← Chapters

ဧကရာဇ်အတိုင်ပင်ခံကို ဖိတ်ခေါ်ခြင်း

Vol. 10 Ch. 134

ဧကရာဇ်အတိုင်ပင်ခံကို ဖိတ်ခေါ်ခြင်း

Vol. 10 Ch. 134

ကျောက်စိမ်းတောင်ထွတ်၊ သင်ကြားရေးခန်းမတွင်...။

နန်းတွင်းကောလိပ်မှ အားလုံးသော အဆောင်မှူးများ၊ ပါမောက္ခများနှင့် မှတ်တမ်းထိန်းများ စုဝေးနေကြပြီး သုန်မှုန်သော မျက်နှာထားများနှင့် ဖြစ်နေကြ၏။ တစ်ချက် တစ်ချက်တွင် သတင်းပို့ရန် ခပ်သုတ်သုတ် ရောက်လာကြသူများ ရှိပြီး သတင်းတစ်ခု ကြားပြီးတိုင်း သူတို့၏ မျက်နှာက ပို၍ ပို၍ ရှုံ့မဲ့လာကြသည်။ အထွတ်အမြတ်ထိုင်ခုံတွင် ထိုင်နေသော လူငယ်ဂိုဏ်းချုပ် တစ်ယောက်သာ တည်ငြိမ်အေးဆေးသော အမူအရာ ရှိနေပြီး အနိုင်အရှုံးရလဒ်ကို စိုးစဉ်းမျှ စိတ်မပူဘဲ ရှိ၏။

ထိုအခိုက်၌ အပြင်ဘက်မှ သတင်းပို့သံများ တစ်ခုပြီးတစ်ခု ရောက်ရှိလာသည်။ "ပါမောက္ခချုပ်ကို သတင်းပို့ပါတယ်... တာအိုဂိုဏ်းရဲ့ တောက်ကျစ်က ဒုတိယမင်းသားကို အနိုင်ယူလိုက်ပါတယ်..."

"တောက်ကျစ်က တောင်ပိုင်း ငြိမ်းချမ်းရေး နယ်စားမင်းသားရဲ့ သားတော်၊ ကျိုးယင်ကို အနိုင်ယူလိုက်ပါတယ်..."

"တောက်ကျစ်က အနောက်ပိုင်း ငြိမ်းချမ်းရေး နယ်စားမင်းသားရဲ့ မင်းသမီး သော်သော်ကို အနိုင်ယူလိုက်ပါတယ်..."

"သေနင်္ဂဗျူဟာ သေနာပတိ နန်းဆောင်က လင်ရှစ်ကျိလည်း ရှုံးနိမ့်သွားပါပြီ..."

"လင်းချိုးဟယ်လည်း တောကျစ်ကြောင့် ဒဏ်ရာရသွားပါတယ်..."

......။

အတန်ကြာပြီးသောအခါ သတင်းပို့သူ ထပ်ရောက်မလာတော့ပေ။ အားလုံး၏ အမူအရာက အလွန်တရာ အရုပ်ဆိုး အကျည်းတန်သွားကြ၏။ မည်သူမျှ သတင်းလာမပို့တော့ခြင်းမှာ တောက်ကျစ်လင်းရွှမ်ကို ဆက်လက်စိန်ခေါ်မည့် နန်းတွင်းကျောင်းတော်သား မရှိတော့သည်နှင့် အတူတူပဲ မဟုတ်လား။ နန်းတွင်းကောလိပ်မှ ကျောင်းတော်သားများ၏ မာန်တက်ဝင့်ကြွားမှုနှင့် တက်ကြွသော စိတ်အားတို့မှာ ဤရသေ့ငယ်တောက်ကျစ်၏ လက်ချက်ဖြင့် ပျက်ပြယ်သွားပြီး ဝင်ပေါက်ထွက်ပါက် ပိတ်ဆို့ထားသည်ကို ထိုင်ကြည့်နေကြရုံသာ တတ်နိုင်တော့၏။

ပါမောက္ခ တစ်ယောက်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ "ငါတို့ နန်းတွင်းကောလိပ်က နှစ်ပေါင်း ဒီလောက် ကြာအောင် မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို သင်ကြားပေးခဲ့တဲ့အပြင် အဲဒီလူတွေကလည်း ဒီအင်ပါယာရဲ့ အားကိုးအားထားရာ ဖြစ်နေကြပြီ... တောက်ကျစ်ကို ယှဉ်နိုင်မယ့်လူ တစ်ယောက်လောက်တောင် မရှာနိုင်ကြဘူးလား..."

