← Chapters

အစ်ကိုကြီး၊ ညီလေး

Vol. 11 Ch. 144

အစ်ကိုကြီး၊ ညီလေး

Vol. 11 Ch. 144

သူတို့နှစ်ယောက်စလုံး ထိုင်ချလိုက်ပြီး ပါမောက္ခပါ့ရှန်က သားသတ်သမား၏ ခန္ဓာကိုယ်အကြောင်း မေးမြန်းလိုက်၏။ ချင်မူက သူ့ကို ပြောပြလိုက်သည်။ "အကုန်ကောင်းပါတယ်... သူ့ခန္ဓာကိုယ် အောက်ပိုင်း တစ်ပိုင်းလုံး မရှိတော့ပေမဲ့ သူ့ကျင့်စဉ်စွမ်းအင်က အတော်မြင့်တာဆိုတော့ သူ့လက်နဲ့တင် လေပေါ် ပျံနေသလို ပြေးနိုင်တယ်..."

ပါမောက္ခပါ့ရှန်က ဇဝေဇဝါ ဖြစ်နေပြီး မေးလိုက်သည်။ "မင်းနဲ့ ငါ ဆရာတူ ဖြစ်နေတာကို ဘာလို့ ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ဆီက ဆေးပညာ သင်ထားသေးတာလဲ... ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ကလည်း မင့်ဆရာပဲလား..."

ချင်မူက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ့တွင် ဆေးဆရာနှင့် သားသတ်သမားတို့အပြင် အခြား ဆရာများ ရှိသေးကြောင်းကိုတော့ မပြောဖြစ်လိုက်ချေ။

ပါမောက္ခပါ့ရှန်က ရှေ့တူရူသို့ ငေးစိုက်ကြည့်နေရင်းမှ ရုတ်တရက် ထပြောလိုက်သည်။ "ဆရာ့ရဲ့ ကိုယ်တစ်ပိုင်း ဘယ်မှာ ရှိနေလဲဆိုတာ ငါ သိတယ်... သူ ကောင်းကင်ဘုံကို ဓားမကိုင်ပြီး ဆန့်ကျင်ခဲ့တုန်းက သူ့ခန္ဓာကိုယ် ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ အချိန်၊ ဂိုဏ်းငယ်လေးတစ်ခုရဲ့ ဂိုဏ်သားတစ်ယောက်က ခိုးယူ ထွက်ပြေးသွားခဲ့တာ... ဆရာတူညီလေး... မင်းက ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်ဆီက ဆေးပညာ သင်ခဲ့ရတာဆိုတော့ မင့်ဆေးစွမ်းက အတော်ထက်မှာပဲ... ငါ မေးချင်တာ တစ်ခု ရှိတယ်... ငါသာ ဆရာ့ရဲ့ ခန္ဓာကိုယ် တစ်ပိုင်းကို ရှာတွေ့ခဲ့ရင် မင်း ပြန်ဆက်ပေးနိုင်မလား..."

ချင်မူ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။ "ပြတ်သွားတာ သိပ်မကြာသေးရင်တော့ ပြန်ဆက်ပေးနိုင်တယ်... ခန္ဓာကိုယ်က လုပ်ဆောင်မှုတွေကို နှိုးဆွပြီး အရိုးဆက် အသားတက်ဆေး လိမ်းလိုက်ရင် ပျက်စီး ပြတ်တောက်သွားတဲ့ အရိုး၊ အသား၊ အကြောတွေ ပြန်ဆက်နိုင်တယ်... ဒါပေမဲ့ ဒီလောက် ကြာသွားပြီးမှဆိုတော့ ဘိုးဘိုးသားသတ်သမားရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက ပျက်စီးသွားလောက်ပြီ..."

ပါမောက္ခပါ့ရှန်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သို့သော်လည်း သူ့စိတ်အားကို ပြန်မြှင့်တင်လိုက်၏။ "ဘာပဲဖြစ်ဖြစ် ဆရာ့ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကို ငါ ရအောင် ပြန်ရှာမယ်..."

ချင်မူ ခေါင်းညိတ်လိုက်သည်။ "ဆရာတူ အစ်ကိုကြီးအနေနဲ့ မှားပြီး မရှာမိအောင် ဘယ်ဂိုဏ်းက ယူသွားတာလဲ အသေအချာ စုံစမ်းဖို့ လိုလိမ့်မယ်..."

ပါမောက္ခပါ့ရှန်က ကောက်ခနဲ ထ၍ ထွက်သွားသည်။ တစ်ခဏကြာသောအခါ ပြန်ရောက်လာ၏။ "ဆရာ့ ခန္ဓာကိုယ် အောက်ပိုင်းကို လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်မှာ ဂိုဏ်းငယ် တစ်ဂိုဏ်းက ကောက်ယူသွားတာ... အဲဒီဂိုဏ်းမှာ အခု ရှိသေးလား၊ မရှိတော့ဘူးလား မသေချာဘူး... ငါ့လူတွေကို စုံစမ်းခိုင်းထားတယ်... ဘယ်မှာ ရောက်နေလဲ သူတို့ သိရရင် ငါတို့ သွားပြန်ယူကြမယ်..."

