နတ်ဘုရားတွေကို ခေါင်းဖြတ်နိုင်သလား
Vol. 10 Ch. 138
တန်းယန်ကျစ်မှာ ထရပ်လိုက်မိပြီး တောက်ကျစ်လင်းရွှမ်နှင့် ချင်မူတို့၏ တိုက်ပွဲကို ကြည့်လိုက်သည်။ နဂါးတစ်ပိုင်း ချီလင်တစ်ပိုင်း ဆန်းကြယ်သားရဲကတော့ ဤဘက်ခြမ်းတွင် ဖြစ်နေသမျှကို စိတ်ဝင်စားခြင်း မရှိတော့ဘဲ ပြန်အိပ်သွား၏။
"တောက်ကျစ်က ဆက်တောင့်မခံနိုင်တော့ဘူး... သူ့အစွမ်းကုန် သုံးတော့မယ်..." တန်းယန်ကျစ် ရင်ထဲတွင် အံ့အားသင့်မိသွားသည်။
ချင်မူ၏ တိုက်ခိုက်မှုများက မြန်ဆန်လွန်းပြီး ပြင်းထန်အားကောင်းလှသည်။ သူ့တိုက်စစ်ကို စဖွင့်သည်နှင့် တစ်ဘက်ရန်သူကို အသက်ရှူခွင့် မပေးတော့။ အရှုံးပေးသည်၊ သေသည်အထိ အဆက်မပြတ် တိုက်ခိုက်သွားမည် ဖြစ်၏။
တောက်ကျစ်လင်းရွှမ်မှာ ကျင့်စဉ်စွမ်းအင်ပိုင်းတွင် အသာမရသကဲ့သို့ သိုင်းကွက်ပိုင်းအရလည်း ချင်မူ၏ ဖိနှိပ်တိုက်ခိုက်ခြင်း ခံနေရသည်။ သူ၏ အရပ်ခြောက်မျက်နှာ ကောင်းကင်ရတနာကို ပိတ်ဆို့ထားသဖြင့် သူ တတ်မြောက်ထားသော သိုင်းကွက်နှင့် ကောင်းကင်နတ်သိုင်း များစွာကို ထုတ်သုံးနိုင်ခြင်း မရှိ။ ယခု သူ့အနေဖြင့် တာအိုဂိုဏ်း၏ အမွေအနှစ် ဓားသိုင်းကို ထုတ်သုံးရုံသာ ရှိတော့သည်။
ဂိုဏ်းအမွေအနှစ် ဓားသိုင်းသာလျှင် လက်ရှိ အခြေအနေကို ပြောင်းပြန်လှန်၍ အရှုံးမှ အနိုင်ဖြစ်အောင် လုပ်နိုင်ပေလိမ့်မည်။
တစ်ခု ပြောစရာ ရှိသည်မှာ တောက်ကျစ်လင်းရွှမ်အနေဖြင့် ဂိုဏ်းအမွေအနှစ် ဓားသိုင်းကို ဓာတ်ကြီးငါးပါးအဆင့်ဖြင့် ထုတ်သုံးနိုင်ပါမည်လား တန်းယန်ကျစ်ပင် မသိခြင်း ဖြစ်၏။
တာအိုဂိုဏ်း၏ အမွေအနှစ် ဓားသိုင်းက ချီစွမ်းအင် မြင့်မြင့်မားမား ရှိရန် လိုအပ်ပြီး ဓားကွက်ကို ထုတ်သုံးရန် လိုအပ်သည့် ချီစွမ်းအင် ပမာဏကလည်း များပြားလွန်းလှသည်။ တန်းယန်ကျစ်၏ ခန့်မှန်းချက်အရဆိုလျှင် တောက်ကျစ်လင်းရွှမ် ထိုဂိုဏ်းအမွေအနှစ် ဓားသိုင်းကို ထုတ်သုံးသည်နှင့် သူ၏ ချီစွမ်းအင် ကုန်ခန်းသွားပေလိမ့်မည်။
သူ တွေးနေစဉ်မှာပင် တောက်ကျစ်လင်းရွှမ်၏ လက်ထဲမှ ချီစွမ်းအင်ကြိုးမျှင်များက စတင် အသွင်ပြောင်းလာ၏။ ထူးဆန်း အံ့ဩဖွယ် ကောင်းလှစွာပင် ထိုချီစွမ်းအင်ကြိုးမျှင် တစ်ဝက်က အနက်ရောင် ပြောင်း၍ ကျန်တစ်ဝက်က အဖြူရောင် ပြောင်းသွားသည်။ အနက်ရောင်နှင့် အဖြူရောင် ချီစွမ်းအင်များက တစ်ခုနှင့် တစ်ခု လှည့်ပတ် စီးဆင်းနေပြီး လေထုထဲတွင် ယင်ယန်စက်ဝိုင်းပုံ ပေါ်ထွက်လာ၏။
တာအိုဂိုဏ်း၏ အမွေအနှစ် ဓားသိုင်း၊ တာအိုဓား ဆယ့်လေးခန်းမှ ပထမ ဓားကွက်...။ အဆုံးမရှိသော လှုပ်ရှားမှုများကို ဆက်သွယ်သည့် အစက်အပြောက်၊ လမ်းနှစ်သွယ် ဝဲလည်လှည့်သည့် ယင်နှင့်ယန်...။
တောက်ကျစ်လင်းရွှမ်၏ လက်နှစ်ဖက်က တစ်ဆတ်ဆတ် တုန်ခါလာပြီး အဖြူရောင်နှင့် အနက်ရောင် ယင်ယန်စက်ဝိုင်းမှာ အောက်ဘက်သို့ နိမ့်ဆင်း ပိကျလာ၏။
