ဆရာတူအစ်ကို အဆိပ်ဘုရင်ငယ်
Vol. 9 Ch. 125
ချင်မူမှာ ကြောင်အမ်းအမ်း ဖြစ်နေ၏။ ဤမိန်းကလေးကို အနည်းငယ် ရင်းနှီးနေသလို ဖြစ်သော်လည်း ရုတ်တရက် မည်သူမှန်း မမှတ်မိချေ။ ထိုမိန်းကလေးမှာ နောက်မှ လူအုပ်၏ တွန်းထိုးမှုကြောင့် ရှေ့သို့ ပါသွားပြီး လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။ "နွားကျောင်းသားလေး... နင် ဘယ်မှာ နေတာလဲ... ငါ လာရှာမယ်..."
"နန်းတွင်းကောလိပ်မှာ..."
ချင်မူမှာ သူမကို ပြန်လက်ယမ်းပြလိုက်ရင်း ရုတ်တရက် ခေါင်းထဲ၌ လင်းခနဲ ဖြစ်သွားသည်။ "ဟုတ်သားပဲ... ဒီကောင်မလေးက လင်ယွိရှို့ပဲ... ဘယ်လိုလုပ် အရင်ပုံမျိုး မဟုတ်တော့တာလဲ..."
ယခင်က လင်ယွိရှို့မှာ သူနှင့် အရပ်အမောင်းတူ ဖြစ်ပြီး ယခု သူ့ထက် ပိုရှည်သွားပြီ ဖြစ်၏။ ထို့ပြင် အပျိုကြီးဖားဖား ဖြစ်လာပြီး အတော်လေး ချစ်စဖွယ် ကောင်းလာ၏။ အစောက လူအုပ်ထဲမှ လက်ဝှေ့ယမ်းပြသည့် သူမကို သူ ရုတ်တရက် မမှတ်မိဘဲ ဖြစ်သွားသေးသည်။
"သူ့မျက်နှာက အရင်အတိုင်း ခပ်ဖိုင့်ဖိုင့်ပဲ ရှိနေလို့ တော်သေးတယ်..." ချင်မူက သက်ပြင်းချ၍ ပြောလိုက်သည်။
နန်းတွင်းသမားတော်ချွီနှင့် ကျန်သူများမှာ ချင်မူ့ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြ၏။ အခြားသူများထက် အသက်ပိုကြီး၍ ပိုကြင်နာသနားတတ်သော နန်းတွင်းသမားတော်ယိုက သူ့ကို သတိပေးလိုက်သည်။ "နတ်သမားတော်လေး... မိန်းကလေးတစ်ယောက်၊ အထူးသဖြင့် မင်းသမီးတစ်ပါးကို အဲဒီလို သွားပြောရင် မောင်ရင့်ခေါင်း မြေပေါ်လိမ့်ဆင်းသွားလိမ့်မယ်..."
ချင်မူမှာ နားမလည်နိုင် ဖြစ်သွား၏။ "ဘာလို့လဲ... ကျွန်တော်တို့ မဟာမြို့ပျက်မှာ မိန်းကလေး တစ်ယောက် လှရင် ချီးကျူးတဲ့ စကားတွေက ကြံ့ခိုင်သန်စွမ်းတယ်တို့၊ သားကောင်းမိခင် ပီသတယ်တို့လေ... မင်းသမီးယွိရှို့က ကြံ့ခိုင်သန်စွမ်းတယ်လို့ မဆိုနိုင်ပေမဲ့ နည်းနည်း ခပ်ဖိုင့်ဖိုင့် ရှိတော့ မဆိုးပါဘူး... သားကောင်းမိခင် ပီသမယ် ထင်ပါတယ်..."
