အိပ်မက်ယောင်၍ လမ်းလျှောက်ခြင်း
Vol. 10 Ch. 136
သင်ကြားရေးခန်းမရရှေ့မှ ထောင်ချီသော ကျောင်းတော်သားများ၊ အဆောင်မှူးများ၊ မှတ်တမ်းထိန်းများနှင့် ပါမောက္ခများ အားလုံး မှင်တက်အံ့ဩသွားကြပြီး ရယ်သံလာရာသို့ ကြည့်ရှုလိုက်ကြသည်။
ကျောင်းတော်သား တစ်ယောက်မှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး မေးလိုက်၏။ "သူ ဘာကို လုပ်နိုင်သွားတာလဲ..."
သူ့ဘေးမှ ကျောင်းတော်သားမှာလည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသည်။ "ငါထင်တာတော့ ချီစွမ်းအင်ကြိုးမျှင်လို့ ပြောလိုက်သလိုပဲ... ငါ နားကြားမှားတာလည်း ဖြစ်နိုင်ပါတယ်..."
ပါမောက္ခပါ့ရှန်းက တဟားဟား အော်ရယ်၍ ပြောလိုက်၏။ "စိတ်ဝင်စားစရာ ကောင်းတဲ့ ကောင်လေးပါလား... ချီစွမ်းအင်ကြိုးမျှင်ဆိုတာ ဓားသိုင်းအားလုံးရဲ့ အခြေခံပဲ... ချီစွမ်းအင်ကြိုးမျှင်တောင် မဖွဲ့စည်းနိုင်ဘဲနဲ့ ဘယ်လိုလုပ် နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သား ဖြစ်လာတာလဲ... ဘယ်သူ့ကို လာဘ်ထိုးပြီး ဝင်လာတာလဲ..."
"ပါမောက္ခပါ့ရှန်း... အဲဒီတုန်းက ခင်ဗျား နန်းတွင်းကောလိပ်မှာ မရှိလို့ ဒီကောင်လေးကို မသိတာပါ..."
အဆောင်မှူးတစ်ယောက်က ပြုံး၍ ရှင်းပြလိုက်သည်။ "ဒီခွေးကောင်လေးက ချင်မူလို့ ခေါ်တယ်... မဟာမြို့ပျက်က အစွန့်ပစ်ခံလူတစ်ယောက်ပဲ... သူက တာအိုရသေ့လင်းယွင်ကို အနိုင်ယူနိုင်ခဲ့လို့ ဧကရာဇ်ကိုယ်တိုင် နန်းတွင်းကျောင်းတော်သားအဖြစ် ရွေးချယ်ခဲ့တာ... ဧကရာဇ်ကိုယ်တိုင် ရွေးချယ်ခဲ့တာကို ဘယ်သူက ဝင်ခွင့်မပြုဘဲ နေရဲမှာလဲ..."
"မဟာမြို့ပျက်ရဲ့ စွန့်ပစ်ခံလူ တစ်ယောက်က လင်းယွင်ကို အနိုင်ယူပြီး ဧကရာဇ်က နန်းတွင်းကောလိပ် ဝင်ခွင့်ပေးခဲ့တယ် ဟုတ်လား..."
ပါမောက္ခပါ့ရှန်းက တာအိုရသေ့ လင်းယွင်ကို ကြည့်၍ သရော်တော်တော် ပြောလိုက်သည်။ "လင်းယွင်... မင်း သူ့ကို တမင် အညှာပေးလိုက်တာလား... ဧကရာဇ်ကိုရော လာဘ်ထိုးထားသေးတာလား..."
