တိမ်ခြေရာ စာကလေးအရိပ်
Vol. 10 Ch. 128
ချင်မူက တဟားဟား အော်ရယ်၍ သူ့ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ခါကာ ဟူလင်းအာကို အဝေးသို့ ပို့လိုက်၏။ ထို့နောက် ဒူးနှစ်ဖက်ကို ကွေးညွှတ်ပြီး အထက်သို့ ရုတ်တရက် ခုန်တက်ကာ လက်နှစ်ဖက်ဆန့်၍ ဆင်စီး၊ နဂါးရံလာသော ဗုဒ္ဓပုံရိပ်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
မိုးကြိုးရှစ်ချက် လက်သီးသိုင်း၏ ဆဋ္ဌမသိုင်းကွက်၊ မိုးကြိုးလွှမ်းခြုံ ဗုဒ္ဓတစ်သောင်း...။
ဘုန်း...။
မိုးခြိမ်းသံ ထွက်ပေါ်လာသည်နှင့် တစ်ဆက်တည်း လူရိပ်တစ်ခုက ကောင်းကင်ယံသို့ ထိုးတက်၍ အခြား တစ်ယောက်က လျင်မြန်စွာ ထိုးဆင်းလာသည်။
ချင်မူ၏ မျက်လုံးထဲ၌ ရူးရူးမိုက်မိုက် သွင်ပြင် ပေါ်လာပြီး အောက်သို့ ထိုးဆင်းလာသည့် လူရိပ်ကို ခေါင်းမော့ကြည့်လိုက်သည်။ ယွင်ချွယ်မှာ မြေပြင်ပေါ်သို့ ခြေချမိသည်နှင့် နားထဲတွင် မိုးခြိမ်းသံများ ကြားလိုက်ရပြီး ချင်မူ၏ လက်သီးချက်များ သူ့ထံ တိုးဝင်လာသည်ကို မြင်လိုက်ရသည်။ လက်သီးချက်တိုင်းက စိတ်နှလုံး ဝိညာဉ်ကို ဖျစ်ညှစ်ဆုပ်ချေနိုင်သော မိုးခြိမ်းသံ တဂျိမ်းဂျိမ်း တွဲဖက်ပါဝင်လာ၏။
ဘုန်း...၊ ဘုန်း...၊ ဘုန်း...။
ချင်မူ၏ ခြေလှမ်းများက ဆင်ကြီးတစ်ကောင် မြေပြင်ပေါ် တဝုန်းဝုန်း နင်းချနေသကဲ့သို့ လေးလံပြင်းထန်လှသည်။ သူ့ကိုယ်ပေါ်မှ ကြွက်သားမြှောင်းများ အားလုံး တဆတ်ဆတ် တုန်ခါ၍ ခွန်အားကို အဆုံးစွန်ထိ မြှင့်တင်လိုက်၏။
လက်သီးနှစ်ခု ထိပ်တိုက်တွေ့သွားသောအခါ ယင်ချွယ် မျက်နှာပျက်သွား၏။ တစ်ဘက်လူ၏ ချီစွမ်းအင်က အဆုံးအစမဲ့ သိပ်သည်းများပြားလှပြီး သူ့ချီစွမ်းအင်ကို ဝါးမျိုဖျက်ဆီးပစ်သည်။
သူ့ခြေကွက်များကို ကမန်းကတန်း ရွှေ့ပြောင်းလှုပ်ရှား၍ ချင်မူ၏ လက်သီးချက်များကို အသည်းအသန် ခုခံကာကွယ်ရင်း နောက်ဆုတ်သွားရ၏။ သူ၏ အံ့မခန်း ဆန်းကြယ်သော သိုင်းကွက်များ၊ လှည့်ကွက်များကို ထုတ်သုံးနိုင်ခြင်း မရှိဘဲ တစ်ဘက်လူ၏ လက်သီးချက်ကို သူ့လက်သီးသက်သက်ဖြင့်သာ ခုခံနေရသလို ခံစားရလာသည်။
သူ၏ သိုင်းကွက်များ၊ မှော်ဂါထာများကို ထုတ်သုံးရန် အချိန်မရသကဲ့သို့ အခွင့်အရေးလည်း မရချေ။
"ကြာပလ္လင်မုဒြာ၊ ကြာပွင့်ရတနာခန္ဓာ၊ ရတနာပန်းအိုးမုဒြာ..."