ဤစကားများက မိန်းကလေးများကို ချီးမြှောက်သည့် စကားတဲ့လား...။
နန်းတွင်းသမားတော်များမှာ နားလည် သဘောပေါက်သွားကြပြီး သူတို့၏ မျက်နှာတွင် ဤတစ်ယောက်ကတော့ ကယ်တင်၍ မရနိုင် ဟူသော အမူအရာများ ပေါ်လာသည်။ အနှေးနှင့် အမြန် သေအောင် ရိုက်သတ်ခံရမည်မှာ သေချာ၏။
နန်းတွင်းသမားတော်မူက ပြောလိုက်သည်။ "နတ်သမားတော်လေး... ကျုပ်တို့ကို ပြန်ခွင့်ပြုပါဦး... တစ်ညလုံး မအိပ်ရတဲ့ ဒဏ်ကို ကျုပ်တို့လို အိုကြီးအိုမတွေက မခံနိုင်တော့ဘူး..."
နန်းတော်အတွင်းမှ ထွက်လာပြီးနောက် ချင်မူ နန်းတွင်းသမားတော်များနှင့် လမ်းခွဲထွက်လာခဲ့၏။ ပန်းပွင့်လမ်းကြားသို့ ပြန်ပြီး မိုးသံနားဆင်စံအိမ်တွင် မနက်စာစားလိုက်သည်။ ထို့နောက် ဖူချင်းယွင်နှင့် မိန်းမပျိုလေးများကို နှုတ်ဆက်ပြီး သူ့အိတ်နှင့် ဟူလင်းအာကို ယူဆောင်ကာ နန်းတွင်းကောလိပ်သို့ ပြန်ခဲ့လိုက်၏။
နန်းတွင်းကောလိပ်၊ ကျောင်းတော်သားအိမ်ရာ...။
ချင်မူက သူ့အိမ်ဝင်းဆီသို့ ပြန်လျှောက်လာသည်။ ဟူလင်းအာက ကျောပိုးအိတ်ထဲမှ ခေါင်းပြူထွက်၍ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုကာ စပ်စုလိုက်၏။
သူ့ခြံဝင်းရှေ့၌ ကျောင်းတော်သားများ စီတန်း ရပ်နေကြသည်ကို ခပ်ဝေးဝေးမှပင် လှမ်းမြင်ရသည်။ ထိုကျောင်းတော်သားများက ဆန့်ဆန့်မတ်မတ် ရပ်နေကြပြီး ဘယ်ဘက်လက်ဖြင့် ဓားအိမ်ကိုကိုင်ကာ တင်းမာသော အမူအရာများ ရှိကြ၏။
ရှေ့ဆုံးမှ ဦးဆောင်သော ကျောင်းတော်သားက ခြံဝင်းအတွင်းသို့ လှမ်းအော်၍ သရော်စကား ဆိုလိုက်သည်။ "စွန့်ပစ်ခံကောင်... ဒီချိန်ဆို မင်း ထသင့်နေပြီ မဟုတ်ဘူးလား... ငါတို့ကို ကြောက်လို့လား... ကြောက်ရင်လည်း အပြင်ထွက်လာပြီး ခြံတံခါးပေါ်က စာတွေ လာဖျက်လေ..."
နောက်ကျောင်းတော်သား တစ်ဦးကလည်း သရော်လိုက်၏။ "ငါတို့ကတော့ စိတ်ရှည်ရှည် စောင့်နိုင်တယ်... မင်း လုပ်နိုင်သမျှက အိမ်ထဲမှာ တစ်သက်လုံး ပုန်းနေဖို့ပဲလား... မင်း ဘယ်လောက်ကြာအောင် ပုန်းနေနိုင်မလဲ ကြည့်ကြသေးတာပေါ့..."
"မနေ့ကတော့ ထောင်ထောင် ထောင်ထောင် လုပ်နေခဲ့တာ မဟုတ်ဘူးလား ဟမ်... ငါတို့ကို ဘယ်လို အကွက်ဆင် နှပ်ချခဲ့တယ် ဆိုတာပါ နန်းတွင်းကောလိပ် တစ်ခုလုံး သိအောင် သတင်းလွှင့်လိုက်သေးတယ်... ငါတို့ကို သိက္ခာချချင်တာပေါ့ ဟုတ်လား... အခုကျမှ ဘာလို့ ပုန်းနေတာလဲ... လိပ်တစ်ကောင်လို ပုန်းပဲ ပုန်းနေတော့မှာလား..."
