ပါမောက္ခပါ့ရှန်
Vol. 11 Ch. 143
နန်းတွင်းကောလိပ် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အဆောင်မှူးဆရာ တစ်ယောက်က တီးတိုး ရေရွတ်လိုက်သည်။ "တောက်ကျစ်ကို အနိုင်ယူလိုက်တဲ့ ကျောင်းတော်သားက ထပ်လှုပ်ရှားလာတာလား..."
ချင်မူ့ ရင်ထဲတွင် လှုပ်ခါသွား၏။ ကျင့်မင်ကိုယ်တော်က ဖိုရှင်ကို ခေါ်လာသည်မှာ တာအိုဂိုဏ်းမှ တန်းယန်ကျစ်နှင့် ရည်ရွယ်ချက် အတူတူ ဖြစ်ပြီး နန်းတွင်းကောလိပ်၏ အရှိန်အဟုန်ကို ဖြတ်တောက်၍ ထောက်ခံ အားပေးသည့် ထာဝရ ငြိမ်းချမ်းရေး အင်ပါယာမှ ပြည်သူပြည်သားများ၏ စိတ်နှလုံးကို အသေသတ်ပစ်ရန် ဖြစ်သည်။
ယခု သုံးရက် မပြည့်သေးဘဲ ကျင့်မင်ကိုယ်တော်နှင့် ဖိုရှင်တို့ ထွက်ခွာသွားသည်မှာ ဖြစ်နိုင်စရာ တစ်ခုတည်း ရှိ၏။ ဖိုကျစ်ဖိုရှင် တစ်စုံတစ်ယောက်ကို ရှုံးနိမ့်သွားခြင်း ဖြစ်ရမည်။
"ငါက တောင်အနောက်ဘက်မှာ အစိမ်းရောင် နွားသိုးကြီးကို မေ့ဆေးခပ်နေလို့ ဖိုရှင်နဲ့ တိုက်ဖို့ တောင်တံခါးဝကို မသွားနိုင်တာ အရှင်းကြီးပဲ..."
ချင်မူမှာ စဉ်းစားမရ ဖြစ်နေသည်။ ဖိုကျစ်ဖိုရှင်ကို အနိုင်ယူခဲ့သူက သူမဟုတ်လျှင် မည်သူများ ဖြစ်နိုင်မည်နည်း။
လူငယ်ဂိုဏ်းချုပ်နှင့် ကောက်ရိုးတဲတွင် တွေ့စဉ်က ပြောခဲ့သော စကားများကို သူ အမှတ်ရသွားသည်။ ထိုစဉ်တုန်းက ဂိုဏ်းချုပ်၏ စကားများ နောက်ကွယ်၌ အဓိပ္ပာတစ်မျိုး ကိန်းအောင်း ပါဝင်နေသည်။ နန်းတွင်းကောလိပ်၌ သူ့အပြင် ဖိုရှင်ကို အနိုင်ယူနိုင်သောသူများ ရှိသေးသည် ဟူ၏။
ချင်မူ ရှေ့မထွက်လျှင် ဂိုဏ်းချုပ်က ထိုသူ့ကို ရှေ့ထွက်ခိုင်းပေလိမ့်မည်။
ထို့ပြင် ဖိုကျစ်ဖိုရှင်ကို အနိုင်ခဲ့သူက ချင်မူကဲ့သို့ လူသိမခံဘဲ နေ၏။ ချင်မူ တောက်ကျစ်လင်းရွှမ်ကို အနိုင်ယူခဲ့စဉ်ကလည်း အခြားသူများကို ထုတ်ဖော် ပြောဆိုခြင်း မပြုခဲ့။ ဤသူက ကျောင်းတော်သားများနှင့် အဆောင်မှူး ဆရာများအားလုံး အတိတ်မေ့မွှေးရနံ့ကြောင့် သတိလစ်သွားကြသည်ကို အခွင့်ကောင်းယူ၍ ထိုအချိန်အတွင်း တောင်အောက်ဆင်းကာ ဖိုရှင်ကို အနိုင်ယူခဲ့ခြင်း ဖြစ်မည်။
ထိုအချိန်၌ တောင်တံခါးဝတွင် ရှိသူမှာ ဖိုရှင်နှင့် ကျင့်မင်ကိုယ်တော်အပြင် နဂါးချီလင် သတ္တဝါကြီးသာ ရှိပေလိမ့်မည်။
နဂါးချီလင်က လူစကား ပြောတတ်သော်လည်း စကားနည်းသည့် သတ္တဝါ ဖြစ်သဖြင့် သူ့ထံမှ မေးမြန်း၍ ရနိုင်မည် မဟုတ်။ ပါမောက္ခပါ့ရှန်၏ နွားသိုးကြီးကို သူ စားရန် ခေါ်သွားနိုင်မှသာ မည်သူ ဖြစ်ကြောင်း မေးမြန်း၍ ရနိုင်ပေလိမ့်မည်။
သို့သော်လည်း ယခု ထိုအစိမ်းရောင် နွားသိုးကြီးကို မေ့ဆေးခပ်ရန်မှာ ခက်ခဲသွားပေပြီ။
"နန်းတွင်းကောလိပ်မှာ ငါနဲ့ ယှဉ်နိုင်တဲ့သူ ရှိနေတာ ကောင်းတဲ့ ကိစ္စပဲ..."
