← Chapters

နန်းတွင်းကောလိပ်ကို မေ့ဆေးခပ်ခြင်း

Vol. 11 Ch. 142

နန်းတွင်းကောလိပ်ကို မေ့ဆေးခပ်ခြင်း

Vol. 11 Ch. 142

"ကုသရေးခန်းမ တစ်ခုလုံး အဆိပ်မိသွားကြပြီ..."

ခန်းမ အပြင်ဘက်မှ ဖြတ်သွားသော ကျောင်းသား အချို့က ကုသရေးခန်းမအတွင်းမှ အခြေအနေကို တစ်မုဟုတ်ချင်း သတိပြုမိသွားကြသည်။ တစ်ယောက်က ကမန်းကတန်း ပြေးထွက်သွားပြီး အော်ဟစ်လိုက်၏။ "ငါ ဆရာတွေကို သွားခေါ်လိုက်မယ်... မင်းတို့က အထဲဝင်ပြီး ရသလောက် ကယ်ထားနှင့်..."

အခြား ကျောင်းတော်သား နှစ်ဦးက ခန်းမအတွင်းသို့ တစ်ဟုန်ထိုး ပြေးဝင်သွားပြီး အမွှေးနံ့ကို ရှူမိသည်နှင့် ပုံလဲကျသွား၏။

များမကြာမီ မိုးပြာယန်ခန်းမမှ ဖာချင်းကိုယ်တော်နှင့် ဘုန်းတော်ကြီး အချို့ ရောက်ရှိလာကြပြီး အော်ဟစ် ပြောဆို၍ ခန်းမအတွင်း ပြေးဝင်သွားကြသည်။ "မြန်မြန်... ကယ်..."

ဘုတ်...၊ ဘုတ်...။

ဘုန်းတော်ကြီးများမှာ တစ်ပါးပြီး တစ်ပါး လဲကျသွားသည်။ ဖာချင်းကိုယ်တော်မှာ စွမ်းအင်အဆင့် မြင့်သည့်အတွက် ပြန်လှည့်ထွက်လာနိုင်ခဲ့သည်။ သို့သော်လည်း ခန်းမဝင်ပေါက်သို့ ရောက်သောအခါ မဟန်နိုင်တော့ဘဲ ပုံလဲကျသွား၏။

"ဖာချင်းကိုယ်တော်လည်း အဆိပ်မိသွားပြီ..."

ကျောင်းတော်သား အချို့မှာ အပြေးသွား၍ ဖာချင်းကိုယ်တော်ကို ကယ်တင်ရန် ပြင်လိုက်သော်လည်း အမွှေးနံ့ ရှူမိပြီး တစ်ယောက်ပြီးတစ်ယောက် လဲပြိုကျသွား၏။ အနီးအနားမှ ကျောင်းတော်သားများမှာ ဤမြင်ကွင်းကို မြင်သောအခါ အော်ဟစ် အကူအညီတောင်းရင်း ပြေးဝင်သွားကြသော်လည်း အထဲသို့ မရောက်မီပင် တစ်ယောက်ပြီးတစ်ယောက် တဘုတ်ဘုတ် လဲကျသွားကြ၏။

ထိုအချိန်တွင် ကျောင်းတော်သားအိမ်ရာ၊ ကောင်းကင်နတ်သိုင်းအိမ်ရာနှင့် တော်ဝင်ခြံဝင်းမှ ကျောင်းသားများလည်း သတင်းကြား၍ အပြေးရောက်လာကြသည်။ အခြားခန်းမများမှ အဆောင်မှူး ဆရာများမှာလည်း ကယ်ဆယ်ရန်အတွက် ရောက်ရှိလာကြ၏။ တောင်တံခါးဝတွင် ရောက်နေကြသော ကျောင်းတော်သားများမှာလည်း ဤသတင်းကို ကြားသဖြင့် ဖိုကျစ်နှင့် တိုက်ခိုက်မည့် ကိစ္စကို ဘေးဖယ်ကာ သူတို့၏ သူငယ်ချင်း ကျောင်းတော်သားများကို ကယ်တင်ရန် ပြေးလာကြသည်။

ပါမောက္ခ ပါ့ရှန်လည်း သတင်းရသည်နှင့် ကုသရေးခန်းမသို့ ကမန်းကတန်း ပြေးလာသော်လည်း ခန်းမရှေ့တွင် ကျောင်းတော်သား တစ်ရာကျော်နှင့် အဆောင်မှူးဆရာများ ပုံလဲကျနေသည်ကိုသာ မြင်တွေ့လိုက်ရသည်။

