← Chapters

အိုးတိုက်ပန်းကန်ဆေး

Vol. 10 Ch. 140

အိုးတိုက်ပန်းကန်ဆေး

Vol. 10 Ch. 140

ပါမောက္ခပါ့ရှန်းက မီးခိုးရောင် မြွေပါသားမွေး အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်၍ လူ့အရပ် တစ်ဝက်ခန့် ရှိသော အရက်အိုးကို ပိုက်ကာ အပြင်ထွက်လာသည်။ ထို့နောက် အရက်အိုးကို မ၍ တစ်ကျိုက်မော့သောက်ပြီး လေချဉ်တစ်ချက် တက်ကာ အစိမ်းရောင် နွားသိုးကြီးထံ ပစ်ပေးလိုက်သည်။ "ဘယ်လိုကောင်က ငါ့သီးပင်စားပင်ခြံကို ဝင်ခိုးရဲတာလဲ... သိပ်ကို သတ္တိကောင်းနေပါလား... ဟမ်..."

အစိမ်းရောင် နွားသိုးကြီးက အရက်အိုးကို မော့၍ တစ်ကျိုက် သောက်လိုက်ပြီး ကြို့ထိုးကာ အရက်နံ့နှင့် ဆေးပင်နံ့များ ပြန်ထွက်လာ၏။ "ကျွန်တော်လည်း မသိဘူး... ဉာဏ်တုံးတုံးပုံစံနဲ့ ရူးရူးမိုက်မိုက် ကောင်လေး တစ်ယောက်ပဲ... မြေခွေးတစ်ကောင်လည်း ခေါ်လာသေးတယ်..."

ပါမောက္ခပါ့ရှန်းက တစ်ချက် တွေးတောသည့်ဟန် ပေါ်သွားပြီး ပြောလိုက်၏။ "အဲဒါဆို မဟာမြို့ပျက်က ကောင်လေးပဲ... ဒီခွေးကောင်က ငါ့နွားနွားလေးကို ရန်စပြီး ငါ့သီးပင်စားပင်တွေကို ခိုးရဲတယ်ပေါ့... ဘယ်လောက်တောင် အထိန်းအကွပ်မဲ့လိုက်တဲ့ အရိုင်းအစိုင်းကောင်လဲ... မင်း ဒီမှာနေပြီး သီးပင်စားပင်ခြံကို စောင့်ကြည့်နေခဲ့..."

ချင်မူက တောင်ကြော အရှေ့ဘက်သို့ ပြန်ရောက်လာပြီး မျက်နှာပေါ်မှ အညိုအမည်းများကို ကိုင်ကြည့်လိုက်သည်။ သူ့အမူအရာက အမျိုးမျိုး ပြောင်းလဲသွားသည်။ "ဒီနွားသိုးကို ရင်ဆိုင် မတိုက်နိုင်ပေမဲ့ ဆေးခပ်ပြီး သတိမေ့အောင် လုပ်လို့ရတယ်... ဘိုးဘိုးဆေးဆရာ ပြောခဲ့သလိုပဲ၊ မနိုင်ရင် အဆိပ်ခပ်ရမယ်... သူ့ခွာတွေကို ချည်ထားလိုက်ရင် ပြန်လှန်နိုင်မှာ မဟုတ်တော့ဘူး... အာ... ဂိုဏ်းချုပ်ပါလား... ဘယ်လိုလုပ် ဒီမှာ ရောက်နေတာလဲ..."

ချင်မူ၏ ရှေ့တွင် ရိုးရိုးရှင်းရှင်း ပုံစံ ရှိသည့် ကောက်ရိုးတဲလေး တစ်လုံး ရှိနေသည်။ ဤကောက်ရိုးတဲလေးက တောင်စောင်းဘေးနှင့် မြစ်ပြင်ကြားတွင် တည်ရှိပြီး အလွန်တရာ ဆိတ်ငြိမ်အေးချမ်းသည့် ခံစားမှုကို ပေးစွမ်းနိုင်၏။ လူငယ်ဂိုဏ်းချုပ်က ထိုတဲအိမ်ခြံဝင်းထဲ၌ ထိုင်၍ ပန်းကန်များ ဆေးနေပြီး ယခုမှ စားသောက် ပြီးစီးသွားဟန် ရှိ၏။ သူ့ဘေးတွင်တော့ ဆံပင်ဖြူဖြူနှင့် အဘိုးကြီး တစ်ဦးက သပွတ်အူဖြင့် အိုးတိုက်နေသည်။

ဤအဘိုးကြီးကို ချင်မူ မြင်ဖူး၏။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်း၏ စည်းကမ်းထိန်း အကြီးအကဲ ဖြစ်သည်။