ချင်မူက တစ်ချက် ပြုံးလိုက်ပြီး မည်သူ ဖြစ်နိုင်မည် ဆက်မစဉ်းစားတော့ဘဲ ဟူလင်းအာကို ခေါ်ကာ ကျောင်းတော်သားအိမ်ရာသို့ ပြန်လာခဲ့သည်။ ကျောင်းတော်သားအိမ်ရာမှ ကျောင်းသားများစွာမှာ သူ့ကို မြင်သောအခါ ကြောက်ရွံ့သွားကြ၏။ နန်းတွင်းကောလိပ် တစ်ခုလုံးရှိ ကျောင်းတော်သား အားလုံးနီးပါး သတိလစ်အောင် နန်းတွင်းသမားတော်များ ဖော်စပ်ခဲ့သော ဆေးနည်းမှာ ချင်မူ့ထံမှ ဖြစ်ကြောင်း သူတို့ သိပြီး ဖြစ်သည်။
ရုတ်တရက် ရွံ့တွန့်တွန့် အသံတစ်သံက ခပ်တိုးတိုး ထွက်ပေါ်လာသည်။ "အစ်ကိုချင်... ဖိုကျစ်ဖိုရှင်ကို အနိုင်ယူခဲ့တာ အစ်ကိုချင်လား..."
ချင်မူ အသံလာရာသို့ လှမ်းကြည့်လိုက်သောအခါ ထိုစကားကို ပြောလိုက်သူက သူနှင့် နန်းတွင်းကောလိပ်သို့ တစ်ချိန်တည်း ဝင်ခဲ့သည့် နူးညံ့အေးဆေးသော မိန်းကလေး၊ စစ်ယွင်ရှန်း ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ဤမိန်းကလေးက တစ်ချိန်လုံး ရှက်ရှက်ကြောက်ကြောက် နေတတ်ပြီး ချင်မူပင် တစ်ခါတစ်ရံ စနောက်ဖူး၏။ ထိုအခါတိုင်း သူမ၏ မျက်နှာက ရဲတွတ်နီ၍ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားတတ်သည်။
ချင်မူ ခေါင်းခါယမ်းလိုက်၏။ "ငါ့လက်ချက် မဟုတ်ပါဘူး... ဖိုကျစ်ဖိုရှင်ကို အဲဒီလူ အနိုင်ယူလိုက်တဲ့ အချိန်တုန်းက ငါ ပါမောက္ခချုပ်ရဲ့ အဆူအငေါက် ခံနေရတာ... မိန်းကလေးရှန်း၊ ဖိုကျစ်ကို အနိုင်ယူလိုက်တဲ့သူကို တွေ့လိုက်သေးလား..."
စစ်ယွင်ရှန်းက ခေါင်းခါယမ်းလိုက်သည်။ "ကျွန်မလည်း အမွှေးနံ့ကြောင့် သတိလစ်သွားလို့ ဘာဖြစ်သွားမှန်း မသိလိုက်ဘူး... အခုတောင် နည်းနည်း မူးနောက်နောက် ဖြစ်နေသေးတယ်... အစ်ကိုချင်က အားပြည့်အင်ပြည့်နဲ့ အဆိပ်မမိတာ တွေ့လို့ အစ်ကိုများ ဖိုကျစ်ဖိုရှင်ကို မောင်းထုတ်ခဲ့တာလား တွေးမိတာပါ..."
ချင်မူ၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ပြုံးလိုက်သည်။ "တကယ် ငါ မဟုတ်ပါဘူး... ငါလည်း ဖိုကျစ်ကို အနိုင်ယူခဲ့တာ ဘယ်သူလဲ သိချင်နေတာပါ..."
