← Chapters

မုခ်တံခါးကိုပိတ်၍ စိတ်နှလုံးကိုသတ်ခြင်း

Vol. 10 Ch. 130

မုခ်တံခါးကိုပိတ်၍ စိတ်နှလုံးကိုသတ်ခြင်း

Vol. 10 Ch. 130

ချင်မူ၏ မျက်နှာ နီရဲသွား၏။ ဓားစံအိမ်သခင်က သူ့အကြောင်း ပြောနေသည် မဟုတ်လား။

ဓားစံအိမ်သခင်မှာ နာကျင်စရာ အတွေ့အကြုံမှ သင်ခန်းစာယူ၍ သူ့ဓားသိုင်း၏ အခြေခံကို ခိုင်မာအောင် ကြိုးစားခဲ့ပေလိမ့်မည်။ ယခု သူ့ဓားသိုင်းက နိမ့်ကျခြင်း မရှိတော့ဘဲ အဆင့်တစ်ခုသို့ ခုန်တက်သွားဟန် ရှိ၏။ ချင်မူ့အနေဖြင့် သူ့ကို ဓားတစ်ချောင်းတည်းဖြင့် ထပ်မံ အနိုင်ယူရန် မဖြစ်နိုင်တော့ပေ။

ဓားစံအိမ်သခင်က ကျောင်းတော်သားများ အားလုံးကို ဓားသိုင်းကွက်၏ အခြေခံများ သင်ပေးနေပြီး ချင်မူက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဓားစံအိမ်သခင်မှာ ဤနှစ်များအတွင်း ဆင်ခြင် လေ့လာပြီးသည့်နောက် ဓားသိုင်း၏ အခြေခံကို သမာဓိခိုင်သည့်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ ဟာကွက်၊ အားနည်းချက် အချို့ ရှိနေသေးသော်လည်း ယခင်ကထက် များစွာတိုးတက်ခဲ့၏။

အတန်းချိန်ပြီး၍ လျှို့ဝှက်အလင်းခန်းမမှ ထွက်ခွာရန် ပြင်လိုက်စဉ်တွင် ဓားစံအိမ်သခင်က ချင်မူ့ကို ရုတ်တရက် လှမ်းပြောလိုက်၏။ "ချင်မူ... နေခဲ့..."

ချန်ဝမ်ယွင်၊ ယွဲ့ချင်းဟုန်နှင့် ယွင်ချွယ်တို့အားလုံး အံ့အားသင့်သွားကြ၏။ သူတို့သုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်၍ လျှို့ဝှက်အလင်းခန်းမအတွင်းမှ ထွက်လာခဲ့ကြသည်။ လင်ယွိရှို့က ချင်မူ့ထံ သွားနှုတ်ဆက်မည် ပြင်လိုက်သော်လည်း ထိုအခြေအနေကို တွေ့သောအခါ သူမ၏ အကြံကို စွန့်လွှတ်၍ အခြားတော်ဝင်မျိုးဆက်များ ဆွဲခေါ်ရာသို့ ပါသွားတော့၏။

လျှို့ဝှက်အလင်းခန်းမ၏ ကျောင်းတော်သား အားလုံး ထွက်ခွာသွားပြီး ချင်မူနှင့် ဓားစံအိမ်သခင်သာ ကျန်ရစ်ခဲ့သည်။

"ဂိုဏ်းသခင်လေး... ကျွန်တော်ရဲ့ ဓားသိုင်းကို ဘယ်လို မြင်ပါသလဲ..." ဓားစံအိမ်သခင်က တည်ကြည်လေးနက်စွာ မေးမြန်းလိုက်သည်။

ချင်မူက ပြောလိုက်၏။ "အတော်ကြီးကို တိုးတက်လာတာပဲ..."

ဓားစံအိမ်သခင်၏ မျက်ဝန်းထဲတွင် စိတ်အားထက်သန်သည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။ "သခင်လေးနဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ..."