ယွင်ချွယ်က တစ်ချက် မာန်သွင်းအော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ပတ်လည်၌ ရွှေရောင် အလင်းတန်းတစ်ခု တောက်ပလင်းလက်လာသည်။ သူ၏ လက်ဟန်မုဒြာ ထုတ်ဖော် ပြီးစီးသွားသည်နှင့် သူ့ခြေထောက်အောက်၌ ကြာပလ္လင်တစ်ခု ပေါ်လာပြီး ခန္ဓာကိုယ် ပတ်ပတ်လည်တွင် သက္ကတဘာသာစကား စာလုံးများ ဝန်းရံလှည့်ပတ်လာသည်။ ထိုသက္ကစာလုံးများက ရတနာပန်းအိုးအသွင် ဖွဲ့စည်းသွားပြီး ယင်ချွယ်ကို အိုးမိုးကာကွယ်လိုက်၏။
ချင်မူက လက်သီးတစ်ချက် ထပ်ထိုးလိုက်ရာ မိုးခြိမ်းသံကြီး အုန်းခနဲ ပေါ်ထွက်လာသည်။ ရွှေခေါင်းလောင်း၊ ကြာပလ္လင်၊ ရတနာပန်းအိုး... မည်သည့်အရာမျှ တောင့်ခံနိုင်ခြင်း မရှိဘဲ တစ်စစီ ပြိုကွဲပြယ်လွင့်သွား၏။ ယန်ချွယ်၏ လက်သီးများမှာ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရပြီး ဖြူသန့်နေသော သင်္ကန်းပေါ်သို့ သွေးများ ဖြာခနဲ ကျသွားသည်။ ရဲရဲနီသွားသော အစွန်းကွက်များက ဇီးပန်းနီနီများနှင့်ပင် တူနေ၏။
သို့သော်လည်း ထိုဇီးပန်းနီနီများက တစ်ခဏအတွင်း မှိန်ဖျော့ပျောက်ကွယ်သွားသည်။ ထိုအဖြူရောင် သင်္ကန်းက စွန်းထင်းညစ်ပေခြင်း မရှိသော ရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။
ယွင်ချွယ်၏ လက်နှစ်ဖက်စလုံး ပျော့ခွေသွားပြီး ပင့်မြှောက်နိုင်ခြင်း မရှိတော့ချေ။ သူ၏ လှုပ်ရှားမှုများက နှေးကျသွားပြီး အခြေအနေ မကောင်းတော့ကြောင်း သိလိုက်၏။ ချင်မူ၏ လက်သီးချက်က သူ့မျက်နှာတည့်တည့်သို့ တိုးဝင်လာပြီး နောက်သို့ လွင့်ထွက်၍ ကျောက်စိမ်းတောင်နံရံနှင့် ရိုက်မိကာ ပြုတ်ကျ သတိလစ်သွားသည်။
"နန်းတွင်းကောလိပ်မှာ ပညာရှင်တွေ ရှိသေးတာပဲ..."
ချင်မူ စိတ်ရောကိုယ်ပါ ဝမ်းသာသွား၏။ တစ်ခုသာ ပြောစရာ ရှိသည်။ သူ ခြေဆန့်လက်ဆန့်ပင် ကောင်းကောင်း မလုပ်ရသေးဘဲ အဖြူရောင်သင်္ကန်းနှင့် ကိုယ်တော်က သတိလစ် မှောက်ကျသွားသည်မှာ နှမြောစရာ ကောင်းလှ၏။ "လမ်းမှာ ဒီအတိုင်းတွေ့တဲ့ ကိုယ်တော်တစ်ပါးကတောင် ငါ့လက်သီးချက်တွေ အများကြီး ခံနိုင်တယ်... ဂိုဏ်းချုပ်ပြောတာ မှန်တယ်... နန်းတွင်းကောလိပ်မှာ လူတော်တွေ ရှိသေးတာပဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက လူတွေကို အထင်သေးပြီး ခွဲခြားဆက်ဆံလို့ မရဘူး..."
"သခင်လေး... ပြီးသွားပြီလား..."
ဟူလင်းအာမှာ သူ့ကိုယ်သူ ဟန်ချက်ထိန်းနေရပြီး အားရပါးရ ရှုစားမည် ပြင်သောအခါ တိုက်ပွဲက ပြီးသွားပြီ ဖြစ်၍ စိတ်ပျက်သွားမိ၏။ သူမက တစ်မုဟုတ်ချင်း ပြေးထွက်၍ ယွင်ချွယ်၏ ကိုယ်ပေါ် တွင် အဖိုးတန်ပစ္စည်းများ ရှာဖွေလိုက်သည်။
တစ်ခဏ ကြာသောအခါ မြေခွေးလေးမှာ ဒေါသတကြီး မြည်တွန်တောက်တီးလိုက်၏။ "ဆင်းရဲလိုက်တဲ့ ဘုန်းကြီး..."
