← Chapters

ဝဲကတော့ဓားချက်

Vol. 10 Ch. 135

ဝဲကတော့ဓားချက်

Vol. 10 Ch. 135

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက သင်ကြားရေးခန်းမရှေ့တွင် ပေါ်ထွက်လာပြီး ပြုံးလိုက်သည်။ "ပါမောက္ခချုပ်... ဒီလိုဆို ကျွန်တော့်ရဲ့ အခွင့်အာဏာကို ကျော်လွန်လိုက်ပါတော့မယ်..."

ဖုယွမ်ချင်းက သူ့နောက်မှ လိုက်လာပြီး ဟိုဟိုသည်သည် လှည့်ပတ် ကြည့်ရှုလိုက်သည်။ သူက မျက်မှောင်ကြုတ်၍ စိတ်ထဲမှ တွေးလိုက်၏။ "ဘယ်ဟာက ငါ့ရဲ့ ဆရာတူညီလေးလဲ..."

ချင်မူ မယ်တော်ကြီး၏ အခွင့်တစ်ထောင်အဆိပ်ကို ဖြေပေးစဉ်က အဆိပ်ပိုးကောင်၏ မျက်လုံးမှတစ်တင့် ချင်မူ၏ ရုပ်သွင်ကို သူ မြင်ဖူးခဲ့သည်။ သို့သော်လည်း ဤနေရာ၌ လူများလွန်းလှသဖြင့် ရှာမတွေ့ဘဲ ဖြစ်နေသည်။

လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်၏။ "အရင်က ကျောင်းတော်သားတွေကို သင်ပေးဖို့ ခဏခဏ လာနေကြပဲ မဟုတ်လား... ဒီနှစ်ပိုင်းမှသာ မလာဖြစ်တော့တာ... အခွင့်အာဏာကို ကျော်တယ်လို့ သတ်မှတ်လို့ မရပါဘူး... ကြွပါ..."

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက စင်မြင်ရှေ့သို့ လျှောက်လှမ်းလာပြီး တစ်ချက် လှည့်ပတ် ကြည့်ရှုလိုက်သည်။ "ပါမောက္ခချုပ်ရဲ့ ဖော်ရွေမှုကို ငြင်းပယ်ဖို့ ခက်လှပါတယ်... ကျွန်တော်က ဓားပညာအကြောင်း နှစ်ရက် ပြောပါမယ်... ကျန်တာတော့ မပြောတော့ပါဘူး..."

ပါမောက္ခပါ့ရှန်းက တီးတိုး ရေရွတ်လိုက်သည်။ "သုံးရက် မဟုတ်ဘူးလား..."

လူငယ်ဂိုဏ်းချုပ်က သူ့ကို တစ်ချက်ကြည့်၍ ပြောလိုက်၏။ "တာအိုဂိုဏ်းက နန်းတွင်းကောလိပ်ရဲ့ ဝင်ပေါက်ထွက်ပေါက်ကို သုံးရက်ပဲ ပိတ်မှာ... အခု နေ့တစ်ဝက် ကုန်သွားပြီ... ဧကရာဇ် အတိုင်ပင်ခံက သုံးရက် ပြောနေရင် သိပ်ကို နောက်ကျသွားမှာပေါ့..."

ပါမောက္ခပါ့ရှန်းက သက်ပြင်းချလိုက်သည်။ "ဧကရာဇ် အတိုင်ပင်ခံ ဒီကို လာပြီး သင်ခန်းစာ ပို့ချဖို့ ဆိုတာ ရဖို့မလွယ်တဲ့ အခွင့်အရေးပဲ... အခု နှစ်ရက်ထက် ပိုပြီး အချိန်မရဘူးဆိုတော့ နှမြောစရာပဲ... ဧကရာဇ် အတိုင်ပင်ခံ ကိုယ်တိုင် သင်ခန်းစာ ပို့ချတာက မဟာမိုးခြိမ်းသံ ကျောင်းတော်ရဲ့ တထာဂတကိုယ်တိုင် ဗုဒ္ဓကျမ်းစာတွေ ရှင်းပြတာ၊ တာအိုဂိုဏ်းရဲ့ တာအိုသခင်ကိုယ်တိုင် သူ့သိုင်းကွက်တွေ သင်ပေးတာ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ကိုယ်တိုင် သူတို့ရဲ့ အယူဝါဒကို ဟောပြောတာနဲ့ အတူတူပဲ... ဘယ်လောက် ရခဲလိုက်တဲ့ အခွင့်အရေးလဲ..."

