အသီးအရွက်ခြံထဲမှ နွားသိုးစိမ်းကြီး
Vol. 10 Ch. 139
တန်းယန်ကျစ်နှင့် တောက်ကျစ်လင်းရွှမ်မှာ ရှေ့ဆင့်နောက်ဆင့် ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်း၍ မြို့တော်မှ ထွက်လာသည်။ မြို့ပြင်ဘက် မိုင်သုံးဆယ်ခန့် ရောက်သောအခါ မြစ်ကြီးတစ်စင်းကို မြင်တွေ့ရပြီး ထိုမြစ်ပေါ်၌ ဘုန်းတော်ကြီး တစ်ပါးနှင့် ကိုရင်ငယ် တစ်ပါး စီးမျော ခရီးနှင်လာသည်ကို တွေ့ရ၏။
တန်းယန်ကျစ်နှင့် တောက်ကျစ်လင်းရွှမ်တို့ ခြေလှမ်းများ ရပ်တန့်ပြီး မြစ်ကမ်းပေါ်မှ လှမ်း၍ ဂါရဝပြု နှုတ်ဆက်လိုက်သည်။ "နောင်တော်ကြီးတို့..."
ထိုကိုယ်တော်နှစ်ပါးကလည်း မြစ်ပြင်ပေါ်တွင် ကမန်းကတန်း ရပ်တန့်၍ ပြန်လည် ဂါရဝပြု နှုတ်ဆက်လိုက်၏။ "နောင်တော်ကြီးတို့..."
ဘုန်းတော်ကြီး၏ မျက်ခုံးမွေးဖြူဖြူများက တွဲလျားအိကျနေသည်။ "နောင်တော်တို့ နန်းတွင်းကောလိပ်က ပြန်လာတာလား... သုံးရက်ပြည့်အောင် နေခဲ့ရလား..."
တန်းယန်ကျစ်က ခေါင်းခါယမ်းလိုက်သည်။ "သုံးရက်ပြည့်အောင် မနေခဲ့ရပါဘူး..."
ဘုန်းတော်ကြီး၏ မျက်ခုံးများ တွန့်ကွေးသွား၏။ သူ့ရင်ထဲတွင် မတည်မငြိမ် ဖြစ်သွားမှန်း ထင်ရှားသည်။ "နန်းတွင်းကောလိပ်က တောက်ကျစ်ကို ရင်ဆိုင်နိုင်တဲ့ စွမ်းရည်မျိုး ရှိတာလား... ကျုပ်လည်း ဖိုကျစ်ကို ခေါ်ပြီး သွားမလို့... ဘယ်လို အခြေအနေရှိမလဲ ကြည့်ကြသေးတာပေါ့..."
တန်းယန်ကျစ်က ဦးညွှတ်နှုတ်ဆက်၍ ဘုန်းတော်ကြီးကလည်း ပြန်လည် ဦးညွှတ်နှုတ်ဆက်ကာ လမ်းခွဲလာခဲ့ကြသည်။
တန်းယန်ကျစ်နှင့် တောက်ကျစ်လင်းရွှမ်တို့ ထွက်ခွာသွားမှုကြောင့် နန်းတွင်းတော်လိပ်၏ ထိပ်ဆုံး ပါမောက္ခများမှ အောက်ခြေ ကျောင်းတော်သားများအထိ စိတ်သက်သာရာ ရသွားကြ၏။ တောက်ကျစ်လင်းရွှမ်ကို မည်သူ အနိုင်ယူနိုင်ခဲ့သည် ဆိုခြင်းတော့ မသိလိုက်ကြပေ။
တောက်ကျစ်လင်းရွှမ်ကို အနိုင်ယူခဲ့ခြင်းက နာမည်ကောင်း ရစရာ ကိစ္စ ဖြစ်သော်လည်း ထိုသူက ရှေ့ထွက်မလာသည်မှာ အတော်လေး ထူးဆန်းလှသည်။
အားလုံးက မည်သူ ဖြစ်နိုင်သည် ဆိုခြင်းကို ခန့်မှန်းနေကြ၏။ အချို့က ပြောသည်မှာ မင်းသားတစ်ပါးက တောက်ကျစ်လင်းရွှမ်ကို တိတ်တဆိတ် အနိုင်ယူခဲ့သော်လည်း မင်းညီမင်းသားများအကြားတွင် အပြိုင်အဆိုင် ပြင်းထန်၍ အကောက်ကြံမှုများ ရှိနေသဖြင့် သူ၏ အစွမ်းအစကို အခြားမင်းသားများ သိရှိသွားပြီး လုပ်ကြံလာမည် စိုးသောကြောင့် အဖြစ်မှန်ကို ဖုံးကွယ်ထားခြင်း ဖြစ်သည်ဟု ဆိုကြ၏။