တန်းယန်ကျစ်မှာ သက်ပြင်းချလိုက်မိပြီး ကျေနပ်နှစ်သိမ့်သွားသည်။ တောက်ကျစ်လင်းရွှမ်က တောက်ကျစ်ပီသ၏။ ဂိုဏ်းအမွေအနှစ် ဓားသိုင်းကို ဓာတ်ကြီးငါးပါးအဆင့် ကျင့်စဉ်စွမ်းအင်ဖြင့် ထုတ်သုံးနိုင်စွမ်း ရှိသည်။
တာအိုဂိုဏ်း၏ အမွေအနှစ် ဓားသိုင်းကို သင်ယူလေ့ကျင့်ခဲ့သူ အများအပြား ရှိခဲ့သော်လည်း အောင်မြင်အောင် လေ့ကျင့်နိုင်သူ များများစားစား မရှိခဲ့ပေ။ ထိုသို့ အောင်မြင်အောင် လေ့ကျင့်နိုင်သူ အားလုံးနီးပါးမှာလည်း ဂိုဏ်းအမွေအနှစ် ဓားသိုင်းကို ဓာတ်ကြီးငါးပါးအဆင့်ဖြင့် ထုတ်သုံးနိုင်ခြင်း မရှိခဲ့။ ဤဓားသိုင်း၏ ချီစွမ်းအင် လိုအပ်ချက်က မြင့်မားလွန်းလှသဖြင့် ဓာတ်ကြီးငါးပါးအဆင့် မဆိုထားနှင့်၊ ကောင်းကင်နတ်သိုင်း ပညာရှင်များပင် ထုတ်ဖော် အသုံးပြုရန် ခက်ခဲလှသည်။
ထို့ပြင် ဤဓားသိုင်းကို လေ့ကျင့် တတ်မြောက်ရန်အတွက် အလွန်တရာ မြင့်မားသော အထုံပါရမီနှင့် ထိုးထွင်းသိမြင်နိုင်စွမ်း ရှိရန် လိုအပ်၏။ ထိုလိုအပ်ချက်များအနက် အရေးအကြီးဆုံးမှာ တွက်ချက်မှု စွမ်းရည် ဖြစ်သည်။
သင်္ချာကျမ်း ဆယ်ကျမ်းကပင် အကြီးအကျယ် ခေါင်းခဲစရာ ဖြစ်နေပြီ ဖြစ်၏။ ထိုသင်္ချာကျမ်းများအပြင် တယန်ကျမ်းနှင့် စစ်ယွမ်ယွိကျန့်ကျမ်းတို့ကဲ့သို့သော ရှေးဟောင်း ဂန္တဝင် အတွက်အချက်ကျမ်းများလည်း ရှိသေးသည်။
တောက်ကျစ်လင်းရွှမ်က အတွက်အချက်စွမ်းရည် မြင့်မားသူများ အကြားတွင်ပင် အထူးချွန်ဆုံး ပါရမီအရည်အချင်း ရှိသူ ဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နှင့် အလွန်တရာ မြင့်မားသော သင်္ချာစွမ်းရည်ကို ထုတ်ပြနိုင်ခဲ့သည်။ ထိုမျှ မြင့်မားသော တွက်ချက်မှု စွမ်းရည် အခြေခံအုတ်မြစ် ရှိသည် ဖြစ်၍ သူအနေဖြင့် တာအိုဓား ဆယ့်လေးခန်းကို သင်ယူရာတွင် အခြားသူများထက် ပိုမို လွယ်ကူ မြန်ဆန်ခဲ့သည်။
တာအိုဓား ဆယ့်လေးခန်း၏ ဓားကွက်များမှာ တစ်ကွက်ထက် တစ်ကွက် ပိုမို ခက်ခဲလာပြီး ဆယ့်လေးကွက်မြောက်ကို ကျင့်ကြံ အောင်မြင်နိုင်သူ မရှိသလောက်နီးပါး ဖြစ်၏။ လက်ရှိ တာအိုသခင်ပင် ဆယ့်လေးခန်းမြောက် ဓားကွက်ကို အောင်မြင်အောင် လေ့ကျင့်နိုင်ခြင်း မရှိသေးပေ။
သို့သော်လည်း တာအိုသခင်က တောက်ကျစ်လင်းရွှမ်အပေါ် မျှော်လင့်ချက် ကြီးစွာထားပြီး ဆယ့်လေးခန်းမြောက် ဓားကွက်ကို အောင်မြင်အောင် လေ့ကျင့်နိုင်မည့်သူဟု ယူဆထားသည်။
တာအိုသခင်က ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကိုပင် တာအိုဓား ဆယ့်လေးခန်း ဖတ်ရှု လေ့လာခွင့် ပြုခဲ့သည်။ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံကလည်း သူ၏ ဓားပညာသဘောတရား စာအုပ် ဖြစ်သော ကောင်းကင်သားတော်၏ ဓားသုံးလက် စာအုပ်တွင် တာအိုဓား ဆယ့်လေးခန်း၏ လွှမ်းမိုးမှု များစွာ ပါဝင်သည်ဟု ဖော်ပြခဲ့၏။