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက စင်မြင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းလျှောက်လာပြီး ခပ်အေးအေး ပြောလိုက်သည်။ "ဓားဆိုတာ ဘာလဲ... ဓားတစ်ချောင်းကို ဘယ်လိုပုံစံ ရှိရမယ်ဆိုပြီး ပုံသေသတ်မှတ်ထားလား... ငါတော့ လုံးဝ လက်မခံဘူး... တချို့လူတွေက ပြောကြတယ်၊ ဓားတစ်လက် လှုပ်ရှားနိုင်တဲ့ အကွက်ပေါင်း သောင်းချီ ရှိတယ်တဲ့... တချို့ကတော့ ထိုးတာ၊ ကော်တာ၊ လှုပ်ရမ်းတာ၊ ပိုင်းတာ၊ ခုတ်တာ၊ ထိုးသွင်းတာ၊ ဆတ်ခနဲထိုးတာ၊ ပယ်တာ၊ ဝိုက်ဆွဲတာ၊ ရစ်လှီးတာ၊ သိမ်းခုတ်တာ၊ ပင့်တာ၊ ဖြတ်တားတာနဲ့ ရိပ်တာ ဆိုတဲ့ ဓားချက် ဆယ့်လေးချက်ပဲ ရှိတယ်တဲ့... ဒါလည်း အယူအဆမှားပဲ..."

သူက အောက်သို့ ဆင်းလျှောက်လာပြီး အောက်ဘက်ရှိ ကျောင်းတော်သားများမှာ တစ်မုဟုတ်ချင်း ဖိအားခံစားလိုက်ရသည်။ အလွန်တရာ ထက်ရှသော ဓားတစ်လက်က သူတို့၏ ခေါင်းပေါ်၌ ဝဲ၍ သူတို့ကို အချိန်မရွေး နှစ်ခြမ်းခွဲပစ်တော့မလို ခံစားရသည်။ ဤသို့သော တုနှိုင်းမဲ့ အရှိန်အဝါအငွေ့အသက်က သူတို့၏ ရုပ်ခန္ဓာ၊ ဝိညာဉ်သန္ဓေသား၊ အသိစိတ်အလျဉ်နှင့် စိတ်ဝိညာဉ်တို့ကို ဆွဲဖြဲပစ်တော့မလို ထင်ရ၏။

"ဓားက ပုံသေကားချပ် ရှိတယ်ဆိုရင် တာအို မဖြစ်နိုင်တော့ဘူး... တာအိုက အဆုံးအစမဲ့တယ်... ဘယ်လိုလုပ် ဆယ့်လေးကွက်ထဲ ရှိနိုင်မှာလဲ..."

သူက တစ်လှမ်းချင်း ဆင်းလာပြီး ဖိအားက ကြီးသည်ထက် ကြီးလာသော်လည်း သူ့အသံကတော့ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ ရုတ်တရက် သူ့အသံက ဓားထက်ထက် တစ်လက်ကဲ့သို့ အားလုံး၏ နားထဲ တိုးဝင်လာသည်။ "ဓားတစ်လက်က... ဘာလို့ အသံ မဖြစ်နိုင်ရမှာလဲ... ဘာလို့ အလင်း မဖြစ်နိုင်ရမှာလဲ... ဘာလို့ အရောင် မဖြစ်နိုင်ရမှာလဲ... ဘာလို့ ချီစွမ်းအင် မဖြစ်နိုင်ရမှာလဲ... ဘာလို့ အကြည့်တစ်ချက် မဖြစ်နိုင်ရမှာလဲ..."

သူ့အကြည့်က ကျောင်းတော်သားများ၏ မျက်နှာပေါ်သို့ ဝေ့ဝဲ ကျရောက်သွားပြီး ကျောင်းတော်သား များစွာမှာ ဓားများ ဆွဲထုတ်၍ ခုခံတားဆီးလိုက်မိကြ၏။ သို့သော်လည်း မည်သည်ကိုမှ ခုခံပိတ်ဆို့မိခြင်း မရှိပေ။ သူတို့အားလုံး ချွေးစေးများ ပျံသွား၏။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ပြုံးလိုက်သည်။ "အဲဒီတော့ ဓားတစ်လက် လှုပ်ရှားနိုင်တာ ဆယ့်လေးကွက်ပဲ ရှိသေးရဲ့လား..."