စစ်ယွင်ရှန်းက တစ်စုံတစ်ယောက် လှမ်းကြည့်နေကြောင်း မြင်မိသဖြင့် သူမ၏ ခြံဝင်းထဲသို့ ကမန်းကတန်း ပြန်ပြေးဝင်သွားပြီး တံခါးပိတ်လိုက်သည်။
ချင်မူက သူမ၏ အိမ်ထဲသို့ လှမ်းချောင်းကြည့်လိုက်သော်လည်း တံခါးပိတ်ထားပြီ ဖြစ်၍ မည်သည်ကိုမျှ မမြင်ရတော့ချေ။ သို့ဖြင့် သူ့နေရာ အိမ်ခြံဝင်းသို့သာ ပြန်လာခဲ့လိုက်၏။
"ဒီစစ်ယွင်ရှန်းက မူမမှန်ဘူး..."
သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းမတ်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သူက အတိတ်မေ့မွှေးရနံ့ဒဏ်ကို လုံးဝ မခံစားရဘူး... အတိတ်မေ့မွှေးရနံ့ဒဏ် ခံလိုက်ရတဲ့သူတွေရဲ့ အခြေအနေက သူ့လို မဟုတ်ဘူး... ဒါက မေ့ဆေးတစ်မျိုး ဆိုတော့ ဒီလို မေ့ဆေးဒဏ် ခံလိုက်ရတဲ့သူတွေအနေနဲ့ သတိပြန်ရပြီး လေးငါးခြောက်နာရီအတွင်း လန်းလန်းဆန်းဆန်း နေနိုင်ဦးမှာ မဟုတ်ဘူး... အခု သူက မအီမသာ နေထိုင်မကောင်းတဲ့ပုံ မပေါ်ဘူး..."
ဟူလင်းအာက ဝင်ပြောလိုက်သည်။ "သခင်လေး... စစ်ယွင်ရှန်းက ကုသရေးခန်းမရှေ့မှာ သတိလစ်နေတဲ့ ကျောင်းတော်သားတွေထဲ မပါဘူး..."
ချင်မူ၏ ရင်ထဲတွင် လှုပ်ရှားသွား၏။
လူငယ်ဂိုဏ်းချုပ်က သူ့ကို ဆူငေါက်ပြီးသည့်နောက်တွင် ထိုကျောင်းတော်သားများနှင့် အဆောင်မှူးဆရာများကို ပြုစုစောင့်ရှောက်ရန် ကူညီခိုင်းခဲ့၏။ ချင်မူနှင့် ဟူလင်းအာတို့ နှစ်ယောက်စလုံး ထိုနေရာ၌ ကူညီ သယ်ထုတ်ပေးခဲ့စဉ်တွင် မြေခွေးလေးက ဟိုသည်ခုန်ပေါက်၍ သတိလစ်လဲနေသူများထံမှ ရတနာပစ္စည်းများ သိမ်းယူမည် ပြင်သောကြောင့် တားခဲ့ရသေးသည်။
ထိုအချိန်က သတိမေ့နေသူ အားလုံး၏ မျက်နှာများကို ဟူလင်းအာ မြင်တွေ့ခဲ့၏။ စစ်ယွင်ရှန်းက ထိုသူများထဲတွင် မပါဟု သူမ ပြောလျှင် အမှန်တကယ် မပါဝင်၍ ဖြစ်ရမည်။
"တကယ် သူ ညာနေတာပဲ..."
ချင်မူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်၍ ပြောလိုက်သည်။ "သူ့အနေနဲ့ အိမ်ထဲ တမင် ပြေးထွက်လာပြီး ငါ့ကို ညာစရာ အကြောင်း မရှိဘူး... အဲဒါဆို သူက ဟန်ရေးလာပြတာ နေမယ်... ဖိုကျစ်ရှုံးသွားတဲ့ ကိစ္စ လာပြောတာလည်း ကြွားလုံးထုတ်ဖို့ နေမယ်... ဖိုကျစ်ကို အနိုင်ယူခဲ့တဲ့သူက သူပဲ..."
