သမားတော်ခန်းမကို မေ့ဆေးခပ်ခြင်း
Vol. 11 Ch. 141
"ရှဲမိန်ဘယ်ရီ ၂ ချမ်၊ ကောင်းကင်ဝါးပင် ၁ လျှံနဲ့ ၆ ချမ်၊ နွယ်သာကီပန်း ၄ ချမ်..."
ချင်မူက ဟူလင်းအာကို ခေါ်၍ နန်းတွင်းကောလိပ်၏ သိုလှောင်ခန်းသို့ သွားကာ ဆေးညွှန်းပြပြီး သူ လိုအပ်သော ဆေးပင်များ ဝယ်ယူလိုက်သည်။ ထို့နောက် ဟူလင်းအာကို ရှင်းပြလိုက်၏။ "ဒီတစ်ခေါက် ငါ ဖော်မယ့်ဆေးက အတိတ်မေ့ဆေးလို့ ခေါ်တဲ့ မေ့ဆေးတစ်မျိုးပဲ... ဘိုးဘိုးဆေးဆရာက ဒီဆေးနဲ့ ရေနဂါး တစ်ကောင်ကို သတိမေ့အောင် လုပ်ဖူးတယ်... အဲဒီ နွားသိုးက ခွန်အားကြီးချင် ကြီးလိမ့်မယ်၊ ဒီဆေးဒဏ်တော့ ခံနိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီဆေးကို ဖော်ဖို့ သီးသန့် ပြင်တင်ထားတဲ့ ဆေးမီးဖို လိုတယ်... တစ်ချက်မှားလို့ မရဘူး..."
ဟူလင်းအာက စိတ်ဝင်တစား မေးလိုက်သည်။ "ဘာလို့လဲ..."
"ဒီဆေးက ထွက်လာတဲ့ အမွှေးနံ့က ရေနဂါး တစ်ကောင်ကိုတောင် မေ့လဲစေနိုင်တယ်... ဆေးဖော်တဲ့သူ ရှူမိရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ပေါ့..."
ချင်မူက ပြုံးလိုက်၏။ "ဆေးမီးဖိုကို အလုံပိတ်မထားရင် ဆေးဖော်ပြီးသွားတာနဲ့ အမွှေးနံ့ ထွက်လာလိမ့်မယ်... ကောင်းကင်နတ်အသွင်အဆင့် နတ်သိုင်းပညာရှင်တွေတောင် ဒီအမွှေးနံ့ လာတဲ့ လမ်းမှာ ရပ်နေမိရင် တုံးခနဲ မေ့လဲနိုင်တယ်... ငါ့မှာ အဲလို အလုံပိတ် ဆေးမီးဖိုမျိုး မရှိဘူး... ကုသရေးခန်းမကနေ သွားငှားရမယ်..."
ရုတ်တရက် သူ့နောက်ကျောမှ ရင်းနှီးပြီးသား အသံတစ်သံကို ကြားလိုက်မိသည်။ "နတ်ဆေးသမားတော်လေး... ဘယ်သွားမလို့လဲ..."
ချင်မူ အသံလာရာသို့ ကြည့်ပြီး ပြုံးလိုက်သည်။ "နန်းတွင်းသမားတော်ချွီပါလား... အာ နေဦး... သမားတော်ကြီးက အဆောင်မှူး တစ်ယောက်ပဲဆိုတော့ ဆရာချွီလို့ ခေါ်ရမှာ..."
နန်းတွင်းသမားတော်ချွီက ကမန်းကတန်း ပြောလိုက်သည်။ "အဲဒီလို မပြောပါနဲ့... ကျုပ် ရှက်တောင် ရှက်မိပါတယ်... နတ်ဆေးသမားတော်လေး... နေ့လယ်မှာ ကျုပ် သင်ခန်းစာ ပို့ချစရာ ရှိတယ်... သမားတော်လေးက နတ်ဆေးသမားတော်ဆိုတော့ ကျုပ်အစား သင်ခန်းစာ ပို့ချပေးပါလား..."
ချင်မူက ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ "ကျွန်တော်က ကျောင်းသားပဲ ရှိသေးတာ... ဘယ်လိုလုပ် သင်ခန်းစာ ပို့ချနိုင်မှာလဲ... ပြီးတော့ နေ့လယ်ကျရင် ကျွန်တော် လုပ်စရာ ရှိသေးလို့ အတန်းတက်နိုင်မှာ မဟုတ်ဘူး... အခုက နေ့လယ်အတွက် ဆေးတစ်အိုး ဖော်စပ်ဖို့ လုပ်နေတာ..."
နန်းတွင်းသမားတော်ချွီက အနည်းငယ် စိတ်ပျက်သွားသော်လည်း ရုတ်တရက် မျက်လုံးများ အရောင်တောက်သွား၏။ "သမားတော်လေးက ဆေးလုံးဖော်မလို့လား..."