"လင်းအာ... သူ့သင်္ကန်းက မဆိုးဘူး... နည်းနည်းပါးပါး တန်ကြေးရှိလိမ့်မယ်..." ချင်မူက သူမကို စိတ်ကောင်းစေတနာဖြင့် ပြောပြပေးလိုက်သည်။
ဟူလင်းအာက ယွင်ချွယ်၏ ကိုယ်ပေါ်မှ သင်္ကန်းကို ချွတ်ယူလိုက်သည်။ ထိုသင်္ကန်းက အမှန်တကယ်ပင် ဖုန်တစ်စက် မတင်နိုင်သကဲ့သို့ ဆုတ်ဖြဲ၍လည်း မရသဖြင့် မြေခွေးလေးမှာ ဝမ်းသာသွား၏။ "ဒီဘုန်းကြီးတော့ သူ့သင်္ကန်းကို ရွေးဖို့ ငွေတွေ အများကြီး ယူလာမှာ သေချာတယ်... ဒါနဲ့ သခင်လေး... သူ့နာမည် ဘယ်လိုခေါ်လဲ..."
ချင်မူက ကျောက်စိမ်းတောင်နံရံပေါ်သို့ ခုန်တက်၍ ကျောင်းတော်သားအိမ်ရာဘက်သို့ ဆက်လျှောက်သွားရင်း ခေါင်းခါလိုက်သည်။ "ငါ ဘယ်လိုလုပ် သိမှာလဲ... အစောက သူ့ကို မေးသေးတယ်လေ... မပြောတာ... ငါ ထင်တာတော့ သူ ရှုံးပြီးရင် အရှက်ကွဲမှာစိုးလို့ နေမယ်... ဒီကိုယ်တော်က သူ့အခြေအနေသူ တကယ်သိတာပဲ..."
မလှမ်းမကမ်း တစ်နေရာတွင်တော့ ယွဲ့ချင်းဟုန်မှာ သူမ၏ ရင်ထဲမှ အံ့ဩတုန်လှုပ်မှုကို ချိုးနှိမ်၍ ဝံပုလွေကျွန်ကို ခေါ်ယူပြီး တောင်စောင်းအောက်သို့ ဆင်းကြည့်လိုက်သည်။ ယွင်ချွယ်မှာ တောင်စောင်းအခြေ၌ သတိလစ် လဲကျနေပြီး သူ့ကိုယ်ပေါ်တွင် သွေးစွန်းနေသော အဖြူရောင် ဘောင်းဘီတို တစ်ထည်သာ ကျန်တော့၏။
သူ၏ ဘောင်းဘီတိုက သင်္ကန်းကဲ့သို့ တန်ကြေးမရှိလှဘဲ သာမန် အထည်စနှင့် ချုပ်ထားခြင်း ဖြစ်သည်။
"ယွင်ချွယ်က အသုံးမကျချက်... ဟိုတစ်ယောက်ကို အားကုန် ထုတ်သုံးရအောင်တောင် ဖိအား မပေးနိုင်ခဲ့ဘူး... ဒါပေမဲ့ ဒီချင်မူကလည်း အတော် စွမ်းအားကြီးတာပဲ... ဝံပုလွေကျွန်... သူနဲ့ ယှဉ်ရင် နင် ဘယ်လိုနေမလဲ..." ယွဲ့ချင်းဟုန်က မေးလိုက်သည်။
ဝံပုလွေကျွန်၏ မျက်လုံးများက အရောင်တဖျတ်ဖျတ် လက်လာပြီး လျှာသပ်လိုက်၏။ "ကျွန်တော့်မှာ မှော်ဓားမသိုင်း ရှိတယ်... စစ်မြေပြင်ရဲ့ အသေသတ်တိုက်ကွက်၊ သူ့အားအကုန် ထုတ်သုံးအောင် ဖိအားပေးနိုင်ပါလိမ့်မယ်... ဒါပေမဲ့ ဆယ်ကွက်ပဲ ခံနိုင်မယ်... ဆယ်ကွက်ပြည့်ရင် ရှုံးပြီ..."
ယွဲ့ချင်းဟုန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။ "အဲဒါဆို နင်သွား..."