ချင်မူက တစ်ခဏမျှ စဉ်းစား၍ ခေါင်းခါယမ်းလိုက်သည်။ "ခင်ဗျားက နည်းနည်း လိုဦးမယ်... ခင်ဗျားရဲ့ ဓားသိုင်းအခြေခံက ကျုပ်လောက် မခိုင်မာသေးဘူး... ပြီးတော့ ဓားသိုင်းအခြေခံမှာ မီလာရင်တောင် ကျုပ်ကို ယှဉ်နိုင်ဦးမှာ မဟုတ်သေးဘူး... သိုင်းအဆင့်တူချင်းမှာ ကျုပ်ရဲ့ ကျင့်စဉ်စွမ်းအင်က ခင်ဗျားထက် အများကြီး ပိုသာတယ်... ဓားကို အသုံးပြုတဲ့ နည်းစနစ်ကလည်း အများကြီး ပိုကောင်းတယ်... ခင်ဗျားက ဓားကိုပဲ အာရုံစိုက်လွန်းပြီး ကျန်တာတွေကို လျစ်လျူရှုထားတယ်... အဲဒါကြောင့် အဆင့်တူချင်းဆိုရင် ကျုပ်ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ခင်ဗျားရဲ့ တိုးတက်မှုက အတော်လေး ကြီးမားပါတယ်..."

ဓားစံအိမ်သခင်က တပည့်တစ်ယောက်၏ ဂါရဝပြုခြင်းမျိုးဖြင့် ဦးညွှတ်အရိုအသေပြု၍ တည်ကြည်လေးနက်သော အမူအရာဖြင့် တောင်းဆိုလိုက်သည်။ "အဲဒီလိုဆိုရင် ဂိုဏ်းသခင်လေးအနေနဲ့ ကျွန်တော့်ကို အနည်းအကျဉ်း ထောက်ပြ လမ်းညွှန်ပေးလို့ ရမလား... အစောက ကျောင်းတော်သားတွေကို သင်တဲ့ဆရာက ကျွန်တော် ဖြစ်ခဲ့ပေမဲ့ အခု ကျွန်တော့်ကို သင်ပြပေးဖို့ ဂိုဏ်းသခင်လေးကို အလေးအနက် တောင်းဆိုပါတယ်..."

ချင်မူက တည်တည်ငြိမ်ငြိမ်ဖြင့် ထိုင်ချလိုက်သည်။ "ကောင်းပြီလေ... ခင်ဗျားက ကျုပ်ဂိုဏ်းရဲ့ စံအိမ်သခင်တစ်ယောက်ပဲ မဟုတ်လား... လမ်းညွှန်သင်ပြပေးလို့ ထိခိုက်နစ်နာစရာ အကြောင်းမရှိပါဘူး... ဓားသိုင်းက ဓားသိုင်းသက်သက်ပဲ မဟုတ်ဘူး... ခန္ဓာကိုယ်လှုပ်ရှားမှု နည်းစနစ်၊ စွမ်းအင်ကျင့်စဉ်၊ လက်သီးသိုင်း၊ ဝိညာဉ်သန္ဓေသား... အကုန်လုံးက တန်းတူရည်တူ အရေးပါတယ်... ကျောင်းတော်သားတွေကို ခင်ဗျား သင်ပေးခဲ့တဲ့ ဓားချက်တွေက အစောက ပြောခဲ့တဲ့ အရာတွေအားလုံးကို တစ်သားတည်း ဖြစ်အောင် မစုစည်းနိုင်သေးဘူး..."

ဓားစံအိမ်သခင်က မေးလိုက်၏။ "တစ်သားတည်း ဖြစ်အောင် ဘယ်လို ပေါင်းစည်းရမှာလဲ..."

ချင်မူက ရွာလူကြီး သင်ပေးခဲ့သည့် ထိုးသွင်းဓားချက်ကို ပြန်သင်ပေးလိုက်သည်။ ဓားစံအိမ်သခင်မှာ ရုတ်ခြည်း အလင်းပွင့်သွားပြီး တတွတ်တွတ် ရေရွတ်လိုက်၏။ "ခွန်အားကို ထုတ်သုံးရတာ ဒီလိုပါလား... အမှားတွေ... အမှားတွေ... နှစ်တစ်ရာလုံးလုံး ငါ လေ့ကျင့်ခဲ့တာ အမှားတွေပဲ... သင်ကြားထောက်ပြပေးတာ ကျေးဇူးတင်ပါတယ် သခင်လေး..."

