← Chapters

တာအိုဂိုဏ်းမှ တောက်ကျစ်

Vol. 10 Ch. 131

တာအိုဂိုဏ်းမှ တောက်ကျစ်

Vol. 10 Ch. 131

အားပေးထောက်ခံကြသည့် လူများ၏ စိတ်နှလုံးကို သတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ဝေ့ယုံ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက သိုင်းဂိုဏ်းများကို ပြုပြင်ပြောင်းလဲ၍ သိုင်းလမ်းစဉ်အမျိုးမျိုး၊ ဂိုဏ်းအသီးသီးမှ ထိပ်တန်း ပညာရပ်များအားလုံးကို စုစည်းကာ တိုင်းပြည်အနှံ့တွင် အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းနှင့် မြို့တော်တွင် နန်းတွင်းကောလိပ်ကို တည်ထောင်ပြီး သိုင်းလောကမှ သိုင်းဂိုဏ်းများ အားလုံးကို ဖိနှိပ်ချိုးနှိမ်ခဲ့သည်။

သူတို့က သယံဇာတ အထောက်အပံ့ များစွာကို စုစည်းရယူခဲ့၏။ သူတို့၏ သင်ကြားမှုများမှ ထူးချွန်သော တပည့်သားများ ထွက်မလာခဲ့လျှင်၊ သူတို့၏ တပည့်သားများက သိုင်းဂိုဏ်းများ၏ ဂိုဏ်းသားတပည့်များအောက် နိမ့်ကျနေသေးလျှင် ဧကရာဇ်အတိုင်ပင်ခံ၏ ပြုပြင် ပြောင်းလဲမှုက ဘာများ အသုံးဝင်ပါဦးမည်နည်း။

ဤတာအိုဂိုဏ်း၏ ဂိုဏ်းသားတပည့်၊ တောက်ကျစ်က အလွန်တရာ မြင့်မားသော စွမ်းရည်ရှိသည့် ပါရမီရှင် တစ်ယောက် ဖြစ်ပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက နန်းတွင်းကောလိပ်ကို သိက္ခာချရန်အတွက် တာအိုဂိုဏ်းက သူ့ကို စေလွှတ်လိမ့်မည် မဟုတ်။

နန်းတွင်းကောလိပ်၏ ဂုဏ်သိက္ခာက အတိုင်ပင်ခံ၏ ဂုဏ်သိက္ခာ ဖြစ်သကဲ့သို့ ဧကရာဇ်၏ ဂုဏ်သိက္ခာလည်း ဖြစ်သည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံနှင့် ဧကရာဇ်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ပါဦးမည်လား ဆိုသည်က ပြောရခက်လှ၏။

ဝေ့ယုံ၏ ရင်ထဲတွင် အကြီးအကျယ် တုန်ခါသွားပြီး ရုတ်တရက် အော်ဟစ် ရယ်မောလိုက်သည်။ "နန်းတွင်းကောလိပ်က တစ်လောကလုံးမှာ ရှိတဲ့ ပါရမီရှင်တွေကို စုစည်းထားတာပဲ... သူတို့က တာအိုဂိုဏ်းက တပည့်ဂိုဏ်းသား ပမွှားလေးလောက်ကို ဘယ်လိုလုပ် မယှဉ်နိုင်ဘဲ နေမှာလဲ..."

ချင်မူ ခေါင်းခါယမ်းလိုက်၏။ ဤကျောင်းတော်သား အများစုက တူညီသော ကျင့်စဉ်များကိုသာ လေ့ကျင့်ထားကြသည် ဖြစ်၍ အားကိုးရလောက်မည်ဟု သူ မထင်ချေ။

မတူညီသော ကျင့်စဉ်များကို လေ့ကျင့်သည့် ကျောင်းတော်သားများ ရှိနေနိုင်သော်လည်း သူတို့အတွက် ထိုကျင့်စဉ်များကို ကျွမ်းကျင် ပိုင်နိုင်ရန် ခဲယဉ်းလှသည်။ ကျင့်စဉ်တစ်ခုကို သင်ယူရန်မှာ ထိုကျင့်စဉ်၌ အထူးပြု ကျွမ်းကျင်သည့် ဆရာ ရှိရန် လိုသည် မဟုတ်လား။ သို့မှသာ ၎င်းကျင့်စဉ်၏ အနှစ်သာရကို အမိဖမ်းနိုင်ပေမည်။

သူ မြင်သမျှတော့ တာအိုဂိုဏ်းက သေချာ ပြင်ဆင်လာခြင်း ဖြစ်ပြီး နန်းတွင်းကျောင်းတော်သားများအနေဖြင့် တောင်ထိပ်တွင် ပိတ်ဆို့ခံရရုံသာ ရှိတော့၏။