အတိတ်မေ့မွှေးရနံ့၏ အမွှေးနံ့က ကုသရေးခန်းမ အပြင်ထိ ပျံ့နှံ့လာပြီ ဖြစ်သည်။

တာအိုရသေ့လင်းယွင်နှင့် ကျန်သည့် အဆောင်မှူးဆရာများမှာ မလှမ်းမကမ်းတွင် ရပ်နေကြပြီး အမူအရာများ အကြီးအကျယ် ပျက်ယွင်းနေကြ၏။ ရုတ်တရက် ဓာတ်ကြီးငါးပါးခန်းမမှ တာအိုရသေ့ရှို့ဖုန်းက ရှေ့သို့ ခုန်ထွက်လာပြီး သူ့အင်္ကျီလက်အိုး နှစ်ဖက်ဖြင့် လေအဟုန်ကို စုစည်းလိုက်သည်။ "ဒီအဆိပ်က သိပ်ကို ပြင်းလွန်းတယ်... လူတွေ ကယ်ဖို့ အဆိပ်ငွေ့တွေ လွင့်ထွက်သွားအောင် လုပ်ပစ်တာ အကောင်းဆုံးပဲ..."

ဝှီး...။

သူ့အင်္ကျီလက်အိုးမှ လေပွေနှစ်ခု ပေါ်ထွက်လာပြီး ကုသရေးခန်းမဆီသို့ ပြေးဝင်သွားသည်။ ပါမောက္ခပါ့ရှန်၏ အမူအရာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အသည်းအသန် အော်ဟစ်လိုက်သည်။ "မလုပ်နဲ့..."

တာအိုရသေ့ရှို့ဖုန်း တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် မွှေးပျံ့သော သင်းရနံ့က ခန်းမ အပြင်ဘက်သို့ လွင့်ထွက်ပျံ့နှံ့သွား၏။ ပါမောက္ခပါ့ရှန်က ထပ်၍ အော်ဟစ်လိုက်သည်။ "အသက်အောင့်ထား..."

သို့သော်လည်း နောက်ကျသွားချေပြီ။ အတိတ်မေ့မွှေးရနံ့၏ အမွှေးနံ့က အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီး ကျောင်းတော်သားများ တစ်ယောက်ပြီးတစ်ယောက် တဘိုင်းဘိုင်း လဲကျသွား၏။ အဆောင်မှူးဆရာများကတော့ ကျင့်စဉ်စွမ်းအင် မြင့်မားသဖြင့် ခြေလက်များ ထုံထိုင်းသွားသလိုသာ ခံစားလိုက်ရသည်။ သူတို့၏ ခြေထောက်များ ပျော့ခွေသွားပြီး ချီစွမ်းအင်များ ထိုင်းမှိုင်းကာ လှုပ်ရှားနိုင်ခြင်း မရှိကြတော့ချေ။

ပါမောက္ခပါ့ရှန်က ထိုအဖြစ်ကို ကြိုတင် မြင်ခဲ့ပြီး သူ့ကျင့်စဉ်စွမ်းအင်ကလည်း သိပ်သည်း နက်ရှိုင်းသည့်အတွက် အမွှေးနံ့ တစ်ချက် ရှူမိသည်နှင့် ချီစွမ်းအင်ဖြင့် ထိုအမွှေးနံ့ကို ခန္ဓာကိုယ်အပြင်သို့ ညှစ်ထုတ်ပစ်လိုက်သည်။ ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်သောအခါ ကျောင်းတော်သားများ အုပ်လိုက်၊ အုပ်လိုက် လဲပြိုကျသွားသည်ကို မြင်လိုက်ရ၏။

"သေစမ်း... ဒါ နန်းတွင်းကောလိပ်ရဲ့ အဆုံးသတ် နိဂုံးလား..."

သူ့ရင်ထဲတွင် ကြေကွဲဝမ်းနည်းမှုဖြင့် စိမ့်တက်သွားသည်။ ဤအမွှေးနံ့က နန်းတွင်းကောလိပ် တစ်ခုလုံးကို ပျံ့နှံ့ လွှမ်းခြုံတော့မည်။ အဆိပ်ဒဏ်ကို ခုခံနိုင်မည့်သူက ဆယ်ယောက်၊ အယောက်နှစ်ဆယ်သာ ရှိမည်။ ထိုသူများက ကောင်းကင်နတ်အသွင်အဆင့် ကျင့်စဉ်စွမ်းအင် ရှိသဖြင့် ဤထူးဆန်းသော အမွှေးနံ့ကို ခန္ဓာကိုယ်ပြင်ပသို့ ညှစ်ထုတ်နိုင်ပေလိမ့်မည်။