တာအိုရသေ့ လင်းယွင်မှာ အရှက်ရမိသကဲ့သို့ ဒေါသလည်း ထွက်သွားသည်။ ထိုစဉ်တုန်းက သန့်စင်ယန်ခန်းမ အပြင်သို့ လွင့်ထွက်သွားအောင် တိုက်ခိုက်ခံရပြီး ဓားအိမ်နှစ်ခုစလုံး ကုန်သည်အထိ ထိုးစိုက်ခံရကာ ဧကရာဇ်နှင့် မှူးမတ်ဝန်ကြီးများသာမက သူ့လုပ်ဖော်ကိုင်ဖက်များ၊ ကျောင်းတော်သားများ ရှေ့တွင်ပါ အရှက်ကွဲခဲ့ရသည်။ ဤသည်ကို အညှာပေးသည်ဟု ခေါ်ဆိုနိုင်ပါသေး၏လား။
ထိုသို့သော လာဘ်ယူ အညှာပေးမှုမျိုး ရှိပါ၏လား...။
ပေးဆပ်ရသည့် တန်ကြေးက နည်းနည်း များလွန်းမနေဘူးလား။
သို့သော်လည်း ပါ့ရှန်းက ပါမောက္ခချုပ်အောက် တစ်ဆင့်သာ နိမ့်သည့် ပါမောက္ခတစ်ယောက် ဖြစ်သည် မဟုတ်လား။ သူ့ကို ထိပါးမိခြင်း မရှိအောင် သတိထားရပေမည်။ လင်းယွင်မှာ ပြဿနာ မတက်ရအောင် မရွှင်မပျ မျက်နှာနှင့် ဆိတ်ဆိတ်နေလိုက်ရ၏။ ဤပါမောက္ခပါ့ရှန်းက မည်သူ့ မျက်နှာကိုမျှ မထောက်ဘဲ ပြောဆိုတတ်သည့်၊ နန်းတွင်းကောလိပ် တစ်ခွင်၏ နာမည်ကျော် အာကျယ်တစ်ယောက် မဟုတ်လား။ နန်းတွင်းကောလိပ်ရှိ အတင်းအဖျင်း သတင်းအများစုမှာ သူ့ထံမှ ပျံနှံ့လာခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ကို 'အာကျယ်ပါ့'ဟု တိတ်တဆိတ် နာမည်ပေးထားကြ၏။
ပါ့ရှန်းနှင့် ငြင်းခုန်မိလျှင် နောက်တစ်နေ့တွင် ဝပ်ကျင်းထဲမှ ကြက်မပင် သူ၏ ရှက်စရာကိစ္စများကို သိသွားပေလိမ့်မည်။
ထိုအချိန်တွင် အဝေးတစ်နေရာမှ ဖုယွမ်ချင်းမှာ အံ့အားသင့်သွားသည်။ "ဒါက ငါ့ရဲ့ ဆရာတူ ညီလေးလား... သူ့ကြည့်ရတာ အတော်လေး ဉာဏ်တုံးတဲ့ပုံပဲ... ဆရာက အသုံးမကျတော့ဘူး... ဒီလို ညံ့ဖျင်းတဲ့ကောင်မျိုးကို ရှာပြီး တပည့်မွေးရတယ်လို့..."
"ခုနစ်နှစ်၊ ရှစ်နှစ် ဒုက္ခခံလေ့ကျင့်ခဲ့တာ၊ နောက်ဆုံးတော့ ငါ့ရဲ့ ချီစွမ်းအင်ကြိုးမျှင်ကို ဖွဲ့စည်းနိုင်ခဲ့ပြီ..."
ချင်မူမှာ သူ၏ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ဘဲ သူ့မျက်နှာရှေ့မှ ချီစွမ်းအင်ကြိုးမျှင်ကို ဝမ်းသာအားရ ကြည့်လိုက်သည်။ ယခု သူ၏ ထူထဲတုတ်ခိုင်သည့် ချီစွမ်းအင်ကြိုးမျှင်ကြီး မရှိတော့။ သူ၏ ချီစွမ်းအင် အလွန်တရာ သေးမျှင် ကျစ်လျစ်သွားချေပြီ။
သူ့လက်ချောင်းများနှင့် လက်ဖဝါးကြား၌ ချီစွမ်းအင်ကြိုးမျှင်က ညင်သာစွာ စီးဆင်းနေပြီး ဆံခြည်မျှင် တစ်မျှင်သဖွယ် ပါးလျနေ၏။
တစ်ယောက်ယောက်သာ အနီးကပ် ကြည့်ရှုခဲ့လျှင် ချင်မူ၏ ချီစွမ်းအင်ကြိုးမျှင်က အခြားသူများနှင့် မတူကြောင်း တွေ့ရပေမည်။
ဤချီစွမ်းအင်ကြိုးမျှင်က အလွန်တရာ သေးမျှင်သော ဓားချီများစွာဖြင့် ဖွဲ့စည်းထားပြီး ထိုဓားတစ်ချောင်းချင်းစီက အဆက်မပြတ် ပုံသဏ္ဌာန် ပြောင်းလဲ၍ ဝဲလည်လှည့်နေသည်။ သို့သော်လည်း ထိုချီစွမ်းအင်ကြိုးမျှင် လှုပ်ရှားသွားသည့်အခါ နှိုင်းမရအောင် ပေါ့ပါးသွက်လက်လှပြီး ၎င်းကို ဓားချီများဖြင့် ဖွဲ့စည်းထားသည်ဟု မည်သူမျှ သတိပြုမိလိမ့်မည် မဟုတ်ပေ။
"ငါ့ချီစွမ်းအင်ကြိုးမျှင်ကို ဘယ်လောက် ဝေးဝေးထိ ဆန့်ထုတ်နိုင်မလဲ မသိဘူး..."