ချင်မူ သက်ပြင်းချလိုက်၏။ သားသတ်သမား၏ ခန္ဓာကိုယ်အောက်ပိုင်းကိုသာ အမှန်တကယ် ပြန်ရှာတွေ့နိုင်လျှင် ပြန်ဆက်၍ ရသေးသည် ဖြစ်စေ၊ ပြန်ဆက် မရတော့သည် ဖြစ်စေ ကောင်းမွန်သော ကိစ္စ ဖြစ်သည်။

သားသတ်သမားက ခန္ဓာကိုယ် အပေါ်ပိုင်းသာ ရှိတော့သည့်အတွက် သူ့စွမ်းအား များစွာ ထုတ်သုံးနိုင်ခြင်း မရှိတော့ပေ။ သူ့ခန္ဓာကိုယ်အောက်ပိုင်းကိုသာ ပြန်ဆက်နိုင်ခဲ့လျှင် မူလအတိုင်း စွမ်းအား အပြည့်အဝ ပြန်ရသွားပေလိမ့်မည်။

သူ၏ သိုင်းစွမ်းအားက အလွန်တရာ ကြီးမားလှသည် မဟုတ်လား။

သူ့အနေဖြင့် သိုင်းကွက် အသားပေး လမ်းစဉ်၏ အဆင့်မြင့် ပညာရှင် တစ်ယောက် ဖြစ်သည့် အားလျော်စွာ ရုပ်ခန္ဓာ မပျက်စီးနိုင်သည့် အခြေအနေထိ လေ့ကျင့်ထားနိုင်ရန် မခက်ခဲလှပေ။ ဗုဒ္ဓဂိုဏ်းမှ ကျင့်စဉ် ပြီးမြောက်အောင်မြင်သွားသော အဆင့်မြင့် ဘုန်းတော်ကြီး များစွာမှာ သူတို့၏ ရုပ်ခန္ဓာများ မပုပ်သိုး၊ မပျက်စီးအောင် လုပ်ဆောင်နိုင်ကြ၏။ သူတို့ သေလွန်ပြီးသည့်နောက်တွင် ခန္ဓာကိုယ်များ ပုပ်သိုး ပျက်စီး မရှိဘဲ ဘုရားကျောင်းများ၌ ဗောဓိသတ် ရုပ်ကလပ်တော်များအဖြစ် တည်ထားကိုးကွယ်လေ့ ရှိကြသည်။

သို့သော်လည်း ထိုရုပ်ခန္ဓာများ အသက်ဓာတ် မကုန်ဆုံးရန်မှာ လွန်စွာ ခက်ခဲလှ၏။

ဘုရားကျောင်းများရှိ ဗောဓိသတ် ရုပ်ကလပ်တော်များမှာ အသက်ဓာတ် မရှိတော့ချေ။ အသက်ဓာတ် မပြယ်သည့် ရုပ်​အလောင်းခန္ဓာက ပျက်စီးယိုယွင်းခြင်း မရှိရုံ သက်သက်ဖြစ်သည့် ရုပ်အလောင်းခန္ဓာထက် တစ်ဆင့်ပိုမြင့်၏။ စီးဆင်းလှည့်ပတ်နေသော သွေးများ ခဲမသွား၊ ရုပ်ခန္ဓာ တောင့်တင်းမသွားဘဲ နှလုံးဆက်ခုန်၍ အာရုံကြောစနစ်များ ဆက်အလုပ်လုပ်နေမှသာလျှင် အသက်ဓာတ် မကုန်သေးသည့် ရုပ်အလောင်းခန္ဓာဟု ခေါ်ဆိုနိုင်သည်။

"ဆရာတူ အစ်ကိုကြီး ပါ့ရှန်... ဘိုးဘိုးသားသတ်သမားရဲ့ နာမည်အမှန်ကို သိလား..." ချင်မူက တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်သည်။

ပါ့မောက္ခပါ့ရှန်က ခေါင်းခါယမ်းလိုက်သည်။ "ငါ မသိဘူး... သူ့ကို လူတွေက ကောင်းကင်ဓားမလို့ ခေါ်ကြတာပဲ သိတယ်... သူ့နာမည်ရင်းကို ဘယ်သူမှ မသိကြဘူး... ဆရာပြောတာတော့ သူ့ရန်သူ တစ်ယောက်က နာမည်သိရုံနဲ့ မှော်ပညာသုံးပြီး အန္တရာယ်ပေးနိုင်လို့ သူ့နာမည်ရင်းကို ဘယ်သူ့မှ ပေးမသိဘူးတဲ့..."