နန်းတွင်းကောလိပ်က တစ်လောကလုံး၏ နံပါတ်တစ် အထွတ်အမြတ်နယ်မြေ ဖြစ်သည်။ ယခု ဤနေရာရှိ လူအားလုံး ထူးဆန်းသည့် မွှေးရနံ့ကြောင့် သေဆုံးသွားပါက နန်းတွင်းကောလိပ်၏ အဆုံးသတ် နိဂုံး မဟုတ်လျှင်တောင်မှ အဆုံးသတ်သွားသည်နှင့် များစွာ ခြားနားလိမ့်မည် မဟုတ်ချေ။

"ကုသရေးခန်းမက ဒီသောက်အဘိုးကြီးတွေ ဒီတစ်ခေါက် ဘယ်လို အဆိပ်မျိုး ဖော်လိုက်တာလဲ..."

အတိတ်မေ့ မွှေးရနံ့က အဆိပ်မဟုတ်ဘဲ မေ့ဆေးတစ်မျိုးသာ ဖြစ်ကြောင်း သူ မသိချေ။ နှစ်နာရီမှ လေးနာရီအတွင်း ဆေးအာနိသင် ပြယ်သွားမည် ဖြစ်ပြီး အန္တရာယ် တစ်စုံတစ်ရာ ရှိမည် မဟုတ်ပေ။

ထိုအခိုက်၌ ဘူးသီးခြောက် တစ်လုံး ကောင်းကင်ယံသို့ ပျံဝဲတက်သွားပြီး အောက်ဘက်သို့ မျက်နှာမူ၍ ကြောက်မက်ဖွယ်ရာ စုပ်အားတစ်ခု ပေါ်ထွက်လာသည်။ တောင်ထိပ်မှ အခြေထိ စုပ်ယူသွားရာ လေထုထဲတွင် ပျံနှံ့သွားသည့် အမွှေးရနံ့များ အားလုံး ဘူးသီးခြောက်ထဲ ဝင်သွား၏။

တောင်ခြေတစ်ခုလုံး အားကောင်းသည့် လေပွေများ တထောင်းထောင်း ထသွားပြီး မကြာမီ အမွှေးရနံ့များ အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။ ပါမောက္ခပါ့ရှန် သက်ပြင်းချလိုက်မိ၏။ "ကံကောင်းလို့ ပါမောက္ခချုပ် ရှိနေတာ... မဟုတ်ရင် ဒီအမွှေးနံ့က တစ်တောင်လုံးပျံ့သွားမှာ... ဒါပေမဲ့ ဒီလူတွေကတော့..."

ကုသရေးခန်းမရှေ့မှ မရေမတွက်နိုင်သော အလောင်းကောင်များကို ကြည့်၍ သူ၏ ကျားရဲဆန်ဆန် မျက်ဝန်းထဲတွင် မျက်ရည်များ ဖွဲ့သီလာသည်။ ရုတ်တရက် သူ့ဘေးမှ ဟက်ခနဲ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ "ပါ့ရှန်... သူတို့ မသေသေးဘဲနဲ့ မင်းက ဘာလို့ ငိုနေတာလဲ..."

ပါမောက္ခပါ့ရှန်မှာ ကြက်သေသေသွားပြီး အလျင်အမြန် ပြေးသွား၍ ထိုအလောင်းကောင်များ၏ ဝင်သက်ထွက်သက်ကို စမ်းသပ်ကြည့်လိုက်၏။ အမှန်ပင် အသက်ရှူနေကြဆဲ ရှိသည်။

လူငယ်ဂိုဏ်းချုပ်က သူ့ဘေးသို့ ရောက်လာပြီး မျက်မှောင်ကြုတ်၍ ဝေ့ဝဲ ကြည့်ရှုလိုက်သည်။ "ကြည့်ရတာ အဆိပ်ဘုရင်ရဲ့ လက်ရာပဲ... ဒါ... ဘယ်သူ့ လက်ချက်လဲ ငါ သိပြီ... ဒီခွေးကောင်လေး တစ်နေ့တခြား အထိန်းအကွပ် ပိုပိုမဲ့လာပြီ..."

ပါမောက္ခပါ့ရှန်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီး ဝင်ပြောလိုက်သည်။ "ပါမောက္ခချုပ်... ကျွန်တော် ကြားတာတော့ နန်းတွင်းသမားတော်တွေ ဆေးဖော်ရင်း ဖြစ်တာတဲ့..."

