ဂိုဏ်းသခင်လေးနှင့် တောက်ကျစ်
Vol. 10 Ch. 137
ချင်မူ၏ လက်ရှိ အနေအထားက အိပ်မက်ယောင်၍ လမ်းလျှောက်နေသည်နှင့် မတူချေ။ အိပ်ပျော်နေရင်းနှင့် ခြေကုန်သုတ် ပြေးနေသော်လည်း ပတ်ဝန်းကျင် အနေအထားကို မြင်နေသကဲ့သို့ အတားအဆီး ခလုပ်တံသင်းများကို ရှောင်ရှားသွား၏။ ချန်ဝမ်ယွင် ဇဝေဇဝါ ဖြစ်ရသည်က ချင်မူမှာ ပြေးရင်းလွှားရင်း လက်သီးသိုင်းများ၊ ခြေသိုင်းများ ကစားနေပြီး ပြင်းထန်သည့် အားအဟုန်ကြောင့် လေတဟူးဟူးပင် ထနေသည်။
တစ်ချက်တစ်ချက်တွင် ဝက်ခုတ်ဓားမကို ဆွဲထုတ်၍ ဟိုဟိုသည်သည် ခုတ်ထစ်နေသေး၏။
"ညီလေးချင်က ဒီလောက် စွမ်းအားမြင့်နေရဲ့နဲ့ တခြားသူတွေထက် ပိုကြိုးစားတယ်... အိပ်နေရင်းတောင် လေ့ကျင့်ဖို့ မမေ့ဘူး... သူ့နားလည် သဘောပေါက်နိုင်စွမ်းက နည်းနည်း လိုနေပေမဲ့ လုံ့လဝီရိယကတော့ အတုယူသင့်တယ်..."
ချန်ဝမ်ယွင်မှာ အကြီးအကျယ် စိတ်အားတက်ကြွသွားပြီး အိမ်သို့ ပြန်၍ အားသွန်ခွန်စိုက် လေ့ကျင့်လိုက်သည်။
သို့သော်လည်း ချင်မူမှာ လုံးဝ အိပ်ပျော်နေခြင်း မဟုတ်ပေ။ သူ့အနေအထားက အိပ်မက်ယောင်၍ လမ်းလျှောက်နေခြင်း မဟုတ်၊ တစ်မူထူးခြားသော ကျင့်စဉ် လေ့ကျင့်နည်းသာ ဖြစ်သည်။ လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်က အခြားသူများ၏ ကျင့်စဉ်နှင့် ကွာခြား၏။ ပြေးရင်းလွှားရင်း ကျင့်သောအခါ ကျင့်စဉ်တိုးတက်နှုန်း ပိုမြန်သည်။ ထိုအတောအတွင်း၌ သူ၏ ဦးနှောက်က အနားရနေပြီး သူ၏ လက်များ၊ ခြေထောက်များက အလိုအလျောက် ကြွက်သားမှတ်ဉာဏ်အရ လှုပ်ရှားနေခြင်း ဖြစ်သည်။
ချင်မူမှာ ဤသို့သော ကျင့်စဉ် ကျင့်နည်းမျိုးကို အားကိုးအားထားပြု၍ အခြားသူများထက် ခုန်ပျံကျော်လွှား တိုးတက်ခဲ့၏။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာသို့ ရောက်လာသောအခါမှသာ မြို့တော်၏ လူနေမှုစံနှုန်းအတိုင်း လိုက်နာရသဖြင့် ထိုသို့ ဆက်လက် မလေ့ကျင့်ဖြစ်တော့ခြင်း ဖြစ်သည်။
ချင်မူမှာ လေးနာရီခန့် ပြေးလွှားပြီးသောအခါ လန်းလန်းဆန်းဆန်း နိုးထလာ၏။
ထိုအခိုက်၌ သူ့နောက်မှ ရင်းနှီးသော ရယ်သံ တစ်ခုကို ကြားလိုက်ရသည်။ "နားလို့ ဝသွားပြီလား..."
ချင်မူ ကမန်းကတန်း နောက်လှည့်၍ ဂါရဝပြုလိုက်၏။ "ဂိုဏ်းချုပ်..."
လက်ရှိတွင် တောင်ပေါ်၌ အခြား မည်သူမျှ ရှိမနေချေ။ ပါမောက္ခများ၊ အဆောင်မှူးဆရာများနှင့် မှတ်တမ်းထိန်းများ အားလုံးပင် အနားယူနေကြ၏။ သူတို့လည်း ဧကရာဇ် အတိုင်ပင်ခံ၏ သင်ခန်းစာကို နှစ်ရက်ဆက်တိုက် မနားမနေ နားထောင်ခဲ့ရသဖြင့် အိပ်စက်အနားယူရန် လိုအပ်နေကြပေပြီ။
လူငယ်ဂိုဏ်းချုပ်က ပြုံး၍ ပြောလိုက်သည်။ "ဧကရာဇ် အတိုင်ပင်ခံရဲ့ သင်ခန်းစာကို ဘယ်လိုမြင်လဲ..."