"မင်း ရေးထားတဲ့ စာတွေကို မဖျက်ဘဲ ထားခဲ့တာ မင်းကို အရှက်ခွဲဖို့ပဲ... မင်းလိုကောင်က လူရိုင်းနယ်မြေက စွန့်ပစ်ခံ လူတစ်ယောက် သက်သက်ပဲ ဆိုတာ နန်းတွင်းကောလိပ် တစ်ခုလုံး သိအောင် လုပ်ပြမယ်... ငါတို့ကသာ ပါရမီရှင် အစစ်အမှန်တွေ..."
...။
ချင်မူက သူတို့ကို ဖြတ်ကျော် လျှောက်လှမ်းလာရင်း တအံ့တဩ တွေးတောလိုက်သည်။ "ငါ ဘယ်တုန်းကများ မနေ့က ကိစ္စကို သတင်းဖြန့်မိလို့လဲ..."
ကျောင်းတော်သားများ အားလုံးမှာ ချင်မူ ခြံတံခါး တွန်းဖွင့်၍ အထဲသို့ ဝင်သွားသည်ကို ငေးစိုက်ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်သွားကြ၏။ သူတို့က ချင်မူ အထဲတွင် ပုန်းနေပြီး အပြင်သို့ ထွက်မလာရဲဟု ထင်နေခဲ့ကြသည် မဟုတ်လား။ ချင်မူက အပြင်သို့ ရောက်နေပြီး သူတို့ဖာသာ နေ့တစ်ဝက်ကျော် အော်ဟစ်၍ အလဟဿ အချိန်ကုန်ခဲ့ရခြင်း ဖြစ်မည်ဟု မထင်ခဲ့မိကြပေ။
ချင်မူက အလယ်ခန်းသို့ သွား၍ အထုပ်ချလိုက်သည်။ "လင်းအာ... အခန်းရှင်းပြီး စောင်တွေ ခေါက်ထားလိုက်... ငါ အပြင်ခဏ ပြန်ထွက်လိုက်ဦးမယ်..."
ဟူလင်းအာက ခေါင်းညိတ်၍ မေးလိုက်သည်။ "သခင်လေးက ဘာထွက်လုပ်မလို့လဲ..."
ချင်မူက နောက်ပြန် လှည့်မကြည့်ဘဲ ဖြေလိုက်၏။ "ဒီလူတွေက ဆူလွန်းတယ်... သူတို့ကို ရိုက်မထုတ်ရင် ငါ ကောင်းကောင်း အိပ်ရမှာ မဟုတ်ဘူး..."
ဟူလင်းအာမှာ လေကို ထိန်းချုပ်၍ အခန်းသန့်ရှင်းရေးကိုသာ ဖိလုပ်လိုက်ရ၏။ ထိုအခိုက်၌ ဝုန်းခနဲ အသံကြီး ရုတ်တရက် ကြားလိုက်ရသဖြင့် ကမန်းကတန်း ပြင်းတင်းပေါက်သို့ ပြေးကြည့်ရာ ကျောင်းတော်သား တစ်ယောက် လေပေါ်သို့ မြောက်တက်၍ ဦးစိုက်ကျသွားသည်ကို မြင်လိုက်ရသည်။
"နောက်တစ်ယောက်..." ချင်မူ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
မိုးခြိမ်းသံကဲ့သို့ တဝုန်းဝုန်း တဂျိမ်းဂျိမ်း အသံများ ထွက်ပေါ်လာ၏။ ဟူလင်းအာမှာ လူတစ်ယောက် လေဟုန်ခွင်း၍ ပျံထွက်သွားသည့် အသံမျိုး ဝှီးခနဲ ကြားလိုက်ရ၏။ သို့သော်လည်း မိုးပေါ်တွင် မည်သူမျှ ပျံသွားသည်ကို မတွေ့ရဘဲ ခပ်လှမ်းလှမ်းမှ ဘုန်းခနဲ ပြုန်ကျသံ တစ်သံကိုသာ ကြားလိုက်ရသည်။
"နောက်တစ်ယောက်..." ချင်မူ၏ အသံက ထပ်၍ ထွက်ပေါ်လာသည်။
တပွက်ပွက် ထလာသည့် ရေသံများ၊ တဝုန်းဝုန်း လှိုင်းပုတ်သံများနှင့်အတူ မချိမဆံ့ အော်ဟစ်သံများ ထွက်ပေါ်လာပြီး တိတ်ကျသွား၏။ ချင်မူ၏ အသံကို ထပ်ကြားရသည်။ "နောက်တစ်ယောက်..."