အဆောင်မှူး တစ်ယောက်က ခေါင်းခါယမ်း၍ ပြောလိုက်သည်။ "ဒီနှစ်တွေမှာ တာအိုဂိုဏ်းရဲ့ တောက်ကျစ်အောက် မကျတဲ့ ပါရမီရှင် သုံးလေးငါးယောက် ပေါ်ထွက်ခဲ့ပါတယ်... ဒါပေမဲ့ အဲဒီလူတွေက ကျောင်းတော်သားတွေ မဟုတ်ကြတော့ပါဘူး... နန်းတွင်းကောလိပ်က ထွက်ခွာပြီး နန်းတွင်းမှာ တာဝန်တွေ ထမ်းဆောင်နေကြပါပြီ... ကျွန်တော်တို့ရဲ့ နန်းတွင်းကောလိပ်က သိုင်းလောကရဲ့ ဂိုဏ်းတွေနဲ့ ခြားနားပါတယ်... သိုင်းလောကမှာ ဂိုဏ်းက ထွက်တယ်ဆိုတာ မရှိပေမဲ့ ကျွန်တော်တို့ နန်းတွင်းကောလိပ်ကနေ ကျောင်းသားတစ်ယောက် ထွက်ခွာသွားတာနဲ့ ရှေ့ဆက် ကျောင်းတော်သားအဖြစ် သတ်မှတ်လို့ မရတော့ပါဘူး..."

အားလုံးပင် လေပူများ မှုတ်ထုတ်လိုက်မိကြ၏။ တာအိုရသေ့လင်းယွင်က သက်ပြင်းချလိုက်သည်။ "ကျွန်တော်တို့က ဒီတောက်ကျစ်ကို ဝင်ပေါက်ထွက်ပေါက် ပိတ်ဖို့ ဆက်ခွင့်ပြုထားတော့မှာလား... ဒါက သိပ်ကို သူရဲဘောကြောင်ရာ မကျဘူးလား..."

အားလုံး တိတ်ကျသွား၏။

ရုတ်တရက် မိုးပြာယန်ခန်းမ၏ ဘုန်းတော်ကြီးဖာချင်းက ပြောလိုက်သည်။ "ဒီကိစ္စကို ဧကရာဇ် အတိုင်ပင်ခံဆီ မြန်မြန် သတင်းပို့ပြီး သူ့တပည့်တွေ စေလွှတ်ပေးဖို့ တောင်းဆိုလိုက်... သူတို့ဆိုရင် တောက်ကျစ်ကို နိုင်နိုင်လောက်တယ်..."

"ကိုယ်တော်ကြီး... ဧကရာဇ် အတိုင်ပင်ခံရဲ့ တပည့်တွေက ကျုပ်တို့ရဲ့ နန်းတွင်းကျောင်းတော်သားတွေ မဟုတ်ဘူး... သူတို့က တောက်ကျစ်ကို အနိုင်ယူနိုင်ခဲ့ရင်တောင် တာအိုဂိုဏ်းက လက်ခံမှာလား..."

ထိုအခိုက်၌ သင်္ဘောတစ်စီးက အပြင်ဘက် ကောင်းကင်ယံမှ ခရီးနှင်၍ ကျောက်စိမ်းတောင်ထွတ်၌ ဆိုက်ကပ်လာ၏။

လူငယ်အချို့က ထိုသင်္ဘောပေါ်မှ ဆင်းသက်လာပြီး သင်ကြားရေးခန်းမအတွင်းသို့ ဝင်ရောက်လာသည်။ ဦးဆောင်လာသူက ဦးညွှတ် အရိုအသေပြု၍ ပြောလိုက်၏။ "ဆရာတို့... ကျွန်တော်တို့က ဧကရာဇ် အတိုင်ပင်ခံရဲ့ လက်အောက်က တပည့်သားတွေပါ... တာအိုဂိုဏ်းရဲ့ တောက်ကျစ်က အနှောင့်အယှက် ပြုနေတယ် ကြားလို့ ဧကရာဇ် အတိုင်ပင်ခံက ကျွန်တော်တို့ကို စေလွှတ်လိုက်တာပါ..."

