါ လိုအပ်သော မျက်လုံးပြာဖားများ ရခဲ့သည်။ ထိုဖားများက လက်သီးဆုပ်ခန့် အရွယ်ရှိပြီး ခြေသုံးချောင်း ရှိ၏။

ချင်မူက မျက်လုံးပြာဖားများကို နန်းဆောင်ခန်းအတွင်း ထည့်ခိုင်း၍ နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများကို အပြင်ထွက်စေလိုက်သည်။ ထို့နောက် ဧကရာဇ် မယ်တော်ကြီးကို ဆေးလုံး ဆက်သ၍ လျှောက်တင်လိုက်၏။ "အခွင့်တစ်ထောင်အဆိပ်ရဲ့ အဓိကအဆိပ်ကို ဒီဆေးလုံးထဲက အဆိပ်နဲ့ အစားထိုးပြီးတဲ့အခါ တခြား အဆိပ်တွေ ပြိုကွဲသွားပြီး အဆိပ်ဓာတ်တွေ အုံကြွ လှုပ်ရှားလာပါလိမ့်မယ်... ဒီအဆိပ်တွေက မယ်တော်ကြီးရဲ့ ကိုယ်ထဲမှာ ရောက်နေတာ ကြာပြီ ဖြစ်တဲ့အပြင် မယ်တော်ကြီးရဲ့ ချီစွမ်းအင်နဲ့ ပေါင်းစည်းသွားတဲ့အတွက် စိတ်ဝိညာဉ် ရှိနေကြပြီ... မျက်လုံးပြာဖားတွေက အဆိပ်စားတဲ့ သတ္တဝါတွေဆိုတော့ ဒီအခွင့်အရေးကို အရယူပြီး မယ်တော်ကြီးရဲ့ ကိုယ်ထဲက အဆိပ်တွေကို စားပါလိမ့်မယ်... အဲဒီအခါ မယ်တော်ကြီးရဲ့ ရောဂါဝေဒနာ သက်သာ ပျောက်ကင်းသွားပါလိမ့်မယ်..."

ဧကရာဇ်မယ်တော်ကြီးက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။ "မင်းတို့ အားလုံး နောက်ဆုတ်ကြ... အဆိပ်တွေ စင်လိမ့်မယ်..."

ချင်မူ၊ နန်းတွင်းသမားတော်များနှင့် သခင်ကြီးယန်တို့က နန်းဆောင်ခန်းအတွင်းမှ အပြင်သို့ ထွက်လိုက်ကြ၏။ နန်းဆောင်ထဲတွင်တော့ ဧကရာဇ် မယ်တော်ကြီးက ဆေးလုံးကို သောက်ချလိုက်သည်။ အစတွင် မည်သို့မျှ မထူးခြားသော်လည်း တစ်ခဏနေသောအခါ ဆေးအာနိသင်က ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာပြီး ထိုဆေးလုံးမှ ထူးဆန်းသောအဆိပ်က အခွင့်တစ်ထောင်အဆိပ်၏ အဓိကအဆိပ်ကို တစ်မုဟုတ်ချင်း အစားထိုး နေရာယူသွားသည်။

ဧကရာဇ် မယ်တော်ကြီးက အနက်ရောင် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ ဇာကန့်လန့်ကာနှင့် ကျောက်စိမ်းသလွန်မှာ သွေးစက်များ ပေပွသွား၏။

ထို့နောက်တွင် မယ်တော်ကြီးမှာ သူမ၏ ခြေလက်များ၊ အရိုးများနှင့် အရေပြားထဲတွင်ပင် အဆိပ်များ ထကြွသောင်းကျန်းလာသည်ကို ခံစားလိုက်မိသည်။ အဓိကအဆိပ်ကို အစားထိုးပြီးသွားသောအခါ တစ်ထောင့်နှစ်ဆယ့်နှစ်မျိုးသော အဆိပ်များမှာ တစ်မုဟုတ်ချင်း ပေါက်ကွဲထွက်လာပြီး တစ်ခုနှင့် တစ်ခု ဆန့်ကျင်တွန်းလှန်နေသဖြင့် အသည်းအူ ကြွေကျမတတ် နာကျင်လာ၏။