ချင်မူက ပြုံးလိုက်သည်။ "ဆေးလုံးဖော်တယ်လို့ ပြောမရပါဘူး... ဒီတိုင်း ဆေးဖော်တာ သက်သက်ပါပဲ..."
နန်းတွင်းသမားတော်ချွီ၏ မျက်လုံးထဲတွင် အရောင်တဖျတ်ဖျတ် တောက်သွား၏။ "နတ်ဆေးသမားတော်လေး... ကျုပ် လိုက်ကြည့်လို့ ရမလား..."
ချင်မူက တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားပြီး ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်လည်း ကုသရေးခန်းမက ဆေးမီးဖို ငှားမလို့... သမားတော်ကြီး ကြည့်ချင်တယ်ဆို အတူတူ သွားကြတာပေါ့..."
နန်းတွင်းသမားတော်ချွီမှာ အကြီးအကျယ် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ပြုံးလိုက်သည်။ "နတ်ဆေးသမားတော်လေး... ကုသရေးခန်းမကို အရင်သွားနှင့်ပါ... ကျွန်တော် မြန်မြန် လိုက်လာခဲ့ပါ့မယ်..." သူက စကားဆုံးသည်နှင့် လေအလျဉ်ကဲ့သို့ ထွက်ခွာသွားသည်။
ချင်မူက ကုသရေးခန်းမသို့ လမ်းလျှောက်သွားလိုက်၏။ သူပင် ကုသရေးခန်းမရှေ့သို့ မရောက်သေး၊ နန်းတွင်းသမားတော်ချွီက ခန်းမရှေ့တွင် အခန့်သား စောင့်နေချေပြီ။ နန်းတွင်းသမားတော်ချွီအပြင် နန်းတွင်းသမားတော်ယို၊ နန်းတွင်းသမားတော်ယွီနှင့် နန်းတွင်းသမားတော် အဖွဲ့အစည်းမှ ကျန်သည့် သမားတော်များလည်း ရောက်ရှိနေကြ၏။ သူတို့ အားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားသည့် အမူအရာများ ရှိနေကြသည်။
ချင်မူ ဇဝေဇဝါ ဖြစ်သွား၏။ သူက သာမန် မေ့ဆေးလေး တစ်ဖုံသာ ဖော်စပ်လိုခြင်း ဖြစ်သည်။ နန်းတွင်းသမားတော်များ အားလုံး စုရုံး စောင့်ကြည့်စရာ လိုပါ၏လား။
"နတ်ဆေးသမားတော်လေး... မြန်မြန်လာ..."
နန်းတွင်းသမားတော်များက သူ့ကို အလျင်အမြန် ဖိတ်ခေါ်၍ ကြွက်စီကြွက်စီ ပြောဆိုလိုက်ကြသည်။ "သမားတော်လေး... မြေအောက်မီးလျှံ သုံးလို့ရတဲ့ မဟာမီးဖို ပြင်လိုက်ရမှာလား..."
"ကျုပ်တို့ အကူ လုပ်ပေးရမလား..."
"ဘယ်ဆေးပင်တွေ သုံးမှာလဲ... ဘယ်ဆေးပင်ကို အရင် ထည့်ရမှာလဲ..."
"ဘယ်လို အချိန်မျိုးဆို ညင်ညင်သာသာ အားစိုက်ပြီး ဘယ်လို အချိန်မျိုးဆို ပြင်းပြင်းထန်ထန် အားစိုက်သင့်တာလဲ နတ်ဆေးသမားတော်လေး... ပြီးတော့ လက်ဟန် နည်းစနစ်တွေမှာ ချီစွမ်းအင်ကို ဘယ်လို လှည့်လည်ရမလဲ..."
...။
ချင်မူက သူတို့နှင့်အတူ ကုသရေးခန်းမအတွင်း ဝင်သွားပြီး ကြီးမားလှသော ဆေးမီးဖိုကြီးကို လှမ်းမြင်မိ၏။ ဤဆေးမီးဖိုမှ ဖော်စပ်နိုင်သော ဆေးလုံးများမှာ လူတစ်ယောက်အတွက် သုံးနှစ်လောက် မှီဝဲယူရပေလိမ့်မည်။ ဤသည်က နန်းတွင်းတပ်ဖွဲ့အတွက် စွမ်းအင်ဆေးလုံး အမြောက်အမြား ဖော်စပ်သော ဆေးမီးဖို ဖြစ်ပေလိမ့်မည်။
ထိုဆေးမီးဖိုအပြင် အရွယ်အစား အမျိုးမျိုး ရှိသော ဆေးမီးဖိုများလည်း ရှိသည်။ ၎င်းတို့၏ အောက်၌ မှော်သင်္ကေတ အစီအရင်များ ရှိပြီး မြေအောက် ကိုက်တစ်သောင်းအကွာမှ ကမ္ဘာမြေမီးလျှံများကို ဆွဲယူ အသုံးပြုနိုင်၏။
"ဒီမှာ အလုံပိတ် ဆေးမီးဖို ရှိလား..." ချင်မူက မေးမြန်းလိုက်သည်။
"နတ်ဆေးသမားတော်လေး... ဒီဘက် ကြွပါ..."