ပါမောက္ခများ၊ အဆောင်မှူးများနှင့် မှတ်တမ်းထိန်းများ အားလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် လူငယ်ဂိုဏ်းချုပ်ကို ဝိုင်းကြည့်လိုက်ကြပြီး မှတ်တမ်းထိန်း တစ်ယောက်က တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "ပါမောက္ခချုပ်... ဧကရာဇ် အတိုင်ပင်ခံရဲ့ တပည့်တွေက ကျွန်တော်တို့ နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေ မဟုတ်ပါဘူး... သူတို့က ကျွန်တော်တို့ နန်းတွင်းကောလိပ်ကို ကိုယ်စားပြုပြီး တိုက်ခိုက်နိုင်သလားဆိုတာ ပါမောက္ခချုပ်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ မူတည်ပါတော့တယ်..."

မုတ်ဆိတ်မွေး ဗရပျစ်နှင့် ပါမောက္ခပါ့ရှန်းက ရုတ်တရက် စားပွဲကို ပုတ်၍ ကန့်ကွက်လိုက်သည်။ "ရယ်စရာပဲ... ဧကရာဇ် အတိုင်ပင်ခံရဲ့ တပည့်တွေက တာအိုဂိုဏ်းရဲ့ တောက်ကျစ်ကို အနိုင်ယူနိုင်တော့ရော ဘာလုပ်ရမှာလဲ... ဧကရာဇ် အတိုင်ပင်ခံရဲ့ တပည့်တွေက လမ်းရိုးအတိုင်း ပြုစု ပျိုးထောင်ပြီး ဧကရာဇ် အတိုင်ပင်ခံကိုယ်တိုင် သင်ကြားပေးထားတာ... သူတို့နဲ့ အဲဒီသိုင်းဂိုဏ်းတွေ မွေးထုတ်ထားတဲ့ တပည့်ဂိုဏ်းသားတွေနဲ့ ဘာမှ မခြားဘူး... ဒီကိစ္စသာ သတင်းပြန့်သွားပြီး တာအိုဂိုဏ်းရဲ့ နားကို ရောက်သွားရင် တာအိုဂိုဏ်းက သေချာပေါက် ပုန်ကန်မှာပဲ... တာအိုဂိုဏ်း ပုန်ကန်ရင် တစ်လောကလုံးက အဖြူရောင်ဂိုဏ်းတွေ အကုန်လုံး ပုန်ကန်ကြမှာပဲ... ဒီအကျိုးဆက်အတွက် ဒီမှာ ရှိတဲ့သူတွေ ဘယ်သူ တာဝန်ခံမှာလဲ... ဘယ်သူ တာဝန်ခံနိုင်လဲ..."

ထပြောခဲ့သည့် မှတ်တမ်းထိန်းက ဒေါသတကြီး မြည်တွန်တောက်တီးလိုက်သည်။ "ခင်ဗျားက ပါမောက္ခဆိုတော့ ခင်ဗျား ပြောသမျှ မှန်တာပေါ့... ပြောပါဦး ဘယ်လို လုပ်ရမလဲဆိုတာ..."

"ငါ ဘယ်လိုလုပ်မလဲ ဟုတ်လား..."

​ပါမောက္ခပါ့ရှန်းက တဟားဟား ရယ်မော၍ တင်းမာစွာ အော်ဟစ်လိုက်သည်။ "ငါ လုပ်သမျှက မင်းတို့ မှတ်တမ်းထိန်းတွေ လုပ်နိုင်တာထက်တော့ သာမှာပဲ... မင်းတို့ မှတ်တမ်းထိန်းတွေ အကုန်လုံးက အဲဒီ စာအုပ်စုတ် အဆောင်ကို ထိန်းသိမ်း စောင့်ရှောက်နေဖို့ပဲ တတ်တယ်... ပြောလိုက်ရင်တော့ သိုင်းကွက်တွေ၊ ကောင်းကင်နတ်သိုင်းတွေ သုတေသန လုပ်နေတယ်နဲ့... ဒီနှစ်ပိုင်းအတွင်း မင်းတို့ ဘာများ ရှာဖွေ တွေ့ရှိခဲ့လဲ... မင်းတို့မှာ အစွမ်းရှိရင် ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကို တန်ပြန် တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေ သွားရှာလေ... အဲဒီလိုဆို သူတစ်ပါးက ဝင်ပေါက်ထွက်ပေါက် လာပိတ်တဲ့အချိန် ငါတို့ ကျောင်းသားတွေ အရှက်မကွဲတော့ဘူး၊ ကူရာကယ်ရာမဲ့ မဖြစ်တာ့ဘူးပေါ့..."