ထိုအခိုက်၌ လျှို့ဝှက်အလင်းခန်းမ၏ အပြင်ဘက်တွင် ချန်ဝမ်ယွင်နှင့် ကျန်သူများမှာ သုန်မှုန်သော မျက်နှာထားများနှင့် ရှိနေကြ၏။ ယွဲ့ချင်းဟုန်က ဒေါသသံနှင့် ပြောလိုက်သည်။ "အဆောင်မှူးက မျက်နှာလိုက်တာပဲ... ဒီကောင့်ကို အထူးအခွင့်အရေးပေးပြီး သူကိုယ်တိုင် ဓားသိုင်း သင်ပေးနေတာ... နဂိုကတည်းက ဒီကောင့် ဓားသိုင်း မညံ့ပါဘူးဆို၊ အဆောင်မှူးတစ်ယောက်ကပါ ထပ်သင်ပေးနေတော့ ငါတို့ ဘယ်လိုလုပ် သူ့ကို နိုင်တော့မှာလဲ..."

ချန်ဝမ်ယွင်က မထုံတက်သေးဖြင့် ပြောလိုက်၏။ "မင်းအားလုံး စိတ်ပူစရာ မလိုပါဘူး... အဆောင်မှူးက သူ့ကို ဘယ်လောက် ကောင်းတဲ့ အံ့မခန်းဓားသိုင်းပဲ သင်ပေးလိုက်ပစေ၊ ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူ့ကျင့်စဉ်က အားနည်းချက်ကို နင်းပြီး အနိုင်ယူပြမယ်..."

"အဲလို ဖြစ်ပါစေ ဆုတောင်းရမှာပဲ... ဒါပေမဲ့ သတိတော့ မလွတ်စေနဲ့..." ယွင်ချွယ်က သတိပေးလိုက်၏။

ချန်ဝမ်ယွင်က ခေါင်းညိတ်လိုက်သည်။ "မပူပါနဲ့... သူ တိုးတက်လာသလို ငါလည်း တိုးတက်နေပါတယ်... ဒီရက်ပိုင်းမှာ ငါ့ကျင့်စဉ်စွမ်းအင်ကို ဖိနှိပ်ထားတာ၊ အရပ်ခြောက်မျက်နှာအဆင့်ရဲ့ နယ်နိမိတ်ကို အရောက်လှမ်းနိုင်တော့မယ်... ငါရဲ့ ဓာတ်ကြီးငါးပါးအဆင့် ကျင့်စဉ်စွမ်းအင် အထွတ်အထိပ်နဲ့ ဘယ်လိုလုပ် သူ့ကို အနိုင်မယူနိုင်ဘဲ နေမှာလဲ... ဒီကောင်ကတော့ အဆောင်မှူးဆီက ဓားသိုင်းအသစ်သင်ပြီး လေ့ကျင့်နေတာနဲ့ အချိန်ကုန်၊ အားကုန်နေမှာ... ကျင့်စဉ်ကျင့်ဖို့ အချိန်ရမှာ မဟုတ်ဘူး... ဒီကောင့်ကို ဓာတ်ကြီးငါးပါးအဆင့်မှာ အနိုင်ယူဖို့က ငါ့ဆန္ဒပဲ... ကောင်းကင်နတ်သိုင်း ပညာရှင် ဖြစ်သွားမှဆိုရင် ဘာမှ ဂုဏ်ယူစရာ မရှိတော့ဘူး..."

လျှို့ဝှက်အလင်းခန်းမအတွင်းမှ တကယ့် အခြေအနေမှန်က သူတို့ ထင်သကဲ့သို့ မဟုတ်ကြောင်း မသိကြချေ။ ယခုအချိန်တွင် ဓားစံအိမ်သခင်က တပည့်ဖြစ်သွားပြီး ချင်မူက ဆရာတစ်ယောက် အနေဖြင့် ဓားသိုင်းလေ့ကျင့်နည်းကို သင်ကြားထောက်ပြပေးနေ၏။

သူတို့ သုံးယောက်သာ ဤမြင်ကွင်းကို မြင်လျှင် မျက်လုံးများ ကျွတ်ကျသွားပေလိမ့်မည်။

ဓားစံအိမ်သခင်က အရာများစွာကို တစ်သားတည်း ဖြစ်အောင် မည်သို့ စုစည်းရမည်ကို သင်ယူမှတ်သားလိုက်သည်။ ချင်မူက တစ်ချက်တွေး၍ ပြောလိုက်၏။ "ကျွန်တော့်ရဲ့ ဓားသိုင်းအခြေခံက အတော်လေး ခိုင်မာပေမဲ့ ဓားသိုင်းနဲ့ ပတ်သက်ပြီး များများစားစား မတတ်ကျွမ်းသေးပါဘူး... စံအိမ်သခင်အနေနဲ့ ကျွန်တော့်ကိုလည်း သင်ကြားထောက်ပြပေးပါဦး... အစောက ပြောတဲ့အထဲက တန်ခိုးရှင်မှာ ဓားသုံးချောင်း ရှိတယ်ဆိုပြီး ပထမဓား၊ လျှို့ဝှက်အလင်းကိုပဲ ရှင်းပြခဲ့တယ်... ကျန်တဲ့ ဓားနှစ်လက်အကြောင်း မပြောရသေးဘူး... အဲဓားနှစ်လက်က ဘာတွေများလဲ..."