လူငယ်ဂိုဏ်းချုပ်က နန်းတွင်းကောလိပ်၏ ပါမောက္ခချုပ် ဖြစ်ပြီး မြင့်မားသည့် ရာထူးအဆင့်အတန်း ရှိသော်လည်း သူ့ဘေးတွင် မည်သည့် အစေခံ တစ်ဦးတစ်လေမျှ မရှိဘဲ စည်းကမ်းထိန်း အကြီးအကဲသာ ရှိ၏။

လူငယ်ဂိုဏ်းချုပ်နှင့် စည်းကမ်းထိန်း အကြီးအကဲက သူနှင့် ဟူလင်းအာကို မြင်သော်လည်း ထမလာဘဲ လုပ်လက်စ အလုပ်များကို ဆက်လုပ်နေသည်။ စည်းကမ်းထိန်း အကြီးအကဲက ပြုံးလိုက်၏။ "ဂိုဏ်းချုပ်က ဒီမှာ နေတာလေ... ဂိုဏ်းသခင်လေးက ဒီကို တစ်ခါမှ မရောက်ဖူးသေးဘူးလား..."

ချင်မူက ခေါင်းရမ်း၍ ဦးညွှတ် ဂါရဝပြုကာ အထဲဝင်လာခဲ့၏။

စည်းကမ်းထိန်း အကြီးအကဲက ချင်မူ့ကို ဂါရဝပြု နှုတ်ဆက်လိုက်ပြီး ချင်မူကလည်း ပြန်လည် ဂါရဝပြု နှုတ်ဆက်ကာ ပန်းကန်ခွက်ယောက်များ ဆေးကြောကူရန် လူငယ်ဂိုဏ်းချုပ်ထံ သွား၍ ပြုံးလိုက်သည်။ "ဂိုဏ်းချုပ်က ပါမောက္ခချုပ် ဖြစ်ရက်သားနဲ့ ဘာလို့ ဆင်းဆင်းရဲရဲ နေနေရတာလဲ..."

လူငယ်ဂိုဏ်းချုပ်က တဘက်တစ်ထည် ဆွဲယူ၍ လက်သုတ်ရင်း ပြောလိုက်၏။ "ငါက ဒီလိုနေတာ အသားကျနေပြီ... နန်းတော်၊ နန်းဆောင်တွေမှာ မနေနိုင်တော့ဘူး... စည်းကမ်းထိန်း အကြီးအကဲက အရင် ဒီမှာနေတာ မဟုတ်ဘူး... ငါ ခေါ်ထားရတာ... ငါ့အသက်က ကြီးပြီဆိုတော့ သူ့ကိုပဲ ဒုက္ခပေးရတော့တယ်..."

ချင်မူက စည်းကမ်းထိန်း အကြီးအကဲကို ကြည့်၍ ပြုံးလိုက်သည်။ "ကျွန်တော်လည်း တစ်ရက်၊ နှစ်ရက်လောက် နေချင်တာ... ဒီနေရာက ကွက်တိပဲ..."

လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ "ဂိုဏ်းသခင်လေး... မင်း ဂိုဏ်းကို လက်လွှဲ ယူပြီးသွားရင် စည်းကမ်းထိန်း အကြီးအကဲကို တစ်နှစ်၊ နှစ်နှစ်လောက် ငါနဲ့ ခရီးလှည့်သွားဖို့ ခေါ်ထားဦးမယ်... ငါ သေသွားတဲ့အခါကျ သူ့အတွက် အလောင်းကောက်ဖို့လည်း အဆင်ပြေတာပေါ့... သေခြင်းတရားဆိုတာ ငြိမ်းသေသွားတဲ့ မီးအိမ်လိုပါပဲ... နောက်ဆုံးမှာ ပြာတွေပဲ ကျန်ခဲ့တယ်... အချိန်ကျရင် စည်းကမ်းထိန်း အကြီးအကဲက ငါ့အရိုးပြာ ပြန်သယ်လာလိမ့်မယ်..."

ချင်မူ တိတ်ကျသွားပြီး ရင်ထဲတွင် ဆို့နင့်သွားမိသည်။

အရွယ်ကောင်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သော သူရဲကောင်း တစ်ယောက်...။

ရွာလူကြီးကဲ့သို့၊ လူငယ်ဂိုဏ်းချုပ်ကဲ့သို့ စွမ်းအားကြီးမားသူများပင် မွေးဖွားခြင်း၊ အိုနာသေခြင်း ဘေးမှ မလွတ်ကင်းနိုင်ချေ။ ဆူဝေခဲ့သော နှလုံးသွေးများ၊ ခိုင်ကျည်သော စိတ်ထားများမှာ အချိန်ကာလ၏ တိုက်စားမှုကြောင့် အချိန်တန်လျှင် မြေဆီတို့ ဖုံးလွှမ်းသည့် အလောင်းကောင်များအဖြစ် ပြောင်းလဲသွားမည်သာ ဖြစ်၏။

လူငယ်ဂိုဏ်းချုပ်က သူ့ကို စိုက်ကြည့်၍ ပြောလိုက်သည်။ "ဘုန်းတော်ကြီး တစ်ပါးနဲ့ ကိုရင်တစ်ပါး တောင်ခြေကို ရောက်နေတယ်..."

