လက်နက်ထုတ်
Vol. 10 Ch. 127
ချန်ဝမ်ယွင် လှည့်ကြည့်လိုက်သောအခါ အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုလေး တစ်ဦး ကျောင်းတော်သားအိမ်ရာထဲသို့ ဝင်လာသည်ကို မြင်လိုက်ရ၏။
ထိုမိန်းကလေး၏ အဝတ်အစားများက သပ်ရပ်ကြော့ရှင်းနေပြီး ဆံအုပ်တစ်ခုဖြင့် သူမ၏ လှပသော ဆံနွယ်များကို ထုံးခွေကာ ရွှေဓားပုံ ဆံထိုးတစ်ချောင်း ထိုးစိုက်ထားသည်။ သူမကလည်း အဝေးတစ်နေရာမှ အပြင်းနှင်လာပြီး ခရီးပန်းနေသည့် အသွင်ရှိကာ ယခုမှ သင်္ဘောဆိပ်က ဆင်းလာပုံ ပေါ်သည်။ သူမ၏ နောက်တွင် အရပ်အမောင်း အလွန်တရာ မြင့်မားသည့် လူထွားကြီး တစ်ယောက် ရပ်နေ၏။ သူ့အရပ်က လူ့အရပ် နှစ်ဆ ရှိကာ ကြွက်သားများ အမြှောင်းမြှောင်း ထ၍ တိုက်ပွဲ အတွေ့အကြုံ ပြည့်ဝနေသည့်ဟန် ပေါ်သည်။
ထိုလူထွားကြီးက မိန်းမပျိုလေး၏ အိတ်ကို သယ်၍ သူမနောက်မှ လိုက်လာ၏။
ယွဲ့ချင်းဟုန်က လူထွားကြီးကို ခေါ်ဆောင်၍ ဝင်လာပြီး သူမကို လာရောက် ကြိုဆို နှုတ်ဆက်သော ကျောင်းတော်သားများကို ဂရုမစိုက်ဘဲ ချန်ဝမ်ယွင်ထံသို့ အကြည့်ရောက်သွားကာ သူ့ထံ လျှောက်သွားလိုက်သည်။
သူတို့ နှစ်ယောက် သုံးကိုက်အကွာသို့ ရောက်သောအခါ ယွဲ့ချင်းဟုန်က ခြေလှမ်းများ ရပ်လိုက်ပြီး သူ့နောက်မှ လူထွားကြီးကလည်း ရပ်တန့်လိုက်သည်။
"အစ်ကိုကြီး..." ယွဲ့ချင်းဟုန်က နှုတ်ဆက်လိုက်၏။
ချန်ဝမ်ယွင်ကလည်း ပြန်နှုတ်ဆက်လိုက်သည်။ "ညီမလေးယွဲ့... ဘယ်က ပြန်လာတာလဲ..."
ယွဲ့ချင်းဟုန်က ပြုံးလိုက်သည်။ "ကျွန်မက ဝံပုလွေအသိုက်နယ်မြေက ပြန်လာတာပါ... အစ်ကိုကြီးလည်း အတွေ့အကြုံ ရအောင် စစ်မြေပြင်ကို သွားခဲ့တာဆို..."
ချန်ဝမ်ယွင်က ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်... ငါက မန်သီလူရိုင်းနယ်မြေ စစ်မြေပြင်ကို သွားပြီး လူရိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာ... ညီမလေးက အတော် တိုးတက်လာတာပဲ..."
ယွဲ့ချင်းဟုန်က ပြုံးလိုက်သည်။ "အစ်ကိုကြီးလည်း တိုးတက်လာတာပဲ... အစ်ကိုကြီးကို ကျွန်မ နိုင်ဦးမှာ မဟုတ်ဘူးနဲ့ တူတယ်... ကံကောင်းတာက ဝံပုလွေအသိုက်နယ်မြေမှာ ဝံပုလွေကျွန်တစ်ယောက် ရခဲ့တာပဲ... ဝံပုလွေကျွန်... အစ်ကိုကြီးကို နှုတ်ဆက်လိုက်ဦး..."