ဓားစံအိမ်သခင်က ပြန်ဖြေလိုက်၏။ "ပထမဓား လျှို့ဝှက်အလင်း၊ ဒုတိယဓား ဆောင်ကျဉ်းအရိပ်၊ တတိယဓား ထုဆစ်ညအမှောင်ဆိုတာ တကယ်တမ်းတော့ တာအိုဓား သုံးဆင့်ပဲ... ဒီစာသားတွေကို ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ ဓားပညာသဘောတရား စာအုပ်မှာ ရေးထားတယ်... အဲဒီစာအုပ်ကို ဧကရာဇ်ကလည်း ကောင်းကင်သားတော်ရဲ့ ဓားသုံးလက်လို့ ဂုဏ်ပြုချီးမြှင့်ထားတယ်... သခင်လေးက ထောက်ပြသင်ကြားပေးဖို့ တောင်းဆိုပေမဲ့ ကျွန်တော် မသင်ကြားဝံ့ပါဘူး... တပည့်တစ်ယောက်ရဲ့ ဓားသိုင်း ပေါက်မြောက်အောင်မြင်မှုဟာ ဆရာရဲ့ အရည်အချင်းပေါ် မူတည်ပါတယ်... ကျွန်တော့်အနေနဲ့ တခြားကျောင်းတော်သားတွေကို သင်ပေးနိုင်ပေမဲ့ သခင်လေးကို သင်ပေးဖို့တော့ အရည်အချင်း မပြည့်မီသေးဘူးလို့ ထင်ပါတယ်..."

ချင်မူက သူ ဆိုလိုချင်သည်ကို သဘောပေါက်၏။ ကျင့်စဉ်သိုင်းကွက်များကို သင်ယူရာ၌ အကျွမ်းကျင်ဆုံး ဆရာကို ရှာဖွေသင့်သည် မဟုတ်လား။ မဟာမိုးခြိမ်းသံကျောင်းတော်မှ ကိုရင်လေးမင်ရှင်းမှာ ဥပမာပင် ဖြစ်၏။ သူ၏ ဆရာဖြစ်သူက မိုးကြိုးရှစ်ချက် လက်သီးသိုင်းကို အပြည့်အဝ နားလည် သဘောပေါက်ခြင်း မရှိခဲ့သဖြင့် မင်ရှင်းအား သူ့ဟာကွက်ကို အမွေဆက်ခံစေခဲ့သည်။

ဤနေရာတွင်လည်း ထိုသဘောအတိုင်းသာ ဖြစ်၏။ ဓားစံအိမ်သခင်က ဓားသိုင်းကွက်ကို အပြည့်အဝ နားလည် သဘောပေါက်ခြင်း မရှိဘဲ ချင်မူ့ကို သင်ကြားပေးခဲ့လျှင် သူ၏ ဟာကွက်၊ အားနည်းချက်များကို ချင်မူ့အား သင်ကြားပို့ချမိသွားချေလိမ့်မည်။

သို့ဖြစ်ရာ လျှို့ဝှက်နက်နဲသော ထိပ်တန်းသိုင်းပညာများကို သင်ယူလိုလျှင် ဆရာကောင်းတစ်ယောက်ကို ရှာရပေမည်။

ချင်မူ၏ အမူအရာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး မေးလိုက်၏။ "အဲဒီ ဓားပညာသဘောတရား စာအုပ်ကို ဘယ်မှာ ဖတ်လို့ရမလဲ..."

"မှတ်တမ်းထိန်းဆောင်မှာ ဖတ်လို့ ရပါတယ်..."

