ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်
Vol. 10 Ch. 132
အခြေခံ ဓားချက်များ၏ အကန့်အသတ်ကို ကျော်လွန်ခြင်းမှာ ပေါ့သေးသေး ကိစ္စ မဟုတ်ပေ။ မဖြစ်နိုင်သော ကိစ္စဟုပင် ပြော၍ ရ၏။
ထိုသို့ လုပ်ဆောင်ရမည့် အခက်အခဲကို ချင်မူ ကောင်းကောင်း သိသည်။
မည်မျှပင် ရှုပ်ထွေးသည်၊ အကွက်အပြောင်း များသည်၊ တီထွင် ဆန်းသစ်ထားသည် ဆိုစေကာမူ တစ်လောကလုံးရှိ ဓားကွက်များကို ခွဲခြမ်း စိတ်ဖြာကြည့်လျှင် ထိုးဓား၊ ကော်ဓား၊ လှုပ်ရမ်းဓား၊ ပိုင်းဓား၊ ခုတ်ဓား၊ ထိုးသွင်းဓား၊ ဆတ်ခနဲထိုးဓား၊ ပယ်ဓား၊ ဝိုက်ဆွဲဓား၊ ရစ်လှီးဓား၊ သိမ်းခုတ်ဓား၊ ပင့်ဓား၊ ဖြတ်ဓားနှင့် ရိပ်ဓားဟူသော အခြေခံဓားချက်များသာ ဖြစ်၏။
မည်မျှ အံ့အားသင့်ဖွယ် ကောင်းသော ဓားကွက်များ ဖြစ်စေကာမူ ထိုဓားချက်များဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်သည်။
သို့သော်လည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကတော့ ထိုသို့ မဟုတ်ချေ။ ထိုအခြေခံဓားချက်များကြား၌ အခြေခံဓားချက် အသစ်များ ထပ်မံ ထည့်သွင်းထား၏။
မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။
ထိုဓားကွက်ထဲတွင် အခြေခံဓားချက် အသစ် မည်မျှ ထည့်သွင်းထားမှန်း ချင်မူ မသိသော်လည်း အခြေခံဓားချက်အသစ် တစ်ခုတည်းဆိုလျှင်ပင် အခြား ဓားသိုင်းကွက်များ အားလုံးကို ပြန်လည် ရေးသား တည်ဆောက်ရပေလိမ့်မည်။ မဟုတ်ပါက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ မျက်လုံးထဲ၌ ထိုသိုင်းကွက်များ အားလုံး ဟာကွက်များအပြည့် ဖြစ်နေပေလိမ့်မည်။
"နတ်ဘုရားလို့ ခေါ်လို့ ရနေပြီ..." ချင်မူ ရင်ထဲမှ အံ့ဩတုန်လှုပ်မှုကို ချိုးနှိမ်ရင်း တီးတိုး ရေရွတ်လိုက်မိသည်။
ချွီဖျင် ထုတ်သုံးသွားသည့် မဟာအရပ်ခြောက်မျက်နှာ ဓားသိုင်းက ခမ်းနားထည်ဝါပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။ မမျှော်မှန်းနိုင်လောက်သည်အထိ အားအဟုန် ပြင်းထန်လှသည်။
မဟာမြို့ပျက်တွင် ချင်မူ တွေ့ခဲ့ဖူးသည့် အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်း ပညာရှင်များမှာ ဤချွီဖျင်လောက် ကြောက်ဖို့ မကောင်းလှပေ။
သူတို့ အားလုံးက နန်းတွင်းကောလိပ်၏ ကျောင်းတော်သားများ ဖြစ်သော်လည်း ဓာတ်ကြီးငါးပါးအဆင့်နှင့် ယှဉ်လျှင် အရပ်ခြောက်မျက်နှာအဆင့်က များစွာ ကွာခြားသွား၏။