သင်ကြားရေး ခန်းမအတွင်းရှိ မှတ်တမ်းထိန်း အားလုံးမှာ ဒေါသအိုး ပေါက်ကွဲသွားကြပြီး ပြန်လည် အော်ဟစ်လိုက်၏။ "ကျုပ်တို့ ရှာဖွေတွေ့ရှိသမျှ သိုင်းကျမ်းတွေ၊ ကောင်းကင်နတ်သိုင်းတွေ အကုန်လုံး ခင်ဗျားတို့ကို ပေးခဲ့တာပဲ မဟုတ်ဘူးလား... ခင်ဗျားတို့ အဆောင်မှူးတွေ၊ ပါမောက္ခတွေ အသုံးမကျလို့ တော်တဲ့ တတ်တဲ့ ကျောင်းသားတွေ မမွေးထုတ်နိုင်တာ..."

"မှန်ပါ့... ဥပမာ ထုတ်ပြရရင် ကုသရေးခန်းမက ဘာတွေ လုပ်နေလဲ... နေ့တိုင်း ကျောင်းသားတွေကို ဆေးဖော်ဖို့နဲ့ ဆေးပင်နုတ်ဖို့ပဲ သင်ပေးနေတယ်... တကယ် လုပ်ရမှာတွေ မလုပ်ဘူး... ကျောင်းသားတွေမှာ ခဏခဏ သွေးအန်လိုက်၊ အဆိပ်မိပြီး မျက်နှာတွေ မည်းသွားလိုက်နဲ့... ဒါနဲ့များ အရှက်မရှိ လစာယူနေရဲကြသေးတယ်..."

ကုသရေးခန်းမမှ နန်းတွင်းသမားတော်များ အားလုံးမှာလည်း အဆောင်မှူးများ ဖြစ်ပြီး ထိုစကားကို ကြားသောအခါ ဒေါသအိုး ပေါက်ကွဲသွားကြသည်။ နန်းတွင်းသမားတော်ယိုက ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး ပြန်လည် အော်ဟစ်လိုက်၏။ "ငါတို့ ကုသရေးခန်းမကသာ ကုသမပေးခဲ့ရင် ကျောင်းတော်သား တစ်ဝက်လောက်က အဆိပ်မိလို့၊ ချီစွမ်းအား ဖောက်ပြန်လို့နဲ့တင် သေကုန်ကြပြီ... မှတ်တမ်းထိန်းတွေကသာ အသုံးမကျတဲ့ဟာတွေ... ဂိုဏ်းပေါင်းစုံက ဆေးဖော်နည်းတွေ၊ ဆေးကျမ်းတွေကို စုစည်းပြီး အစီအစဉ်တကျ လုပ်ပေးဖို့ တောင်းဆိုထားတာ ကြာလှပြီ၊ အခုထိ မရသေးဘူး... မယ်တော်ကြီးရဲ့ ရောဂါတောင် လူငယ်လေး တစ်ယောက်က ကုပေးခဲ့ရတယ်... မင်းတို့ အားလုံး သွားသာ သေလိုက်ကြ..."

"အဘိုးကြီး... ခင်ဗျားသာ အရင်သေသင့်တာ... ခင်ဗျားတို့ ကုသရေးခန်းမက  လူငယ်လေး တစ်ယောက်တောင် ကုပေးနိုင်တဲ့ မယ်တော်ကြီးရဲ့ ရောဂါကို မကုနိုင်တာ... ကိုယ့်မျက်တောင်မွေးကိုယ် နုတ်ပြီး ကြိုးဆွဲချ သေလိုက်ပါလား..."