ချင်မူက လှည့်ပတ်ကြည့်ရှု၍ သူ့ချီစွမ်းအင်ကြိုးမျှင် မည်မျှဝေးဝေးထိ ရောက်နိုင်မည်လဲ ဆိုသည်ကို စမ်းကြည့်ရန် စိတ်ကူးလိုက်၏။ သူ့အကြည့်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံဘက် ရောက်သွားသောအခါ အံ့ဩမှင်တက်မိသွားသည်။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက သူ့လက်ချောင်းနှင့် လက်ဖဝါးကြားမှ ချီစွမ်းအင်ကြိုးမျှင်ကို လှမ်းကြည့်နေ၏။ သူက ချင်မူ၏ အကြည့်ကို ခံစားသိလိုက်ဟန် ရှိပြီး ခေါင်းမော့လာကာ အကြည့်ချင်းဆုံသွားသည်။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက တစ်ချက် ပြုံး၍ ခပ်တိုးတိုး ပြောလိုက်၏။ "စိတ်ဝင်စားစရာပဲ..."
ချင်မူက သူ့အကြည့်ကို ရုပ်သိမ်း၍ အစောက အတွေးကို စွန့်လွှတ်လိုက်သည်။ ဤနေရာတွင် လူအများကြီး ရှိနေသဖြင့် သူ့စိတ်ကူးကို စမ်းသပ်နိုင်မည် မဟုတ်။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက အတန်ကြာအောင် ထပ်စောင့်ပြီးမှ စကားဆက်လိုက်သည်။ "ကောင်းပြီ... အခု မင်းတို့အားလုံးကို ဒုတိယ အခြေခံဓားချက် ဖြစ်တဲ့ ကူးခတ်ဓားချက် သင်ပေးမယ်... ဓားတစ်လက် လေထဲမှာ ပျံဝဲနေမှာကို ထိန်းချုပ်လို့ မရသလို ဓားရဲ့ ပုံသဏ္ဌာန်ကိုလည်း ထိန်းချုပ်လို့ မရဘူး... အဲဒါကြောင့် ဓားတစ်လက်ဟာ ကူးခတ်နိုင်တယ်... နဂါးတစ်ကောင် ရေကူးသလို၊ မြွေတစ်ကောင် ရေကူးသလို၊ ငါးတစ်ကောင် ရေကူးသလို၊ ဇာမဏီငှက်တစ်ကောင် လေထဲကို ပျံဝဲတက်သွားသလို၊ အင်မော်တယ် နတ်ဝိဇ္ဇာတွေ လေထဲမှာ ပျံသွားသလို ကူးခတ်နိုင်တယ်... အဲဒီတော့ ငါတို့ရဲ့ ရှေ့က ဘိုးဘွားတွေ ချန်ခဲ့တဲ့ အခြေခံဓားချက်တွေ အပေါ်မှာပဲ ဘာလို့ မလွှတ်တမ်း ဖက်တွယ်နေတော့မှာလဲ..."