နန်းတွင်းကောလိပ်မှ ကျောင်းတော်သားများသာ တာအိုဂိုဏ်းမှ တောက်ကျစ်ကို အနိုင်မယူနိုင်ခဲ့လျှင် အနယ်နယ်အရပ်ရပ်မှ သိုင်းဂိုဏ်းများအတွက် ဧကရာဇ် အတိုင်ပင်ခံကို ဆန့်ကျင်သမှုပြုရန် လုံလောက်သော အကြောင်းပြချက် ရသွားပေပြီ။ ထိုအခါ ဧကရာဇ်၏ ကောင်းမြတ်သော ပုံရိပ် ပျက်ပြား၍ လူအများနှစ်သက်မှု လျော့ကျလာမည် ဖြစ်ပြီး သူ့အနေဖြင့် အတိုင်ပင်ခံကို မကွပ်မျက်ခဲ့လျှင် တစ်တိုင်းပြည်လုံးမှ သိုင်းဂိုဏ်းများ အားလုံး တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း ပုန်ကန်ထကြွလာပေလိမ့်မည်။

တာအိုဂိုဏ်းမှ တောက်ကျစ်နှင့် နန်းတွင်းကောလိပ် ကျောင်းတော်သားများ အကြားမှ တိုက်ပွဲမှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ ကံကြမ္မာနှင့် သက်ဆိုင်နေသည် ဖြစ်ရာ ပေါ့ပြက်ပြက် သဘောထား၍ မရနိုင်ပေ။

"အဲဒီ တောက်ကျစ်ရဲ့ အစွမ်းအစကို သွားကြည့်ကြစို့..." ဝေ့ယုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ချင်မူနှင့် သူ တောင်အောက်သို့ ဆင်းလာခဲ့ကြ၏။ ကျောက်စိမ်းတောင်စွန်းအောက်မှ တောင်တံခါးဝ အနီးတစ်ဝိုက် နေရာအနှံ့တွင် နန်းတွင်းကျောင်းတော်သားများ ရောက်ရှိနေကြပေပြီ။ နန်းတွင်းကောလိပ်ရှိ ကျောင်းတော်သား အရေအတွက်က မနည်းလှ။ ကျောင်းတော်သားအိမ်ရာက တစ်နှစ်လျှင် ဆယ်ယောက်သာ လက်ခံသော်လည်း တော်ဝင်ခြံဝင်းမှ တော်ဝင်မျိုးနွယ်များနှင့် ကောင်းကင်နတ်သိုင်း ပညာရှင်များက များပြားလှ၏။

ချင်မူက ကျောက်စိမ်းတောင်စွန်းထိပ်၌ ရပ်၍ လှည့်ပတ် ကြည့်ရှုလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း တောင်တံခါးဝ၏ ရှေ့၌ တာအိုရသေ့နှစ်ပါး ထိုင်နေသည်ကို တွေ့ရ၏။ ထိုထဲမှ တစ်ပါးက အသက်အရွယ် ကြီးရင့်ပြီး ယခုခေတ်လူများနှင့် မတူဘဲ ရှေးကာလမှ လာသည့် လူတစ်ယောက်ကဲ့သို့ ရှေးကျသော အသွင် ရှိသည်။ သူက မီးခိုးရောင် တာအိုရသေ့ဝတ်စုံကို ဝတ်ဆင်ထားပြီး ရိုးရှင်းသော အရှိန်အဝါတစ်မျိုး ရှိ၏။ သူ့အသွင်သဏ္ဌာန်က လောကီရေးရာများကို အထက်စီးမှ အုပ်မိုး ရှုမြင်နေသူ တစ်ယောက်ကဲ့သို့ ဖြစ်ပြီး ဤလောကကြီးမှ အရာအားလုံးမှာ သူနှင့် သက်ဆိုင်ခြင်း မရှိသကဲ့သို့ ဆိတ်ဆိတ်ငြိမ်ငြိမ် ထိုင်နေသည်။

ဤသွင်ပြင် အရှိန်အဝါအရ သာမန် ဂိုဏ်းသားသက်သက် မဟုတ်နိုင်။ ဤအဘိုးကြီးက နံပါတ်တစ် လမ်းမှန်ဂိုဏ်း ဖြစ်သော တာအိုဂိုဏ်းတွင် အလွန်တရာ မြင့်မားသော အဆင့်အတန်း ရှိသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

ထိုရသေ့အိုကြီး၏ ဘေးတွင်တော့ ခံ့ညား​ချောမောသည့် သွင်ပြင်လက္ခဏာ ရှိသော လူငယ်တစ်ယောက် ရှိ၏။ ထိုလူငယ်က မီးငှက်လက်ကိုင်ရိုး တပ်ထားသည့် နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူသော မြင်းမြီးယပ်ကို တံတောင်ကွေးတွင် တင်ထားသည်။ အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ဘေး ပတ်ပတ်လည်တွင် နန်းတွင်းကောလိပ် ကျောင်းတော်သားများ ဝန်းရံနေသည်ကို မည်သို့မျှ ခံစားရခြင်း မရှိဟန်ဖြင့် ငြိမ်သက်စွာ ထိုင်နေ၏။

ချင်မူ လွှတ်ခနဲ ရေရွတ်လိုက်မိသည်။ တာအိုရသေ့များကဲ့သို့ ဝတ်စားဆင်ယင်ထားသော ဤအဘိုးကြီးနှင့် လူငယ်က သူတို့၏ စိတ်ရော၊ ခန္ဓာကိုပါ လေ့ကျင့်ထားဟန် ရှိပြီး လူ့ဘောင်လောကသို့ သက်ဆင်းလာသည့် နတ်ဝဇ္ဇာများအသွင် ဆောင်နေ၏။