ထိုအဆိပ်များ ပေါက်ကွဲ ထွက်ပေါ်လာသည်နှင့် အဆိပ်အာနိသင်က သူမ၏ ချီစွမ်းအင်နှင့် ပေါင်းစည်းသွားသည်။ ဧကရာဇ် မယ်တော်ကြီးမှာ အသက်ကို လုရှူနေရ၏။ သူမ၏ မျက်နှာနှင့် တစ်ကိုယ်လုံး မည်းနက်သွားပြီး ပုပ်ရိ၍ သေရတော့မလို ဖြစ်လာသည်။ သူမ၏ ချီစွမ်းအင်ကို တစ်ထောင့်နှစ်ဆယ့်နှစ်မျိုးသော အဆိပ်များက အပိုင်စီးသွားပြီး ချီစွမ်းအင်က တစ်ကိုယ်လုံးကို လှည့်လည်နေသဖြင့် အဆိပ်များမှာလည်း တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ ထိုအဖြစ်ကြောင့် ချီစွမ်းအင်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ အဆိပ်များ ထကြွသောင်းကျန်းလာပြီး တစ်ခဏအတွင်း သေတော့မလို ဖြစ်သွား၏။

ရုတ်တရက် အစောက မျိုချလိုက်သည့် ဆေးလုံးမှ ဆေးစွမ်းအင်တစ်ခု တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ထိုဆေးစွမ်းအင်က တစ်ခဏအတွင်း တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီး ကောင်းကင်ရတနာများ၏ အတွင်းပိုင်းထိပါ ဝင်ရောက်လာ၏။ ပြင်းထန်အားကောင်းသော ဆေးစွမ်းအင်က သူမ၏ ချီစွမ်းအင်များ အားလုံးကို ခန္ဓာကိုယ်အပြင်သို့ တွန်းထုတ်လိုက်သည်။ ကောင်းကင်ရတနာများထဲမှ ချီစွမ်းအင်များပင် အပြင်သို့ စီးထွက်သွား၏။

နန်းဆောင်အတွင်းမှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ဧကရာဇ် မယ်တော်ကြီးမှာ နှစ်ပေါင်း ဒါဇင်ချီ အဆိပ်မိခဲ့ပြီး သူမ၏ ကျင့်စဉ်စွမ်းအင်က ယခင်လို မဟုတ်တော့သော်လည်း နှိုင်းမရအောင် သိပ်သည်းနက်ရှိုင်းဆဲ ရှိသည်။ သူမ၏ ချီစွမ်းအင်များက ခန္ဓာကိုယ်ထဲမှ ထွက်လာသည်နှင့် အမျိုးပေါင်း တစ်ထောင်ကျော်သော အဆိပ်ကောင်များ၊ အဆိပ်ရှိ ပစ္စည်းများအဖြစ် ပြောင်းလဲသွားပြီး ကျောက်စိမ်းသလွန်ဘေး၌ ခုန်ပျံနေကြသည်။ ထိုအရာများက သူမ၏ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် အဆိပ်ရှိ ကင်းမြီးကောက်များ၊ မြွေများ၊ ပိုးမွှားကောင်များ၊ ပုရွက်ဆိတ်များ၊ ပိုးတောင်မာကောင်များနှင့် အခြား အဆိပ်ရှိ ပစ္စည်းများ ဖြစ်၏။

အုံး… အွမ်...၊ အုံး… အွမ်...၊ အုံး… အွမ်...။

နန်းဆောင်ခန်းအတွင်းမှာ ဖားအော်သံများ ထွက်ပေါ်လာပြီး ခြေသုံးချောင်း မျက်လုံးပြာဖားများက ရုတ်တရက် စတင်လှုပ်ရှားလာ၏။ ၎င်းတို့၏ ပါးစပ်များက ဖျတ်ခနဲ ပွင့်လာပြီး လျှာရှည်ကြီးများ ဆန့်ထုတ်၍ ချီစွမ်းအင်နှင့် ဖွဲ့စည်းထားသော အဆိပ်များကို ဖမ်းယူ မျိုချပစ်ကြသည်။