အချို့က ပြောသည်မှာလည်း ထိုသို့ အနိုင်ယူခဲ့သည်မှာ ဓားရူးရှောင်ယင် ဖြစ်သည် ဟူ၏။ ရှောင်ယင်က ဓားလမ်းစဉ်တွင်သာ စိတ်နှစ်၍ အခြားမည်သည်အရာကိုမျှ အလေးမူသူ မဟုတ်သဖြင့် နာမည်ဂုဏ်သတင်း ကျော်စောမှုကို အရေးမစိုက်ခြင်း ဖြစ်မည်ဟု ဆိုကြသည်။
ထိုထဲတွင် နန်းတွင်းကောလိပ်မှ ကျောင်းပြီးသွားသည့် နောင်တော်ကြီးများက ဤသတင်းကို ကြားသဖြင့် အပြေးပြန်လာပြီး တောက်ကျစ်လင်းရွှမ်ကို အနိုင်ယူကာ ရှေ့တန်း စစ်မြေပြင်သို့ အပြေးအလွှား ပြန်သွားကြခြင်း ဖြစ်မည်ဟု ယူဆကြသူများပင် ရှိ၏။ နန်းတွင်းကောလိပ်မှ အောင်မြင်သွားကြသည့် ကျောင်းတော်သား အတော်များများမှာ ရှေ့တန်းစစ်မြေပြင်တွင် ဦးစီးဦးရွက် ပြုရသော တပ်မှူးများ ဖြစ်နေကြပေပြီ။
အချို့ကလည်း လက်သည်မှာ ဧကရာဇ် အတိုင်ပင်ခံ၏ တပည့်များ ဖြစ်မည်ဟု ခန့်မှန်းကြသည်။ ဧကရာဇ် အတိုင်ပင်ခံ၏ အမိန့်အရ နန်းတွင်းကျောင်းတော်သားအဖြစ် ခံယူ၍ တောက်ကျစ်လင်းရွှမ်ကို တိုက်ခိုက် အနိုင်ယူပြီးနောက် ကောလိပ်မှ ပြန်နုတ်ထွက်သွားသည်ဟု ဆိုကြ၏။
ဤအရာ အားလုံးက မှန်းဆချက်များသာ ဖြစ်သည်။
ကျောင်းတော်သားအိမ်ရာ၌ စည်ကား သိုက်မြိုက်နေသည်။ ကျောင်းတော်သားများစွာက ချန်ဝမ်ယွင်၏ အိမ်ဝင်းအတွင်း စုရုံး၍ ကျွက်စီကျွက်စီ ပြောဆိုနေကြ၏။ "အစ်ကိုကြီး... အခု တောင်ပေါ်မှာ ရှိတဲ့သူ အကုန်လုံး တောက်ကျစ်လင်းရွှမ်ကို ဘယ်သူ အနိုင်ယူခဲ့တာလဲ ဆိုပြီး ခန့်မှန်းနေကြတယ်... အဲဒါ အစ်ကိုကြီးများလား..."
ချန်ဝမ်ယွင်က တစ်ချက် သန်းဝေလိုက်ပြီး အိပ်ချင်စိတ်ကို မနည်းထိန်း၍ ပြန်ဖြေလိုက်သည်။ "ငါ မဟုတ်ဘူး... နန်းတွင်းကောလိပ်အတွက် ရှေ့ထွက်ချင်စိတ် ရှိခဲ့ပေမဲ့ လေ့ကျင့်တာ လွန်သွားလို့ အိပ်ပျော်သွားတာ... မင်းတို့ မဆူရင် အခုထိ နိုးဦးမှာ မဟုတ်သေးဘူး... တောက်ကျစ်လင်းရွှမ်ကို ဘယ်သူ အနိုင်ယူခဲ့တာလဲတော့ ငါလည်း မသိဘူး..."
အားလုံးက မယုံမကြည် ဖြစ်နေကြဆဲ ရှိပြီး ချွီထင်က ပြုံးလိုက်၏။ "အစ်ကိုကြီးက နာမည်မကြီးချင်လို့ လျှိုထားတာလား..."