ဓာတ်ကြီးငါးပါးအဆင့် ကျောင်းတော်သားများက စွမ်းရည် မြင့်မားကြသည်ဟု ဆိုနိုင်သော်လည်း တရားလွန်မဟုတ်။ ချင်မူ၏ မြင်မိသလောက် နန်းတွင်းကောလိပ် တစ်ခုလုံးရှိ ဓာတ်ကြီးငါးပါးအဆင့် ကျောင်းတော်သားထဲ၌ ချွီဖျင်ကို ယှဉ်နိုင်မည့်သူ မရှိချေ။
သို့သော်လည်း နန်းတွင်းကောလိပ်မှ ကောင်းကင်နတ်သိုင်း ပညာရှင်များမှာ အရပ်ခြောက်မျက်နှာ အဆင့်သို့ ရောက်ခါစ ဖြစ်သည့်တိုင်အောင် အံ့မခန်း စွမ်းရည် မြင့်မားကြသည် မဟုတ်လား။
အရပ်ခြောက်မျက်နှာ အဆင့်က ကမ္ဘာတစ်ခု ခြားသွားသည့်နှယ် ပြောင်းလဲမှုကြီး ဖြစ်သည်။
တောက်ကျစ်လင်းရွှမ်၏ တံတောင်ကွေးမှ မြင်းမြီးယပ် ရုတ်ခြည်း မြင့်တက်လာသည်ကို မြင်လိုက်ရသဖြင့် ချင်မူ၏ အတွေးစများ ပြတ်တောက်သွားသည်။ ထိုမြင်းမြီးယပ်မှ အမွေးအမှင်များက ရုတ်တရက် ဆန့်ထွက်လာပြီး တစ်စုတစ်စည်းတည်း စုပေါင်း၍ ချွီဖျင်၏ မဟာအရပ်ခြောက်မျက်နှာ ဓားသိုင်းကွက်ထဲသို့ ထိုးစိုက်ချလိုက်သည်။
ချွီဖျင်၏ မဟာအရပ်ခြောက်မျက်နှာ ဓားသိုင်းကွက်က အခြေခံဓားချက်များ၏ ဘောင်ထဲတွင် မရှိ။ တောက်ကျစ်လင်းရွှမ်က မြင်းမြီးယပ်ကို ဓားတစ်လက်အဖြစ် အသုံးချ၍ တိုက်ခိုက်လာသည်။ သူ့ဓားကွက်က ရိုးရှင်းလှပြီး အခြေခံဓားချက်များ၏ ဘောင်ထဲတွင်သာ ရှိသည်။
သူ့ဓားကွက်က မဟာအရပ်ခြောက်မျက်နှာ ဓားကွက်ကဲ့သို့ ခမ်းနားထည်ဝါခြင်း၊ ရင်သပ်ရှုမောဖွယ်ကောင်းခြင်း မရှိသော်လည်း ချင်မူ၏ မျက်လုံးထဲတွင် ထူးခြားနေသော အချက်များကို မြင်နေရ၏။
"ချွီဖျင်တော့ သေချာပေါက် ရှုံးပြီ... တောက်ကျစ်လင်းရွှမ်က သူ့ကို အနိုင်ယူဖို့ ဓားကွက်တစ်ကွက်ပဲ လိုမယ်..."
ရွာလူကြီးထံမှ 'တောင်တန်းနှင့် မြစ်ပြင်များပေါ်မှ ဖြတ်လျှောက်သွားသော ဓား' တစ်ကွက်နှင့် အခြေခံဓားချက်များကိုသာ သင်ယူခဲ့ရသော်လည်း သူ၏ အမြင်စူးရှမှုက အခြား ဓားသိုင်းပညာရှင် များစွာထက် သာလွန်နေပြီ ဖြစ်သည်။
တောက်ကျစ်လင်းရွှမ်၏ ဓားကွက်က ချွီဖျင်၏ မဟာအရပ်ခြောက်မျက်နှာ ဓားကွက်ထဲသို့ ရိုးရိုးရှင်းရှင်း ထိုးစိုက်လိုက်သည်ဟု ထင်စရာ ရှိသော်လည်း ထိုမြင်းမြီး တစ်ချောင်းချင်းစီက အဆက်မပြတ် ပြောင်းလဲနေသည့် ဓားသေးသေးလေးများကဲ့သို့ ဖြစ်သည်။
ထိုမြင်းမြီးများ၏ အကွက်အပြောင်းက များပြားလွန်းလှ၏။