ချင်မူက တလေးတစား ချီးကျူးလိုက်၏။ "ဧကရာဇ် အတိုင်ပင်ခံက ကောင်းကင်နတ်ဘုရား တစ်ပါးလိုပဲ... သာမန်လူတွေ မတွေးရဲတာကို သူ တွေးတယ်၊ သာမန်လူတွေ မလုပ်ရဲတာကို သူ လုပ်တယ်... တကယ့်ကို ပြိုင်ဘက်ကင်းပဲ..."
လူငယ်ဂိုဏ်းချုပ်က တောင်အောက်သို့ ဆင်းလျှောက်သွားရင်း မေးလိုက်၏။ "ဧကရာဇ် အတိုင်ပင်ခံ သင်ပေးခဲ့တဲ့ ဓားသိုင်းကို မင်း ဘယ်လောက် ရလိုက်လဲ..."
"အကုန် ရလိုက်တယ်လို့တော့ မပြောဝံ့ပေမဲ့ တချို့တစ်ဝက်တော့ သေချာပေါက် ရလိုက်ပါတယ်..."
ချင်မူက ဆက်ပြောလိုက်သည်။ "ရွာလူကြီးဆီက ဓားသိုင်း သင်ရတော့ ဓားပညာရဲ့ အနှစ်သာရ အကုန်လုံး ရပြီလို့ ထင်ခဲ့မိတယ်... ကျွန်တော် မသိသေးတဲ့ အရာတွေ ရှိဦးမယ်လို့ တစ်ခါမှ မတွေးခဲ့မိဘူး..."
လူငယ်ဂိုဏ်းချုပ်က ပြောလိုက်၏။ "သင်ယူမှုမှာ အဆုံးမရှိ ဆိုတဲ့ စကားက မှားတယ်... တီထွင်ဖန်တီးမှုမှာ အဆုံးမရှိပဲ ဖြစ်သင့်တယ်... တစ်ဘဝလုံး သင်ယူနေရုံ သက်သက်နဲ့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ဘူး... တီထွင်ဖန်တီးမှုကသာ အကန့်အသတ် မရှိတာ... မင်းက အခု ငယ်သေးတော့ တခြားသူတွေ တီထွင် ဖန်တီးခဲ့တာတွေကို ကိုယ်ပိုင်ရအောင် သင်ယူဖို့ လိုသေးတယ်... လုံလောက်တဲ့ အသိပညာ ဗဟုသုတ ရရင်တော့ ကိုယ်တိုင် တီထွင်ဖန်တီးဖို့ ကြိုးစားရမယ်... တစ်ချိန်လုံး သင်ယူနေရရင် တပည့်ဘဝက တက်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ သိုင်းကွက်တစ်ကွက် ထွင်နိုင်လိုက်ရင်တော့ ဆရာ ဖြစ်လာမှာပဲ..."
ကျောက်စိမ်းတောင်စွန်း၏ ရှေ့သို့ ရောက်လာသောအခါ နန်းတွင်းကောလိပ်၏ တောင်တံခါးဝရှေ့တွင် တာအိုရသေ့အို တစ်ပါးနှင့် ရသေ့ပျို တစ်ပါး ထိုင်နေသည်ကို လှမ်းမြင်ရ၏။
လူငယ်ဂိုဏ်းချုပ်က ပြုံးတုံ့မပြုံးတုံ့ဖြင့် ပြောလိုက်သည်။ "ဧကရာဇ် အတိုင်ပင်ခံကို နန်းတွင်းကောလိပ် လာပြီး သင်ခန်းစာ ပို့ချဖို့ ငါ ဖိတ်ခေါ်ခဲ့ရတယ်... အခု နှစ်ရက်တိတိ သင်ပြီးသွားလို့ မင်းလည်း အကျိုးအမြတ် ကြီးကြီးမားမား ရခဲ့ပြီးပြီ... မသွားသေးဘူးလား..."
ချင်မူ သက်ပြင်းချလိုက်၏။ "ဂိုဏ်းချုပ် စေခိုင်းတာကို တပည့် ပယ်ရှားဝံ့ပါ့မလား..."
