← Chapters

ထုံးတမ်းအစဉ်အလာ

Vol. 9 Ch. 126

ထုံးတမ်းအစဉ်အလာ

Vol. 9 Ch. 126

ချင်မူ နိုးလာသောအခါ ညနေခင်းပင် ရောက်နေပြီ ဖြစ်၏။ ကိုယ်လက်သန့်စင် ဆေးကြောရန်အတွက် ခြံထဲသို့ ဆင်းရန် ပြင်လိုက်သည်။ သူ့အခန်းထဲမှ အထွက်တွင် ခြံဝင်းထဲ၌ ဓားအိမ်ဆယ်လက်ကျော် ရှိနေသည်ကို တွေ့ရ၏။ ဓားအိမ်များအပြင် ကျောက်စိမ်းဆွဲပြားများ၊ ဆံထိုးများ၊ ရတနာပစ္စည်းများ အစရှိသည့် ပစ္စည်းပုံတစ်ပုံလည်း ရှိနေသည်။

ချင်မူ ဇဝေဇဝါ ဖြစ်နေစဉ်တွင် ခြံပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရ၏။ "နတ်ဝိဇ္ဇာ အင်မော်တယ် မြေခွေးမမလား မသိဘူး... ကျွန်မတို့ အိမ်တော်က သခင်မလေးရဲ့ ပစ္စည်းတွေ ပြန်ရွေးဖို့ ရောက်လာတာပါ... တစ်ချက် ကြည့်ပေးပါဦး..."

ဟူလင်းအာ၏ အသံ ထွက်ပေါ်လာ၏။ "ဒီပိုက်ဆံနဲ့ မရဘူး... မင်းတို့ သခင်မလေးရဲ့ ဓားအိမ်၊ ဆံထိုးနဲ့ လက်ကောက်တွေ အကုန်လုံးက သာမန်ပစ္စည်းတွေ မဟုတ်ဘူး... ဒီလောက် တဖုန်းကြေးပြားလေးနဲ့ ဘယ်ရမှာလဲ..."

"လင်းအာ ဘာလုပ်နေတာလဲ..."

ချင်မူမှာ ဝေခွဲမရ ဖြစ်နေသည်။ သူက အိပ်ချင်မူးတူး မျက်လုံးများနှင့်သာ ရှိသေးပြီး မျက်နှာ မသစ်ရသေးသဖြင့် အပြင်ထွက်သွား၍ မကောင်းချေ။ ရေတစ်ခွက် ပြေးခပ်၍ မျက်နှာသစ်လိုက်သည်။ ထိုအချိန်တွင် အပြင်ဘက်မှ တောင်းပန်စကားသံ တစ်သံ ထွက်ပေါ်လာ၏။ "သခင်မလေးက ကျွန်မကို ဒီငွေအိတ်ပဲ ပေးလိုက်ပါတယ်... နောက်ထပ်လည်း မရှိတော့ပါဘူး...  နတ်ဝိဇ္ဇာ အင်မော်တယ် မြေခွေးမမရယ်... ကျွန်မကို သနားပါဦး... ဒီဓားအိမ်က နန်းတွင်းကောလိပ်က ရတာပါ... ဆံထိုးနဲ့ လက်ကောက်က သခင်မလေးရဲ့ မိသားစု အမွေအနှစ်တွေပါ...

"ကောင်းပြီလေ... ဒီမှာ ခဏစောင့်..."

တံခါးပွင့်လာပြီးနောက် ဟူလင်းအာက ငွေအိတ်တစ်အိတ်ကို ဆွဲ၍ မီးခိုးငွေ့တန်းကဲ့သို့ ပြေးဝင်လာသည်ကို ချင်မူ မြင်လိုက်ရသည်။ ဤမြေခွေးဖြူလေးက သူမ၏ မှော်ဂါထာကို အသုံးပြု၍ လေပွေတစ်ခု ဖန်ဆင်းကာ ဓားအိမ်တစ်ခုနှင့် လက်ဝတ်ရတနာအချို့ကို ဆွဲယူပြီး မြူးထူးရွှင်ပျစွာ ပြန်ပြေးထွက်သွားသည်။ ထို့နောက် အပြင်ဘက်လူကို ပေးလိုက်၏။