ချင်မူက ခေါင်းညိတ်၍ မီးငှက်ချီကို အသုံးပြုပြီး လက်မှ ရေများ ခြောက်အောင် ပြုလုပ်လိုက်သည်။ စည်းကမ်းထိန်း အကြီးအကဲက အိုးခွက်ပန်းကန်များကို သိမ်းဆည်း၍ အကြမ်းအိုး ထုတ်ကာ လ္ဘက်ရည်ကြမ်း တည်ရန် ပြင်လိုက်၏။ ဟူလင်းအာက ပြေး၍ ကူညီလိုက်သည်။

"သိတယ်... အဲဒီ ဘုန်းတော်ကြီးက မဟာမိုးခြိမ်းသံ ကျောင်းတော်က လာတာ... ကျွန်တော် တောင်အောက် ဆင်းကြည့်လိုက်သေးတယ်... သူ့ကို မဟာမြို့ပျက်မှာ တစ်ခါ တွေ့ဖူးတယ်... ဘိုးဘိုးမာ ပြောတာတော့ သူ့ဂိုဏ်းတူအစ်ကိုတဲ့... နာမည်က ကျင့်မင်လား၊ ဘာလား မသိဘူး..."

ချင်မူ တစ်ချက် စဉ်းစားကြည့်လိုက်သော်လည်း နာမည်ကို သေချာ မမှတ်မိချေ။ "ကိုရင်လေးက မမြင်ဖူးဘူး... မဟာမိုးခြိမ်းသံ ကျောင်းတော်က ဖိုကျစ် ဖြစ်မယ် ထင်တယ်..."

ဟူလင်းအာက သူတို့အတွက် လ္ဘက်ရည်ကြမ်း ငှဲ့ပေးရန် ကြိုးစားသော်လည်း သူမ၏ အရပ်က ပုနေသဖြင့် အကြမ်းပန်းကန်စင်ကို မမီချေ။ စည်းကမ်းထိန်း အကြီးအကဲက လ္ဘက်ရည်ကြမ်းအိုးကို ကမန်းကတန်း လှမ်းယူ၍ အကြမ်းပန်ကန်စင်ပေါ် တင်လိုက်သည်။ ထို့နောက် မြေခွေးလေးကို မချီ၍ ဘေးနားရှိ ကြိမ်ခုံပေါ် တင်ပေးကာ ပြုံးလိုက်၏။ "ငါ လုပ်လိုက်ပါ့မယ်..."

လူငယ်ဂိုဏ်းချုပ်က ချင်မူ့ကို ဆက်လက် စိုက်ကြည့်ရင်း ပြောလိုက်သည်။ "သူတို့က ငါတို့ နန်းတွင်းကောလိပ် တောင်တံခါးကို ပိတ်ထားတယ်..."

ချင်မူက ပြောလိုက်၏။ "သူတို့ ပိတ်ထားတာ နေ့တစ်ဝက် ရှိပြီ... ကျွန်တော် သွားကြည့်တာတော့ အဲဒီ ဖိုကျစ်ရဲ့ အစွမ်းအစက တကယ် ကောင်းတယ်... တထာဂတရဲ့ မဟာယာန သုတ္တန်၊ အောင်နိုင်ခြင်း ကျင့်စဉ်၊ ဝဇိရခန္ဓာ၊ တထာဂတစေတီ၊ မဟာယာန နိဗ္ဗာန မုဒြာ၊ အရဟတ် ဆယ့်ရှစ်ပါး မုဒြာ... အစုံပဲ... ဂိုဏ်းချုပ်၊ နန်းတွင်းကောလိပ်နဲ့ ပတ်သက်ပြီး ကျွန်တော် သိထားတာတွေ လွဲများ နေသလား..."

လူငယ်ဂိုဏ်းချုပ်မှာ ဇဝေဇဝါ ဖြစ်သွား၏။ "ဘာလွဲတာလဲ..."

"ကျွန်တော်တို့က တကယ်ပဲ ပျော့ညံ့နေတာလား..."

ချင်မူမှာ နားမလည်နိုင် ဖြစ်နေသည်။ "ကျွန်တော်တို့က ဘာလို့ တစ်ချိန်လုံး သူများ အနိုင်ကျင့်တာ ခံရပြီး နေ့တိုင်း ဝင်ပေါက်ထွက်ပေါက် အပိတ်ခံနေရတာလဲ... ကျွန်တော် ကျောင်းရောက်တာမှ မကြာသေးဘူး... ဝင်ပေါက်ထွက်ပေါက် အပိတ်ခံရတာ နှစ်ခါ ရှိပြီ... မဟာမြို့ပျက်မှာသာဆိုရင် ဖမ်းချုပ်ပြီး ရိုက်ထုတ်ပစ်တာ ကြာပြီ..."