တာအိုရသေ့နှစ်ပါးက တောင်တံခါးဝရှေ့ရှိ လမ်းမအလယ်တွင် ထိုင်နေသည်။ တောင်တံခါးဝက လွန်စွာ ကျယ်ဝန်းလှပြီး သူတို့နှစ်ယောက်တည်းဖြင့် နေရာများစွာ မယူချေ။

သို့သော်လည်း ဤနှစ်ယောက်ကို ထွက်သွားအောင် မောင်းမထုတ်နိုင်ခဲ့လျှင် နန်းတွင်းကောလိပ်အတွက် အကြီးအကျယ် အရှက်ရဖွယ် ဖြစ်သည် မဟုတ်လား။

သိုင်းဂိုဏ်းတစ်ဂိုဏ်းကို ဝင်ပေါက်ထွက်ပေါက်ပိတ်ခြင်း ဖြစ်စဉ်မှာ သိုင်းလောကတွင် များစွာ တွေ့ရလေ့မရှိ။ များသောအားဖြင့် အကြီးအကျယ် မုန်းတီးသော ရန်သူကိုသာ ထိုသို့ လုပ်လေ့ ရှိသည်။ ထိုဂိုဏ်း၏ ဝင်ပေါက်ထွက်ပေါက်ကို ပိတ်ဆို့ထားခံရကြောင်း တစ်လောကလုံး သိစေ၍ ၎င်းတို့၏ ဂိုဏ်းအစဉ်အဆက် သိုင်းပညာကို အထင်သေးသည့် သဘောဆောင်ကာ သူတို့ကိုယ်သူတို့ ယုံကြည်မှု ပျက်ပြားစေပြီး အရှက်ခွဲလိုရင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ထိုသို့ ဝင်ပေါက်ထွက်ပေါက် ပိတ်ဆို့သည့်အခါ အသက်မသေဘဲ ပြီးလေ့မရှိပေ။

ယခု တာအိုဂိုဏ်းမှ ရသေ့အိုနှင့် ရသေ့ပျိုတို့က နန်းတွင်းကောလိပ်၏ ဝင်ပေါက်ထွက်ပေါက်ကို ပိတ်ဆို့ထား၏။ သူတို့က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာကို သိက္ခာချ၍ ဧကရာဇ် အတိုင်ပင်ခံကို အရှက်ခွဲကာ အရှိန်ရစပြုနေပြီ ဖြစ်သော အတိုင်ပင်ခံ၏ ပြုပြင်ပြောင်းလဲမှုကို ဖျက်ဆီးရန် ကြိုးစားခြင်း ဖြစ်သည်။

ချင်မူနှင့် မလှမ်းမကမ်းမှ အဝါရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် မင်းသားတစ်ပါးက ခပ်တိုးတိုး ပြောလိုက်၏။ "အရင်တုန်းကတော့ တာအိုဂိုဏ်းဆိုတာ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ တန်းတူလိုက်နိုင်တဲ့ အကြီးဆုံးဂိုဏ်းတစ်ခုပဲ... ဒါပေမဲ့ ဒီနှစ်ပိုင်းတွေမှာ သူတို့က ကောင်းကင်နတ်ဆိုးဂိုဏ်းလိုပဲ ငုပ်နေပြီး ဘာသတင်းမှ မကြားရတာ ကြာပြီ... အခု တာအိုဂိုဏ်းက ပြန်ပေါ်လာပြီ ဆိုတော့ ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး... နန်းတွင်းကောလိပ်ကသာ ဒီနှစ်ယောက်ကို အနိုင်မယူနိုင်ရင် သူတို့ပြန်သွားတာနဲ့ တာအိုဂိုဏ်းက ပုန်ကန်ကောင်း ပုန်ကန်လိမ့်မယ်... တာအိုဂိုဏ်းသာ ပုန်ကန်ခဲ့ရင်၊ သူတို့ရဲ့ ဩဇာအာဏာနဲ့ဆို..."

ချင်မူက ထိုမင်းသားကို လှမ်းကြည့်ပြီး စိတ်ထဲမှ တွေးလိုက်မိ၏။ "ဒီတစ်ယောက်က ထက်မြက်တဲ့ အသိအမြင်နဲ့ အတွေ့အကြုံ ရှိတာပဲ..."

ထိုမင်းသားက ရုတ်တရက် စိတ်ထဲတွင် မသိုးမသန့် ဖြစ်လာဟန် ရှိ၍ ချင်မူ့ထံသို့ လှည့်ကြည့်လာပြီး မျက်လုံးများ အရောင်တောက်သွားသည်။ သူက အခြားမင်းသားများအနီးမှ တိတ်တဆိတ် ထွက်ခွာ၍ ချင်မူထံသို့ တိုးဝှေ့ ရောက်ရှိလာသည်။

"နွားကျောင်းတဲ့ ကောင်လေး..."