...... ။

သင်ကြားရေးခန်းမက ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဆူညံရန်ဖြစ်သံများက ကျယ်သည်ထက် ကျယ်လောင်လာ၏။ ဧကရာဇ် အတိုင်ပင်ခံ၏ တပည့်များမှာ ဘာလုပ်ရမှန်း မသိဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။

တစ်ခဏ ကြာပြီးသောအခါ ပါမောက္ခပါ့ရှန်းက ရုတ်တရက် ထရယ်၍ ပြောလိုက်၏။ "ကောင်းပြီ၊ ကောင်းပြီ... ရန်မဖြစ်ကြနဲ့တော့... ငါတို့အနေနဲ့ ဆုံးဖြတ်ချက် မချနိုင်ပေမဲ့ ဒီမှာ ခေါင်ချုပ်ကြီး ရှိတယ် မဟုတ်ဘူးလား... ပါမောက္ခချုပ်... ခင်ဗျား ဘယ်လို လုပ်ဖို့ စိတ်ကူးလဲ..."

အားလုံးက အထွတ်အမြတ်ထိုင်ခုံတွင် ထိုင်နေသော လူငယ်ဂိုဏ်းချုပ်ကို လှမ်းကြည့်လိုက်ကြသည်။ လူငယ်ဂိုဏ်းချုပ်က နားထင်ကို ထောက်၍ နေ၏။ သူတို့၏ ရန်ဖြစ်သံများကြောင့် ခေါင်းခဲနေခြင်း ဖြစ်မည်။ "ဘာပဲပြောပြော ဧကရာဇ် အတိုင်ပင်ခံရဲ့ တပည့်တွေက နန်းတွင်းကျောင်းတော်သားတွေ မဟုတ်ဘူး... ဧကရာဇ် အတိုင်ပင်ခံရဲ့ တပည့်တွေက တောက်ကျစ်နဲ့ တိုက်ခိုက်ပြီး အနိုင်ရသွားခဲ့ရင် တာအိုဂိုဏ်းက အဲဒီအချက်ကို ကိုင်စွဲပြီး အခွင့်ကောင်းယူ ပုန်ကန်ကြလိမ့်မယ်... အဲဒီလိုဆို သူတို့ဘက်က ပုန်ကန်ဖို့ အကြောင်းပြချက်ကောင်း ရသွားတဲ့အပြင် ငါတို့ အင်ပါယာအနေနဲ့ ပြန်လှန် ချေပနိုင်မှာ မဟုတ်တော့ဘူး... ဒါကြောင့် ဧကရာဇ် အတိုင်ပင်ခံကို ဖိတ်ခေါ်ကြစို့..."

အားလုံးမှာ မှင်တက်မိပြီး နားမလည်နိုင် ဖြစ်သွားကြသည်။ ဧကရာဇ် အတိုင်ပင်ခံ၏ တပည့်များပင် ဇဝေဇဝါ အမူအရာများ ဖြစ်နေ၏။

"တာအိုဂိုဏ်းက လူတွေက အကုန် တစ်ဖက်ပိတ်တွေချည်းပဲ..."

လူငယ်ဂိုဏ်းချုပ်က ထရပ်၍ ပြုံးလိုက်သည်။ "သူတို့က ခေါင်းမာတယ်... လှည့်စားလို့ အလုပ်ဖြစ်မှာ မဟုတ်ဘူး... အဲဒီတော့ တကယ့် ဓားတွေ၊ လှံတွေနဲ့ပဲ ရင်ဆိုင်ကြတာပေါ့... ဧကရာဇ် အတိုင်ပင်ခံ ငါတို့ နန်းတွင်းကောလိပ်ကို သင်ခန်းစာ လာမပို့ချဖြစ်တာ ကြာပြီ မဟုတ်လား... အရင်တုန်းကဆို သူရဲ့ တာအိုသဘောတရားတွေ၊ ဓားသိုင်းတွေနဲ့ ကောင်းကင်နတ်သိုင်းတွေ ခဏခဏ လာသင်ပေးတယ်... သူရဲ့ တပည့်တစ်ဝက်လို့တောင် ပြောလို့ရမယ့် ကျောင်းတော်သားတွေ ရှိတယ်... မင်းတို့တတွေ ပြန်သွားပြီး နန်းတွင်းကျောင်းတော်သားတွေကို သင်ကြား ပြသပေးဖို့ ဧကရာဇ် အတိုင်ပင်ခံကို ဖိတ်ခေါ်ခဲ့ပါ..."