ထိုတစ်ခဏ၌ နန်းဆောင်ခန်းမှာ ပြန်လည် ကြည်လင် လင်းလက်လာ၏။ အခန်းထဲတွင် အဆိပ်မစားရသေးသော မျက်လုံးပြာဖား တစ်ကောင် ရှိပြီး ၎င်းက ကျောက်စိမ်းသလွန်ပေါ်သို့ ခုန်တက်၍ မယ်တော်ကြီး ရှူထုတ်လိုက်သော လေကို ဆွဲစုပ်လိုက်သည်။ မယ်တော်ကြီးမှာ သွေးများ ဝေါ့ခနဲ အန်ထုတ်လိုက်ပြီး အဆိပ်ပိုးကောင် တစ်ကောင် ပါလာ၏။ ထိုပိုးကောင်က အဓိကအဆိပ်ကို အစားထိုးရန် ဆေးလုံးထဲတွင် ချင်မူ ထည့်လိုက်သည့် အဆိပ် ဖြစ်သည်။

ထို့နောက် မျက်လုံးပြာဖားက ထိုအဆိပ်ပိုးကောင်ကို စား၍ ကျောက်စိမ်းသလွန်ပေါ်မှ ခုန်ဆင်းသွားသည်။ ဧကရာဇ် မယ်တော်ကြီးမှာ စိတ်ကြည်လင် လန်းဆန်း၍ ခန္ဓာကိုယ်လည်း ပေါ့ပါးသွားသလို ခံစားလိုက်မိသည်။ သလွန်ပေါ်မှ တစ်မုဟုတ်ချင်း ထရပ်လိုက်၏။ နှစ်ပေါင်း ဒါဇင်ချီ စွဲကပ်နေသော ရောဂါဆိုးကြီးက ယူပစ်သလို ပျောက်သွားချေပြီ။ သူမ ရင်ထဲတွင် အတော်လေး ဝမ်းသာသွား၏။

"ဝင်ခဲ့ကြ..."

နန်းဆောင်တံခါးများ ပွင့်လာပြီး နန်းတွင်းအပျိုတော်များနှင့် ကုန်းကုန်းများ ပြေးဝင်လာကြသည်။ ကျောက်စိမ်းသလွန်နှင့် ဇာကန့်လန့်ကာများ အားလုံး အဆိပ်သွေးများ ပေကျံနေသည်ကို မြင်သောအခါ တုန်လှုပ်သွားကြ၏။ ထို့ပြင် ဖားများကလည်း နေရာအနှံ့ ခုန်ဆွခုန်ဆွ သွားလာနေကြသည်။

ချင်မူနှင့် နန်းတွင်းသမားတော်များကလည်း အပြေးရောက်လာကြသည်။ ဧကရာဇ် မယ်တော်ကြီးက ချင်မူ့ကို ပြုံး၍ ကြည့်လိုက်၏။ "တကယ့်ကို နတ်ဆေးသမားတော်လေးပါပဲ... ဒီမျက်လုံးပြာဖားတွေကို ရေလှိုင်းကြည်ကန်ထဲ လွှတ်လိုက်... သူတို့က ငါ့အတွက် ကောင်းကျိုးပြုခဲ့တာ... ရေလှိုင်းကြည်ကန်မှာ နေခွင့်ပေးရမယ်..."

ကုန်းကုန်းများနှင့် နန်းတွင်းအပျိုတော်များက အမိန့်စကားအတိုင်း ဆောင်ရွက်လိုက်ကြ၏။ သခင်ကြီးယန်မှာ အံ့ဩဝမ်းသာသွားပြီး တစ်မုဟုတ်ချင်း ပြေးထွက်သွား၏။ "အရှင်မင်းကြီးကို ဒီသတင်းကောင်း သွားလျှောက်တင်လိုက်မယ်..."

ဧကရာဇ် မယ်တော်ကြီးက အပြင်ဘက်သို့ လျှောက်လှမ်းထွက်လာရင်း ပြုံးလိုက်သည်။ "နတ်သမားတော်လေး... ဒီနေရာက နည်းနည်း ညစ်ပတ်နေတယ်... အပြင်မှာ စကားပြောရအောင်..."