နန်းတွင်းသမားတော်ယိုက ကျောက်သား ဆေးမီးဖို တစ်ခုဆီသို့ ရှေ့မှ အလျင်အမြန် ဦးဆောင်ခေါ်သွားပြီး ပြုံးလိုက်သည်။ "ဒါက အလုံပိတ် ဆေးမီးဖိုပါပဲ... နတ်ဆေးသမားတော်လေး သုံးလို့ ရ၊ မရ စစ်ဆေးကြည့်ပါဦး..."
ချင်မူ၏ မျက်လုံးများ အရောင်တောက်သွား၏။ ဤကျောက်သား ဆေးမီးဖိုက ကျောက်စိမ်းမှ ထွင်းထားခြင်း ဖြစ်သည်။ အပေါ်ပိုင်းနှင့် အောက်ပိုင်းက အခေါင်းပေါက် ဖြစ်ပြီး အတွင်းတွင် ဓာတ်ကြီးငါးပါး၊ ပါကွအစီအရင်များ ထွင်းထား၏။ လေဝင်၊ လေထွက်ပေါက် မရှိဘဲ အပေါ်ပိုင်းနှင့် အောက်ပိုင်းကို ဖုံး၍ တစ်ချက် လှည့်လိုက်လျှင် အလုံပိတ် ဖြစ်သွား၏။ အထဲ၌ ဆေးဖော်စပ်ခြင်း အလွဲအချော် ဖြစ်ပြီး ပေါက်ကွဲလျှင်တောင်မှ ဤဆေးမီးဖို ပွင့်ထွက်လိမ့်မည် မဟုတ်ပေ။
"သုံးလို့ ဖြစ်တယ်..."
ချင်မူက ဆေးမီးဖိုကို ဖွင့်၍ စေ့စေ့စပ်စပ် စစ်ဆေး ကြည့်ရှုလိုက်ပြီး ဓာတ်ကြီးငါးပါး၊ ပါကွအစီအရင်ရှိ လေးထောင့်အံဝှက်များအတွင်း ဆေးပင်များကို အစီအစဉ်တကျ ထည့်လိုက်သည်။ ဤဓာတ်ကြီးငါးပါး၊ ပါကွအစီအရင်မှ လေးထောင့်အံဝှက်များက အစီအစဉ်အလိုက် သူ့အချိန်နှင့်သူ ပွင့်မည် ဖြစ်၏။ ဤနည်းအားဖြင့် လေးထောင့်အံဝှက်များရှိ ဆေးပင်များက ဆေးကျိုအိုးအတွင်း အချိန်ကိုက် ကျရောက်သွားမည် ဖြစ်ပြီး ဆေးပင် ထည့်ရန်အတွက် ဆေးမီးဖိုကို အဖုံးဖွင့်စရာ လိုတော့မည် မဟုတ်ပေ။
ဆေးပင်များ နေရာတကျ ထည့်ပြီးသည်နှင့် လက်ခုပ်နှစ်ဖက် ဖျောင်းခနဲ တီးကာ မြေပြင်ပေါ်ရှိ မှော်သင်္ကတ အစီအရင်မှတစ်ဆင့် မြေအောက်မီးလျှံများ ဆွဲငင်ထုတ်ယူပြီး ဆေးမီးဖိုကို မီးပြင်းတိုက်လိုက်၏။
ဟူလင်းအာက ဆေးဖော်စပ်သည်ကို စိတ်ဝင်စားခြင်း မရှိသဖြင့် ဟိုဟိုသည်သည် လျှောက်ကြည့်လိုက်သည်။ အိုကြီးအိုမ ခေါင်းမွေးဖြူ နန်းတွင်းသမားတော်များကတော့ ချင်မူ့ဘေးတွင် စုရုံး၍ မျက်လုံးမခွာစတမ်း စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ နန်းတွင်းသမားတော်ယွီက ချင်မူ၏ လက်ဟန်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားပြီး လွှတ်ခနဲ ချီးကျူးလိုက်သည်။ "ဒီလက်ဟန် လှုပ်ရှားမှုက ပြီးပြည့်စုံတဲ့အဆင့် ရောက်တော့မယ်... သိပ်ကောင်းတာပဲ... နတ်ဆေးသမားတော်လေး... မင့်ရဲ့ လက်ဟန်နည်းစနည်းက ဘာလို့ ဆယ့်သုံးချက် ဆက်တိုက် ထိုးဖို့ လိုတာလဲ..."
