← Chapters

လျှို့ဝှက်အလင်းဓားနတ်ဘုရား

Vol. 10 Ch. 129

လျှို့ဝှက်အလင်းဓားနတ်ဘုရား

Vol. 10 Ch. 129

အနီးတစ်ဝိုက်မှ ကျောင်းတော်သားများ အားလုံးမှာ အံ့ဩတုန်လှုပ်သွားကြ၏။ အပုပ်နံ့လှိုင်နေသည်ဟု ပြောခဲ့သော ကျောင်းတော်သားမှာ ပို၍ အံ့အားသင့်သွားသည်။ အစောပိုင်းက ကခုန်နေခဲ့သော မိန်းမငယ်လေးနှင့် ယောက်ျားပျိုလေးမှာ မျက်စိတစ်မှတ်အတွင်း ထိုသို့ ကြမ်းတမ်း ရက်စက်သည့် အသွင်ပြောင်းသွားလိမ့်မည်ဟု သူတို့ မထင်ခဲ့မိကြပေ။ ရွှေချည်ထိုးဝတ်စုံ ဝတ်ဆင်ထားသည့် လူငယ်လေးက မိန်းမပျိုလေးကို ကြေးဝါတိုင်လုံးထဲ ရိုက်ထည့်လိုက်၏။ ထိုမြင်ကွင်းက ကြမ်းကြုတ် ရက်စက်လှသဖြင့် အားလုံး၏ ရင်ထဲတွင် အရိပ်မည်း တစ်ခုပမာ ကြီးစိုးသွားသည်။

များစွာ မကြာလိုက်ဘဲ ချန်ဝမ်ယွင် ရောက်လာပြီး ကြေးတိုင်လုံးကို လက်ဝါးဖြင့် ရိုက်လိုက်၏။ တိုင်လုံးကြီးမှာ ပြင်းထန်စွာ လှုပ်ခါသွားပြီး အထဲတွင် နစ်ဝင်နေသော ယွဲ့ချင်းဟုန် ဓာတ်လိုက်သလို တုန်ခါ ထွက်ကျလာသည်။ သူမက မျက်နှာကို အုပ်၍ ပြေးထွက်သွား၏။

ထိုမိန်းမငယ်လေး၏ မျက်နှာက ဆိုးဝါးစွာ ထိခိုက် ဒဏ်ရာရသွားသဖြင့် မျက်နှာမပြရဲတော့ချေ။

တိုင်လုံးထဲမှ သူမဖာသာ ထွက်နိုင်သော်လည်း ဘေးနားတွင် ကျောင်းတော်သားများ ရှိနေသဖြင့် အရှက်ကွဲမည် စိုးသောကြောင့် တိုင်လုံးထဲတွင် ဆက်နေပြီး လူနည်းသွားမှ ထွက်ရန် ကြံစည်ထားခြင်း ဖြစ်သည်။ မမျှော်လင့်စွာပင် လူက ပို၍ များလာခဲ့၏။

ချန်ဝမ်ယွင်က ဓားကွေးနှစ်လက် စိုက်နေသော ဝံပုလွေကျွန်ထံသို့ လျှောက်သွား၍ ဓားများ နုတ်ပေးလိုက်သည်။ ထို့နောက် ကျောက်စိမ်းတောင်စွန်းမှ ခုန်ချ၍ အပေါ်အင်္ကျီ ချွတ်ကာ ကိုယ်တော်ယွင်ချွယ်အပေါ် လွှမ်းခြုံပေးလိုက်သည်။ ပြီးမှ သူ့ကို နှိုးလိုက်၏။

ယွင်ချွယ်မှာ ဘောင်းဘီတိုလေးသာ ကျန်တော့သော သူ့အဖြစ်သူ ကြည့်၍ ချင်မူဟုခေါ်သော ကောင်လေးက သူ့ကို သတိလစ်အောင် ရိုက်ပြီး ရတနာပစ္စည်းများ သိမ်းယူသွားကြောင်း သိလိုက်သည်။ သူ ရှက်ရွံ့မိသွား၏။

သူ့၏ အဖြူရောင် သင်္ကန်းက ထူးခြားဆန်းကြယ်ပြီး သာမန်ဝိညာဉ်လက်နက်များထက် တန်ဖိုးကြီး၏။ ယွင်ချွယ်မှာ ထိုသင်္ကန်းကို ဝယ်ရန်အတွက် ရှိသမျှ အဖိုးတန်ပစ္စည်းများ ရောင်းချခဲ့ရသည်။ အဆုံးတွင်တော့ ထိုသင်္ကန်းကို ချင်မူက ခိုးယူသွားခဲ့၏။

များစွာမကြာလိုက်ဘဲ ချန်ဝမ်ယွင်၊ ယွင်ချွယ်၊ ယွဲ့ချင်းဟုန်နှင့် ဝံပုလွေကျွန်တို့ ပြန်စုမိကြ၏။ ချန်ဝမ်ယွင်က ပြုံးလိုက်သည်။ "ညီလေးနဲ့ ညီမလေး... ချင်မူရဲ့ အစွမ်းအစက ဘယ်လိုနေလဲ..."