ထိုမင်းသား၏ မျက်နှာမှာ ကလေးတစ်ယောက်ကဲ့သို့ ခပ်ဖောင်းဖောင်း ရှိနေပြီး အပြုံးတစ်ချက်နှင့် ခပ်တိုးတိုး မေးလိုက်၏။ "နင် ငါနဲ့ တွေ့ဖို့ မြို့တော်ကို တကယ်ကြီး လာခဲ့တာလား..."

ချင်မူက သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ထိုမင်းသားက ရင်းနှီးနေသလို ခံစားမိသဖြင့် လွှတ်ခနဲ ရေရွတ်လိုက်မိသည်။ "မင်း... မင်းက... ခပ်ဝဝ သတ္တမသခင်လေးပါလား..."

ထိုစကား ထွက်သွားပြီးမှ တစ်မဟုတ်ချင်း သတိရသွားသည်။ 'ခပ်ဝဝ သတ္တမသခင်လေး' ဆိုသည်မှာ ယောက်ျားလေးလို ဝတ်ထားသည့် လင်ယွိရှို့ပဲ မဟုတ်လား။

ထိုမင်းသားက သူ့စကားကို ကြားသောအခါ ထိန်းမနိုင်သိမ်းမရ ဒေါသထွက်သွား၏။ သူမက ကြီးများသော သံတူကြီးကို ထုတ်ယူ၍ ချင်မူ့ကို ရိုက်ချရန် ပြင်လိုက်သည်။

ချင်မူက ကမန်းကတန်း အမှားပြင်၍ ပြုံးပြလိုက်သည်။ "မိန်းမလှလေး... နင့်ကို ငါ မမှတ်ချင်ဘူး ဖြစ်သွားတယ်... နောင်တော်ဝေ့... ဒါက သတ္တမမင်းသမီး လင်ယွိရှို့တဲ့... မိန်းကလေးယွိရှို့... ဒါက နယ်စားနန်းဆောင်က ဝေ့ယုံပါ..."

လင်ယွိရှို့အနေဖြင့် လူပုံအလယ်တွင် သူ့ကို ရိုက်သတ်ရန်မှာ မြင်မကောင်းသဖြင့် သူမ၏ သံတူကြီး ပြန်သိမ်းလိုက်သည်။ ဝေ့ယုံမှာ အံ့ဩတုန်လှုပ်သွားပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။ "သတ္တမမင်းသမီး ဟုတ်လား... နောင်တော်ချင်က သတ္တမင်းသမီးနဲ့ ဘယ်နေရာမှာများ သွားပတ်သက်လာသလဲ မသိဘူး... တော်ဝင်မင်းသမီး တစ်ယောက်ကို အဲလို သွားပတ်သက်လို့ ရမလား... ခေါင်းတွေတော့ ပြတ်ကုန်တော့မှာပဲ... ငါ ကြားဖူးတာတော့ သတ္တမမင်းသမီးက ထူးချွန်တဲ့ ပါရမီအရည်အချင်း၊ မြင့်မားတဲ့ အသိအမြင် ဗဟုသုတနဲ့ ရည်မှန်းချက် ကြီးမားတယ်တဲ့... ဒါပေမဲ့ သူ့လက်နက်က ဘာလို့ ဒီလို ကြမ်းကြမ်းတမ်းတမ်း ဖြစ်နေရတာလဲ..."

ချင်မူက ဝေ့ယုံ တွေးနေသည်ကို မသိဘဲ လင်ယွိရှို့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ဤမိန်းကလေးက ပို၍ ပို၍ လှလာ၏။ သူမက ယောက်ျားလေး တစ်ယောက်လို ဝတ်စားဆင်ယင်ထားသော်လည်း သူရဲကောင်းတစ်ယောက်ကဲ့သို့ ထူးကဲသော အရှိန်အဝါ အငွေ့အသက်မျိုး ရှိသည်။ ထို့ပြင် ယောက်ကျားလေး အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အခြား မိန်းကလေးများကဲ့သို့ ဖောင်းကြွ၍ ဝဝဖြိုးဖြိုး ရှိနေသော သူမ၏ ရွှေရင်အစုံကိုတော့ ဖုံးကွယ်ထားခြင်း မရှိပေ။

မဟာမြို့ပျက်တွင်တုန်းက သူမ၏ ရင်ဘတ်က ထိုမျှ ဝဖြိုးခြင်း မရှိ။

သူမ၏ ခန္ဓာကိုယ်ပေါ်မှ ရင်းနှီးနေသော မွှေးရနံ့ တစ်ခုကိုလည်း ရလိုက်သည်။ ထိုအနံ့က သဘာဝမွှေးရနံ့ ပိုးချည်၏ အနံ့ ဖြစ်၏။ "မိန်းကလေးယွိရှို့... နင်နဲ့ ငါ မတွေ့တာ ဘာမှ မကြာသေးဘူး... နင့်ရုပ်က အတော် ပြောင်းသွားတာပဲ... နန်းတော်ထဲမှာတုန်းက မှတ်တောင် မမှတ်မိဘူး..."

လင်ယွိရှို့၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး ရှက်ဝဲဝဲ ဖြစ်သွားသည်။ "ဘာတွေ ပြောင်းသွားလို့လဲ..."