လူငယ်ဂိုဏ်းချုပ်က မဲ့ရွဲ့ကာ ပြောလိုက်၏။ "ကုသရေးခန်းမရဲ့ နန်းတွင်းသမားတော်တွေက ဒီလောက် ပြင်းတဲ့ မေ့ဆေးမျိုး မဖော်စပ်နိုင်ဘူး... ဒါ ဟိုခွေးကောင်လေး ခန်းမထဲမှာ ဆေးဖော်ရင်း မတော်တဆ ဖြစ်ပြီး သူကိုယ်တိုင်ရော၊ တစ်ကျောင်းလုံးက ကျောင်းသားတွေရော သတိမေ့သွားအောင် လုပ်မိတာ ဖြစ်ရမယ်..."

သူ့စကား ဆုံးလျှင် ဆုံးချင်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး တစ်နေရာသို့ စူးစိုက်ကြည့်နေမိ၏။

ပါမောက္ခပါ့ရှန်မှာ ဇဝေဇဝါ ဖြစ်သွားပြီး ပါမောက္ခချုပ် ကြည့်သည့်နေရာသို့ လိုက်ကြည့်ရင်း သူပါ မျက်လုံးပြူးသွားသည်။

သူတို့ မြင်လိုက်ရသည်က တောင်အနောက်ဘက်မှ ပြန်လာပြီး ကုသရေးခန်းမဘေးမှ ဖြတ်လျှောက်သွားသော ကျောင်းတော်သားငယ်ငယ် တစ်ယောက် ဖြစ်သည်။ သူ့လက်နှစ်ဖက်က လွန်စွာ ကြီးမားတုတ်ခိုင်သော အစိမ်းရောင် နွားသိုးကြီး တစ်ကောင်ကို ဆွဲလာ၏။ ထိုအစိမ်းရောင် နွားသိုးကြီးက သတိလစ်နေပြီး ခြေလေးချောင်းစလုံးကို ပူးချည်ထားသည်။ ခြေထောက်များ ဇောက်ထိုးမိုးမျှော် အနေအထားနှင့် ထိုလူငယ်လေးက တရွတ်တိုက် ဆွဲခေါ်လာခြင်း ဖြစ်၏။

ထိုနွားသိုးကြီး၏ ခွာများပေါ်တွင်တော့ အညစ်အကြေး မြူတစ်မှုန် စွန်းထင်ခြင်း မရှိသော ဆွတ်ဆွတ်ဖြူသည့် အမွေးဖွားနှင့် မြေခွေးလေး တစ်ကောင် ရှိနေသည်။

ထိုကျောင်းတော်သားလေးမှာ 'အလောင်းကောင်'များနှင့် ပြည့်နှက်နေသော မြေပြင်ကို ကြည့်၍ ကြက်သေသေသွား၏။ ပါမောက္ခပါ့ရှန်နှင့် လူငယ်ဂိုဏ်းချုပ်ကို မြင်သောအခါ သူ့မျက်နှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး အစိမ်းရောင် နွားသိုးကြီးကို ကမန်းကတန်း လွှတ်ချ၍ မြေခွေးလေးကို ကောက်မကာ ပြေးထွက်သွားတော့သည်။

"ငါ့နွားနွားလေး..."

ပါမောက္ခပါ့ရှန်က အပြေးသွား၍ သတိမေ့နေသော အစိမ်းရောင် နွားသိုးကြီးကို စာနာသနားသော အမူအရာဖြင့် ကောက်ပွေ့လိုက်သည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်လိုက်၏။ "ခွေးကောင်လေး... ငါ့နွားကို သတိမေ့အောင် အဆိပ်ခပ်တာ... မင်း ငါ့လက်က မလွတ်စေရဘူး..."

ချင်မူ ဝေးဝေးသို့ မပြေးနိုင်မီမှာပင် သူ့လည်ကုပ်တစ်ခုလုံး တင်းခနဲ ခံစားလိုက်ရပြီး လူငယ်ဂိုဏ်းချုပ်၏ ဖမ်းဆုပ်ခြင်း ခံလိုက်ရသည်။ သူ့မျက်လုံးထဲမှ မြင်ကွင်းများ တဝီဝီ ပြောင်းလဲသွားပြီး ကုသရေးခန်းမ၏ရှေ့၊ 'အလောင်းကောင်'များ၏ အလယ်သို့ ရောက်ရှိသွား၏။