ဧကရာဇ် အတိုင်ပင်ခံ၏ တပည့်များမှာ တစ်ခဏမျှ မှင်တက်နေပြီးမှ ဦးညွှတ် အရိုအသေပြုလိုက်ကြ၏။ ထို့နောက် ခန်းမထဲမှ ထွက်၍ သင်္ဘောပေါ်တက်ကာ ပြန်သွားကြသည်။

ပါမောက္ခပါ့ရှန်းက အတွေးနက်နေဟန် ရှိပြီး ပြုံးလိုက်၏။ "ပါမောက္ခချုပ်... ခင်ဗျား ကြံစည်တာက နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေ တာအိုဂိုဏ်းက တောက်ကျစ်ကို အနိုင်ယူနိုင်အောင် ဧကရာဇ် အတိုင်ပင်ခံကို သူ့ရဲ့ ဓားသိုင်းနဲ့ ကောင်းကင်နတ်သိုင်းတွေ လာသင်ပေးခိုင်းမယ်ပေါ့ ဟုတ်လား..."

လူငယ်ဂိုဏ်းချုပ်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

ပါမောက္ခပါ့ရှန်းက လက်သုံးချောင်း ထောင်၍ ပြောလိုက်သည်။ "သုံးရက်...၊ သုံးရက်ပဲ အချိန်ရတယ်... အဘိုးကြီး... ဧကရာဇ် အတိုင်ပင်ခံက သုံးရက်အတွင်းတာအိုဂိုဏ်းရဲ့ တောက်ကျစ်ကို အနိုင်ယူနိုင်မယ့် ပါရမီရှင်တစ်ယောက် ပေါ်လာအောင် သင်ပေးနိုင်မယ် ထင်တာလား... အဲလိုမျိုး ဖြစ်နိုင်မယ်ဆိုတာ ခင်ဗျားကိုယ်တိုင်ရော ယုံလို့လား..."

"ငါ ယုံတယ်..."

လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ "ပါ့ရှန်း... ဧကရာဇ် အတိုင်ပင်ခံရဲ့ စွမ်းဆောင်ရည်ကို အထင်မသေးနဲ့... သူက နတ်ဘုရးတွေရဲ့ အောက်က နံပါတ်လူသား မဟုတ်လား... သူ့အရည်အချင်းက မင်းထင်တာထက် အများကြီး သာတယ်... ပြီးတော့..."

သူက သင်ကြားရေးခန်းမ၏ ရှေ့သို့ ထွက်၍ တောက်အောက်မှ တောင်တံခါးဝသို့ လှမ်းမျှော်ကြည့်ပြီး သရော်တော်တော် ပြုံးလိုက်သည်။ "ဒီခွေးကောင်လေးက အကျိုးအမြတ် မရှိရင် စောစောစီးစီး ထကြည့်မှာ မဟုတ်ဘူး... တာအိုဂိုဏ်းက တောက်ကျစ်နဲ့ လက်ရည်စမ်းချင်စိတ်ကို မထိန်းနိုင်လောက်ဘူး ထင်နေတာ... သူ့စိတ်သူ  ကောင်းကောင်း ချုပ်တည်းနိုင်မယ်လို့ မထင်ခဲ့မိဘူး... ကောင်းပြီလေ... ဒီတစ်ခါတော့ ဧကရာဇ် အတိုင်ပင်ခံကို ဖိတ်ခေါ်ပြီး အပေးအယူ လုပ်ရတော့မှာပေါ့..."

ဧကရာဇ် အတိုင်ပင်ခံ၏ နန်းဆောင်...။

"ပါမောက္ခချုပ်က သင်ခန်းစာ ပို့ချဖို့ ငါ့ကို ဖိတ်ခေါ်တယ် ဟုတ်လား..."

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံမှာ သူ့တပည့်များထံမှ သတင်းစကား ကြားပြီး မှင်တက်မိသွား၏။ "ဒီမြေခွေးအိုကြီးက ဘာတွေ ဖြစ်ချင်နေတာလဲ... မင်းတို့ကို နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေ ဖြစ်အောင် တံဆိပ်တုံးလေး ထုပြီး လက်ခံလိုက်ရုံပဲဟာကို... ငါကိုယ်တိုင် သွားစရာ လိုလို့လား..."