ထိုသူက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားဆို၍ ထွက်ခွာသွား၏။

ချင်မူ မျက်နှာသစ်ပြီး သစ်သားသွားပွတ်တံဖြင့် သွားတိုက်လိုက်သည်။ မြေခွေးဖြူလေးက ပြန်ပြေးဝင်လာပြီး ယခုမှ သူ့ကို သတိပြုမိကာ အံ့အားသင့်သွား၏။ "သခင်လေး နိုးလာပြီလား... သခင်လေး... အခု ကျွန်မတို့မှာ ပိုက်ဆံရှိလာပြီ..." သူမက ပြောရင်းနှင့် အခန်းတံခါးကို တွန်းဖွင့်လိုက်ရာ အထဲတွင် ငွေအိတ်နှစ်ဆယ်ကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။

ဟူလင်းအာက ငွေအိတ်တစ်အိတ်ကို ဖွင့်လိုက်ရာ တဖုန်းကြေးပြား ကြမ်းပြင်ပေါ်သို့ ဝေါခနဲ ထွက်ကျလာ၏။

ချင်မူမှာ မှင်တက်မိနေပြီး ဘာပြောရမှန်း မသိတော့ချေ။

ဟူလင်းအာက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "သခင်လေးရဲ့ ရိုက်နှက်တာ ခံလိုက်ရတော့ အဲဒီကျောင်းတော်သားတွေမှာ သူတို့ပစ္စည်းသူတို့ လာရွေးဖို့ကို ရှက်နေကြတာ...အစေခံတွေပဲ လွှတ်ပြီး လာရွေးခိုင်းကြတယ်... ကျွန်မတို့ ငွေတွေ အများကြီး ရလိုက်တယ်..."

ချင်မူက ရေလုတ်ကျင်း၍ ထွေးချပြီးနောက် ခေါင်းယမ်းကာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ "လင်းအာ... ဒီလို လုပ်တာ မစာနာရာကျတယ်... ငါက သူတို့ကို နှစ်ခါတောင် ရိုက်လွှတ်ပြီးပြီ... အခု နင်က သူတို့ပစ္စည်းတွေ သိမ်းပြီး ငွေထပ်ညှစ်တော့ နည်းနည်း လွန်သွားပြီ ထင်တယ်... သူတို့ဆီက ငွေယူထားမှတော့ သူတို့ကို ထပ်ရိုက်လို့ ဘယ်ကောင်းတော့မှာလဲ..."

ဟူလင်းအာက လျှာတစ်လစ် ထုတ်၍ မကျေမနပ် ဖြစ်သွားသည်။ "သခင်လေးက သူတို့ကို တစ်ခါ ရိုက်ပြီးသား ဟုတ်လား... အရင်တစ်ခေါက်တုန်းက ပစ္စည်းတွေ မသိမ်းခဲ့ဘူးလား... နာလိုက်တာ... သခင်လေးက မဟာမြို့ပျက်ရဲ့ ထုံးစံကို သူများတွေထက် ပိုသိတယ် မဟုတ်ဘူးလား... သခင်လေးပဲ ပြောခဲ့တာလေ... ကိုယ့်ခွန်ကိုယ့်အားနဲ့ ယူတာ သူများ ပစ္စည်း အလကား ခိုးတာ မဟုတ်ဘူးဆို..."

ချင်မူက ခေါင်းခါယမ်းလိုက်၏။ "နင်က သူတို့ ပစ္စည်းတွေ သိမ်းပြီး ငွေယူခဲ့တော့ ငါ့လက်ဆ ပြင်းလို့ မရတော့ဘူး.. ထားပါလေ... ငါတို့မှာလည်း သုံးစရာ ငွေစ သိပ်မကျန်တော့ဘူး ဆိုတော့ ဒီငွေနဲ့ အသက်ဆက်လို့ ရသေးတာပေါ့... နောက်တစ်ခါ သူများပစ္စည်းတွေ အဲဒီလို မယူနဲ့... ငွေပြတ်မှပဲ ထပ်လုယူကြတာပေါ့... ရေစီးကြောင်း သေးတဲ့ စမ်းချောင်းကပဲ ထာဝရ တည်မြဲနိုင်တယ်..."