ချင်မူက ရို့ရို့ကျိုးကျိုး အမူအရာဖြင့် ခေါင်းငုံ့ပြီး ဘေးနားမှ မြေခွေးဖြူလေးကို ကြည့်နေလိုက်သည်။ မြေခွေးဖြူလေးကလည်း ရို့ရို့ကျိုးကျိုးဟန်ဖြင့် သူမ၏ အမွေးပွလက်ဖဝါးများကို ငုံ့ကြည့်နေ၏။

လူငယ်ဂိုဏ်းချုပ်က သွားစေ့၍ ပြုံးလိုက်ပြီး မြေပြင်ပေါ်မှ 'အလောင်းကောင်'များကို လက်ညှိုး တစ်ထိုးထိုးနှင့် အတန်ကြာအောင် စကားမပြောနိုင်ဘဲ ရှိနေသည်။

"သွား... နံရံထောင့်မှာ ရပ်နေစမ်း..." လူငယ်ဂိုဏ်းချုပ်က အတော်လေး ကြာအောင် သူ့စိတ်သူ ထိန်းချုပ်ပြီးမှ အော်ဟစ်လိုက်၏။

ချင်မူနှင့် ဟူလင်းအာမှာ ကုသရေးခန်းမ၏ ထောင့်တစ်ထောင့်သို့ သွားရပ်၍ ခေါင်းငိုက်စိုက် ချနေလိုက်ကြသည်။

လူငယ်ဂိုဏ်းချုပ်က သုန်မှုန်သော မျက်နှာထားဖြင့် လက်နောက်ပစ်၍ လူငယ်လေးနှင့် မြေခွေးလေး၏ ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ ရုတ်တရက် အော်မေးလိုက်၏။ "ဘယ်သူ အဆိပ်ခပ်တာလဲ..."

ချင်မူက ကမန်းကတန်း ပြန်ဖြေလိုက်သည်။ "အဲဒီ နွားသိုးက ကျွန်တော့်လက်ချက်ပါ... ကျောင်းတော်သားတွေနဲ့ ပါမောက္ခတွေကတော့ ကျွန်တော်လည်း မသိဘူး..."

လူငယ်ဂိုဏ်းချုပ်က တင်းမာသော မျက်နှာထားဖြင့် မေးမြန်းလိုက်၏။ "ဘယ်လိုကုရမှာလဲ ပြောစမ်း..."

ချင်မူက အမှန်အတိုင်း ဖြေလိုက်၏။ "ကုစရာ မလိုပါဘူး... ခဏလောက် စောင့်လိုက်ရင် သတိပြန်ရလာပါလိမ့်မယ်..."

လူငယ်ဂိုဏ်းချုပ်က အေးစက်စက် နှာခေါင်းရှုံ့၍ လက်ညှိုး ငေါက်ငေါက်ထိုးကာ မာန်မဲလိုက်သည်။ "မင်း ဒီနေရာကို ရောက်တာ ဘယ်နှရက် ရှိသေးလဲ... နန်းတွင်းကောလိပ် တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ပြီးသွားပြီ... ကျောင်းတော်သားအိမ်ရာက ကျောင်းသား အကုန်နီးပါး မင်းရဲ့ အရိုက်အနှက် ခံခဲ့ရတယ်... ကျောင်းတော်သားအိမ်ရာက အိမ်၊ ခြံဝင်းတွေ အကုန်လုံးနီးပါး မင်းကြောင့် ပျက်စီးသွားတယ်... နံရံတွေထဲ ခေါင်းစိုက်၊ ကြမ်းခင်းတွေထဲ သူများတွေကို ထိုးချနဲ့... ငါ မသိဘူးများ ထင်နေလား... မင်းက အဆောင်မှူးလင်းယွင်ကို ဧကရာဇ်ရှေ့မှာ အရှက်ကွဲအောင် လုပ်ခဲ့တာတင် အားမရဘူး၊ အခု ပါမောက္ခပါ့ရှန်ရဲ့ နွားကိုပါ မေ့ဆေးခပ်တယ်... ကုသရေးခန်းမက လူတွေကို မေ့လဲအောင် လုပ်တာ ပြောမနေနဲ့၊ နန်းတွင်းကောလိပ် တစ်ခုလုံး သတိလစ်ကုန်ကြတော့မလို့... နောက်ထပ် ဘာလုပ်စရာ ရှိသေးလဲ ဟမ်... မြို့တော် တစ်ခုလုံးကို မေ့ဆေးခပ်ဦးမှာလား..."