ချင်မူ၏ နဖူးထက်တွင် ချွေးသီးချွေးပေါက်များ စို့လာ၏။ ယခုမှ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ မည်မျှ စွမ်းအားကြီးမှန်း သူ သိသွားသည်။

ရွာလူကြီးက သူ့ကို အခြေခံဓားချက် ဆယ့်လေးကွက် သင်ပေးခဲ့ပြီး သူက ထိုအခြေခံဓားချက်များကို နံပါတ်များအဖြစ် ပြောင်းလဲ မှတ်သားခဲ့သည်။ မည်သည့် ဓားကွက်ကိုမဆို တစ်ခါ မြင်ရုံနှင့် လိုက်လံကစားနိုင်၏။ ထိုစဉ်တုန်းက ဤသည်မှာ ဓားပညာ၏ အထွတ်အထိပ် ဖြစ်သည်ဟု သူ ထင်မိခဲ့သည်။

ယခုက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက လမ်းရိုးအခြေခံဓားချက်များမှ ဖောက်ထွက်၍ လမ်းသစ်ထွင်ကာ ရှေးရိုးဓားသိုင်းများကို ထပ်၍ ဆန်းသစ်တိုးမြင့်စေခဲ့သည်။

သူ၏ အတွေးအမြင်က ပို၍ ကျယ်ပြောလှပြီး အခြေခံဓားချက် ဆယ်လေးချက်အပြင် အခြားအခြေခံဓားချက်များကို တီထွင်ခဲ့သည်။

"သာမန်ထက် ပိုတဲ့ တီထွင်ဖန်တီးမှုပဲ... သူ့ကို နတ်ဘုရားတွေရဲ့ အောက်က နံပါတ်တစ်လူသားလို့ ခေါ်ကြတာ မဆန်းဘူး..."

ချင်မူမှာ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားမိရင် အဆက်မပြတ် ချီးကျူးမိသည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ အတွေးအခေါ်က ခေတ်ရှေ့ပြေးနေ၏။ သို့တည်းမဟုတ် ခေတ်ရှေ့ပြေးနေသည်ဟု ပြော၍မရဘဲ ဤမျိုးဆက်ကြီး တစ်ခုလုံးကို ရှေ့သို့ တွန်းတင်နေသူ၊ တာအိုသဘောတရား၊ သိုင်းပညာနှင့် ကောင်းကင်နတ်သိုင်း ပညာရပ်များကို ရှေ့သို့ တွန်းတင်နေသူ၊ ဤမျိုးဆက်မှ လူများကို ရှေ့သို့ တွန်းတင်နေသူ ဖြစ်၏။

"ဒါကြောင့် အခြေခံဓားချက် ဆယ့်လေးချက်အပြင် နောက်ထပ် တခြားဓားချက်တွေ ငါ ဖန်တီးခဲ့တယ်... နောက်နှစ်ရက်အတွက် မင်းတို့ကို အဲဒီ အခြေခံဓားချက်တွေအကြောင်း သင်ပေးမယ်... ကျန်တဲ့ ဓားကွက်တွေ မပြောဘူး..."

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူ့မျက်နှာပေါ်မှ အပြုံးလည်း ပျောက်ကွယ်သွားကာ တည်ကြည်လေးနက်သော အမူအရာသို့ ပြောင်းလဲသွား၏။ "ဒါပေမဲ့ ငါတို့ စမသင်ခင် မင်းတို့အနေနဲ့ ဓားရဲ့ ပုံသဏ္ဌာန်ကို မေ့ထားရမယ်... ဓားတစ်လက်က အလင်းလည်း ဖြစ်နိုင်တယ်၊ အသံလည်း ဖြစ်နိုင်တယ်၊ အရောင်လည်း ဖြစ်နိုင်တယ်၊ အကြည့်လည်း ဖြစ်နိုင်တယ်... အဲဒါကြောင့် ဓားတစ်လက်က ဘယ်လိုပုံစံ ဖြစ်ရမယ်ဆိုတဲ့ ပုံသေသတ်မှတ်ချက် မလိုဘူး... ရှည်နိုင်တယ်၊ တိုနိုင်တယ်၊ မာနိုင်တယ်၊ ပျော့နိုင်တယ်၊ ဘယ်ထောင့်ချိုးကမဆို တိုက်ခိုက်နိုင်တယ်... မင်းတို့အနေနဲ့ ဓားရဲ့ ပုံသဏ္ဌာန်ကို မေ့ပစ်နိုင်ရင် ငါ့ဓားသိုင်းကို သင်နိုင်လိမ့်မယ်... ငါ့ဓားသိုင်းရဲ့ ပထမဓားချက်က... ဝဲကတော့..."