ဟူလင်းအာက ခေါင်းတဆတ်ဆတ် ညိတ်၍ ပြောလိုက်၏။ "သခင်လေး နိုးလာပြီဆိုတော့ စားဖို့ ပြင်လိုက်မယ်..."

"ဘာလို့ ပြင်နေမှာလဲ... ငါတို့မှာ ငွေရှိနေပြီပဲ... မြို့ထဲက အရသာရှိတာတွေ သွားစားလို့ ရပြီ... နင် ကြိုက်တာ မှာစား..."

မြေခွေးလေးက ငွေအိတ်ကို ဆွဲ၍ သူတို့နှစ်ယောက်သား မြူးထူးရွှင်ပျစွာ ထွက်သွားကြ၏။ ကျောင်းတော်သားအိမ်ရာတွင် နေထိုင်ကြသော ကျောင်းတော်သားများမှာ ချင်မူနှင့် မြေခွေးလေး ထွက်လာသည်ကို မြင်သောအခါ မျက်နှာချင်း မဆိုင်ရဲသဖြင့် အိမ်တံခါးများ အားလုံး ဆွဲပိတ်လိုက်ကြ၏။

ချင်မူမှာ ဝေခွဲမရ ဖြစ်နေသည်။ ထိုကျောင်းတော်သားများက သူတို့ ရိုက်နှက်ခဲ့ရသည့် အကြောင်း နန်းတွင်းကောလိပ်တစ်ခုလုံး သိနေပြီဟု ပြောခဲ့သည်။ မည်သူ့ကိုမျှ သူ မပြောခဲ့သည်မှာ သေချာ၏။ မည်သူကများ ဤသတင်းကို ဖြန့်လိုက်သနည်း။

ကျောင်းတော်သားအိမ်ရာ၏ ဘေးတွင် တော်ဝင်ခြံဝင်းရှိပြီး မင်းညီမင်းသားများ၊ မင်းသမီးများနှင့် အထက်တန်းစား မိသားစုများမှ သခင်လေး၊ သခင်မလေးများ နေထိုင်ကြသည်။ တော်ဝင်မိသားစုမှ ကလေးများမှာ ဝင်ခွင့်စာမေးပွဲ ဖြေစရာ မလိုဘဲ အသက် ဆယ့်ငါးနှစ် ပြည့်လျှင် နန်းတွင်းကောလိပ်သို့ ဝင်နိုင်သည် ဟူ၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက စည်းမျဉ်း ထုတ်ထားခဲ့၏။ သို့သော်လည်း တော်ဝင်သွေးဆက်များမှာ သာမန်လူများနှင့် ရောနှော နေ၍ မဖြစ်သဖြင့် နောက်ထပ် အိမ်ရာတစ်ခုကို ဖွင့်လှစ်ခဲ့ရသည်။

ဝေ့ယုံက တော်ဝင်မျိုးဆက် အချို့နှင့် ရယ်ရယ်မောမော ပြောဆိုနေ၏။ "ငါတို့ ကျောင်းတော်သားအိမ်ရာမှာ စည်ကားသိုက်မြိုက်နေတာ မင်းတို့ မသိသေးဘူး မဟုတ်လား... အဲဒီ ချင်မူက ဒီကောင်တွေကို ထပ်ရိုက်လိုက်သေးတယ်... ဒီကောင်တွေ အတော် မရှုမလှ ခံလိုက်ရတာ... ငါ ပြောတယ်လို့ မပြောနဲ့နော်..."

တော်ဝင်မျိုးဆက် တစ်ယောက်က ဝေခွဲမရစွာ မေးလိုက်သည်။ "မဟာမြို့ပျက်က ကောင်လေးက အဲလောက် အင်အားကြီးတာလား..."

"မဆိုးဘူးလို့ ဆိုရမှာပဲ..."

ဝေ့ယုံက ကြွားလုံး ထုတ်လိုက်၏။ "သူ့အစွမ်းအစက ငါ့လောက်ပါပဲ... သူ့သိုင်းကွက်တွေကသာ တစ်မျိုးဆန်းနေတာ... ကျောင်းတော်သားအိမ်ရာက ကောင်တွေကိုက အသုံးမကျလွန်းတာပါကွာ..."