လူငယ်ဂိုဏ်းချုပ်က သရော်ပြုံး ပြုံး၍ သူ့ကို တောင်စွန်းပေါ်မှ ကန်ချလိုက်သည်။ "ခွေးကောင်လေး အသံကောင်းဟစ်နေတယ်... သူတို့ ဝင်ပေါက်ထွက်ပေါက် ပိတ်ထားတာ ဒီလောက် ကြာပြီ... မင်း ထွက်လာတာ ငါ မမြင်ရဘူး... ဒီလိုမျိုး အကျိုးအမြတ် မရှိရင် မင်း ထွက်လာမှာမို့လို့လား ဟမ်... အခုထိ မသွားသေးဘူးလား..."
ချင်မူမှာ မြေပြင်ပေါ်သို့ ခြေချ၍ တင်ပါးကို ပွတ်ရင်း တောင်တံခါးဆီသို့ လျှောက်သွားလိုက်သည်။
ယခုအချိန်၌ တောင်တံခါးဝအနီးတွင် မည်သည့် ကျောင်းတော်သားမျှ ရှိမနေချေ။ အားလုံးက အနားယူ အိပ်စက်နေဆဲ ရှိသေး၏။ တာအိုရသေ့ နှစ်ပါးသာ တောင်တံခါးဝ အပြင်၌ ကျန်နေရစ်သည်။ မလှမ်းမကမ်းတွင်တော့ ဆန်းကြယ်သားရဲ တစ်ကောင်က တောင်တံခါးကို စောင့်ကြပ်နေသည်။ ထိုသားရဲက နဂါးခေါင်းနှင့် ချီလင်ခန္ဓာကိုယ် ရှိ၏။ ၎င်းမှာ သံကြိုးဖြင့် ချည်နှောင်ထားခံရပြီး အနားယူ အိပ်စက်နေသည်။
တောက်ကျစ်လင်းရွှမ်မှာ ချင်မူ လျှောက်လှမ်းလာသည်ကို မြင်သောအခါ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်သွား၏။ သူ တန်းယန်ကျစ်ကို ကြည့်၍ ပြောလိုက်သည်။ "ဦးရီးတော်..."
တန်းယန်ကျစ်က ချင်မူ့ကို မျက်လုံးလှန် ကြည့်လိုက်သည်။ "သွားပါ... ဧကရာဇ် အတိုင်ပင်ခံ ကျောင်းတော်သားတွေကို သင်ခန်းစာ ပို့ချတာက ဒီတစ်ယောက်ကို အရောင်တင်ပေးဖို့ပဲ... ရှုံးမှာကို တွေးပူနေစရာ မလိုဘူး..."
တောက်ကျစ်လင်းရွှမ်က ခေါင်းညိတ်၍ ထရပ်ကာ ချင်မူ့ကို ဆီးကြိုလိုက်သည်။ သူတို့၏ ချီစွမ်းအင် အငွေ့အသက်များ ထိတွေ့ဖလှယ်မိပြီး ခြေလှမ်းရပ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
ချင်မူက ပြောလိုက်သည်။ "နန်းတွင်းကျောင်းတော်သား ချင်မူ တောက်ကျစ်လင်းရွှမ်ကို နှုတ်ခွန်းဆက်ပါတယ်... ဓာတ်ကြီးငါးပါးအဆင့်ပါ..."
တောက်ကျစ်လင်းရွှမ်က တလေးတစား တုံ့ပြန်လိုက်၏။ "တောက်ကျစ်လင်းရွှမ် ကျောင်းတော်သား ချင်မူကို နှုတ်ခွန်းဆက်ပါတယ်... အရပ်ခြောက်မျက်နှာအဆင့် ဖြစ်တဲ့အတွက် အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပိတ်ထားပါ့မယ်..."
သူ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပိတ်ဆို့ပြီးသောအခါ ချင်မူက ပြောလိုက်သည်။ "တောက်ကျစ်အနေနဲ့ လက်နက် အသုံးပြုလိုပါသလား..."
သူက နောက်ကျောမှ ဝါးတောင်ဝှေးကို ဆွဲထုတ်ပြီး ဝက်ခုတ်ဓားမကို ဖြုတ်ယူလိုက်သည်။ ထို့နောက် သံတူကြီးကို အောက်ချ၍ အိမ်ရှေ့စံ ကိုယ်ရံတော်ဓားကို ထုတ်ယူလိုက်၏။ တောက်ကျစ်လင်းရွှမ်က တစ်စုံတစ်ခု ပြန်ပြောမည် ပြင်လိုက်စဉ်မှာပင် တန်းယန်ကျစ်က ရုတ်ခြည်း ဝင်ပြောလိုက်သည်။ "လက်နက် မလိုဘူး... သိုင်းကွက်တွေ၊ ကောင်းကင်နတ်သိုင်းတွေနဲ့ ခြေလက်တွေပဲ သုံးကြ..."