သို့ဖြစ်ရာ တောက်ကျစ်လင်းရွှမ်၏ ဤဓားကွက်က မည်မျှ စွမ်းအား ပြင်းထန်မည် ဖြစ်ကြောင်း မှန်းဆကြည့်နိုင်ပေသည်။
အနက်ရောင်နှင့် အဖြူရောင် ယင်ယန်စက်ဝိုင်းကြီး နိမ့်ဆင်းကျလာသည်ကို ကြည့်၍ ချင်မူ အံ့အားသင့်သွားသည်။ ဤဓားသိုင်းက သာမန်သေမျိုးဓားသိုင်းပင် မဟုတ်တော့။ ယင်နှင့်ယန် ဝဲလည်လှည့်၍ ပေါက်ကွဲ ထွက်ပေါ်လာသော စွမ်းအားက အနီးသို့ မရောက်မီမှာပင် သူ့ရင် တဒိတ်ဒိတ် ခုန်အောင် ကြောက်ရွံ့တုန်လှုပ်စရာ ကောင်းလှ၏။
သူ့လက်ချောင်းများကို တစ်ထောက်ထောက် တောက်ထုတ်လိုက်သည်။ မိုးကြိုးလက်ချောင်း သိုင်းကွက်မှ စူးရှ ပြင်းထန်သော အားအင်က မိုးခြိမ်းသံ တဂျိန်းဂျိန်းနှင့်အတူ ပြေးထွက်သွားသည်။ သို့သော်လည်း မိုးကြိုးရှစ်ချက် လက်သီးသိုင်းကဲ့သို့သော ပထမတန်းစား သိုင်းကွက်ပင် ထိုယင်ယန်စက်ဝိုင်းနှင့် ရင်ဆိုင်ရသောအခါ အသုံးမဝင် ဖြစ်သွား၏။ ချင်မူ၏ တိုက်ခိုက်မှုက ပင်လယ်သမုဒ္ဓရာထဲ ပြေးဝင်သွားသည့် ရွှံ့ရုပ်နွားပမာ သဲထဲရေသွန် ဖြစ်သွားသည်။
ဝှစ်...။
ချင်မူ၏ ခြေထောက်အောက်မှ နဂါးစိမ်းမှာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ရုတ်ခြည်း ပေါက်ကွဲ ပျက်စီးကာ မရေမတွက်နိုင်သော ဓားရောင်များအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ထိုဓားရောင်များ အားလုံး သူ့လက်ထဲသို့ ကျရောက်လာပြီး ဓားရှည်တစ်လက်အဖြစ် အသွင်ပြောင်းသွား၏။
ချင်မူက တည်ကြည်လေးနက်သော အမူအရာဖြင့် အောက်သို့ နိမ့်ဆင်းပိကျလာသော အဖြူရောင်နှင့် အနက်ရောင် ယင်ယန်စက်ဝိုင်းကို ရင်ဆိုင်လိုက်သည်။
သူ့လက်ထဲမှ ဓားမှာ ပန်းချီဆရာ၏ လက်ထဲမှ အသိမ်မွေ့ဆုံးသော စုတ်တံ၊ ခရီးသွား၏ အလေးလံဆုံးသော ခြေလှမ်း၊ သီချင်းသည် တစ်ယောက်၏ သံစဉ်၊ ကချေသည် တစ်ယောက်၏ ကကြိုး ဖြစ်၏။ ရွာလူကြီး သင်ပေးခဲ့သော ဓားကွက်ကို သူ ထုတ်သုံးလိုက်သည်။
တောင်တန်းနှင့် မြစ်ပြင်များအကြား ဖြတ်လျှောက်သွားသော ဓား...။
နတ်ဘုရားတွေကို ခုတ်ဖြတ်ချနိုင်သလား...။
ခုတ်ဖြတ်ချနိုင်တယ်...။
သူ၏ ဓားချက်အောက်၌ ဓားရောင်များ လင်းလက်သွားသည်။ အလင်းနှင့် အမှောင်၊ ပေါ့ပါးခြင်းနှင့် လေးလံခြင်း၊ လျင်မြန်မှုနှင့် နှေးကွေးမှုတို့က စည်းချက်ကျစွာ ပေါင်းစည်းသွားပြီး ထိုတစ်ခဏအတွင်းတွင် အခြေခံဓားချက် ဆယ့်လေးချက်က အပြောကျယ်လှသော တောင်တန်းများနှင့် မြစ်ပြင်များအဖြစ် ဖွဲ့စည်းသွားသည်။
တာအိုဂိုဏ်း၏ တာအိုဓား ဆယ်လေးခန်းက သေမျိုးကမ္ဘာမှ မဟုတ်သကဲ့သို့ ရွာလူကြီး သင်ပေးခဲ့သည့် ဓားပန်းချီကလည်း သေမျိုးကမ္ဘာမှ မဟုတ်...။
နတ်ဘုရားများကို ခုတ်ဖြတ်ချနိုင်သော ဓားကွက်...။
နတ်ဘုရားများကို ခုတ်ဖြတ်ချနိုင်ပါ၏လား...။