သူ့တပည့် တစ်ယောက်က ရှင်းပြလိုက်၏။ "ပါမောက္ခချုပ်က ပြောပါတယ်... တာအိုဂိုဏ်းက ခေါင်းမာတဲ့သူတွေတဲ့... ကျွန်တော်တို့က ဆရာ့တပည့်တွေမှန်း သိရင် အရှုံးကို လက်မခံဘဲ အခွင့်ကောင်းယူပြီး ပုန်ကန်ကြလိမ့်မယ်တဲ့..."

ဧကရာဇ် အတိုင်ပင်ခံက ပြုံးလိုက်၏။ "ဟုတ်တယ်... တာအိုဂိုဏ်းက တကယ့်ကို တစ်ဖက်ပိတ်တွေ... ငါ့အသက် ငယ်တုန်းက တာအိုသခင်နဲ့ ဆုံဖူးတယ်... သူက တကယ့်ကို ခေါင်းမာတဲ့ ဒေါသအိုးပဲ... ကဲ... ကဲ... ငါ သွားလိုက်မယ်... အဆိပ်ဘုရင်ငယ်ကို ခေါ်လိုက်..."

ဖုယွမ်ချင်း ရောက်လာသောအခါ ဧကရာဇ် အတိုင်ပင်ခံက ဓားမြှောင် တစ်ချောင်း ပစ်ပေးလိုက်၏။ "မင်း ငါ့ဒဏ်ရာတွေ မြင်ဖူးတယ် မဟုတ်လား... အခု တစ်ပုံစံတည်း ဖြစ်အောင် အတုပြန်လုပ်... အစစ်အတိုင်း ဖြစ်ပစေ..."

ဖုယွမ်ချင်းမှာ တုန်လှုပ်ချောက်ချားသွား၏။ သူက ဓားမြှောင်ကို ကိုင်၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ ရင်ဝကို လှီး၍ ဒဏ်ရာများ ဖြစ်အောင် ထွင်းလိုက်သည်။ ဧကရာဇ် အတိုင်ပင်ခံမှာ သွေးအလူးလူး ဖြစ်သွား၏။ ထို့နောက် ထိုသွေးများကို သုတ်လိမ်း၍ တကယ့်ဒဏ်ရာများသဖွယ် ထင်ရအောင် ပြုလုပ်လိုက်သည်။

"ဒဏ်ရာတွေကို အနံ့ဆိုးနည်းနည်း ထွက်အောင် လုပ်လိုက်..." ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး ပြောလိုက်သည်။

ဖုယွမ်ချင်းက သူ၏ ဒဏ်ရာများအပေါ် အမှုန့်တချို့ ဖြူးလိုက်သောအခါ အနံ့ဆိုးများ ထွက်လာသည်။ သို့သော်လည်း များစွာ အနံ့ပြင်းခြင်းတော့ မရှိ။

ထို့နောက် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ပြောလိုက်၏။ "ရေမွှေးနည်းနည်း ဖြန်းလိုက်..."

ဖုယွမ်ချင်းက သူ ပြောသည့်အတိုင်း လိုက်နာ၍ ရေမွှေး အနည်းငယ် ဖြန်းကာ အမွှေးနံ့ဖြင့် အနံ့ဆိုးကို ဖုံးကွယ်ရန် လုပ်လိုက်၏။ ထို့နောက် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက အဝတ်လဲပြီး တစ်ချက် တွေးကာ နှုတ်ခမ်းနီ၊ ပါးနီမှုန့်များ ယူလာရန် စေခိုင်းလိုက်သည်။ နှုတ်ခမ်းနီ၊ ပါးနီမှုန့်များ ရောက်လာသောအခါ ဝေဒနာ ခံစားရ၍ နီမြန်းနေသည့်ပုံ ပေါက်အောင် အစေခံမိန်းမပျို တစ်ယောက်ကို လိမ်းခြယ်ခိုင်းလိုက်သည်။

အားလုံး ပြီးစီးသွားသောအခါ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ပြုံး၍ မေးလိုက်၏။ "အခုအတိုင်းဆို ပုန်ကန်တဲ့ သစ္စာဖောက်တွေရဲ့ မျက်စိတွေ၊ နားတွေအောက်က လွတ်နိုင်ပြီလား..."