သူမ၏ နောက်မှ လူထွားကြီးက အထုပ်အပိုးများကို ဘုတ်ခနဲ ပစ်ချ၍ ရုတ်တရက် လက်ဆန့်ကာ ချန်ဝမ်ယွင်ကို ဖမ်းဆွဲလိုက်သည်။
သူ၏ အရှိန်အဝါ အငွေ့အသက်က မီးတောက်မီးလျှံများကဲ့သို့ ပူပြင်းလောင်မြိုက်ပြီး လက်ဆန့်၍ ဖမ်းဆွဲလိုက်သောအခါ လေထုမှာ တစ်မဟုတ်ချင်း ခြောက်သွေ့၍ သဲမှုန်များ ရစ်သိုင်းလာ၏။ ဘေးနားမှ ရပ်ကြည့်နေသော သူများမှာ တရှိန်ရှိန် တောက်လောင်နေသော နေမင်းကြီးက သူတို့၏ မျက်နှာကို လာဟပ်သကဲ့သို့ ခံစားလိုက်ရသည်။
ဝံပုလွေကျွန်၏ ရင်ဘတ်၌ နဂါးဝံပုလွေ အမှတ်အသားများ ပေါ်ထွက်လာ၏။ ကျောင်းတော်သားများမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဤနဂါးဝံပုလွေ အမှတ်သားများက ဝိညာဉ်ခန္ဓာလေးခုအနက်မှ တစ်ခု၏ အသွင်ပြောင်းဗီဇကွဲ ဝိညာဉ်ခန္ဓာ ဖြစ်ပြီး နဂါးဝံပုလွေဝိညာဉ်ခန္ဓာဟု ခေါ်၏။ ဝံပုလွေအသိုက်နယ်မြေ၏ အထွတ်အမြတ် အမှတ်အသား ဖြစ်သည်။
ချန်ဝမ်ယွင်က မျက်တောင်တစ်ချက် မခတ်ဘဲ လက်ဖဝါးကို မြှောက်၍ ဝံပုလွေကျွန်၏ လက်ဖဝါးကြီးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ဝုန်းခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး ချန်ဝမ်ယွင်၏ အဝတ်အစားများ တဖျပ်ဖျပ် လှုပ်ခါသွား၏။ ဝံပုလွေကျွန်၏ ခန္ဓာကိုယ်ကြီးမှာလည်း အနည်းငယ် ယိမ်းယိုင်သွားပြီး ချန်ဝမ်ယွင်ကို ကြည့်သောအကြည့်က ပြောင်းလဲသွားသည်။ အက်ကွဲကွဲ အသံဖြင့် ပြောလိုက်၏။ "မင်းက မဆိုးဘူးပဲ..."
"အတူတူပါပဲ..."
ချန်ဝမ်ယွင်က ပြုံးလိုက်သည်။ "ညီမလေးယွဲ့က ဝံပုလွေကျွန်တစ်ယောက် သိမ်းသွင်းနိုင်ခဲ့တယ် ဆိုတော့ ညီမလေးရဲ့ စွမ်းအားက တစ်ဟုန်ထိုး တိုးတက်လာတယ် ပြောရမှာပဲ..."
ရုတ်တရက် အေးချမ်းသာယာသော အသံတစ်သံက ရယ်မောလိုက်သည်။ "အစ်မယွဲ့နဲ့ အစ်ကိုကြီး... ခင်ဗျားတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် မြှောက်ပင့်နေကြပြန်ပြီလား... ဘယ်တော့မှများ ကျွန်တော့်လို အေးအေးချမ်းချမ်း နေနိုင်မှာလဲ..."
နောက်ထပ် လူငယ်တစ်ယောက် ရောက်လာ၏။ သူ့ခေါင်းတွင် ဆံပင်မရှိချေ။ အဖြူရောင် သင်္ကန်းကို ဝတ်ဆင်၍ ဘုန်းကြီး တစ်ပါးနှင့် တူသော်လည်း ခေါင်းပေါ်တွင် မည်သည့် အမှတ်အသားမျှ မရှိ။
"ညီလေးယွင်ချွယ်..." ချန်ဝမ်ယွင်က နှုတ်ဆက်လိုက်၏။
ဤကိုယ်တော်လေးက ဗုဒ္ဓကျင့်စဉ်ကို ကျင့်နေသည် ဖြစ်သော်လည်း ဘုန်းကြီး တစ်ပါး၏ စိတ်နေစိတ်ထားမျိုး မရှိသည်မှာ သိသာ၏။ သူက အပြိုင်အဆိုင် ပြင်းထန်ပြီး တိုက်ချင်ခိုက်ချင်စိတ် များသည်။ "ကျွန်တော်က လီမြစ်ကို သွားခဲ့တာ... အဲမှာ လီမြစ်ဓားဂိုဏ်းက ပျက်စီးသွားပြီ ဆိုတော့ တခြားသိုင်းဂိုဏ်းတွေက ထကြွသောင်းကျန်းနေကြတယ်... နန်းတွင်းတပ်ဖွဲ့နဲ့ လိုက်သွားပြီး ပုန်ကန်သူတွေကို နှိမ်နင်းခဲ့တယ်... ဒီရက်တွေမှာ အတွေ့အကြုံ အတော်ရခဲ့တာ ဆိုတော့ အစ်ကိုကြီးချန်နဲ့ အစ်မကြီးယွဲ့ဆီက သွန်သင်ပြသမှုလေး တောင်းခံချင်ပါသေးတယ်..."