ချင်မူ မှင်တက်မိသွားသည်။ "ဒါ မန်သီလူရိုင်းနယ်မြေက ဥသျှောင်မှော်ဆရာတွေရဲ့ ပညာပဲ... ကြည့်ရတာ ဘိုးဘိုးသားသတ်သမားက မန်သီလူရိုင်းနယ်မြေရဲ့ ဥသျှောင်မှော်ဆရာ တစ်ယောက်ယောက်ကိုများ ထိပါးခဲ့ဖူးလို့လား..."

ချင်မူ သူ့စိတ်နှလုံးကို ငြိမ်သက်အောင် ပြန်ထိန်း၍ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာ ဧကရာဇ် အတိုင်ပင်ခံ သင်ကြားပို့ချခဲ့သော အခြေခံဓားချက် သုံးမျိုးကို လေ့ကျင့်လိုက်သည်။ ထိုဓားသုံးချက်အနက် ဝဲကတော့ဓားချက်ကို အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့ပြီး ရှေ့ဆက် တိုးတက်အောင် လေ့ကျင့်ရန် ခက်ခဲသွားပြီ ဖြစ်သဖြင့် အခြားဓားချက် နှစ်မျိုးကို စတင် လေ့ကျင့်လိုက်၏။

ပါမောက္ခပါ့ရှန်က အရက်မော့သောက်ရင်း ဘေးမှ စောင့်ကြည့်နေသည်။ သူက လိုအပ်ချက်များ ထောက်ပြ သင်ကြားပေးရန် လုပ်ခဲ့သေးသော်လည်း ချင်မူ လေ့ကျင့်နေသည်ကို တစ်ခဏမျှ ကြည့်ပြီးသောအခါ မည်သည်ကိုမျှ မပြောတော့ပေ။

အခြား ကျောင်းတော်သားများ ကူးခတ်ဓားချက် လေ့ကျင့်နေသည်ကို သူ မြင်ဖူးခဲ့၏။ ကိုးရို့ကားရား လေ့ကျင့်နေသူများ ရှိသကဲ့သို့ ပေါ့ပါးသွက်လက်စွာ လေ့ကျင့်နိုင်သူများလည်း ရှိသည်။ သို့သော်လည်း ချင်မူ၏ လက်ထဲတွင်တော့ ကူးခတ်ဓားချက်မှ ရာချီ၊ ထောင်ချီသော ချီစွမ်းအင်ဓားသွားများက တစ်ခါတစ်ရံတွင် ရေထဲ၌ ကူးခတ်နေသော ငါးများ ဖြစ်သွားလိုက်၊ တစ်ခါတစ်ရံတွင် ထိတ်လန့်တကြား ကူးခတ်သွားသည့် ငန်းရိုင်းများ ဖြစ်သွားလိုက်၊ တစ်ခါတစ်ရံတွင် လေအဟုန်ကို ခွင်း၍ ကူးခတ်လာသည့် နဂါးများ ဖြစ်သွားလိုက်နှင့် ရှိနေ၏။ သူ၏ ချီစွမ်းအင်ဓားသွားများက ပုံသေ မဟုတ်ဘဲ အဆက်မပြတ် ပြောင်းလဲနေသည်။

ဓားသိုင်းအခြေခံ ထိုမျှ ကျစ်လျစ်ခိုင်မာ၍ အကွက်အပြောင်း များစွာကို ထုတ်ဖော် ကစားနိုင်သည်မှာ နန်းတွင်းကောလိပ် တစ်ခုလုံးတွင် ချင်မူ တစ်ယောက်သာ ရှိပေလိမ့်မည်။

ချင်မူ့အနေဖြင့် ဤဓားချက် တစ်ချက်တည်းကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ခဲ့ပြီး သူ့စွမ်းအား အကုန်လုံးကို ဓားချက်ထဲ ထည့်သွင်း ထုတ်ဖော်နိုင်ရန် ကြိုးစား လေ့ကျင့်နေ၏။

သူ့ကူးခတ်ဓားချက်၏ အားအဟုန်က ကြီးမားသည်ထက် ကြီးမားလာပြီး ဘေးနားမှ ပါမောက္ခပါ့ရှန်ပင် အရက်ခွက်ကို မော့သောက်ရန် မေ့လျော့နေသည်။

ချင်မူက ကူးခတ်ဓားချက်ကို အကြိမ်ပေါင်း ထောင်ချီ လေ့ကျင့်ပြီးသောအခါမှ လွန်သွားဓားချက်ကို ပြောင်းလဲ လေ့ကျင့်လိုက်၏။ အစောကကဲ့သို့ပင် သူ၏ စွမ်းအား အကုန်လုံးကို လွန်သွားဓားချက်၌ ထည့်သွင်း ထုတ်ဖော်နိုင်ရန် အာရုံစူးစိုက် လေ့ကျင့်လိုက်သည်။

သူ၏ စွမ်းအားက ဓားချက်သက်သက် မဟုတ်။ ထော့ကျိုး၏ ခန္ဓာကိုယ် လှုပ်ရှားမှု၊ သားသတ်သမား၏ ဓားမသိုင်း၊ အဘိုးကြီးမာ၏ လက်သီးသိုင်း၊ မျက်ကန်း၏ နတ်ဘုရားမျက်လုံး၊ နားကန်း၏ ပန်းချီပညာ၊ ရွှေအ၏ တူသိုင်း အားလုံးက သူ့စွမ်းအား၏ အရင်းအမြစ် ဖြစ်၏။