ချန်ဝမ်ယွင်မှာ ရယ်ရမလို၊ ငိုရမလို ဖြစ်သွားသည်။ "ဧကရာဇ် အတိုင်ပင်ခံ သင်ပေးတဲ့ ဓားချက် သုံးချက်ကို နားလည်ဖို့ နှစ်ရက်လုံးလုံး မအိပ်မနားဘဲ ကြိုးစားခဲ့ရလို့ ငါ့ခေါင်းလည်း ထူပူနေပြီ၊ အားလည်း မရှိတော့ဘူး... ငါ့စွမ်းအားရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းတောင် ထုတ်မသုံးနိုင်မှတော့ ဘယ်လိုလုပ် ငါ ဖြစ်နိုင်တော့မှာလဲ... ပြီးတော့ တောက်ကျစ်လင်းရွှမ်ကို အနိုင်ယူခဲ့တာ ငါဆိုရင် မင်းတို့ကို ဘာလို့ ဖုံးကွယ်နေရမှာလဲ..."
ရုတ်တရက် ကိုယ်တော်ယွင်ချွယ်၏ စိတ်များ လှုပ်ရှားသွားပြီး မေးလိုက်သည်။ "ဟိုစွန့်ပစ်ခံကောင်တော့ မဟုတ်နိုင်လောက်ဘူး မလား..."
ယွဲ့ချင်းဟုန်၏ ရင်ထဲတွင်လည်း လှုပ်ရှားသွားသည်။ သူမက ချင်မူ၏ လက်ချက်ကြောင့် ကြေးတိုင်လုံးထဲ နစ်ဝင်အောင် ရိုက်ချခံခဲ့ရပြီး အရှက်ကွဲခဲ့သော်လည်း ချင်မူ၏ အစွမ်းအစကို အတော်လေး လေးစားအားကျမိ၏။ "အဲဒီ အစွန့်ပစ်ခံကောင်က အစွမ်းအစ အတော်ကောင်းတာ... အနီးကပ် တိုက်ကွက်တွေရော၊ ဓားသိုင်းရော ဘယ်ဟာမှ မညံ့ဘူး... သူများ ဖြစ်နေမလား..."
ချန်ဝမ်ယွင်က တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။ "အမှန်အတိုင်း ပြောရရင် သူ မအိပ်ဘဲ လေ့ကျင့်နေတာတွေ့လို့ ငါလည်း စိတ်အားတက်သွားပြီး မနားဘဲ လေ့ကျင့်ခဲ့တာ... သူ့လေ့ကျင့်ချိန်က ငါ့အောက် ကျမှာ မဟုတ်ဘူး... အခုချိန် သူလည်း အိပ်ကောင်းတုန်းနေမှာ... တောက်ကျစ်လင်းရွှမ်ကို စိန်ခေါ်လိုက်ရမှာ မဟုတ်ဘူး..."
ကျောင်းတော်သား တစ်ယောက်က ဒေါသတကြီး ပြောလိုက်သည်။ "ဒီကောင်... ငါတို့ အစ်ကိုကြီးကိုပါ ဒုက္ခပေးသွားတာ... ဧကရာဇ် အတိုင်ပင်ခံ သင်ခန်းစာ ပို့ချတုန်းကလည်း ချီစွမ်းအင်ကြိုးမျှင် ဖွဲ့နိုင်လို့ ဆိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ခဲ့သေးတယ်... အခုမှ ချီစွမ်းအင်ကြိုးမျှင် ဖွဲ့နိုင်တဲ့ကောင်က ဘယ်လိုလုပ် တာအိုဂိုဏ်းရဲ့ တောက်ကျစ်ကို အနိုင်ယူနိုင်မှာလဲ..."
အားလုံးသော ကျောင်းတော်သားများက ခေါင်းညိတ် ထောက်ခံပြီး တဟားဟား ရယ်မောလိုက်သည်။ "ဒီကောင်က သင်ကြားရေးခန်းမရှေ့မှာ ကိုယ့်အရှက်ကိုယ် ခွဲခဲ့တာ... စိတ်ထဲ နေသာထိုင်သာ အတော်ရှိတာပဲ... ဒီကောင့်ကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေတောင် သိပ်မနာတော့ဘူး..."