ချင်မူက ပြန်ဖြေလိုက်၏။ "ခရမ်းရောင် ဆေးကျောက်တုံးက ကျောက်စိမ်းတစ်မျိုးပဲ... ဆေးစွမ်းအာနိသင်က ဒီကျောက်တုံးရဲ့ အတွင်းပိုင်းမှာ ကိန်းအောင်းနေတာ... သူ့ဆေးစွမ်းအာနိသင်ကို ထုတ်ယူရတာ တခြား ဆေးပင်၊ ဆေးပစ္စည်းတွေထက် အများကြီး ပိုခက်တယ်... အဲ့ဒါကြောင့် သူ့ဆေးစွမ်းအာနိသင် ထွက်လာအောင် ဆယ့်သုံးချက် ထိုးလိုက်တာပါ... ကျွန်တော့် ကျင့်စဉ်စွမ်းအင်က နိမ့်ပါးပါတယ်... ဆရာတို့ရဲ့ ကျင့်စဉ်စွမ်းအင်က သိပ်သည်းနက်ရှိုင်းတော့ ဆယ့်သုံးချက်အထိ ထိုးဖို့ မလိုပါဘူး... ဆေးစွမ်းအာနိသင် ထုတ်ယူနိုင်ရင် ရပ်လိုက်လို့ ရပြီ..."
နန်းတွင်းသမားတော်အိုကြီးများက ခေါင်းညိတ်၍ ကမန်းကတန်း ရေးမှတ်လိုက်သည်။
ချင်မူက ဆေးဖော်ရင်း တစ်ချိန်တည်း သူတို့နှင့် အပြန်အလှန် ပြောဆို ဆွေးနွေးခဲ့၏။ တစ်ခု ပြောစရာ ရှိသည်မှာ ဤသမားတော်အိုကြီးများက မေးခွန်းများစွာ မေးပြီး သူက အနည်းငယ်သာ မေး၍ ဆေးစွမ်းအာနိသင် တစ်ခုချင်းနှင့် ဆေးဖော်စပ်သည့် နည်းစနစ်များ တစ်ချိန်လုံး ရှင်းပြနေခဲ့ရခြင်း ဖြစ်သည်။
"ဒါက နဂါးနဲ့ကျား ရိုင်းပင်းကူညီ လက်ဟန် မဟုတ်လား..."
နန်းတွင်းသမားတော်ချွီ၏ အမူအရာက ရုတ်ခြည်း ပြောင်းလဲသွားပြီး လွှတ်ခနဲ အော်လိုက်မိသည်။ "ဒီလက်ဟန် နည်းစနစ်က ပျောက်ကွယ်နေတာ ကြာပြီ..."
အခြား နန်းတွင်းသမားတော် သုံးယောက်၏ မျက်နှာတွင်လည်း အံ့အားသင့်သည့် အမူအရာများ ပေါ်ထွက်လာပြီး အထက်အောက် လူးလာလှုပ်ရှားနေသည့် ချင်မူ၏ လက်များကို စူးစူးစိုက်စိုက် ကြည့်ကာ သူ၏ လက်ဟန် နည်းစနစ်ကို မှတ်သားရန် ကြိုးစားလိုက်ကြ၏။
ခေါင်းမွေးဖြူ နန်းတွင်းသမားတော်ယွီက တတွတ်တွတ် ရေရွတ်လိုက်၏။ “နဂါးနဲ့ကျား ရိုင်းပင်းကူညီ လက်ဟန်က ပျောက်ကွယ်နေတာ နှစ်နှစ်ရာကျော်ပြီ... ဒီလို ဒဏ္ဍာရီ ဆေးဖော်နည်း လက်ဟန် နည်းစနစ်ကို နတ်ဆေးသမားတော်လေးဆီမှာ မြင်တွေ့ခွင့်ရမယ်လို့ မျှော်လင့်မထားမိဘူး... ငါ အိပ်မက်များ မက်နေတာလား..."
"သမားတော်ကြီးတို့ သင်ချင်ရင် အားတဲ့အချိန် သင်ပေးလို့ ရတယ်... အခုတော့ သင်ဖို့ အချိန်မရသေးဘူး..."