ဟူလင်းအာက အခန်းကို အလျင်အမြန် သန့်ရှင်းရေး လုပ်၍ စောင်များ ခေါက်ကာ အိပ်ရာခင်းများ ခင်းလိုက်၏။ ထို့နောက် အထုပ်ထဲမှ ပစ္စည်းများ ထုတ်၍ နေရာချရင်း စိတ်ထဲမှ တွေးလိုက်သည်။ "ငါ မြန်မြန် သန့်ရှင်းရေး လုပ်ပြီးရင် အပြင်ထွက် ကြည့်လို့ ရတယ်..."
အပြင်ဘက်မှ မြေကြီး သိမ့်သိမ့်တုန်အောင် တိုက်ခိုက်သံများ၊ စူးစူးရှရှ အော်ဟစ်သံများက မရပ်မနား ကြားနေရ၏။ သူမ သန့်ရှင်းရေး လုပ်ပြီး၍ အပြင်ဘက်သို့ ဝမ်းသာအားရ ပြေးထွက်သွားသောအခါ ပင်ပန်းနွမ်းနယ်စွာ ပြန်ဝင်လာသည့် ချင်မူ့ကိုသာ မြင်လိုက်ရတော့သည်။
"သခင်လေး... ပြီးသွားပြီလား..." ဟူလင်းအာမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ချင်မူက ခေါင်းညိတ်၍ သန်းဝေလိုက်၏။ "ငါ အိပ်ချင်နေပြီ... အိပ်လိုက်ဦးမယ်... လျှောက်သွားမနေနဲ့..."
ဟူလင်းအာက ခေါင်းညိတ်လိုက်ပြီး တံခါးပေါက်မှ ခေါင်းပြူ၍ ချောင်းကြည့်လိုက်သည်။ ကျောင်းတော်သားအိမ်ရာ လမ်းပေါ်၌ ကျောင်းတော်သားများ နေရာအနှံ့ ပြန့်ကျဲနေသည့် မြင်ကွင်းက ကြက်သီးထစရာ ကောင်းလှ၏။ အချို့က မြေကြီးပေါ်တွင် ကားရား လဲကျနေပြီး အချို့က နံရံတွင် တွဲလောင်းချိတ်နေကြသည်။ သစ်ပင်ထိပ်ဖျားတွင် တွဲလောင်း ဖြစ်နေသူများနှင့် နံရံထဲ ခေါင်းနစ်ဝင်နေသူများလည်း ရှိသေးသည်။ အချို့က လမ်းဘေး ရေမြောင်းထဲ ပြုတ်ကျနေပြီး အချို့မှာ မြေကြီးထဲ မြုပ်နေအောင် ထိုးစိုက်ခံထားရပြီး ခြေနှစ်ချောင်းသာ ပေါ်၍ တစ်ချက်တစ်ချက် တွန့်ခနဲ တွန့်ခနဲ့ ဖြစ်နေသည်။
ဟူလင်းအာက လျှာတစ်လစ်နှင့် ပြေး၍ ထိုကျောင်းတော်သားများ၏ ခန္ဓာကိုယ်ကို ရှာဖွေလိုက်၏။ ကျောက်စိမ်းလည်ဆွဲများ၊ စွမ်းအင်ဆေးလုံးများ၊ ကျောက်စိမ်းလက်ကောက်များနှင့် ဆံထိုးများ အစရှိသည့် ပစ္စည်းများ အားလုံးကို သိမ်းယူ၍ အိမ်ထဲသို့ သွားပုံလိုက်သည်။
"လင်းအာ... နင် ဘာလုပ်နေတာလဲ..." အိပ်ချင်မူးတူး အသံတစ်သံက အိမ်ထဲမှ ထွက်လာသည်။
ဟူလင်းအာက ဖြောင့်မတ်မှန်ကန်၍ ပိုင်နိုင်သေချာသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။ "မိစ္ဆာမျောက်ဝံက ပြောတယ်... နိုင်၊ ယူ၊ အုပ်စိုးတဲ့..."