ယွဲ့ချင်းဟုန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "အစ်ကိုကြီးက သူ့ကို နိုင်ဖို့ မသေချာလို့ ကျွန်မတို့ကို ရှေ့ပြေးလွှတ်ပြီး စမ်းသပ်ခိုင်းတာ မဟုတ်လား... အစ်ကိုကြီး... ကိုယ့်ကိုယ်ကိုယ် ကောက်ကျစ်လွန်းတယ် မထင်ဘူးလား..."

ချန်ဝမ်ယွင်က မတုန်မလှုပ် ပြန်ပြောလိုက်၏။ "စစ်ပွဲမှာ မတရားတာ မရှိဘူး... ဒါ ငါ စစ်မြေပြင်မှာ သင်ယူလာခဲ့တဲ့ သဘောတရားပဲ... တိုက်ပွဲတိုင်း နိုင်ဖို့  ကိုယ့်ကိုယ်ကိုယ် သိရသလို ရန်သူ့ကိုလည်း သိဖို့ လိုတယ်... သူ့အားနည်းချက်ကို မသိဘဲနဲ့ ငါ မဆင်မခြင် လှုပ်ရှားမှာ မဟုတ်ဘူး... မင်းတို့ နှစ်ယောက်စလုံးရဲ့ အစွမ်းအစက ငါ့အောက် မကျဘူး... မင်းတို့တောင် သူ့ကို မနိုင်ခဲ့တာ ငါလည်း နိုင်ဖို့ လွယ်မှာ မဟုတ်ဘူး... အဲဒါကြောင့် သူ့ဟာကွက်ကို ရှာမှပဲ ရမယ်... ငါတောင် သူ့ကို ရှုံးသွားခဲ့တယ် ဆိုရင် သူက ငါတို့ ကျောင်းတော်သားအိမ်ရာရဲ့ အစ်ကိုကြီး ဖြစ်လာလိမ့်မယ်… ငါတို့ရဲ့ ကိုယ်စားပြု ဖြစ်သွားလိမ့်မယ်..."

ယွင်ချွယ်က ပို၍ လက်သင့်ခံတတ်သူ ဖြစ်၏။ "အစ်ကိုကြီး... ဘာတွေ့ခဲ့လဲ..."

"သူ့ရဲ့ မှော်ဂါထာ၊ ကျင့်စဉ်စွမ်းအင်၊ သိုင်းကွက်၊ တိုက်ပွဲအတွေ့အကြုံ၊ နည်းဗျူဟာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ အကုန်လုံးက ပထမတန်းစားပဲ..."

ချန်ဝမ်ယွင်က ဆက်ပြောလိုက်သည်။ "သူက မင်းနဲ့ လက်ဝါးချင်း အားပြိုင်ခဲ့တယ်... မင်းက ဗုဒ္ဓကျင့်စဉ်ကို ကျင့်ပြီး သိပ်သည်းတဲ့ ကျင့်စဉ်စွမ်းအင် ရှိတယ်... ဗုဒ္ဓကျင့်စဉ်ရဲ့ ကောင်းကင်နတ်သိုင်းတွေက အံ့အားသင့်စရာ ကောင်းလောက်အောင် ခံနိုင်စွမ်းရည် မြင့်မားပေမဲ့ သူ့လက်ဝါးရိုက်ချက်အောက်မှာ ပြိုလဲခဲ့ရတယ်... ဒါကို ကြည့်ရင် သူ့ရဲ့ ကျင့်စဉ်စွမ်းအင်က မင်းရဲ့ ကျင့်စဉ်စွမ်းအင်ထက် ပိုမြင့်တယ်ဆိုတာ မြင်နိုင်တယ်... ဝံပုလွေကျွန်ရဲ့ ကျင့်စဉ်စွမ်းအင်ကလည်း သိပ်ကို သိပ်သည်းနက်ရှိုင်းပြီး သူ့ဓားမသိုင်းက စစ်မြေပြင်မှာ သုံးတဲ့ အသေသတ်ကွက်တွေ... ဒါပေမဲ့ သူလည်း ဘာမှ မတတ်နိုင်ဘဲ သုံးကွက်တည်းနဲ့ ရှုံးခဲ့တယ်... ဒါကို ကြည့်ရင် သူ့ရဲ့ တိုက်ပွဲအတွေ့အကြုံနဲ့ သိုင်းကွက်တွေက ထိပ်တန်းဆိုတာ သိနိုင်တယ်... ပြီးတော့ ညီမလေးယွဲ့ကို အနိုင်ယူဖို့ သူ့ရဲ့ နည်းဗျူဟာနဲ့ စဉ်းစားဆင်ခြင်မှုကို အသုံးချခဲ့တယ်... ညီမလေးယွဲ့ ဝံပုလွေကျွန်ရဲ့ ဒဏ်ရာတွေ ကြည့်နေတုန်း တိတ်တဆိတ် ကပ်လာပြီး လက်ဦးမှု ရယူသွားလို့ သူ့နောက်ကို ကပ်လိုက်ရင်း သူ့ထောင်ချောက်ထဲ ဝင်သွားခဲ့ရတယ်..."