လူငယ်ဂိုဏ်းချုပ်က ဒေါသတကြီး ပြောဆိုလိုက်သည်။ "မင်းကို ငါ အဲဒီ အကြောင်း ပြောနေတာ မဟုတ်ဘူး... ငါ ပြောချင်တာက ဖိုကျစ်ဖိုရှင် ရောက်နေတာကို မင်း သွားမတွေ့ဘဲနဲ့ အနောက်တောင်ကို ဘာလို့ ရောက်လာတာလဲ..."

ချင်မူက ပြုံးလိုက်၏။ "ကျွန်တော် မသွားဘူးလို့ ဘယ်သူ ပြောတာလဲ... ဒီအနောက်ဘက်တောင် မလာခင်က တောင်တံခါးဝကို သွားခဲ့တယ်လေ... အဲမှာ အတော် စည်စည်ကားကားပဲ..."

လူငယ်ဂိုဏ်းချုပ်မှာ ဒေါသအိုး ပေါက်ကွဲသွားသည်။ စည်းကမ်းထိန်း အကြီးအကဲက ကမန်းကတန်း လ္ဘက်ရည်ကြမ်းခွက် ထိုးပေးလိုက်၏။ ဂိုဏ်းချုပ်က လ္ဘက်ရည်ကြမ်းခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး အောက်ပြန်ချကာ သူ့ဒေါသများ ဖောက်ခွဲမည် ပြင်လိုက်စဉ်မှာပင် စည်းကမ်းထိန်း အကြီးအကဲက နောက်တစ်ခွက် အလျင်အမြန် ငှဲ့ပေးလိုက်၏။

လူငယ်ဂိုဏ်းချုပ်က ဒေါသကို ချိုးနှိမ်၍ ပြောလိုက်သည်။ "တခြား နန်းတွင်းကျောင်းတော်သားတွေက ရှေ့ထွက်ပြီး ဖိုကျစ်နဲ့ ရင်ဆိုင် တိုက်ခိုက်နေကြတယ်... မင်းက ဘာကိစ္စက ရှေ့မထွက်ရတာလဲ..."

"ဂိုဏ်းချုပ်... ကျွန်တော်က တောက်ကျစ်ကို အနိုင်တိုက်ထားရတာမှ မကြာသေးဘူး... ဒဏ်ရာကလည်း ရထားသေးတယ်..."

ချင်မူက ညည်းတွားလိုက်၏။ "တောက်ကျစ်က ကျွန်တော့်လက်ကို ပေါက်ထွက်အောင် ထိုးခဲ့တာ... ဒီမှာ ကြည့်ပါလား... အာ... အမာရွတ်က ဘယ်ရောက်သွားတာလဲ... ဘာဖြစ်ဖြစ်၊ နာနေတုန်းပဲ... အတွင်းဒဏ်ရာ ဆိုးဆိုးရွားရွား ရထားတာ... ကျွန်တော်က တစ်ပွဲ တိုက်ထားပြီးပြီဆိုတော့ ဖိုကျစ် ကြိုက်တဲ့သူနဲ့ တိုက်ပါစေ... ကျွန်တော့် ဒဏ်ရာတွေ ပျောက်အောင် ကုလိုက်ဦးမယ်... ကြည့်ဦး၊ ကျွန်တော့်မျက်နှာက အခုထိ ရောင်နေတုန်း... ဂိုဏ်းချုပ်က ကိုယ့်ဂိုဏ်းသခင်လေး တစ်ယောက်လုံး နွားသိုးတစ်ကောင် ရိုက်နှက်ခံရတာကို ရှေ့ထွက် ရပ်တည်မပေးရင် ကျွန်တော်က ဘာလို့ နန်းတွင်းကောလိပ်အတွက် ရှေ့ထွက် တိုက်ခိုက်ရမှာလဲ..."

စည်းကမ်းထိန်း အကြီးအကဲက ချောင်းတစ်ချက် ဟန့်၍ သတိပေးလိုက်သည်။ "ဂိုဏ်းချုပ်... လ္ဘက်ရည်တွေ အေးကုန်ပြီ..."

"ဒီလောက်မြန်မြန် မအေးပါဘူး..."