အတော်ကြာပြီးသောအခါ ချင်မူ၏ လေ့ကျင့်မှု ရပ်တန့်သွားသည်။ သူ့တစ်ကိုယ်လုံး ချွေးများ စိုနစ်နေ၏။ သူက သဘာဝရနံ့ လက်ကိုင်ပဝါကို ထုတ်ယူပြီး ချွေးများ သုတ်လိုက်သည်။

ပါမောက္ခပါ့ရှန်က ရုတ်တရက် ထမေးလိုက်သည်။ "ဆရာတူညီလေး... မင်းက တောက်ကျစ်နဲ့ ဖိုကျစ်တို့ကို မောင်းထုတ်ခဲ့တဲ့သူလား..."

ချင်မူက အသက်မှန်မှန် ပြန်ရှူနေရင်း မကွယ်မဝှက် ဝန်ခံလိုက်၏။ "တောက်ကျစ်က ကျွန်တော့် သိုင်းကွက် တစ်ဝက်အောက်မှာ ရှုံးနိမ့်သွားပါတယ်... ဖိုကျစ်နဲ့တော့ ကျွန်တော် မတိုက်လိုက်ရဘူး..."

ပါမောက္ခပါ့ရှန်က လေပူတစ်ချက် မှုတ်ထုတ်ပြီး ရေရွတ်လိုက်သည်။ "အခု မင်းရဲ့ ဓားသိုင်းကို မြင်တော့ သူတို့ကို အနိုင်ယူခဲ့တာ မင်းပဲ ဖြစ်မယ်လို့ ခန့်မှန်းလိုက်တာ... သေချာစဉ်းစားကြည့်တော့ ရယ်စရာ ကောင်းသားပဲ... ဧကရာဇ် အတိုင်ပင်ခံ သင်ခန်းစာ ပို့ချနေတုန်းက ချီစွမ်းအင်ကြိုးမျှင် ဖွဲ့နိုင်ပြီလို့ အကျယ်ကြီး အော်ခဲ့တာ မင်း မဟုတ်လား..."

ချင်မူ၏ မျက်နှာ နီရဲသွားသည်။

ပါမောက္ခပါ့ရှန်၏ မျက်နှာ၌ သံသယ အရိပ်အယောင်များ ပေါ်ထွက်လာသည်။ "အဲဒီအချိန်မှ မင်းက ချီစွမ်းအင်ကြိုးမျှင် ဖွဲ့နိုင်တာလား... အဲဒါဆို မင်းရဲ့ ချီစွမ်းအင်ကို ကြိုးမျှင် မဖွဲ့နိုင်သေးဘဲနဲ့ တာအိုရသေ့လင်းယွင်ကို ဘယ်လို အနိုင်ယူခဲ့တာလဲ..."

ချင်မူက တစ်ခဏမျှ စဉ်းစား၍ ပြန်ဖြေလိုက်သည်။ "ဓားနဲ့ တစ်ချက် ထိုးလိုက်ပြီး သူ ရှုံးသွားတာပဲ..."

ပါမောက္ခပါ့ရှန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွား၏။ "ဘယ်လို... မင်းက ဓားနဲ့ တစ်ချက် ထိုးလိုက်တာနဲ့ သူ ရှုံးသွားတာ ဟုတ်လား..."

ချင်မူ ခေါင်းကုတ်လိုက်၏။ "ဆရာတူ အစ်ကိုကြီး၊ ဒီလို လုပ်ပါလား... အစ်ကိုကြီးက ဓာတ်ကြီးငါးပါးအဆင့်နဲ့ ကျွန်တော့် ဓားချက်ကို ကာကွယ်ကြည့်လိုက်..."

ပါမောက္ခပါ့ရှန်က သူ၏ အခြားကောင်းကင်ရတနာများကို ပိတ်ဆို့လိုက်ပြီး တိုက်ပွဲ ဆာလောင်စိတ် ဆူဝေစွာဖြင့် အော်ဟစ် ပြောဆိုလိုက်သည်။ "ရပြီ၊ အသင့်ပဲ..."

အပြင်ဘက်တွင်တော့ ဟူလင်းအာနှင့် အစိမ်းရောင် နွားသိုးကြီးတို့မှာ အမူးလွန်၍ မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်ကြတော့ချေ။ သူတို့က သွေးသောက်မောင်နှမ ဖွဲ့ရန်ပင် ဆူညံဆူညံနှင့် ပြောဆိုနေကြ၏။ မြေခွေးလေးက ချင်မူနှင့် ပါမောက္ခပါ့ရှန်တို့ကို တစ်ချက် ငဲ့ကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်မောလိုက်သည်။ "မောင်လေးနွား... နင့်သခင်ကြီးအတွက် စိတ်မကောင်းစရာ ဖြစ်တော့မယ်..."