ယွဲ့ချင်းဟုန်မှာ ချင်မူနှင့် တွယ်ကပ်လိုက်နေခဲ့ရသည့် အဖြစ်ကို သတိရသွားပြီး မျက်နှာရဲကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

ချန်ဝမ်ယွင်က ဆက်ပြောလိုက်၏။ "သူက တာအိုရသေ့ လင်းယွင်ကိုလည်း သိပ်မြန်တဲ့ ဓားချက်နဲ့ အနိုင်ယူပြီး နန်းတော်ခန်းမရှေ့မှာ အရှက်ကွဲစေခဲ့တယ်... သူ့ဓားသိုင်းကလည်း စွမ်းအားမြင့်တယ်လို့ ပြောနိုင်တယ်... ပြီးတော့ ကျောင်းတော်သား အိမ်ရာမှာလည်း ကျောင်းတော်သား တစ်ဒါဇင်ကို မှော်သိုင်းနဲ့ စိတ်ဝိညာဉ် ထိန်းချုပ်ပြီး တိုက်ခိုက်ခဲ့တယ်... အဲဒါကြောင့် မှော်သိုင်းမှာလည်း ကျွမ်းကျင်တယ်လို့ ဆိုရမယ်... ဒီတစ်ယောက်မှာ ဟာကွက်၊ အားနည်းချက် မတွေ့ရသလောက် နီးပါးပဲ..."

ယွင်ချွယ်နှင့် ယွဲ့ချင်းဟုန်မှာ နားထောင်လေလေ ပိုအံ့အားသင့်လေလေ ဖြစ်လာသည်။ ယွဲ့ချင်းဟုန်က ကျောင်းတော်သားများထံမှ ချင်မူ သူတို့ကို အနိုင်ယူသွားသည့် သိုင်းကွက်များ မေးမြန်းပြီး "ကိုယ့်ကိုယ်ကိုယ် သိ၍ ရန်သူကို သိရမည်" ဟူသော အချက်ကို ဖြည့်ဆည်းရန် ကြိုးစားခဲ့သော်လည်း ချန်ဝမ်ယွင်လောက် သုံးသပ်နိုင်ခြင်း မရှိခဲ့ပေ။

ချန်ဝမ်ယွင်က ဤနှစ်များအတွင်း အစ်ကိုကြီး နေရာတွင် ထိုင်နေခဲ့သည်မှာ အလကား မဟုတ်ချေ။

"ဒီလို အားနည်းချက်မရှိတဲ့ လူတစ်ယောက်ကို ဘယ်လို နိုင်အောင် တိုက်ကြရတော့မှာလဲ..." ယွင်ချွယ်က ညည်းတွားလိုက်၏။

ချန်ဝမ်ယွင်က မတုန်မလှုပ်ပင် ပြောလိုက်သည်။ "ဒါက ငါတို့ ကျောင်းတော်သားအိမ်ရာရဲ့ ဂုဏ်သိက္ခာ၊ ငါတို့ နန်းတွင်းကောလိပ်ရဲ့ ဂုဏ်သိက္ခာ၊ ငါတို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေတယ်... ဘယ်နည်းနဲ့ဖြစ်ဖြစ် သူ ရှုံးရမယ်... သူက မဟာမြို့ပျက်က လာတဲ့ စွန့်ပစ်ခံ လူတစ်ယောက်... သူ့ကိုသာ အနိုင်မယူနိုင်ခဲ့ရင် ငါတို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ကျောင်းတော်သားတွေက စွန့်ပစ်ခံ လူတစ်ယောက်အောက် နိမ့်ကျသလို ဖြစ်မသွားဘူးလား..."

သူ့စိတ်အားများ တက်ကြွလာပြီး ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ "သူက အဘက်ဘက်မှာ အားနည်းချက် မရှိတဲ့အတွက် ငါ ခေါင်းခြောက်ခံပြီး သူ့ကျင့်စဉ်မှာ ဟာကွက်တစ်ခုတစ်လေ ရှိမလား လိုက်ရှာခဲ့တယ်... နောက်ဆုံးတော့ တွေ့ခဲ့ပြီ..."

ယွင်ချွယ်နှင့် ယွဲ့ချင်းဟုန်တို့၏ ရင်ထဲတွင် လှုပ်ခါသွားပြီး သူ့ကို ကြည့်လိုက်ကြ၏။

ချန်ဝမ်ယွင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ "သူ့ကျင့်စဉ်က ဟာကွက်တစ်ခုကို ငါ တွေ့ခဲ့တယ်... မင်းတို့နဲ့ တိုက်ခိုက်တုန်းက သူ့ကျင့်စဉ်နဲ့ ချီစွမ်းအင်ကို လှည့်ပတ်တဲ့ အချိန်မှာ မြင်ဖို့ခက်တဲ့ ဟာကွက် သေးသေးလေး တစ်ခုကို တွေ့ခဲ့ရတယ်... အဲဒါက သူ့အားနည်းချက် ရှိတဲ့ နေရာပဲ... သူ့အားနည်းချက်ရဲ့ နေရာအတိအကျ သိရဖို့ သူ့ကို အချိန်ယူပြီး စောင့်ကြည့်ရဦးမယ်..."