နန်းတွင်းကောလိပ်တွင် ဖိုကျစ်ကို အနိုင်ယူနိုင်မည့်သူ ရှိကြောင်း လူငယ်ဂိုဏ်းချုပ်က အပိုင်အနိုင် ပြောခဲ့သည်ကို ချင်မူ သတိရသွားသည်။
စစ်ယွင်ရှန်းတွင် ထိုသို့သော စွမ်းရည်မျိုး ရှိကြောင်း အစောကတည်းက သူ သိထားနှင့်သည်လား...။
ယခုမှ နန်းတွင်းကျောင်းတော်သား ဖြစ်ခါစ စစ်ယွင်ရှန်းကို လူငယ်ဂိုဏ်းချုပ်က အဘယ်ကြောင့် ကောင်းကောင်းကြီး သိနေရသနည်း။
ဂိုဏ်းချုပ်က ဂိုဏ်းသခင်လေး ဖြစ်လာမည့် သူ၏ စွမ်းဆောင်ရည်နှင့် စွမ်းပကားကိုပင် အကြိမ်ကြိမ် အထပ်ထပ် စစ်ဆေးပြီးမှ လက်ခံခဲ့ခြင်း ဖြစ်၏။
ဤသည်ကို ထောက်ရှုလျှင် လူငယ်ဂိုဏ်းချုပ်က စစ်ယွင်ရှန်း၏ အကြောင်းကို ကောင်းကောင်း သိထားပြီး သူ့ကို သိသည်ထက်ပင် ပိုကြောင်း မြင်သာသည်။
ထို့အပြင် ဤမိန်းကလေးက စစ်မျိုးရိုး ဖြစ်ပြီး ကြွားဝါ ဟန်ရေးပြလိုသည့် အကျင့်ဆိုးလည်း ရှိသေးသည်။
"ဘွားဘွားက တကယ့်ကို ဉာဏ်များတာပဲ..."
ချင်မူက မကျေမနပ် ရေရွတ်လိုက်သည်။ "သူ့အကြောင်းကို အခုချက်ချင်း မဖော်သေးဘူး... ဘာထပ်လုပ်ဦးမလဲ ကြည့်ကြသေးတာပေါ့..."
သူက အိမ်တံခါးကို ပိတ်မည် ပြင်လိုက်စဉ်မှာပင် ပါမောက္ခပါ့ရှန်၏ အသံ ပေါ်ထွက်လာသည်။
"နွားနွား... ငါ့အိတ် သယ်လာခဲ့..."
"ဟုတ်ကဲ့ပါ၊ သခင်ကြီး..."
ပါမောက္ခပါ့ရှန်က တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။ သူ့နောက်တွင်တော့ သန်မာထွားကျိုင်းသည့် နွားသိုးကြီး တစ်ကောင်က ကြီးမားသော ခရီးဆောင်အိတ်ကြီးကို သယ်လာ၏။ ဤအစိမ်းရောင် နွားသိုးကြီးက အပြည့်အဝ ပုံမပြောင်းရသေးပေ။ နွားတစ်ကောင်အသွင် ရှိသော်လည်း လူတစ်ယောက်ကဲ့သို့ လမ်းလျှောက်လာ၏။ သူက ချင်မူ မေ့ဆေးခပ်ခဲ့သည့် နွားသိုးကြီး ဖြစ်သည်။
"ငါ ဘယ်အခန်းမှာ နေရမလဲ..." ပါမောက္ခပါ့ရှန်က ချင်မူ့ကို မေးလိုက်သည်။
ချင်မူ ကြက်သေသေသွား၏။ ပါမောက္ခပါ့ရှန်က သူ့အိမ်သူ့ရာသဖွယ် သဘောထား၍ ရယ်မောလိုက်သည်။ "ဒါဆိုလည်း အနောက်ဘက်ခန်းမှာ ငါ နေလိုက်မယ်... ဝိုး... ပိုက်ဆံတွေ အများကြီးပါလား... ကျောင်းတော်သားချင်၊ မင်းက တကယ့် လူချမ်းသာပဲ... နွားနွားရေ အခု ငါတို့မှာ ပိုက်ဆံ ရှိပြီ... နည်းနည်းလောက် ယူပြီး တောက်အောက်မှာ အရက်သွားဝယ်ချေ..."
"အရက်... အရက် ရှိတာလား..."
ဟူလင်းအာက ပျော်ရွှင်မြူးထူးသွားပြီး လှည့်ပတ် ခုန်ပေါက်လိုက်သည်။ သူက နွားသိုးကြီး၏ ခေါင်းပေါ် ခုန်တက်၍ ပြုံးလိုက်သည်။ "ငါ နင်နဲ့ လိုက်ခဲ့မယ်..."
အစိမ်းရောင် နွားသိုးကြီးက သူ့ကို ခေါ်ဆောင်သွားပြီး မေးလိုက်သည်။ "နင်လည်း သောက်တတ်တာလား... အရက်သောက်တမ်း ကစားတာ ဘယ်လို ကစားရလဲ နင် သိလား..."
ပါမောက္ခပါ့ရှန်က သူ့အိတ်ကို ချ၍ အခန်းရှင်းလိုက်သည်။ သူ့အိပ်ရာ ခင်းပြီးသောအခါ အပြင်ဘက်တွင် ရှိနေဆဲ ဖြစ်သော ချင်မူ့ကို တစ်ချက်ကြည့်၍ ရယ်မောလိုက်သည်။ "ပါမောက္ခချုပ်က မင်းနောက်ကို အရိပ်လို ကပ်လိုက်ဖို့ ငါ့ကို မှာထားတယ်လေ... အဲတော့ မင်း နေရာတကာ ပြဿနာ လိုက်မရှာနိုင်အောင် တားဆီးဖို့ ငါ မင်းနဲ့ လာနေမှပဲ ဖြစ်တော့မှာပေါ့... တံခါးပေါ်က စာလုံးတွေက မင်း ရေးထားတာလား..."