အခြားတော်ဝင်မျိုးဆက် တစ်ယောက်က ရယ်မောလိုက်၏။ "ကျောင်းတော်သားအိမ်ရာက ကောင်တွေက အမြဲတမ်း ဝင့်ကြွားမောက်မာပြီး ငါတို့ကို လူမထင်ဘူး ဖြစ်နေတာ... သူတို့အရည်အချင်းနဲ့ သူတို့ ဝင်လာခဲ့တာ ဆိုပြီး ငါတို့ တော်ဝင်မျိုးဆက်တွေကို တစ်ချိန်လုံး အထင်သေးနေတာ... အခုတော့ သူတို့ကို ချိုးမယ့်လူနဲ့ တွေ့သွားပြီပေါ့..."

ချင်မူက ကျောင်းတော်သားအိမ်ရာမှ အထွက်တွင် လူငယ်တစ်ယောက်ကို မြင်လိုက်မိသည်။ ထိုလူငယ်က ခရီးပန်းလာဟန် ရှိပြီး လူတစ်ရပ်ခန့် ရှိသော အိတ်ကြီးတစ်လုံးကို သယ်ပိုးလာ၏။ သူ့ကျောပိုးအိတ်က လေးထောင့်စပ်စပ် ရှိပြီး လက်နက်အချို့ ထိုးစိုက်ထားသည်။ သူ့ပုံစံက ခရီးပန်းလာဟန် ရှိသော်လည်း တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် အသွင်ပေါက်၍ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များနှင့် အန္တရာယ်အငွေ့အသက်များ စိမ့်ဖြာထွက်နေသည်။

သူတို့နှစ်ယောက် မျက်နှာခြင်းဆိုင်မိသည်နှင့် ထိုအန္တရာယ် အငွေ့အသက်ကို ရလိုက်မိပြီး ချင်မူ၏ ခန္ဓာကိုယ်က ခုခံကာကွယ်၍ ပြန်လည်တိုက်ခိုက်ရန် အသင့်အနေအထားသို့ အလိုအလျောက် ပြောင်းလဲသွား၏။ ချင်မူ၏ အရှိန်အဝါ အငွေ့အသက်ကြောင့် ထိုလူငယ်မှာလည်း ခြေလှမ်းများ ရပ်တန့်သွားသည်။

ထိုလူငယ်က သတ်ဖြတ်လိုသော အငွေ့အသက်များ ရစ်သိုင်း လွှမ်းခြုံနေသော်လည်း သူ့အပြုအမူများက ယဉ်ကျေးသိမ်မွေ့လှ၏။ သူက ဦးညွှတ် နှုတ်ဆက်လိုက်သည်။ "ညီငယ်လေးက အသစ်ရောက်လာတာလား..."

ချင်မူကလည်း ပြန်နှုတ်ဆက်လိုက်သည်။ "ဒီရက်ပိုင်းမှ ကျောင်းတော်ကို ရောက်လာတာပါ... အစ်ကိုတော်က အပြင်က အခုမှ ပြန်လာတာပါလား..."

"ငါက အားလပ်ရက်မှာ ရှေ့တန်း စစ်ပွဲကို လိုက်သွားနေတာပါ..."

ထိုလူငယ်က ပြုံးလိုက်၏။ "ငါ့နာမည်က ချန်ဝမ်ယွင်ပါ... ညီငယ်လေးက အခုမှ အသစ်ရောက်တာ ဆိုတော့ လိုအပ်တာ ရှိရင် ငါ့ကို လာရှာပါ..."

ချင်မူကလည်း သူ့နာမည် မိတ်ဆက်၍ လမ်းခွဲလာခဲ့၏။ သူတို့၏ အရှိန်အဝါ အငွေ့အသက်ချင်း အားပြိုင်မှု ပျောက်ကွယ်သွားသည့်အခါမှ စိတ်သက်သာရာ ရသွားကြပြီး ခြေလှမ်းကြဲများနှင့် ထွက်ခွာသွားကြသည်။

"ဒီကျောင်းသားသစ် ညီငယ်လေးက အတော် စွမ်းအားကြီးတာပဲ..." ချန်ဝမ်ယွင်က ချင်မူ့ကို တစ်ချက် နောက်ပြန် လှည့်ကြည့်၍ စိတ်ထဲမှ တွေးလိုက်သည်။

"အစ်ကိုကြီး ပြန်လာပြီ..."