ချင်မူက သူမ၏ ခေါင်းပေါ်သို့ လက်ဆန့်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ "နင်က အရင်ကထက် အရပ် ပိုရှည်လာတယ်... ငါ့ထက်တောင် ပိုရှည်သွားပြီ... ပိုလည်း လှလာတယ်... ကြွက်သားတွေလည်း ပိုဖွံ့ဖြိုးလာတယ်... နင့်မျက်နှာနဲ့ ရင်ဘတ်က ကြွက်သားတွေ..."

လင်ယွိရှို့မှာ ဒေါသ ခြောင်းခြောင်းထသွားပြီး သူ့ကို တောင်စောင်းအောက်သို့ ကန်ချလိုက်၏။

ချင်မူ၏ မျက်နှာ အမူအရာက မည်သည်ကိုမျှ အမှားလုပ်လိုက်မိခြင်း မရှိသကဲ့သို့ အူကြောင်ကြောင် ရှိနေပြီး လေထဲတွင် ပြုတ်ကျသွားရင်း မကျေမနပ် ရေရွတ်လိုက်သည်။ "ငါ သူ့ကို ဝတယ်လို့လည်း မပြောပါဘူး... ဘာလို့ ဒီလောက် ဒေါသထွက်သွားရတာလဲ..."

ဟူလင်းအာက ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်၏။ "ဟုတ်တယ် သခင်လေး... ဒီမိန်းမက လွန်လွန်းတယ်... သွားမပတ်သက်တော့နဲ့..."

ဘုတ်...။

ချင်မူ၏ ခြေထောက် နှစ်ဖက်စလုံးက မြေပြင်ပေါ်သို့ တည်တည်ငြိမ်ငြိမ် ကျသွားပြီး အပေါ်သို့ မော့ကြည့်လိုက်၏။ သူ ပြန်ခုန်တက်သွားလိုသော်လည်း လင်ယွိရှို့က သူ့ကို ထပ်ကန်ချမည် စိုးရိမ်မိသည်။

ချင်မူ၏ ဘေးတွင် ရပ်နေခဲ့သော ဝေ့ယုံမှာလည်း ကြက်သေသေ၍ ကြည့်နေမိ၏။

လင်ယွိရှို့က သူ့ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။ ဝေ့ယုံ၏ နဖူးထက်တွင် ချွေးစေးတစ်ပေါက် လိမ့်ဆင်းသွားပြီး တောင်စွန်းမှ ခုန်ချလိုက်၏။

လင်ယွိရှို့က ဟွန့်ခနဲ နှာခေါင်းရှုံ့၍ တောင်စောင်းပေါ်မှ လိုက်ခုန်ဆင်းလိုက်သည်။

ခပ်လှမ်းလှမ်းမှ မင်းသားတစ်ပါးက မျက်မှောင်ကြုတ်လိုက်၏။ သူ့နောက်ကျောမှ ချီစွမ်းအင်က ကြီးမားသော လက်ကြီးတစ်ဖက်အသွင် ပြောင်း၍ တောင်စောင်းအောက်သို့ ထိုးဆင်းကာ လင်ယွိရှို့ကို ဖမ်းယူဆွဲတင်လိုက်သည်။ သူက ညင်သာနူးညံ့စွာ ပြောလိုက်၏။ "သတ္တမညီမလေး... လျှောက်ပြီး သောင်းကျန်းမနေနဲ့... တော်ဝင်မိသားစုရဲ့ မျက်နှာကို ထောက်ဦး..."

လင်ယွိရှို့မှာ မည်သို့မျှ မတတ်နိုင်ဘဲ သူမကိုယ်သူမ ပြန်ထိန်းမတ်၍ ပြောလိုက်သည်။ "ဒုတိယအစ်ကိုတော်... အစောက တွေ့ခဲ့တဲ့ တစ်ယောက်က ဘွားဘွား မယ်တော်ကြီးကို ကုပေးခဲ့တဲ့ နတ်ဆေးသမားတော်ပဲ... ကျွန်မရဲ့ သူငယ်ချင်း..."

ဒုတိယမင်းသားက အပြောင်းအလဲ မရှိသော အမူအရာဖြင့် ပြန်ပြောလိုက်၏။ "ငါ သိပါတယ်... သူနဲ့ နင် မဟာမြို့ပျက်မှာ တွေ့ပြီး ရင်းနှီးခဲ့တယ် ဆိုတာ တပ်မှူးလေးချင်ဆီက ငါ ကြားပြီးပြီ... သတ္တမ ညီမလေး... ငါတို့က တော်ဝင်မိသားစုက မျိုးဆက်တွေ၊ လုပ်ချင်တာ လျှောက်လုပ်လို့ မရဘူး... အခုဆို တစ်လောကလုံးက ပရမ်းပတာ ဖြစ်ပြီး ကံကြမ္မာဆိုးကြီးက ငါတို့ မျက်စိရှေ့မှောက် ရောက်နေပြီ... ဒီကံကြမ္မာဆိုးကြီးသာ ပေါက်ကွဲ ကျရောက်လာခဲ့ရင် အင်ပါယာ တစ်ခုလုံး ပျက်ကပ်ဆိုက်ပြီး ငါတို့ တော်ဝင်မျိုးဆက်တွေ လမ်းဘေးခွေး ဖြစ်သွားလိမ့်မယ်..."