သူ၏ လက်ချောင်းထိပ်က လှုပ်ရှားသွားပြီး ဓားရောင်များကဲ့သို့ သေးမျှင်သော ချီစွမ်းအင်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာသည်။ ၎င်းတို့က ဓားတိုင်လုံးကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေ့သို့ ထိုးစိုက်လိုက်၏။ "ဒါ ဝဲကတော့ပဲ..."

ဤသည်က မဟာ အရပ်ခြောက်မျက်နှာ ဓားသိုင်းမှ ဓားချက်တစ်ချက် ဖြစ်ပြီး ဓားဖြင့် ထိုးလိုက်သည်နှင့် ပုံစံတူ၏။ သို့သော်လည်း ထိုဓားတိုင်လုံးက မရေမတွက်နိုင်သော ဓားရောင်များ အချင်းချင်း ဝဲလည်လှည့်၍ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုဓားရောင်များက အဆက်မပြတ် ရွေ့လျား ပြောင်းလဲနေ၏။

ချင်မူက ထိုသို့သော ဓားသိုင်းမျိုးကို ချွီဖျင်ထံမှ မြင်ဖူးခဲ့သည်။ သို့သော်လည်း ချွီဖျင်က ခုတ်ပိုင်းချခဲ့ခြင်း ဖြစ်သည်။

ထိုးစိုက်ခြင်းနှင့် ခုတ်ပိုင်းခြင်း နှစ်ခုစလုံးက အခြေခံဓားချက်များသာ ဖြစ်သော်လည်း ထိုဓားချက်များကို ဖွဲ့စည်းထားသည်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ ဝဲကတော့ဓားချက် ဖြစ်သည်။

ဝဲကတော့ဓားချက်နှင့် အခြေခံဓားချက် ဆယ့်လေးချက်မှ ရစ်ခွေဓားချက်မှာ ကွာခြား၏။ ရစ်ခွေဓားချက်က ဓားလက်ကိုင်ရိုးတွင် အားစိုက်၍ ရန်သူ၏ လက်နက်ကို ရစ်ခွေတိုက်လိုက်ခြင်း ဖြစ်သော်လည်း ဝဲကတော့ဓားချက်က ခွန်အားကို စုစည်း၍ တစ်လောကလုံး တုန်လှုပ်စေနိုင်သော အားအဟုန်ကို ဖောက်ခွဲ ထုတ်ဖော်ခြင်း ဖြစ်သည်။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ ထုတ်ဖော်လိုက်သည့် ဝဲကတော့ဓားချက်နှင့် ချွီဖျင် ထုတ်ဖော်ခဲ့သည့် ဝဲကတော့ဓားချက်၏ အကြီးမားဆုံး ကွာခြားချက်မှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ ဓားတိုင်လုံးအတွင်းရှိ ဓားတစ်လက်ချင်းစီက ကွဲပြားခြားနားသော အသွင်ပြောင်းလဲမှုများ ရှိနေပြီး ချွီဖျင်၏ ဓားများ၌ အကွက်အပြောင်း လုံးဝ မရှိပေ။ သို့ဖြစ်၍ တောက်ကျစ်လင်းရွှမ်၏ မြင်းမြီးယပ်ဓားအောက်၌ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံသာ ဆိုလျှင် တောက်ကျစ်လင်းရွှမ်၏ မြင်းမြီးယပ်ကို ကာကွယ်နိုင်ပေလိမ့်မည်။