ချင်မူ ခေါင်းညိတ်လိုက်သည်။ ပါမောက္ခပါ့ရှန်က ဗြန်းခနဲ ရိုက်၍ ချီးကျူးလိုက်၏။ "တကယ်ကောင်းတယ်... မင့်လက်ရေးလက်သားက အားမာန်ပါတယ်... ဟိုပန်းချီနတ်ဘုရားစံအိမ်က ကောင်တွေထက် အများကြီး ပိုသာတယ်... နန်းတွင်းကောလိပ်ရဲ့ ပန်းချီနတ်ဘုရားစံအိမ်က ဘာများ အသုံးကျလဲ ငါ အခုထိ တွေးမရဘူး... ဒီကောင်တွေ ဘယ်လို မျက်နှာနဲ့များ နန်းတွင်းက လစာ ယူရဲသလဲ မသိပါဘူး... အိုး ဒါနဲ့... မင်း အိပ်ရင် ဟောက်တတ်လား..."
ချင်မူ ခေါင်းခါယမ်းလိုက်၏။
"ငါတော့ ဟောက်တတ်တယ်..."
ပါမောက္ခပါ့ရှန်က ဆက်ပြောလိုက်သည်။ "ငါတို့ နန်းတွင်းကောလိပ်မှာ ဟောက်တတ်တဲ့ အဆောင်မှူးဆရာတွေ အများကြီးပဲ... အထူးသဖြင့် ဟိုသီလရှင်မကြီး ရီချိုးပဲ... သူ ဟောက်ရင် တစ်ကမ္ဘာလုံး တုန်သွားသလား ထင်ရတယ်... ဟီး... ဟီး... သူဟောက်တဲ့ တုန်ခါသံကြောင့် သုံးမိုင်လောက်မှာ ရှိတဲ့ နွားတစ်ကောင်တောင် တုံးခနဲ လဲသေနိုင်တယ်... ကံကောင်းတာ ဒီသီလရှင်အိုကြီးက အအိပ်အနေနည်းပြီး တရားပဲ ထိုင်နေလို့... သူသာ အိပ်ရင် မင်းတို့ ကျောင်းတော်သားတွေ အိပ်ရဖို့ မမျှော်လင့်တော့နဲ့..."
ချင်မူမှာ အနည်းငယ် စိတ်မရှည် ဖြစ်လာသည်။ ဤပါမောက္ခပါ့ရှန်တွင် ပြောစရာစကား များစွာ ရှိဟန်တူပြီး ဝေ့ယုံထက်ပင် စကား ပိုများသေး၏။
ပါမောက္ခပါ့ရှန်က တစ်နာရီကျော် ကြာအောင် စကားဆက်ပြောနေပြီး ချင်မူမှာ နန်းတွင်းကောလိပ်၏ ဓားခန်းမ၊ လက်သီးခန်းမ၊ မှော်ခန်းမ၊ ယန်သုံးပါးစံအိမ်၊ ကုသရေးခန်းမ၊ ပန်းချီနတ်ဘုရားစံအိမ် အစရှိသည့် စံအိမ်၊ ခန်းမများမှ အဆောင်မှူး ဆရာများ၏ အခြေအနေ အရပ်ရပ်၊ နေပုံထိုင်ပုံနှင့် မိသားစု ပိုင်ဆိုင်မှုများအကြောင်း အတော်လေး စုံစုံစေ့စေ့ သိမြင်သွား၏။ အထူးသဖြင့် မှတ်တမ်းထိန်းဆောင်မှ မှတ်တမ်းထိန်းများအကြောင်း ဖြစ်သည်။ ပါမောက္ခပါ့ရှန်က သူတို့၏ လျှို့ဝှက်များ အားလုံးကို ဖွင့်ချခဲ့၏။ တရားမဝင် ကလေးများ မွေးထားသည်မှ စ၍ သီလရှင်အိုကြီး၏ နောက်ကွယ်မှ အချစ်ဇာတ်လမ်းများအထိ ပါ၏။ ဤပါမောက္ခကြီးက အတင်းအဖျင်း မျိုးစုံကို မမောတမ်း ပြောခဲ့လေသည်။