အစိမ်းရောင် နွားသိုးကြီးက လက်မခံနိုင်သလို ရေရွတ်လိုက်၏။ "ငါ့သခင်ကြီးက အဲလို ဖြစ်စရာ အကြောင်း မရှိ.. ရှိ..."

ချင်မူက ထင်းချောင်း တစ်ချောင်းကို ကောက်ယူ၍ ဓားအဖြစ် အသုံးပြုပြီး ထိုးစိုက်လိုက်သည်။ ပါမောက္ခပါ့ရှန်က လက်မြှောက်၍ ခုခံကာကွယ်လိုက်၏။ အုန်းခနဲ မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ ချင်မူ၏ ခြံဝင်းတံခါးမှာ အပိုင်းပိုင်းအစစ ဖြစ်သွားပြီး စည်းရိုးနံရံတစ်ချပ်ပင် ပြိုလဲသွားသည်။

အစိမ်းရောင် နွားသိုးကြီးမှာ ပြောလက်စ စကားကိုပင် ဆုံးအောင် မပြောနိုင်ဘဲ ပါးစပ်ပိတ်သွား၏။

ချင်မူက သူ၏ ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး စိုးရိမ်ပူပန်စွာ ပြေးသွားလိုက်သည်။ ပါမောက္ခပါ့ရှန်က မျက်နှာတစ်ပြင်လုံး ဖုန်မှုန့်များ ပေပွလျက် အပျက်အစီးပုံကြားမှ ထလာသည်။ သူက ပိတ်ဆို့ထားသော ကောင်းကင်ရတနာများ ပြန်ဖွင့်ရင်း ဟက်ခနဲ ရယ်မောလိုက်သည်။ "တာအိုရသေ့လင်းယွင် လာဘ်စားခဲ့တယ်လို့ ငါ ထင်နေတာ... အံဩစရာ မရှိဘူး၊ ငါဆိုလည်း သတိနဲ့ မနေမိရင် ကာကွယ်နိုင်မှာ မဟုတ်ဘူး..."

သူက ဒဏ်ရာ မရခဲ့။ ချင်မူ သူ့ရင်ဘတ်သို့ ထိုးသွင်းခဲ့သော ထင်းချောင်းမှာ သူ့ချီစွမ်းအင် တုန်ခါမှုလှိုင်းဒဏ်ကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ကျောင်းတော်သားခြံဝင်းမှ ကျောင်းတော်သား များစွာမှာ အလျင်အမြန် ပြေးထွက်လာကြပြီး ချင်မူ၏ ခြံဝင်းတံခါး ပြိုကျပျက်စီးနေသည်ကို မြင်သောအခါ သူတို့ရင်ထဲ၌ ကျေနပ်ပီတိ ဖြစ်သွားကြ၏။ "အဲဒီ ချင်မျိုးရိုး စွန့်ပစ်ခံကောင်က သူ့တံခါးဝမှာ ငါတို့ ထာဝရ ငြိမ်းချမ်းရေး အင်ပါယာရဲ့ ကျောင်းတော်သားတွေကို စော်ကားတဲ့ စာသားတွေ မကြောက်မရွံ့ ရေးထားတာ... အခုတော့ ခံရပြီမလား... ပါမောက္ခပါ့ရှန် ကိုယ်တိုင် လာပြီး သူ့တံခါးပေါက်ကို ဖျက်ဆီးပစ်လိုက်ပြီ... ဘယ်လို ဆက်ပြီး အရှက်ကွဲဦးမလဲ ကြည့်ကြသေးတာပေါ့..."

ပါမောက္ခပါ့ရှန်က ကျောင်းတော်သား အားလုံးကို ဝေ့ကြည့်ပြီး လက်ဝှေ့ယမ်းပြလိုက်သည်။ "အားလုံး အားလုံး... ပြန်ဝင်ကြ... ဘာမှ စိတ်ဝင်စားစရာ မရှိဘူး... ကျောင်းတော်သားချင်နဲ့ ငါ အပြန်အလှန် ပညာဖလှယ်နေကြတာ သက်သက်ပဲ..."

"ပါမောက္ခပါ့ရှန်က ချင်မျိုးရိုးကို တကယ် ပညာပေးနေတာပဲ..." အားလုံးမှာ အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားကြပြီး ချင်မူ၏ ကံဆိုးမိုးမှောင်ကျမှုအပေါ် ပျော်မြူးသွားကြသည်။

သူတို့ နားမလည်နိုင် ဖြစ်ရသည်က ချင်မူ၏ ခန္ဓာကိုယ်မှာ သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း ရှိနေပြီး ပါမောက္ခပါ့ရှန်၏ ကိုယ်ပေါ်၌ ဖုန့်မှုန့်၊ သဲမှုန့်များ ပေလူးနေခြင်း ဖြစ်သည်။ ချင်မူက အရိုက်ခံရသည်နှင့် မတူဘဲ ပါမောက္ခပါ့ရှန်ကသာ အခြေအနေဆိုးနေသည့်ပုံ ပေါက်နေ၏။