"အမိန့်အတိုင်းပါ..." ချင်မူက ပြန်လျှောက်တင်၍ နောက်မှ လိုက်သွားလိုက်၏။ နန်းတွင်းသမားတော်များကလည်း သူတို့နောက်မှ ကမန်းကတန်း လိုက်လာခဲ့ကြသည်။ ဧကရာဇ် မယ်တော်ကြီးက အပြင်ဘက်မှ နေရောင်ကို မော့ကြည့်ရင်း မျက်လုံးကို လက်ဖြင့် ကာ၍ ပြုံးလိုက်သည်။ "နန်းဆောင် အပြင်ဘက်ကို မထွက်ဖြစ်တာ အတော်ကြာပြီ... အခွင့်တစ်ထောင်အဆိပ်က ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင် ဖန်တီးခဲ့တာ ဟုတ်သလား..."

နန်းတွင်းသမားတော်ချွီက ခေါင်းညိတ်၍ လျှောက်တင်လိုက်သည်။ "ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်က ပျောက်ကွယ်နေတာ နှစ်နှစ်ရာနီးပါး ရှိပါပြီ... သူက ရက်စက်ကြမ်းကြုတ်ပြီး မရေမတွက်နိုင်တဲ့ လူတွေကို အဆိပ်ခတ် သတ်ခဲ့တဲ့အတွက် လူပေါင်း များစွာရဲ့ ရန်ငြှိုးဖွဲ့ ခံခဲ့ရတယ်လို့ ဆိုပါတယ်... ဒါပေမဲ့ သူ့ရဲ့ ရုပ်သွင် အစစ်အမှန်ကို ဘယ်သူမှ မသိကြပါဘူး... တစ်နေ့မှာ သူ့တပည့် အဆိပ်ဘုရင်ငယ်က သစ္စာဖောက်ပြီး သူ့ဇာတိရုပ်အမှန်ကို ထုတ်ဖော် ကြေညာခဲ့လို့... ဒီလောကမှာ ရှေ့ဆက် ခြေချမရတော့တဲ့အတွက် သူ့မျက်နှာသူ ဓားနဲ့ လှီးပြီး ထွက်သွားတယ်လို့ ဆိုပါတယ်..."

ဧကရာဇ် မယ်တော်ကြီးက ခေါင်းညိတ်၍ ပြောလိုက်သည်။ "ဒီအကြောင်းကို ငါလည်း ကြားပါတယ်... ပြောရရင် ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်နဲ့ ငါက ဆုံဖူးပါတယ်... သာမန်ထက် ပိုတဲ့ ပတ်သက်မှုတွေ ရှိခဲ့ဖူးတယ်လို့ ဆိုနိုင်တယ်..."

နန်းတွင်းသမားတော်များမှာ စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။

ဧကရာဇ် မယ်တော်ကြီးက နူးညံ့သော လေသံဖြင့် ဆက်ပြောလိုက်သည်။ "လောကတစ်ခွင်မှာ မသိသူ မရှိတဲ့ ပျော်တော်ဆက်ယွီက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင် ဖြစ်နေမယ်လို့ ဘယ်သူများ တွေးမိမှာလဲ... တပည့်လုပ်တဲ့သူကြောင့် သူ့လျှို့ဝှက်ချက် ပေါ်သွားပြီးတဲ့နောက်မှာ မိန်းမပျိုလေးတွေ အတော်များများ ထိခိုက်ခံစားခဲ့ကြရတယ်... အရင်ဧကရာဇ် နတ်ရွာစံပြီးတော့ ပျော်တော်ဆက်ယွီကို ငါ နှစ်သက် သဘောကျလို့ သုံးလေးခါလောက် တွေ့ဆုံဖူးတယ်... သူ့ဘဝ နောက်ဆုံးအခြေအနေကို ရောက်နေတော့ သူ့ကို ငါ ကာကွယ်ပေးနိုင်တယ်လို့ ကမ်းလှမ်းခဲ့တယ်... သူ့ကို ကာကွယ်ပေးချင်တဲ့ တခြား မုန်းစရာ မိန်းမတွေလည်း ရှိသေးတယ်... ဟွန့်... အဆုံးကျတော့ အဲဒီ မြေခွေးမတွေလည်း ငါ့ကို အနိုင်မရသလို ငါလည်း သူတို့ကို မနိုင်ခဲ့ဘူး... သူ ထွက်သွားခဲ့တယ်... အခု ပြန်တွေးကြည့်တော့ ကံကြမ္မာက ငါ့ကို အရူးလုပ်ခဲ့တာပဲ... နှစ်ပေါင်း ဒါဇင်ချီ အိပ်ရာထဲ လဲနေရအောင် ဝေဒနာ ပေးခဲ့တဲ့ အဆိပ်က ငါ့ချစ်သူရဲ့ အဆိပ်တဲ့လား..."