ချင်မူက တစ်ချက်တွေး၍ ခေါင်းကုတ်လိုက်သည်။ "ဒီလောက် များတဲ့ အတိတ်မေ့ မွှေးရနံ့ ဖော်စပ်ဖို့ဆို ဆေးမီးဖို ဘယ်လောက်ကြီးကြီး လိုမှာပါလိမ့်... ဟို ​ကျွန်တော် ပြောချင်တာက ဒီကျောင်းတော်သားတွေနဲ့ ပါမောက္ခတွေ သတိလစ်သွားတာ သေချာပေါက် ကျွန်တော့် လက်ချက် မဟုတ်ပါဘူး..."

လူငယ်ဂိုဏ်းချုပ်မှာ ဒေါသထွက်လွန်းသဖြင့် စကားမပြောနိုင် ဖြစ်သွားသည်။ "အဲဒါဆို ပါမောက္ခပါ့ရှန်ရဲ့ နွားကို ဘာလို့ မေ့ဆေးခပ်တာလဲ ရှင်းပြစမ်း..."

ပါမောက္ခပါ့ရှန်လည်း အနားသို့ လျှောက်လာပြီး စိတ်ဝင်တစား မေးမြန်းလိုက်သည်။ "ဟုတ်တယ်... ငါ့နွားကို မင်း ဘာလို့ မေ့ဆေး ခပ်တာလဲ..."

ချင်မူက ရိုးသားဖြူစင်သော အမူအရာဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောလိုက်သည်။ "ကျွန်တော်က လျှောက်ကစားနေတာပါ... ဟို... ပါမောက္ခကြီးရဲ့ သီးပင်စားပင်ခြံထဲက အသီးအရွက်တွေ ခိုးမလို့ လုပ်မိတာပါ... ဒီရက်ပိုင်း အဆီအဆိမ့်တွေ စားတာ များသွားလို့ အပြောင်းအလဲ ဖြစ်အောင်လို့..."

ပါမောက္ခပါ့ရှန်က သံသယဝင်သွားပြီး မေးမြန်းလိုက်၏။ "မင်းက ငါ့နွားကို သတိလစ်အောင် လုပ်ပြီးတော့ ဘာလို့ အသီးအရွက်တွေ မခူးဘဲ သူ့ကိုပဲ သယ်ပြေးလာရတာလဲ... မင်းက ငါ့ခြံထဲက အသီးအရွက်တွေ စားချင်တာလား၊ ငါ့နွားကို စားချင်တာလား..."

"ဒါက..."

ချင်မူ ခေါင်းငုံ့၍ သူ့ဘေးမှ မြေခွေးလေးကို ကြည့်လိုက်သည်။ မြေခွေးလေးမှာလည်း ဆင်ခြေကို စဉ်းစားမရပေ။

ပါ့ရှန်မှာ ဒေါသထွက်လာ၏။ "ဆင်ခြေ ပေးစရာ မကျန်တော့ဘူးလား ဟမ်... မင်းကို ဘယ်လို အပြစ်ပေးရမလဲ ပြောစမ်း... ပါမောက္ခချုပ်၊ သူက တောင်ပေါ် ရောက်တာမှ မကြာသေးဘူး၊ ကျွန်တော့်နွားကို အဆိပ်ခပ်ပြီး သတ်စားဖို့ ကြံနေတယ်... နန်းတွင်းကောလိပ် တစ်ခုလုံးက ကျောင်းတော်သားတွေလည်း သူ့ကြောင့် ဒုက္ခရောက်တော့မလို့... ဒီကောင်လေးကို ကျောင်းမှာ ဆက်ထားလို့ မဖြစ်တော့ဘူး..."

လူငယ်ဂိုဏ်းချုပ်က ချောင်းတစ်ချက် ဟန့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ "ပါ့ရှန်... သူက အဆိပ်ဘုရင်ရဲ့ တပည့်နော်..."

ပါမောက္ခပါ့ရှန်မှာ အလန့်တကြား ထခုန်လိုက်မိ၏။ "အဆိပ်ဘုရင် ဟုတ်လား၊ ဘယ်အဆိပ်ဘုရင်လဲ..."

လူငယ်ဂိုဏ်းချုပ်က ခပ်တိုးတိုး ပြောလိုက်သည်။ "ဘယ်အဆိပ်ဘုရင် ရှိရမှာလဲ... ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ပေါ့... သူက မယ်တော်ကြီးကို ကုပေးခဲ့တဲ့ ပန်းပွင့်လမ်းကြားက နတ်ဆေးသမားတော်လေးပဲ... လူ့အသက်ကယ်ဖို့ ဆေးကုတာ တော်သလို အဆိပ်ပညာမှာလည်း ဧကရာဇ် အတိုင်ပင်ခံရဲ့ နန်းဆောင်က ဖုယွမ်ချင်းအောက် မကျဘူး..."

