နဂါးကိုးကောင်ဧကရာဇ်ကျင့်စဉ်
Vol. 10 Ch. 133
ချင်မူ နောက်လှည့်ကြည့်လိုက်သောအခါ လင်ယွိရှို့၏ ဘေးတွင် ရပ်နေခဲ့သော မင်းသားမှာ သူ့နောက်တွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူက လင်ယွိရှို့၏ ဒုတိယအစ်ကို ဖြစ်ဟန်ရှိပြီး ကန်ရေပြင်ကဲ့သို့ ငြိမ်သက်သော အမူအရာဖြင့် လေထဲမှ တိုက်ပွဲကို ကြည့်ရှုနေ၏။
လင်ယွိရှို့ကလည်း ကျောက်စိမ်းတောင်စွန်းပေါ်မှ လိုက်ဆင်းလာပြီး ဒုတိယမင်းသား၏ နောက်တွင် ရပ်လိုက်သည်။
ချင်မူ နောက်လှည့်ကြည့်လိုက်သည့် အခိုက်တွင် ခွန်းကျစ်ယွိမှာ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွား၏။
တောက်ကျစ်လင်းရွှမ်နှင့် အနီးကပ် တိုက်ခိုက်၍ လက်ဝါးချင်း ရိုက်မိသည့် အခိုက်တွင် သူ၏ ချီစွမ်းအင်မှာ တစ်ဘက်လူ၏ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ် စွမ်းအားကြောင့် တစ်စစီ ပြိုကွဲသွားပြီး သိုင်းကွက်ပျက်ကာ ကောင်းကင်ပေါ်မှ လွင့်ကျလာခြင်း ဖြစ်သည်။
ချန်ဝမ်ယွင်၏ မျက်လုံးများ တွန့်ခနဲ ဖြစ်သွားပြီး ရင်ထဲတွင် ရေခဲတမျှ အေးစက်သွား၏။ "ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး... ဒီတစ်ယောက်ရဲ့ သိုင်းစွမ်းအားက ကြီးလွန်းတယ်... သူ့ရဲ့ တခြားကောင်းကင်ရတနာတွေ ပိတ်ထားပြီး ဓာတ်ကြီးငါးပါးအဆင့်ပဲ ချန်ထားရင်တောင် ငါ့အနေနဲ့ သူ့ကို နိုင်ဖို့ အတော်ခက်မယ်... မဟုတ်သေးဘူး... သူ့သိုင်းကွက်တွေ ပိုထုတ်ပြလေလေ သူ့အားနည်းချက်ကို တွေ့ဖို့ အခွင့်အရေး ပိုများလေလေပဲ... ငါ ဆက်စောင့်ကြည့်ရမယ်... သူ့အားနည်းချက်ကို တွေ့ချင်တွေ့နိုင်တယ်..."
ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်...။
ချင်မူ့အနေဖြင့် လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်နှင့် တန်းတူလိုက်နိုင်သော ကျင့်စဉ်ကို ယခုမှ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
ဤတောက်ကျစ်လင်းရွှမ် ထုတ်သုံးသော ကျင့်စဉ်က လွန်စွာ စွမ်းအားကြီးလှသည်။ သူ၏ ကျင့်စဉ်စွမ်းအင်က အဆင့်တူဆိုလျှင် ချင်မူလောက် သိပ်သည်းခြင်း မရှိသော်လည်း သူ့ချီစွမ်းအင်၏ အရည်အသွေးက အလွန်တရာ မြင့်မားလှ၏။ တောက်ကျစ်လင်းရွှမ်၏ ချီစွမ်းအင်က မယုံနိုင်လောက်အောင် သန့်စင်ကြည်လင်သည်ကို ချင်မူ မြင်တွေ့ခဲ့သဖြင့် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာမှာ လူတစ်ယောက် နတ်ဘုရားအဖြစ်သော်လည်းကောင်း၊ မိစ္ဆာနတ်ဆိုး အဖြစ်သော်လည်းကောင်း ဖြစ်စေနိုင်သော ဂန္တဝင်ကျမ်းစာဟု ခေါ်ဆိုကြ၏။ တာအိုဂိုဏ်း၏ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကလည်း မဟာ ဉာဏ်အလင်းဖွင့် ကောင်းကင်နတ်ဆိုး ကျမ်းစာနှင့် တန်းတူ ကျော်ကြားသည်နှင့်ညီစွာ ထူးကဲဆန်းကြယ်မှုများကို ထုတ်ဖော်ပြသခဲ့၏။