ယွဲ့ချင်းဟုန်၏ မျက်ဝန်းများကလည်း လှုပ်ခတ်သွား၏။ "ကျွန်မတို့ နန်းတွင်းကောလိပ်ကို စဝင်ကတည်းက ပြိုင်ဆိုင် တိုက်ခိုက်ခဲ့ကြပေမဲ့ အစ်ကိုချန်ထက် အမြဲတမ်း ခြေတစ်လှမ်း နောက်ကျနေလို့... အစ်ကိုချန်က ကျောင်းတော်သားအိမ်ရာရဲ့ အစ်ကိုကြီး ဖြစ်ခဲ့တယ်... ဒါပေမဲ့ အခု အတွေ့အကြုံတွေ ထွက်ရှာပြီးသွားကြတော့ ကျောင်းတော်သားအိမ်ရာမှာ အစ်ကိုကြီးဆိုတာ မရှိတော့ဘဲ အစ်မကြီးပဲ ရှိလာတော့မယ် ထင်တယ်..."
ချန်ဝမ်ယွင်က မတုန်မလှုပ် ပြန်ပြောလိုက်သည်။ "ငါလည်း နယ်စပ်မှာ လူရိုင်းတွေကို သတ်ပြီး အရင်ကထက် အစွမ်းအစ ပိုတိုးလာပါတယ်... ငါရဲ့ သတ်ချင် ဖြတ်ချင်စိတ်က ပြင်းထန်လွန်းတော့ မင်းတို့နှစ်ယောက်ကို တိုက်ရင်းခိုက်ရင်းနဲ့ လက်လွန်သွားမှာတောင် စိုးရိမ်မိတယ်... ဒါပေမဲ့ ကျောင်းတော်သားအိမ်ရာကို အခုမှ ဝင်လာတဲ့ ကျောင်းသားသစ်တွေထဲမှာ စွမ်းအားကြီးပြီး ကြမ်းတမ်းရက်စက်တဲ့ လူတစ်ယောက်ရှိတယ်... ကျောင်းတော်သားအိမ်ရာက ကျောင်းသား အကုန်နီးပါး သူ ရိုက်တာ ခံခဲ့ရတယ်... မင်းတို့ထဲက ဘယ်သူဖြစ်ဖြစ် သူ့ကို နိုင်ခဲ့ရင် အစ်ကိုကြီးနေရာကို ငါ စွန့်လွှတ်လိုက်မယ်..."
ယွဲ့ချင်းဟုန်၏ မျက်လုံးများ အရောင်တောက်သွား၏။ "နောင်တမရကြေးနော်..."
ချန်ဝမ်ယွင်က ပြုံးလိုက်သည်။ "ငါ၊ ချန်ဝမ်ယွင်က ဘယ်တုန်းကများ ပြောပြီးသားစကား ပြန်ရုပ်သိမ်းဖူးလို့လဲ... အဲတစ်ယောက်က ချင်မူလို့ ခေါ်တယ်... ရွှေချည်ထိုး ဝတ်စုံ ဝတ်ထားပြီး ဘေးနားမှာ မြေခွေးဖြူလေး တစ်ကောင် ပါတယ်... မြင်တာနဲ့ တန်းသိနိုင်ပါတယ်... အစောက တောင်အောက် ဆင်းသွားတာ ငါ မြင်လိုက်တယ်... မကြာခင် ပြန်လာတော့မယ် ထင်တယ်..."