နန်းတွင်းသမားတော်များ၏ နဖူးထက်တွင် ချွေးသီးခွေးပေါက်များ ပြည့်လာ၏။ ဤလျှို့ဝှက်ချက်ကို ကြားသိလိုက်ရသည့်အတွက် သူတို့၏ ခေါင်းများ မြေပေါ်သို့ လိမ့်ဆင်းသွားတော့မလို ခံစားလိုက်ရသည်။ သခင်ကြီးယန်နောက်မှ လိုက်မသွားခဲ့မိသည့်အတွက် ကျိတ်၍ နောင်တရမိကြ၏။

ချင်မူ၏ ရင်ထဲတွင် လှုပ်ခါသွားသည်။ ဤကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင် ဆိုသူကို သူ့ရင်ထဲတွင် ရင်းနှီးနေသလို ခံစားရ၏။ "ဘိုးဘိုးဆေးဆရာ မဟုတ်နိုင်ဘူး မလား..."

"အဲဒီလိုဆို မယ်တော်ကြီးက ဘယ်သူ အဆိပ်ခတ်တယ်ဆိုတာ သိပါသလား..." ချင်မူက မေးလိုက်သည်။

"ပျော်တော်ဆက်ယွီ ဟုတ်မှာ မဟုတ်ဘူး..."

ဧကရာဇ် မယ်တော်ကြီးက ပြုံးလိုက်၏။ "အဲဒီတော့ ဖြစ်နိုင်စရာက အဆိပ်ဘုရင်ငယ် ဖုယွမ်ချင်းပဲ ရှိတော့တယ်... ဖုယွမ်ချင်းက ဧကရာဇ် အတိုင်ပင်ခံရဲ့ လက်အောက် ဝင်ခိုလှုံခဲ့တယ်လို့ ကြားတယ်... သူ ငါ့ကို အဆိပ်ခတ်တာ အတိုင်ပင်ခံရဲ့ စေခိုင်းမှုကြောင့်ပဲ ဖြစ်မယ်... အတိုင်ပင်ခံက ငါ့ကို သေစေချင်နေတာ အတော်ကြာပြီ... ငါက ငြိမ်ငြိမ်မနေဘဲ သူ့လုပ်ပုံကိုင်ပုံတွေကို စောင့်ကြည့်နေလို့ သူသွားမယ့်လမ်းမှာ အတားအဆီး မဖြစ်အောင် ငါ့ကို သေစေချင်နေတာ..."

နန်းတွင်းသမားတော်များ၏ မျက်နှာများ ဖြူဖျော့သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချ၍ ပြန်မထရဲကြတော့ချေ။

ဧကရာဇ် မယ်တော်ကြီးက ပြုံးလိုက်သည်။ "ဧကရာဇ် အတိုင်ပင်ခံက ငါ့ကိုတောင် မကြောက်မရွံ့ အဆိပ်ခတ်ရဲတာ မင်းတို့က ဘာကြောက်နေမှာလဲ... ထပြီး ပြောပါ..."

နန်းတွင်းသမားတော်ချွီနှင့် ကျန်သူများမှာ အတုန်တုန်အရီရီနှင့် ထရပ်ပြီး ကြောက်ကြောက်ရွံ့ရွံ့နှင့် ငြိမ်သက်ကာ စကားတစ်ခွန်းမျှ မဟရဲတော့ချေ။

ဧကရာဇ် မယ်တော်ကြီးက ချင်မူ့ကို ကြည့်၍ ရုတ်တရက် မေးလိုက်သည်။ "မင့်ဆရာက ပျော်တော်ဆက်ယွီ မဟုတ်လား... သူ နေကောင်းရဲ့လား..."