ဓားစံအိမ်သခင်က ဆက်ပြောလိုက်၏။ "ဂိုဏ်းသခင်လေး... ဒီစာဖတ်ခွင့်တံဆိပ်ပြားက မှတ်တမ်းထိန်းဆောင်ကို ဝင်ဖို့ အမှတ်အသားပါ... သခင်လေးမှာ ဒီတံဆိပ်ပြား ရှိနေသမျှ မှတ်တမ်းထိန်းဆောင်ကို ဝင်ပြီး စိတ်ကြိုက် ဖတ်ရှုလို့ ရပါတယ်..."

ချင်မူ၏ စိတ်အားများ တက်ကြွလှုပ်ရှားလာ၏။ သူက မှတ်တမ်းထိန်းဆောင်သို့ ယခုထိ မသွားရသေးပေ။ ထိုနေရာ၌ အင်ပါယာတစ်ခုလုံးမှ သိုင်းဂိုဏ်းအသီးသီး၏ ကျင့်စဉ်သိုင်းကျမ်းများ ရှိနေသည် မဟုတ်လား။ အဘယ်သို့ ပြု၍ သွားမကြည့်ဘဲ နေရမည်နည်း...။

"ဂိုဏ်းသခင်လေး နေ့လည်စာ မစားရသေးဘူး မဟုတ်လား..."

ဓားစံအိမ်သခင်က ရှားရှားပါးပါး အပြုံးတစ်ခုကို ပြုံး၍ ဖိတ်ခေါ်လိုက်၏။ "ကျွန်တော်လည်း သွားစားတော့မလို့... သခင်လေး ကျွန်တော့်အိမ် လိုက်စားပါလား... ကျွန်တော့်မှာ သခင်လေးကို မေးစရာ မရှင်းတာလေးတွေ ရှိသေးတယ်... စားရင်း ပြောလို့ ရတာပေါ့..."

ချင်မူက ချီတုံချတုံ ဖြစ်သွား၏။ "ကျွန်တော့်အိမ်မှာ မြေခွေးလေးတစ်ကောင် ရှိသေးတယ်..."

"သူ့ပါ ခေါ်ခဲ့လိုက်လေ..."

ချင်မူနှင့် ဓားစံအိမ်သခင်က လျှို့ဝှက်အလင်းခန်းမမှ အတူတူ ထွက်လာကြပြီး ကျောင်းတော်သားအိမ်ရာသို့ ရောက်ရှိလာကြ၏။ ဟူလင်းအာက ဝိညာဉ်ဖန်ဆင်းကျင့်စဉ်ကို လေ့ကျင့်လျက် ရှိပြီး စားသောက်ရမည့်အကြောင်း ကြားသောအခါ ဝမ်းသာအားရနှင့် ကမန်းကတန်း ပြေးထွက်လာ၏။ "အရက်ရော ပါလားဟင်..."

"ပါတာပေါ့..." ဓားစံအိမ်သခင်က ဖြေလိုက်၏။

ဟူလင်းအာက မြူးထူးရွှင်ပျသွားပြီး မှော်မိစ္ဆာလေကို ဆင့်ခေါ်ကာ နောက်မှ လိုက်ခဲ့လိုက်သည်။ လူနှစ်ယောက်နှင့် မြေခွေးတစ်ကောင်မှာ ဓားစံအိမ်သခင်၏ နေအိမ်သို့ ရောက်လာကြ၏။ ဓားစံအိမ်သခင် နေထိုင်သော နေရာက အတော်လေး ရိုးရှင်းလှသည်။ ဝင်ပေါက်နှစ်ပေါက်၊ ထွက်ပေါက်နှစ်ပေါက် ပါသော ခြံဝင်းတစ်ခုသာ ဖြစ်ပြီး အစေခံတစ်ယောက်ပင် မရှိချေ။

ချင်မူက လှည့်ပတ် ကြည့်ရှုလိုက်၏။ ဤနေရာ၌ အခြား မည်သူမျှ ရှိမနေချေ။ ဓားစံအိမ်သခင်က ကိုယ်တိုင်ကိုယ်ကျ သွက်သွက်လက်လက် ချက်ပြုတ်နေသည်။ ဤသည်က သူ့အိမ်တွင် ယခုမှ စချက်ပြုတ်ဖူးခြင်း မဟုတ်ကြောင်း ထင်ရှား၏။

"ဓားစံအိမ်သခင်... ခင်ဗျားမှာ မိန်းမ မရှိဘူးလား..." ချင်မူက တအံ့တဩ မေးလိုက်သည်။

"မိန်းမလား..."