ယွဲ့ချင်းဟုန်မှာ ယခုမှ လှိုက်လှိုက်လှဲလှဲ လက်သင့်ခံသွားပြီး သက်ပြင်းချလိုက်သည်။ "ပြီးခဲ့တဲ့ နှစ်တွေမှာ အစ်ကိုကြီးကို ကျွန်မတို့ ရှုံးခဲ့ရတာ အကြောင်းရင်းမဲ့ မဟုတ်ဘူး... အစ်ကိုကြီးက ကျွန်မတို့ထက် အမြဲတမ်း တစ်ကွက်ကြောနေတာပဲ..."

ချန်ဝမ်ယွင်က ပြုံးလိုက်သည်။ "မင်းတို့ မရှိဘဲနဲ့ ငါ ဒီလောက် မြန်မြန် မတိုးတက်လာနိုင်ပါဘူး... မင်းတို့ရဲ့ အမီလိုက်လာတဲ့ အရှိန်အဟုန်ကြောင့် ငါ့စိတ်အာရုံကို လေ့ကျင့်တဲ့အထဲမှာပဲ နှစ်မြှုပ်နိုင်ခဲ့တယ်... သူ့အားနည်းချက် နေရာအတိအကျကို တွေ့တာနဲ့ ငါ စလှုပ်ရှားမယ်... ငါတို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ကျောင်းတော်သားတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ အားလုံးရဲ့ ရှေ့မှာ သူ့ကို စိန်ခေါ် အနိုင်ယူပြမယ်.."

ချင်မူ ကျောင်းတော်သားအိမ်ရာထဲ ဝင်လာသောအခါ ကျောင်းတော်သား အားလုံးမှာ ကြောက်ရွံ့ ထိတ်လန့်နေသည့်ပုံ ပေါက်၏။ ချင်မူ ယွဲ့ချင်းဟုန်ကို ကြေးဝါတိုင်လုံးထဲ ရိုက်ချ၍ ဝံပုလွေကျွန်ကို တောင်နံရံတွင် ဓားဖြင့် ထိုးစိုက်ခဲ့သည့် မြင်ကွင်းကို အတော်များများ မြင်ပြီးသွားကြဟန် ရှိသည်။ အချို့မှာ ယွင်ချွယ်ကို သတိလစ်အောင် ရိုက်၍ တောင်စောင်းအောက် ပစ်ချခဲ့သည့် သတင်းကိုပါ ကြားပြီးနိုင်၏။

ကျောင်းတော်သားအိမ်ရာ၏ ထိပ်သီးသုံးယောက်အနက် နှစ်ယောက်မှာ မဟာမြို့ပျက်မှ စွန့်ပစ်ခံလူ၏ ဆိုးဆိုးဝါးဝါး ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ချန်ဝမ်ယွင်မှ လွဲ၍ မည်သူများ ချင်မူ၏ ပြိုင်ဘက် ဖြစ်နိုင်ပါဦးမည်နည်း...။

ချင်မူက တံခါးကို တွန်းဖွင့်၍ အိမ်ထဲသို့ ဝင်သွား၏။ ထို့နောက်တွင်တော့ မြေခွေးလေး၏ ဦးခေါင်းက အပြင်သို့ ပြူထွက်လာပြီး အော်ဟစ်လိုက်သည်။ "ဒီဓားအိမ်တွေ လိုချင်တဲ့သူ ရှိသေးလား... မရှိတော့ရင် မြို့တော်မှာ သွားရောင်းတော့မယ်..."

"ခဏနေပါဦး..."

ကျောင်းတော်သား တစ်ယောက်က ကမန်းကတန်း လှမ်းအော်လိုက်၏။ "ခဏနေပါဦး... ငါ့ဓားအိမ်လေး ပြန်ဝယ်ချင်လို့ပါ..."

"ငါရောပဲ... ရောင်းမပစ်ပါနဲ့... လိုတဲ့ငွေ ပြည့်တဲ့အခါ လာရွေးပါ့မယ်..."

"မြေခွေးလေး... ဒီလအတွက် ငါ့လစာ မရသေးလို့ပါ... နည်းနည်းလောက် လျှော့ပေးပြီး ငါ့ဓားအိမ်ကို အရင်ပြန်ပေးထားလို့ ရမလား..."

"အဲဒီလိုဆို အကြွေးတင်ကြောင်း သက်သေခံ ရေးထားရမယ်... ငွေရတဲ့အခါမှ အဲဒီစာရွက်ကို ပြန်ပေးမယ်..."