ချင်မူ၏ စိတ်အလျဉ်မှာ တုန်ခါသွား၏။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ တီထွင်ခဲ့သည့် ဒုတိယ အခြေခံဓားချက်က အားလုံး၏ မျက်နှာသို့ တိုးဝင်တိုက်ခတ်လာသော လတ်ဆတ်သည့် လေနုအေးသဖွယ် သူတို့၏ အသိအမြင်ကို ကျယ်သွားစေခဲ့နိုင်သေးသည်။ တံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်သကဲ့သို့ ပို၍ ကျယ်ပြန့်သည့် လောကကြီးကို မြင်တွေ့လိုက်ရသည်။
"ငါ နန်းတွင်းကောလိပ်ကို လာတာ မှန်သွားတယ်... ဂိုဏ်းချုပ်က အမျှော်အမြင်ကြီးတာပဲ..." သူ့စိတ်ထဲမှ တွေးမိလိုက်၏။
တောင်တံခါးဝရှေ့တွင်တော့ တန်းယန်ကျစ်မှာ ကျောက်စိမ်းတောင်ပေါ်မှ အလွှာလွှာအထပ်ထပ် ဖြစ်နေသော နန်းတောင်များကို လည်ဆန့်၍ ကြည့်ရှုနေသည်။ တောင်ပေါ်၌ သစ်ပင်သစ်တောများက ထူထပ်လှပြီး နဂါးကိုးကောင် ချီစွမ်းအင်ကြောင့် စိမ်းမြနေ၏။ တစ်ချက် တစ်ချက်တွင် လေပြည်နှင့်အတူ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ အသံက လွင့်ပါလာသည်။ တစ်လုံးစ နှစ်လုံးစ ကြားရရုံဖြင့် အရာအားလုံး ရှင်းလင်းသွားသကဲ့သို့ ခံစားရ၏။
"ဦးရီးတော် တန်းယန်ကျစ်..."
တောက်ကျစ်လင်းရွှမ်မှာလည်း တောင်ပေါ်မှ အသံကို ဝိုးတဝါး ကြားရသဖြင့် တစ်ခဏမျှ တွန့်ဆုတ်နေပြီးမှ မေးလိုက်သည်။ "တောင်ထိပ်မှာ သင်ခန်းစာ ပို့ချနေတဲ့သူက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံလား... သူ့စကားသံ တစ်ခွန်း နှစ်ခွန်းပဲ ကြားရပေမဲ့ အများကြီး အကျိုးရှိခဲ့တယ်... အရင်က ထင်ထားတာနဲ့ မတူဘူး... သူက..."
တန်းယန်ကျစ်က ပြုံး၍ ပြောလိုက်၏။ "ပြောလို့ ရပါတယ်... ဘာမှ မဖြစ်ဘူး... ပြော..."
တောက်ကျစ်လင်းရွှမ်က သတ္တိမွေး၍ ပြောလိုက်သည်။ "ကျောင်းတော်သားတွေကို သူ သင်ပေးနေတဲ့ စကားအခွန်းတိုင်း မကြားရပေမဲ့... သူ့ဓားသိုင်းက မမျှော်မှန်းနိုင်တဲ့ အဆင့်တစ်ခုကို ရောက်နေပြီ ဆိုတာ သိနိုင်တယ်... ကျွန်တော်တို့ တာအိုဂိုဏ်းက သင်ကြားပို့ချတဲ့ ကျင့်စဉ်သိုင်းကွက်တွေက လျှို့ဝှက်နက်နဲပြီး အရာအားလုံး အသေးစိတ်ပါဝင်ပေမဲ့ သူ သဘောပေါက် နားလည်ထားတာက ကျွန်တော်တို့ တာအိုဂိုဏ်းထက် ပိုသာနေတယ်... ဧကရာဇ် အတိုင်ပင်ခံက တာအိုသဘောတရား၊ သိုင်းပညာနဲ့ ကောင်းကင်နတ်သိုင်းတွေကို တကယ် ရှေ့ရောက်အောင် တွန်းတင်နေတယ်လို့ တပည့် ခံစားမိပါတယ်... အဲဒီလိုဆိုရင် ကျွန်တော်တို့ ဘာလို့ ဝင်ပေါက်ထွက်ပေါက် ပိတ်နေဦးမှာလဲ..."