ဖုယွမ်ချင်းက ပြုံးလိုက်သည်။ "နန်းတွင်းကောလိပ်မှာ ပုန်ကန်ချင်တဲ့ သစ္စာဖောက်တွေ ရှိတယ်လို့ အတိုင်ပင်ခံ ဆိုလိုချင်တာလား... အဲဒီလိုဆို အစောင့်အရှောက်တွေ ခေါ်သွားတာ ပိုကောင်းလိမ့်မယ်... ကိုယ့်ကိုယ်ကိုယ် ယံကြည့်စိတ်ချမှု နည်းနေတဲ့ပုံလည်း ပေါက်တာပေါ့..."

"နန်းတွင်းကောလိပ်က ကြီးလွန်းတော့ ပုန်ကန်ချင်တဲ့ သစ္စာဖောက်တွေ ရောပါနေမှာပဲ..."

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက သူ ဆိုလိုချင်သည်ကို သဘောပေါက်၏။ "ဒါပေမဲ့... ဒါက နန်းစိုက်မြို့တော်လေ... ဒီနေရာမှာ ဘယ်သူက ငါ့ကို သတ်ရဲမှာလဲ... နန်းတွင်းကောလိပ်က နန်းတော်ထဲထက်တောင် အဆင့်မြင့် ပညာရှင်တွေ ပိုများသေးတယ်... အစောင့်အရှောက် ခေါ်သွားစရာ မလိုပါဘူး... ငါနဲ့ လိုက်ခဲ့... မဟုတ်ရင် မယ်တော်ကြီးက အခွင့်အရေးကို အရယူပြီး မင်းကို ဝင်သတ်သွားလိမ့်မယ်..."

ဖူယွမ်ချင်းမှာ သက်ပြင်းချလိုက်၏။ သူကလည်း မယ်တော်ကြီး အခွင့်ကောင်းချောင်း၍ သတ်ဖြတ်မည် စိုးသဖြင့် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက သူ့ကို တစ်ပါတည်း ခေါ်သွားပါစေဟု ဆုတောင်းနေခဲ့သည် မဟုတ်လား...။

ရုတ်တရက် နန်းတွင်းကောလိပ်မှ ခေါင်းလောင်းသံ တဒေါင်ဒေါင် မြည်ဟည်းလာပြီး တစ်တောင်လုံးသို့ ပျံ့နှံ့သွားသည်။

တောင်တံခါးဝရှေ့တွင် စောင့်ကြည့်နေကြသော နန်းတွင်းကျောင်းတော်သားများမှာ ခေါင်းလောင်းသံ ကြားသည်နှင့် တောင်ပေါ်သို့ ကမန်းကတန်း ပြေးတက်သွားကြ၏။ ချင်မူက ဇဝေဇဝါ ဖြစ်နေသဖြင့် လင်ယွိရှို့က ရှင်းပြလိုက်သည်။ "ဒါက နန်းတွင်းကျောင်းတော်သား အားလုံး စုဝေးဖို့ ဆင့်ခေါ်တဲ့ ခေါင်းလောင်းသံပဲ... ဒီခေါင်းလောင်းသံ ကြားတာနဲ့ သင်ကြားရေးခန်းမရှေ့ကို အကုန် သွားရတာ... ပါမောက္ခချုပ်က တစ်ခုခု ပြောစရာ ရှိလို့နဲ့ တူတယ်..."

ဝေ့ယုံက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။ "ကြည့်ရတာ တာအိုဂိုဏ်းရဲ့ တောက်ကျစ်ကို ငါတို့ နိုင်အောင် မတိုက်နိုင်လို့ နန်းတွင်းကောလိပ်ကို ဖျက်သိမ်းတော့မှာများလား..."

ကျောင်းတော်သားများစွာက ဒေါသတကြီး စိုက်ကြည့်လာသဖြင့် ဝေ့ယုံမှာ တစ်မုဟုတ်ချင်း ခေါင်းပုဝင်သွားသည်။

တောင်ပေါ်သို့ ရောက်လာသောအခါ သင်ကြားရေးခန်းမရှေ့၌ လူအုပ်ကြီးတစ်ခု ဖြစ်နေသည်ကို တွေ့ရ၏။ သာမန် အရပ်သားရော တော်ဝင်မျိုးနွယ်များပါမကျန် အကုန်လုံး စုဝေးနေကြသည်။

တစ်ခဏမျှ ကြာပြီးသောအခါ အားလုံး စုဝေးမိကြပြီး လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ "ဧကရာဇ် အတိုင်ပင်ခံ... ကြွပါ..."

All Chapters