ချင်မူ၏ ဟောက်သံများ ထွက်ပေါ်ဘာပြီး ထိုစကားများကို ကြားတော့ဟန် မရှိချေ။ ဟူလင်းအာက နောက်တစ်ကြိမ် ပြန်ပြေးထွက်သွားပြီး ကျောင်းတော်သားများ၏ ဓားအိမ်များကို လိုက်သိမ်းလိုက်သည်။ ကျောင်းတော်သား တစ်ယောက်က ပြန်သတိရလာပြီး သူ့ဓားအိမ်ကို တုန်တုန်ချိချိနှင့် လှမ်းဆွဲလိုက်၏။
ဟူလင်းအာက လေပွေတစ်ခု မှုတ်ထုတ်၍ ဓားအိမ်ကို ဆွဲယူကာ ကျောင်းတော်သား၏ ခေါင်းကို ရိုက်ချလိုက်သည်။ ထိုကျောင်းတော်သား၏ ခေါင်းက သွေးများ ရဲသွားသော်လည်း သတိမလစ်သေးချေ။ ဟူလင်းအာက သုံးလေးငါးချက် ရိုက်ပြီးသောအခါမှ သတိလစ်သွား၏။ ဟူလင်းအာက သက်ပြင်းတစ်ချက် မှုတ်ထုတ်၍ ထိုဓားအိမ်ကို ဆွဲယူကာ ခြံဝင်းထဲသို့ ပြန်ဝင်လိုက်သည်။ ထိုကျောင်းတော်သားက တိတ်တခိုး ချောင်းကြည့်၍ မြေခွေးဖြူလေး အဝေးသို့ လျှောက်သွားသည်ကို မြင်မှ သက်ပြင်းချနိုင်၏။
"အာ... သတိရလာပြန်ပြီ..."
ဟူလင်းအာက သူ ချောင်းကြည့်နေသည်ကို မြင်သွားပြီး တအံ့တဩ အော်လိုက်သည်။ ထိုကျောင်းတော်သားမှာ လေမုန်တိုင်း တစ်ခုက တောင်ပူစာတစ်လုံး အရွယ်ရှိသည့် ကျောက်တုံးကြီး တစ်တုံးကို မယူကာ သူ့ကို ထုချလာသည် မြင်လိုက်ရပြီး သတိလစ်သွား၏။ ဤတစ်ကြိမ်တွင်တော့ အကြောက်လွန်ပြီး အမှန်တကယ် သတိလစ်သွားခြင်း ဖြစ်သည်။
ဟူလင်းအာက ကျောက်တုံးကြီးကို ပြန်ချ၍ ဟိုခုန်သည်ခုန် ခုန်ကာ အားလုံး၏ ကိုယ်ကို လိုက်လံရှာဖွေသိမ်းယူလိုက်၏။ ထိုအခိုက်၌ ခပ်လှမ်းလှမ်းမှ ကျောင်းတော်သား တစ်ယောက်မှာ သတိရလာပြီး ဤမြေခွေးလေးက ကျောင်းတော်သားများ၏ ကိုယ်ပေါ်မှ ရတနာအားလုံး သိမ်းယူနေသည်ကို မြင်တွေ့သွားသည်။ ကမန်းကတန်း အားယူ၍ မိကျောင်းသွား သွားကာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ဟူလင်းအာက တွေ့သွားပြီး ကျောင်တော်သားအိမ်ရာထဲသို့ ပြန်ဆွဲခေါ်လာ၏။ ထိုကျောင်းတော်သားမှာ တစ်လမ်းလုံး အော်ဟစ်ဆူညံလာပြီးနောက် တိခနဲ တိတ်ကျသွားသည်။ မြေခွေးလေးက သူ့ကို သတိလစ်သွားအောင် ရိုက်ချလိုက်ခြင်း ဖြစ်၏။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ နန်းဆောင်...။