တာအိုဂိုဏ်းနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်း...၊ တစ်ဂိုဏ်းက လမ်းမှန်ဂိုဏ်း ဖြစ်၍ တစ်ဂိုဏ်းက မိစ္ဆာနတ်ဆိုးဂိုဏ်း ဖြစ်သည်။ သူတို့က အဖြူရောင်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်၏ အထွတ်အမြတ် နယ်မြေများ ဖြစ်ကြ၏။
မဟာမိုးခြိမ်းသံ ကျောင်းတော်ကိုပါ ထည့်တွက်လျှင် အကြီးမားဆုံး အထွတ်အမြတ်နယ်မြေမှာ သုံးခု ဖြစ်ပေလိမ့်မည်။ ထိုဂိုဏ်းကြီး သုံးဂိုဏ်းအပြင် နာမည်ဂုဏ်သတင်း ကျော်ကြားခြင်း မရှိဘဲ တစ်ခါတစ်ရံမှ ပေါ်ထွက်လာတတ်သော လျှို့ဝှက် အထွတ်အမြတ်နယ်မြေ အချို့လည်း ရှိသေး၏။
"အခု တာအိုဂိုဏ်းက တောက်ကျစ်ပေါ်လာသလို မဟာမိုးခြိမ်းသံ ကျောင်းတော်ကလည်း ဧကရာဇ် အတိုင်ပင်ခံကို မညှာမတာ အရှက်ခွဲဖို့ ဝင်ပေါက်ထွက်ပေါက် လာပိတ်ဦးမှာလား မသိဘူး..." ချင်မူ စိတ်ထဲမှ တွေးလိုက်သည်။
ဒုတိယမင်းသားက အသက်ပြင်းပြင်း တစ်ချက် ရှိုက်ရှူ၍ တောင်တံခါးဝထံ လျှောက်လှမ်းသွားသည်။ လင်ယွိရှို့က ကမန်းကတန်း လှမ်းမေးလိုက်၏။ "ဒုတိယအစ်ကိုတော်... ဘာသွားလုပ်မလို့လဲ..."
"ငါလည်း နန်းတွင်းကျောင်းတော်သား တစ်ယောက်ပဲ... တော်ဝင်မျိုးဆက် တစ်ယောက်လည်း ဖြစ်တယ်... ဘယ်လိုလုပ် ရှောင်လွှဲနေနိုင်မှာလဲ..."
ဒုတိယမင်းသား၏ မျက်ဝန်းထဲမှ အလင်းရောင်များ တောက်ပဖြာထွက်လာ၏။ "ငါတို့ လင်မိသားစုက ကိုယ့်အားကိုယ်ကိုးပြီး ဧကရာဇ်နေရာကို အရယူခဲ့တာ... အရပ်ဘက်၊ စစ်ဘက် အမှုထမ်းတွေကို အားကိုးပြီး အခန့်သား သိမ်းပိုက်ခဲ့တာ မဟုတ်ဘူး..."
သူ့အသံက အားမာန်အပြည့်ပါ၍ တုန်ခါမြည်ဟည်းသွား၏။ ချင်မူ လွှတ်ခနဲ ချီးကျုးလိုက်မိသည်။ ဤသည်က မင်းသားတစ်ပါး ဖြစ်၏။ လင်မိသားစုအနေဖြင့် ဧကရာဇ်နေရာကို အရယူ၍ ရည်မှန်းချက်မြင့်သော တော်ဝင်မိသားစု တစ်ခု ဖြစ်လာခဲ့သည်မှာ အလကား ဖြစ်လာခဲ့ခြင်း မဟုတ်...။
"နန်းတွင်းကျောင်းတော်သား လင်ယွိရှု... တောက်ကျစ်နဲ့ ပညာဖလှယ်လိုပါတယ်..."
ဒုတိယမင်းသားက တောက်ကျစ်လင်းရွှမ်၏ ရှေ့သို့ လျှောက်လှမ်းသွား၍ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ထို့နောက် ခေါင်းပြန်မော့၍ တည်ကြည်လေးနက်စွာ မေးမြန်းလိုက်သည်။ "တောက်ကျစ်အနေနဲ့ ချီစွမ်းအင် ပြန်ဖြည့်တင်းဖို့ အနားယူစရာ လိုပါသေးသလား..."
တောက်ကျစ်လင်းရွှမ်က ခေါင်းညိတ်၍ ပြောလိုက်၏။ "အစ်ကိုတော်လင်အနေနဲ့ ခဏလောက် စောင့်ပေးလို့ ရမလား..."
ချင်မူက လက်ခုပ်တီး၍ လွှတ်ခနဲ ချီးကျူးလိုက်မိသည်။ "ငါဆိုလည်း အနားယူမိမှာပဲ..."