တောက်ကျစ်မှာ နားမလည်နိုင် ဖြစ်သွားပြီး သူ၏ မြင်းမြီးယပ်ကို ဘေးချလိုက်သည်။ "အဲဒီလိုဆို နောင်တော်ချင်... ကျွန်တော် လက်နက် မသုံးတော့ပါဘူး..."
တန်းယန်ကျစ်မှာ ကျိတ်၍ သက်ပြင်းချလိုက်ပြီး အိမ်ရှေ့စံ ကိုယ်ရံတော်ဓားထံမှ အကြည့်လွှဲလိုက်၏။ လက်နက်သုံးကြလျှင် တောက်ကျစ်အတွက် အတော်ကြီး နာပေလိမ့်မည်။ ဤဓား၏ ပုံပန်းသဏ္ဌာန်ကို မြင်သောအခါ သူ့ရင်ထဲတွင် ထိတ်ခနဲ ခုန်သွားခဲ့သည်။ ဓားအိမ်က ငါးနဂါး တစ်ကောင်၏ ပါးစပ်ပုံ ရှိပြီး ပထမအဆင့် နန်းတွင်းအရာရှိ တစ်ယောက်၏ ဓားဖြစ်ဟန် ရှိ၏။
သူ့အတွေးသာ မှန်ခဲ့လျှင် တောက်ကျစ်လင်းရွှမ်၏ မြင်းမြီးယပ်မှာ ထိုဓားနှင့် ထိပ်တိုက်တွေ့သည်နှင့် ပျက်စီးသွားပြီး ရှေ့ဆက် ယှဉ်ပြိုင်ရန် လိုမည် မဟုတ်တော့...။
ချင်မူ တစ်ချက်ပြုံးလိုက်၏။ သူ့မျက်လုံးထဲတွင် သူငယ်အိမ် အလွှာနှစ်ထပ် ရုတ်တရက် ပေါ်ထွက်လာသည်။ ကောင်းကင်မျက်လုံးနှင့် အစိမ်းရောင် ကောင်းကင်မျက်လုံးကို ရှေ့ဆင့်နောက်ဆင့် ဖွင့်ပြီးသောအခါ သူ့ခြေထောက်အောက်မှ မြေပြင်မှာ ရုတ်တရက် နစ်ဝင် နိမ့်ဆင်းသွားပြီး ကြမ်းခင်းကျောက်ပြားများ ကွဲအက်သွား၏။ တစ်စစီ ကြေမွသွားသော ကျောက်တုံးကျောက်ခဲများက တုန်ခါမှုကြောင့် မြေပြင်ပေါ်သို့ လွင့်ပျံတက်လာသည်။
"ကျား..."
ချင်မူက ရှူသွင်းထားသမျှ လေများ မှုတ်ထုတ်၍ မာန်သွင်း အော်ဟစ်ကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။ လေထဲသို့ မြောက်တက်လာသည့် ရာချီသော ကြမ်းခင်းကျောက်ပြား အကွဲစများမှာ သူ၏ လက်သီးချက်ကြောင့် ပို၍ သေးငယ်သော ကျောက်သားစများအဖြစ် ကွဲအက်သွား၏။ အကြီးဆုံး ကျောက်စမှာ ပဲစေ့ အရွယ်ခန့်သာ ရှိ၍ ကျောက်စအသေးများက နှမ်းစေ့အရွယ်ခန့် ရှိသည်။
မရေမတွက်နိုင်သော ကျောက်ကွဲစများက သူ့လက်သီး လမ်းကြောင်းအတိုင်း တောက်ကျစ်လင်းရွှမ်ထံသို့ တိုးဝင်သွားသည်။
အွမ်း...။
နဂါးတွန်သံများ ပဲ့တင်ထပ် မြည်ဟည်းလာပြီး လက်သီးအားလှိုင်းက ကျောက်ကွဲစများနှင့် ပေါင်းစည်းကာ သဲနဂါးတစ်ကောင် အဖြစ် အသွင်ပြောင်း၍ တကယ့် နတ်နဂါး တစ်ကောင်ပမာ တောက်ကျစ်လင်းရွှမ်ထံသို့ ပြေးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် သူ့ခြေလှမ်းများက တစ္ဆေတစ်ကောင်ကဲ့သို့ အလွန်တရာ မြန်ဆန်သော နှုန်းထားဖြင့် ရွေ့လျားသွားသည်။ လက်သီးအားလှိုင်းနောက် အလျင်အမြန် လိုက်ပါသွားပြီး တောက်ကျစ်လင်းရွှမ်၏ နံဘေးသို့ ရောက်ရှိသွား၏။
တောက်ကျစ်မှာ အံ့အားသင့်သွားသည်။ ရုတ်တရက် သူ့မျက်လုံး တစ်ဖက်က အဖြူရောင်သို့ ပြောင်းသွားပြီး ကျန်တစ်ဖက်က အနက်ရောင် ပြောင်းသွားကာ လက်ဟန်မုဒြာ တစ်ခုဖြင့် ရှေ့တူရူသို့ ရိုက်ချ တွန်းထုတ်လိုက်သည်။ သူ၏ လက်ဖဝါးက ကျောက်စိမ်းတံဆိပ်တော် တစ်ခုအသွင် ရှိနေ၏။ တံဆိပ်တော်က တောင်ကြီးတစ်လုံးကဲ့သို့ ရွေ့လျားလာပြီး တံဆိပ်တော် အောက်ခြေတွင် အဓိပ္ပာယ် မဖော်နိုင်သော တွန့်တွန့်လိမ်လိမ် စာလုံးများ ရှိနေသည်။ ထိုလက်ဟန်မုဒြာက ရိုးရှင်း၍ ရှေးကျသော အရှိန်အဝါ အငွေ့အသက်တစ်ခုကို သယ်ဆောင်၍ ချင်မူ၏ နတ်နဂါးနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ကောင်းကင် ဇောက်ထိုးမိုးမျှော် မုဒြာ...။