ထိုအခိုက်၌ တောင်အောက်မှ ဆူညံဆူညံ အသံများ ကြားရပြီး တစ်စုံတစ်ယောက်က အော်ဟစ် ပြောဆိုလိုက်၏။ "တောင်အောက်မှာ ဘုန်းတော်ကြီးတစ်ပါးနဲ့ ကိုရင်တစ်ပါး ရောက်နေတယ်... သူတို့က တောင်တံခါးရှေ့မှာ ပိတ်ထိုင်နေကြတယ်..."
ကျောင်းတော်သား အားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ ချန်ဝမ်ယွင်၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး တည်ကြည် လေးနက်စွာ ပြောလိုက်၏။ "တာအိုဂိုဏ်းက ထွက်သွားတာမှ မကြာသေးဘူး... မဟာမိုးခြိမ်းသံ ကျောင်းတော်က ဘုန်းတော်ကြီးတွေ ရောက်လာပြန်ပြီ... ကိုရင်လေးက မဟာမိုးခြိမ်းသံ ကျောင်းတော်ရဲ့ ဖိုကျစ် ဖြစ်ရမယ်... တောက်ကျစ်လင်းရွှမ်ကို မတိုက်လိုက်ရပေမဲ့ မဟာမိုးခြိမ်းသံ ကျောင်းတော်က ဖိုကျစ်နဲ့တော့ တိုက်ရမှ ဖြစ်မယ်... ကဲ ညီတော်၊ ညီမတော်တို့... ငါ့စိတ်အား၊ လူအား ပြည့်အောင် နေ့တစ်ဝက်လောက် အနားယူလိုက်ဦးမယ်..."
ကျောင်းတော်သား အားလုံးက နှုတ်ဆက်ထွက်ခွာသွားကြ၏။
ချန်ဝမ်ယွင်က အဝတ်အစားမလဲဘဲ လှဲချလိုက်ပြီးနောက် များစွာ မကြာလိုက်ဘဲ ပြန်အိပ်ပျော်သွားသည်။
နောက်တစ်နေ့ ရောက်သောအခါ ချန်ဝမ်ယွင် အားအင်အပြည့်ဖြင့် လန်းလန်းဆန်းဆန်း နိုးထလာသည်။ မျက်နှာသစ်၊ ခြေလက်ဆေးကြော၍ ဗိုက်ဖြည့်ပြီးနောက် တောင်အောက်သို့ အပြေးဆင်းသွားလိုက်၏။ သူ တောင်အောက်သို့ ရောက်သောအခါ မဟာမိုးခြိမ်းသံ ကျောင်းတော်မှ ဖိုကျစ်မှာ နန်းတွင်းကောလိပ် ထိပ်သီး ကျောင်းတော်သား များစွာကို အနိုင်ယူပြီးနေချေပြီ။
ဤဖိုကျစ်က တထာဂတ၏ မဟာယာန သုတ္တန်၊ ဝဇိရ(စိန်)ခန္ဓာကျင့်စဉ်တို့ကို ပိုင်ဆိုင်ထားပြီး ဗုဒ္ဓဂိုဏ်း၏ အဆင့်မြင့် သိုင်းကွက်များစွာကို ကျွမ်းကျင်ပိုင်နိုင်သူ ဖြစ်၏။ သူ၏ ကျင့်စဉ် သိုင်းကွက်များကို ထုတ်သုံးလိုက်သောအခါ သူ့ခန္ဓာကိုယ်က အဆပေါင်းများစွာ ကြီးမားလာပြီး ခွန်အားများစွာ မြင့်တက်သွား၏။ သူ့ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဗုဒ္ဓ အရှိန်အဝါ အငွေ့အသက်များ စီးမျော လှည့်ပတ်နေပြီး တစ်ခါတစ်ခါတွင် ခေါင်းလောင်းကြီး တစ်လုံးအသွင် ပြောင်း၍ တစ်ခါတစ်ခါတွင် စေတီတစ်ဆူ အသွင်ပြောင်းကာ တစ်ဘက်လူကို ဖိနှိပ်ချုပ်ထိန်း၏။ လက်တစ်ဖက်တွင် ရွှေသပိတ်ကို ကိုင်ထားပြီး ထိုသပိတ်မှ ပြင်းထန်သော အားအဟုန်ဖြင့် ရန်သူများကို ဆွဲငင်ခေါ်ယူကာ အခြားလက်တစ်ဖက်မှ မြင်းမိုရ်တောင်သဏ္ဌာန် အားလှိုင်းကြီးဖြင့် ဖိချတိုက်ခိုက်သည်။