ဝံပုလွေကျွန်က ဦးညွှတ် အရိုအသေပြု၍ ထွက်သွား၏။ သူ့လက်နှစ်ဖက်က နောက်ကျောဆီသို့ ရောက်သွားပြီး ရွှမ်းခနဲ အသံနှင့်အတူ ဓားမနှစ်ချောင်း ဓားအိမ်ထဲမှ ထွက်လာသည်။ ထိုဓားမများက အနက်မှောင်ဆုံး သတ္ထုနှင့် သွန်းလုပ်ထားသကဲ့သို့ အညစ်အကြေး၊ အစွန်းအထင်း တစ်စက်မျှ မရှိဘဲ နက်မှောင် ပြောင်လက်နေ၏။
ထို့ပြင် ထိုဓားမနှစ်လက်မှာ ဗြက်မကျယ်ဘဲ သေးသွယ်၍ ခပ်ကွေးကွေး သဏ္ဌာန် ရှိပြီး အရှည်အားဖြင့် သုံးကိုက်ခန့် ရှိသည်။
ဝံပုလွေကျွန်က ခြေလှမ်း ခပ်သွက်သွက် လှမ်းသွားပြီး မြန်သည်ထက် မြန်လာသည်။ ရုတ်တရက် သူ့လက်များကို ဖြန့်ကားလိုက်သောအခါ ချီစွမ်းအင်ကြိုးမျှင်များ ထွက်ပေါ်လာ၏။ ချီစွမ်းအင်ဖြင့် ဓားမများကို ထိန်းချုပ်၍ ချင်မူ့ထံသို့ တိတ်တဆိတ် ပစ်လွှတ်ကာ ခုတ်ပိုင်းချလိုက်သည်။
ထိုဓားကွေးနှစ်လက်က ချင်မူ့ခန္ဓာကိုယ် အနီးသို့ ရောက်သောအခါ လက်ခနဲ အရှိန်မြှင့်၍ တစ်လက်က မြေပြင်နား ကပ်ကာ အလျားလိုက် ခုတ်ပိုင်းပြီး နောက်တစ်လက်က ခါးလည်သို့ ခုတ်ပိုင်းချလိုက်သည်။
ချင်မူက နောက်စေ့တွင် မျက်လုံး ပါသည့်အလား ထင်ရ၏။ သူ့ခန္ဓာကိုယ်က အလွန်တရာ ထူးခြား ဆန်းကြယ်စွာ လှုပ်ရှားလာပြီး ပြားချပ်ချပ် ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားကာ အောက်ခြေမှ ဝင်လာသော ဓားကွေးကို ခြေတစ်ဖက်နှင့် နင်း၍ ခါးလည်သို့ ဝင်လာသော ဓားကို နောက်ခြေတစ်ဖက်ဖြင့် ခတ်ထုတ်လိုက်၏။ လူတစ်ယောက်၏ ခန္ဓာကိုယ်က ထိုအနေအထားသို့ ကွေးညွှတ်နိုင်သည်မှာ ယုံရခက်လှသည်။
အပေါ်မှ ဝင်လာသော ဓားကွေးမှာ အဝေးသို့ လွင့်ထွက်သွားပြီး အောက်ခြေမှ ဓားကွေးမှာ ကျောက်သားထဲသို့ နစ်ဝင်သွား၏။
ဝံပုလွေကျွန်မှာ အံ့အားသင့်သွားသည်။ ထိုအခိုက်၌ သူ့ထံသို့ တစ္ဆေတစ်ကောင်လို ပြေးဝင်လာသော ချင်မူ့ကို မြင်လိုက်ရ၏။
ဝံပုလွေကျွန်၏ ချီစွမ်းအင်က တုန်ခါသွားပြီး ဓားကွေးနှစ်ချောင်းက လေထုကို ထပ်မံ ထိုးခွင်းလာသည်။ အနက်ရောင် အလင်းတန်းများက ချင်မူ၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ဝေ့ဝဲ လှည့်ပတ်နေသည်။ ဝံပုလွေကျွန်က ဝံပုလွေအသိုက်နယ်မြေ၏ မှော်ဓားမသိုင်းကို ဟာကွက်မရှိ ထုတ်ဖော် တိုက်ခိုက်လိုက်သော်လည်း ချင်မူ့ကိုယ်ပေါ်သို့ ဓားချက် တစ်ချက်မျှ မကျပေ။ ဆံခြည်တစ်မျှင်စာ ပွတ်ခါသီခါ ရှောင်ရှားသွား၏။