ချင်မူ အစိမ်းရောင် ကောင်းကင်မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။ တောက်ကျစ်လင်းရွှမ်၏ မြင်းမြီးယပ်မှ ရာချီသော မြင်းမြီးမျှင် တစ်ချောင်းချင်းစီက မျက်စိတစ်မှိတ်အတွင်း ဓားချက် ဆယ်ချက်မက ပြောင်းလဲနေ၏။ ပြောရလျှင် ထိုမျက်စိတစ်မှိတ်အတွင်း၌ ဓားချက်ပေါင်း တစ်ထောင်ကျော် ပြောင်းလဲနေသည်ဟု ဆိုနိုင်သည်။
ထိုသို့ မရေမတွက်နိုင်အောင် ပြောင်းလဲနေသော ဓားကွက်တစ်ကွက်ကို ခုခံပိတ်ဆို့ရန်မှာ မဖြစ်နိုင်ချေ။
ချွီဖျင်၏ ဓားကွက်မှာမူ ထိုမျှ အကွက်အပြောင်း များပြားခြင်း မရှိပေ။ သူ၏ ဓားတိုင်လုံး၌ ဓားရောင်ပိုများသော်လည်း လည်ပတ်နေသော ဓားချက်ပုံစံ တစ်မျိုးတည်းကိုသာ အသုံးပြု၍ အလယ်ဗဟိုမှ အပြင်ဘက်သို့ တစ်ဆင့်ပြီး တစ်ဆင့် ဖြာထွက် တိုက်ခိုက်ခြင်း ဖြစ်၏။
ထိုဓားရောင်များမှာ တောက်ကျစ်လင်းရွှမ်၏ မြင်းမြီးဓားချက်များနှင့် ရင်ဆိုင်တွေ့သည်နှင့် သေချာပေါက် ပြိုကွဲ ပျက်စီးသွားပေလိမ့်မည်။
ထို့ပြင် တောက်ကျစ်လင်းရွှမ်၏ ဓားသိုင်းအခြေခံက သူ့နီးနီး ကျစ်လျစ်ခိုင်မာကြောင်း ချင်မူ သတိပြုမိ၏။ ယခုထိ ချင်မူ တွေ့ဖူးသမျှ အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်း ပညာရှင်များထဲတွင် ဤတောက်ကျစ်လင်းရွှမ်၏ ဓားသိုင်းအခြေခံက အမြင့်မားဆုံး ဖြစ်သည်။ သူ့အောက်တော့ နိမ့်ကျဆဲ ဖြစ်သော်လည်း များစွာ နိမ့်ကျခြင်း မရှိချေ။
ချင်မူ သင်ကြားပြသခဲ့သည့် ဓားစံအိမ်သခင်ပင် တောက်ကျစ်လင်းရွှမ်အောက် နိမ့်ကျ၏။
အဓိက အကျဆုံး အချက်မှာ ချွီဖျင်၏ ဓားသိုင်း၌ ဧကရာဇ် အတိုင်ပင်ခံ တီထွင်ဖန်တီးခဲ့သည့် အခြေခံဓားချက် အသစ်များ ပါဝင်သော်လည်း ထိုဓားကွက်၏ အခြေခံကို အထွတ်အထိပ်အဆင့်ထိ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိသကဲ့သို့ ဓားသိုင်းအခြေခံကလည်း ကျစ်လျစ်ခိုင်မာခြင်း မရှိ။ ဓားသိုင်းက မည်မျှပင် ဆန်းကြယ်နက်နဲသည် ဖြစ်စေ၊ ခိုင်မာသော အခြေခံ မရှိဘဲ ထိုဓားသိုင်း၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် မဟုတ်ပေ။
ချွင်... ချွင်... ချွမ်.. ချွမ်...။
မရေမတွက်နိုင်သော ဓားချင်းထိသံများ ပေါ်ထွက်လာ၏။ မြင်းမြီးများနှင့် ဓားတိုင်လုံးကြီး ထိပ်တိုက်တွေ့သွားသည်ကိုသာ အားလုံး မြင်လိုက်ရသည်။ နောက်တစ်ခဏ၌ ကောင်းကင်ယံမှ ဓားတိုင်လုံးကြီး ပြိုကွဲပျက်စီး၍ ပျောက်ကွယ်သွားသည်။ အနည်းငယ်သော သူတို့သာ ထိုတစ်ခဏအတွင်း ဖြစ်ပျက်သွားသည့် ဓားကွက် အပြောင်းအလဲများကို မြင်လိုက်နိုင်၏။