တန်းယန်ကျစ်က ပြုံးလိုက်၏။ "တောက်ကျစ်... တခြားသူရဲ့ စကားကို နားထောင်တာအပြင် သူရဲ့ လုပ်ဆောင်မှုတွေကိုလည်း စောင့်ကြည့်ဖို့ လိုတယ်... ဒါမှ လောကကြီးမှာ ရှင်သန်နိုင်မယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ထူးချွန်တဲ့ ပါရမီ အရည်အချင်း ရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းကြဘူး... သူ တာအိုသခင်နဲ့ တွေ့ခဲ့တုန်းကဆိုရင် တာအိုသခင်က သူ့ကို နှစ်ငါးရာမှာ တစ်ယောက် ထွန်းပေါက်တဲ့ ပါရမီရှင် ဖြစ်ပြီး သူတော်စင် တန်ခိုးရှင်တစ်ယောက် ဖြစ်လာဖို့ မျှော်မှန်းခဲ့တယ်... ဒါကို ကြည့်ရင် တာအိုသခင်က သူ့ကို ဘယ်လောက် အထင်ကြီးခဲ့တယ်ဆိုတာ မြင်နိုင်တယ်...ဒါပေမဲ့ သူက သူတော်စင် တန်ခိုးရှင်တစ်ယောက် ဖြစ်မလာဘဲ မိစ္ဆာနတ်ဆိုး ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."
တောက်ကျစ်လင်းရွှမ်မှာ ဇဝေဇဝါ ဖြစ်သွား၏။
တန်းယန်ကျစ်က နှာခေါင်းရှုံ့လိုက်သည်။ "သူ့အစွမ်းအစနဲ့ တာအိုသဘောတရားတွေ၊ သိုင်းပညာတွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ရှေ့ရောက်အောင် သေချာပေါက် တွန်းတင်နိုင်တယ်... ဒါပေမဲ့ သူက ဝံပုလွေလို စိတ်ထားနဲ့ သိုင်းဂိုဏ်းအားလုံး ဖိနှိပ်ပြီး ရှင်သန်ခွင့် မပေးခဲ့ဘူး... ဒါက တစ်ချက်ပဲ... နောက်တစ်ချက်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံဟာ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ လမ်းစဉ်နောက် လိုက်နေတယ်... ကောင်းကင်နတ်ဆိုးဂိုဏ်းက တန်ခိုးရှင်အတုအယောင်ရဲ့ နာမည်အောက်က အတုအယောင် လမ်းစဉ်ကို လိုက်နေတာ... တကယ်တမ်း သူတို့ လေ့ကျင့်တာက မိစ္ဆာလမ်းစဉ်ပဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ပူးပေါင်းတဲ့အတွက် ငါတို့ အဖြူရောင် လမ်းမှန်ဂိုဏ်းတွေရဲ့ ရန်သူပဲ..."
တောက်ကျစ်လင်းရွှမ်၏ ရင်ထဲတွင် ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားသည်။ "လူကောင်းနဲ့ လူဆိုးက အတူယှဉ်တွဲပြီး မနေနိုင်ဘူး... သူက မိစ္ဆာလမ်းစဉ်နဲ့ ပတ်သက်နေတော့ သူ ပိုပြီး ပါရမီ အရည်အချင်း မြင့်လေလေ ပိုပြီး ကြောက်စရာ ကောင်းလာလေလေ ဖြစ်မှာပေါ့..."
တန်းယန်ကျစ်က ခေါင်းညိတ်၍ ပြောလိုက်၏။ "သူက အခြေခံကျောင်းတွေ၊ ကောလိပ်တွေနဲ့ နန်းတွင်းကောလိပ်တွေ ဖွင့်ခဲ့တယ်... ဒါတွေက တကယ် အကျိုးရှိပါတယ်... ဒါပေမဲ့ ဆိုးကျိုးတွေလည်း ရှိတယ်... တာအိုသခင်က မင့်ကို ကလေးဘဝကတည်းက သင်ပေးခဲ့တာ အခုထိလည်း သင်နေတုန်းပဲ... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံရဲ့ အခြေခံကျောင်းတွေ၊ ကောလိပ်တွေ၊ နန်းတွင်းကောလိပ်တွေနဲ့ အဲဒီ ဆရာတွေ၊ အဆောင်မှူးတွေက တာအိုသခင်လို အသိအမြင် ဗဟုသုတမျိုး၊ စွမ်းရည်မျိုး ရှိနိုင်မှာလား... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက အခြေခံကျောင်းတွေ၊ ကောလိပ်တွေနဲ့ နန်းတွင်းကောလိပ်တွေ ဖွင့်တာ လူအများကြီးကို ပညာရှင်ဘဝ ရောက်အောင် လေ့ကျင့်ခွင့် ပေးခဲ့တယ်လို့ ထင်ရပေမဲ့ ပါရမီရှင်တွေအတွက် ဘဝတက်လမ်းကို ခုတ်ဖြတ်ပစ်တာပဲ... တာအိုဂိုဏ်းက သူ့ကို ဆန့်ကျင်တဲ့အထဲမှာ ဒီတစ်ချက်က အဓိကပဲ..."