ချင်မူမှာ ဆေးဖော်ခြင်း၏ အရေးအကြီးဆုံး အချိန်ကို ရောက်နေပြီ ဖြစ်သဖြင့် အာရုံများ၍ မရတော့ပေ။ နဂါးနှင့်ကျား ရိုင်းပင်းကူညီ လက်ဟန် နည်းစနစ်က ဘိုးဘိုးဆေးဆရာ သင်ပေးထားသော လက်ဟန်နည်းစနစ် ရာချီထဲမှ တစ်ခုသာ ဖြစ်သဖြင့် အထူးအထွေ လျှို့ဝှက်ထားရမည့်အရာ မဟုတ်။ သူများကို သင်ပေးလိုက်ရန်မှာ အပန်းမကြီးဟု သူ ခံစားမိသည်။
ဆေးဝါးဖော်စပ်ခြင်း၏ အရေးကြီးဆုံး လိုအပ်ချက်မှာ ဆေးပညာရပ်တွင် နှံ့စပ်ကျွမ်းကျင်ရန် ဖြစ်သည်။ လက်ဟန် နည်းစနစ်နှင့် အခြား ကျန်သည့်အရာများမှာ အထောက်အကူ သက်သက်သာ ဖြစ်၏။
သို့သော်လည်း ဤနန်းတွင်းသမားတော်များ အတွက်တော့ လက်ဟန် နည်းစနစ်များက အသက်တမျှ အရေးပါလှသည်။ လက်ဟန် နည်းစနစ်များအပြင် ဆေးနည်း၊ ဆေးညွှန်းများမှာလည်း ဆေးပညာ လေ့လာသူများအတွက် မှန်းမျှော်တမ်းတရသည့် ရတနာများ ဖြစ်သည်။ သူတို့အနေဖြင့် လျှို့ဝှက်ဆေးနည်း တစ်ခုခုသာ လက်ဝယ် ရရှိထားလျှင် တန်ဖိုးကြီး ရတနာအဖြစ် ရှုမြင် သတ်မှတ်၍ တစ်ပါးသူများကို အလွယ်တကူ ပြောပြလိမ့်မည် မဟုတ်ပေ။
ဤသည်က ချင်မူ့ကို ဘိုးဘိုးဆေးဆရာ သင်ပြပေးခဲ့သည်နှင့် ခြားနားနေ၏။ ဆေးဆရာက ဆေးနည်း၊ ဆေးညွှန်းများနှင့် လက်ဟန် နည်းစနစ်များကို ကိုးကွယ်သူ မဟုတ်ချေ။ ချင်မူ့ကို ဖိဖိစီးစီး သင်ပေးခဲ့သည်က ဆေးပညာ သဘောတရားများသာ ဖြစ်၏။
ချင်မူမှာ ဘိုးဘိုးဆေးဆရာ သင်ပေးခဲ့သည့် ပညာရပ်များက မည်မျှ စွမ်းအားကြီးမှန်း မသိဘဲ သာမန်ဟုသာ တစ်ချိန်လုံး ထင်နေခဲ့မိသဖြင့် ဤနန်းတွင်းသမားတော်များ၏ အံ့အားတကြီးနိုင်မှုကို နားမလည် ဖြစ်ရသည်။
ယခု အချိန်၌ ချင်မူက သူ ဖော်စပ်နေသည့် ဆေးကို ထုတ်ယူရန် ပြင်ဆင်နေပြီ ဖြစ်ပြီး သူ၏ လက်ဟန် လှုပ်ရှားမှုများက မြန်သည်ထက် မြန်လာသဖြင့် ကြည့်ရှုနေသူအပေါင်းမှာ လိုက်မမီနိုင်တော့သလို ဖြစ်သွား၏။ မျက်စိတစ်မှိတ်အတွင်း၌ နဂါးနှင့်ကျား ရိုင်းပင်းကူညီ လက်ဟန်ထက် ပို၍ ရှုပ်ထွေးပြီး နှစ်ပေါင်းများ ပျောက်ကွယ်နေခဲ့သော လက်ဟန် နည်းစနစ် တစ်ဒါဇင်ခန့်ကို နန်းတွင်းသမားတော်ကြီးများ မြင်တွေ့လိုက်ရသည်။
လက်ဟန် နည်းစနစ်များ တဖျတ်ဖျတ် ပြောင်းလဲသွားခြင်းနှင့်အတူ မြေအောက်မီးလျှံကလည်း ပုံသဏ္ဌာန် အမျိုးမျိုး လိုက်လံ ပြောင်းလဲနေ၏။ နန်းတွင်းသမားတော်များ ရေးချမှတ်သားရခြင်းပင် မရှိသေးမီ ချင်မူက သူ့လက်များကို ပြန်ရုပ်သိမ်းသွားပြီး ကျောက်သား ဆေးမီးဖိုဘေး၌ ငြိမ်သက်စွာ စောင့်ဆိုင်းနေပြီ ဖြစ်သည်။