တောက်ကျစ်က ထိုစကားကို ကြားလိုက်သည်တွင် တောင်တံခါးဝမှ နေ၍ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်က ချင်မူ၏ မျက်နှာဆီသို့ ရောက်သွားပြီး ချင်မူ့မျက်လုံးများကို မြင်သောအခါ ရင်ထဲတွင် တုန်ခါသွား၏။ ချင်မူက ပြုံးပြလိုက်ပြီး တောက်ကျစ်လင်းရွှမ်ကလည်း ပြန်ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။ သူက ဘေးမှ တာအိုရသေ့အိုကြီးကို ပြောလိုက်သည်။ "ဦးရီးတော် တန်းယန်ကျစ်... သိပ်ကို စွမ်းအားကြီးတဲ့ လူတစ်ယောက် ကျွန်တော် တွေ့လိုက်တယ်... သူ့မျက်လုံးတွေက သာမန်လူတွေထက် သူငယ်အိမ် အလွှာနှစ်ထပ် ပိုပါတယ်... သူက ကျွန်တော့်ရဲ့ အခြေအနေ အစစ်အမှန်ကို ဖောက်ထွင်းမြင်နိုင်နေသလိုပဲ..."
တန်းယန်ကျစ်က မတုန်မလှုပ် အမူအရာ ရှိနေ၏။ "စိတ်နှလုံးကို ကန်ရေပြင်လို တည်ငြိမ်အောင်ထား၊ ကိုယ်လှမ်းနေတဲ့ ခြေလှမ်းကို မပျက်ပြားစေနဲ့... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကို နတ်ဘုရားတွေရဲ့ အောက်က နံပါတ်တစ်လူသားလို့ ခေါ်ကြတာပဲ... နန်းတွင်းကောလိပ်မှာ စွမ်းအားကြီးတဲ့သူ တချို့ ရှိတာ မထူးဆန်းပါဘူး..."
တောက်ကျစ်လင်းရွှမ်က သူ့အခြေအနေကို ဆက်လက် ထိန်းညှိ၍ ကျင့်စဉ်စွမ်းအင် ပြန်လည် ဖြည့်တင်းလိုက်သည်။ သူ၏ ရှန်းထျန်းထိုက်ရွှမ် ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်တွင် သေးငယ်သော ဝိညာဉ်သန္ဓေသားလေးက သူ့မျက်ခုံးနှစ်ခု အလယ်မှ ထွက်ပေါ်လာပြီး ရှေ့တည့်တည့်တွင် ထိုင်ချလိုက်၏။ ဝိညာဉ်သန္ဓေသား၏ အောက်တွင်တော့ လျှို့ဝှက်ဆန်းကြယ်သော ပလ္လင်တစ်ခု ရှိနေသည်။
ထိုဝိညာဉ်သန္ဓေသားက ရှူသွင်း၊ ရှူထုတ် လုပ်လိုက်သည်တွင် ၎င်း၏ ရှေ့ဘက်နှင့် နောက်ဘက်၌ အလင်းဝိုင်းလေးများ ငါးခု ပေါ်ထွက်လာပြီး ကြယ်တာရာ စုံလင်သော ကောင်းကင်ယံမှ အားကောင်းသော ကြယ်တာရာ စွမ်းအားများကို ဆွဲငင်ယူလိုက်သည်။
ထိုအလင်းဝိုင်းများ၏ အောက်၌ လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာနှင့် နတ်ဘုရား ငါးပါး ခပ်ဝါးဝါး ပေါ်ထွက်လာသည်။ ဤအရာများက ဓာတ်ကြီးငါးပါး ကောင်းကင်ရတနာမှ ဖြစ်တည်လာသော ပုံရိပ်များ ဖြစ်သည်။
အလင်းဝိုင်း ငါးဝိုင်း ပေါ်ထွက်လာပြီးသည့်နောက်တွင် စက်ဝိုင်းပုံ ဘီးခြောက်ဘီးက သူ့ကို ဝန်းပတ်ကာ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာ၏ ပုံရိပ်များ ပေါ်ထွက်လာ၏။
ချင်မူ မျက်လုံး မှေးစင်း၍ ကြည့်လိုက်သည်။ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်က အမှန်တကယ်ပင် ထူးခြားလှ၏။ ဤတောက်ကျစ်လင်းရွှမ်၏ ကျင့်စဉ်က အခြားသူများနှင့် ကွဲပြားနေသည်။ သို့သော်လည်း ပို၍ ကိုယ်ပိုင်ဟန် အစစ်အမှန် ရှိပြီး အထင်ကြီးလေးစားဖွယ် ကောင်း၏။ ဤကျင့်စဉ်၏ ရှုပ်ထွေးနက်နဲမှုက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်အောက် မကျပေ။
"တာအိုဂိုဏ်းက အဖြူရောင်လမ်းစဉ်ရဲ့ နံပါတ်တစ်ဂိုဏ်း ပီသပါပေတယ်..."