ချွီဖျင်မှာ ရင်ဘတ်တွင် မြင်းမြီးယပ်ဖြင့် ထိုးစိုက်ခံလိုက်ရပြီး လွင့်ထွက်ကာ တောင်တံခါးဝနှင့် ဘုန်းခနဲ တိုက်မိသွားသည်။ တောင်တံခါးဝ တစ်ခုလုံး ရှေ့နောက် ယိမ်းထိုး၍ ဖုန်များ တဖွဲဖွဲ ကျလာသည်။
တောက်ကျစ်လင်းရွှမ်က မြင်းမြီးယပ်ကို အသာအယာ လှုပ်ခါလိုက်သည်။ မြင်းမြီးမျှင်များက တဖြည်းဖြည်း ပြန်တိုဝင်သွား၏။ ထို့နောက် မြင်းမြီးယပ်ကို တံတောင်ကွေးတွင် တင်ပြီး မျက်လွှာချကာ တည်ငြိမ်အေးဆေးစွာ ပြန်ထိုင်လိုက်သည်။
တောင်တံခါးဝပေါ်မှ ချွီဖျင်မှာ တဖြည်းဖြည်း လျှောကျလာသည်။ သူ့ရင်ဘတ်၌ မြင်းမြီးများ ထိုးဖောက်သွားသဖြင့် သွေးစိမ့်နေသော အပေါက်ရာ များစွာ ရှိနေသည်။ တောက်ကျစ်လင်းရွှမ်က ညှာတာ၍ သေကွင်းသေကွက်ကို မတိုက်ခိုက်သဖြင့်သာ အသက်အန္တရာယ် မစိုးရိမ်ရခြင်း ဖြစ်သည်။
နန်းတွင်းသမားတော် အဖွဲ့အစည်းမှ နန်းတွင်းသမားတော်များ အပြေးအလွှား ရောက်လာပြီး ချွီဖျင်ကို စွမ်းအင်ဆေးလုံးအချို့ တိုက်ကျွေးလိုက်သည်။ ထို့နောက် အင်္ကျီကို ဆုတ်ဖြဲ၍ ရင်ဘတ်နှင့် နောက်ကျောကို သွေးတိတ်အောင် ဆေးလိမ်းလိုက်သည်။
"အတော်လေး စွမ်းအားကြီးတာပဲ..."
တောင်တံခါးရှေ့မှ ကျောင်းတော်သား များစွာမှာ စိတ်ဓာတ်ကျသွားကြ၏။ ကောင်းကင်နတ်သိုင်း ပညာရှင် ကျောင်းတော်သားများ အကြား၌ ချွီဖျင်၏ နာမည်ဂုဏ်သတင်းက မသေးလှချေ။ ပြောရလျှင် သူက ကောင်းကင်နတ်သိုင်းအိမ်ရာ၌ အဆင့် အမြင့်ပိုင်း ဝင်သူတစ်ယောက် ဖြစ်သည်။
နန်းတွင်းကောလိပ်၌ ဝင်ခွင့်စာမေးပွဲသာ ရှိသည် မဟုတ်။ ကျောင်းတော်သားများ ကြိုးစားချင်စိတ် ပေါက်စေရန်အတွက် နှစ်စဉ်နှစ်တိုင်း အဆင့်စီသော စမ်းသပ်စစ်ဆေးမှု စာမေးပွဲကို အကြီးအကျယ် ကျင်းပပေးလေ့ ရှိသည်။ ချွီဖျင်က နန်းတွင်းကောလိပ်၏ ထိပ်ဆုံး ကောင်းကင်နတ်သိုင်း ပညာရှင် အဆင့်တစ်ရာအတွင်း ဝင်၏။
ထိပ်ဆုံး အဆင့်တစ်ရာအတွင်း ဝင်သော ကျောင်းတော်သားများမှာ အစွမ်းအစ၊ အရည်အချင်းအရ များစွာ ကွာခြားခြင်း မရှိလှပေ။ ချွီဖျင်မှာ ဓားကွက် တစ်ကွက်တည်းနှင့် ရှုံးနိမ့်ခဲ့ရသည် ဖြစ်၍ သူ၏ စွမ်းရည်နှင့် တောက်ကျစ်လင်းရွှမ်၏ စွမ်းရည်က အတော်ကြီး ကွာခြားနေကြောင်း မြင်သာ၏။
ဤသည်က ကြောက်စရာ အကောင်းဆုံး ကိစ္စ ဖြစ်သည်။
ရုတ်တရက် ဒုတိယမင်းသား၏ အသံက အားလုံး၏ နားထဲသို့ တိုးဝင်လာသည်။ "သူတို့ရဲ့ ဓားကွက် အလှည့်အပြောင်းတွေကို မမြင်နိုင်တဲ့သူတွေ ရှေ့မထွက်တာ ပိုကောင်းမယ်..."