ကျောင်းတော်သားအိမ်ရာမှာ ပျော်ရွှင်မြူးထူးသွားကြ၏။ ကျောင်းတော်သားများစွာမှာ သူတို့၏ နေအိမ်များမှ ထွက်လာပြီး ချန်ဝမ်ယွင်ကို ကြိုဆို နှုတ်ဆက်လိုက်ကြသည်။ ချန်ဝမ်ယွင်က ပြုံးလိုက်၏။ "ငါ့လူတွေ... ငါတို့ ခွဲသွားတာမှ တစ်လလောက်ပဲ ရှိသေးတယ်... အဲလောက် လွမ်းစရာ လိုလို့လား... အာ... မင်းတို့ အကုန်လုံး ဒဏ်ရာတွေနဲ့ပါလား... အစ်မချွီ... နင်တောင် ဒဏ်ရာရထားတာလား... ဘယ်လို ဖြစ်တာလဲ..."

ကျောင်းတော်သားအိမ်ရာမှ ကျောင်းတော်သားများ အားလုံးမှာ အရှက်ရသွားကြ၏။

အစ်မချွီဟု ခေါ်သော ချွီထင်က ရှက်ရှက်နှင့် ပြန်ဖြေလိုက်၏။ "အစ်ကိုကြီး မသိလိုက်ဘူး... ဒီရက်ပိုင်းမှာ မဟာမြို့ပျက်က အစွန့်ပစ်ခံလူ တစ်ယောက် နန်းတွင်းကောလိပ်ကို ရောက်လာတယ်... သူ့ခွန်အားက အတော်ကြီးတာ... ဝင်ခွင့်စာမေးပွဲမှာ သူ့ကြောင့် တာအိုရသေ့လင်းယွင် ဒဏ်ရာရပြီး ဧကရာဇ်ရှေ့မှာ အရှက်ကွဲခဲ့ရတယ်... ဧကရာဇ်ကလည်း သူ့ကို နန်းတွင်းကောလိပ် တက်ခွင့် ပြုခဲ့တယ်... အဲဒီ ဆုံးဖြတ်ချက်ကို မကျေနပ်လို့ သူ့ကို နန်းတွင်းကောလိပ်က ထွက်သွားအောင် ဖိအားပေးဖို့ လုပ်ခဲ့တာ... ကျွန်တစ်ယောက်က ငါတို့ရဲ့ အတန်းဖော် ဖြစ်လာမှာကို ဘယ်လိုလုပ် ထိုင်ကြည့်နေနိုင်မှာလဲ..."

ချန်ဝမ်ယွင်က ပြောလိုက်သည်။ "တာအိုရသေ့လင်းယွင်က သိပ်ကို ထူးချွန်တဲ့ လူတစ်ယောက်ပဲ... လင်းယွင်ကို ဒဏ်ရာရအောင် လုပ်နိုင်တယ် ဆိုတော့ သူ့အစွမ်းအစက မသေးဘူး... မင်းတို့က သူ့ကို ရန်သွားစပြီး အရိုက်ခံလာခဲ့ရတယ် ဆိုပါတော့... အဆင့်တူချင်း ဆိုရင် မင်းတို့ထဲက ဘယ်သူများ လင်းယွင်ကို ယှဉ်နိုင်လို့လဲ..."