ဤဓားကွက်ကို အသုံးပြုသူ၏ ရင်ထဲတွင် နတ်ဘုရား မရှိရ၊ မိစ္ဆာ မရှိရ၊ ဗုဒ္ဓ မရှိရ...။ နတ်ဘုရားများ၊ မိစ္ဆာနတ်ဆိုးများနှင့် ဗုဒ္ဓကို အရိုအသေမဲ့နိုင်၍ နတ်ဘုရားများကို ခုတ်ဖြတ်ချနိုင်သော နှလုံးသား ရှိရမည်။
တန်းယန်ကျစ်၏ မျက်ဝန်းထောင့်စွန်းများ တွန့်ခနဲ ဖြစ်သွားပြီး အလျင်အမြန် ထရပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် နဂါးတစ်ဝက်၊ ချီလင်တစ်ဝက် ဆန်းကြယ်သားရဲကြီးမှာလည်း အိပ်ပျော်နေရာမှ နိုးလာပြီး ရုတ်တရက် ခေါင်းထောင် ကြည့်လိုက်၏။
ကောင်းကင်ယံတွင် ဓားကွက်နှစ်ခု ထိပ်တိုက် ရင်ဆိုင်တွေ့သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး လင်းထိန်သွားသည်။ အဖြူရောင်နှင့် အနက်ရောင် ယင်ယန်စက်ဝိုင်းကြီးမှာ တဖြည်းဖြည်းချင်း ပြန့်ကားလာသော တောင်တန်းနှင့် မြစ်ပြင်များအောက်၌ ပြိုကွဲ ပျက်စီးသွား၏။ မျက်စိတစ်မှိတ်အတွင်း၌ တောက်ကျစ်လင်းရွှမ်၏ ကိုယ်ပေါ်တွင် ဒါဇင်ချီသော ဓားဒဏ်ရာများ ပေါ်ထွက်လာပြီး တစ်ကိုယ်လုံး သွေးခြင်းခြင်းနီသွားသည်။
ရုတ်တရက် သူ့မျက်လုံးများ အရောင်တောက်သွား၏။ "ဟာကွက်..."
ချင်မူမှာ သူ့အကြည့်ကို သတိပြုမိပြီး အံ့အားသင့်သွားသည်။ ထိုရသေ့ပျို၏ အကြည့်က သူ၏ ဘယ်ဘက်ပခုံးပေါ်သို့ ကျရောက်နေပြီး တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေရာက လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်၏ အားနည်းချက် တည်ရှိသော နေရာ ဖြစ်သည်။
"ချီ ကဲ့ သို..."
ချင်မူက သူ့လက်ကို ပင့်မြှောက်၍ မုဒြာလက်ဟန် တစ်ခု ပြုလိုက်၏။ ကြီးမြတ်သော အားအင် မုဒြာ...။
ဤမုဒြာဖြင့် သူ၏ ဘယ်ဘက်ပခုံးကို ကာကွယ်၍ အခြားလက်ထဲမှ ကြီးမား ပြန့်ကားလာသော ဓားရောင်ဖြင့် တောက်ကျစ်လင်းရွှမ်ကို ထိုးစိုက်လိုက်သည်။
ရွှစ်...။
တောက်ကျစ်လင်းရွှမ်၏ ဓားချက်က သူ့လက်ဖဝါးကို ထိုးစိုက်သွားသည်။ ဓားထိပ်ဦးက သူ၏ ဘယ်ဘက်ပခုံးပေါ်သို့ ကျရောက်လာသော်လည်း သူ့ကိုယ်ပေါ်မှ ရွှေချည်ထိုး အင်္ကျီ၏ ကာကွယ်မှုကြောင့် အသားထဲထိ ထိုးစိုက်မိခြင်း မရှိချေ။ သို့သော်လည်း ဓားရောင်၏ အားလှိုင်းက ထိုးစိုက်ဝင်လာသဖြင့် ချင်မူ၏ ပခုံးတစ်ခြမ်းလုံး စူးအောင့်နာကျင်သွားသည်။
တစ်ချိန်တည်းမှာပင် တောက်ကျစ်လင်းရွှမ်၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်ခါ၍ ယိမ်းယိုင်သွား၏။ သူ့ကိုယ်ပေါ်၌ ဒါဇင်ချီသော အပေါက်ငယ်များ ပေါ်ထွက်လာပြီး မြေပြင်ပေါ် ပုံလဲကျသွားသည်။
ချင်မူက ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ဓားချွန်လေးများကို ရုပ်သိမ်းလိုက်ပြီး ဦးညွှတ် ဂါရဝပြုလိုက်သည်။ "အနိုင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."