ဆေးမီးဖို အပူချိန်လျော့စ ပြုလာသည်နှင့် ချင်မူ၏ ချီစွမ်းအင်က လိပ်နက် ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားပြီး သူ့လက်ဖဝါးများက တစ်စထက်တစ်စ အေးစိမ့်လာသည်။ ထို့နောက် သူ့လက်ဖဝါးများကို ဆေးမီးဖိုပေါ်သို့ ဖိကပ်လိုက်သောအခါ မီးဖိုနံရံ၌ ရေခဲမှုန် အလွှာတစ်ထပ် ဖွဲ့တည်လာ၏။
တစ်ခဏမျှ ကြာပြီးသောအခါ ချင်မူက နန်းတွင်းသမားတော်များနှင့် ဟူလင်းအာကို နောက်ဆုတ်ခိုင်းလိုက်သည်။ ထို့နောက် အသက်အောင့်၍ ဆေးမီးဖိုကို ဂရုတစိုက် အဖုံးဖွင့်လိုက်၏။ ဆေးကျိုအိုး၏ အောက်ခြေတွင် ပန်းနုရောင် အခိုးအငွေ့ အလွှာတစ်ခု ရှိနေသည်။
ချင်မူက လက်တစ်ဖက်ဖြင့် လိပ်နက်ချီစွမ်းအင်ကို အသုံးပြု၍ ထိုအခိုးအငွေ့ကို အေးခဲထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကျောက်စိမ်းပုလင်း တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ ချီစွမ်းအင်ဖြင့် လမ်းကြောင်း၍ ဆေးကျိုအိုး အခြေမှ အခိုးအငွေ့များကို ကျောက်စိမ်းပုလင်းထဲ ဆွဲသွင်းလိုက်သည်။
ထို့နောက် ပုလင်းဖုံးကို ကမန်းကတန်း ပိတ်လိုက်၏။ သို့တိုင်အောင် သူ စိတ်မအေးနိုင်သေးပေ။ လိပ်နက်ချီစွမ်းအင်ဖြင့် ပုလင်းနှုတ်ခမ်း ပတ်ပတ်လည်တွင် အနက်ရောင် ရေခဲလုံးကြီး ဖြစ်အောင် ပိတ်ဆို့ပြီးမှ သက်ပြင်းချနိုင်၏။
"ကျွန်တော် လိုတဲ့ဆေး ဖော်လို့ ပြီးသွားပါပြီ..."
ချင်မူက နန်းတွင်းသမားတော်များကို ကျေးဇူးစကားဆို၍ ပြုံးလိုက်သည်။ "ဆရာတို့... ကျွန်တော် လုပ်စရာလေး ရှိသေးလို့ ဆရာတို့ကို မနှောင့်ယှက်တော့ပါဘူး... နေ့လယ် အတန်းကတော့..."
နန်းတွင်းသမားတော်ယိုက ပြုံးလိုက်သည်။ "မင်း လုပ်စရာ ရှိတာ သွားလုပ်ပါ... ဒီနေ့ကစပြီး မင်း မအားရင် အတန်းတက်စရာ မလိုဘူး... အချိန်ရရင်သာ ငါတို့ အဘိုးကြီးတွေဆီ လာပြီး ဆေးဖော်စပ်ရင်း သင်ပြပေးရင် ရပါပြီ..."
ချင်မူက နှုတ်ဆက်၍ ထွက်ခွာသွား၏။
သူ ထွက်ခွာသွားသည်နှင့် နန်းတွင်းသမားတော်အိုကြီးများမှာ တစ်မုဟုတ်ချင်း ဝိုင်းဖွဲ့ စုရုံးသွားသည်။ နန်းတွင်းသမားတော်ယိုက ပီတိအပြုံးနှင့် မေးလိုက်၏။ "အားလုံး... ပါဝင်ပစ္စည်းတွေနဲ့ ဆေးပင်တွေ အကုန်လုံးကို မှတ်ထားလိုက်ရရဲ့လား..."
နန်းတွင်းသမားတော်ယွီက အတုန်တုန်အရီရီဖြင့် ပြောလိုက်သည်။ "ငါတို့ မျက်စိအောက်ကနေ ဘယ်လိုလုပ် ဖုံးကွယ်နိုင်မှာလဲ... တစ်ချက် အနံ့ရှူလိုက်တာနဲ့ ဘာဆေးပင်တွေလဲ ဆိုတာ တန်းသိတယ်... ဘယ်လောက်ချမ်၊ ဘယ်လောက်လျှံ ပမာဏ ရှိသလဲဆိုတာလည်း ငါ့နှာခေါင်းအောက်က ပြေးမလွတ်ဘူး..."
"ဖော်စပ်နည်းနဲ့ ဓာတ်ကြီးငါးပါး၊ ပါကွကွက် အစီအစဉ်ကိုလည်း မှတ်ထားလိုက်ရရဲ့လား..."
"လက်ဟန် နည်းစနစ်တွေရော..."