သူ၏ ဓားမသိုင်းက သာမန်ဓားမသိုင်း မဟုတ်။ စစ်မြေပြင်၏ လူသတ်ဓားသိုင်း ဖြစ်သည်။ လူအထင်ကြီးစရာ ရောင်ပြ၊ ဟန်ပြ သိုင်းကွက်များ မပါ။ ဓားကွက်၏ ဦးတည်ချက်က တစ်ခုတည်း ရှိ၏။ အသေသတ်ရန် ဖြစ်သည်။
ထိုမျှ ထက်မြက်သော ဓားမသိုင်းပင် ချင်မူ၏ ခန္ဓာကိုယ်ကို ထိအောင် ခုတ်ဖြတ်နိုင်ခြင်း မရှိခဲ့။
သို့သော်လည်း ဓားရောင်များ၏ ဖိအားပေးမှုကြောင့် ချင်မူမှာ ရှေ့မတိုးနိုင်ပေ။ ရှေ့မတိုးနိုင်သည်သာမက နောက်သို့ပင် ဆက်တိုက် ဆုတ်နေရသည်။
ချင်မူ နောက်ဆုတ်သွားသည့်ပုံက နဂါးစိမ်းတစ်ကောင် လျှောတိုက် ရွေ့လျားသွားသကဲ့သို့ ရှိပြီး ဝံပုလွေကျွန်၏ သူငယ်အိမ်များ ရုတ်ခြည်း ကျဉ်းမြောင်းသွားသည်။ ဒါ... နောက်ဆုတ်နေတာ မဟုတ်ဘူး...၊ ရစ်ခွေသွားတဲ့ နဂါးပဲ...။
နဂါးတို့မည်သည် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဆန့်ထွက်နိုင်သကဲ့သို့ ရစ်ခွေ၍လည်း နေနိုင်သည်။ နဂါးတစ်ကောင် ရစ်ခွေသွားခြင်းသည် အသေပေါက်သတ်ရန် အသင့်ဖြစ်နေပြီ ဟူသော အဓိပ္ပာယ် ဖြစ်၏။
ဝံပုလွေကျွန်မှာ မူလက ဝံပုလွေအသိုက်နယ်မြေတွင် အဆင့်အတန်း တစ်ခု ရှိသော လူတစ်ယောက် ဖြစ်သည်။ စစ်မြေပြင်တွင် ယွဲ့ချင်းဟုန်က သူ့ကို ဖမ်းမိခဲ့သောကြောင့်သာ ဝံပုလွေအသိုက်နယ်မြေ၏ စည်းမျဉ်းအရ ယွဲ့ချင်းဟုန်၏ ကျွန်ဖြစ်လာခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူ၏ အစွမ်းအစက ယွဲ့ချင်းဟုန်အောက် မကျ။
ထို့ပြင် စစ်မြေပြင်၌ ကာလရှည်ကြာစွာ နေခဲ့ရပြီး သူသေကိုယ်သေ တိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ရသဖြင့် တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝသူ တစ်ယောက် ဖြစ်သည်။
ချင်မူ နောက်ဆုတ်သွားသည့်ပုံကို ကြည့်၍ သူ့ရင်ထဲတွင် လွန်စွာ နီးကပ်နေသော အန္တရာယ် အငွေ့အသက်ကို ရလိုက်၏။ သူ့ကို အလွန်တရာ ကြီးမားသော မကောင်းဆိုးဝါး သတ္တဝါဆန်းကြီးက စိုက်ကြည့်နေသကဲ့သို့ ခံစားရသည်။
သူ့ဓားကွေးများက ပို၍ မြန်ဆန်လာသော်လည်း ချင်မူက သူ၏ အားအဟုန်ကို အပြည့်အဝ စုစည်းပြီးသွားပြီ ဖြစ်သည်။ ရုတ်တရက် ချင်မူ၏ လက်သီးချက်က အကန့်အသတ်ကို ကျော်လွန်၍ လေဟုန်ထိုးခွင်းလာ၏။ တစ်မုဟုတ်ချင်းပင် ရှည်လျား ကျယ်လောင်သော နဂါးတွန်သံများ ထွက်ပေါ်လာသည်။ ဓားကွေးနှစ်လက်မှာ ထိန်းချုပ်မှု ကင်းလွတ်သွားပြီး ဝံပုလွေကျွန်ထံ တဝီဝီ မြည်၍ ပြန်ပြေးဝင်လာ၏။