အစိမ်းရောင် နွားသိုးကြီးနှင့် ဟူလင်းအာက မြို့ထဲမှ ပြန်ရောက်လာ၏။ ထိုနွားသိုးကြီးနှင့် မြေခွေးမလေးမှာ အတော်လေး မူးယစ်ရီဝေနေပြီး တစ်ယောက်နှင့် တစ်ယောက် အစ်မကြီး၊ မောင်လေး ခေါ်ဝေါ်ကာ တစ်အူထုံဆင်း အမိရင်းမှ ပေါက်ဖွားသော မောင်နှမများကဲ့သို့ ရင်းနှီးကျွမ်းဝင်နေကြသည်။ အစိမ်းရောင် နွားသိုးကြီးမှာ ချင်မူနှင့် ဤမြေခွေးလေး သူ့ကို မေ့ဆေးခပ်ခဲ့သည့်အကြောင်း လုံးဝမေ့လျော့သွားချေပြီ။
ပါမောက္ခပါ့ရှန်က အရက်အိုးကို ကမန်းကတန်း ဆွဲယူ၍ မော့သောက်လိုက်သည်။ ထို့နောက် ရီဝေဝေနှင့် ဆက်ပြောလိုက်၏။ "ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက် ငါ အပြင်က ပြန်လာတုန်း ငါ့ဆရာကို တွေ့လိုက်သလိုပဲ... မင်း မမျှော်လင့်ထားမိဘူး မဟုတ်လား... ငါက ပါမောက္ခ တစ်ယောက် ဖြစ်ပေမဲ့ နန်းတွင်းကောလိပ်က ဘွဲ့ရတာ မဟုတ်ဘူး... သိုင်းကွက်အသားပေး လမ်းစဉ်က လာတာ၊ ငါ့မှာ ဆရာရှိတယ်... ကျောင်းတော်သားတွေကို သိုင်းကွက်အသားပေး ပညာရပ်တွေ သင်ပေးဖို့ ဧကရာဇ် အတိုင်ပင်ခံက ငါ့ကို ဖိတ်ခေါ်ထားတာ... အစက ငါ့ဆရာကို သေပြီလို့ ထင်ထားတာ၊ သူ့ကို အသက်ရှင်လျက် တွေ့ရမယ်လို့ မထင်မိဘူး..."
ပါမောက္ခပါ့ရှန်က အရက်တစ်ကျိုက် ထပ်မော့သောက်၍ တွေတွေကြီး ငေးမောသွားသည်။ "သူ့ခြေထောက်တွေ မရှိတော့ဘူး... ဒါပေမဲ့ သိပ်မြန်အောင် ပြေးနိုင်တုန်းပဲ... ငါ့အားကုန် သုံးပြီး လိုက်ပေမဲ့ သူ့ကို မမီဘူး... ပြီးတော့ လမ်းမှာ မျက်ကန်းအဘိုးကြီး တစ်ယောက်နဲ့ တွေ့တယ်... သူက ငါ့ကို ရိုက်နှက်ပြီး ငါ့ဆရာနောက် ဘာလို့ လိုက်နေတာလဲ မေးတယ်... အဲအဘိုးကြီးက အတော်လွန်တဲ့ အဘိုးကြီး... ငါ့ကို ကဗျာစပ်ပြိုင်ဖို့တောင် စိန်ခေါ်နေသေးတယ်... သူ့ကို ငါ နိုင်အောင် မတိုက်နိုင်ဘူး... ဆရာ့ကိုလည်း မတွေ့ရတော့ဘူး..."
ချင်မူ တစ်ခဏမျှ မှင်တက်မိသွားသည်။ ခြေထောက်များ မရှိသည့် သိုင်းကွက်အသားပေး လမ်းစဉ်၏ အဆင့်မြင့်ပညာရှင်နှင့် ကဗျာစပ်ပြိုင်ချင်သော မျက်ကန်းအဘိုးကြီး...။
"ကြည့်ရတာ ဘိုးဘိုးသားသတ်သမားနဲ့ ဘိုးဘိုးမျက်ကန်းလား မသိဘူး... သူတို့ ဘယ်ချိန်ကများ မဟာမြို့ပျက်က ထွက်လာတာလဲ..."