နန်းတွင်းသမားတော်များ တညီတညာတည်း ပြုံးလိုက်၏။ "ငါတို့ အကုန်လုံး နည်နည်းစီ မှတ်ထားတယ်... သူ့လက်ဟန် နည်းစနစ်တွေအတိုင်း လိုက်လုပ်နိုင်မှာပါ..."
နန်းတွင်းသမားတော်ချွီက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "ဒါပေမဲ့ သူ မီးဖိုထဲက ဆေးထုတ်ယူတော့ ငါတို့ကို ဝေးဝေး ဆုတ်ခိုင်းခဲ့တာ... ဘယ်လို နည်းစနစ် ထုတ်ယူခဲ့တာလဲ မမှတ်လိုက်ရဘူး... ပြီးတော့ ဘာဆေးဖော်တာလဲ ဆိုတာကိုလည်း မသိဘူး... ငါတို့ မစဉ်းစား မဆင်ခြင်ဘဲ ဖော်စပ်လိုက်မိရင်...."
"ဖော်ပြီးတဲ့ ဆေးကို ထုတ်ယူတာက လွယ်လွယ်လေးပါ၊ ဘာမှ ပြဿနာ ရှိစရာ အကြောင်း မရှိပါဘူး... ဘာဆေးလဲ ဆိုတာတော့ ဖော်ပြီးလို့ အနံ့ရှူကြည့်ရင် သိမှာပဲ... နတ်ဆေးသမားတော်လေး ဖော်တဲ့ဆေးက သာမန်တော့ ဟုတ်မှာ မဟုတ်ဘူး..."
နန်းတွင်းသမားတော်အိုကြီးများမှာ စိတ်အား တက်ကြွလာ၏။ နန်းတွင်းသမားတော်ယွီက သိုလှောင်ခန်းသို့ အပြေးသွား၍ လိုအပ်သည့် ဆေးပင်များ သွားယူလိုက်သည်။ ကျန်သည့် နန်းတွင်းသမားတော်များကတော့ ဆေးမီးဖိုကို ဆေးကြော၍ သမားတော်ယွီ ပြန်အလာကို စောင့်နေ၏။ သူ ပြန်ရောက်လာသောအခါ ဆေးပင်များကို ဓာတ်ကြီးငါးပါး၊ ပါကွအစီအရင်ရှိ လေးထောင့်ကွက်များအတွင်း အစီအစဉ်တကျ ထည့်သွင်းလိုက်သည်။
နန်းတွင်းသမားတော်အိုကြီးများက တစ်ယောက်နှင့် တစ်ယောက် အမှီသဟဲပြု၍ မြေအောက်မီးလျှံများကို ဆွဲထုတ်ယူလိုက်၏။ ထို့နောက် လက်ဟန် နည်းစနစ်များကို တစ်ယောက် တစ်မျိုးစီ ထုတ်ဖော်၍ ဆေးမီးဖိုဘေးတွင် ဝိုင်းဖွဲ့ကာ ဆေးဖော်ခြင်းအမှုကို စတင်လိုက်ကြသည်။
များမကြာမီ သင်ခန်းစာ နားထောင်ရန်အတွက် ကုသရေးခန်းမသို့ ကျောင်းတော်သား များစွာ ရောက်ရှိလာ၏။ နန်းတွင်းသမားတော်အိုကြီးများက ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်၏ အရေးကြီးဆုံး အချိန်သို့ ရောက်နေပြီ ဖြစ်သဖြင့် သူတို့ကို ဂရုမစိုက်အားချေ။ ဤရက်များအတွင်း၌ နန်းတွင်းကောလိပ်မှာ ပထမ တစ်ခါ တာအိုဂိုဏ်းမှ တောက်ကျစ်၏ ဝင်ပေါက်ထွက်ပေါက် ပိတ်ဆို့ခြင်း ခံရပြီး ယခု မဟာမိုးခြိမ်းသံ ကျောင်းတော်မှ ဖိုကျစ်၏ ပိတ်ဆို့ခြင်း ခံရကာ အတော်များများ ထိခိုက် ဒဏ်ရာ ရခဲ့ကြ၏။ ထိုအဖြစ်ကြောင့် နန်းတွင်းကျောင်းတော်သားများမှာ ကုသရေးခန်းမ၏ အရေးပါမှုကို သဘောပေါက်လာကြသည်။ ယခု ကုသရေးခန်းမက သင်ခန်းစာ ပို့ချမည် ဖြစ်သဖြင့် လာရောက် နားထောင်ကြခြင်း ဖြစ်သည်။