ဓားစံအိမ်သခင် ချက်ပြုတ်သည့်နှုန်းက မြန်ဆန်လှသည်။ သူ၏ ကိုယ်တွင်းမီးလျှံဖြင့် ချက်ပြုတ်နေခြင်း ဖြစ်ရာ အဘယ်သို့ မမြန်ဘဲ ရှိလိမ့်ချေမည်နည်း။

ဤသက်လတ်ပိုင်းအရွယ် လူကြီးက မကြာမီအချိန်အတွင်း ဟင်းပွဲများချ၍ ထမင်းခူးလိုက်သည်။ "ဘာလို့ မိန်းမ ယူနေမတုံး... ဒီလောက် ဒုက္ခများတာ..."

ဟူလင်းအာက သူ ချက်ပြုတ်ထားသည်များကို မြည်းစမ်းကြည့်ပြီး အံ့အားသင့်သွား၏။ "အရသာ တကယ်ရှိတာပဲ... ဓားစံအိမ်သခင်... ရှင့်ရဲ့ အချက်အပြုတ် စွမ်းရည်က သိပ်ကောင်းတာပဲ... မြို့ထဲက စာဖိုမှူးအတော်များများထက်ကို သာတယ်... ဘာလို့ မိန်းမတစ်ယောက်လောက် မရှာတာလဲ..."

"တစ်ခါက ရှိခဲ့ဖူးပါတယ်... ငါ ငယ်ငယ်တုန်းက ဂိုဏ်းတူမိန်းကလေး တစ်ယောက်နဲ့ ပျော်စရာအချိန်တွေ ရှိခဲ့တယ်... ဒါပေမဲ့ အဲဒါက ငယ်တုန်းရွယ်တုန်းနဲ့ အမှားအမှန် မပိုင်းခြားနိုင်တုန်းကပါ..."

ဓားစံအိမ်သခင်က အတိတ်ကို ပြန်သတိရသွားပြီး ခေါင်းခါယမ်းလိုက်သည်။ "နောက်ပိုင်းမှာ ဓားတစ်လက်ကသာ ငါ့ကို ပိုပြီး ပျော်ရွှင်စေနိုင်တယ်ဆိုတာ တွေ့ခဲ့တယ်... မိန်းမတစ်ယောက်ကြောင့် ရတဲ့ ပျော်ရွှင်မှုက ဓားတစ်လက်ကြောင့် ရတဲ့ ပျော်ရွှင်မှုလောက် မရှိမှတော့ ဘာလို့ ဒုက္ခခံနေတော့မှာလဲ... အဲဒါကြောင့် ငါတို့ လမ်းခွဲခဲ့ကြတယ်... ဂိုဏ်းသခင်လေး... မိန်းမတွေက တကယ့် ဒုက္ခအိုးတွေပဲ... မိန်းမ မရှာနဲ့... သူတို့က သခင်လေးရဲ့ အချိန်တွေကို သူတို့နဲ့ပဲ ကုန်စေချင်လိမ့်မယ်... သူတို့ကို ပျော်အောင် ထားပေးရတယ်၊ သခင်လေးနဲ့ ခဏခဏ တွတ်တီးတွတ်တာ ပွတ်သီးပွတ်သပ်နေချင်လိမ့်မယ်... ကျွန်တော်တို့က လေ့ကျင့်မှုအပေါ်မှာ အာရုံစိုက်ရဦးမယ်... ဓားသိုင်းလေ့ကျင့်တာက ကျွန်တော်တို့အတွက် ပျော်ရွှင်မှုကို ပိုဆောင်ကျဉ်းပေးနိုင်တယ်... မိန်းမတွေက ကျွန်တော်တို့ကို မပျော်ရွှင်စေဘူး... အဲဒါကြောင့် သခင်လေး မိန်းမ လုံးဝ မလိုချင်နဲ့..."

ဟူလင်းအာက အံ့အားသင့်သွားပြီး ငြင်းခုန်လိုက်သည်။ "ဓားစံအိမ်သခင်... ရှင်ပြောတာ မှားနေပြီ... မိန်းမတွေက ဘာမကောင်းလို့လဲ..."