ထိုစကားက နန်းတွင်းကျောင်းတော်သားများအတွက် ကြီးစွာသော ထိုးနှက်ချက် တစ်ခု ဖြစ်သည်။ ဤနေရာရှိ ကျောင်းတော်သား အတော်များများမှာ ချွီဖျင်နှင့် တောက်ကျစ်လင်းရွှမ်တို့၏ ဓားကွက်မှ အလှည့်အပြောင်းများကို မြင်တွေ့နိုင်ခြင်း မရှိခဲ့ကြပေ။
အထူးသဖြင့် လင်းရွှမ်၏ ဓားကွက် ဖြစ်သည်။ တာအိုဂိုဏ်း၏ ဂိုဏ်းသားတပည့် တစ်ယောက် ဖြစ်သည်နှင့်အညီ သူ၏ ဓားသိုင်းက မြင်းမြီးယပ်၏ လှုပ်ရှား ပြောင်းလဲမှုများတွင် နက်ရှိုင်းစွာ ကိန်းအောင်း ပါဝင်နေ၏။ သူတို့အနေဖြင့် သူ၏ ဓားကွက် အပြောင်းအလဲကိုပင် မြင်နိုင်စွမ်း မရှိဘဲ ရှေ့ထွက်သွားလျှင် ကိုယ့်အရှက်ကိုယ် ခွဲရာသာ ကျပေလိမ့်မည်။
ချန်ဝမ်ယွင်၏ ဘေးမှ ယွင်ချွယ်က ခပ်တိုးတိုး မေးလိုက်၏။ "အစ်ကိုကြီး... အဲဒီ တောက်ကျစ်ရဲ့ ဓားကွက် အပြောင်းအလဲကို မြင်လိုက်ရလား..."
ယွဲ့ချင်းဟုန်ကလည်း ချန်ဝမ်ယွင်၏ ထင်မြင်ချက်ကို မေးရန် ကမန်းကတန်း ရှေ့တိုးလာ၏။ ချန်ဝမ်ယွင်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။ "ငါ့ ကောင်းကင်မျက်လုံးနဲ့ သူ့ဓားကွက် အလှည့်အပြောင်းတွေကို မြင်ခဲ့တယ်... ဒါပေမဲ့ သူ့ဓားကွက်ကို ငါ ဖြိုခွဲနိုင်မှာ မဟုတ်ဘူး..."
ယွဲ့ချင်းဟုန်က တဟားဟား ရယ်မောလိုက်သည်။ "အစ်ကိုကြီး... ရှင်သာ ရှေ့ထွက်သွားရင် အဲဒီ ရသေ့လေးက သူ့အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပိတ်ထားလိုက်ရမှာပဲ... သူ့သိုင်းစွမ်းအား အများစုက အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာပေါ် မူတည်နေတာ... အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ မရှိဘဲနဲ့ အဲဒီလို ရှုပ်ထွေးနက်နဲတဲ့ ဓားသိုင်းမျိုး ထုတ်သုံးနိုင်မှာ မဟုတ်ဘူး..."
ချန်ဝမ်ယွင်က တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေပြီး ခေါင်းခါယမ်းလိုက်သည်။ "ငါ နည်းနည်းလောက် ထပ်စောင့်ရဦးမယ်... ဟာကွက် တစ်ခုခု တွေ့ချင်တွေ့နိုင်တယ်... ဟိုကောင် ချင်မူလည်း ဒီနားမှာပဲ... သူ့အယူအဆ သွားမေးကြည့်ရအောင်..."
သူတို့ သုံးယောက်သား ချင်မူရှိရာသို့ လျှောက်သွားလိုက်ကြပြီး ချန်ဝမ်ယွင်က မေးလိုက်၏။ "ညီလေးချင်... ဒီတာအိုဂိုဏ်းက တောက်ကျစ်ကို မင်း နိုင်နိုင်မယ် ထင်လား..."
ချင်မူက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ပြန်ဖြေလိုက်သည်။ "ဒီတောင်တံခါးရှေ့မှာ တိုက်ပြီး သူ့အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပိတ်ထားရင် နိုင်ဖို့က ငါးဆယ်၊ ငါးဆယ်ပဲ..."
"ငကြွား..."
ယွဲ့ချင်းဟုန်က သရော်လိုက်သည်။ "ငကြွားကြီးပါလား... နင်နဲ့ သူက ငါးဆယ်၊ ငါးဆယ်ဆိုတော့ နင့်ကိုယ်နင် အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်း ပညာရှင်တွေထက် ပိုသာတယ် ပြောချင်နေတာလား..."