...။

...။

ဟူလင်းအာက ဓားအိမ်များကိစ္စ ရှင်းပြီးသောအခါ အကြွေးတင်ကြောင်း သက်သေခံစာရွက် အချို့ကို စွဲကိုင်၍ အိမ်ထဲသို့ ပြန်ဝင်လာ၏။ "သခင်လေး... ဒီအကြွေးသက်သေခံတွေက မှန်မှန်ကန်ကန် ရေးထားလားဆိုတာ စစ်ပေးပါလား... ကျွန်မက စာမဖတ်တတ်လို့..."

ချင်မူက ပြုံးတုံ့မပြုံးတုံ့နှင့် ပြောလိုက်၏။ "နင်က စာမဖတ်တတ်ဘဲနဲ့များ အကြွေးသက်သေခံ စာရွက်တွေ လက်ခံရဲသေးတယ်... ရေးထားတာတွေက မှန်ပါတယ်... သေချာသိမ်းထား..."

ဟူလင်းအာက ပျော်သွားပြီး ထိုအကြွေးသက်သေခံ စာရွက်များကို အိမ်နံရံမှ အပေါက်တစ်ခုထဲသို့ အလျင်အမြန် ထိုးထည့်လိုက်သည်။

ချင်မူက သူမကို ခေါ်၍ ပြောလိုက်၏။ "ကျောင်းစဖွင့်ဖို့ နှစ်ရက်လိုသေးတယ် ဆိုတော့ နင့်ကို ဝိညာဉ်ဖန်ဆင်းပညာ သင်ပေးမယ်..."

ဟူလင်းအာက ကမန်းကတန်း ထိုင်ချလိုက်သည်။ ချင်မူက ဝိညာဉ်ဖန်ဆင်းပညာကို စတင် ရှင်းပြလိုက်၏။ ဝိညာဉ်ဖန်ဆင်းပညာမှာ ဖန်ဆင်းစာသား ခုနစ်ခုမှ နောက်ဆုံး ပညာရပ်ကျင့်စဉ် ဖြစ်သည်။ ဤကျင့်စဉ်ကို လူများသာမက မှော်မိစ္ဆာများပါ လေ့ကျင့်နိုင်၏။ လွန်ခဲ့သော ရက်များအတွင်း မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာကို လေ့လာပြီးနောက် ဝိညာဉ်ဖန်ဆင်းပညာမှာ မှော်မိစ္ဆာများ လေ့ကျင့်ရန် ပိုသင့်လျော်ကြောင်း ချင်မူ တွေ့ခဲ့သည်။

နားကန်းထံမှ စာပေပညာ သင်ယူစဉ်အခါက မရေမတွက်နိုင်သော စာအုပ်စာပေများ ဖတ်ရှုခဲ့ရသည်။ နားကန်းက သူ့ကို အတွေးအခေါ်ပညာ၊ နေမှုထိုင်မှုပညာနှင့် ဝါဒရေးရာများ သင်ပေးခဲ့ရုံသာမက ရှေးဟောင်း ကဗျာစာသား မျိုးစုံကိုလည်း ဖတ်ရှုစေခဲ့သည်။ ထိုကဗျာစာသားများက အသံထွက်ရန် အတော်လေး ခက်လှ၏။ သို့သော်လည်း ထိုသို့ ဖတ်ရှုခဲ့သည့် အကျိုးကျေးဇူးကြောင့် ချင်မူအနေဖြင့် အခြား ကျမ်းစာများကို ဖတ်ရှုရာတွင် နားလည်ရ ပိုလွယ်ခဲ့သည်။

ချင်မူက မြေခွေးလေး နားလည်လွယ်စေရန်အတွက် အတတ်နိုင်ဆုံး ရိုးရိုးရှင်းရှင်း ရှင်းပြလိုက်၏။ ဖန်ဆင်းစာသား ခုနစ်ခုက မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာ၏ ထိပ်တန်းပညာရပ်များ ဖြစ်ပြီး မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာက လူတစ်ယောက်ကို နတ်ဘုရားအဖြစ်သော်လည်းကောင်း၊ နတ်ဆိုးအဖြစ်သော်လည်းကောင်း ပြောင်းလဲစေနိုင်သည့်၊ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ အထွတ်အမြတ် ကျမ်းစာ ဖြစ်သည်။ ဝိညာဉ်ဖန်ဆင်းပညာက ထိုဖန်ဆင်းစာသား ခုနစ်ခုတွင် အပါအဝင် ဖြစ်ရာ ၎င်း၏ နက်နဲဆန်းကြယ်မှုကို မှန်းဆကြည့်နိုင်ပေသည်။

ချင်မူမှာ နောက်နှစ်ရက်လုံးလုံး ရှုပ်ထွေးလှသော ကျင့်စဉ်ကို အရိုးရှင်းဆုံး ဆစ်ပိုင်း၍ ဟူလင်းအာကို သင်ပေးနေခဲ့သည်။ ဤနှစ်ရက်အတွင်း၌ ဟူလင်းအာမှာ ဝိညာဉ်ဖန်ဆင်းကျင့်စဉ်၏ အခြေခံများကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီး သူမ၏ ဝိညာဉ်သန္ဓေသားကို ထုဆစ်ဖန်ဆင်းရန် ကြိုးစားလိုက်သည်။