လူငယ်ဂိုဏ်းချုပ်က စားပွဲကို ဗြန်းခနဲ ပုတ်၍ သရော်တော်တော် လေသံဖြင့် ပြောလိုက်သည်။ "အဲဒီတော့ မင်းက ဘာလိုချင်တာလဲ... ဧကရာဇ် အတိုင်ပင်ခံကို ထပ်ဖိတ်ခေါ်ပြီး သင်ခန်းစာ ပို့ချခိုင်းဖို့လား... သူ့ကို ငါ တစ်ခေါက် ဖိတ်ခေါ်ပြီးပြီ... နောက်တစ်ခါ ထပ်ဖိတ်ခေါ်ရရင် ငါ့မျက်နှာအိုကြီး ဘယ်နား သွားထားရတော့မှာလဲ... တခြား ဘယ်သူ့ကိုများ မင်းက ထပ်ဖိတ်ခေါ်စေချင်သေးလို့လဲ... ဧကရာဇ်ကိုလား... ဟမ်..."

ချင်မူ့ ရင်ထဲတွင် ထိတ်ခနဲ ခုန်သွားပြီး အရဲကိုး မေးလိုက်၏။ "ဧကရာဇ်ကလည်း နန်းတွင်းကောလိပ်ကို လာပြီး သင်ခန်းစာ ပို့ချပေးနိုင်တာလား..."

လူငယ်ဂိုဏ်းချုပ်မှာ လ္ဘက်ရည်ကြမ်းခွက်ကို တစ်ရှိန်ထိုး မော့သောက်လိုက်ပြီး သူ့ဒေါသများ ဖြေဖျောက်ရန်အလို့ငှာ လက်ဖက်ခြောက်ရွက်များကို အံကြိတ်ဝါးရင်း ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်၏။ "မင့်စိတ်ကူးတွေ ဘေးချထားလိုက်... နန်းတွင်းကောလိပ်ကို ဧကရာဇ်ကိုယ်တိုင် လာပြီး သင်ခန်းစာ ပို့ချဖို့ဆိုတာ မဖြစ်နိုင်ဘူး... ဒုက္ခတွေ့တော့မှ ဗုဒ္ဓခြေတော်ရင်းကို ဝပ်စင်းတယ်ဆိုတာ တစ်ခါပဲ ကောင်းတယ်... နှစ်ခါ လုပ်ဖို့တော့... ငါ အဲဒီလောက် မျက်နှာမပြောင်နိုင်သေးဘူး..."

ချင်မူက မကျေမနပ် ပြောလိုက်သည်။ "ဂိုဏ်းချုပ်... တာအိုဂိုဏ်းက တောက်ကျစ်နဲ့ မဟာမိုးခြိမ်းသံ ကျောင်းတော်က ဖိုကျစ်တို့က နန်းတွင်းကောလိပ် တံခါးကို လာပိတ်သွားကြပြီ... အကြီးဆုံးဂိုဏ်း သုံးဂိုဏ်းထဲက နှစ်ဂိုဏ်းတောင် ရောက်လာပြီဆိုတော့ ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းကလည်း မျက်နှာထွက်ပြပြီး နန်းတွင်းကောလိပ်ကို ဝင်ပေါက်ထွက်ပေါက် ပိတ်ကြရင် မကောင်းဘူးလား... ကျွန်တော်က ဂိုဏ်းသခင်လေးဆိုတော့ ကျွန်တော်တို့ ဂိုဏ်းရဲ့ ဂုဏ်သိက္ခာ တက်အောင် နန်းတွင်းကောလိပ်ရဲ့ တံခါးမှာ သွားပိတ်ထိုင်လိုက်မယ်..."

လူငယ်ဂိုဏ်းချုပ်က စားပွဲကို ဗြန်းခနဲ ရိုက်၍ ရုတ်တရက် ထရပ်လိုက်သည်။ လ္ဘက်ရည်ကြမ်းဗန်း တင်သည့် စင်မှာ ထိုရိုက်ချက်ကြောင့် ယိမ်းယိုင်သွား၏။ စည်းကမ်းထိန်း အကြီးအကဲက လူငယ်ဂိုဏ်းချုပ်ကို အလျင်အမြန် တားဆီး၍ ဖျောင့်ဖျလိုက်သည်။ "ဂိုဏ်းချုပ် စိတ်လျှော့၊ စိတ်လျှော့... ဂိုဏ်းသခင်လေးက ကလေးပဲ ရှိပါသေးတယ်... သူ့ကို စိတ်မဆိုးပါနဲ့... စိတ်လျှော့ပါ..."

လူငယ်ဂိုဏ်းချုပ်က အဆုံးစွန်သော ဒေါသဖြင့် ရယ်မောလိုက်၏။ "ခွေးကောင်လေး... နန်းတွင်းကောလိပ်မှာ ဖိုကျစ်ကို အနိုင်ယူနိုင်မဲ့လူ မင်းကလွဲပြီး တခြား မရှိတော့ဘူး ထင်နေတာလား..."