ပါမောက္ခပါ့ရှန်က အမူးလွန်နေပြီး ပေါက်တတ်ကရများ စတင် ပြောဆိုနေ၏။ ထိုအကြောင်းကို မေးလိုက်လျှင် ဆိုင်းမဆင့်ဗုံမဆင့် ဗြုန်းစားကြီး ဆန်သွားမည် စိုးသဖြင့် ချင်မူ ချီတုံချတုံ ဖြစ်နေမိသည်။
"နွားစိမ်းကြီး... အဲဒီ မျက်ကန်းအဘိုးကြီးရဲ့ ပုံစံကို ကောင်းကောင်း မြင်လိုက်ရလား..." ချင်မူက သူ့ဘေးမှ အစိမ်းရောင် နွားသိုးကြီးကို မေးမြန်းလိုက်သည်။
အစိမ်းရောင် နွားသိုးကြီးက ချင်မူ့ကို ရွံ့တွန့်တွန့် ကြည့်လိုက်၏။ ချင်မူ သူ့ကို မေ့ဆေးခပ်ခဲ့သည့် အကြောင်းကို မှတ်မိနေဆဲ ဖြစ်ဟန် ရှိသည်။
ချင်မူက ပြုံးလိုက်သည်။ "ရန်ငြှိုးထားတုန်းလားဟ... မင်း ငါ့ကို ရိုက်နှက်ခဲ့တာတောင် ငါက မင်းကို မေ့ဆေးလေးပဲ ခပ်ခဲ့တာလေ... ပြန်တောင် မရိုက်ခဲ့ဘူး... ဘာတွေ ရန်ငြှိုးထားနေသေးတာလဲ... ငါလို စိတ်သဘောထားကြီးတဲ့ လူကောင်းသူကောင်းမျိုး မင်း မြင်ဖူးလို့လား..."
ပါမောက္ခပါ့ရှန်က လေချဉ်တစ်ချက် တက်လိုက်ပြီး ထူးဆန်းသော အမူအရာ ဖြစ်သွားသည်။ ဤမဟာမြို့ပျက်မှ လူငယ်လေးက လူကောင်းသူကောင်း ဟူသော စကား၏ အဓိပ္ပာယ်ကို နားလည်မှု လွဲနေဟန် ရှိ၏။ သူက ဝင်ပြောလိုက်သည်။ "ကျောင်းတော်သားချင်... မင်းက သူ့ကို မေ့ဆေးခပ်ခဲ့ရုံတင် မဟုတ်ဘူး၊ စားပစ်ဖို့ပါ ကြံသေးတာလေ... သူ စိုးရိမ်မကင်း ဖြစ်နေတာ မဆန်းပါဘူး..."
"သူက ကျွန်တော်ကို စားပစ်ဖို့ ကြံသေးတာလား..."
အစိမ်းရောင် နွားသိုးကြီးက အံ့အားတကြီး အော်ဟစ်လိုက်သည်။ "သခင်ကြီး... ဒီကိစ္စ ကျွန်တော့်ကို ဘာလို့ မပြောတာလဲ... သူ ကျွန်တော့်ကို မေ့ဆေးခပ်ခဲ့တာပဲ ပြောတယ်၊ စားပစ်ဖို့ လုပ်သေးတာလည်း မပြောဘူး..."
ဟူလင်းအာက နွားသိုးကြီး၏ ဦးချိုပေါ်တွင် အရက်အိုးကို ပိုက်၍ ရပ်နေရင်းမှ ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ "မောင်လေးနွား... 'ရန်မဖြစ်ဘဲ မိတ်ဆွေဖြစ်လာမှာ မဟုတ်ဘူး' ဆိုတာ မကြားဖူးဘူးလား..."
အစိမ်းရောင် နွားသိုးကြီးက ဒေါသတကြီး ရေရွတ်လိုက်၏။ "ရန်မဖြစ်ဘဲ မိတ်ဆွေဖြစ်လာမှာ မဟုတ်ဘူး ဆိုတာ ကြားဖူးတယ်... ဒါပေမဲ့ 'စားမပစ်ဘဲ မိတ်ဆွေ ဖြစ်လာမှာ မဟုတ်ဘူး' ဆိုတာတော့ မကြားဖူးဘူး..."
ပါမောက္ခပါ့ရှန်၏ မျက်နှာ အမူအရာက ပို၍ ထူးဆန်းသွား၏။ ဤမဟာမြို့ပျက်မှ မြေခွေးမိစ္ဆာလေးမှာလည်း 'ရန်မဖြစ်ဘဲ မိတ်ဆွေဖြစ်လာမှာ မဟုတ်ဘူး' ဟူသော စကားကို နားလည်မှု လွဲနေမှန်း ထင်ရှားသည်။
"ဒီကောင်လေးကို ဘယ်သူတွေများ သင်ပေးခဲ့တာလဲ မသိဘူး... တကယ့်ကို လူပွေလူရှုပ်လေးပဲ..."