ဟူလင်းအာက ထိုမိန်းကလေးကို တအံ့တဩ အမူအရာဖြင့် လက်ညှိုးညွှန်၍ ရေရွတ်လိုက်သည်။ "သခင်လေး... ဒီမိန်းကလေးက သခင်လေးနဲ့ ကျောချင်းလိုက်ကပ်ပြီး ကြေးဝါတိုင်လုံးထဲ ရိုက်ချခံလိုက်ရတဲ့ တစ်ယောက် မဟုတ်လား... သူ့မျက်နှာကို ကျွန်မ မြင်လိုက်ရတယ်..."
ယွဲ့ချင်းဟုန်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် ရဲရဲနီသွားသည်။ ဤမြေခွေးမက အတော် ကြောက်ဖို့ ကောင်းလှ၏။
ချန်ဝမ်ယွင်၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး မေးလိုက်သည်။ "တောင်တံခါးရှေ့ လူပုံအလယ်မှာ တိုက်ရတာ မဟုတ်ရင်ရော... ညီလေးရဲ့ နိုင်နိုင်ချေက ဘယ်လောက် ရှိမလဲ..."
ချင်မူက တည်ငြိမ်အေးဆေးစွာ ပြောလိုက်၏။ "တစ်ရာ ရာခိုင်နှုန်းပဲ... သူသေကိုယ်သေ တိုက်ပွဲမှာဆို ကျွန်တော့်ဘက်က ကျင့်ဝတ် စောင့်ထိန်းနေမှာ မဟုတ်ဘူး... ဘယ်နည်းလမ်းမဆို ထုတ်သုံးမှာပဲ... အဲဒါကြောင့် သူ့အတွက် နိုင်ဖို့ အခွင့်အလမ်း မရှိဘူး... တကယ်တမ်း ကျွန်တော့် ခွန်အားက သိပ်ကြီးတာ..."
ချန်ဝမ်ယွင်၏ ရင်ထဲတွင် ဒိတ်ခနဲ ခုန်သွားပြီး မျက်ခုံးပင့်လိုက်သည်။ ချင်မူနှင့် သူသေကိုယ်သေ တိုက်ရလျှင် သူ့အတွက် နိုင်နိုင်ချေ မည်မျှ ရှိမည်ကို တိတ်တဆိတ် ရေတွက်ကြည့်လိုက်၏။
ယွင်ချွယ်က ပြုံးလိုက်သည်။ "ညီလေးချင်... မင့်လေသံက သိပ်ဘဝင်မြင့်လွန်း မနေဘူးလား..."
"သခင်လေး... ဒီကိုယ်တော်က သခင်လေး လက်သီးတစ်ချက်တည်းနဲ့ မေ့လဲအောင် ထိုးချခဲ့တဲ့ တစ်ယောက် မဟုတ်လား..."
ဟူလင်းအာက ယွင်ချွယ်ကို လက်ညှိုးထိုး၍ တအံ့တဩ အော်ဟစ်လိုက်သည်။ "ဒီခေါင်းတုံး... ဒီခေါင်းတုံးကြီးကို ကျွန်မ မှတ်မိတယ်... ဒီမှာ ကိုယ်တော်... ကိုယ်တော့်ရဲ့ သင်္ကန်းက သခင်လေးဆီမှာ ရှိသေးတယ်... ဘယ်လောက်နဲ့ ပြန်ရွေးမယ် စိတ်ကူးလဲ..."
ယွင်ချွယ်၏ အပြုံးက တန်းလန်းကြီး ရပ်တန့်သွားပြီး မကျေမချမ်း ပြောလိုက်၏။ "ငွေကြေးဆိုတာ သံဃာတစ်ပါးအတွက် လောကီပိုင်ဆိုင်မှု တစ်ခု သက်သက်ပဲ... လောလောဆယ် ငါ့မှာ မရှိသေးဘူး... ရှိတဲ့တစ်နေ့ လာရွေးမယ်..."
"အများကြီး လျှောက်ပြောနေပြီးတော့ တစ်ပြားမရှိ ကိုယ်တော် ဖြစ်နေတာပါလား..."
ဟူလင်းအာက သူ့ကို အရေးမစိုက်လိုတော့ဟန်ဖြင့် ပြောလိုက်၏။ "မြန်မြန်လုပ်... မဟုတ်ရင် သခင်လေးက ကိုယ်တော့်သင်္ကန်းကို ရောင်းစားပစ်လိုက်လိမ့်မယ်..."