တောက်ကျစ်လင်းရွှမ် အနားယူပြီးသွားသောအခါ ထရပ်၍ ဒုတိယမင်းသားကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
လင်ယွိရှုက ပြန်လည် နှုတ်ဆက်လိုက်ပြီး မားမားမတ်မတ် ရပ်လိုက်သည်။ သူ၏ ချီစွမ်းအင်က နဂါးတွန်သံ၊ ကျားဟိန်းသံကဲ့သို့ ရုတ်ခြည်း ပေါက်ကွဲ ထွက်ပေါ်လာ၏။ ထိုတစ်ခဏ၌ တောင်တံခါးဝရှေ့ရှိသူ အားလုံးနီးပါး ဤမင်းသား၏ ခန္ဓာကိုယ်မှ နဂါးတစ်ကောင်၏ အားအင်မျိုး ပေါက်ကွဲ ထွက်ပေါ်လာသည်ဟု ခံစားလိုက်မိကြသည်။
ဒုတိယမင်းသား လင်ယွိရှု၏ ခန္ဓာကိုယ်က ပင်လယ်ကို ဖြတ်ကူးသော နဂါးတစ်ကောင်ကဲ့သို့ ရွေ့လျားသွား၏။ သူ၏ လက်ချောင်း ငါးချောင်းက နဂါးငါးကောင်ကဲ့သို့ ဖြန့်ကားသွားပြီး အားအဟုန် ပြင်းထန်သော နဂါးချီငါးခုမှာ လေထဲသို့ ထိုးတက်၍ တောက်ကျစ်လင်းရွှမ်ထံ တိုးဝင်သွားသည်။
နဂါးငါးကောင် အနှောင်အဖွဲ့...။
လင်ယွိရှု၏ လက်ချောင်းငါးချောင်းက အောက်ဘက်သို့ ထိုးစိုက်ချလာပြီး နဂါးချီငါးခုက တောက်ကျစ်လင်းရွှမ်ကို ဖုံးအုပ်လွှမ်းခြုံသွား၏။ ထိုနဂါးများက တောက်ကျစ်လင်းရွှမ်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်ပြီး ပါးစပ်များကို ဖြဲဟ၍ တရှိန်ရှိန် တောက်လောင်နေသော နဂါးမီးလျှံများ မှုတ်ထုတ်လိုက်သည်။
လင်ယွိရှု၏ လှုပ်ရှားမှုက အလွန်တရာ လျင်မြန်လှပြီး နဂါးငါးကောင် ခုန်ဝင်သွားသည့် တစ်ခဏတွင် သူ့ခန္ဓာကိုယ်ကလည်း တောက်ကျစ်လင်းရွှမ်၏ ဘေးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူ့လက်ကို ဆတ်ခနဲ လှုပ်ခါ၍ ချီစွမ်းအင်ကို ဓားတစ်လက်သဖွယ် စုစည်းလိုက်သည်။ နဂါးတစ်ကောင် ရစ်ခွေနေသော ဓားနှင့် နဂါးငါးကောင် အနှောင်အဖွဲ့အတွင်းသို့ ထိုးစိုက်လိုက်၏။
နဂါးငါးကောင် အနှောင်အဖွဲ့အတွင်း၌ တောက်ကျစ်လင်းရွှမ်က တရှိန်ရှိန် တောက်လောင်နေသော နဂါးမီးလျှံများ ဖုံးလွှမ်းနေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်က ကျောက်စိမ်းကဲ့သို့ အလင်းရောင် သန်းလာ၏။ နဂါးမီးလျှံများက သူ့ကို ထိခိုက်နိုင်ခြင်း မရှိပေ။
ဒုတိယမင်းသားက သူ့ဓားဖြင့် နဂါးငါးကောင် အနှောင်အဖွဲ့အတွင်းသို့ ထိုးသွင်းလိုက်သောအခါ တောက်ကျစ်လင်းရွှမ်က ထိုနဂါးဓားကို မြင်းမြီးယပ်ဖြင့် ရစ်ပတ် ဆီးကြိုလိုက်သည်။ ဒုတိယမင်းသားက မြေပြင်ကို ဖနောင့်နှင့် ပေါက်လိုက်၏။ မြေပြင်က တဝုန်းဝုန်း လှုပ်ခါ၍ ကြီးမားသော နဂါးကြီးများက တောက်ကျစ်လင်းရွှမ်၏ အောက်ဘက် မြေကြီးထဲမှ တိုးထွက်လာပြီး တိုက်ခိုက်လိုက်သည်။
တောက်ကျစ်လင်းရွှမ်က လက်ဝါးတစ်ချက် ဆန့်ထုတ် ရိုက်ချ၍ နဂါးငါးကောင် အနှောင်အဖွဲ့ကို ဖြိုခွဲကာ လေထဲသို့ ခုန်တက်သွားသည်။ မြင်းမြီးမျှင်များက ဓားသွားများသဖွယ် လှုပ်ရှား၍ နဂါးခေါင်းများကို သိမ်းဖြတ်သွားပြီး အောက်ဘက်မှ တိုးဝင်လာသော ဓားရောင်များကို ရှောင်ရှားလိုက်သည်။
"မှော်သိုင်းလမ်းစဉ်ပါလား..."