ချင်မူက ပြုံးလိုက်၏။ "ရှိမှာပါ... ဒါပေမဲ့ အဲဒါ အတိတ်တုန်းကပဲ... အခု အဲဒီလူတွေ အကုန်လုံးက ဘွဲ့ရ ကျောင်းပြီးသွားလို့ နန်းတွင်းကောလိပ်ရဲ့ ကျောင်းတော်သားတွေ မဟုတ်ကြတော့ဘူး... ဂိုဏ်းချုပ်အနေနဲ့ တာအိုသဘောတရားတွေ၊ သိုင်းပညာတွေ တိုးတက်စေချင်ရင် နန်းတွင်းကောလိပ်က ကျောင်းပြီးသွားတဲ့သူတွေကို ရာထူးရာခံနဲ့ ပြန်ဖိတ်ခေါ်ပြီး သင်ခိုင်းသင့်တယ်... ပြီးတော့ နန်းတွင်းက ပထမအဆင့် အရာရှိတွေကိုလည်း သူတို့ရဲ့ တာအိုသဘောတရား၊ သိုင်းပညာနဲ့ ကောင်းကင်နတ်သိုင်းတွေ သင်ကြားပို့ချပေးဖို့ ဖိတ်ခေါ်သင့်တယ်..."

လူငယ်ဂိုဏ်းချုပ်က သက်ပြင်းချ၍ ခေါင်းခါယမ်းလိုက်သည်။ "လက်ရှိ ပထမအဆင့် နန်းတွင်းအရာရှိတွေ အများစုက အဖွဲ့အစည်းခေါင်းဆောင်၊ ဂိုဏ်းခေါင်းဆောင်တွေ... ကျန်တဲ့သူတွေကလည်း မိသားစုကြီးတွေရဲ့ အကြီးအကဲတွေ... သူတို့ရဲ့ လျှို့ဝှက် ပညာရပ်တွေကို တစ်လောကလုံးက လူတွေ သိအောင် ဘယ်လိုလုပ် သင်ပေးမှာလဲ... မင်း ပြောချင်တာကို ငါ နားလည်ပါတယ်... ဒါပေမဲ့ ငါက အနားယူတော့မယ်၊ နန်းတွင်းကောလိပ်ကို ပြန်အသက်သွင်းဖို့ စိတ်အား မထက်သန်နိုင်တော့ဘူး... ဒီကိစ္စကို နောက်လာမဲ့ ပါမောက္ခချုပ်က ဖြေရှင်းပါလိမ့်မယ်... ဧကရာဇ်နဲ့ အတိုင်ပင်ခံက ဘယ်သူ့ကို ပါမောက္ခချုပ်နေရာ ပေးမလဲသာ မသိသေးတာ... မင်း တကယ် ဖိုကျစ်နဲ့ သွားမတိုက်ဘူးလား... မင်းကိုယ်မင်း သူနဲ့ မယှဉ်နိုင်ဘူး ထင်လို့လား..."

ချင်မူက ခေါင်းခါယမ်း၍ ဝင့်ကြွားစွာ ပြောလိုက်သည်။ "ကျွန်တော်က လောကသခင်ခန္ဓာ... တောက်ကျစ်ကို အနိုင်ယူတာနဲ့ ဖိုကျစ်ကို အနိုင်ယူဖို့က ကျွန်တော့်အတွက် ဘာမှ ခြားနားသွားမဲ့ ကိစ္စမဟုတ်ဘူး..."

"လောကသခင်ခန္ဓာ ဟုတ်လား..."

လူငယ်ဂိုဏ်းချုပ်က ဇဝေဇဝါ ဖြစ်သွားသည်။ "ဒီလောကကြီးမှာ လောကသခင်ခန္ဓာလို့ ခေါ်တဲ့ဟာမျိုး ရှိသေးတာလား..."

စည်းကမ်းထိန်း အကြီးအကဲက ခေါင်းခါယမ်းလိုက်သည်။ "ကျွန်တော်တော့ မကြားဖူးဘူး..."

ချင်မူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေပြီး လူငယ်ဂိုဏ်းချုပ်ပင် ထိုသို့သော ယုံကြည်ချက် ခိုင်မာမှုမျိုးကို မြင်ပြီး အံ့အားသင့်မိသွားသည်။ တစ်လောကလုံးကို ထီမထင်သည့် လေသံဖြင့် ချင်မူက ပြောလိုက်၏။ "ရွာလူကြီးကိုယ်တိုင် ပြောခဲ့တာ... ကျွန်တော်က တစ်ဦးတည်းသော လောကသခင်ခန္ဓာ... လောကသခင်ခန္ဓာ အမြုတေသုံးသွယ် ကျင့်စဉ်ကို ကျင့်နိုင်တာလည်း ကျွန်တော် တစ်ယောက်တည်း ရှိတယ်တဲ့..."