ဓားစံအိမ်သခင်၏ ချီစွမ်းအင်က မရေမတွက်နိုင်သော ဓားသွားများ အချင်းချင်း ထိခတ်သကဲ့သို့ ဝှမ်ခနဲ မြည်ဟည်းလာသည်။ သူက မထုံတက်သေး ပြောလိုက်၏။ "ဓားသိုင်းလေ့ကျင့်ရတာ ငါ့အတွက် ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာ မင်း နားလည်မှာ မဟုတ်ဘူး... မင်းကို ရှင်းပြနေလည်း ဘာမှ ထူးမှာ မဟုတ်ဘူး..."

ချင်မူ သူ့မျက်ဝန်းများကို မသိနားမလည်သူ တစ်ယောက်လို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ ဓားစံအိမ်သခင်၏ သိုင်းအဆင့်က မြင့်မားလှပြီး ယခုအချိန်တွင် ထိုအဆင့်ကို သူ နားလည်နိုင်စွမ်း မရှိသေးပေ။

လူနှစ်ယောက်နှင့် မြေခွေးတစ်ကောင်က နေ့လည်စာကို စားခြင်းကို လက်စသပ်လိုက်သည်။ ဓားစံအိမ်သခင်က ချင်မူ့ကို မေးခွန်းအချို့ မေးပြီးနောက် အတွေးနက်သွားကာ အတန်ကြာအောင် စကားမဆိုတော့ပေ။ ချင်မူက နှုတ်ဆက်စကား ဆိုတော့မည် ပြင်လိုက်စဉ်မှာပင် ဓားစံအိမ်သခင်က အတွေးထဲတွင် နစ်မျောနေရာမှ နိုးထလာပြီး ထရပ်လိုက်၏။ "ဂိုဏ်းသခင်လေး... လိုက်မပို့တော့ဘူးနော်..."

ချင်မူမှာ ရယ်ရမလား၊ ငိုရမလားမသိ ဖြစ်သွားပြီး သူ့ကို လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။

"ဓားစံအိမ်သခင်က တကယ့်ကို ထူးဆန်းတဲ့ စိတ်နေစိတ်ထား ရှိတာပဲ..."

သူက ခေါင်းခါယမ်းလိုက်၏။ "အရင်တုန်းက သူနဲ့ ချစ်ကြိုက်ခဲ့တာ ဘယ်သူများပါလိမ့်... ငါ ပြန်ဆက်ပေးလို့ ရချင်ရမှာ... ဒါပေမဲ့ ဓားစံအိမ်သခင်ရဲ့ ဒီလို ထူးဆန်းတဲ့ စိတ်မျိုးနဲ့ သူတို့ ပြန်ပေါင်းပြီးလည်း ကွဲကြမှာပဲ..."

သူ ကျောင်းတော်သားအိမ်ရာသို့ ပြန်လာသောအခါ ကျောင်းတော်သားများစွာ တောင်ပေါ်မှ ဆင်းလာကြသည်ကို မြင်လိုက်ရ၏။ တော်ဝင်ခြံဝင်းနှင့် ကျောင်းတော်သားအိမ်ရာမှ ကျောင်းတော်သားများ အားလုံး ထွက်လာကြပြီး တောင်အောက်သို့ ဦးတည်၍ ဆင်းသွားကြသည်။

ချင်မူ ဇဝေဇဝါ ဖြစ်နေစဉ်တွင် ရုတ်တရက် အသံတစ်သံ ကြားလိုက်ရ၏။ "နောင်တော်ချင်... ဒီကိုလာ..."

ချင်မူ လှမ်းကြည့်လိုက်သောအခါ လူအုပ်ကြားမှ ဝေ့ယုံကို လှမ်းမြင်လိုက်ပြီး သူ့ထံ လျှောက်သွားလိုက်၏။ ဟူလင်းအာက မေးလိုက်သည်။ "ဖက်တီးဝေ... ဘာတွေ ဖြစ်နေတာလဲ..."

ဝေ့ယုံက ပြုံးလိုက်သည်။ "နင်တို့ မသိကြသေးဘူးလား... တာအိုဂိုဏ်းက တာအိုရသေ့တစ်ပါး တောင်ခြေမှာ ရောက်နေတယ်တဲ့... သူက တပည့်တစ်ယောက် ခေါ်လာပြီး တောင်ခြေလမ်းကို ပိတ်ထိုင်ထားတယ်..."

ချင်မူမှာ အံ့အားသင့်သွားပြီး ရေရွတ်လိုက်၏။ "သူတို့က ဝင်ပေါက်ထွက်ပေါက် ပိတ်ထားတာပေါ့..."