ချင်မူ အံ့အားသင်သွား၏။ ဒုတိယမင်းသား၏ ဆင့်ကဲဆင့်ကဲ တိုက်ခိုက်မှုများ အားလုံးက မှော်သိုင်းလမ်းစဉ်၏ တိုက်ကွက်များ ဖြစ်သည်။ သို့သော်လည်း သိုင်းကွက်အသားပေး လမ်းစဉ်မှ တိုက်ကွက်များကဲ့သို့ အားအဟုန် ကြမ်းတမ်း ပြင်းထန်လှသည်။
မှော်သိုင်းပညာများကို ထိုသို့ အားအဟုန်ပြင်း၍ အရှိန်အဝါ အားကောင်းစွာ ထုတ်သုံးနိုင်သည်က ထူးခြားလွန်းလှ၏။ ချင်မူ့အနေဖြင့် ဤသို့သော တိုက်ခိုက်ပုံမျိုးကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။
"မိန်းကလေးယွိရှို့... နင်တို့ တော်ဝင်မိသားစုရဲ့ ကျင့်စဉ်က အတော်လေး စွမ်းအားကြီးတာပဲ..." ချင်မူက လင်ယွိရှို့ကို လှမ်းပြောလိုက်သည်။
လင်ယွိရှို့က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ဒါပေါ့... ငါ့ဒုတိယအစ်ကိုက နဂါးကိုးကောင် ဧကရာဇ်ကျင့်စဉ်ကို ကျင့်တာ... အဲဒီ ကျင့်စဉ်က တာအိုဂိုဏ်းရဲ့ ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်အောက် မကျဘူး... ပြီးတော့ ငါ့ဒုတိယအစ်ကိုက နယ်လှည့်တပ်ဖွဲ့မှာ ပဉ္စမအဆင့် တပ်မှူးရာထူး ရထားတဲ့သူပဲ..."
ဒုတိယမင်းသားက လေထဲသို့ ခုန်တက်သွားပြီး သူ့ခြေထောက်အောက်၌ ချီစွမ်းအင်ဖြင့် နဂါးနှစ်ကောင် ဖွဲ့စည်းလာသည်။ ထိုနဂါးများက ခန္ဓာကိုယ်ကို လူးလွန့် လှုပ်ခါ၍ တောက်ကျစ်လင်းရွှမ်ထံ ပြေးဝင်သွား၏။ သူ၏ သိုင်းကွက်များက ပြောင်မြောက်လှပသဖြင့် အားလုံးသောသူများမှာ ပါးစပ်အဟောင်းသား ငေးမော ကြည့်ရှုနေမိကြသည်။
ဤသည်က အံဩစရာတော့ မဟုတ်။ နန်းတွင်းကောလိပ်က နဂါးကိုးကောင် စွမ်းအင်ကြော၏ အလယ်ဗဟို၌ တည်ဆောက်ထားခြင်း ဖြစ်သဖြင့် နဂါးကိုးကောင် ချီစွမ်းအင်က တုနှိုင်းမရအောင် သိပ်သည်းလှသည် မဟုတ်လား။ ထို့ပြင် ဒုတိယမင်းသားက တော်ဝင်မိသားစုမှ ဖြစ်သဖြင့် နဂါးချီကို ရယူ လေ့ကျင့်နိုင်ခဲ့သည်။ နန်းတွင်းကောလိပ်က အခြားသူများအတွက် အထွတ်အမြတ်နယ်မြေသာ ဖြစ်သော်လည်း သူ့အတွက်တော့ အထွတ်အမြတ်တကာ အထွတ်အမြတ်နယ်မြေ ဖြစ်၏။ နဂါးချီကို စုပ်ယူခြင်းဖြင့် အခြားသူများထက် နှစ်ဆမြန်အောင် လေ့ကျင့်နိုင်ပေသည်။
သူ၏ ချီစွမ်းအင်က အားကောင်းလှပြီး ထိုမျှ အရှိန်အဟုန် ပြင်းသည့် သိုင်းကွက်မျိုး ထုတ်သုံးပြီးသည့်တိုင်အောင် အနည်းငယ်မျှပင် ကုန်ခန်းလျော့ပါးသွားသည့်ဟန် မပေါက်ချေ။ ဤသည်က နဂါးကိုးကောင် ဧကရာဇ်ကျင့်စဉ်၏ အားသာချက် ဖြစ်သည်။
ချင်မူက တစ်ခဏမျှ ကြည့်ရှုပြီးနောက် ပြောလိုက်၏။ "မိန်းကလေးယွိရှို့... နင့်ရဲ့ ဒုတိယအစ်ကို ရှုံးတော့မယ်..."