သူ့အမူအရာက မှုန်မှိုင်းသွားပြီး ဆက်ပြောလိုက်သည်။ "တာအိုသဘောတရားတွေ၊ သိုင်းပညာရပ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ရှေ့ရောက်အောင် ပါရမီရှင်တွေကပဲ တွန်းတင်ရတယ်... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံလို ပါရမီရှင်မျိုးတွေကပေါ့... လူအများစုကတော့ တစ်သက်လုံး သာမန်လို နေထိုင်ပြီး သင်ယူထားသမျှ အသုံးချဖို့ပဲ သိကြတယ်... အသိအမြင်သစ်တွေ တိုးပွားအောင် အစပြုချင်စိတ်၊ လုပ်ချင်စိတ် မရှိကြဘူး... ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ပါရမီရှင်တွေရဲ့ တက်လမ်းကို ပိတ်ဆို့ဖြတ်တောက်ဖို့ ရေရှည် စီမံကိန်းကြီး ဖန်တီးခဲ့တာပဲ... အခြေခံကျောင်းတွေ၊ ကောလိပ်တွေနဲ့ နန်းတွင်းကောလိပ်ကို တိုးပွားအောင် လုပ်ခဲ့တာက လူတွေ အကုန်လုံးကို တစ်ခဏတော့ ပညာရှင်တွေ ဖြစ်ပြီး ထူးချွန်ထင်ရှားအောင် လုပ်ပေးလိမ့်မယ်... ဒါပေမဲ့ အားလုံးက ကိုယ်ပိုင် စွမ်းဆောင်ရည်တွေ ကင်းမဲ့လာလိမ့်မယ်... မုန့်ဖို တစ်ခုတည်းက ထုတ်လိုက်တဲ့ လမုန့်တွေလို ဖြစ်လာလိမ့်မယ်... တောက်ကျစ်လို ပါရမီ အရည်အချင်း ဖြစ်လာအောင် ဘယ်သူများ လေ့ကျင့်နိုင်မှာလဲ... ဒါက သိုင်းဂိုဏ်းတွေ ဆက်ပြီး တည်ရှိဖို့ အကြောင်းရင်းပဲ... သူက ဒါကို မမြင်နိုင်ရင် ငါတို့ တာအိုဂိုဏ်းနဲ့ ရန်သူ ဖြစ်ရလိမ့်မယ်..."
တောက်ကျစ်လင်းရွှမ်မှာ နားလည် သဘောပေါက်သွားပြီး သူ့ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ တရှိန်ရှိန် တောက်လောင်လာသည်။
တန်းယန်ကျစ်က ပြုံးလိုက်၏။ "မင်းအနေနဲ့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကို ရန်သူအဖြစ် ရှုမြင်နိုင်တယ်... ဒါပေမဲ့ သူ့ရဲ့ တာအိုသဘောတရားတွေ၊ သိုင်းပညာတွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ဆန့်ကျင် ပယ်ရှားစရာ မလိုဘူး... ဒါမှ မင့်ရဲ့ အသိအမြင်တွေ ကျယ်လာမှာ..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ၏ သင်ခန်းစာက နှစ်ရက်တိတိ မရပ်မနား သင်ကြားနေ၏။ အတော်များများမှာ တောင့်မခံနိုင်တော့ဘဲ အိပ်ငိုက်လာကြသည်။ အချို့က သင်ကြားရေးခန်းမရှေ့တွင်ပင် ထိုးအိပ်သွားကြပြီး အချို့က အိမ်ပြန် အိပ်ကြ၏။
ချင်မူနှင့် ကျင့်စဉ်စွမ်းအင် သိပ်သည်းသော ကျောင်းတော်သား အချို့ကတော့ လန်းဆန်းတက်ကြွနေဆဲ ရှိပြီး အာရုံစိုက် နားထောင်နေကြသည်။ တစ်ခုသာ ရှိ၏။ ဓာတ်ကြီးငါးပါးအဆင့်မှာ သူတစ်ယောက်သာ ဖြစ်၍ အခြားသူများမှာ အရပ်ခြောက်မျက်နှာ အဆင့်နှင့် ခုနစ်စဉ်ကြယ်အဆင့် ကောင်းကင်နတ်သိုင်း ပညာရှင်များ ဖြစ်ကြသည်။