ဤဖန်ဆင်းကျင့်စဉ်၏ မူလ ရည်ရွယ်ချက်မှာ ဝိညာဉ်သန္ဓေသားကို ပြုပြင် ပြောင်းလဲရန် ဖြစ်သည်။ လူတစ်ယောက်တွင် လိပ်နက်ဝိညာဉ်ခန္ဓာ ရှိပါက သူ့ဝိညာဉ်သန္ဓေသားက လိပ်နက်ဝိညာဉ်သန္ဓေသား ဖြစ်ပေလိမ့်မည်။ ဝိညာဉ်ဖန်ဆင်းကျင့်စဉ်ကို လေ့ကျင့်လိုက်ပါက သူ၏ လိပ်နက်ဝိညာဉ်သန္ဓေသားကို ကျားဖြူဝိညာဉ်သန္ဓေသား သို့မဟုတ် အခြား ဝိညာဉ်သန္ဓေသား တစ်မျိုးမျိုးသို့ ပြောင်းလဲနိုင်ပြီး ချီစွမ်းအင်၏ ဓာတ်ဂုဏ်သတ္တိကပါ လိုက်လံ ပြောင်းလဲသွားပေလိမ့်မည်။ သို့ဖြစ်၍ ဤကျင့်စဉ်ကို မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာတွင် ထိပ်တန်း ကျင့်စဉ်တစ်ခုအဖြစ် သတ်မှတ်ထား၏။

ဝိညာဉ်ဖန်ဆင်းကျင့်စဉ်သာမက ဖန်ဆင်းစာသား ခုနစ်ခု၏ ကျင့်စဉ်များက တုနှိုင်းမရအောင် ဆန်းကြယ်လှသည်။

ဤဝိညာဉ်ဖန်ဆင်းကျင့်စဉ်ကို မှော်မိစ္ဆာများနှင့် ပိုသင့်လျော်သည်ဟု ချင်မူ တွေးမိသည်က ဟူလင်းအာနှင့် မိစ္ဆာမျောက်ဝံတို့ကဲ့သို့ မှော်မိစ္ဆာများနှင့် ဆန်းကြယ်သားရဲများမှာ ဝိညာဉ်သန္ဓေသားရော ကောင်းကင်ရတနာများပါ မရှိကြချေ။

သူတို့တွင် ထိုအရာများ မပါရှိသဖြင့် သူတို့ဖာသာ ဖန်တီးရုံသာ ရှိတော့သည် မဟုတ်လား။

ယခု ဟူလင်းအာက ဝိညာဉ်ဖန်ဆင်းကျင့်စဉ်ကို လေ့ကျင့်နေပြီ ဖြစ်၍ သူမ၏ ကိုယ်ပိုင် ဝိညာဉ်သန္ဓေသား ရနိုင်တော့မည် ဖြစ်ပြီး ထိုဝိညာဉ်သန္ဓေသား၏ သွင်ပြင်ကိုပါ ပြောင်းလဲနိုင်ပေလိမ့်မည်။

နှစ်ရက်ကြာပြီးသည့် နောက်တွင်တော့ နန်းတွင်းကောလိပ်၏ ကျောင်းဖွင့်ရက်များ စတင်ပေပြီ။

ချင်မူနှင့် ကျောင်းသားသစ်များမှာ အဆောင်မှူး ဆရာတစ်ယောက်၏ နောက်မှ လိုက်၍ သိုလှောင်ရုံသို့ သွားကာ ခွဲတမ်းကျ ဓားအိမ်များ၊ ဆေးလုံးများ၊ ဝတ်စုံများ၊ ဆေးမီးဖိုများ၊ ကျောက်စိမ်းပြားများ၊ စုတ်တံများ၊ မင်နှင့် သင်ပုန်းများ ယူဆောင်လိုက်ကြသည်။ ထိုထဲတွင် အရာရှိ လစာဟု ခေါ်ဆိုရမည် ဖြစ်သော ငွေအိတ်တစ်အိတ်လည်း ပါ၏။ သို့သော်လည်း ထိုငွေအိတ်က လစာဖြစ်၍ တစ်လတစ်ကြိမ်သာ ရပေလိမ့်မည်။ အထဲတွင် ငွေစများစွာ မပါဘဲ တဖုန်းကြေးပြား တစ်ဒါဇင်ခန့်သာ ပါသော်လည်း သာမန် အရပ်သားများအတွက်တော့ မဆိုးလှဟု ဆိုနိုင်သည်။

နန်းတွင်းကောလိပ်၏ ကျောင်းတော်သား ဖြစ်သွားသည်နှင့် အဆင့်ရှစ် နန်းတွင်းအရာရှိ ဖြစ်သွားသောကြောင့် နန်းတွင်းအုပ်ချုပ်ရေးက လစာ စတင်ပေးရတော့သည်။