ယွင်ချွယ်က တစ်မဟုတ်ချင်း ခုန်ထွက်သွားပြီး တဟားဟား ရယ်မောလိုက်သည်။ "အဲဒီ ချင်မူကို ငါကိုယ်တော် သွားချေချွတ်မယ်... အစ်မယွဲ့... ကျုပ်ကို လာမနှောင့်ယှက်နဲ့နော်... တစ်ခါလောက်တော့ အစ်ကိုကြီး လုပ်ခွင့်ပေး..."
အစ်မယွဲ့က သူ ထွက်သွားသည်ကို ကြည့်၍ ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်သည်။ "ဟွန့်... ဒီခေါင်းတုံးက တစ်ချိန်လုံး သိက္ခာတော်ရ ဘုန်းတော်ကြီးလို လုပ်နေတယ်... ပြီးရင် သူပဲ စိတ်မရှည်ဆုံး... အစ်ကိုကြီးချန်တောင် သူ့ကို ဆူးညှောင့်ခလုတ်လို့ မြင်နေရင် သေချာပေါက် ရင်ဆိုင်ရ လွယ်မှာ မဟုတ်ဘူး... အစ်မချွီ... အစ်မတို့ အားလုံး အဲဒီ ချင်မူ ရိုက်တာ ခံခဲ့ရတာလား..."
အစ်မချွီနှင့် ကျန်သူ အားလုံးမှာ အရှက်ရသွား၏။
ယွဲ့ချင်းဟုန်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး မေးလိုက်သည်။ "အဲဒီ ချင်မူက ဘယ်လို သိုင်းကွက်မျိုး သုံးလဲ ပြောပြပါလား..."
သူမက စေ့သပ်သေချာသူ ဖြစ်ပြီး အားလုံးကို ချင်မူ သုံးခဲ့သော သိုင်းကွက်များ လိုက်မေးလိုက်၏။ အတန်ကြာပြီးနောက် ယွဲ့ချင်းဟုန် အတွေးတစ်ခု ပေါ်လာသည်။ "အဲတစ်ယောက်က မှော်သိုင်း၊ လက်ဝါးသိုင်း သုံးတယ်... ဓားသိုင်းတော့ မသုံးဘူး... ဓားသိုင်း သိပ်ကျွမ်းမှာ မဟုတ်လောက်ဘူး..."
ချွီထင်က ကမန်းကတန်း ပြောလိုက်၏။ "ညီမလေး... ဝင်ခွင့်စာမေးပွဲတုန်းက သန့်စင်ယန်ခန်းမသခင်၊ တာအိုရသေ့လင်းယွင်ကို သစ်သားဓားတစ်ချောင်းနဲ့ အနိုင်ယူခဲ့တာ..."
"တာအိုရသေ့လင်းယွင် ဟုတ်လား..."
ယွဲ့ချင်းဟုန်မှာ အံ့အားသင့်သွားပြီး မေးလိုက်သည်။ "ဘယ်နှကွက် သုံးခဲ့တာလဲ..."
"တစ်ကွက်တည်းပဲ..."
ယွဲ့ချင်းဟုန်၏ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ "တာအိုရသေ့လင်းယွင်ကို အဆင့်တူမှာ အနိုင်ယူဖို့က မခက်ပါဘူး... ငါလည်း လုပ်နိုင်တယ်... ဒါပေမဲ့ တစ်ကွက်တည်းနဲ့ အနိုင်ယူဖို့က မဖြစ်နိုင်ဘူး... အစ်မတို့ အားလုံးကိုလည်း လက်သီးသိုင်း၊ မှော်သိုင်း တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တာ... လမ်းစဉ် သုံးခုလုံးမှာ ကျွမ်းကျင်နေတာလား... အားနည်းချက် မရှိဘူးလား... မဖြစ်နိုင်ဘူး... ဒီတစ်ခေါက် ဝံပုလွေအသိုက် နယ်မြေရဲ့ စစ်မြေပြင်မှာတောင် အတွေ့အကြုံ ရင့်ကျက်တဲ့ အကြီးတွေရဲ့ အားနည်းချက်ကို မြင်နိုင်ခဲ့သေးတာ... အခုမှ နန်းတွင်းကောလိပ် ဝင်ခါစ ကျောင်းသားသစ်မှာ အားနည်းချက် မရှိဘဲ နေမလား... ယွင်ချွယ် သူနဲ့ စိန်ခေါ်တိုက်ခိုက်တာကို လိုက်ကြည့်ရင် အခြေအနေ သိရမှာပဲ..."