ကျောင်းတော်သား အားလုံးမှာ နန်းတွင်းသမားတော်အိုကြီးများ၏ ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော လက်ဟန် လှုပ်ရှားမှု နည်းစနစ်များကို မြင်သောအခါ ပါးစပ် အဟောင်းသားဖြင့် အထပ်ထပ်အခါခါ ချီးကျူးလိုက်မိကြ၏။ နန်းတွင်းသမားတော်ယွီနှင့် ကျန်သူများမှာ ဆေးမီးဖိုကို ဝိုင်းပတ်၍ တစ်ယောက်နှင့် တစ်ယောက် လူးလာယှက်သန်းကာ အဆက်မပြတ် ရွေ့လျားနေကြသည်။ သူတို့က ဆေးမီးဖို ပတ်လည်တွင် ဟိုမှသည် အတောင်ပံ ဖြန့်ကျက် ပျံသန်းနေသော လိပ်ပြာအိုကြီးများနှင့် တူပြီး ကောင်းကင် နတ်တန်ခိုးရှင်တို့ကဲ့သို့ အရှိန်အဝါ အဟန့်အထည်များ ရှိနေကြ၏။
ရုတ်တရက် သမားတော်အိုကြီးများ၏ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး သူတို့၏ လက်များကို ပြန်ရုပ်သိမ်းကာ ဆေးမီးဖို အေးသည်အထိ စောင့်ဆိုင်းရင်း ဝင်သက်ထွက်သက်မှန်အောင် ထိန်းညှိလိုက်ကြသည်။
ဤအဆင့်သို့ ရောက်သောအခါ နန်းတွင်းသမားတော်အိုကြီးများ အားလုံး အနည်းငယ် တုံ့ဆိုင်းသွားကြ၏။ နန်းတွင်းသမားတော်ချွီက ဆေးမီးဖိုပေါ် လက်တင်ရင်း ရေရွတ်လိုက်သည်။ "သူ့လက်ဟန်က ဒီလိုမျိုး လုပ်လိုက်တာ ထင်တယ်... သူ့လက်က ဒီပေါ်ကို ဖိလိုက်တာ..."
နန်းတွင်းသမားတော်ယွီက ပြုံးလိုက်၏။ "ငါတို့ ဖော်စပ်တာ မအောင်မြင်လည်း ကိစ္စ မရှိပါဘူး... နောက်တစ်ခါ ထပ်ဖော်ရုံပေါ့... ဖွင့်ကြည့်ကြစို့..."
နန်းတွင်းသမားတော်ယိုက ရှေ့ထွက်လာပြီး ဆေးမီးဖို အဖုံးကို လှပ်လိုက်သည်။ မွှေးရနံ့တစ်ခုက တစ်မုဟုတ်ချင်း သူ့နှာခေါင်းထဲ တိုးဝင်လာပြီး အလိုလို ပြုံးယောင်သန်းသွားသည်။ "မွှေး... လိုက်... တာ..."
ဘုတ်...။
နန်းတွင်းသမားတော်ယိုမှာ မျက်နှာပေါ်တွင် ထူးဆန်းသည့် အပြုံးတစ်ခု တွဲခို၍ ကြမ်းပြင်ပေါ် ပုံလဲကျသွားသည်။ ထိုအပြုံးက ပွင့်အာခါစ ပန်းတစ်ပွင့်နှယ် တစ်ဝက်တစ်ပျက် ဖြစ်နေ၏။ နန်းတွင်းသမားတော်ယိုအနေဖြင့် အပြုံးတစ်ခု ပီပြင်အောင်ပင် ပြုံးချိန် မရလိုက်ပေ။
ဘုတ်...၊ ဘုတ်...၊ ဘုတ်...။
နန်တွင်းသမားတော်ယွီ၊ နန်းတွင်းသမားတော်ချွီတို့မှာလည်း မျက်နှာပေါ်တွင် အပြုံးပန်းများ ဆင်မြန်းရင်း နောက်လန် လဲကျသွားကြသည်။ မလှမ်းမကမ်းမှ ဝိုင်းဖွဲ့ ကြည့်ရှုနေကြသော ကျောင်းတော်သား အားလုံးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိကြ၏။ အချို့က နန်းတွင်းသမားတော်များထံ ပြေးဝင် ကယ်တင်ရန် လုပ်ကြ၏။ တချို့က ထွက်ပြေးရန် ပြင်ကြ၏။ ရုတ်တရက် သူတို့အားလုံး၏ ခြေလက် လေးဖက်စလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားရပြီး တစ်ယောက်ပြီးတစ်ယောက် ကြမ်းပြင်ပေါ် ပုံလဲသွားကြသည်။
သူတို့၏ ခြေလက်များသာ မဟုတ်။ မျက်လုံး၊ နှာခေါင်း၊ နားရွက်နှင့် ဦးခေါင်း တစ်ခုလုံးပင် အစအန ရှာမရအောင် ပျောက်ကွယ်သွား၏။
သူတို့၏ ဝိညာဉ်သန္ဓေသားများပင် လှုပ်ရှားမရတော့။ ချီစွမ်းအင်များမှာလည်း တောင့်ခဲသွားသည်။