ချန်ဝမ်ယွင်လည်း ရှေ့ထွက် စိန်ခေါ်၍ သိုင်းကွက်ပေါင်း တစ်ဒါဇင်ခန့် တိုက်ခိုက်ခဲ့ပြီး ဝဇိရခန္ဓာကို လွန်သွားဓားချက်ဖြင့် ဖျက်ဆီးကာ ဖိုကျစ်ဖိုရှင်ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော်လည်း ဖိုရှင်က အခြား စွမ်းအားကြီး သိုင်းပညာရပ်များ ရှိသေးသဖြင့် သူ့ကို အနိုင်ယူသွားခဲ့၏။
ကောင်းကင်နတ်သိုင်းအိမ်ရာနှင့် တော်ဝင်ခြံဝင်းမှ ကျောင်းတော်သားများမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး သူ့ကို သတိပြုမိသွားကြ၏။ ကျောင်းတော်သားအိမ်ရာမှ ကျောင်းသားများက ဓာတ်ကြီးငါးပါး အဆင့်အောက်သာ ဖြစ်ကြသည်။ ချန်ဝမ်ယွင်အနေဖြင့် မဟာမိုးခြိမ်းသံ ကျောင်းတော်မှ ဖိုကျစ်နှင့် အကွက်ပေါင်း တစ်ဒါဇင်ထိ တိုက်ခိုက်နိုင်ခဲ့၏။ ဤသည်က ကောင်းကင်နတ်သိုင်းအိမ်ရာနှင့် တော်ဝင်ခြံဝင်းတွင်ပင် ပထမတန်းစား ပညာရှင်ဟု သတ်မှတ်၍ ရပြီ ဖြစ်ပြီး ထိပ်ဆုံး ဆယ်ယောက်အတွင်းပင် ဝင်နိုင်၏။
မင်းသား၊ မင်းသမီး အချို့မှာ ချက်ချင်းပင် သူ့ကို လာရောက် သိမ်းသွင်းစည်းရုံးကြ၏။ ချန်ဝမ်ယွင်က သူတို့ကို များစွာ ထိပါးမိခြင်း မရှိရအောင် မည်သူ၏ ဖိတ်ခေါ်မှုကိုမျှ လက်မခံသကဲ့သို့ ငြင်းဆန်ခြင်းလည်း မပြုခဲ့ပေ။ သူ့စိတ်ထဲမှ ကြိတ်တွေးလိုက်မိ၏။ "ကြည့်ရတာ ငါ့စွမ်းဆောင်ရည် အတော်လေး ကောင်းခဲ့တယ် ထင်တယ်... မဟုတ်ရင် ဒီလူတွေ လာပြီး စည်းရုံးသိမ်းသွင်းကြမှာ မဟုတ်ဘူး... ညီလေးချင်သာ ဒီကိုရင်လေးနဲ့ တိုက်ကြရင် ဘယ်လို နေမလဲ မသိဘူး... ဖိုကျစ်ရဲ့ တိုက်ကွက်ကို ဘယ်နှစ်ကွက်ထိ ခံနိုင်လောက်မလဲ..."
"သခင်လေး ပြောတဲ့ နွားစိမ်းကို ကျွန်မ မြင်ဖူးတယ်..."
နန်းတွင်းကောလိပ်၌ ဟူလင်းအာက ချင်မူ့ကို အနောက်ဘက် တောင်ကြောသို့ ခေါ်ဆောင်လာပြီး ပြောလိုက်သည်။ "ဒီအနောက်ဘက် တောင်ကြောမှာ သီးပင်စားပင်ခြံ တစ်ခု ရှိတယ်... တစ်ခါက ကျွန်မ ဝိညာဉ်မှိုနဲ့ နတ်ဝိဇ္ဇာပန်းပွင့်တွေ လိုက်ရှာရင်း အဲဒီ ခြံထဲမှာ တွေ့လို့ ဝင်ခူးမလို့ လုပ်တာ... အဲဒီနွားသိုး မောင်းထုတ်တာ ခံခဲ့ရတယ်... အဲနွားက သီးပင်စားပင်ခြံကို စောင့်နေလို့ ကျွန်မ စိတ်တိုနေတာ... အဲထဲက စွမ်းအင်ဖြည့် ဆေးပင်တွေကို စားချင်နေတာ ကြာလှပြီ..."
ချင်မူ အံ့အားသင့်သွား၏။ "သီးပင်စားပင်ခြံထဲမှာ ဟုတ်လား... နွားရိုင်း တစ်ကောင်ပဲ နေမှာ... မဟုတ်ရင် ဘယ်လိုလူက သီးပင်စားပင်ခြံထဲ နွားစားခံရအောင် ထည့်ထားမှာလဲ..."