လင်ယွိရှို့၏ ရင်ထဲတွင် လှုပ်ခါသွား၏။ ရုတ်တရက် အထက်ကောင်းကင် လေထုထဲမှ တိုက်ပွဲက အဆုံးသတ်သွားသည်။ ဒုတိယမင်းသားမှာ တောက်ကျစ်လင်းရွှမ်၏ တန်ပြန်တိုက်ခိုက်ခြင်း ခံလိုက်ရ၏။ တောက်ကျစ်လင်းရွှမ်က မှော်သိုင်းကို မှော်သိုင်းဖြင့် ပြန်တိုက်ခိုက်ပြီး တာအိုဂိုဏ်း၏ မှော်သိုင်းစွမ်းအားက နဂါးကိုးကောင် ဧကရာဇ်ကျင့်စဉ်အောက် မကျချေ။
တစ်ချိန်တည်းတွင် တောက်ကျစ်လင်းရွှမ်၏ လက်ထဲမှ မြင်းမြီးယပ်က ပျံဝဲထွက်ပေါ်လာပြီး မြင်းမြီးမျှင်များက ရုတ်ခြည်း ဆန့်ထွက်ကာ တဝီဝီ လည်ပတ်နေသော ဓားသေးသေးမျှင်မျှင်များအဖြစ် အသွင်ပြောင်း၍ လင်ယွိရှုကို တရစပ် ခုတ်ပိုင်းလိုက်သည်။ လင်ယွိရှုက သူ၏ နဂါးဓားဖြင့် ခုခံကာကွယ်လိုက်သော်လည်း ဤမျှ များပြားသော ဓားသေးသေးမျှင်မျှင်များကို ခုခံရန် မဖြစ်နိုင်ချေ။ မျက်စိတစ်မှိတ်အတွင်း၌ သူ့တစ်ကိုယ်လုံး ဒဏ်ရာများစွာ ရရှိသွားပြီး မည်သို့မျှ မတတ်နိုင်ဘဲ မြေပြင်ပေါ်သို့ ပြန်ဆင်းကာ အရှုံးပေးလိုက်ရ၏။
လင်ယွိရှု၏ ရှုံးနိမ့်မှုက နန်းတွင်းကောလိပ် တစ်ခုလုံးကို အကြီးအကျယ် တုန်လှုပ် ချောက်ချားသွားစေခဲ့သည်။ သူက တော်ဝင်မိသားစု၏ ဒုတိယမင်းသား မဟုတ်လား။ သူ၏ ကိုယ်ပိုင်အရည်အချင်းက ထူးချွန်လှသကဲ့သို့ နန်းတွင်းကောလိပ်နှင့် တော်ဝင်မိသားစုက သူ့ကို အထူး အလေးထား ပြုစုပျိုးထောင်ခဲ့သည်။ လင်ယွိရှုက နန်းတွင်းကောလိပ်၏ ထိပ်ဆုံးထဲမှ တစ်ယောက် ဖြစ်၏။
ယခု သူပင် တောက်ကျစ်လင်းရွှမ် လက်အောက်၌ ရှုံးနိမ့်ခဲ့ရသည် ဖြစ်၍ နန်းတွင်းကောလိပ်တွင် ဤတောက်ကျစ်ကို ယှဉ်နိုင်မည့်သူ မရှိတော့သလောက် ဖြစ်သည်။
ယွဲ့ချင်းဟုန်က ချင်မူ့ကို ကြည့်လိုက်၏။ "ဟေ့ ငါးဆယ်၊ ငါးဆယ်ဆိုတဲ့ကောင်... ငါတို့ နန်းတွင်းကောလိပ်က ဝင်ပေါက်ထွက်ပေါက် အပိတ်ခံထားရတာ... နင် ဘာလို့ ရှေ့မထွက်သေးတာလဲ..."