ထိုဓားကွေးနှစ်လက်နှင့်အတူ ချင်မူ၏ အရှိန်အဟုန် ပြင်းထန်သော လက်သီးချက်ကလည်း တွဲဖက် ပါဝင်လာသည်။ သူ၏ လက်သီး အားအဟုန်က ကြီးမားသော နဂါးရိုင်းကြီးတစ်ကောင် အသွင်ဆောင်၍ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။
ဝံပုလွေကျွန်က ကျယ်လောင်စွာ မာန်သွင်း အော်ဟစ်လိုက်ပြီး ချီစွမ်းအင်ကို ဖောက်ခွဲ ထုတ်ဖော်လိုက်သည်။ လွင်တီးခေါင် သဲကန္တာရမှ သွေးနီရောင် နေမင်း၏ ပူလောင်မှုကဲ့သို့သော စွမ်းအားတစ်ရပ်က အရှိန်အဟုန်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာပြီး သူ့အင်္ကျီစများ အစိတ်စိတ်အမြွှာမြွှာ စုတ်ပြဲ လွင့်ထွက်သွားသည်။ တစ်ကိုယ်လုံး၌ ဝံပုလွေနဂါး အမှတ်အသားများ ပေါ်ထွက်လာပြီး ရှိရှိသမျှ ချီစွမ်းအင် အားလုံးကို လက်ဖဝါးနှစ်ဖက်တွင် စုစည်း၍ ရှေ့သို့ ရိုက်ချလိုက်၏။
ဘုန်း...။
မြေပြင်တစ်ခုလုံး သိမ့်သိမ့်တုန်သွားပြီး ဝံပုလွေကျွန်မှာ နောက်သို့ လွင့်ထွက်သွား၏။ ဓားကွေးနှစ်လက် သူ့နံစောင်း တစ်ဖက်တစ်ချက်တွင် စိုက်လျက်သားနှင့် ကိုက်သုံးဆယ်ခန့်အထိ လွင့်ထွက်သွားပြီး တောင်နံရံနှင့် တိုက်မိမှ ရပ်တန့်သွားသည်။
"လင်းအာ... သူ့ဆီက ဘာမှ ယူမနေနဲ့... ဆေးကုဖို့ ငွေနည်းနည်း ပေးလိုက်..."
ချင်မူက ရတနာပစ္စည်း သွားရှာ သိမ်းယူရန် ပြင်နေသော ဟူလင်းအာကို ပြန်ခေါ်၍ ခေါင်းခါလိုက်သည်။ "သူက လက်နက်သုံးတော့ ငါ အားပိုစိုက်ပြီး ရိုက်လိုက်မိတယ်... သူ့ဒဏ်ရာတွေက မသေးဘူး... ဆေးကုဖို့ အတော်လေး သုံးရလိမ့်မယ်..."
ဟူလင်းအာက နှုတ်ခမ်းစူလိုက်သည်။ "နှမြောစရာကြီး... ဒီဓားမနှစ်လက်ကလည်း မဆိုးပါဘူး..."
ချင်မူက ခေါင်းယမ်း၍ ထွက်ခွာသွားသည်။ "ငါ့ဓားမတွေလောက် မကောင်းပါဘူး... ဒါပေမဲ့ သူ့အစွမ်းအစက မဆိုးဘူး... တိုက်ပွဲအတွေ့အကြုံကလည်း အစောက ကိုယ်တော်ထက် အများကြီးသာတယ်..."
ယွဲ့ချင်းဟုန်က ချင်မူ ဝေးဝေးသို့ ရောက်သွားသည်အထိ စောင့်ပြီးမှ ဝံပုလွေကျွန်၏ ဘေးသို့ ပြေးသွားလိုက်သည်။ ဝံပုလွေကျွန်၏ ပါးစပ်မှ သွေးများ စီးကျနေပြီး နံရိုးအုံ တစ်ဖက်တစ်ချက်ကို ဖောက်၍ တောင်နံရံသို့ စိုက်ဝင်နေသော ဓားကွေး နှစ်လက်ကြောင့် လှုပ်ရှား၍ မရပေ။
"သခင်... ကျွန်တော် အတွက်မှားသွားတယ်..."
ဝံပုလွေကျွန်က ရှက်ရွံ့သည့် အမူအရာ ပေါ်လာသည်။ "ကျွန်တော်က ဆယ်ကွက် သုံးခဲ့ပေမဲ့ သူက သုံးကွက်တည်း သုံးခဲ့တယ်... သတိထား..."