ချွီထင်က ငြင်းဆိုလိုက်၏။ "ငါတို့က ဘယ်လို အဆင့်အတန်းမျိုးလဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှာ အစွန့်ပစ်ခံလူတွေက ကျွန်ပဲ... ကျွန်တွေနဲ့ တိစ္ဆာန်တွေနဲ့ ဘာမှ မခြားဘူး... တိရိစ္ဆာန်ကို အတန်းဖော်လုပ်ရင် တခြားသူတွေရဲ့ မျက်လုံးထဲမှာ ငါတို့လည်း တိရိစ္ဆာန် ဖြစ်မသွားဘူးလား... တကယ်ဆိုရင် နန်းတွင်းကျောင်းတော်သားတွေက အဆင့်ရှစ် နန်းတွင်းအရာရှိလေ... ဘယ်လိုလုပ် စွန့်ပစ်ခံ လူတစ်ယောက်ကို အဲရာထူး ပေးလို့ ဖြစ်မှာလဲ... နန်းတွင်းကောလိပ် သိက္ခာကျတယ်... ပြီးတော့ ငါတို့က အဲဒီ စွန့်ပစ်ခံလူရဲ့ အရိုက်ခံခဲ့ရတာ... ငါတို့က ရိုက်တာမဟုတ်ဘူး... နှစ်ခါတောင် အရိုက်ခံခဲ့ရတာ..."

ချန်ဝမ်ယွင်က အံ့အားသင့်သွားပြီး ပြောလိုက်သည်။ "မင်းတို့အားလုံးက သူ့ကို ရိုက်ဖို့ သွားလို့ သူက ပြန်ရိုက်လွှတ်လိုက်တာ မထူးဆန်းပါဘူး... သူ့ကို အပြစ်တင်လို့ မရဘူးလေ... မင်းတို့ ရှုံးသွားတာကို အလွတ်မပေးဘဲ ထပ်ရိုက်တာတော့ သူ့အမှားပဲ..."

ကျောင်းတော်သား အားလုံးမှာ ပိုအရှက်ရမိပြီး နှုတ်ဆိတ်သွား၏။

ချန်ဝမ်ယွင်မှာ သူတို့၏ အမူအရာကို မြင်သောအခါ သံသယ ဝင်သွားသည်။ "သူက မင်းတို့ကို တမင် လိုက်ရိုက်တာ မဟုတ်ဘူးမလား... မင်းတို့က ရှုံးတာကို မကျေနပ်လို့ ပြန်စိန်ခေါ်ပြီး ထပ်အရိုက်ခံခဲ့ရတာ မဟုတ်လား..."

ချွီထင်က ကမန်းကတန်း ပြောလိုက်၏။ "အခုက ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တင် မဟုတ်တော့ဘူး... ငါတို့ ကျောင်းတော်သားအိမ်ရာရဲ့ ဂုဏ်သိက္ခာနဲ့ပါ ဆိုင်သွားပြီ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ကျောင်းတော်သားတွေက တောထဲမှာ နေတဲ့ အရိုင်းအစိုင်းကို ဘယ်လိုလုပ် ရှုံးရမှာလဲ... ဒီကိစ္စကို တစ်တောင်လုံး သိသွားကြပြီ... ဒီကောင်ပဲ သတင်းဖြန့်ပြီး ငါတို့ကို နောက်ဆုတ်စရာ မရှိအောင် လုပ်ခဲ့တာ... ငါတို့ ပစ္စည်းတွေတောင် သိမ်းယူသွားလို့ ပြန်ရွေးယူပြီး ထပ်အရှက်ကွဲခဲ့ရတယ်..."

ချန်ဝမ်ယွင်၏ အမူအရာက သုန်မှုန်သွား၏။ "လွှတ်ပေးလို့ ရတဲ့ အခြေအနေမှာ အလွတ်ပေးသင့်တာပေါ့... ဒီကောင် လုပ်တာ မလွန်လွန်းဘူးလား... မပူတော့နဲ့၊ ဒီကိစ္စ ငါ ဖြေရှင်းလိုက်မယ်... ပြီးတော့ မင်းတို့အားလုံးကလည်း အသုံးမကျလွန်းတယ်... အခုမှ အသစ်ဝင်လာတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အရိုက်ခံရတယ်လို့..."

ကျောင်းတော်သား အားလုံးမှာ ခေါင်းငုံ့လိုက်မိကြသည်။ ချွီထင်က တီးတိုး ရေရွတ်လိုက်၏။ "သူသာ ငါတို့ကို အကွက်ဆင်ပြီး မလုပ်ကြံခဲ့ရင် ငါတို့ ဒီလို အရိုက်ခံရမှာ မဟုတ်ဘူး..."