ချင်မူကတော့ သူ တွေးနေသည်ကို မသိပေ။ ပါမောက္ခပါ့ရှန်၊ မြေခွေးလေးနှင့် အစိမ်းရောင် နွားသိုးကြီးက အရက်သောက်နေကြသော်လည်း သူက အရက်ကို များစွာ ခုံမင်သူ မဟုတ်သဖြင့် ဘေးနား၌ သိုင်းလ့ကျင့်နေလိုက်သည်။
ပါမောက္ခပါ့ရှန်၏ သူငယ်အိမ်များ ရုတ်တရက် ပြူးကျယ်သွားပြီး ချင်မူ လေ့ကျင့်နေသည့် ဓားမသိုင်းကွက်များမှ အကြည့်မလွှဲနိုင် ဖြစ်သွားသည်။
ချင်မူ ဝက်ခုတ်ဓားမသိုင်း ကစားပြီးသွားသောအခါ ပါမောက္ခပါ့ရှန်က လက်ထဲမှ အရက်အိုးကို ရုတ်တရက် လွှင့်ပစ်၍ သူ၏ ဓားမများကို ဆွဲထုတ်လိုက်သည်။ ခြံဝင်းထဲ၌ ဓားမများကို လွှဲယမ်း ကစားရင်း သူ့အသံက ခံစားချက် အပြည့်နှင့် ထွက်ပေါ်လာ၏။ "ကျောက်စိမ်းဖြူသား စီခြယ်ထားတဲ့ ရွှေဓားမက ညဉ့်ယံအလယ်ထဲ ပြတင်းပေါက်ကို ထွင်းဖောက် ဝင်လာတဲ့ အလင်းတန်းတွေလိုပဲ... အသက်ငါးဆယ် ရှိတဲ့ထိအောင် ဘာကိုမှ မလုပ်ရသေးတဲ့ လူတစ်ယောက်၊ တောရိုင်းရှစ်သွယ် အလယ်မှာ တစ်ကိုယ်တည်း ဓားမကို သယ်ဆောင်လာတယ်..."
'တောရိုင်းရှစ်သွယ် အလယ်တွင် တစ်ကိုယ်တည်း ဓားမကို သယ်ဆောင်' ဟူသည်က ဝက်ခုတ်ဓားမသိုင်း၏ ဆဋ္ဌမသိုင်းကွက် ဖြစ်သည်။
သူ၏ ဓားမများနှင့် ချင်မူ၏ ဓားမများ လေထဲတွင် ထိတွေ့သွားပြီး မီးပွင့်များ တဖွားဖွား ထွက်ပေါ်လာသည်။
သူတို့နှစ်ဦး၏ ဓားမသိုင်းများ ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် ပါမောက္ခပါ့ရှန်က တဟားဟား အော်ရယ်လိုက်၏။ "ဆယ်စုနှစ် လေးငါးခုကျော် ကြာအောင် လေပြင်းနဲ့ မိုးတိမ်တွေ ကွယ်ပျောက်နေခဲ့တယ်... လေနှင်ရာ လွင့်တဲ့ တိမ်တိုက်တစ်ခုလို ခဏတာပဲ၊ တိမ်တိုက်အားလုံးမှာ ငွေရောင် အနားသတ် ရှိတယ်..."
ချင်မူက 'တိမ်တိုက်အားလုံးတွင် ငွေရောင် အနားသတ် ရှိသည်' ဟူသော သိုင်းကွက်ကို ထုတ်ဖော်၍ သူ၏ ဓားမများဖြင့် ခုခံလိုက်ရင်း ကဗျာစာသား တစ်ခုကို ရွတ်ဆိုလိုက်၏။ "ကြွားဝါဖို့ မတွေးနဲ့... ကပ်ဆိုးပြီးတဲ့အခါ လူတွေရဲ့ မျှော်လင့်ချက်တွေ နိုးထလာမယ်... ကောင်းကင်နဲ့ ပင်လယ်ကို ကြည့်ရင် လျှောက်ခဲ့ရတဲ့ ခရီးရှည် တစ်ခုလုံးက မီးခိုးငွေ့တွေလို လျော့ပါးပျောက်ကွယ်..."
သူတို့ နှစ်ယောက်စလုံး ဓားမများကို ပြန်ရုပ်သိမ်း၍ ကျောချင်းဆိုင် အနေအထားနှင့် ရပ်တန့်သွားကြသည်။ ထို့နောက် ဓားမများကို ဓားအိမ်ထဲ ပြန်သိမ်းလိုက်၏။
"ဆရာတူညီလေး..." ပါမောက္ခပါ့ရှန်က နောက်ပြန်လှည့်လာပြီး နှုတ်ဆက်စကား ဆိုလိုက်၏။
ချင်မူက ဦးညွှတ် အရိုအသေပြုလိုက်သည်။ "ဆရာတူအစ်ကိုကြီး..."