သူ့စကား မဆုံးမီပင် ယွဲ့ချင်းဟုန်မှာ လူတစ်ယောက် သူမ၏ နောက်သို့ ကပ်လာသကဲ့သို့ ကိုယ်ငွေ့နွေးနွေးကို ရုတ်တရက် ခံစားမိလိုက်ပြီး ရင်ထဲတွင် ဆတ်ခနဲ တုန်ခါသွားသည်။
သူမ၏ နောက်ကျောတွင် ကျောချင်းကပ်လာသော လူတစ်ယောက် ရှိနေ၏။ ထိုသူ ရောက်လာသည်ကို သူမ လုံးဝ သတိမပြုမိလိုက်ချေ။
ထိုအခိုက်၌ ချင်မူ၏ အသံက သူမ၏ နားထဲသို့ တိုးဝင်လာသည်။ သူတို့နှစ်ယောက်က လွန်စွာ နီးကပ်နေ၏။ "သူက အစ်မတော်ရဲ့ ကျွန်လား... ကျွန်တော်က နန်းတွင်းကောလိပ်ထဲမှာ လူမသတ်ရဲဘူး ထင်လို့များ အစ်မတော်ရဲ့ ကျွန်ကို တိုက်ခိုက်ခိုင်းလိုက်တာလား..."
ယွဲ့ချင်းဟုန်၏ နဖူးတွင် ချွေးသီးချွေးပေါက်များ စို့လာ၏။ ရုတ်တရက် သူမ၏ ခြေထောက်များက မြေပြင်ပေါ် လျင်မြန်စွာ တို့ထိ ရွေ့လျား၍ အဝေးသို့ ထွက်ပြေးလိုက်သည်။ သို့သော်လည်း ချင်မူ၏ ခန္ဓာကိုယ်က သူမ၏ နောက်ကျောတွင် ကပ်လျက် ရှိနေသေးပြီး နားထဲသို့ စကားသံ ထပ်မံ တိုးဝင်လာသည်။ "အစ်တော်က ကျွန်တော့်ကို မရှင်းပြတော့ဘူးလား..."
ယွဲ့ချင်းဟုန် တစ်ခေါင်းလုံး ကျိန်းတက်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို အလွန်တရာ မြန်ဆန်သောနှုန်းထားဖြင့် တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားလိုက်သည်။ သူမ၏ ခြေကွက်များက တိမ်မျှင်တန်းနှင့် စာကလေးအရိပ်ကဲ့သို့ ရွေ့လျားသွားသော်လည်း သူမ မည်မျှ ပြေးထွက်သည် ဖြစ်စေ၊ ချင်မူက အရိပ်ပမာ ကပ်ပါလာ၏။
တိမ်မျှင်စာကလေးအရိပ်သိုင်းကွက်က သူမ သင်ယူခဲ့သမျှထဲတွင် အကောင်းဆုံး ကိုယ်ဖော့ပညာ ကောင်းကင်နတ်သိုင်း ဖြစ်သည်။ သူမက ကောင်းကင်နတ်သိုင်း အဆင့်သို့ ထုတ်မသုံးနိုင်သေးသော်လည်း တိမ်များကြားတွင် လမ်းလျှောက်၍ စာကလေးတစ်ကောင်ကဲ့သို့ မြေပြင်တွင် လျှပ်၍ ပျံသန်းနိုင်ပြီ ဖြစ်၏။ သို့သော်လည်း ထိုသို့ စွမ်းအားမြင့် ကိုယ်ဖော့ပညာ ကောင်းကင်နတ်သိုင်းနှင့်ပင် ချင်မူ့ထံမှ အဝေးရောက်အောင် မပြေးနိုင်ချေ။
ရုတ်တရက် ယွဲ့ချင်းဟုန်မှာ သူမနောက်မှ ကောင်လေး၏ ကြွက်သားမြှောင်းများက အရေပြားအောက်ထဲတွင် မြွေများပမာ တလူးလူးတလွန့်လွန့် လှုပ်ရှားလာသည်ကို အာရုံခံလိုက်မိသည်။ သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ချောမွတ်လှပသည့် အရေပြားထက်တွင် ကြက်သီးမွေးညင်းများ ထောင်ထလာ၏။ "သိုင်းကွက်အသားပေး လမ်းစဉ်ရဲ့ အသေသတ်တိုက်ကွက်..."