"သူ ပြောတဲ့ ပျော်တော်ဆက်ယွီဆိုတာ ဘိုးဘိုးဆေးဆရာပဲ ဖြစ်မယ်... အခွင့်တစ်ထောင် အဆိပ်ကို ဘယ်လို ဖြေရမလဲဆိုတာ ဘိုးဘိုးဆေးဆရာပဲ ငါ့ကို သင်ပေးခဲ့တာ... အခွင့်တစ်ထောင်အဆိပ်အကြောင်း ဒီလိုမျိုး သိနိုင်တာ အဲဒီအဆိပ်ကို ဖန်တီးခဲ့တဲ့သူပဲ ရှိမယ်..."

ထိုအကြောင်းကို တွေးမိပြီး ချင်မူ ဦးညွှတ်အရိုအသေ ပြုလိုက်၏။ "မှန်လှပါ မယ်တော်ကြီး... သူ ကျန်းကျန်းမာမာ ရှိနေပါတယ်..."

ဧကရာဇ် မယ်တော်ကြီးက သက်ပြင်းတစ်ချက်ချ၍ ခပ်တိုးတိုး မေးလိုက်သည်။ "ငါ့ကို ကယ်ဖို့ မင်းကို သူ လွှတ်လိုက်တာလား... သူ့ရင်ထဲမှာ ငါ ရှိသေးတာပဲ..."

ချင်မူ မသိနားမလည်သည့် အသွင်ဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူမက အတွေးလွန်နေပြီဟု စိတ်ထဲမှ ခံစားမိသော်လည်း ပါးစပ်မှ ထုတ်ပြော၍ ကောင်းသောအရာ မဟုတ်ချေ။

ဧကရာဇ် မယ်တော်ကြီးမှာ ယခုမှ ဝေဒနာက သက်သာခါစ ဖြစ်သဖြင့် အနည်းငယ် ပင်ပန်းလာပြီး လက်ဝှေ့ယမ်း၍ ပြောလိုက်၏။ "မင်းတို့အားလုံး ပင်ပန်းနေလောက်ပြီ... စောစောပြန်နားကြတော့..."

"အမိန့်အတိုင်းပါ..." ချင်မူက ပြောလိုက်၏။ နန်းတွင်းသမားတော်များမှာ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ သူတို့က ချင်မူအတူ ပြန်ထွက်လာရင်း ဝေးဝေးသို့ မရောက်မီပင် အော်ဟစ်သံများ ကြားလိုက်သည်။ "လမ်းဖယ်..." နန်းတွင်းသမားတော်ချွီက ချင်မူ့ကို လမ်းဘေးသို့ အလျင်အမြန် ဆွဲချလိုက်သည်။ ဧကရာဇ်ယန်ဖုန့်က ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လာပြီး နန်းတွင်းသက်တော်စောင့်များက နောက်မှ ပြေးလိုက်လာကြသည်။ ထီးတော်မိုး အပျိုတော်များကလည်း နောက်မှ လျင်မြန်စွာ လိုက်လာကြ၏။ ဧကရာဇ်အပြင် ပြောင်လက်တောက်ပစွာ ဝတ်စားထားသောသူများလည်း ပါလာ၏။ ထိုသူများက နန်းတွင်းမိဖုရားများ၊ မင်းညီမင်းသားများ၊ မင်းသမီးများ ဖြစ်ပေလိမ့်မည်။

"နွားကျောင်းတဲ့ ကောင်လေး..."

အံ့အားသင့်သံ စွက်နေသည့် အသံကြည်ကြည်လေး တစ်သံက လူအုပ်ထဲမှ ထွက်ပေါ်လာသည်။ ထိုအသံကို သူ ရင်းနှီးနေ၏။ ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ လှပကြော့ရှင်းသည့် အသွင်သဏ္ဌာန် ရှိသော မိန်းမပျိုလေး တစ်ဦး လူအုပ်ထဲမှ လှမ်းအော်နေသည်ကို မြင်လိုက်သည်။

"နွားကျောင်းသားလေး... တကယ်ကြီး နင်ပါလား..."

ထိုမိန်းမပျိုလေးက ဝမ်းသာရွှင်မြူးစွာ မေးမြန်းလိုက်သည်။ "ဘာလို့ ဒီအထိ ရောက်လာတာလဲ..."

All Chapters