ပါမောက္ခပါ့ရှန်က တံခါးဝနှင့် ပြိုလဲနေသော ခြံဝင်းနံရံကို ခေါင်းကိုက်ကိုက်ဖြင့် ကြည့်လိုက်သည်။ "ပါမောက္ခချုပ်က ကျောင်းတော်သားအိမ်ရာ တစ်ခုလုံး မင်းဖျက်ဆီးလို့ ကုန်တော့မယ် ပြောခဲ့တာ အံ့ဩစရာ မရှိဘူး... မင်းသာ ဒီထဲမှာ တိုက်ခိုက်ရင် ကျောင်းတော်သားအိမ်ရာတစ်ခုလုံး ဖျက်ဆီးပစ်ဖို့ ဘယ်လောက်မှ ကြာလိုက်မှာ မဟုတ်ဘူး... မင်းရဲ့ သိုင်းစွမ်းရည်က အတော်လေး မြင့်မားတာပဲ... ဒါပေမဲ့ မင့်ကျင့်စဉ်က တစ်ခုခု မှားနေတယ်နဲ့ တူတယ်... မင်းရဲ့ ဘယ်ဘက်ပခုံးမှာ အားနည်းချက် ရှိနေတယ်..."

သူက တမင်ပင် အသံကို နှိမ့်မချဘဲ ပြောလိုက်၏။ ယခုထိ ပြန်ထွက်မသွားသေးသော ကျောင်းတော်သားများမှာ ထိုစကားကို ကြားပြီး မျက်လုံးများ အရောင်တောက်သွားကြသည်။

"လက်စသတ်တော့ သူ့အားနည်းချက်က ဘယ်ဘက်ပခုံးမှာပါလား..."

ချန်ဝမ်ယွင် အသက်ပြင်းပြင်း တစ်ချက် ရှိုက်၍ ရှူလိုက်သည်။ ချင်မူ၏ ကျင့်စဉ်တွင် အထစ်အငေါ့အချို့ ရှိနေကြောင်း သူ သတိပြုမိခဲ့သော်လည်း မည်သည့်နေရာတွင် အားနည်းချက် ရှိကြောင်း ရှာမတွေ့ခဲ့ပေ။ ယခု ပါမောက္ခပါ့ရှန်က ထိုအားနည်းချက်ကို ထုတ်ဖော်ပြောလိုက်ပြီ ဖြစ်၏။

"အခု ငါ့ရဲ့ အစ်ကိုကြီးနေရာ ဆက်ပြီး တည်မြဲသွားနိုင်ပြီပေါ့..." ချန်ဝမ်ယွင် စိတ်ထဲမှ တွေးလိုက်သည်။

"အလုပ်သမားတွေ ခေါ်ပြီး ဒီတံခါးနဲ့ နံရံကို ပြင်ခိုင်းလိုက်..."

ပါမောက္ခပါ့ရှန်က ချန်ဝမ်ယွင်ကို မြင်သွားပြီး လှမ်းခေါ်လိုက်သည်။ ချန်ဝမ်ယွင်က ကမန်းကတန်း ဦးညွှတ်အရိုအသေပြုလိုက်သည်။ "ဆရာ..."

ပါမောက္ခပါ့ရှန်က ချင်မူ့ကို ပြုံး၍ ပြောလိုက်သည်။ "နန်းတွင်းကောလိပ်မှာ ငါ သဘောကျတဲ့ ကျောင်းတော်သား အများကြီး မရှိဘူး... ချန်ဝမ်ယွင်က အဲထဲက တစ်ယောက်ပဲ... သူ့ကို ငါ အသေအချာ သင်ပေးထားတာ... ဆရာတူညီလေး... သူ့ကို ဘယ်လိုမြင်လဲ..."

ချင်မူက ခေါင်းညိတ်၍ ချီးကျူးစကားဆိုလိုက်သည်။ "အစ်ကိုကြီးချန်ရဲ့ အစွမ်းအစ ဒီလောက် မြင့်မားတာ အံ့ဩစရာ မရှိတော့ဘူး... လက်စသတ်တော့ ဆရာတူ အစ်ကိုကြီး သင်ပြပေးခဲ့တာကိုး... အစ်ကိုကြီးချန်က ကျောင်းတော်သားအိမ်ရာရဲ့ အစ်ကိုကြီးပဲ... သူ့ရဲ့ ကျင့်စဉ်စွမ်းအင်ရော၊ သိုင်းပညာ အစွမ်းအစပါ အတော်လေး အဆင့်အတန်း မြင့်မားတယ်... ကောင်းကင်နတ်သိုင်းအိမ်ရာကို ရောက်ရင်လည်း သေချာပေါက် ထင်ပေါ် ကျော်ကြားလာမှာပဲ..."