သူတို့ နှစ်ယောက်ထံမှ အားလှိုင်းများ ပေါက်ကွဲ ထွက်ပေါ်လာပြီး ခပ်အုပ်အုပ် အသံတစ်ခု မြည်ဟည်းသွားသည်။ ထိုအသံက ထူထပ်သိပ်သည်းလှသည့် မိုးသက်တိမ်ထုကြောင့် အောက်သို့ ဆင်းသက်လာနိုင်ခြင်း မရှိသော မိုးကြိုးလျှပ်စီးများကဲ့သို့ မပီဝိုးတဝါး ရှိ၏။
တောင်တံခါးရှေ့မှ နဂါးခေါင်းချီလင် သတ္တဝါကြီးမှာ ထိုအသံ ကြားသောအခါ ခေါင်းထောင်ထ၍ ဟိုဟိုသည်သည် ကြည့်လိုက်၏။
နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်က မိုးအောက် မြေပြင်တစ်လျှောက် ထိစပ်နေသည့် နံရံကြီး တစ်ခုနှင့် တွေ့ဆုံမိသွားသယောင် ရှိပြီး သူ့အားလှိုင်းက ၎င်းနံရံကို ထွင်းဖောက် မသွားနိုင်သည်ကို ခံစားမိသောအခါ ချင်မူ ဝမ်းသာရွှင်မြူးသွား၏။ "ဒီတောက်ကျစ်က တကယ့်ကို ထူးခြားတာပဲ... ငါ တွေ့ဖူးသမျှ ကျောင်းတော်သားတွေ အားလုံးထက် ပိုခွန်အားကြီးတယ်..."
နဂါးကိုးကောင်မုန်တိုင်း သိုင်းကွက်က အပြင်ပန်းတွင် အလွန်တရာ ကြမ်းတမ်း ပြင်းထန်သယောင် ထင်ရသော်လည်း တကယ်တမ်းတွင် နဂါးအားလှိုင်း လေးဆယ့်ငါးခု ကိန်းအောင်း ပါဝင်နေသော သိမ်မွေ့လှပသည့် သိုင်းကွက် တစ်ခု ဖြစ်သည်။ ဤအားလှိုင်းက လက်ဖဝါးအလယ်တွင် ကိန်းအောင်း သိုဝှက်၍ ပါလာပြီး ထိပ်တိုက် ရင်ဆိုင်မိလျှင် နဂါးအားလှိုင်း လေးဆယ်ငါးခုက ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်း တိုးဝင်ကာ ကိုယ်တွင်းကလီစာများကို ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာ ရသွားစေပေလိမ့်မည်။
တောက်ကျစ်လင်းရွှမ်၏ ဤကောင်းကင် ဇောက်ထိုးမိုးမျှော် မုဒြာက ထွင်းဖောက်နိုင်ခြင်း မရှိသော အကာအကွယ် အတားအဆီးကို ဖန်တီးပြီး သူ့လက်ဖဝါး အလယ်မှ နဂါးအားလှိုင်း လေးဆယ့်ငါးမျိုးကို ပိတ်ဆို့ ကာကွယ်ခဲ့၏။ ဤသည်က တောက်ကျစ်လင်းရွှမ် မည်မျှ စွမ်းအားကြီးကြောင်း သက်သေခံနေပေသည်။
ထိုအခိုက်၌ မရေမတွက်နိုင်သော ကျောက်သားစများက တောက်ကျစ်လင်းရွှမ်၏ ခန္ဓာကိုယ်ဘေးမှ ဖြတ်သန်းသွားသည်။
တောက်ကျစ်လင်းရွှမ်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွား၏။ သူ၏ ယင်ယန်တာအိုမျက်လုံးဖြင့် ထိုကျောက်သားစု သေးသေးလေးများ အကြားတွင် အလွန်တရာ သေးမျှင်သော ချီစွမ်းအင်ကြိုးများဖြင့် ချိတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။
ထိုချီစွမ်းအင်ကြိုးများက တုနှိုင်းမရအောင် သေးမျှင်လှပြီး သူ၏ ယင်ယန် တာအိုမျက်လုံးအောက်၌ ဝဲကတော့ပုံ လည်ပတ်နေသည့် ဓားသေးသေးလေးများ ဖြစ်နေကြောင်း မြင်တွေ့ရ၏။ ထိုဓားသေးသေးလေးများက ချင်မူ၏ ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤချီစွမ်းအင်ကြိုးမျှင်များမှာ မူလက ကျောက်သားစများအတွင်း ပုန်းကွယ် လိုက်ပါလာပြီး ယခုမှ ထွက်ပေါ်လာ၏။
"လှည်းဘီးထုဆစ်မုဒြာ..."