"သူ ပြောခဲ့တာလား... ဒီအဘိုးကြီးကတော့ ငါ့ထက် အသိပညာ ဗဟုသုတ ပိုသာနေတုန်းပဲ..."

လူငယ်ဂိုဏ်းချုပ်က တစ်ချက် စိုက်ကြည့်၍ မေးလိုက်သည်။ "မင်း တကယ် မသွားဘူးလား... မင်း မသွားလည်း ဖိုကျစ် နောက်ဆုတ်သွားအောင် လုပ်နိုင်တဲ့သူတွေ ငါ့မှာ ရှိသေးတယ်ဆိုတာ သိထား..."

ချင်မူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ မဝံ့မရဲ မေးလိုက်သည်။ "ဂိုဏ်းချုပ်ကိုယ်တိုင် လူငယ်ဟန်ဆောင်ပြီး ရှေ့ထွက်တိုက်တော့လို့လား..."

လူငယ်ဂိုဏ်းချုပ်က အကြမ်းပန်းကန်ကို ကောက်ကိုင်ပြီး အော်ဟစ်လိုက်သည်။ "မင့်လ္ဘက်ရည် မြန်မြန်သောက်ပြီး ထွက်သွားတော့..."

ချင်မူက သူ့အကြမ်းပန်းကန်ကို မော့သောက်ပြီး ဟူလင်းအာကို ခေါ်ကာ ထွက်သွားသည်။ သို့သော်လည်း တစ်ချက်တွေး၍ ပြန်လှည့်လာပြီး ထပ်မေးလိုက်၏။ "ဂိုဏ်းချုပ်... ကျွန်တော်တို့ တံခါးချည်းပဲ သူများလာပိတ်တာ ခံနေလို့ မဖြစ်ဘူး... ကျွန်တော်တို့လည်း သူများ တံခါး သွားပိတ်ကြရင် မကောင်းဘူးလား..."

"မင်း သွားမှာလား..."

"ဧကရာဇ် လာပြီး သင်ခန်းစာ ပို့ချပေးမှာလား..."

"သွားစမ်း..."

"ဟုတ်ကဲ့..."

...။

"ဒီခွေးကောင်လေး... အကျိုးအမြတ် မရရင် ဘာမှ လုပ်မှာ မဟုတ်ဘူး..."

လူငယ်ဂိုဏ်းချုပ်က ခေါင်းခါယမ်းလိုက်သည်။ စည်းကမ်းထိန်း အကြီးအကဲက ပြုံးလိုက်၏။ "ဂိုဏ်းသခင်လေးက နန်းတွင်းကောလိပ်အပေါ် တွယ်တာမှု မရှိသေးတော့ လွယ်လွယ်နဲ့ ဘယ်အားစိုက်ထုတ်ပါ့မလဲ... ပြီးတော့ ဂိုဏ်းချုပ်လည်း အခု စိတ်ပျော်သွားတယ် မဟုတ်လား..."

လူငယ်ဂိုဏ်းချုပ်က တဟားဟား အော်ဟစ် ရယ်မောလိုက်သည်။ "ဒီခွေးကောင်လေးက ငါ့ကို လာလာ စနောက်ချင်နေတာ... ဟိုအဘိုးကြီးတွေရဲ့ တပည့် ပီသတယ်... ဒုက္ခိတဘိုးဘွား ကျေးရွာရဲ့ အဘိုးကြီးက တကယ့်ကို ထက်မြက်တာပဲ... ဒီလောကကြီးမှာ လောကသခင်ခန္ဓာ ရှိတယ်ဆိုတာ ငါတောင် မသိဘူး၊ သူက သိတယ်... ငါ ပါမောက္ခချုပ် ရာထူးက အနားယူရင် သူနဲ့ သွားပြီး စကားစမြည် သွားပြောရမယ်... ဒါပေမဲ့ ဂိုဏ်းသခင်လေး ပြောတာ မှန်တယ်... တခြားသူတွေချည်း တံခါးလာလာပိတ်ထိုင်နေတာ မဟုတ်သေးဘူး... ငါတို့လည်း သူများဆီ သွားပိတ်သင့်ရင် ပိတ်ရမယ်... သူတို့က ပုန်ကန်ချင်တာတဲ့လား... ကောင်းကောင်းကြီး အရှက်ခွဲပြီး ပုန်ကန်ဖို့တောင် မျက်နှာ မပြရဲအောင် လုပ်ပေးလိုက်မယ်..."

စည်းကမ်းထိန်း အကြီးအကဲက သတိပေးလိုက်၏။ "ဂိုဏ်းချုပ်... ရာထူးက အနားယူဖို့ နှစ်လပဲ ကျန်ပါတော့တယ်..."