ဝေ့ယုံက ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်... သူတို့က ဝင်ပေါက်ထွက်ပေါက် ပိတ်ထားတာ... တာအိုဂိုဏ်းက အကြီးဆုံး လမ်းမှန်ဂိုဏ်းပဲ... ဝင်ပေါက်ထွက်ပေါက် ပိတ်ထားတဲ့ တာအိုရသေ့က သူ့ကိုယ်သူ တန်းယန်ကျစ်၊ သူ့တပည့်ကိုတော့ တောက်ကျစ်လို့ ပြောတယ်... အစောက အဆောင်မှူးတစ်ယောက် သွားစုံစမ်းတော့ သူတို့က ဒီကို ပြဿနာရှာဖို့ လာတာ မဟုတ်ပါဘူး၊ သိုင်းပညာဖလှယ်ဖို့ လာတာပါတဲ့... နန်းတွင်းကောလိပ်က တစ်လောကလုံးမှာ နံပါတ်တစ် အထွတ်အမြတ်နယ်မြေလို့ သူ ကြားဖူးတာ ကြာပြီတဲ့... တစ်လောကလုံးက ပါရမီရှင်တွေ စုဝေးရာ နေရာဆိုလို့ သူက တာအိုဂိုဏ်းရဲ့ တာအိုတပည့်သား၊ တောက်ကျစ်ကို ခေါ်ပြီး နန်းတွင်းကောလိပ်နဲ့ တာအိုဂိုဏ်းရဲ့ ပညာချင်းဖလှယ်ဖို့ ရောက်လာတာတဲ့..."

ချင်မူ၏ ရင်ထဲတွင် တုန်လှုပ်သွားပြီး လေပူတစ်ချက်မှုတ်ထုတ်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ "သိပ်ကောင်းတဲ့ နည်းဗျူဟာပဲ..."

ဝေ့ယုံမှာ ဇဝေဇဝါ ဖြစ်သွား၏။

"သူတို့က စိတ်နှလုံးကို တိုက်ခိုက်တာပဲ..."

ချင်မူ၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွား၏။ "မြို့တော်ရဲ့ အပြင်ဘက်မှာ အခွင့်ကောင်းချောင်း၊ တော်လှန် ပုန်ကန်ပြီး ဧကရာဇ်အတိုင်ပင်ခံကို ဆန့်ကျင်ကြတဲ့ ဂိုဏ်းတွေ အများအပြား ရှိပေမဲ့ မြို့တော်ကတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေသေးတယ်လို့ ပြောလို့ရတယ်... ဒါကိုကြည့်ရင် သာမန် အရပ်သားတွေက အတိုင်ပင်ခံကို ထောက်ခံကြတယ်ဆိုတာ ထင်ရှားတယ်... ဧကရာဇ် အတိုင်ပင်ခံက သိုင်းဂိုဏ်းတွေကို ပြုပြင်ပြောင်းလဲပြီး အခြေခံကျောင်းတွေ၊ ကောလိပ်ကျောင်းတွေနဲ့ နန်းတွင်းကောလိပ်ကို တည်ထောင်ခဲ့တယ်... အနယ်နယ်အရပ်ရပ်က ပါရမီရှင်တွေကို ကောင်းကင်သားတော်ရဲ့ ကျောင်းတော်သားအဖြစ် သိမ်းသွင်းလက်ခံပြီး ဧကရာဇ်အတွက် အသုံးချနိုင်အောင် စီမံခဲ့တယ်... ပြောကြတာကတော့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက အင်ပါယာ အသွင်ဆောင်ထားတဲ့ ဂိုဏ်းတဲ့... တာအိုဂိုဏ်းရဲ့ တောက်ကျစ်က ဝင်လမ်းထွက်လမ်းပိတ်ဆို့ထားပြီး သူ့ကို နန်းတွင်းကောလိပ်က ကျောင်းတော်သား တစ်ယောက်မှ အနိုင်မယူနိုင်ခဲ့ရင် ဧကရာဇ်အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှုက ဘာများ အသုံးကျတော့မှာလဲ..."

ဝေ့ယုံမှာ ကြောင်ငေးငေး ဖြစ်သွားပြီး တတွတ်တွတ် ရေရွတ်လိုက်သည်။ "ဒါက စိတ်နှလုံးကို တိုက်ခိုက်တာသက်သက် မဟုတ်တော့ဘူး... စိတ်နှလုံးကို သတ်တာ..."

All Chapters