တောက်ကျစ်လင်းရွှမ်၏ လက်ချောင်း ဆယ်ချောင်းက လှုပ်ရှားသွား၏။ လက်ဖဝါး တစ်ဖက်က ပက်လက် အနေအထား၊ အခြား တစ်ဖက်က မှောက်လျက် အနေအထား ဖြစ်သွားပြီး သူ့ခေါင်းထက်၌ လှည်းဘီး နှစ်ခု၊ ခြေထောက်အောက်၌ လှည်းဘီး နှစ်ခု ပေါ်ထွက်လာသည်။ ထိုလှည်းဘီးများက ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တစ်မူ ထူးခြားသော ပုံသဏ္ဌာန် ရှိ၏။ ၎င်းတို့က အစီအရင် ဝင်္ကပါ တစ်ခုနှင့် တူပြီး အထက်မှ လှည်းဘီးများနှင့် အောက်မှ လှည်းဘီးများမှာ တစ်ခုနှင့် တစ်ခု ဆန့်ကျင်ဘက် လည်ပတ်နေသည်။
ထိုအစီအရင် ဝင်္ကပါက သူ့ကို လွှမ်းခြုံ အုပ်မိုးသွားတော့မည့် ဆဲဆဲတွင် ကျောက်သားစလေးများက ရုတ်တရက် အမှုန့်ဖြစ်သွားပြီး ကောင်းကင်တစ်ခွင်လုံး ပျံ့နှံ့ ဖုံးလွှမ်းသွားသည်။ ထိုကျောက်သားများအတွင်း ပုန်းကွယ် ကိန်းဝပ်လာသော ဓားချီများက တစ်မုဟုတ်ချင်း ပေါင်းစည်းသွားပြီး ချီစွမ်းအင် နဂါးစိမ်း တစ်ကောင် ဖြစ်သွား၏။ မရေမတွက်နိုင်သော ဓားချီများက အရှိန်အဟုန် ပြင်းထန်စွာ လည်ပတ်၍ နဂါးစိမ်းကြီး၏ ခန္ဓာကိုယ်အဖြစ် ဖွဲ့တည်လာသည်။
ဝဲကတော့ဓားချက်...။
ဆန့်ကျင်ဘက် လည်ပတ်နေသော လှည်းဘီး နှစ်ခုကြား၌ မရေမတွက်နိုင်သော ဓားငယ်များ ရုတ်ခြည်း ပေါ်ထွက်လာပြီး ဓားကန့်လန့်ကာကြီးအဖြစ် ဖွဲ့စည်း၍ ဝဲလည်လှည့်လာသော နဂါးစိမ်းနှင့် ထိပ်တိုက်တွေ့သွား၏။ ဓားချီများက အပိုင်းပိုင်းအစစ ပျက်စီး၍ အရပ်မျက်နှာအနှံ့ လွင့်စင်ထွက်သွားသည်။ ဤလူငယ်လေး နှစ်ယောက်က ဓားသိုင်းသက်သက် ယှဉ်ပြိုင်နေသည် မဟုတ်။ ကျင့်စဉ်စွမ်းအင်ချင်းလည်း ထိပ်တိုင် ရင်ဆိုင်နေ၏။
ဤနေရာတွင် နန်းတွင်းကောလိပ်မှ အခြား ကျောင်းတော်သားများသာ ရှိနေလျှင် သေချာပေါက် အကြီးအကျယ် အံ့အားသင့်သွားကြပေလိမ့်မည်။ ယခု ချင်မူက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ သင်ပြပေးခဲ့သော ဝဲကတော့ဓားချက်ကို ထုတ်သုံးနေခြင်း ဖြစ်သော်လည်း ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ သင်ပြပေးသကဲ့သို့ ဓားတိုင်လုံး ဖွဲ့စည်းခြင်း မရှိပေ။ ထိုအစား မရေမတွက်နိုင်သော ဝဲကတော့ ဓားချီများကို နဂါးစိမ်း တစ်ကောင်အဖြစ် ဖွဲ့စည်းထား၏။