ချင်မူက သူ့ပစ္စည်းများကို ကောက်ယူ၍ သင်ကြားရေးခန်းမ၏ ရှေ့သို့ သွားပြီး လူငယ်ဂိုဏ်းချုပ် ကျောင်းတော်သားများကို ကြိုးကြိုးစားစား လေ့ကျင့် သင်ကြားကြရန် မိန့်ခွန်းခြွေနေသည်ကို နားထောင်လိုက်သည်။

ထို့နောက် သူ့ပစ္စည်းများကို အခန်းသို့ ပြန်ထား၍ အခြား ကျောင်းသားသစ်များနှင့်အတူ လျှို့ဝှက်အလင်းခန်းမသို့ သင်ခန်းစာ သင်ယူရန် သွားလိုက်သည်။ ထိုထဲတွင် ပညာသင်ရန် တော်ဝင်မျိုးဆက်များလည်း ပါ၏။ ချင်မူ ဟိုဟိုသည်သည် လျှောက်ကြည့်ရင်း သူနှင့် ရင်းနှီးကျွမ်းဝင်နေသည့် မိန်းမပျိုလေးကို တွေ့လိုက်သည်။ သူမက သူ့ကို မျက်စိမှိတ်ပြလိုက်၏။ သို့သော်လည်း အခြားသူများနှင့် အကြည့်ချင်း ဆုံသည့်အခါတွင်တော့ ထိုမိန်းကလေးက ခပ်တန်းတန်း ဖြစ်သွားသည်။

"သတ္တမ ညီမတော်... နင် ဘာလုပ်နေတာလဲ..." ထိုမိန်းမပျိုလေးက လင်ယွိရှို့ ဖြစ်ပြီး သူမ၏ ဘေးမှ မင်းသားတစ်ပါးက သူမ ချင်မူ့ကို လှမ်းလှမ်းကြည့်နေသည်ကို မြင်၍ မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး မေးလိုက်သည်။

လျှို့ဝှက်အလင်းခန်းမ...။ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူတစ်ယောက် ဒူးထောက်ထိုင်နေပြီး သူ့ရှေ့တွင် ဓားတစ်လက်ကို ကန့်လန့်ဖြတ် ချထား၏။ သူက လျှို့ဝှက်အလင်းခန်းမ၏ အဆောင်မှူး ဖြစ်သည်။ သူ့အကြည့်များက ဓားတစ်လက်ကဲ့သို့ စူးရှနေ၏။ ကျောင်းတော်သားများကို ဝေ့ကြည့်ရင်း ချင်မူ့ထံ အကြည့်ရောက်သွားသောအခါ သူ့မျက်လုံး ထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားသည်။ သူက သံနေသံထား မှန်မှန်ဖြင့် မိန့်ခွန်းခြွေလိုက်၏။ "လျှို့ဝှက်အလင်းခန်းမက ဓားသိုင်းသင်ပေးတဲ့ ခန်းမပဲ... လျှို့ဝှက်အလင်းဆိုတာ ဘာလဲ... တန်ခိုးရှင် ဝိဇ္ဇာတစ်ပါးက ပြောခဲ့တယ်... ငါ့မှာ ဓားသုံးချောင်း ရှိတယ်၊ တစ်ချောင်းကို မင်း ရွေးနိုင်တယ်၊ ဒါပေမဲ့ အဲဒီဓားတွေက လူသတ်လို့ မရဘူး... ပထမဓားက လျှို့ဝှက်အလင်း... မြင်ကွင်းက လျှို့ဝှက် ပုန်းရှောင်တယ်၊ အသုံးပြုခြင်းက လျှို့ဝှက် ပုန်းရှောင်တယ်... ထိလိုက်လို့ ထိမမှန်းမသိ၊ ဖြတ်သွားလို့ ဖြတ်သွားမှန်း မသိ... ဒါက လျှို့ဝှက်အလင်းရဲ့ မူလဇာစ်မြစ်ပဲ... ဒီအဆင့်ကို ရောက်ရင် ဓားနတ်ဘုရား ဖြစ်လာနိုင်လိမ့်မယ်..."

ချင်မူမှာ အံ့အားသင့်သွားပြီး စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။ "ဒီအဆောင်မှူးက ငါတို့ နတ်ဂိုဏ်းရဲ့ ဓားစံအိမ်သခင်ပဲ..."