ထိုမျှမက၊ ချင်မူ မြင်မိသလောက် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ ဓားချက်က တစ်စုတစ်စည်းတည်း လှုပ်ရှားခြင်း ဖြစ်သည်။

သူ၏ ဓားတိုင်လုံးမှာ မရေမတွက်နိုင်သော ဓားရောင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဓားရောင်တစ်ခုချင်းစီက သီးခြားစီ ဖြစ်သော်လည်း ရှေ့သို့ ထိုးစိုက်လိုက်သည့်အခါ ထိုဓားရောင်များ အားလုံး တစ်စုတစည်းတည်း ပေါင်းစည်း ထိုးစိုက်လိုက်ခြင်း ဖြစ်သည်။ ဤသို့သော ဓားချက်မျိုးကို ဖျက်ဆီးလိုလျှင် ထိုဓားတိုင်လုံး၏ စွမ်းအားကို ကျော်လွှားနိုင်မှ ဖြစ်ပေလိမ့်မည်။ ထိုအခါမှသာ ဓားတိုင်လုံးအတွင်းရှိ ဓားရောင် တစ်ခုချင်းစီကို ဖျက်ဆီးနိုင်ပေမည်။

တောက်ကျစ်လင်းရွှမ် ချွီဖျင်ကို အနိုင်ယူခဲ့သည့် နည်းလမ်းမှာ အတိုင်ပင်ခံနှင့် ရင်ဆိုင်ရလျှင် အလကား ဖြစ်သွားပေလိမ့်မည်။

"ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ ဓားသိုင်းအခြေခံက ငါ့လောက် ကျစ်လျစ်ခိုင်မာတာပဲ... တောက်ကျစ်လင်းရွှမ်ထက် အများကြီး ပိုခိုင်မာတယ်..."

ချင်မူ အံ့အားသင့်သွား၏။ ထိုသို့သော ပုဂ္ဂိုလ်အမျိုး အဘယ်သို့ ရှိနေနိုင်သနည်း...။

သူက ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးပင် ဖြစ်၏။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ဝဲကတော့ဓားချက်၏ စွမ်းအားကို ထုတ်ဖော်နိုင်မည့် အဓိကသော့ချက်များကို အသေးစိတ် ရှင်းပြနေ၏။ ချင်မူမှာ ရွာလူကြီး သူ့ကို ဓားသိုင်း သင်ပေးနေသကဲ့သို့ပင် ခံစားရသည်။

ဝဲကတော့ဓားချက်က အခြေခံဓားချက် ဆယ့်လေးချက်၏ ထပ်တိုးဓားချက်ဖြစ်ပြီး ချင်မူက ထိုအခြေခံ ဓားချက်ဆယ့်လေးချက်ကို ကျွမ်းကျင် ပိုင်နိုင်နေပြီ ဖြစ်သည့်အပြင် ရွာလူကြီး၏ သင်ကြားမှုကို ခံယူဖူးသဖြင့် သူ့အတွက် ဤဝဲကတော့ဓားချက်ကို သင်ယူရသည်မှာ အခက်အခဲ မရှိချေ။ အရိပ်ပြရုံနှင့် အကောင်မြင်ပြီး မူးယစ်ရီဝေနေသူ တစ်ယောက်လို နားထောင်နေမိ၏။

သို့သော်လည်း ဤသည်က သူတစ်ယောက်သာ ဖြစ်သည်။ အခြားသူများ အားလုံးက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ ရှင်းပြသည်များကို အားစိုက်၍ စဉ်းစားဆင်ခြင်နေကြရ၏။ အချို့မှာ စဉ်းပင် မစဉ်းစားနိုင်ဘဲ အလွတ် ကျက်မှတ်ထားကြ၏။ အချို့ကတော့ ချီစွမ်းအင်ဖြင့် ကလောင်တံ ထိန်းချုပ်ကာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ နှုတ်မှ ထွက်သမျှ စကားလုံးတိုင်းကို ရေးမှတ်ထားပြီး နောက်မှ တဖြည်းဖြည်းချင်း နားလည်အောင် လေ့လာရန် ကြံစည်ကြ၏။

ဤနေရာတွင်ပင် အပြည့်အဝ နားလည်သဘောပေါက်၍ သဘောတရားကို ဖမ်းဆုပ်နိုင်သူမှာ လူနည်းစုသာ ဖြစ်သည်။ အများစုက နားလည်နိုင်ခြင်း မရှိကြ။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ဝဲကတော့ဓားချက်အကြောင်း ရှင်းပြနေခြင်းကို အဆုံးသတ်၍ ပြောလိုက်သည်။ "ကျောင်းတော်သားတွေ... အခု ဝဲကတော့ဓားချက်ကို ထုတ်သုံးကြည့်ကြ..."