ချန်ဝမ်ယွင်က သရော်လိုက်၏။ "ငါ အစောက ပြန်ဝင်လာတော့ ချင်မူလို့ ခေါ်တဲ့ ညီငယ်တစ်ယောက်နဲ့ တွေခဲ့တယ်... တကယ် ချီးကျူးဖို့ ကောင်းတဲ့ ကောင်လေးပဲ... တိုက်ပွဲကနေ ပြန်လာတော့ ငါ့ကိုယ်မှာ သတ်ဖြတ်ချင်တဲ့ အရှိန်အဝါ အငွေ့အသက်တွေ မသေသေးဘူး... အဲဒါကို သူက အနားမရောက်ခင်ကို ထောက်လှမ်းနိုင်တယ်... သူ့အရှိန်အဝါ အငွေ့အသက်က ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး ဖိအားပေးလို့ ရပ်ပြီး နှုတ်ဆက်၊ မိတ်ဆက်ခဲ့ရတယ်... နန်းတွင်းကျောင်းတော်သား ဆိုတာ ဒါမျိုး ဖြစ်နေရမယ်..."

သူက လေးနက်သော အသံဖြင့် ဆက်ပြောလိုက်သည်။ "တစ်ခါတုန်းက ဆရာပါ့ရှန်နဲ့ ငါ လိုက်သွားတုန်းတော့ ကောင်းကင်အလံဂိုဏ်းချုပ်နဲ့ ဆုံခဲ့ဖူးတယ်... အဲဒီတုန်းက ဆရာပါ့ရှန်နဲ့ ကောင်းကင်အလံဂိုဏ်းချုပ်က တစ်ယောက်နဲ့ တစ်ယောက် ကပ်သွားရင်း နောက်ဆုံးမှာ ခြေလှမ်းရပ် နှုတ်ဆက်ပြီး ကိုယ်လမ်းကိုယ် သွားခဲ့ကြတယ်... ဘာလို့ အဲလို ဖြစ်တာလဲ ဆိုတာ ငါ မသိခဲ့ဘူး... အခု ညီလေးချင်မူနဲ့ တွေ့မှ ဆရာပါ့ရှန် ကောင်းကင်အလံဂိုဏ်းချုပ်နဲ့ တွေ့တုန်းက ဘယ်လို ခံစားခဲ့ရတယ်ဆိုတာ သိတော့တယ်..."

"သိုင်းလောကမှာ မင်းတို့ မြင်တဲ့ ရိုးရိုးတန်းတန်း နှုတ်ဆက်တာလေးက တိတ်တဆိတ် အားပြိုင်တိုက်ခိုက်မှုတွေ ဖြစ်နေနိုင်တယ်... မင်းတို့အနေနဲ့ အပြင်ထွက် အတွေ့အကြုံ မရှာဘဲ ဒီမှာပဲ ပုန်းခိုနေရင် အဲဒီ ခံစားချက်ကို သိနိုင်မှာ မဟုတ်ဘူး... ဒီလိုမျိုး တိုက်ပွဲတွေကို မမြင်ဖူးထားရင် သေချာပေါက် ရှုံးမှာပဲ..."

ကျောင်းတော်သား အားလုံးမှာ ပို၍ ပို၍ အရှက်ရသွားသည်။ ချွီထင်က တီးတိုး ပြောလိုက်၏။ "မောင်လေးချန်... ငါတို့ကို ရိုက်သွားတဲ့ စွန့်ပစ်ခံကောင်က ချင်မူလို့ ခေါ်တယ်..."

"သူလား..."

ချန်ဝမ်ယွင်မှာ အနည်းငယ် မှင်တက်မိသွားပြီး အတွေးနက်သွား၏။ "အံ့ဩစရာ မရှိပါဘူး... မင်းတို့အားလုံး ရှုံးတာ မဆန်းဘူး... မင်းတို့ကို အနိုင်ယူဖို့ သူက ချောင်းတိုက်စရာ လိုသေးမှာလား..."

ရုတ်တရက် လွှတ်ခနဲ အော်သံ တစ်သံ ထွက်ပေါ်လာသည်။ "အစ်မချင်းဟုန် ပြန်လာပြီ..."

All Chapters