လင်ယွိရှို့က အံ့ဩထိတ်လန့်သွားပြီး မေးလိုက်သည်။ "ဒုတိယ အစ်ကိုတော်... ဒီတောက်ကျစ်ရဲ့ အစွမ်းအစက ဘယ်လို နေလဲ..."

"သူက တစ်ကွက်မှ ထုတ်မသုံးရသေးတော့ သူ့အကြောင်း ဘာမှ မသိသေးဘူး... ဒါပေမဲ့ တာအိုဂိုဏ်းက သူ့ကို ခေါ်ပြီး ဝင်ပေါက်ထွက်ပေါက် လာပိတ်တယ် ဆိုမှတော့ သူ့အစွမ်းအစက ညံ့မှာ မဟုတ်တာ သေချာတယ်..."

ဒုတိယ မင်းသားက တောင်စွန်းအောက်မှ ချင်မူ့ကို လှမ်းကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။ "သတ္တမ ညီမလေး... အဲဒီ ချင်မူလို့ခေါ်တဲ့ တစ်ယောက်က နတ်ဆေးသမားတော် ဖြစ်ချင်ဖြစ်နိုင်ပေမဲ့ ဘယ်လိုကြည့်ကြည့် အစွန့်ပစ်ခံ လူတစ်ယောက်ပဲ... သူနဲ့ ရင်းရင်းနှီးနှီး မနေနဲ့... မဟုတ်ရင် ပြည်သူပြည်သားတွေက ငါတို့ တော်ဝင်မိသားစုကို ကိုယ့်အနေအထားကိုယ် မသိတဲ့သူတွေလို့ ပြက်ရယ်ပြုကြလိမ့်မယ်..."

လင်ယွိရှို့ မျက်မှောင်ကြုတ်လိုက်၏။

တောင်တံခါးဝရှေ့တွင်တော့ လူငယ်တစ်ယောက်အသွင် ရှိသော ကောင်းကင်နတ်ဆိုးဂိုဏ်းချုပ်က တောင်ပေါ်မှ ဆင်းလာပြီး တာအိုဂိုဏ်းမှ ရသေ့နှစ်ပါးရှေ့တွင် ရပ်ကာ ဦးညွှတ် နှုတ်ဆက်လိုက်၏။ ရသေ့အိုကြီးက ရသေ့လေးနှင့်အတူ ချက်ချင်း ထရပ်၍ ပြန်လည် နှုတ်ဆက်လိုက်သည်။

လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ "တန်းယန်ကျစ်... တာအိုဂိုဏ်းရဲ့ ဂိုဏ်းသားတပည့်ကို ခေါ်ဆောင်လာတာ ဘာသဘောပါလဲ..."

ရသေ့အိုကြီးက အပြုံးနှင့် တုံ့ပြန်လိုက်၏။ "တာအိုရောင်းရင်း... ဘာဖြစ်လို့များ မသိသလို မေးနေရသေးတာလဲ... ကျုပ်တို့ တာအိုဂိုဏ်းရဲ့ တာအိုသခင်က ခင်ဗျားလိုပဲ အသက်အရွယ် ကြီးရင့်ပါပြီ... သူက တစ်လောကလုံးက သိုင်းဂိုဏ်းတွေ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ လက်အောက်ခံ ဖြစ်နေရတာ မမြင်ချင်တဲ့အတွက် ကျုပ် ဒီကို ရောက်လာခဲ့တာပဲ... တောက်ကျစ်က သုံးရက်ပဲ ဝင်ပေါက်ပိတ်ထိုင်လိမ့်မယ်... ဒီသုံးရက်အတွင်း သူ့ကို တစ်ယောက်ယောက် အနိုင်ယူနိုင်ခဲ့ရင် ကျုပ်တို့ တာအိုဂိုဏ်းက ပုန်ကန်မှာ မဟုတ်ဘူး... သုံးရက်အတွင်း အနိုင်ယူနိုင်မယ့်သူ တစ်ယောက်မှ မပေါ်ထွက်ခဲ့ရင်တော့ လောကကြီးမှာ အုပ်ချုပ်သူ အသစ် တစ်ယောက် ပေါ်လာလိမ့်မယ်..."

လူငယ်ဂိုဏ်းချုပ်က သက်ပြင်းချလိုက်သည်။ "တာအိုဂိုဏ်းက အမြဲလိုလို လောကကြီးရဲ့ အရှုပ်အရှင်းတွေနဲ့ ခပ်ကင်းကင်း နေခဲ့တယ်... အခု မင်းတို့ တာအိုဂိုဏ်းကတောင် လှုပ်ရှားလာပြီတဲ့လား..."