လူငယ်ဂိုဏ်းချုပ်က သက်ပြင်းချလိုက်သည်။ "ဒီကိစ္စကို တခြားသူ လက်ထဲပဲ ထည့်ခဲ့ရတော့မှာပေါ့... ဧကရာဇ်က နောက်ထပ် ခန့်မဲ့ ပါမောက္ခချုပ်ကို ရှာနေပြီ... ဘယ်သူ ဖြစ်နိုင်မယ်လို့ မင်း ထင်လဲ..."

စည်းကမ်းထိန်း အကြီးအကဲက ခေါင်းခါယမ်းလိုက်သည်။ "ကျွန်တော် ဘယ်သိပါ့မလဲ... ဒါပေမဲ့ ဧကရာဇ်က အနိမ့်စံ ပထမအဆင့် နန်းတွင်းအရာရှိတွေထဲက ရွေးမယ် ထင်တယ်... အင်ပါယာရဲ့ ပါမောက္ခချုပ် ရာထူးက တတိယအဆင့် အရာရှိ ဆိုပေမဲ့ အတော်လေး အရေးပါတဲ့ နေရာပဲ... သူ ယုံကြည်ရတဲ့သူကိုပဲ ခန့်လိမ့်မယ်..."

နန်းတော်အတွင်း၌၊ ဧကရာဇ်ယန်ဖုန့်က မှတ်တမ်းမှတ်ရာများ ဖတ်ရှုနေစဉ်တွင် မိန်းမစိုးတစ်ဦးက အသံစူးစူးဖြင့် လျှောက်တင်လာ၏။ "အရှင်မင်းကြီး... သခင်ကြီးကူ ရောက်လာပါပြီ..."

"ဝင်ခွင့်ပြုလိုက်..." ဧကရာဇ်ယန်ဖုန့်က ခေါင်းပင် မော့မကြည့်...။

"ကျွန်တော်မျိုး ကူလင်းနွမ်... အရှင်မင်းကြီးကို ဖူးမျှော်ပါတယ်..."

ဧကရာဇ်ယန်ဖုန့်က ခန်းမဆောင်အတွင်း၌ ဦးညွှတ် အရိုအသေပြုနေသော ကူလင်းနွမ်ကို မော့ကြည့်၍ လက်ထဲမှ စုတ်တံကို ချလိုက်သည်။ "သခင်ကြီးကူ... မောင်မင်းက နှစ်ပေါင်း ဒါဇင်ချီအောင် ပျောက်နေပြီး တပ်မှူးလေးချင်က ကယ်တင်ခဲ့ရတယ်... လုပ်ရိုးလုပ်စဉ်အရ မင်းကို ရာထူးနေရာ ပြန်ပေးရမယ်...  ဒါပေမဲ့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေပြီး နန်းစဉ်ဓားကိုပါ လက်လွတ်ဆုံးရှုံးခဲ့တဲ့ အပြစ်က ပေါ့သေးသေး မဟုတ်ဘူး... ရှောင်ပြေးလို့ မရဘူး... ငါကိုယ်တော်အနေနဲ့ မောင်မင်းကို ရာထူးတိုးမြှင့် ခန့်အပ်ချင်ရင် တခြား မှူးကြီးမတ်ရာတွေရဲ့ ဖိအားပေးတာ ခံရလိမ့်မယ်... ဒါပေမဲ့ အများရဲ့ စိတ်ဆန္ဒကို ဆန့်ကျင်ရပ်တည်ပြီး မင်းကို အရေးပါတဲ့ ရာထူးမှာ ခန့်အပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်..."

ကူလင်းနွမ်မှာ အံ့အားသင့် ဝမ်းသာသွား၏။

"နန်းတွင်းကောလိပ်ရဲ့ ပါမောက္ခချုပ် ရာထူးက အရေးကြီးဆုံး ရာထူးနေရာပဲ... လက်ရှိ ပါမောက္ခချုပ်က အနားယူတော့မယ်... သူ့ကို နှစ်လလောက် ဆိုင်းငံ့ဖို့ ငါ တောင်းဆိုထားရတာ... အခု မင်းကို ရွေးချယ်လိုက်ပြီ ဆိုတော့ ငါကိုယ်တော် စိတ်မပျက်ရစေနဲ့..."

"ကျွန်တော်မျိုးရဲ့ အသက်နဲ့ ခန္ဓာကို ပေးဆပ်ပြီး အစွမ်းကုန် ကြိုးစား ထမ်းရွက်ပါမယ်..."

ဧကရာဇ်ယန်ဖုန့်က စုတ်တံကို ကောက်ကိုင်၍ မှတ်တမ်းမှတ်ရာများ ဆက်ဖတ်လိုက်သည်။ "မင့်အသက်နဲ့ ခန္ဓာကို ပေးဆပ်စရာ မလိုဘူး... စိတ်ပျက်ရအောင် လုပ်ရင် မင့်ခေါင်းကို ငါ ဖြတ်မယ်... ပြန်လို့ ရပြီ..."

All Chapters