ပါမောက္ခပါ့ရှန်မှာ ရုတ်ခြည်းပင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားပြီး ခြောက်ကပ်ကပ် ရယ်မော၍ ချင်မူ့ဘေးမှ ချက်ချင်း ဖယ်ခွာလိုက်၏။ "ငါ့နွားက ဘာမှ မဖြစ်လို့ ဒီကိစ္စကို ကျေအေးလိုက်မယ်... ပါမောက္ခချုပ်၊ ခင်ဗျာ့လက်ထဲပဲ အပ်ခဲ့ပြီနော်..."

လူငယ်ဂိုဏ်းချုပ်မှာ ခေါင်းခဲလာ၏။ ချင်မူက အဘက်ဘက်တွင် တော်သကဲ့သို့ လူအများကို ညှဉ်းဆဲရာတွင်လည်း ကျွမ်းကျင်လှသည်။

ရွာလူကြီးနှင့် ကျန်သူများက ချင်မူ့ကို အသေအချာ မြေတောင်မြှောက် သင်ကြားပေးထား၍ သူ ကျေနပ်ခဲ့ရသည်။ နန်းတွင်းကောလိပ်ကို ညှဉ်းပန်းနှိပ်စက်သည်က တော်သေး၏။ နောင်တစ်ချိန် ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ ရောက်သောအခါ ကောင်းကင်နတ်ဆိုးဂိုဏ်းကိုပါ ညှဉ်းပန်းနှိပ်စက်လာပါလျှင် အတော်လေး မတွေးဝံ့စရာပင် ဖြစ်၏။

ရုတ်တရက် လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်ပြီး ချင်မူ့ကို နူးညံ့ကြင်နာစွာ ကြည့်လိုက်သည်။ "ငါ ရာထူးက အနားယူဖို့ နှစ်လပဲ လိုတော့တယ်... ပြဿနာ ထပ်မရှာပါတော့နဲ့... ဒီနှစ်လလောက်တော့ ငြိမ်ငြိမ်လေး နေနိုင်တယ် မဟုတ်လား..."

ချင်မူက ခေါင်းညိတ်၍ ငြင်းဆိုလိုက်၏။ "ဒီနန်းတွင်းကောလိပ် တစ်ခုလုံး သတိလစ်အောင် လုပ်တဲ့ အတိတ်မေ့ မွှေးရနံ့က တကယ် ကျွန်တော့်လက်ချက် မဟုတ်ဘူး..."

လူငယ်ဂိုဏ်းချုပ်က သွားစေ့၍ ပြုံးလိုက်သည်။ "ဘယ်သူက ဖော်စပ်နည်း ပေးလိုက်တာလဲ... ပြောစမ်း..."

ချင်မူ ခေါင်းငုံ့သွား၏။

လူငယ်ဂိုဏ်းချုပ်က ပါမောက္ခပါ့ရှန်ကို လှမ်းခေါ်လိုက်သည်။ "ပါ့ရှန်... ဒီကို လာဦး..."

ပါမောက္ခပါ့ရှန် အနားရောက်လာသောအခါ လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ "ဒီနှစ်လအတွင်း သူ့ကို အနီးကပ် စောင့်ကြည့်ထား... နောက်နှစ်လနေလို့ ငါ အနားယူပြီးသွားရင်တော့ မင်း နားလို့ ရပါပြီ..."

"ပါမောက္ခချုပ် ပြောချင်တာက..." ပါမောက္ခပါ့ရှန်က ရှေ့သို့ တိုးလာပြီး လက်ဖဝါးကို မြှောက်၍ အောက်သို့ ခုတ်ပိုင်းချကာ မျက်နှာရိပ်မျက်နှာကဲဖြင့် မေးလိုက်၏။

လူငယ်ဂိုဏ်းချုပ်က ပြုံးတုံ့မပြုံးတုံ့ အမူအရာဖြင့် ပြောလိုက်၏။ "မင်း အတွေးလွန်နေပြီ... သူက ဧကရာဇ်ရဲ့ မယ်တော်ကြီးကို ကုပေးခဲ့ နတ်ဆေးသမားတော်၊ ပြီးတော့ မေ့ဆေးလေး တစ်ခုနဲ့တောင် တစ်တောင်လုံးကို သတိလစ်သွားအောင် လုပ်နိုင်ခဲ့တာ... မင်း သူ့ကို သတ်ရင် ငါ မင်းကို သတ်မယ်..."