ဓားစံအိမ်သခင်က ဝတ်စုံနက်ကို ဝတ်ဆင်ထားပြီး မြင့်မားသော အရပ်အမောင်းနှင့် ဝင့်ကြွားသော ဟန်မူရာ ရှိနေသည်။ ချင်မူ့ထံမှ ထိုးဓားတစ်ချက်ဖြင့် အဝေးသို့ လွင့်စင်ခဲ့စဉ်က သူ့ဓားကွက်ကိုပင် မထုတ်ဖော်နိုင်ခဲ့...။

ချင်မူရင်ထဲတွင် မူမမှန်သလို ခံစားမိသည်။ နန်းတွင်းကောလိပ်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ အထွတ်အမြတ် နယ်မြေ မဟုတ်လား။ အဘယ်သို့ ပြု၍ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စံအိမ်သခင် တစ်ယောက်ကို လက်ခံထားရသနည်း။

ဓားစံအိမ်သခင်က လျှို့ဝှက်အလင်းခန်းမ၏ မူလဇာစ်မြစ်အကြောင်း ပြောပြီးသောအခါ စကားဆက်လိုက်၏။ "ဓားတစ်လက်ဟာ လျှို့ဝှက်အလင်းအဆင့်ထိ ကျင့်ကြံပြီးတဲ့အခါ အံ့မခန်းအဆင့်၊ အထွတ်အထိပ်အဆင့်ကို ရောက်သွားတယ်... အဲဒါကြောင့် တာအိုဓားလို့ ခေါ်တယ်... လက်ရှိ တစ်လောကလုံးမှာ ဒီအဆင့်ကို ရောက်တဲ့လူ တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတယ်... လျှို့ဝှက်အလင်း ဓားနတ်ဘုရားလို့ နာမည်တွင်တာကတော့ တစ်ယောက်ပဲ ရှိတယ်... ငါက သူ့လောက် အဆင့်မရှိဘူး... မင်းတို့ အားလုံးဟာ အနယ်နယ် အရပ်ရပ်က ကျောင်းတော်သားတွေပဲ... ဓားသိုင်းရဲ့ အမြင့်ဆုံးအဆင့်ကို ရည်မှန်းပြီး မဆုတ်မနစ် ကြိုးစားရမယ်... ဒီနေ့တော့ မင်းတို့ကို ဓားသိုင်းရဲ့ အခြေခံအကျဆုံး ဓားချက်တွေ ဖြစ်တဲ့ ထိုးတာ၊ ပင့်ကော်တာ၊ ဝိုက်ဆွဲတာ၊ လှုပ်ခါတာတွေ သင်ပေးမယ်..."

ခန်းမအတွင်းရှိ ကျောင်းတော်သား အားလုံးမှာ တအံ့တဩ ဖြစ်သွားကြ၏။ နန်းတွင်းကောလိပ်၏ လျှို့ဝှက်အလင်းခန်းမက လျှို့ဝှက်နက်နဲသော ဓားကွက်များကို သင်ပေးရမည့်အစား ဓားသိုင်း၏ အခြေခံဓားချက်များကို သင်ပေးမည်တဲ့လား...။ သူတို့အနေဖြင့် အခြေခံဓားချက်များကို သင်ယူရန်အတွက် နန်းတွင်းကောလိပ်သို့ လာစရာ လိုပါ၏လား...။

ဓားစံအိမ်သခင်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ "ဓားသိုင်းရဲ့ အခြေခံဓားချက်တွေကို အထင်မသေးကြနဲ့... အခြေခံ မခိုင်မာရင် မင်းတို့ သင်ယူခဲ့သမျှ လှပဆန်းကြယ်ပါတယ် ဆိုတဲ့ ဓားကွက်တွေ အားလုံး အလကားပဲ... လွန်ခဲ့တဲ့ သုံးနှစ်က အသက် ဆယ်တစ်နှစ်၊ ဆယ့်နှစ်နှစ်ပဲ ရှိသေးပြီး ဓားသိုင်း အခြေခံ သိပ်ကို ခိုင်မာတဲ့ ကလေးတစ်ယောက်နဲ့ ငါ ဆုံခဲ့ဖူးတယ်... သူနဲ့ ငါ ဝိညာဉ်သန္ဓေသား အဆင့်ချင်း ယှဉ်ပြိုင် တိုက်ခိုက်တော့ သူက ငါ့ကို သစ်သားဓား တစ်ချောင်းတည်းနဲ့ အနိုင်ယူခဲ့တယ်... အဲဒီတော့မှ ဓားသိုင်းရဲ့ အခြေခံဓားချက်တွေ အရေးပါပုံကို ငါ သဘောပေါက်ခဲ့တာ... "

ခန်းမထဲမှ ကျောင်းတော်သားများမှာ ဝေါခနဲ ဆူညံသွား၏။ ကျောင်းတော်သားတစ်ယောက်က ဗလုံးဗထွေး ရေရွတ်လိုက်သည်။ "ဆရာ့ကို သစ်သားဓားတစ်ချောင်းနဲ့ အနိုင်ယူနိုင်တာ... အဲဒီကလေးက ဓားနတ်ဘုရားလား..."

ဓားစံအိမ်သခင်က ခေါင်းခါယမ်းလိုက်၏။ "မဟုတ်သေးဘူး... အဲဒီကလေးက အခုမှ အသက်ဆယ့်ငါးနှစ်ပဲ ရှိဦးမယ်... ဓားနတ်ဘုရားအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်သေးဘူး..."

All Chapters