ထို့နောက် အထုပ်အပိုးများကို ချ၍ ဝံပုလွေကျွန်ကို ခေါ်ကာ ထွက်သွားလိုက်သည်။
ချင်မူက မြေခွေးလေးကို ခေါ်၍ မြို့တော်ရှိ အဆင့်မြင့် စားသောက်ဆိုင်သို့ သွားကာ စားကောင်းသောက်ဖွယ်များ မှာယူပြီး အားရပါးရ စားသောက်လိုက်ကြသည်။ ထူးထူးခြားခြား စိတ်ကောင်းပေါ်လာသော ချင်မူက ဟူလင်းအာအတွက် အရက်တစ်အိုး မှာပေးပြီး သူလည်း နှစ်ခွက် ဝင်သောက်လိုက်၏။ သူတို့နှစ်ယောက်၏ ဗိုက်များက ဖောင်းကားသွားသည်။
ဟူလင်းအာက မူးယစ်ရီဝေနေပြီး လေပွေကို ဆင့်ခေါ် ထိန်းချုပ်၍ စီးမျောလိုက်ပါကာ ချင်မူနှင့်အတူ နန်းတွင်းကောလိပ်သို့ ပြန်လာကြသည်။ ဤမြေခွေးလေးက အရက်မူးလာသောအခါ သူ၏ ပုံစံအမှန် ပေါ်လာ၏။ မှော်မိစ္ဆာလေပေါ်တွင် ရှေ့ခြေများကို ဆန့်ဆန့်ကြီး လုပ်၍ မလှုပ်မယှက် ဝမ်းလျားထိုး လိုက်ပါလာသည်။ သူ့မျက်လုံးများက ရှေ့တူရူသို့ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး ဗိုက်ကလည်း တင်းကားနေ၏။
ချင်မူက နှစ်ခွက်သာ သောက်ခဲ့သဖြင့် မည်သို့မျှ မနေချေ။ အပြန်လမ်းတွင် မြို့တော်၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလှအပများကို ရှုစားလာခဲ့၏။ မြို့တော်က တခြားနေရာများထက် သာယာလှပပြီး ဤနေရာမှ မထွက်ခွာချင်အောင် ဆွဲဆောင်နိုင်စွမ်း ရှိသည်။
သူတို့နှစ်ယောက်က တောင်တံခါးမှ ဖြတ်ဝင်လာခဲ့သည်။ ချင်မူ မြေခွေးလေး၏ မျက်နှာရှေ့တွင် လက်ကို လှုပ်ယမ်းလိုက်၏။ ဟူလင်းအာ၏ မျက်လုံးများက မလှုပ်မယှက် ပြူးကျယ်ဝိုင်းစက်နေဆဲ ရှိပြီး လည်ချောင်းထဲမှ တခေါခေါ ဟောက်သံများ ထွက်နေသည်။ လက်စသတ်တော့ သူမက အမူးလွန်အိပ်ပျော်နေပြီး မှော်မိစ္ဆာလေကို ဆက်ထိန်းချုပ်၍ ရှေ့သို့ ရွေ့လျားနေစေခြင်းပါလား…။
ချင်မူ ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်သွားသည်။ မြေခွေးဖြူလေးကို မှော်မိစ္ဆာလေပေါ်မှ ချီမ၍ သူ့ကုပ်ပေါ် တင်ပေးလိုက်၏။ ဟူလင်းအာ၏ ကိုယ်က သူ့ကုပ်ပေါ် လေးလံစွာ ပိကျ၍ ရစ်ခွေနေသည်။ သူမ၏ အမြီးက ချင်မူ၏ ရင်ဘတ်ရှေ့တွင် တွဲလောင်းကျနေပြီး ခန္ဓာကိုယ်ကို တစ်ချက်၊ နှစ်ချက် လူးလွန့်၍ နေရာပြင်ကာ ဆက်အိပ်သွားတော့သည်။
"အရက်လည်း အများကြီး မသောက်နိုင်ဘဲနဲ့ အရက်ကြိုက်နေသေးတယ်..."