"အဲဒါ သူလား..."

ပါမောက္ခပါ့ရှန်မှာ ယခုမှ အခြေအနေကို သိမြင်သွားသည်။ "မြို့တော်ကို ရောက်လာတဲ့ နတ်ဆေးသမားတော်လေးအကြောင်း ကျွန်တော် ကြားဖူးနေတာ ကြာပြီ... ဒီကောင်လေး ဖြစ်နေမယ်လို့ မထင်မိဘူး... သူ့ကို စောင့်ကြည့်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော်က စိတ်ဆတ်ပြီး တောင်ပေါ်မှာ နေရတာကို အသားကျနေတော့..."

လူငယ်ဂိုဏ်းချုပ်က ပြုံးလိုက်သည်။ "မင်း သွားလေရာသာ သူ့ကို ခေါ်သွား..."

ပါမောက္ခပါ့ရှန်း သဘောပေါက်သွား၏။

လူငယ်ဂိုဏ်းချုပ်က လေပူတစ်ချက် မှုတ်ထုတ်ပြီး ပြောလိုက်သည်။ "အဲမှာ ဒီအတိုင်း ရပ်မနေနဲ့... သတိလစ်နေတဲ့ ကျောင်းသားတွေကို လေကောင်းလေသန့် ရှူရအောင် ပါမောက္ခနဲ့ လိုက်ပြီး အပြင်ဘက် သယ်ထုတ်ခဲ့..."

ချင်မူနှင့် ပါမောက္ခပါ့ရှန်က ကုသရေးခန်းမအတွင်း ကမန်းကတန်း ပြေးဝင်၍ အားလုံးကို သယ်ထုတ်လာခဲ့၏။

နန်းတွင်းကောလိပ်မှ ကျောင်းတော်သား တစ်ဝက်ကျော်မှာ သတိလစ်သွားခဲ့ကြပြီး အဆောင်မှူးဆရာ အချို့ပင် သတိလစ်သည့်အထဲ ပါ၏။ အတိတ်မေ့ မွှေးရနံ့၏ အာနိသင် ပြယ်သွားသောအခါ တစ်ယောက်ပြီးတစ်ယောက် သတိပြန်ရလာကြ၏။ သို့သော်လည်း သူတို့၏ ခေါင်းတစ်ခုလုံး အုံခဲနေပြီး တော်တော်နှင့် နဂိုအတိုင်း ပြန်မဖြစ်ကြသေးပေ။

ကုသရေးခန်းမမှ နန်းတွင်းသမားတော်အိုကြီးများမှာ အရှက်ရစွာဖြင့် အားလုံးကို လိုက်လံ တောင်းပန်လိုက်ကြသည်။ သို့သော်လည်း ချင်မူ့အပေါ် လေးစားမှုတော့ ပိုတိုးလာ၏။

ယခုမှ ဆေးထုတ်ယူခါနီး ချင်မူ  သူတို့ကို အဘယ်ကြောင့် နောက်ဆုတ်ခိုင်းခဲ့မှန်း သိသွားကြ၏။ အတိတ်မေ့ မွှေးရနံ့၏ ဆေးစွမ်းအာနိသင်က ပြင်းထန်လွန်းလှသဖြင့် စိမ့်ထွက်လာမည် စိုးပြီး သူတို့ကို ဝေးဝေး ဆုတ်ခိုင်းခဲ့ခြင်း ဖြစ်သည်။

သို့အတွက်ကြောင့် ချင်မူ မည်သည့် နည်းလမ်းကို သုံးပြီး ဆေးထုတ်ခဲ့မှန်း မသိလိုက်ဘဲ အုတ်အော်သောင်းတင်း ဖြစ်ခဲ့ရသည်။

ကံကောင်းသည်မှာ သူတို့ ဖော်စပ်ခဲ့သည်က မေ့ဆေးမျှသာ ဖြစ်၏။ တစ်ရှိုက်ရှူမိရုံဖြင့် တုံးခနဲ လဲသေစေနိုင်သော အဆိပ်ငွေ့သာ ဖြစ်ခဲ့ပါက ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ၏ အနာဂတ် ကြယ်ပွင့် တစ်ဝက်ကျော်မှာ ဘုမသိဘမသိဖြင့် သေဆုံးသွားရပေလိမ့်မည်။

ထိုအခိုက်၌ အံ့အားတကြီး အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာ၏။ "ဖိုကျစ်ဖိုရှင်းနဲ့ ကျင့်မင်ကိုယ်တော် မရှိတော့ဘူး..."

All Chapters