တောက်ကျစ်လင်းရွှမ်က အားယူ၍ ထရပ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့ကိုယ်ပေါ်မှ အပေါက်ရာများမှ သွေးများ တသွင်သွင် စီးကျနေ၏။ တန်းယန်ကျစ်က အလျင်အမြန် ပြေးလာပြီး ဆေးကုသပေးရန် ပြင်လိုက်သော်လည်း တောက်ကျစ်လင်းရွှမ်က လက်ဆန့် ဟန့်တား၍ အဝတ်အစားများ သပ်သပ်ယပ်ယပ် ဖြစ်အောင် ဆွဲဆန့်ကာ ပြန်လှန် ဂါရဝပြုလိုက်သည်။ "သင်ကြားမှုအတွက် ကျေးဇူးတင်ပါတယ်..." ထို့နောက်မှ တန်းယန်ကျစ် ကမ်းပေးလာသော ဆေးလုံးကို မျိုချလိုက်၏။
တန်းယန်ကျစ်က သွေးတိတ်ဆေးများ အလျင်အမြန် လိမ်းပေးလိုက်သည်။ ထို့နောက် တာအိုရသေ့အိုနှင့် ရသေ့ပျို နှစ်ပါးမှာ ထရပ်၍ ချင်မူ့ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ ချင်မူက ပြန်လှန် ဦးညွှတ် နှုတ်ဆက်ပြီး ထိုရသေ့နှစ်ပါး ဝါးခမောက်များ ဆောင်း၍ လှည့်ထွက်သွားသည်ကို မျက်စိတစ်ဆုံး ကြည့်လိုက်၏။
သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည်နှင့် ချင်မူ၏ မျက်နှာ အမူအရာမှာ ရုတ်ခြည်း ပြောင်းလဲသွားပြီး ဘယ်ဘက်ပခုံးကို ဆုပ်ကိုင်၍ လေအေးများ တစ်ဝကြီး ရှိုက်သွင်းလိုက်သည်။ "အိုး... နာလွန်းလို့ သေတော့မယ်... ဟိုအဘိုးကြီး တန်းယန်ကျစ်က အတော် ကပ်စေးနဲတာပဲ... ငါ့ကို ဆေးလေး နည်းနည်းတောင် ပေးမသွားဘူး..."
တောက်ကျစ်လင်းရွှမ်၏ ဓားချက်က သူ့အရိုးများကိုပါ ထိခိုက် ဒဏ်ရာ ရစေခဲ့သဖြင့် ဘယ်ဘက်လက်နှင့် ပခုံးတစ်ခုလုံးမှ နာကျင်မှုက အသည်းခိုက်လုမျှ ခံစားရသည်။ ချင်မူမှာ တကျွတ်ကျွတ် စုတ်သပ်ကာ တောင်ပေါ် ပြန်တက်ရန် ပြင်လိုက်စဉ် ခြေချော်၍ ယိမ်းယိုင်သွားပြီး သံကြိုးများ တုပ်နှောင်ထားသော နဂါးတစ်ဝက်၊ ချီလင်တစ်ဝက် ဆန်းကြယ်သားရဲကြီးကို အားပြု ဖမ်းထိန်းလိုက်ရ၏။
သူ ချီစွမ်းအင်ကို အလွန်အကျွံ အသုံးပြုခဲ့မိသည်။ တောင်တန်းနှင့် မြစ်ပြင်များ အကြားမှ ဖြတ်လျှောက်သွားသော ဓားကွက်ကို ထုတ်သုံးရန် ချီစွမ်းအင် များစွာ ကုန်ဆုံးခဲ့သဖြင့် သူ့ကိုယ်သူပင် ထိန်းမတ်ရန် အားမရှိ ဖြစ်သွား၏။
ချင်မူမှာ တောင်တံခါးဝကို အကြိမ်ပေါင်းများစွာ ဖြတ်လျှောက်ဖူးသော်လည်း ဤဆန်းကြယ်သားရဲကြီးကို သတိပြုမိခြင်း မရှိဘဲ နဂါးချီလင် ရုပ်တု တစ်ခုသာ ဖြစ်မည်ဟု ထင်ခဲ့၏။ ယခု ထိုရုပ်တုကို ထောက်၍ ကိုယ်ဟန်ထိန်းလိုက်ရာတွင် မမျှော်လင့်ဘဲ ပျော့အိအိ အထိအတွေ့ကို ရလိုက်သဖြင့် အလန့်တကြား ထခုန်လိုက်မိသည်။