"ဆရာတူအစ်ကိုကြီး၊ ဆရာတူညီလေး ဟုတ်လား..." ချန်ဝမ်ယွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ပါမောက္ခပါ့ရှန်က ဟက်ခနဲ ရယ်လိုက်၏။ "ဆရာတူညီလေး... သူ့ကို ဘာလို့ အစ်ကိုကြီး ခေါ်နေတာလဲ... တူတပည့်လို့ ခေါ်လေ... သူ့ကို အစ်ကိုကြီးခေါ်နေရင် ဝါစဉ် ပျက်သွားလိမ့်မယ်..."

ချင်မူ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ ပါမောက္ခပါ့ရှန်က ခြံဝင်းထဲသို့ ပြန်ဝင်လာရင်း ဆက်ပြောလိုက်သည်။ "ကျောင်းတော်သားတွေကို သင်ဖို့ အဆောင်မှူးဆရာတွေပေါ်ပဲ မှီခိုနေမယ်ဆိုရင် အဆင့်မြင့် ပညာရှင်တွေ အများကြီး ပေါ်ထွက်လာနိုင်တာ မှန်ပေမဲ့ ပါရမီရှင်တွေကို ကန့်သတ်ထားသလို ဖြစ်နေတာကို ငါ သတိပြုမိတာ ကြာပြီ... အဆောင်မှူးဆရာတွေ အနေနဲ့ သင်ပေးရတဲ့ ကျောင်းသားတွေက အများကြီး... ဒီသိုင်းကွက် တစ်ကွက်တည်းကိုပဲ တချို့က တစ်ခါ မြင်ရုံနဲ့ တတ်တယ်... တချို့က ဆယ်ခါ၊ အခါတစ်ရာ မြင်မှ တတ်တယ်... ဒါပေမဲ့ အဆောင်မှူးဆရာတွေက အားလုံးကို တန်းတူ သင်ပေးရတဲ့အတွက် တစ်ခါ မြင်ရုံနဲ့ တတ်တဲ့သူတွေက ဉာဏ်ရည်နိမ့်တဲ့သူတွေနဲ့ အတူတူ အခါတစ်ရာ လိုက်သင်ရတယ်... ဉာဏ်မကောင်းတဲ့သူတွေ အဲဒီသိုင်းကွက်ကို ကျွမ်းကျင်သွားမှ သူတို့အနေနဲ့ တခြား ကောင်းကင်နတ်သိုင်းတွေ ဆက်သင်ခွင့် ရတယ်... အဲလိုနဲ့ပဲ သူတို့ရဲ့ တိုးတက်မှုတွေ နှောင့်နှေးသွားရတယ်..."

ချင်မူနှင့် ချန်ဝမ်ယွင်က ခြံဝင်းထဲသို့ လျှောက်ဝင်လာပြီး ပါမောက္ခပါ့ရှန်က အရက်တစ်အိုး ပစ်ပေးလိုက်သည်။ "ငါ ပါမောက္ခချုပ်ကို ဒီကိစ္စ တစ်ခါ ပြောဖူးတယ်... နန်းတွင်းကောလိပ်က တစ်ထောင်မှာ တစ်ယောက် ပါရမီရှင်တွေကို သင်ကြားပေးဖို့ သင့်လျော်ပေမဲ့ တစ်သောင်းမှာ တစ်ယောက်၊ တစ်သန်းမှာ တစ်ယောက် ပါရမီရှင်တွေကို သင်ပေးဖို့ အဆင်မပြေဘူး... အဲဒါကြောင့် ပါမောက္ခချုပ်က ငါ့ကို ကြိုးစားခွင့်ပေးခဲ့တယ်... ရလဒ်အနေနဲ့တော့ ချန်ဝမ်ယွင်ကို တွေ့ပြီး အချိန်တစ်ခု ကြာတဲ့အထိ ငါကိုယ်တိုင် သင်ကြားပေးခဲ့တယ်... သူကလည်း မှန်းထားတဲ့အတိုင်း ကြိုးစား သင်ယူခဲ့လို့ ကျောင်းတော်သားအိမ်ရာရဲ့ အစ်ကိုကြီးအဖြစ် ဒီနှစ်တွေမှာ ရပ်တည်နိုင်ခဲ့တယ်... ဒါကို ကြည့်ရင် တစ်ယောက်တည်းကို ပြုစုပျိုးထောင်တာက နန်တွင်းကောလိပ်ရဲ့ဘသင်ကြားပို့ချမှုတွေထက် သာလွန်နေတာ မြင်နိုင်တယ်... ချန်ဝမ်ယွင်က တစ်သန်းမှာ တစ်ယောက် တွေ့ရတဲ့ ပါရမီရှင်မျိုးပဲ..."

"အဲဒီလိုလား..."

ချင်မူ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "အဲဒီလိုသာဆို နန်းတွင်းကောလိပ်နဲ့ သိုင်းဂိုဏ်းတွေ ဘာကွာတော့မှာလဲ..."