ချင်မူ၏ ခြေလှမ်းများ စတင် ရွေ့လျားလာသဖြင့် ယွဲ့ချင်းဟုန်မှာ ရင်ထဲမှ အကြောက်တရားကို ချိုးနှိမ်၍ ချင်မူနှင့်အတူ လိုက်ပါ ရွေ့လျားလိုက်သည်။
သိုင်းကွက်အသားပေး လမ်းစဉ်၏ အသေသတ်တိုက်ကွက်က အနီးကပ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သူမ သိ၏။ ချင်မူ၏ နောက်ကျောတွင် ကပ်လျက် ဆက်နေပြီး သူ့ကို နောက်လှည့်ခွင့် မပေးလျှင် ထိုအသေသတ်တိုက်ကွက်ကို ထုတ်ဖော်ရန် ခက်ခဲပေလိမ့်မည်။
အစောပိုင်းတွင် ချင်မူက သူမနောက်သို့ လိုက်ကပ်နေခြင်း ဖြစ်ပြီး ယခု ချင်မူနှင့် တစ်လက်မမျှ မခွာရဲဘဲ သူ လှမ်းသည့် ခြေလှမ်းအတိုင်း ထက်ကြပ်မကွာ လိုက်နေသူမှာ သူမ ဖြစ်သွားသည်။
သူမသာ သူနှင့် ခွာလိုက်ပါက ခေါင်းတစ်ခြား ကိုယ်တစ်ခြား အိုးစားကွဲသွားပေလိမ့်မည်။
သိုင်းကွက်အသားပေး ပညာရှင်တစ်ယောက်ကို အနီးသို့ ကပ်ခွင့်ပေးလိုက်ခြင်းမှာ သေမိန့်ကျသည်နှင့် အတူတူပင် ဖြစ်၏။
သူတို့နှစ်ယောက်က ကျောခြင်းကပ်လျက် အနေအထားနှင့် လျင်မြန်စွာ ရွေ့လျားနေကြပြီး နန်းတွင်းကောလိပ်၏ တောင်တန်းများပေါ်၌ ကခုန်ပျံဝဲနေသော လိပ်ပြာလေး တစ်ကောင်ပမာ ရှိနေသည်။ တောင်ပေါ်မှ ကျောင်းတော်သား များစွာမှာ ခြေလှမ်းများ ရပ်တန့်၍ သူတို့ နှစ်ယောက်ကို အားကျစွာ ကြည့်လိုက်မိကြသည်။
ချင်မူက ရွှေချည်ထိုး ဝတ်စုံကို ဝတ်၍ ယွဲ့ချင်းဟုန်က အစိမ်းရောင် ဝတ်စုံကို ဝတ်ထားပြီး သူတို့နှစ်ယောက် တွဲလျက် မြင်ရသည်မှာ လိပ်ပြာတောင်ပံ တစ်စုံအလား ထင်မှတ်မှားရသည်။ ထို့ပြင် သူတို့ နှစ်ယောက်က ပူးကပ်နေသဖြင့် မြင်ရသူများအဖို့ အထင်မှားချင်စရာ ဖြစ်နေ၏။
ကျောင်းတော်သား တစ်ယောက်က မဲ့ရွဲ့ကာ စကားတင်း ဆိုလိုက်၏။ "ရွံစရာ ကောင်းလိုက်တဲ့အတွဲ... နေ့ခင်းကြောင်တောင်ကြီးကို အန်ချင်စရာကောင်းအောင် အပုပ်နံ့တွေ ထွက်နေတာ..."
ရုတ်တရက် ဘုန်းခနဲ အသံကြီး ထွက်ပေါ်လာပြီး ချင်မူမှာ မိုးပြာယန်ခန်းမ၏ တိုင်လုံးကြီး တစ်လုံးတွင် ကျောမှီလျက် အနေအထား ဖြစ်သွားသည်။
"လင်းအာ... သွားကြစို့..."
ချင်မူက ဟူလင်းအာကို ခေါ်လိုက်သည်။ "သူ့ဆီက ရတနာ သွားရှာဖို့ စဉ်းစားမနေတော့နဲ့... ရှာချင်ရင် တိုင်လုံးထဲက အရင်ဆွဲထုတ်မှ ရမယ်... သူလည်း မဆိုးဘူး... ငါ့နောက်ကို အမီလိုက်နိုင်တဲ့ အဆင့်မြင့် ပညာရှင်တစ်ယောက်ပဲ..."
ဟူလင်းအာက ကမန်းကတန်း ပြေးလိုက်လာပြီး နောက်ဆံငင်ကာ လှည့်ကြည့်လိုက်သည်။ ယွဲ့ချင်းဟုန်မှာ ချင်မူ၏ လက်ချက်ဖြင့် မိုးပြာယန်ခန်းမ၏ တိုက်လုံးထဲတွင် မျက်နှာအပ်လျက် နစ်ဝင်နေသည်ကိုသာ မြင်လိုက်ရ၏။