"ဟုတ်လောက်တယ်... သခင်လေး... မုခ်ဦးရှေ့က နဂါးချီလင်က ဘယ်လိုလုပ် ဒီနွားသိုးကို စားချင်ရတာလဲ မသိဘူး..."
"ငါလည်း မသိဘူး... ဒီနွားသိုးက အဲဒီ နဂါးချီလင်ကို တစ်ခုခု ထိပါးမိခဲ့လို့ နေမှာပေါ့... သီးပင်စားပင်ခြံက အသီးအရွက်တွေ ခိုးခိုးနေလို့ နဂါးချီလင် သတ္တဝါကြီးက မကျေမနပ် ဖြစ်နေတာ ထင်တယ်..."
ဟူလင်းအာနှင့် သူ အနောက်ဘက် တောင်ကြောသို့ ရောက်လာ၏။ ထိုနေရာ၌ လူသူအရောက်အပေါက် ကျဲပါးလှသည်။ အတွဲများ လာရောက် ချိန်းတွေ့သည်က လွဲ၍ ကျောင်တော်သားများမှာ အနောက်ဘက် တောင်ကြောသို့ လာခဲလှ၏။
ဤနေရာ၌ အေးအေးဆေးဆေး နေလိုသော အဆောင်မှူး အချို့၏ အိမ်ခြံဝင်း အနည်းငယ်တော့ ရှိသည်ဟု ဆိုကြသည်။ ထိုအိမ်ခြံဝင်းများမှ လွဲလျှင် တောင်စောင့်အကြီးအကဲ၏ ခြံဝင်းသာ ရှိတော့၏။
တောင်ကြောပေါ်၌ သီးပင်စားပင်ခြံ အချို့ ရှိသည်။ ချင်မူမှာ ဟူလင်းအာ၏ နောက်မှ လိုက်၍ လမ်းကြမ်းအတိုင်း အတန်ကြာ လျှောက်ပြီးသောအခါ အနီရောင် အုတ်တံတိုင်း ခတ်ထားသော ခြံဝင်း တစ်ခုကို တွေ့ရ၏။ ထိုခြံဝင်း၏ အရှေ့ဘက် မြေကွက်လပ်မှာ ညီညာပြန့်ပြူးပြီး အကျယ်အားဖြင့် တစ်ဧကခန့် ရှိ၏။ ထိုမြေကွက်လပ်ကို ခြံခတ်ထားပြီး ဟင်းသီးဟင်းရွက် များစွာ စိုက်ပျိုးထားသည်။
ထိုသီးပင်စားပင်ခြံထဲ၌ အစိမ်းရောင် နွားသိုး တစ်ကောင်က အသီးအရွက်များ အေးအေးဆေးဆေး စားသောက်ရင်း အမြီးတစ်ယမ်းယမ်းဖြင့် ခြင်၊ ယင်၊ မှက်များ မောင်းနေသည်။
ချင်မူမှာ တစ်ချက် ကြည့်လိုက်မိပြီး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်ချောက်ချားသွားသည်။
ဤနွားသိုးက တကယ်ပင် အစိမ်းရောင် နွားသိုး ဖြစ်ပြီး တစ်တောင်လုံးတွင် ထိုသို့သော နွားသိုးမျိုး ဤတစ်ကောင်တည်းသာ ရှိပေလိမ့်မည်။ သို့သော်လည်း ဤနွားသိုးကို သူ နိုင်လိမ့်မည် မဟုတ်။
ဤအစိမ်းရောင် နွားသိုးက တစ်ကိုယ်လုံး ကြွက်သားအပြည့် ဖြစ်ပြီး ခန့်ညား ထည်ဝါလှ၏။ ၎င်းက လူတစ်ယောက်ကဲ့သို့ နောက်ခြေနှစ်ချောင်းပေါ် ရပ်ပြီး တိုင်လုံး တစ်လုံးကို မှီထားသည်။ ရှေ့ခွာများက မာကျောသော အရေပြား ဖုံးလွှမ်းနေသည့် လူ့လက်ဖဝါးများကဲ့သို့ ဖြစ်နေပြီး အစိမ်းရောင် အသီးအရွက်များ အပြည့် ဆုပ်ကိုင်ကာ စိမ်ပြေနပြေ စားသောက်နေသည်။