ပါမောက္ခပါ့ရှန်က သက်ပြင်းချလိုက်သည်။ "အဲဒါကြောင့် ပါမောက္ခချုပ်နဲ့ ဧကရာဇ် အတိုင်ပင်ခံက တအုံနွေးနွေး ဖြစ်နေတာ... အခု ပါမောက္ခချုပ်က အနားယူတော့မယ် ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်အပူဆုံးက ဧကရာဇ် အတိုင်ပင်ခံ ဖြစ်နေတယ်... အတိုင်ပင်ခံက နန်းတွင်းကောလိပ်မှာလည်း သူ့အားနည်းချက်နဲ့သူ ရှိနေတာ သိလို့ တပည့်ရင်းတွေ လက်ခံပြီး ဖိဖိစီးစီး သင်ကြားပေးခဲ့တယ်... ဒါပေမဲ့ နန်းတွင်းကောလိပ်မှာ တိုးတက်မှု နှောင့်နှေးနေတဲ့ ကျောင်းသားတွေက နည်းနည်းလေး မဟုတ်ဘူး..."

ချင်မူ ပြောစရာစကား ရှာမရ ဖြစ်သွားသည်။ ဧကရာဇ် အတိုင်ပင်ခံ ရင်ဆိုင်နေရသည်က သူ၏ ပြုပြင်ပြောင်းလဲမှုကို သူကိုယ်တိုင် ဆန့်ကျင်မည်၊ မဆန့်ကျင်မည် ဖြစ်၏။ သူကိုယ်တိုင် ဦးဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်ငြင်းဆန်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

ပါရမီရှိသူများကို ပြုစုပျိုးထောင်ရာတွင် အခြေခံကျောင်းများ၊ ကောလိပ်ကျောင်းများနှင့် နန်းတွင်းကောလိပ်က သိုင်းဂိုဏ်းများထက် များစွာ သာလွန်ခဲ့၏။ သူတို့အနေဖြင့် ပါရမီရှင်တကာ့ ပါရမီရှင်များကို ပြုစုပျိုးထောင်ရန် ခက်ခဲနေသည့် ပြဿနာကိုသာ ဖြေရှင်းနိုင်သွားပါက သိုင်းဂိုဏ်းများထက် အဖက်ဖက်တွင် သာလွန်သွားပေလိမ့်မည်။

"ဧကရာဇ်က အိမ်ရှေ့စံကို ဘယ်လို သင်ပေးလဲ... အိမ်ရှေ့စံ ငယ်သေးတဲ့အချိန်မှာ ဆိုရင် အိမ်ရှေ့စံ ကိုယ်ရံတော် ရှိတယ်၊ အိမ်ရှေ့စံ အတိုင်ပင်ခံ ရှိတယ်၊ အိမ်ရှေ့စံ ဆရာ ရှိတယ်... သူ အရွယ်ရောက်လာတဲ့ အခါကျ ဧကရာဇ် ကိုယ်ရံတော်၊ ဧကရာဇ် အတိုင်ပင်ခံ၊ ဧကရာဇ် ဆရာဆိုပြီး ရှိလာတယ်... ဒီအိမ်ရှေ့စံ ကိုယ်ရံတော်တွေ၊ ဧကရာဇ် ကိုယ်ရံတော်တွေက သိုင်းဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်အဆင့် ရှိတဲ့လူတွေ... ဒီလိုနည်းနဲ့ ပြုစုပျိုးထောင် ခံခဲ့ရတဲ့ အိမ်ရှေ့စံမှာ သိပ်ကို ထက်မြက်တဲ့ အရည်အချင်းတွေ ရှိလာတာပေါ့... အခု ငါက ကျောင်းတော်သားတချို့ ရွေးချယ်ပြီး သူတို့ရဲ့ ပါရမီ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ကျင့်စဉ်၊ သိုင်းကွက်နဲ့ ကောင်းကင်နတ်သိုင်းတွေ သင်ပေးဖို့ စီစဉ်ထားတယ်..."

ပါမောက္ခပါ့ရှန်က ဆက်ပြောလိုက်သည်။ "ပါမောက္ခချုပ်ရဲ့ ဆန္ဒကတော့ ဒီနည်းလမ်းကို ငါ ရှာတွေ့ခဲ့တာဆိုတော့ အဲဒီနည်းလမ်း တွင်ကျယ်လာအောင် ငါပဲ လုပ်ရမယ်တဲ့... အရင်ဆုံး အသိဉာဏ် ဗဟုသုတ မြင့်မားပြီး အဖက်ဖက်မှာ ပါရမီ ရှိတဲ့ ကျောင်းတော်သားတွေကို ရွေးထုတ်ရမယ်... သူတို့ကို သာမန် ကျောင်းသားတွေနဲ့ ခွဲထုတ်ပြီး ပါမောက္ခတွေ ကိုယ်တိုင် သင်ပေးရမယ်တဲ့... ဆရာတူညီလေး၊ မင်းက နန်းတွင်းကောလိပ်ရဲ့ ပထမဆုံး တော်ဝင်ကျောင်းတော်သားပဲ၊ တော်ဝင်ကျောင်းတော်သားချင်..."

All Chapters