ချင်မူက ခေါင်းခါ၍ တောင်ပေါ်သို့ ဆက်တက်သွားလိုက်သည်။ ဟူလင်းအာမှာ ချင်မူ၏ လည်ကုပ်က သက်သောင့်သက်သာ ရှိလှသည်ဟု ထင်နေဟန် ရှိပြီး အိပ်မောကျသွား၏။
တောင်စွန်းပြတ် တစ်ခုနား ရောက်သောအခါ ချင်မူ၏ ခြေလှမ်းများ ရုတ်တရက် နှေးကျသွားသည်။ ဟူလင်းအာမှာ ချင်မူ၏ လည်ကုပ်၌ ဆူးချွန်များ ထောင်လာသကဲ့သို့ ခံစားရသဖြင့် လူးလှိမ့် နေရာပြောင်းလိုက်သော်လည်း စူးရှရှ ခံစားချက်က ရနေဆဲ ဖြစ်၏။
မြေခွေးလေးမှာ ထပ်၍ နေရာပြင်လိုက်သော်လည်း သက်သောင့်သက်သာ မရှိချေ။ ချင်မူက ဖြူကောင် တစ်ကောင်အဖြစ် ပြောင်းသွားသကဲ့သို့ပင် ထင်ရ၏။ အိပ်ချင်မူးတူး မျက်လုံးများကို ဖြဲဖွင့်၍ လက်ဖဝါးလေး ဆန့်ကာ ချင်မူ့လည်ကုပ်ကို စမ်းကြည့်လိုက်သည်။ မည်သည့် ဆူးချွန်ကိုမျှ မတွေ့သော်လည်း စူးရှရှ ခံစားချက်က ရနေဆဲ ရှိ၏။
"သခင်လေးက သူရဲ့ ပုံစံအမှန်ကို ပြလာတာများလား..."
မြေခွေးဖြူလေး ဝေခွဲမရ ရှိနေဆဲတွင် ချင်မူက ရပ်တန့်သွား၏။
ထိုအခါမှ ချင်မူ့ရှေ့ရှိ တောင်စွန်းပေါ်တွင် လူတစ်ယောက် ရပ်နေသည်ကို ဟူလင်းအာ သတိပြုမိသွားသည်။ ထိုသူ၏ အဖြူရောင် သင်္ကန်းစက တဖျပ်ဖျပ် လွင့်နေပြီး သူတို့ကို တောင်စွန်းပေါ်မှ လှမ်းကြည့်နေ၏။
"ချင်မူဆိုတာလား..." အဖြူရောင် သင်္ကန်းနှင့် ကိုယ်တော်က မေးလိုက်သည်။
ချင်မူ ခေါင်းညိတ်လိုက်၏။ "မှန်ပါတယ်... ဘယ်သူများလဲ..."
အဖြူရောင် သင်္ကန်းနှင့် ကိုယ်တော်က ခန္ဓာကိုယ်ရှေ့တွင် လက်ဖဝါး တစ်ဖက် မြှောက်၍ ဗုဒ္ဓရှင်တော်မြတ် တစ်ပါးကဲ့သို့ အသွင်ဆောင်ကာ တည်ကြည်အေးချမ်းသော အသံဖြင့် ပြောလိုက်၏။ "မင်းက အထိန်းအကွပ်မဲ့ သောင်းကျန်းခဲ့တဲ့အတွက် ဒီကိုယ်တော်လေးက ချေချွတ်ဖို့ ရောက်လာတာပဲ... မင့်လက်နက် ထုတ်ပါ..."
ချင်မူက ဇဝေဇဝါ ဖြစ်သွားသည်။ "ကိုယ်တော်လေး... ကိုယ်တော့်နာမည်ကို မပြောရသေးဘူးလေ..."
အဖြူရောင် သင်္ကန်းနှင့် ကိုယ်တော်၏ မျက်နှာက ရွှင်မြူးစိတ်လှုပ်ရှားသည့် အမူအရာဖြင့် ပြည့်လာပြီး ဗုဒ္ဓသွင်ပြင် ပျောက်ကွယ်သွားသည်။ တောင်စွန်းပေါ်မှ ဦးစိုက်ခုန်ချ၍ ချင်မူ့ကို လက်ဦးမှု ရယူတိုက်ခိုက်ကာ ပြုံးလိုက်သည်။ "ငါ့ရဲ့ ချေချွတ်တာ ခံယူပြီးရင် အလိုလို နာမည် သိလာပါလိမ့်မယ်..."