ချင်မူ အဝေးမှ လှမ်းကြည့်ပြီး ခန့်မှန်းလိုက်၏။ ဤနွားသိုးက သူ့အရပ် နှစ်ဆ၊ သုံးဆလောက် ရှိပေလိမ့်မည်။ တစ်ကိုယ်လုံးတွင် အဆီပို၊ အသားပို မရှိဘဲ ကြွက်သားအပြည့် ဖြစ်ပြီး ၎င်း၏ နွားသားရေက ဆယ်နှစ်ကျော် အရောင်တင် ပွတ်တိုက်ခဲ့သည့် ကျောက်စိမ်းတုံးကဲ့သို့ အစိမ်းရောင် တလက်လက် တောက်ပနေသည်။
ကြောက်စရာ အကောင်းဆုံး အချက်မှာ ထိုအစိမ်းရောင် နွားသိုးကြီး အသက်ရှူသွင်း၊ ရှူထုတ်သည့်အခါ ၎င်း၏ ဝင်သက်၊ ထွက်သက်က အဖြူရောင် အလင်းတန်း နှစ်ခု ဝင်ချည်၊ ထွက်ချည် ပြုနေသကဲ့သို့ ရှိ၏။ ထို့အပြင် ၎င်း၏ လည်ကုပ်၌ နဂါးအကြေးခွံများ ဖုံးလွှမ်းနေသည်။ ဤနွားသိုးကြီးက တောင်ပေါ်မှ နဂါးကိုးကောင် ချီစွမ်းအင်များကို စုပ်ယူ၍ နှစ်ပေါင်းများစွာ ကျင့်စဉ် ကျင့်ကြံခဲ့ဟန် ရှိ၏။ နဂါးအသွင် ပြောင်းစ ပြုလာပြီး နဂါး အကြေးခွံများ ဖုံးလွှမ်းနေသည်။
"ဘယ်သူ လာချောင်းနေတာလဲ..."
ရုတ်တရက် ထိုအစိမ်းရောင် နွားသိုးကြီးက လူစကား ပြောလာပြီး ပျိုနီပန်းပင် လက်တစ်ဆုပ်ကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်သည်။ ၎င်းက အဖြူရောင် အလင်းတန်းကို နှာပေါက်မှ ပြန်ရှူသွင်း၍ မျက်လုံးထဲတွင် လျှပ်ပြက်သကဲ့သို့ လင်းလက်သွားပြီး ချင်မူ ရှိရာသို့ လှမ်းကြည့်ကာ လျှောက်လှမ်းလာသည်။ ၎င်း၏ ခြေလှမ်း တစ်လှမ်းတစ်လှမ်းတွင် ဖောင်းကြွနေသော ကြွက်သားစိုင်များ လှုပ်ရှား ရုန်းကြွလာသည်ကို ပြက်ပြက်ထင်ထင် မြင်နေရ၏။
ချင်မူ လေပူတစ်ချက် မှုတ်ထုတ်၍ ဟူလင်းအာကို တီးတိုး ပြောလိုက်သည်။ "နွားသိုးတစ်ကောင်ပဲ မဟုတ်ဘူးလား... ငါ ငယ်ငယ်ကတည်းက နွားတွေ ကျောင်းလာတာ ဒီလောက်ကို မနိုင်နင်းစရာ အကြောင်း မရှိပါဘူး... လင်းအာ... နောက်ဆုတ်နှင့်... ငါ ပြေးလို့ ပြောရင် နောက်လှည့်မကြည့်ဘဲ ပြေး... ကြားလား..."
ဟူလင်းအာက ခေါင်းညိတ်၍ နောက်ဆုတ်သွား၏။
ချင်မူ အသက်ပြင်းပြင်း တစ်ချက် ရှိုက်ရှူ၍ အစိမ်းရောင် နွားသိုးကြီးထံသို့ အပြုံးတစ်ခုနှင့် လျှောက်သွားလိုက်သည်။ "ဒီက နောင်တော်နွားသိုး..."
ထိုအစိမ်းရောင်နွားသိုးက ရှူးရှူးရှားရှားဖြင့် ပြေးဝင်လာပြီး အမေးအမြန်းမရှိ ရိုက်နှက်ရန် ပြင်၍ သရော်စကားဆိုလိုက်၏။ "မသမာတဲ့ အပြုံးနဲ့ ခွေးကောင်... မင်းက သေချာပေါက် လူကောင်း မဟုတ်ဘူး... ငါ့ကို မင်းရဲ့ နောင်တော်နွားသိုးလို့ မခေါ်နဲ့..."