တန်းယန်ကျစ်က မျက်လွှာချ၍ ပြောလိုက်သည်။ "တာအိုသခင်က လောကကြီးရဲ့ အဖြစ်အပျက်တွေကို ဆူပွက်လှုပ်ရှားနေတဲ့ လှိုင်းလုံးကြီးတွေလိုပဲ ရှုမြင်ပါတယ်... လှိုင်းလုံးနဲ့အတူ စီးမျော လိုက်ပါနိုင်တဲ့သူတွေက ရှင်သန်တိုးမြင့်လာပြီး ဆန့်ကျင် တွန်းလှန်တဲ့သူတွေက အသက်ဆုံးရှုံးရလိမ့်မယ်... ကျုပ်တို့ တာအိုဂိုဏ်းက ကိုယ်ကျိုးစီးပွားအတွက် မကြည့်ဘူး၊ အမှန်အမှားအတွက်ပဲ ကြည့်တယ်... ဧကရာဇ် အတိုင်ပင်ခံက တစ်လောကလုံးမှာ ရှိတဲ့ သိုင်းဂိုဏ်းတွေကို ရှင်းလင်းချင်တယ်ဆိုလည်း အတားအဆီး ပြုနေမှာ မဟုတ်ဘူး... ဒါပေမဲ့ တာအိုသခင်အနေနဲ့ သိုင်းဂိုဏ်းတွေကို အစားထိုးဖို့ ဧကရာဇ် အတိုင်ပင်ခံ အကောင်အထည် ဖော်ခဲ့တဲ့ အခြေခံကျောင်းတွေ၊ ကောလိပ်တွေနဲ့ နန်းတွင်းကောလိပ်က အရည်အချင်း ပြည့်မီရဲ့လား ဆိုတာ သိချင်ပါသေးတယ်... တောက်ကျစ်ကို ကျုပ်တို့ တာအိုဂိုဏ်းက သင်ကြားပေးထားတာပါ... နန်းတွင်းကောလိပ်က ပိုင်ဆိုင်တဲ့ အထောက်အကူ သယံဇာတတွေက တာအိုဂိုဏ်းထက် ပိုသာလွန်ပါတယ်... နန်းတွင်းကောလိပ်က သင်ကြားပေးတဲ့ ကျောင်းတော်သားတွေက ကျုပ်တို့ တာအိုဂိုဏ်းက ဂိုဏ်းသားတပည့်အောက် နိမ့်ကျနေသေးတယ် ဆိုရင် ဧကရာဇ် အတိုင်ပင်ခံရဲ့ ပြုပြင်ပြောင်းလဲမှု ရှိနေစရာ မလိုတော့ဘူး... လောကကြီးမှာ အုပ်ချုပ်သူ အသစ်တစ်ယောက် ပေါ်ထွက်လာလိမ့်မယ်..."

"နားလည်ပါပြီ..."

လူငယ်ဂိုဏ်းချုပ်က လှည့်ထွက်လာပြီး သူ့အသံက တောင်ကြောတစ်ခုလုံး ပျံ့နှံ့သွား၏။ "နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေ နားထောင်ကြ... မင်းတို့ရဲ့ သိုင်းအဆင့် နိမ့်နိမ့်၊ မြင့်မြင့် တောင်အောက်ကို ဆင်းလာပြီး သူ့ကို စိန်ခေါ် တိုက်ခိုက်နိုင်တယ်..."

သူ့စကားသံကို တောင်ပေါ်မှ လူအားလုံး ကြားလိုက်ကြ၏။

"ငါ စိန်ခေါ်မယ်..."

ကောင်းကင်နတ်သိုင်း ပညာရှင် တစ်ယောက်က တောင်တံခါးဝမှ လှမ်းထွက်လာပြီး တာအိုဂိုဏ်း၏ တောက်ကျစ်ထံသို့ ခြေလှမ်းကြဲဖြင့် လျှောက်သွား၏။ တာအိုဂိုဏ်းမှ တောက်ကျစ်က ထရပ်၍ နှုတ်ဆက်လိုက်သည်။ "နောင်တော်ကြီး..."

ထိုကောင်းကင်နတ်သိုင်း ပညာရှင်မှာ နန်းတွင်းကောလိပ်သို့ လွန်ခဲ့သည့် နှစ်အနည်းငယ်က ဝင်ရောက်ခဲ့သော ကျောင်းတော်သား တစ်ယောက် ဖြစ်သည်။ သူက ပြန်လည် ဦးညွှတ်နှုတ်ဆက်၍ မေးမြန်းလိုက်၏။ "တောက်ကျစ်ရဲ့ သိုင်းအဆင့်က ဘယ်လောက် ရှိပါသလဲ..."

တောက်ကျစ်က မနှေးလွန်း၊ မမြန်လွန်းသော လေသံဖြင့် တုံ့ပြန်လိုက်၏။ "အရပ်ခြောက်မျက်နှာ အဆင့်ပါ..."

ထိုကောင်းကင်နတ်သိုင်း ပညာရှင်က ပြုံးလိုက်၏။ "ငါကလည်း အရပ်ခြောက်မျက်မှာ အဆင့်ပါ... မျိုးရိုးနာမည်က ချွီ၊ နာမည်ရင်းက ဖျင်ပါ... ဒီနေ့ တောက်ကျစ်ကို တိုက်ခိုက်ရတာ ကိုယ်ရေးကိုယ်တာ ရန်ငြှိုးကြောင့် မဟုတ်ပါဘူး၊ နန်းတွင်းကောလိပ်ရဲ့ နာမည်ကို ကာကွယ်ဖို့ပါ..."