တောက်ကျစ်လင်းရွှမ်မှာ ချီမူ၏ ချီစွမ်းအင်က သူ၏ ချီစွမ်းအင်ကို ဖိနှိပ်လာကြောင်း တစ်မုဟုတ်ချင်း ခံစားလိုက်မိသည်။ သူ၏ ကျင့်စဉ်စွမ်းအင်က တုနှိုင်းမရအောင် သိပ်သည်းလှသော်လည်း ချင်မူ၏ ကျင့်စဉ်စွမ်းအင်က သူ့ထက် သာနေသေး၏။ ဤသည်က မည်သို့မျှ မဖြစ်နိုင်သော အရာ ဖြစ်သည်။
တာအိုဂိုဏ်း၏ ရှန်းထျန်းထိုက်ရွှမ် ကျင့်စဉ်မှာ အားကောင်းသည့် ကျင့်စဉ်စွမ်းအင်ကြောင့် ထင်ရှားကျော်ကြားပြီး အဆင့်တူချင်း ယှဉ်လျှင် ရှန်းထျန်းထိုက်ရွှမ်ကျင့်စဉ်ကို မည်သည့် သိုင်းဂိုဏ်း၏ ကျင့်စဉ်ကမျှ မယှဉ်နိုင်ခဲ့ပေ။ ကျင့်စဉ်စွမ်းအင် ကြီးမားမှုကြောင့် ထပ်တူ နာမည်ကျော်ကြားသော တထာဂတ၏ မဟာယာန သုတ္တန် ကျင့်စဉ်ပင် မယှဉ်နိုင်ခဲ့။
သို့သော်လည်း ယခု ချင်မူ၏ ကျင့်စဉ်စွမ်းအင်က သူ့ထက် ပိုမြင့်မားသည်ဟု ခံစားရ၏။
လှည်းဘီးထုဆစ်မုဒြာမှာ အချိန်မရွေး ပြိုကွဲ ပျက်စီးတော့မည်ဟု ခံစားလိုက်ရသဖြင့် သူ၏ လှုပ်ရှားမှုများကို ပြောင်းလဲလိုက်၏။ သူ့တွင် မြင်းမြီးယပ် မရှိသည့်တိုင်အောင် သူ့လက်များကို ဖြန့်ကားလိုက်သောအခါ မရေမတွက်နိုင်သော ကြိုးမျှင်များ ပျံဝဲ ထွက်ပေါ်လာသည်။ ထိုကြိုးမျှင်များက ချီစွမ်းအင်ကြိုးမျှင်များ ဖြစ်ပြီး သူ၏ ထိန်းချုပ်မှုအောက်၌ ချီစွမ်းအင်ဓားများအသွင် ပြောင်းလဲ၍ လှည်းဘီးများ၏ အတွင်းမှ အပြင်ဘက်သို့ ထိုးစိုက်ကာ နဂါးစိမ်းကြီးကို ခုတ်ဖြတ်ရန် ကြိုးစားလိုက်၏။
ထိုသိုင်းကွက်သို့ ပြောင်းလိုက်သည့် အခိုက်တွင်ပင် လှည်းဘီးများ၏ အပြင်ဘက်မှ ချင်မူက သူ့ရှေ့တည့်တည့်သို့ ရောက်လာပြီ ဖြစ်သည်။ ချင်မူက လက်များကို ဆန့်၍ မရေမတွက်နိုင်သော ကျောက်မှုန့်၊ ဖုန်မှုန့်များကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူ၏ ချီစွမ်းအင် ပေါက်ကွဲ ထွက်ပေါ်လာပြီး လက်ထဲတွင် စုစည်းမိသော ကျောက်မှုန့်၊ ဖုန်မှုန့်များကို လှံတစ်လက်အဖြစ် ဖွဲ့စည်း၍ တဝီဝီ လည်ပတ်နေသော လှည်းဘီးများထံ ထိုးထည့်လိုက်သည်။
တောက်ကျစ်လင်းရွှမ်က အခြားလက်တစ်ဖက်ဖြင့် ကောင်းကင် ဇောက်ထိုးမိုးမျှော် မုဒြာကို အသုံးပြု၍ ထိုလှံတံကြီးကို တားဆီးရန် ကြိုးစားလိုက်၏။ သို့သော်လည်း သူ့နားထဲတွင် ပေါက်ကွဲ မြည်ဟည်းသံများ အဆက်မပြတ် ကြားလိုက်မိသည်။ ချင်မူက သူ၏ လက်ဝါးစောင်းများကို ဓားမအဖြစ် အသုံးပြု၍ မုန်တိုင်းထန် မြို့ပြများအပေါ်မှ သန်းခေါင်ယံတိုက်ပွဲ သိုင်းကွက်ကို ထုတ်သုံးပြီး မရေမတွက်နိုင်သော ဓားမခုတ်ချက်များဖြင့် လှည်းဘီးများကို ခုတ်ဖြတ်ပစ်သည်။