သူမ ထိုသို့ ပြောနေစဉ်တွင် အခြား ကောင်းကင်နတ်သိုင်း ပညာရှင်တစ်ယောက်က တောင်တံခါးဝမှ ဆင်းလာသည်။ ထိုသူက ခန့်ညားထည်ဝါသော သွင်ပြင် ရှိ၏။ သူက ဝင်ပေါက်ထွက်ပေါက် ပိတ်ထားသော တာအိုရသေ့ နှစ်ပါးထံ သွား၍ နှုတ်ခွန်းဆက်လိုက်သည်။ "ကျန့်ဝေ့တပ်ဗိုလ် ခွန်းကျစ်ယွိပါ... တောက်ကျစ်ဆီက သင်ယူပါရစေ... ငါက ခုနစ်စဉ်ကြယ်အဆင့် ဖြစ်တဲ့အတွက် ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာကို ပိတ်ထားပါ့မယ်..."
တောက်ကျစ်က ထရပ်၍ ပြန်လည် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "အစ်ကိုတော်ခွန်း စပါ..."
ချန်ဝမ်ယွင်၏ မျက်လုံးများ တစ်မုဟုတ်ချင်း တောက်ပသွားသည်။ "ကျန့်ဝေ့တပ်ဗိုလ် ခွန်းကျစ်ယွိပါလား... သူ နယ်စပ်က ပြန်လာပြီပဲ..."
ဝေ့ယုံက ကမန်းကတန်း မေးလိုက်သည်။ "အစ်ကိုကြီး... ဒီခွန်းကျစ်ယွိရဲ့ အစွမ်းအစက ဘယ်လိုနေလဲ..."
ချန်ဝမ်ယွင်က ပြန်မဖြေချေ။ သူ့ဘေးမှ ယွဲ့ချင်းဟုန်က ဝင်ဖြေလိုက်၏။ "ငါတို့ နန်းတွင်းကျောင်းတော်သားတွေ အားလုံးက အဋ္ဌမအဆင့် အရာရှိတွေ၊ ကျန့်ဝေ့တပ်ဗိုလ်ဆိုတာက ဆဋ္ဌမအဆင့် အရာရှိပဲ... အစ်ကိုကြီးခွန်းရဲ့ ဆဋ္ဌမအဆင့် အရာရှိ ရာထူးက နယ်စပ်ဒေသ စစ်မြေပြင်မှာ ဝင်တိုက်ရင်း ရလာခဲ့တာ... ဒီလောက်ဆို သူ ဘယ်လောက် စွမ်းအားကြီးမလဲ မှန်းလို့ ရမှာပေါ့... ပြီးခဲ့တဲ့ ကောင်းကင်နတ်သိုင်း ပညာရှင်တွေ စမ်းသပ်ပွဲမှာ နန်းတွင်းကောလိပ် တစ်ခုလုံးရဲ့ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်ခဲ့တယ်..."
ဝေ့ယုံမှာ အကြီးအကျယ် လေးစားသွား၏။ "စစ်မြေပြင်မှာ ဝင်တိုက်နိုင်ပြီး ဆဋ္ဌမအဆင့်ထိ ချီးမြှင့် မြှောက်စား ခံခဲ့ရတွေသူတွေ အကုန်လုံးက ထူးချွန်တဲ့သူတွေချည်းပဲ..."
ချင်မူမှာ ကောင်းကောင်း သဘောမပေါက်သေးဘဲ ရှိနေသဖြင့် သူတို့ကို ထပ်မေးကြည့်လိုက်၏။ ချန်ဝမ်ယွင်က ပြောလိုက်သည်။ "နန်းတွင်းကျောင်းသားတွေအနေနဲ့ အတွေ့အကြုံရဖို့အတွက် အဆောင်မှူး တစ်ယောက်ကို အဖော်ပြုပြီး တစ်နှစ်တစ်ခါ တောင်အောက် ဆင်းရတယ်... အများစုက နယ်စပ်ဒေသတွေကို သွားကြတယ်... တချို့ကတော့ မဟာမြို့ပျက်တို့၊ ကောင်းကင်လက်မှုပညာ အဖွဲ့အစည်းတို့ကို သွားကြတယ်... အဲဒီလို သွားရင်းနဲ့ အင်ပါယာအတွက် အကျိုးပြုနိုင်ခဲ့ရင် တော်ဝင်မျိုးနွယ်အဖြစ် ရာထူး တိုးမြှင့်ပေးခံရတယ်... နန်းတွင်းကောလိပ်မှာ ဆဋ္ဌမအဆင့် နန်းတွင်းအရာရှိ ရာထူးရထားတဲ့ ကျောင်းတော်သားတွေ အများကြီးပဲ... တချို့ဆို ပဉ္စမအဆင့် နန်းတွင်းအရာရှိ ရာထူးတောင် ရထားကြပြီ..."