အဆောင်မှူးများ၊ မှတ်တမ်းထိန်းများနှင့် ပါမောက္ခများ အားလုံးမှာ စိတ်အားတက်ကြွနေကြသည်။ သူတို့လည်း အတိုင်ပင်ခံ၏ သင်ခန်းစာပို့ချမှုကို နားထောင်ပြီး စိတ်နစ်မျော ယစ်မူးနေကြသည် မဟုတ်လား။ သို့သော်လည်း ယခု သူတို့၏ အကြည့်များက ကျောင်းတော်သား ထောင်ကျော်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေကြသည်။

ဧကရာဇ် အတိုင်ပင်ခံက သူတို့ကို စမ်းသပ် ကစားကြည့်ခိုင်းခြင်းမှာ ဤကျောင်းတော်သားများအတွင်း၌ အလေးပေးထိုက်သော ရှိ၊ မရှိ ကြည့်ရှုလိုရင်း ဖြစ်သည်။ နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားသောသူများကို နောက်နှစ်ရက်အကြာတွင် တောက်ကျစ်လင်းရွှမ်နှင့် ရင်ဆိုင်ရန် သေချာပေါက် ရွေးချယ်ပေလိမ့်မည်။

သင်ကြားရေးခန်းမရှေ့၌ ကျောင်းတော်သားများမှာ သူတို့၏ ချီစွမ်းအင်ကို ဓားသွားများအဖြစ် အသွင်ပြောင်း၍ ဝဲကတော့ဓားချက်ကို ထုတ်ဖော်ရန် ကိုးရိုးကားရား ကြိုးစားနေကြသည်။ အချို့မှာ ဓားချီများကို မထိန်းချုပ်နိုင်ဘဲ ချီစွမ်းအင် ပြိုကွဲ၍ အရပ်မျက်နှာအနှံ့ လွင့်စင်ထွက်သွားပြီး ဘေးနားမှ ကျောင်းသားသားများကို ထိခိုက်မိလုနီးပါး ဖြစ်သွားသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

ချီစွမ်းအင်ကို ဓားတိုင်လုံးအဖြစ် စုစည်းနိုင်သူများ ရှိသော်လည်း ဓားချီကို ထိန်းချုပ်ပြီး အလယ်ဗဟိုသို့ ဦးတည်၍ ဝဲလည်လှည့်စေသောအခါ မည်သို့ ကြိုးစားကြိုးစား ဦးတည်ချက် ပြောင်းနိုင်ခြင်း မရှိဘဲ တစ်ဖြောင့်တည်း ရှေ့ဆက်သွား၏။

ကျောင်းတော်သားများထဲတွင် နန်းတွင်းကောလိပ်မှ သင်ကြားပေးသော မဟာ အရပ်ခြောက်မျက်နှာ ဓားသိုင်းကို သင်ယူပြီးသည့် ကောင်းကင်နတ်သိုင်း ပညာရှင် များစွာ ရှိသည်။ မဟာ အရပ်ခြောက်မျက်နှာ ဓားသိုင်းက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပြီး သူတို့အနေဖြင့် ယခင်က သင်ယူဖူးသည့်အတွက် ယခု ဝဲကတော့ဓားချက်ကို ပုံစံတူ ထုတ်သုံးနိုင်ကြ၏။

အချို့မှာ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ သင်ကြားမှုများကြောင့် သူတို့၏ ဓားပညာတွင် အဆင့်တက်သွားကြသည်။ ဝဲကတော့ဓားချက်၏ သမာဓိအဆင့်ထိ မရောက်နိုင်ကြသေးသော်လည်း သူတို့၏ စွမ်းအားက ကြီးစွာ တိုးတက်လာခဲ့သည်။