တောက်ကျစ်လင်းရွှမ်၏ လှည်းဘီးထုဆစ်မုဒြာမှာ တစ်မုဟုတ်ချင်း ပြိုကွဲသွား၏။ အခြေအနေ မကောင်းတော့မှန်း သူ သိလိုက်သည်။ ထိုတစ်ခဏ၌ သူ့ရင်ဝတွင် လက်ဝါးစောင်း ခုတ်ချက်များ မိုးသီးမိုးပေါက်ပမာ ကျလာသည်ကို ခံစားလိုက်ရပြီး သွေးများ ဖြာကျ၍ နောက်သို့ လွင့်ထွက်သွား၏။
သူ၏ အားအဟုန်ကို စုစည်း၍ နောက်ခုန်ဆုတ်ကာ ကိုယ်ဟန် ပြန်ထိန်းလိုက်၏။ ချီစွမ်းအင် ကြိုးမျှင်တန်းများက နဂါးစိမ်း၏ ခန္ဓာကိုယ်ထဲသို့ လူးလွန့် တိုးဝင်၍ အရပ်မျက်နှာအနှံ့ ဖောက်ထွက်သွားသဖြင့် နဂါးစိမ်းကြီးမှာလည်း ပြိုကျ ပျက်စီးသွားသည်။
ထိုနဂါးစိမ်းက မြေပေါ်သို့ ပြုတ်ကျသွားသည်နှင့် မရေမတွက်နိုင်သော ချီစွမ်းအင် ဓားသေးသေး မျှင်မျှင်လေးများ အဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း ပြန်လည် စုစည်းကာ မြေကြီးထဲ တိုးဝင်သွား၏။
"မကောင်းတော့ဘူး..."
တောက်ကျစ်လင်းရွှမ် သူ့လက်ဖဝါးဖြင့် အောက်ဘက်သို့ ရိုက်ချလိုက်သည်။ မရေမတွက်နိုင်သော ချီစွမ်းအင် ကြိုးမျှင်တန်းများက မြေကြီးထဲ ထိုးဖောက် ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်ကို အပေါ်သို့ ပင့်တင်လိုက်၏။
ချီစွမ်းအင် ကြိုးမျှင်တန်းများ သူ့ခြေထောက်တွင် ပင့်တင်လျက်သားနှင့် လေထဲတွင် ပျံဝဲနေသည့်နှယ် ပြေးလွှားလိုက်သည်။ သူ့အောက်ဘက်တွင်တော့ နဂါးစိမ်းတစ်ကောင်က မြေကြီးထဲမှ တိုးထွက်လာပြီး ပြန်လည် ငုပ်လျှိုးသွား၏။ ထိုနဂါးစိမ်း မြေကြီးထဲမှ တိုးထွက်လာသည့် အခါတိုင်း ချင်မူ၏ ခြေထောက်များက နဂါးခေါင်းပေါ်သို့ တိုက်တိုက်ဆိုင်ဆိုင် ကျဆင်း၍ လေထဲမှ တောက်ကျစ်လင်းရွှမ်နောက် လျင်မြန်စွာ ပြေးလိုက်လာ၏။
ချင်မူက သူ၏ လက်ချောင်းများကို တစ်ချောင်းပြီး တစ်ချောင်း တောက်ထုတ်လိုက်၏။ မိုးခြိမ်းသံများက တဂျိမ်းဂျိမ်း ထွက်ပေါ်လာသည်။ ထိုမိုးခြိမ်းသံ ဂျိုးဂျိုးဂျိမ့်ဂျိမ့်ကြား၌ ဂီတသံစဉ် တစ်ခုက တွဲဖက် ပါဝင်လာ၏။ တောက်ကျစ်လင်းရွှမ်၏ အမူအရာ ကွက်ခနဲ ပျက်သွားသည်။ "သေစမ်း... သူက တိုက်စစ်ကို ဦးသွားပြီ... တာအိုဂိုဏ်းရဲ့ အမွေအနှစ်ဓားသိုင်းကို ထုတ်သုံးမှပဲ ရတော့မယ်..."