ချင်မူက ကြောင်အမ်းအမ်း မေးလိုက်၏။ "ငါက ဘာလို့ ရှေ့ထွက်ရမှာလဲ..."
ယွဲ့ချင်းဟုန်က နှာခေါင်းတစ်ချက် ရှုံ့၍ မခံချင်အောင် ပြောလိုက်သည်။ "ဒီတောက်ကျစ်နဲ့ တိုက်ရင် နိုင်နိုင်ချေ ငါးဆယ်၊ ငါးဆယ် ရှိတယ်လို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား..."
ချင်မူက ခေါင်းခါယမ်းလိုက်၏။ "ငါက အခုမှ နန်းတွင်းကျောင်းတော်သား ဖြစ်ခါစ ရှိသေးတဲ့အပြင် လျှို့ဝှက်အလင်းခန်းမက သင်ခန်းစာ တစ်ခုပဲ နားထောင်ရသေးတယ်... နန်းတွင်းကောလိပ်က ဘာသိုင်းပညာမှ မသင်ရသေးဘဲနဲ့ သူ့ကို ငါ နိုင်သွားရင်တောင် ဘာထူးမှာလဲ... နန်းတွင်းကောလိပ်ရဲ့ အရည်အချင်းလို့ သတ်မှတ်ကြမှာ မဟုတ်ဘူး... ပြီးတော့ ငါက မဟာမြို့ပျက်က လာတဲ့ စွန့်ပစ်ခံလူလေ... နင်တို့ အကုန်လုံး ငါ့ကို မောင်းထုတ်ချင်ခဲ့တာ မဟုတ်ဘူးလား... အခုမှ နန်းတွင်းကောလိပ်အတွက် ရှေ့ထွက်စေချင်တယ် ဆိုတော့ စိတ်ကူးယဉ်အိပ်မက် မက်နေတာလား..."
ယွဲ့ချင်းဟုန်မှာ ဒေါသထွက်လွန်း၍ စကားမပြောနိုင် ဖြစ်သွားသည်။
ယွင်ချွယ်ကိုယ်တော်က ဝင်ပြောလိုက်၏။ "ဒါပေမဲ့ မင်းက ငါတို့ နန်းတွင်းကောလိပ်ရဲ့ ကျောင်းသားတစ်ယောက်ပဲလေ... အခု နန်းတွင်းကောလိပ်က ဒုက္ခတွေ့နေတဲ့ အချိန်မှာ ဘယ်လိုလုပ်ပြီး မကူညီဘဲ နေနိုင်ရတာလဲ..."
ချင်မူက ရယ်မောလိုက်သည်။ "ဒီလောက် နှစ်တွေ အများကြီး ကြာပြီးတာတောင် နန်းတွင်းကောလိပ်မှာ တောက်ကျစ်ကို ယှဉ်နိုင်မယ့် ပါရမီရှင် မရှိဘူးလား... ပြီးတော့ ဧကရာဇ် အတိုင်ပင်ခံရဲ့ တပည့်ရင်းတွေလည်း ပေါ်မလာသေးဘူး... ဧကရာဇ် အတိုင်ပင်ခံက နတ်ဘုရားတွေအောက်က နံပါတ်တစ်လူသားလို့ နာမည်ကျော်ကြားတာ သူ့တပည့်ရင်းတွေကလည်း သေချာပေါက် ထူးချွန်ကြမှာပဲ... သူ့တပည့်တွေ ရှိနေမှတော့ ငါက ဘာလို့ ဝင်ပါနေရမှာလဲ..."
အားလုံး၏ ရင်ထဲတွင် လှုပ်ခါသွားပြီး မျှော်လင့်ချက် အရိပ်အယောင်များ ပြန်ရှင်သန်လာ၏။ ဧကရာဇ် အတိုင်ပင်ခံက နတ်ဘုရားများ၏ အောက်မှ နံပါတ်တစ်လူသားအဖြစ် နာမည်ကျော်ကြားပြီး သူ့တပည့်ရင်းများ အားလုံးက အလွန်တရာ ထူးချွန် ထက်မြက်ကြသူများ ဖြစ်သည်။ ဧကရာဇ် အတိုင်ပင်ခံ၏ တပည့်များသာ ရှေ့ထွက်လာလျှင် တာအိုဂိုဏ်းမှ တောက်ကျစ်ကို အနိုင်ယူနိုင်ကောင်း အနိုင်ယူနိုင်ပေလိမ့်မည်။
လင်ယွိရှို့က မျက်မှောင်ကြုတ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ "ဒါပေမဲ့ ဧကရာဇ် အတိုင်ပင်ခံရဲ့ တပည့်တိုင်းက နန်းတွင်းကောလိပ်က ကျောင်းတော်သား မဟုတ်ဘူး..."