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ ပြောသည့် တတိယ အခြေခံဓားချက်မှာ လွန်သွားဓားချက်ဟု ခေါ်ပြီး အလွန်တရာ ထူးဆန်းလှ၏။
ဓားတစ်လက်တည်း အသုံးပြုသောအခါ ဓားထိပ်ဦးက လျင်မြန်စွာ လည်ပတ်ပြီး စိန်ခန္ဓာကျင့်စဉ်ကဲ့သို့သော အမာသိုင်းများကို ဖြိုခွဲဖျက်ဆီးရန် အသုံးဝင်၏။ ဓားအလက် များစွာ အသုံးပြုသောအခါ ပို၍ ကြောက်ဖို့ ကောင်းသွားသည်။ ဓားအလက်ပေါင်း များစွာက ကြီးမားလှသော လွန်သွားဓားချက်အဖြစ် စုစည်းဖွဲ့တည်လာပြီး အရာအားလုံး ထွင်းဖောက်သွားတော့မည်ကဲ့သို့ ထင်ရ၏။
ဤနှစ်ရက်အတွင်း၌ သူက ထိုဓားချက် သုံးချက်အကြောင်းသာ ပြောခဲ့ပြီး အခြား မည်သည်ကိုမျှ သင်ကြားခြင်း မပြုခဲ့ပေ။ ကျောင်းတော်သားများကိုသာ မရှင်းသည်များ မေးခွင့်ပြုခဲ့၏။ မေးခွန်းများ ဖြေပြီးသွားသောအခါ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ထရပ်၍ လူငယ်ဂိုဏ်းချုပ်ဘက် လှည့်ကာ ပြုံးပြလိုက်သည်။ "ဒီကျောင်းသားတွေ နေ့တစ်ဝက်လောက် အိပ်ဖို့၊ စားဖို့၊ နားဖို့ အချိန်ပေးလိုက်မယ်... ကျန်တဲ့ ကိစ္စတွေကိုတော့ ပါမောက္ခချုပ် လက်ထဲပဲ ထည့်ခဲ့လိုက်မယ်..."
လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ "ဧကရာဇ် အတိုင်ပင်ခံရဲ့ ပြိုင်ဘက်ကင်း ပါရမီ အရည်အချင်းနဲ့ ဒီတစ်ခေါက်မှာ ပါရမီရှင်များ တွေ့ခဲ့သေးလား..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက ခေါင်းညိတ်လိုက်သည်။ "ကျွန်တော့်ရဲ့ ဓားသိုင်းကို ရသွားတာ တစ်ယောက်၊ နှစ်ယောက်ပဲ ရှိပါတယ်... ဘယ်သူတွေလဲဆိုတာ ပါမောက္ခချုပ်လည်း မြင်မှာပါ... ဒါနဲ့ ပါမောက္ခချုပ်က နုတ်ထွက်စာ တင်ပြီး သွားတော့မှာဆို..."
လူငယ်ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်၏။ "ငါ အသက်ရှင်ချိန် များများစားစား မကျန်တော့ဘူး... အခွင့်အာဏာတွေကို တပ်မက်နေစရာ မလိုတော့ပါဘူး..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။ "ပါမောက္ခချုပ်က ဘယ်တုန်းကများ အခွင့်အာဏာ စွန့်လွှတ်ဖို့ တွန့်ဆုတ်ခဲ့ဖူးလို့လဲ... ခင်ဗျားသာ နန်းတွင်းအရာရှိ ဖြစ်ချင်ခဲ့ရင် ကျွန်တော့်ရဲ့ ဧကရာဇ် အတိုင်ပင်ခံ ရာထူးကိုတောင် ပေးအပ်ဖို့ အသင့်ပဲ... ခင်ဗျားက မလိုချင်ခဲ့တာ... ပြောရရင် ခင်ဗျားက ကျွန်တော့်ရဲ့ ဆရာတစ်ပိုင်းပါပဲ... ခင်ဗျား ထွက်သွားရင် ကျွန်တော် ဝမ်းနည်းရပြီပေါ့... ကျွန်တော့်ရဲ့ တာအိုရောင်းရင်း တစ်ယောက်လည်း လျော့ပါးသွားတော့မယ်..."
လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ "လောကကြီးမှာ မပြီးဆုံးတဲ့ ပွဲတော်ဆိုတာ ရှိလို့လား... ငါတို့ မွေးကတည်းက ပွဲတော်ကို ဝင်လာခဲ့ကြတယ်... သေဆုံးတော့ ပွဲတော်ကနေ ထွက်ခွာရမှာပေါ့... မင်းနဲ့ ငါ လမ်းခွဲကြဖို့ အချိန် ရောက်ပါပြီ..."
ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံက မိုးပေါ်သို့ မော့ကြည့်၍ တီးတိုး ရေရွတ်လိုက်သည်။ "မိုးပေါ်မှာ တကယ်ပဲ အင်မော်တယ် နတ်ဝိဇ္ဇာတွေ ရှိသလား... ခင်ဗျားသာ မိုးပေါ်မှာ နတ်ဝိဇ္ဇာ တစ်ပါး ဖြစ်လာပြီး ခင်ဗျားနဲ့ ကျွန်တော် ဖန်တီးခဲ့တဲ့ ဒီခေတ်ကြီးကို ပြန်ကြည့်နိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲ..."
သူက ခေါင်းခါယမ်း၍ သင်္ဘောပေါ် တက်သွား၏။ သင်္ဘောက နန်းတွင်းကောလိပ်မှ တရွေ့ရွေ့ ရွက်လွှင့် ထွက်ခွာသွားသည်။
စားဖိုဆောင်မှ စားဖိုမှူးများက စားသောက်လှည်းများကို သင်ကြားရေးခန်းမရှေ့ထိ တွန်းယူလာပြီး ကျောင်းတော်သားများကို မြေပေါ် ထိုင်ခိုင်း၍ တည်ခင်း ကျွေးမွေးလိုက်သည်။ ထို့နောက် လူငယ်ဂိုဏ်းချုပ်က ကျောင်းတော်သား အားလုံး နေ့တစ်ဝက် အိမ်ပြန်နား၍ ခေါင်းလောင်းထိုးလျှင် ထလာကြရန် မှာကြားလိုက်၏။
ချင်မူနှင့် ကျန်သူများ ကျောင်းတော်သား အိမ်ရာသို့ ပြန်လာကြစဉ် ချန်ဝမ်ယွင်၏ နေရာမှ ဖြတ်သွားသောအခါ ချန်ဝမ်ယွင်က အိပ်စက် အနားယူခြင်း မရှိဘဲ အားသွန်ခွန်စိုက် လေ့ကျင့်နေကြောင်း တွေ့လိုက်ရသည်။
"အစ်ကိုကြီးချန်ဆီက သင်ယူသင့်တယ်..."
ချင်မူမှာလည်း အကြီးအကျယ် စိတ်အားတက်ကြွလာပြီး သူ့အိမ်သို့ ပြန်၍ အိပ်ပျော်နေပြီ ဖြစ်သော မြေခွေးလေးကို နေရာချပေးလိုက်သည်။ ထို့နောက် သူ့ခြေလှမ်းများကို နှေးနှေးလှမ်း၍ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို လေ့ကျင့်လိုက်သည်။ သူ၏ လမ်းလျှောက်နှုန်းက တဖြည်းဖြည်း မြန်သည်ထက် မြန်လာပြီး ကျင့်စဉ်ကျင့်ရင်း အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေသို့ ဆိုက်ရောက်သွား၏။
များမကြာမီတွင် ချန်ဝမ်ယွင်မှာ ဝှစ်ခနဲ အသံကြားသဖြင့် ကြည့်လိုက်ရာ ချင်မူက သူ့ခြံတံခါးရှေ့မှ ပြေးသွားသည်ကို မြင်လိုက်ရ၏။ နောက်မှ ကမန်းကတန်း လိုက်ကြည့်ရာ ချင်မူ၏ မျက်လုံးများက တစ်ဝက်ပိတ်နေပြီး တောင်ကြော တစ်လျှောက်လုံး ခြေကုန်သုတ် ပြေးနေသည်ကို မြင်ရသဖြင့် မှင်တက်မိသွားသည်။ "အိပ်မက်ယောင်ပြီး လမ်းလျှောက်နေတာလား..."