ဧကရာဇ် အတိုင်ပင်ခံ၏ နန်းဆောင်က ခမ်းနား ထည်ဝါလှသော်လည်း သူ နေထိုင်သည့် နေရာကတော့ လွန်စွာ ရိုးရှင်းလှ၏။ ခန်းမကျယ်ကြီး တစ်ခုသာဖြစ်ပြီး မည်သည့် ပစ္စည်းမျှ ရှိမနေချေ။
ခေါင်းမော့ကြည့်လျှင်တော့ အလွန်တရာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို မြင်ရမည် ဖြစ်၏။ ခန်းမအထက်တွင် ခေါင်မိုး မရှိဘဲ ကောင်းကင်ကို ဟင်းလင်း မြင်နေရသည်။ မရေမတွက်နိုင်သော ကြယ်တာရာများက နိမ့်ဆင်းလာပြီး လက်နှင့် လှမ်းဖမ်းနိုင်သကဲ့သို့ ထင်ရ၏။
ဤသည်က ဆန်းကြယ်သော မှော်အစီအရင် တစ်ခု ဖြစ်သည်။
မြေပြင်မှ ကိုက်သုံးသောင်း အမြင့်တွင် မရေမတွက်နိုင်သော အလင်းဖောက် မှန်ချပ်များဖြင့် ဖွဲ့စည်းထားသည့် အစီအရင် ဝင်္ကပါတစ်ခု ရှိနေပြီး ဧကရာဇ် အတိုင်ပင်ခံ၏ တပည့်များက ထိန်းသိမ်း စောင့်ရှောက်ထားကြသည်။ ဤအစီအရင် ဝင်္ကပါက အကျယ်အားဖြင့် တစ်ရာခြောက်ဆယ့်သုံးဧကခန့် ရှိပြီး ကြယ်အလင်းတန်းများကို စုစည်းကာ အလင်းဖောက်မှန်များကို ဖြတ်၍ ခန်းမ ခေါင်မိုးမှ ကြယ်ရောင်များ ကျရောက် ထွန်းလင်းလာစေသည်။
ထာဝရငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ကြယ်အလင်းရောင်များကို စုစည်း၍ ကျင့်စဉ် လေ့ကျင့်ခဲ့သဖြင့် သူ၏ ကျင့်စဉ်စွမ်းအင်က အလွန်တရာ မြင့်မားနေခြင်း ဖြစ်သည်။
ယခုအခါ၌ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံမှာ ညှိုးမှိန်သော အရှိန်အဝါ အငွေ့အသက်ရှိပြီး ဝေဒနာကို ကုစားနေသည်။ သူ့ဘေးတွင် ဆေးကျိုနေသော ဝတ်စုံနက်နှင့် လူတစ်ယောက် ရှိ၏။
ရုတ်တရက် အနီရောင် ပိုးကောင်တစ်ကောင်က ပျံဝဲလာပြီး ဝတ်စုံနက်၏ နားနားသို့ ရောက်သွား၏။ ထိုဝတ်စုံနက်၏ မျက်နှာက ဖားပြုတ် တစ်ကောင်ကဲ့သို့ ကျောက်ပေါက်မာများနှင့် ပြည့်နေပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ထိုပိုးကောင်နီ၏ စကားကို နားလည်သကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
"အတိုင်ပင်ခံ... ကျွန်တော့် ဆရာတူ ညီလေးတော့ ရောက်လာပြီ..."