ဟူလင်းအာမှာ တောင်ပေါ်သို့ အလျင်အမြန် ပြေးတက်နေရင်းနှင့် ရုတ်တရက် သီးပင်စားပင်ခြံဘက်မှ နားကွဲလောက်သည့် ပေါက်ကွဲသံကြီး တစ်ခု ကြားလိုက်ရပြီး မြေပြင်တစ်ခုလုံး တဆတ်ဆတ် တုန်ခါသွားသည်။ တစ်ခဏအကြာတွင် ချင်မူက မီးခိုးငွေ့တန်း တစ်ခုကဲ့သို့ ခြေကုန်သုတ် ပြေးလာပြီး အော်ဟစ်လိုက်၏။ "လင်းအာ... မြန်မြန်ပြေး..."
ဟူလင်းက ကမန်းကတန်း သုတ်ခြေတင် ပြေးရင်း နောက်သို့ တိတ်တခိုး ပြန်လှည့်ကြည့်လိုက်သည်။ ချင်မူ၏ မျက်ကွင်းများက ရောင်ကိုင်းနေပြီး နှာခေါင်းတစ်ခုလုံး ဆိုးဆိုးဝါးဝါး အညိုအမည်းစွဲနေကြောင်း တွေ့လိုက်ရ၏။ တစ်ခဏတာ အချိန်ကလေးအတွင်း၌ ဒုက္ခိတဘိုးဘွား ကျေးရွာမှ နွားကျောင်းသားလေးမှာ ထိုအစိမ်းရောင် နွားသိုးကြီး၏ ဆိုးဆိုးဝါးဝါး တိုက်ခိုက်မှုကို ခံလိုက်ရကြောင်း ထင်ရှားပေသည်။
ဟူလင်းအာ ကျိတ်၍ စုတ်သပ်အံ့ဩမိပြီး စိတ်ထဲမှ တွေးလိုက်သည်။ "သခင်လေးက အမြဲတမ်း သူများထက် သာခဲ့တာ... နန်းတွင်းကောလိပ်ကို ရောက်ကတည်းက ဟိုလူ့ ရိုက်လိုက်၊ ဒီလူ့ ရိုက်လိုက်နဲ့... အခု ဘယ်လိုလုပ်ပြီး နွားသိုးတစ်ကောင် လိုက်တာကို ခံနေရတာလဲ..."
သူတို့နောက်မှ ခွာသံများ တဝုန်းဝုန်း ကြားလာရသည်။ နွားသိုးကြီးက သူတို့ကို အလွတ်မပေးဘဲ တရကြမ်း လိုက်လာကြောင်း ထင်ရှား၏။
ချင်မူက ဟူလင်းအာကို အလျင်အမြန် ကောက်မ၍ ပခုံးပေါ်တင်ကာ တောင်ပေါ်သို့ အသည်းအသန် ပြေးတက်လိုက်သည်။
အတန်ကြာသောအခါ ထိုအစိမ်းရောင် နွားသိုးကြီးမှာ သူတို့ကို လိုက်မမီသဖြင့် ပွစိပွစိ ကျိန်ဆဲရင်း ပြန်သွား၏။
အစိမ်းရောင် နွားသိုးကြီး သီးပင်စားပင်ခြံသို့ ပြန်ရောက်လာသောအခါ အနီရောင် အုတ်တံတိုင်းနှင့် ခြံဝင်းထဲမှ ပါမောက္ခပါ့ရှန်း၏ အိပ်ချင်မူးတူးအသံ ထွက်ပေါ်လာသည်။ "အပြင်ဘက်က ဘာလို့ ဒီလောက် ဆူနေတာလဲ..."
"သခင်ကြီး... သခင်ကြီးရဲ့ နွားနွားလေးကို ကောင်လေးတစ်ယောက်က လာအနိုင်ကျင့်နေတယ်..."
ထိုအစိမ်းရောင် နွားသိုးကြီးက အလျင်အမြန် ဦးညွှတ် အရိုအသေပြု၍ ခြံဝင်းဘက်သို့ ပြုံးပြလိုက်သည်။ "သခင်ကြီးရဲ့ သီးပင်စားပင်တွေတောင် လာခိုးချင်တာ... ကျွန်တော် မောင်းထုတ်လိုက်ရတယ်..."
"အဲလို အဖြစ်မျိုး ရှိခဲ့တာလား..."