တောက်ကျစ်က ခေါင်းညိတ်၍ ပြောလိုက်သည်။ "ငါ့ရဲ့ နာမည်က လင်းရွှမ်ပါ... နောင်တော်ကြီး စပါ..."

"တောက်ကျစ်လင်းရွှမ်... စပါ..."

ချွီဖျင်၏ မျက်လုံးထဲမှ အလင်းရောင်များ ဖြာထွက်လာပြီး ရုတ်တရက် လှုပ်ရှားလိုက်၏။ သူ့ခန္ဓာကိုယ်က ရှေ့သို့ ပြေးဝင်သွားခြင်း မဟုတ်ဘဲ နောက်သို့ ခုန်ဆုတ်သွားသည်။ သူ၏ လက်ချောင်း နှစ်ချောင်းကြား၌ ဓားစက်လုံး တစ်လုံးကို ညှပ်ထား၏။ ထိုဓားစက်လုံးက ဝီခနဲ မြည်သံပြု၍ တောက်ပ လင်းလက်သော ဓားစွမ်းအင် တစ်ခု ထွက်ပေါ်လာသည်။ ထိုဓားစွမ်းအင်က တိုင်လုံး တစ်ခု အရွယ်ခန့် ရှိ၏။ ထိုဓားတိုင်လုံးကြီးမှာ အလယ်တည့်တည့်သို့ ဗဟိုပြု၍ အရှိန်အဟုန် ပြင်းစွာ လည်ပတ်နေသော မရေမတွက်နိုင်သည့် ဓားရောင်များ စုဝေး၍ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ခပ်ရေးရေး မြင်တွေ့ရသည်။

ချွီဖျင်က ထိုဓားတိုင်လုံးကြီးကို ဓားတစ်လက်သဖွယ် အသုံးပြု၍ ခုတ်ပိုင်းချလိုက်၏။ ထိုဓားတိုင်လုံး ဖြတ်သွားသည့် နေရာတိုင်းတွင် လေခွင်းသံများ တဝှီးဝှီး မြည်ဟည်း၍ ခန့်ညားထည်ဝါလှသည်။

ချင်မူမှာ ထိုမြင်ကွင်းကို ကြည့်၍ အံ့အားသင့်သွားမိ၏။ "ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ဓားသိုင်းက ဒီအဆင့်ထိ ရောက်နေပြီလား... ဒါ နန်းတွင်းကောလိပ်ရဲ့ လျှို့ဝှက်ဓားကွက်လား..."

သူ၏ ထက်မြက်စူးရှသော မျက်လုံးများဖြင့် ဤခုတ်ပိုင်းချက်မှာ ရယ်စရာ မဟုတ်ကြောင်း သိမြင်နိုင်၏။ ချွီဖျင်၏ ခုတ်ပိုင်းချက်က ရိုးရှင်းသည်ဟု ထင်ရသော်လည်း အမှန်တကယ်တမ်းတွင် သူ၏ ချီစွမ်းအင်ဖြင့် ဓားပျံထိန်းချုပ်မှုက မမျှော်မှန်းနိုင်သော အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်သည်။

သူ၏ ဓားချက်က ရိုးရှင်းသယောင် ထင်ရသော်လည်း ထိုဓားတိုင်လုံးအတွင်းမှ မရေမတွက်နိုင်သော ဓားရောင်များ အားလုံးကို ချီစွမ်းအင်ဖြင့် ထိန်းချုပ်ရန် လိုအပ်၏။ ဤတစ်ချက်တည်းဖြင့်ပင် ချင်မူ သူ့ကိုယ်သူ နိမ့်ကျသည်ဟု ခံစားမိသွားသည်။

ဤဓားကွက်က ထိုးဓား၊ ကော်ဓား၊ ပိုင်းဓား၊ ခုတ်ဓား အစရှိသည့် အခြေခံဓားချက်များထက် မသိမသာ ကျော်လွန်နေပြီး အခြေခံဓားချက်များတွင် မပါဝင်သည့် အခြား ဓားချက် တစ်မျိုးကို ဖန်တီး ထည့်သွင်းထား၏။

"မဟာ အရပ်ခြောက်မျက်နှာ ဓားသိုင်း..."

ဝေ့ယုံက တအံ့တဩ အော်ဟစ်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားသည်။ "ဒါက ဧကရာဇ် အတိုင်ပင်ခံရဲ့ ဓားကွက်ပဲ... ကောင်းကင်နတ်သိုင်း ပညာရှင်တွေပဲ လေ့ကျင့်လို့ရတဲ့ ကောင်းကင်နတ်သိုင်း..."

"ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ ဓားကွက် ဟုတ်လား..."

ချင်မူ၏ ရင်ထဲတွင် ပြင်းထန်စွာ တုန်လှုပ်သွား၏။ ဤဓားကွက်က အခြေခံဓားချက်များ၏ အကန့်အသတ်ကို ကျော်လွန်နေသည်ဟု သူ ခံစားမိခဲ့သည်မှာ မဆန်းတော့ချေ။ ထိုဓားကွက်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ တီထွင်ခဲ့သည့် ဓားကွက်ဖြစ်နေမည်ဟု သူ မမျှော်လင့်မိခဲ့...။

All Chapters