ထိုနဂါးချီလင် ဆန်းကြယ်သားရဲက သူ့ကို မျက်လုံးလှန်ကြည့်လိုက်၏။ ထို့နောက် သူ့ပခုံးကို လျှာဖြင့် လှမ်းလျက်လိုက်သည်။
ချင်မူမှာ သူပခုံး တစ်ခုလုံး တဖြည်းဖြည်း အေးမြလာပြီး နာကျင်မှု လျော့ပါးသွားကြောင်း ခံစားလိုက်မိ၏။ ကမန်းကတန်း အင်္ကျီလှန်၍ ကြည့်လိုက်ရာ ဓားရောင် အားလှိုင်းကြောင့် ရခဲ့သော ဓားဒဏ်ရာက ကျုံ့ဝင်သွားကြောင်း တွေ့ရသည်။ သူ ရရှိထားသည့် ဓားဒဏ်ရာ တစ်ဒါဇင်လောက်မှာ ပြန်လည်၍ အနာကျက် အသားတက်လာ၏။
ချင်မူ အံ့အားသင့်သွားသည်။ "ဒါ... ဒါက... နဂါးတံတွေးလား... ချီလင်တံတွေးလား... ဘာပဲဖြစ်ဖြစ် အတော်ကောင်းတဲ့ ဆေးစွမ်းအာနိသင် ရှိတာပဲ..."
သူ့လက်ကို ကမန်းကတန်း မြှောက်ပေးလိုက်၏။ ထိုဆန်းကြယ်သားရဲကြီးက သူ့လက်ကိုလည်း လျက်လိုက်သည်။
ချင်မူ သူ့လက်မှ ဓားဒဏ်ရာများကို ကြည့်လိုက်သောအခါ အပင်ပေါက်လေး များ အညှောင့်ထွက်လာသကဲ့သို့ လျင်မြန်စွာ အနာကျက်၍ အသားပြန်ပြည့်လာကြောင်း မြင်တွေ့ရသည်။ အရိုးမှ ဒဏ်ရာများလည်း ပျောက်ကင်းသွားဟန် ရှိပြီး အရေပြားမှာလည်း ပြန်ဆက်သွား၏။
"နောင်တော်ကြီး... ဆီးသီးချဉ်ချဉ်လေးတွေ စားမလား..."
ချင်မူက ဆောင့်ကြောင့် ထိုင်ချ၍ ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ကာ ထိုဆန်းကြယ်သားရဲကြီး၏ ပါးစပ်အောက်တွင် ထားပြီး ပြုံးလိုက်၏။ "အဲဒီ ဆီးသီးက အချဉ်တကာ့ အချဉ်ဆုံးပဲ... ချဉ်လွန်းလို့ သွားတွေတောင် ကျွတ်ကျသွားဦးမယ်... မကြိုက်ဘူးလား... အဲဒါဆို မက်မန်းသီးရော... မက်မန်းသီးကလည်း အတော်ချဉ်တဲ့ အသီးမျိုးပဲ... တွေးမိတာနဲ့ သွားရည်တမြားမြား ကျလာမယ်... ဒါလည်း မကြိုက်ဘူးလား... သံပရာသီး ဆိုရင်ရော..."
ဆန်းကြယ်သားရဲကြီးက သူ့ကို စိတ်ပျက်လက်ပျက် မျက်လုံးလှန်ကြည့်၍ တစ်ဘက်လှည့်သွားသည်။ ၎င်းက မလှုပ်မယှက် နှုတ်ဆိတ်နေပြီး မည်သည့် သွားရည်၊ တံတွေးမျှ စီးကျမလာပေ။
"အဲဒါဆို ဘာစားချင်တာ ရှိလဲ..." ချင်မူက မေးလိုက်၏။
"တောင်ပေါ်မှာ အစိမ်းရောင် နွားကြီး တစ်ကောင် ရှိတယ်... အဲဒီနွားကို ငါ မျက်စိကျနေတာ အတော်ကြာပြီ..."
ထိုနဂါးချီလင် ဆန်းကြယ်သားရဲကြီးက ရုတ်တရက် ပါးစပ်ဟ၍ စကားပြောလာပြီး ရှေ့တူရူသို့ ငေးစိုက်၍ မလှုပ်မယှက် ပြန်ဖြစ်သွားသည်။ "မင်း အဲဒီနွားကို ဖမ်းယူလာနိုင်လား..."