ချင်မူ လေးစားစိတ်ဖြင့် သက်ပြင်းချလိုက်မိ၏။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာက နန်းတွင်းအရာထမ်းများကို ပျိုးထောင်မွေးထုတ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
နန်းတွင်းကျောင်းတော်သားများ အနေဖြင့် နန်းတွင်းကောလိပ်မှ ပြီးမြောက်အောင်မြင်သည်နှင့် သက်ဆိုင်ရာ ရာထူးနေရာများနှင့် နန်းတွင်းတပ်ဖွဲ့အတွင်းသို့ ချက်ချင်း ခန့်အပ်ခံရပေလိမ့်မည်။
ခွန်းကျစ်ယွိက အံ့မခန်း စွမ်းအားရှိပြီး ခုနစ်စဉ်ကြယ် ကောင်းကင်ရတနာကို ပိတ်ထားသည့်တိုင်အောင် သူ့ခွန်အားက ချွီဖျင်ထက် သာလွန်နေသေး၏။ မှော်သိုင်းနှင့် ဓားပျံထိန်းချုပ်မှုကို တစ်ပြိုင်နက် ထုတ်သုံးနိုင်သဖြင့် ရန်သူနှင့် ရင်ဆိုင်ရာတွင် သူ၏ တိုက်ခိုက်ပုံက ချွီဖျင်ထက် ပို၍ သင့်လျော်လှသည်။ သူ့ဓားက ဓားကွက်အတွင်း ပိတ်မိမနေဘဲ အလျဉ်းသင့်သလို ပြောင်းလဲ တိုက်ခိုက်နိုင်သည်။
သူနှင့် တောက်ကျစ်လင်းရွှမ်မှာ အဆက်မပြတ် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်ရင်း ကောင်းကင်ယံထိ တက်သွားကာ လေထဲတွင် ဆက်လက် တိုက်ခိုက်လိုက်ကြ၏။ ဓားရောင်များက ကောင်းကင်တစ်ခွင်လုံး၌ လျှက်ပြက်သလို လင်းလက်နေပြီး မိုးခြိမ်းများ တဂျိမ်းဂျိမ်း တွဲဖက်ပါဝင်လာသည်။ လျှပ်စီးတန်း တစ်ခုက တောက်ကျစ်လင်းရွှမ်အပေါ် ကျရောက်သွားသည့် အခိုက်တွင် ခွန်းကျစ်ယွိက ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်၍ အနီးကပ် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ သူ၏ အရှိန်အဟုန်က မိုးကြိုးလျှပ်စီးကဲ့သို့ လျင်မြန်လှ၏။ ကြည့်ရသည်မှာ သူက အလွန်တရာ အစွမ်းထက်သည့် သိုင်းကွက်အသားပေး ပညာရပ် တစ်ခုကိုလည်း လေ့ကျင့်ထားပုံ ပေါ်၏။
ဤတိုက်ပွဲက လှပဆန်းကြယ်လွန်းပြီး အကွက်အပြောင်း များလှသဖြင့် အောက်မှ လူအုပ်မှာ မျက်စိ ပသာဒဖြစ်၍ ပါးစပ်အဟောင်းသား ချီးကျူး ငေးမောနေမိကြသည်။
ချင်မူက မျက်မှောင်ကြုတ်သွားပြီး ချန်ဝမ်ယွင်ကို မေးလိုက်သည်။ "အစ်ကိုကြီး... တာအိုဂိုဏ်းရဲ့ ကျင့်စဉ်က သာမန်မဟုတ်ဘူးပဲ... အဲဒီကျင့်စဉ်ရဲ့ မူလဇာစ်မြစ်က ဘယ်လိုမျိုးလဲ..."
ချန်ဝမ်ယွင် ခေါင်းယမ်းလိုက်စဉ်မှာပင် သူ့နောက်ကျောဘက်မှ လေးနက်သော အသံတစ်သံကို ကြားလိုက်ရသည်။ "တာအိုဂိုဏ်းရဲ့ ဂန္တဝင် ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်...၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာနဲ့ တစ်တန်းတည်း နာမည်ကျော်တဲ့ လမ်းမှန် ကျင့်စဉ်ပဲ... ခွန်းကျစ်ယွိ ရှုံးတော့မယ်..."