ထိုဝတ်စုံနက်နှင့် လူက ဧကရာဇ် မယ်တော်ကြီး ပြောခဲ့သည့် အဆိပ်ဘုရင်ငယ် ဖြစ်ပြီး သူ့နာမည်က ဖုယွမ်ချင်းဟု ခေါ်သည်။ "သူက မယ်တော်ကြီးရဲ့ ကိုယ်ထဲက အခွင့်တစ်ထောင် အဆိပ်ကို ဖြေပေးလိုက်ပြီ..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက မျက်လုံးများပွင့်လာပြီး စကားပြောရန် ပါးစပ်ဟလိုက်၏။ သူ့ပါးစပ်မှ သွေးညှီနံ့များ ထောင်းခနဲ ထလာသည်။ သူက ဝေခွဲမရစွာ မေးလိုက်၏။ "မယ်တော်ကြီးရဲ့ ကိုယ်ထဲက အခွင့်တစ်ထောင်အဆိပ်ကို ဖြေပေးလိုက်တဲ့ သူက မင်းရဲ့ ဆရာတူညီလေးဆိုတာ ဘယ်လိုလုပ်သိလဲ..."
"အခွင့်တစ်ထောင်အဆိပ်က ကျွန်တော်ဆရာ ဂုဏ်ယူဝင့်ကြွားဆုံး အဆိပ်ပဲ... အဲဒီ အဆိပ်ကို ဖြေနိုင်တာ တစ်လောကလုံးမှာ သူနဲ့ ကျွန်တော်ပဲ ရှိတယ်..."
ဖုယွမ်ချင်း၏ မျက်နှာပေါ်မှ ကျောက်ပေါက်မာများက တွန့်ခနဲ ဖြစ်သွားပြီး မနှေးမမြန် ရှင်းပြလိုက်၏။ "သတင်းပို့တဲ့ ပိုးကောင်ဆီက သိရတာ လူငယ်လေး တစ်ယောက်ဆိုတော့ ကျွန်တော့်ဆရာ မဟုတ်တာ သေချာသွားပြီ... သူ ထပ်မွေးလိုက်တဲ့ တပည့်သစ် ဖြစ်ဖို့ပဲ ရှိတော့တယ်... သူ သေသွားပြီ ထင်နေတာ... အသက်ရှိသေးတဲ့အပြင် ဆရာတူညီတစ်ယောက်ကိုပါ ထပ်မွေးထုတ်လိုက်မယ်လို့ ထင်မထားမိဘူး... အတိုင်ပင်ခံ... အခု မယ်တော်ကြီးရဲ့ ကိုယ်ထဲက အဆိပ် ပြေသွားပြီ ဆိုတော့ သူ့ကို နောက်ထပ် အဆိပ်ခတ်ပေးရဦးမလား..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ခေါင်းခါလိုက်၏။ "မလိုတော့ဘူး..."
ဖုယွမ်ချင်းမှာ နားမလည်နိုင် ဖြစ်သွားသည်။
"မယ်တော်ကြီးနဲ့ ငါနဲ့ ကြားမှာ ရန်ငြှိုးမရှိဘူး... သူက သူ့သားရဲ့ အင်ပါယာအတွက် ငါ ပြုပြင်ပြောင်းလဲမှု လုပ်တာတွေကို ဆန့်ကျင်ဘက် ပြုတာ... သူ့ကြောင့် အရှင်မင်းကြီး တွေဝေတုံ့ဆိုင်းလာလို့ အဆိပ်ခတ်ခိုင်းခဲ့တာ... သူ့ကို သေစေချင်လို့ မဟုတ်ဘူး... နန်းတွင်းအုပ်ချပ်ရေးမှာ ဝင်မနှောင့်ယှက်နိုင်အောင် လုပ်ဖို့ပဲ... မယ်တော်ကြီးရဲ့ အတားအဆီး မရှိတော့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် အရှင်မင်းကြီး စိတ်နှစ်ပြီး လုပ်နိုင်သွားတာပေါ့... အခု ငါ့ရဲ့ ဩဇာအာဏာကလည်း အခြေခိုင်သွားပြီ… လူတန်းစား အသီးသီးရဲ့ တစ်ဝက်လောက်ကလည်း ပြုပြင်ပြောင်းလဲမှုကို ထောက်ခံနေကြပြီ..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ဆက်ပြောလိုက်သည်။ "ငါ့ကို ဆန့်ကျင်တဲ့ သူတွေကလည်း အခွင့်အရေးကို လက်လွတ်မခံဘဲ ပုန်ကန်ကြပြီ... ငါ့အကြံအစည်က အောင်မြင်သွားတဲ့အပြင် လက်ရှိ အနေအထားနဲ့ဆိုရင် မယ်တော်ကြီးက ငါ့ကို ဟန့်တားနိုင်မှာ မဟုတ်တော့ဘူး..."