သူ့ခန္ဓာကိုယ်က လေထဲတွင် ရှိနေစဉ်၌ နဂါးတွန်သံ တစ်သံနှင့် ဆင်အော်သံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ ချင်မူ ခေါင်းမော့ကြည့်လိုက်သောအခါ ဆင်ဖြူတော် တစ်ကောင်ကို စီးနင်း၍ နဂါးတစ်ကောင် ရစ်ခွေထားသော ဗုဒ္ဓရှင်တော် တစ်ပါးက ရောင်ခြည်တော်များ ကွန့်မြူးပြီး သက်ဆင်းလာသည်ကို မြင်လိုက်ရသည်။
ဤသည်က အဖြူရောင် သင်္ကန်းနှင့် ကိုယ်တော်၏ ချီစွမ်းအင်ဖြင့် ဖန်ဆင်းထားသော ပုံရိပ် ဖြစ်၏။ သူ၏ ချီစွမ်းအင်က အခြား ကျောင်းတော်သားများထက် များစွာ သိပ်သည်းနက်ရှိုင်းပြီး တာအိုရသေ့ လင်းယွင်အောက် များစွာ နိမ့်ကျခြင်း မရှိပေ။
ဤသို့သော တိုက်ခိုက်မှုမျိုးက လက်သီးသိုင်းနှင့် မှော်သိုင်း ရောစပ်ထားခြင်း ဖြစ်သည်။ မှော်သိုင်း သံစဉ်များက စိတ်ဝိညာဉ်ကို ဦးတည် တိုက်ခိုက်ပြီး ရစ်ခွေနေသော နဂါးနှင့် စီးနင်းလာသော ဆင် လက်သီးသိုင်းက ရုပ်ခန္ဓာကို ဦးတည် တိုက်ခိုက်၏။
ထိုတိုက်ခိုက်မှု နှစ်မျိုးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး တွန်ကျူးနေသည့် ရစ်ခွေနဂါးနှင့် မြည်ကြွေးအော်ဟစ်နေသည့် စီးတော်ဆင်၏ ပုံရိပ် ဖွဲ့တည်လာခြင်း ဖြစ်သည်။ ဤတိုက်ခိုက်မှုက ကောင်းကင်နတ်သိုင်းအဆင့်သို့ ရောက်လုနီးပြီ ဖြစ်ပြီး အဖြူရောင် သင်္ကန်းနှင့် ကိုယ်တော်၏ အစွမ်းအစ မြင့်မားမှုကို ဖော်ပြနေ၏။
ချင်မူ၏ စိတ်အားများ အကြီးအကျယ် တက်ကြွလာပြီး စိတ်လှုပ်ရှားလာ၏။
နောက်ဆုံးတော့ ထိပ်သီး ပညာရှင် တစ်ယောက်နှင့် တွေ့ချေပြီ။
မြို့တော်သို့ စရောက်ကတည်းက သူ တွေဆုံခဲ့ရသမျှ ကျောင်းတော်သားများမှာ ချွီထင်လိုသာ ဖြစ်သည်။ တာအိုရသေ့ လင်းယွင်ကဲ့သို့ အဆောင်မှူးများပင် သူ့ဓားချက် တစ်ချက်ကို မခံနိုင်ခဲ့ရာ သူ့စိတ်တိုင်းကျ မတိုက်ခိုက်ခဲ့ရချေ။
အမည်မဖော်လိုသော အဖြူရောင် သင်္ကန်းနှင့် ကိုယ်တော်က စွမ်းအားမြင့်သောသူ တစ်ယောက် ဖြစ်သည်မှာ သိသာ၏။ သူ၏ တိုက်ချင်ခိုက်ချင်စိတ်များ ရုန်းကြွလှုပ်ရှားလာသည်။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာသို့ ခြေချကတည်းက မြို့ကြီးသား ပီသရန် ကြိုးစားခဲ့ရသည်ကို သူ စိတ်ကုန်နေပြီ ဖြစ်သည်။ သူ့အသွေးအသားအရိုးထဲ၌ မဟာမြို့ပျက်၏ အရိုင်းနယ်မြေမှ နတ်ဘုရားတို့ စွန့်ပစ်ထားသော လူတစ်ယောက် အဖြစ်သာ ရှိနေဆဲ မဟုတ်လား။ နတ်ဘုရားတို့ပင် ဂရုမစိုက်၊ စွန့်ပစ်ခံရသော လူတစ်ယောက် အနေဖြင့် ဓားမတစ်လက်ဖြင့် မြစ်ထဲ ဆင်း၍ ရေနဂါးများကို သတ်ရဲသကဲ့သို့ တောင်ပေါ်တက်၍ ဆန်းကြယ်သားရဲများကိုလည်း ဖမ်းဆီးရဲသည်။