ချင်မူက သူ့ရင်ဘတ်သူ ပုတ်၍ ပြုံးလိုက်၏။ "နောင်တော်ကြီးလို သစ္စာရှိညီကိုမျိုးနဲ့ ကျွန်တော် သေချာပေါက် မိတ်ဆွေဖွဲ့မှာပေါ့... စိတ်အေးအေးထား... မကြာစေရဘူး၊ နောင်တော်ကြီး ပြောတဲ့နွားကို ဒီအရောက် ခေါ်လာမယ်..."
ထိုနဂါးချီလင်မှာ ဝမ်းသာရွှင်မြူး၍ သူ့ပါးစပ်ထောင့်စွန်းမှ သွားရည်များ စီးကျတော့မလို ဖြစ်ပြီးမှ ပြန်လည် စုပ်သွင်းသွား၏။
ချင်မူမှာ မည်သို့မျှ မတတ်နိုင်ဘဲ တောင်ပေါ်သို့ ပြန်တက်လာခဲ့ရပြီး တီးတိုး ရေရွတ်လိုက်သည်။ "ကြည့်ရတာ ဒီနဂါးသွားရည်ကို ရဖို့ အဲဒီ နွားစိမ်းကြီးကို ဖမ်းရမဲ့ တစ်နည်းပဲ ရှိတော့မယ် ထင်တယ်... သူ ပြောတဲ့ နွားစိမ်းကြီးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ... ခြံဝင်းတစ်ခုထဲမှာ မြက်စားနေတာ... အင်း... လင်းအာကိုပဲ သွားမေးတာ ကောင်းမယ်... သူက တောင်ပေါ်မှာ ဟိုသွားဒီသွား လျှောက်သွားနေတာ၊ သူ ပိုသိမယ်..."
သူ တောင်ပေါ်သို့ ပြန်တက်သွားသည့် အချိန်တွင်ပင် ကျောင်းတော်သားအိမ်ရာနှင့် တော်ဝင်ခြံဝင်းမှ ကျောင်းတော်သားများ တစ်ယောက်ပြီးတစ်ယောက် နိုးထလာကြ၏။ သူတို့က တူရာတူရာ စုဖွဲ့၍ တောင်အောက်သို့ ဆင်းလာပြီး ချင်မူ့ဘေးမှ ဖြတ်လျှောက်သွားကြသည်။ မင်းသား တစ်ပါးက ပြောလိုက်၏။ "ဧကရာဇ် အတိုင်ပင်ခံရဲ့ သင်ခန်းစာကို နားထောင်ပြီး ငါ့ကျင့်စဉ်က အတော်လေး တိုးတက်လာတယ်လို့ ခံစားရတယ်... အဲဒီ တောက်ကျစ်နဲ့ အကွက်သုံးရာလောက်ထိ တိုက်ခိုက်နိုင်လောက်ပြီ..."
ဒုတိယမင်းသား လင်ယွိရှုက ခေါင်းခါယမ်းလိုက်၏။ "ဆဋ္ဌမညီတော်... ရန်သူကို အထင်မသေးနဲ့... ငါက တောက်ကျစ်လင်းရွှမ်နဲ့ တိုက်ခိုက်ခဲ့တာဆိုတော့ သူ့မှာ ထုတ်မသုံးရသေးတဲ့ သိုင်းကွက်တွေ ကျန်သေးတယ်လို့ အာရုံရနေတယ်... ဒါပေမဲ့ ဧကရာဇ် အတိုင်ပင်ခံကတော့ တကယ့်ကို ထူးချွန်ထက်မြက်တာပဲ... သူ ပို့ချခဲ့တဲ့ ဓားချက်သုံးချက်က ငါ တတ်ထားတဲ့ ဓားကွက်တွေမှာ ပေါင်းထည့်လို့ ရတယ်... ပိုပြီး ပြီးပြည့်စုံတဲ့ ဓားကွက်တွေ ဖြစ်သွားတယ်... တောက်ကျစ်လင်းရွှမ်နဲ့ ရင်ဆိုင်လို့ ရလောက်ပြီ... ဒါပေမဲ့ သူ့ကို နိုင်ဖို့ကတော့ ခက်လိမ့်မယ်..."
လင်ယွိရှုက ခြေလှမ်းများ ရပ်လိုက်ပြီး ဘေးနားမှ ဖြတ်လျှောက်သွားသော ချင်မူ့ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပြီးမှ အကြည့် ပြန်ရုပ်သိမ်းလိုက်သည်။
"ဘာဖြစ်လို့လဲ... ဒုတိယ အစ်ကိုတော်..." ဆဋ္ဌမမင်းသားက မေးလိုက်၏။
"သတ္တမညီမလေးက သူနဲ့ အတော်လေး ရင်းနှီးတယ်..."