ဖုယွမ်ချင်းက ပြုံးလိုက်၏။ "အတိုင်ပင်ခံက လက်ရှိ အနေအထားကို ပြောပေမဲ့ ကျွန်တော်ကတော့ ကျေးဇူးတရားနဲ့ ရန်ကြွေးအကြောင်း ပြောရလိမ့်မယ်... အတိုင်ပင်ခံရဲ့ ဒဏ်ရာတွေကလည်း သက်သာလုနီးပါး ဖြစ်နေပြီဆိုတော့ ဒီမှာ နေနေလည်း အလကားပဲ... အပြင်ခဏ ထွက်လိုက်ဦးမယ်... ဆရာတူညီလေးလည်း ရောက်နေတာဆိုတော့ သူ့အစ်ကိုကြီး လုပ်တဲ့သူ အနေနဲ့ သွားတွေ့ဦးမှ ကောင်းမယ်..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက သတိပေးလိုက်၏။ "မင်း ဂရုစိုက်မှ ရမယ်... မယ်တော်ကြီးက ငါ့ကို ဘာမှလုပ်မှာ မဟုတ်ပေမဲ့ မင်းကိုတော့ သေအောင် သတ်လိမ့်မယ်..."
ဖုယွမ်ချင်းမှာ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး သူ့မျက်နှာပေါ်မှ ကျောက်ပေါက်များကလည်း တုန်ခါသွား၏။ သူက မကျေမချမ်း ညည်းညူလိုက်သည်။ "သူ့ကို အဆိပ်ခတ်ဖို့ ခိုင်းခဲ့တာ အတိုင်ပင်ခံ မဟုတ်ဘူးလား... အတိုင်ပင်ခံကိုကျ မသတ်ဘဲ ဘာလို့ ကျွန်တော့်ကို သတ်ရမှာလဲ... ကျွန်တော့်မှာ အပြစ်မရှိဘူးလေ..."
"မင့်ဆရာကို သစ္စာဖောက်ခဲ့တာ မေ့သွားပြီလား... မယ်တော်ကြီးက မင့်ဆရာနဲ့ ဇာတ်လမ်းတွေ ရှိခဲ့ဖူးတယ်... သူ့စဉ်းစား ဆင်ခြင်နိုင်စွမ်းနဲ့ဆိုရင် သူ့အဆိပ်ကို ကုပေးနိုင်တဲ့သူက မင်းရဲ့ ဆရာတူ ညီလေး ဖြစ်မယ်ဆိုတာ တွေးမိမှာပဲ... မင်းက မင့်ဆရာတူ ညီလေးကို သေချာပေါက် လာရှာလိမ့်မယ် ဆိုတာလည်း တွေးမိမှာပဲ... မင်း ငါးစာ လာဟပ်တဲ့ အချိန်ကို စောင့်သတ်ပြီး သူ့အတွက်ရော မင့်ဆရာအတွက်ပါ လက်စားချေလိမ့်မယ်..."
ဖုယွမ်ချင်း ခေါင်းကိုက်သွားပြီး သူ့အကြံအစည်ကို လက်လျှော့လိုက်ရ၏။