သူတို့ ပြောဆိုနေကြစဉ် အချိန်အတွင်း၌ နောက်ထပ် နန်းတွင်းကျောင်းတော်သားများ ရှေ့ထွက်သွားကြသော်လည်း ခြွင်းချက်မရှိ ရှုံးနိမ့်သွားကြသည်သာ ဖြစ်သည်။
အချို့က တောက်ကျစ်လင်းရွှမ်ကို တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်၍ နားချိန်မပေးဘဲ ချီစွမ်းအင် ကုန်ခန်းအောင် ပြုလုပ်ရန် ကြံစည်ကြသူများပင် ရှိ၏။ သို့သော်လည်း ဤအကြံအစည်က အောက်တန်းကျလွန်းသဖြင့် မကြာမီ အဆောင်မှူးများ လာရောက် တားမြစ်ကြသည်။
တောက်ကျစ်လင်းရွှမ်က ပွဲပေါင်း တစ်ဒါဇင်ခန့် အနိုင်ယူပြီးသောအခါ တည်ကြည်လေးနက်သော အမူအရာသို့ ပြောင်းလဲသွားပြီး သူ့ဘေးမှ တန်းယန်ကျစ်ကို လှည့်ပြောလိုက်၏။ "ဦးရီးတော်... နန်းတွင်းကောလိပ်က အတော် ကြောက်ဖို့ ကောင်းတာပဲ..."
တန်းယန်ကျစ်က အသာအယာ ခေါင်းညိတ်၍ ခပ်တိုးတိုး ပြောလိုက်သည်။ "ဒီနန်းတွင်းကျောင်းတော်သားတွေ အကုန်လုံးက အတော်လေး စွမ်းအားကြီးကြတယ်... ဒီကျောင်းတော်သား အကုန်လုံးသာ အရွယ်ရောက်လာကြရင် ဘယ်သိုင်းဂိုဏ်းမှ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး..."
နန်းတွင်းကောလိပ်မှ မည်သူမျှ တောက်ကျစ်လင်းရွှမ်ကို အနိုင်မယူနိုင်သေးသော်လည်း အားလုံးသော ကျောင်းတော်သားများက သူတို့၏ သက်ဆိုင်ရာ သိုင်းအဆင့်၌ ပထမတန်းစား ပညာရှင်များဟု သတ်မှတ်၍ ရသည်။
ထို့ပြင် ကြောက်စရာ အကောင်းဆုံး အချက်မှာ ထိုသို့သော အဆင့်မြင့် ပညာရှင်များမှာ နန်းတွင်းကောလိပ် နေရာတိုင်းတွင် တွေ့ရခြင်း ဖြစ်သည်။
တာအိုဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးများမှာ တောက်ကျစ်ကဲ့သို့ ထူးချွန်သော ပါရမီရှင်များကို တစ်ယောက်၊ နှစ်ယောက် မွေးထုတ်နိုင်သော်လည်း ချွီဖျင်နှင့် ခွန်းကျစ်ယွိတို့ကဲ့သို့ အဆင့်မြင့် ပညာရှင် အများအပြား မွေးထုတ်နိုင်ခြင်း မရှိပေ။ သို့သော်လည်း နန်းတွင်းကောလိပ်တွင်တော့ အဆင့်မြင့် ပညာရှင်များစွာက နေရာအနှံ့ ရှိနေ၏။ ဤသည်က အတော်လေး ကြောက်ဖို့ ကောင်းလှသည်။
တောက်ကျစ်လင်းရွှမ်၏ အကြည့်က အားလုံးကို ကျော်ဖြတ်၍ ချင်မူ့ထံ ကျရောက်သွားသည်။ ချင်မူက သူ့အကြည့်ကို အာရုံခံမိသွားဟန် ရှိပြီး သူ့ကို ပြန်ကြည့်၍ အသိအမှတ်ပြု ပြုံးပြလာ၏။ တောက်ကျစ်လင်းရွှမ်မှာ ပြန်ပြုံးပြလိုက်ပြီး အံ့အားသင့်နေမိသည်။ "နန်းတွင်းကောလိပ်မှာ ထူးချွန်တဲ့သူတွေ မရှိတာ မဟုတ်ဘူး... သူ ဘာလို့ ငါနဲ့ တိုက်ဖို့ ရှေ့ထွက်မလာတာလဲ..."