ထို့ပြင် အလွန်တရာ ဉာဏ်ကောင်းလှသဖြင့် ဝဲကတော့ဓားချက်ကို ယခင်က မသင်ယူဖူးသော်လည်း ယခုသင်ခန်းစာကို နားထောင်ပြီး သဘောတရား တချို့တစ်ဝက်ကို နားလည် သဘောပေါက်သွားကြသူများလည်း ရှိသည်။ သူတို့ ထုတ်ဖော်ကစားသည့် ဓားတိုင်လုံးများ၏ အကွက်အပြောင်းမှာ အကြမ်းစားဆန်သေးသော်လည်း တစ်ခေါက်ထက် တစ်ခေါက် ပို၍ ပို၍ လျင်မြန်ချောမွေ့လာသည်။

ချင်မူလည်း ဝဲကတော့ဓားချက်ကို ထုတ်ဖော်ရန် ကြိုးစားနေ၏။ သို့သော်လည်း သူ၏ 'ချီစွမ်းအင်ကြိုးမျှင်'ကို ငူငူကြီး ကြည့်၍ မျက်မှောင်ကြုတ်သွားသည်။

အခြားသူများ၏ ချီစွမ်းအင်ကြိုးမျှင်က ဆံခြည်မျှင်မျှ ပါးလျသဖြင့် သူတို့၏ ဓားတိုင်လုံးများကို အလွန်တရာ သေးမျှင်သော ဓားချီများဖြင့် ဖွဲ့စည်းတည်ဆောက်နိုင်၏။ သူ၏ ချီစွမ်းအင်ကြိုးမျှင်ကတော့ လက်မောင်းလုံးခန့် တုတ်ခိုင်လှသည် ဖြစ်ရာ ဝဲကတော့ဓားချက်ကို ထိုမျှ တုတ်ခိုင်သော ချီစွမ်းအင်ကို သုံး၍ ထုတ်ဖော်ရမည်တဲ့လား...။

သူ၏ ဓားတိုင်လုံးက မည်မျှပင် ထူထဲ ကြီးမားလိုက်လေမည်နည်း။

လူငယ်လေးက ခေါင်းခါယမ်းလိုက်သည်။ ထိုမျှ ထူထဲ တုတ်ခိုင်သော ဓားတိုင်လုံးက ဓားတိုင်လုံး မဟုတ်တော့၊ ဓားတောင်လုံးဟု ခေါ်ရပေလိမ့်မည်။

ဓားချီမှ ဖွဲ့စည်းထားသော တောင်လုံးကြီးဖြင့် ထိုးစိုက်ရမည်တဲ့လား...။

"ငါ့ချီစွမ်းအင်က သိပ်သည်းများပြားတယ် ဆိုပေမဲ့ အဲလောက်တော့ မသိပ်သည်းသေးဘူး... ဒီလို ဓားတောင်လုံးမျိုး ငါ ထုတ်သုံးနိုင်မှာ မဟုတ်ဘူး..."

ချင်မူ၏ဘေးမှ မြေခွေးလေးပင် ဝဲကတော့ဓားချက်ကို သင်ယူနိုင်နေပြီ ဖြစ်သည်။ ဝေ့ယုံ၊ ယွင်ချွယ်နှင့် ကျန်သူများမှာလည်း ဓားချီကို ဝဲကတော့သဖွယ် လှည့်လည်နိုင်အောင် ကြိုးစားနေ၏။ လင်ယွိရှို့နှင့် ချန်ဝမ်ယွင်က တိုးတက်မှု အမြန်ဆုံး ဖြစ်သည်။ သူတစ်ယောက်က ရှေ့တူရူသို့ ငေးစိုက်ကြည့်နေ၏။

တစ်ခဏကြာသောအခါ ချင်မူက လက်မောင်းလုံးခန့် တုတ်သော ချီစွမ်းအင်ကြိုးမျှင်ကို ထုတ်လွှတ်၍ စိတ်ထဲမှ တွေးလိုက်သည်။ "အဲဒီလို ထုတ်သုံးလို့ မဖြစ်မှတော့ ဝဲကတော့ဓားချက်ကို သုံးပြီး ငါ့ချီစွမ်းအင်ကြိုးမျှင်ကို ဖြိုခွဲရင် ရမလား မသိဘူး..."