လင်ယွိရှုက ခေါင်းခါယမ်း၍ ပြောလိုက်၏။ "တကယ်တမ်း ဒီချင်မူဆိုတဲ့ တစ်ယောက်က အဖက်ဖက်မှာ တော်တယ်၊ စွမ်းဆောင်ရည် ကောင်းတယ်... မယ်တော်ကြီးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့လို့ နတ်ဆေးသမားတော်လေး ဆိုပြီးလည်း နာမည်ကောင်း ရထားတယ်... ဒါပေမဲ့ သူက မဟာမြို့ပျက်ရဲ့ အစွန့်ပစ်ခံ လူတစ်ယောက်ပဲ... သူနဲ့ ပတ်သက်ဆက်ဆံနေရင် သတ္တမညီမလေးအတွက် ကောင်းမှာ မဟုတ်ဘူး... ထားတော့၊ ဒီအကြောင်း ဆက်မပြောတော့ဘူး... တောက်ကျစ်လင်းရွှမ်ဆီ သွားကြစို့..."
သူတို့ တောင်အောက်သို့ ရောက်သောအခါ ရှေ့နားမှ ရုတ်ရုတ်သဲသဲ အသံကြားများ ကြားရသဖြင့် အလျင်အမြန် ရှေ့တိုးသွားလိုက်သည်။ တစ်စုံတစ်ယောက်က အော်ဟစ် ပြောဆိုလိုက်၏။ "ရသေ့နှစ်ပါး မရှိတော့ဘူး..."
လင်ယွိရှုမှာ မှင်တက်သွားမိသည်။ လူအုပ်ထဲ တိုးဝှေ့၍ ရှေ့တိုးကြည့်လိုက်၏။ တန်းယန်ကျစ်နှင့် တောက်ကျစ်လင်းရွှမ်မှာ အမှန်တကယ်ပင် အစအန ရှာမရအောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"မနိုင်မှာ သိလို့ ပြန်ပြေးသွားကြတာလား..." တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
လင်ယွိရှု မျက်မှောင်ကြုတ်၍ သရော်တော်တော် ရယ်မောလိုက်သည်။ တန်းယန်ကျစ်နှင့် တောက်ကျစ်လင်းရွှမ်က သူတို့ကို အရှက်ခွဲရန်အတွက် ဤနေရာသို့ လာရောက်၍ ဝင်ပေါက်ထွက်ပေါက်ပိတ်ဆို့ခြင်း ဖြစ်သည်။ အဘယ်သို့ ပြု၍ သူတို့ဖာသာ အရှုံးပေးပြီး ပြန်ပြေးသွားရမည်နည်း။ တစ်စုံတစ်ယောက်က တောက်ကျစ်လင်းရွှမ်ကို အနိုင်ယူခဲ့သဖြင့်သာ အရှုံးပေးပြီး ပြန်သွားခြင်း ဖြစ်မည်။
"တောက်ကျစ်လင်းရွှမ်ကို အနိုင်ယူခဲ့တာ ငါတို့ထဲကပဲ... ငါတို့ထက် ခြေတစ်လှမ်း စောပြီး တောင်အောက် ဆင်းသွားခဲ့တာ နေမှာ..."
လင်ယွိရှု၏ မျက်ဝန်းများ လှုပ်ခတ်သွားပြီး လူအုပ်ထဲသို့ အကဲခတ်လိုက်သည်။ "ဘယ်သူ ဖြစ်နိုင်မလဲ... ကောင်းကင်နတ်သိုင်းအိမ်ရာမှာ စွမ်းအားအကြီးဆုံး သုံးလေးငါးယောက် ရှိတယ်... ဓားရူး ရှောင်ယင်၊ စိတ္တဇမိစ္ဆာ ထျန်းဖုန့်၊ တောင်ထမ်းလူသန် ယွဲ့ချိုး... သူတို့ အကုန်လုံးက တခြားသူတွေထက် စွမ်းအားလည်း ကြီးတယ်၊ ပါရမီအရည်အချင်းလည်း မြင့်တယ်... တော်ဝင်ခြံဝင်းမှာလည်း ငါ့အပြင် တခြား ဖြစ်နိုင်ချေရှိတဲ့သူတွေ များတယ်... သတ္တမညီမလေးက ထိုးထွင်းသိမြင်နိုင်စွမ်း မြင့်ပေမဲ့ ကြိုးကြိုးစားစား မလေ့ကျင့်ဘဲ အပျော်အပါး မက်နေတာ... အားစိုက်မထုတ်ရင် တိုးတက်မှု ရှိမှာ မဟုတ်ဘူး... ပြီးတော့ အိမ်ရှေ့စံ မင်ယွဲ့ရှိဦးမယ်... ကျောင်းတော်သား အိမ်ရာမှာတော့ ချန်ဝမ်ယွင်ရဲ့ အရည်အချင်းက မဆိုးဘူးလို့ ကြားတယ်... အစ်ကိုကြီးနေရာမှာ ဒီလောက်အကြာကြီး နေနိုင်ခဲ့တာဆိုတော့ သူလည်း ဖြစ်နိုင်တာပဲ..."