ချင်မူမှာ ထိုအတွေးပေါ်သည်နှင့် ချက်ချင်း အကောင်အထည်ဖော်၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ သင်ပြသည့် နည်းလမ်းအတိုင်း သူ၏ ချီစွမ်းအင်ကို ဖြိုခွဲရန် ဝမ်းသာအားရ ကြိုးစားလိုက်သည်။

သူ၏ ချီစွမ်းအင်က အလွန်တရာ ခိုင်ခန့်၍ သန့်စင်လှသဖြင့် ကြိုးမျှင် ဖြစ်အောင် ပြုပြင်နိုင်ခြင်း မရှိဘဲ ဖြစ်ခဲ့ရသည်။ အထူးသဖြင့် အမြုတေနှလုံးသား၏ လျှို့ဝှက်ချက် ကျင့်စဉ်ကို သင်ယူပြီးသောအခါ သူ၏ ချီစွမ်းအင်က ပို၍ ပို၍ သန့်စင်လာခဲ့၏။

ရွာထဲရှိ မည်သူကမျှ သူ၏ ချီစွမ်းအင်ကို ကြိုးမျှင်ဖွဲ့နိုင်ရန် သင်ပြမပေးခဲ့ပေ။ ဓားသိုင်းတွင် အကျွမ်းကျင်ဆုံးက ရွာလူကြီး ဖြစ်သည် မဟုတ်လား။ သို့သော်လည်း ရွာလူကြီးက ဓားသိုင်း တစ်ကွက်နှင့် အခြေခံဓားချက် ဆယ့်လေးချက်သာ သင်ပေးခဲ့ပြီး အခြား မည်သည်ကိုမျှ မသင်ပေးခဲ့သဖြင့် ချင်မူ၏ ချီစွမ်းအင်ကြိုးမျှင် ဆက်လက် တုတ်ခိုင်မာကြောနေခဲ့ရသည်။

ဤတစ်ကြိမ်မှ ချင်မူ၏ ခေါင်းထဲတွင် အတွေး ပေါ်လာခြင်း ဖြစ်ပြီး ဝဲကတော့ဓားချက်ဖြင့် သူ၏ ချီစွမ်းအင်ကို အောင်မြင်စွာ ကြိုးမျှင်ဖွဲ့နိုင်မည်ဟု ခံစားမိနေ၏။

ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ သင်ကြားပေးသည့် ဝဲကတော့ဓားချက်မှာ အလွန်တရာ ပြောင်မြောက်လှပြီး ၎င်း၏ သဘောတရားများကို ဖမ်းဆုပ်မိသောအခါ သူ့မျက်နှာတွင် ဝမ်းသာ ရွှင်မြူးသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။

သင်ကြားရေးခန်းမရှေ့မှ လူငယ်ဂိုဏ်းချုပ်၏ အကြည့်က ချင်မူ့အပေါ် ကျရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ "ဒီခွေးကောင်လေးက ဓားသိုင်း မသင်ဘဲ အဲဒီတုတ်ချောင်းကြီး ကိုင်ပြီး ဘာလုပ်နေတာလဲ..."

ခပ်လှမ်းလှမ်းမှ ချန်ဝမ်ယွင်မှာ ချင်မူ၏ ချီစွမ်းအင်တုတ်ချောင်းကို ကြည့်၍ ပြုံးလိုက်၏။ "ဒီကောင်က ခွန်အားကြီးချင် ကြီးမယ်... နားလည် သဘောပေါက်နိုင်စွမ်းက ဘာမှ မဟုတ်ပါလား... ငါနဲ့ အများကြီး ကွာတယ်..."

ထိုအခိုက်၌ ချင်မူက ဝမ်းသာအားရ ခုန်ပေါက်၍ တဟားဟား အော်ရယ်လိုက်သည်။ သူအသံက မိုးခြိမ်းသံပမာ ပတ်ဝန်းကျင်တစ်ခုလုံးသို့ မြည်ဟည်းပျံ့နှံသွား၏။ "ရသွားပြီ... နောက်ဆုံးတော့ ရသွားပြီ... ကောင်းကင်ဘုံက မျက်ကွယ် မပြုထားဘူး... နောက်ဆုံးတော့ ငါ့ချီစွမ်းအင်ကြိုးမျှင်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ..."

All Chapters